ဖက်ဒရယ် အစိုးရ အလုပ်အကိုင်များနှင့် အစီအစဉ်များကို ဖြတ်တောက်ရန် အိမ်ဖြူတော်၏ အားထုတ်မှုများအား တားဆီးသည့် တရားသူကြီးများအပေါ် အယုံအကြည် ကင်းမဲ့အောင် နည်းပညာ ဘီလျံနာသူဌေး အီလွန်မတ်စ်နှင့် အခြား ထရမ့်အစိုးရ မဟာမိတ်များက အရှိန်မြှင့်လာသည်။ တရားသူကြီးများသည် ခြိမ်းခြောက်မှု အများအပြားကို ရင်ဆိုင်နေသည်ဟု အမေရိကန် တရားရေးဌာနက သတိပေးထားကြောင်း ထိုကိစ္စကိုသိရှိသော တရားသူကြီး အများအပြားက ပြောသည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း မတ်စ်၊ ကွန်ဂရက်မှ ရီပတ်ဘလစ်ကန်များနှင့် သမ္မတ ဒေါ်နယ်ထရမ့်၏ အခြားထိပ်တန်း မဟာမိတ်များက ဖက်ဒရယ်တရားသူကြီးအချို့ကို စွဲချက်တင်ရန် တောင်းဆိုပြီး ၎င်းတို့၏ ရိုးသားတည်ကြည်မှုကို အယုံအကြည်ပျက်ယွင်းအောင် အပုပ်ချ တိုက်ခိုက်သည်။ တရားရုံး စီရင်ချက်များသည် အစိုးရဌာနများကို တခုလုံး ဖျက်သိမ်းရန်နှင့် အလုပ်သမား သောင်းပေါင်းများစွာကို အလုပ်ဖြုတ်ရန် ထရမ့်အစိုးရ၏ လုပ်ဆောင်မှုများကို နှေးကွေးစေသောကြောင့် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။
ကမ္ဘာ့အချမ်းသာဆုံး မတ်စ်သည် သူဦးဆောင်သည့် ဖက်ဒရယ်အစိုးရ အရွယ်အစား လျှော့ချရေးကို တရားသူကြီးများက ပိတ်ဆို့ပြီးနောက် ဇန်နဝါရီလကုန်မှ စတင်ပြီး သူ၏လူမှုကွန်ရက် X မှ ပို့စ်ပေါင်း ၃၀ ကျော်တွင် တရားသူကြီးများကို ဝေဖန်တိုက်ခိုက်သည်။
ကမ္ဘာ့အချမ်းသာဆုံး မတ်စ်သည် သူဦးဆောင်သည့် ဖက်ဒရယ်အစိုးရ အရွယ်အစား လျှော့ချရေးကို တရားသူကြီးများက ပိတ်ဆို့ပြီးနောက် ဇန်နဝါရီလကုန်မှ စတင်ပြီး သူ၏လူမှုကွန်ရက် X မှ ပို့စ်ပေါင်း ၃၀ ကျော်တွင် တရားသူကြီးများကို ဝေဖန်တိုက်ခိုက်သည်။ တရားသူကြီးများသည် “အကျင့်ပျက်ခြစားသည်”၊ “အစွန်းရောက်သည်”၊ “မကောင်းဆိုးဝါး” ဟု ရေးသားပြီး “တရားစီရင်ရေး၏ အာဏာရှင်ဆန်မှု” ဟု လှောင်ပြောင်သည်။ Tesla အမှုဆောင်အရာရှိချုပ် မတ်စ်သည် တရားသူကြီးများကို တိုက်ခိုက်သည့် အခြားသူများ၏ ပို့စ်ပေါင်း နှစ်ဒါဇင်နီးပါးကိုလည်း ပြန်လည်မျှဝေသည်။
Reuters သတင်းဌာနက ခရိုင်အမျိုးမျိုးမှ ဖက်ဒရယ်တရားသူကြီး ၁၁ ဦးကို တွေ့ဆုံမေးမြန်းမှုများအရ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအပေါ် စိုးရိမ်မှု မြင့်မားပြီး တခါတရံ အကြမ်းဖက် ခြိမ်းခြောက်မှု မြင့်မားနေကြောင်း တွေ့ရသည်။
အများစုက အမည်မဖော်ဘဲ ပြောကြားကြပြီး အခြေအနေကို ထပ်မံ မီးမမွှေးလို သို့မဟုတ် ၎င်းတို့၏ ဘက်မလိုက်ရန် တာဝန်နှင့် ဆန့်ကျင်သည်ဟု ဖွင့်ဆိုနိုင်သည့် မှတ်ချက် မပေးလိုကြောင်း ပြောသည်။ တရားဥပဒေ စိုးမိုးရေးဌာနကလည်း လုံခြုံရေးကိစ္စများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်သည်။
လွန်ခဲ့သောနှစ်က သတင်းအများအပြားတွင် Reuters က မှတ်တမ်းတင်ထားသည့်အတိုင်း ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ပိုင်းတွင် ဖက်ဒရယ်တရားသူကြီးများအပေါ် နိုင်ငံရေးဖိအားနှင့် ၎င်းတို့ကို အကြမ်းဖက် ခြိမ်းခြောက်မှု မြင့်မားလာကြောင်းတွေ့ရသည်။
၂၀၂၀ သမ္မတရွေးကောက်ပွဲ နောက်ပိုင်းတွင် ဖက်ဒရယ်တရားရုံးများသည် ရွေးကောက်ပွဲတွင် ထရမ့်ရှုံးနိမ့်မှုကို ပြောင်းလဲစေရန် ထရမ့်နှင့် သူ့ကိုထောက်ခံသူများက စွဲဆိုသည့် အမှုများ အပါအဝင် လွန်စွာနိုင်ငံရေးဆန်သော အမှုများကို ကြားနာရသည်။
တရားသူကြီးများကို မကြာသေးမီက စကားဖြင့် တိုက်ခိုက်မှုနှင့် ခြိမ်းခြောက်မှု မြင့်မားလာခြင်းသည် အမေရိကန် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်၏ အုတ်မြစ်ဖြစ်သော တရားစီရင်ရေး လွတ်လပ်ခွင့်ကို အန္တရာယ် ကျရောက်စေသည်ဟု ဥပဒေ ပညာရှင်များက ပြောသည်။
ရွေးကောက်ခံနိုင်ငံရေးသမားများက ၎င်းတို့သဘောမတူသော တရားရုံးစီရင်ချက်များကို ဂရုမစိုက်ရန်နှင့် တရားသူကြီးများကို ခြိမ်းခြောက်ရန် “အန္တရာယ်ရှိသည့်” အကြံပြုချက်များ အပါအဝင် တရားစီရင်ရေး လွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှု အရေအတွက် မြင့်မားလာခြင်းကို အမေရိကန် တရားရုံးချုပ် တရားသူကြီးချုပ် မစ္စတာ ဂျွန် ရောဘတ်က ဒီဇင်ဘာလ နှစ်ကုန် နှစ်ပတ်လည်အစီရင်ခံစာတွင် သတိပေးသည်။
လူမှုကွန်ရက်တွင် မတ်စ်နှင့် ရီပတ်ဘလစ်ကန်အမတ်များက တရားသူကြီးများသည် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုများဖြစ်သည်ဟု ဖော်ပြပြီး အုပ်ချုပ်ရေးနှင့် ကွန်ဂရက်အာဏာကို ထိန်းညှိရန် ဖန်တီးထားသည့် အစိုးရယန္တရားဖြစ်သော ဖက်ဒရယ် တရားစီရင်ရေး၏ အခန်းကဏ္ဍကို ပြောင်းပြန်ဖြစ်အောင် လုပ်သည်။
လူမှုကွန်ရက်တွင် မတ်စ်နှင့် ရီပတ်ဘလစ်ကန်အမတ်များက တရားသူကြီးများသည် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုများဖြစ်သည်ဟု ဖော်ပြပြီး အုပ်ချုပ်ရေးနှင့် ကွန်ဂရက်အာဏာကို ထိန်းညှိရန် ဖန်တီးထားသည့် အစိုးရယန္တရားဖြစ်သော ဖက်ဒရယ် တရားစီရင်ရေး၏ အခန်းကဏ္ဍကို ပြောင်းပြန်ဖြစ်အောင် လုပ်သည်။
“အမေရိကန်မှာ ပြည်သူ့အုပ်ချုပ်ရေး ပြန်လည် ထိန်းသိမ်းဖို့ တခုတည်းသော နည်းလမ်းက တရားသူကြီးတွေကို စွဲချက်တင်ဖို့ပဲ” ဟု မတ်စ်က ပို့စ်တခုတွင် ရေးသည်။ “တရားသူကြီးတွေ အပါအဝင် ဘယ်သူမှ ဥပဒေအထက်မှာ မရှိဘူး” ဟုလည်း ရေးသည်။
တရားစီရင်ရေးအပေါ် သူ၏ ဝေဖန်မှုများအတွက် မှတ်ချက်တောင်းသည်ကို မတ်စ်က မတုံ့ပြန်ပေ။
လွန်ခဲ့သော ရက်သတ္တပတ်များစွာအတွင်း စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခြိမ်းခြောက်မှု မြင့်မားလာကြောင်း တရားစီရင်ရေး၏ လုံခြုံရေးကို တာဝန်ယူသည့် အမေရိကန် တရားဥပဒေစိုးမိုးရေးဌာနက ၎င်းတို့ကို အကြောင်းကြားသည်ဟု တရားသူကြီး အများအပြားက ပြောသည်။ တရားဥပဒေစိုးမိုရေးဌာနသည် အွန်လိုင်းမှ ခြိမ်းခြောက်သော ပို့စ်များကို ပုံမှန်ရှာဖွေခြင်း အပါအဝင် လုံခြုံရေး အစီအမံများကိုလည်း ဆွေးနွေးကြောင်း တရားသူကြီးများက ပြောသည်။

မတ်စ်၏ အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) ဝန်ထမ်းများက ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အရေးကြီးသည့် အချက်အလက်များ ရယူခြင်းကို ပိတ်ပင်သည့် စီရင်ချက်ချပြီးနောက် နယူးယောက် ဖက်ဒရယ် တရားသူကြီးများဖြစ်သော အမေရိကန် ခရိုင်တရားသူကြီး မစ္စတာ ပေါလ် အန်ဂျယ်မေယာနှင့် မစ္စ ဂျဲနက် ဗာဂတ်စ်တို့သည် အထူးလုံခြုံရေး ရယူထားကြောင်း အတွင်းလူများက ပြောသည်။ မှတ်ချက်တောင်းသော်လည်း မစ္စတာ အန်ဂျယ်မေယာနှင့် မစ္စ ဗာဂတ်စ်တို့က တုံ့ပြန်ခြင်း မရှိပေ။
ဝါရှင်တန် ဒီစီဒေသမှ ဖက်ဒရယ်တရားသူကြီး အများအပြားသည် ၎င်းတို့နေအိမ်များသို့ ရောက်လာသည့် ပေးပို့သူအမည်မဲ့ ပီဇာများကို လက်ခံရရှိကြောင်း တရားရေးလုံခြုံမှု အသိုင်းအဝိုင်းနှင့် အကျွမ်းတဝင်ရှိသော အခြားသူတဦးက ပြောသည်။ ထိုသို့ပေးပို့သည့် ပီဇာများသည် ပစ်မှတ်ထားခံရသူ၏ လိပ်စာကို သိကြောင်း ဖော်ပြသည့် ခြိမ်းခြောက်မှုတမျိုး ဖြစ်သည်ဟု တရားစီရင်ရေးဌာနက ယူဆသည်။
“တရားသူကြီးတွေ အခုလောက် စိတ်ပူပန်ရတာမျိုး ကျနော် မတွေ့ဖူးဘူး” ဟု ၂၀၀၂ ခုနှစ်တွင် ရီပတ်ဘလစ်ကန် သမ္မတ ဂျော့ ဒဗလျူ ဘုရှ်က ခန့်အပ်ခဲ့သည့် ပင်ဆယ်လ်ဗေးနီးယားမှ ခရိုင်တရားသူကြီးဟောင်း ဂျွန်ဂျုံးစ်က ပြောသည်။
တရားသူကြီးများသည် ၎င်းတို့၏ ရိုးသားတည်ကြည်မှုကို ဝေဖန်ခံရပြီး စွဲချက်တင်ရန် တောင်းဆိုခံရသည့် လူမှုကွန်ရက်ပို့စ်များတွင် အမည်ဖြင့် ဖော်ပြခံနေရကြောင်း ဖက်ဒရယ်တရားစီရင်ရေး၏ မူဝါဒချမှတ်ရေးဌာန လုံခြုံရေး ကော်မတီတွင် လုပ်ကိုင်ခဲ့ဖူးသည့် မစ္စတာ ဂျုံးစ်က ပြောသည်။ သူသည် ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုများ၏ လုံခြုံရေးကို စိုးရိမ်ကြောင်းပြောသည့် လက်ရှိတရားသူကြီး တဒါဇင်ခန့်နှင့် စကားပြောခဲ့ကြောင်း ပြောပြသည်။
“အကျိုးဆက်တွေကတော့ ကျနော်တို့ ဂရုမစိုက်ရင် တရားသူကြီးတယောက် အသတ်ခံရတာကို ကျနော်တို့ တွေ့ရတော့မယ်ဆိုတာ အရမ်းကို ရှင်းလင်းတယ်” ဟု မစ္စတာ ဂျုံးစ်က ပြောသည်။
“အကျိုးဆက်တွေကတော့ ကျနော်တို့ ဂရုမစိုက်ရင် တရားသူကြီးတယောက် အသတ်ခံရတာကို ကျနော်တို့ တွေ့ရတော့မယ်ဆိုတာ အရမ်းကို ရှင်းလင်းတယ်” ဟု မစ္စတာ ဂျုံးစ်က ပြောသည်။
ဖက်ဒရယ်တရားရုံးများသည် အစိုးရ၏ အစီအစဉ်များကို စိန်ခေါ်သည့် အမှုပေါင်း ၁၀၀ ကျော်ကို ကြားနာနေပြီး ထိုအမှုများအနက် အများအပြားသည် ဖက်ဒရယ်အလုပ်သမား သိန်းပေါင်းများစွာကို ထုတ်ပယ်ရန်၊ အစိုးရ အကူအညီနှင့် လုပ်ထုံးလုပ်နည်း အစီအစဉ်များကို လျှော့ချရန် မတ်စ်နှင့် DOGE အဖွဲ့၏ အားထုတ်မှုကို အဓိက စိန်ခေါ်သည့် အမှုများဖြစ်သည်။
ထရမ့်နှင့် အိမ်ဖြူတော် ပြန်ကြားရေးအရာရှိတို့ကလည်း ထိုအားထုတ်မှုများအနက် အချို့ကို နှေးကွေးအောင် သို့မဟုတ် တားဆီးရန် အမိန့်ထုတ်သည့် တက်ကြွလှုပ်ရှားသူများအဖြစ် တရားသူကြီးများကို ဝေဖန်သည်။
မတ်စ်၏ မှတ်ချက်များနှင့် ပတ်သက်ပြီး မေးသောအခါ အိမ်ဖြူတော်ပြောခွင့်ရသူ ဟာရစ်ဆန် ဖီးလ်က မတ်စ်သည် သူ့ပုဂ္ဂလိကအနေဖြင့် ပြောဆိုခြင်းဖြစ်ပြီး တရားသူကြီးများကို စွဲချက်တင်သင့် မတင်သင့်နှင့် ပတ်သက်၍ အိမ်ဖြူတော်တွင် မည်သည့်သဘောထားမှ မရှိကြောင်း ပြောသည်။
“တရားသူကြီးတွေကို ခြိမ်းခြောက်တာကို လက်မခံနိုင်ဘူး၊ အဲဒီလို လုပ်ရပ်တွေကို သမ္မတက ရှုတ်ချတယ်” ဟု ၎င်းကပြောပြီး ထိုသို့သော ခြိမ်းခြောက်မှုများကို စောင့်ကြည့်ရန် တာဝန်ရှိသည့် ဥပဒေစိုးမိုးရေးဌာနများကလည်း ရှုတ်ချသည်ဟု ဆက်လက် ပြောကြားသည်။
“ဒီလူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာတဲ့ လက်ဝဲသမားတွေ၊ မိုက်မဲတဲ့ တရားသူကြီးတွေလို့ ကျနော်တို့ ခံစားရပေမယ့် ဘယ်အများပြည်သူဆိုင်ရာ အရာရှိကို ဘယ်ခြိမ်းခြောက်မှုမဆိုကို အိမ်ဖြူတော်က ရှုတ်ချတယ်” ဟု မစ္စတာ ဖီးလ်က ပြောသည်။ “သူတို့တွေဟာ လက်ဝဲသမားတွေ၊ မိုက်မဲပြီး ဖွဲ့စည်းပုံနဲ့ မညီတဲ့လူတွေဖြစ်တာနဲ့ သူတို့တွေ အန္တရာယ်ကျရောက်ဖို့ ထိုက်တန်တယ်လို့ မဆိုလိုဘူး။ ဒါဟာ ကျနော်တို့ နိုင်ငံမှာ အငြင်းပွားမှုတွေကို ကိုင်တွယ်တဲ့နည်းလမ်း မဟုတ်ဘူး” ဟုလည်း ၎င်းကပြောသည်။
“သတိထားရမည်”
သမ္မတ ထရမ့်က ရပ်ဆိုင်းထားသည့် အမေရိကန် ပြည်ပအကူအညီပေးမှုများကို ထရမ့်အစိုးရ ပြန်လည် စတင်ရမည်ဟု အမေရိကန် ခရိုင်တရားသူကြီး မစ္စတာ အေမီရာ အလီက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စီရင်ချက်ချသောအခါ မတ်စ်နှင့် သမ္မတ၏ အခြားမဟာမိတ်များက ထိုတရားသူကြီးကို ရာထူးမှ ဖယ်ရှားရန် တောင်းဆိုကြသည်။
“ပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို တရားသူကြီးတွေက ဆိုးဆိုးရွားရွားထိပါးရင် သူတို့ကို ဖြုတ်ပစ်ရမယ်” ဟု မတ်စ်က X လူမှုကွန်ရက်တွင် ရေးသည်။
“ပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို တရားသူကြီးတွေက ဆိုးဆိုးရွားရွားထိပါးရင် သူတို့ကို ဖြုတ်ပစ်ရမယ်” ဟု မတ်စ်က X လူမှုကွန်ရက်တွင် ရေးသည်။
ထိုပို့စ်ကို တုံ့ပြန်သည့်အနေဖြင့် X မှ မတ်စ် ထောက်ခံသူအချို့က ထိုတရားသူကြီးကို ပုန်ကန်မှုဖြင့် ဖမ်းရမည် သို့မဟုတ် ပြည်နှင်ဒဏ်ပေးရမည်ဟု ရေးကြသည်။ ထိုသို့တုံ့ပြန် ရေးသားသူများအနက်တဦးက “အမေရိကန် မျိုးချစ်တွေ သူ့ကို ထုတ်ပစ်ရမယ်” ဟု ရေးသည်။ အချို့က သူ၏ မွတ်ဆလင်မျိုးနွယ်ကို တိုက်ခိုက်ပြီး သူ၏ မျိုးချစ်စိတ်ကို မေးခွန်းထုတ်သည်။ အလီသည် မွတ်ဆလင် စစ်သွေးကြွအုပ်စုများနှင့် အဆက်အသွယ်ရှိသည်ဟု တဦးက မှားယွင်းစွာ ပြောသည်။
ထိုအမှုတွင် ဖေဖော်ဝါရီလ အစောပိုင်းက မစ္စတာ အလီ၏ စီရင်ချက်ပြီးနောက် သူ့ကို ခေါင်းဖြတ်ရန် X လူမှုကွန်ရက် အသုံးပြုသူတဦးက တောင်းဆိုသည်။ အခြားသူတဦးကလည်း “တရားသူကြီးတွေ ကြိုးပေးခံရတာ ဘာကြောင့် အရမ်းနည်းတာလဲ” ဟု ရေးသည်။ အခြားသူ တဦးက ကြိုးကွင်းပုံတင်သည်။
ခြိမ်းခြောက်မှုများအတွက် မှတ်ချက်တောင်းသည်ကို မစ္စတာ အလီက တုံ့ပြန်ခြင်း မရှိပေ။
“တရားသူကြီးတွေကြားမှာ ပြောနေတဲ့စကားက ငါတို့သတိထားရမယ် ဆိုတာပဲ” ဟု ဖက်ဒရယ် တရားသူကြီးတဦးက ပြောသည်။ ထရမ့်၏ အမှုများကို ကြီးကြပ်သည့် တရားသူကြီးများသည် မီဒီယာသတင်းဖော်ပြမှု အများအပြား ရရှိပြီး ၎င်းတို့၏ စီရင်ချက်များသည် အငြင်းပွားဖွယ်ဖြစ်သောအခါ လုံခြုံရေးအန္တရာယ် မြင့်မားစေသည်ဟု ၎င်းက ပြောသည်။
အန္တရာယ်ပေးမည်ဟု ကြိမ်းဝါးသည့် ခြိမ်းခြောက် ဖုန်းဆက်မှုများကို တရားသူကြီးအများအပြား ပြောကြသည်။

တရားသူကြီးများကို စကားလုံးများဖြင့် တိုက်ခိုက်မှုများနှင့် ခြိမ်းခြောက်မှုများကို ရှုတ်ချကြောင်း အမေရိကန် ဥပဒေအသင်း (ABA) က မတ်လ ၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်သည်။ ဖက်ဒရယ် တရားသူကြီးများ အသင်း (FJA) ကလည်း အဖွဲ့ဝင် ၁,၁၀၀ အတွက် ကြေညာချက်တစောင်ကို မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ပြီး ၎င်းတို့ ကျမ်းကျိန်ထားသည့် တရားစီရင်ရေးတာဝန်များကို ထမ်းဆောင်ခြင်းကြောင့် တရားသူကြီးများကို “ဆက်လက် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အာခံခြင်း” သည် “တရားဥပဒေစိုးမိုးမှု ပြိုလဲစေမည့် အန္တရာယ်ရှိကြောင်း” ပြောသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ထရမ့်က တရားစီရင်ရေးကို ဝေဖန်မှု အရှိန်မြှင့်တင်ချိန်မှ စတင်ပြီး တရားသူကြီးများကို ခြိမ်းခြောက်မှု သိသိသာသာ မြင့်မားလာသည်။ ထိုစဉ်က ဖက်ဒရယ် တရားသူကြီးများအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုသည် ၂၀၂၀ ပြည့်နှစ်က ၂၂၀ သာရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၄၅၇ ခုအထိ နှစ်ဆကျော် တိုးလာသည်။ သူ၏အကျိုးစီးပွားကို ဆန့်ကျင်ဆုံးဖြတ်သည့် တရားသူကြီးများအား ထရမ့်၏ တိုက်ခိုက်မှုသည် ထိုတရားသူကြီးများကို ခြိမ်းခြောက်မှု အများအပြား ဖြစ်စေကြောင်း Reuters က မှတ်တမ်းတင်ထားသည်။
တရားသူကြီးများကို စွဲချက်တင်ရန် တောင်းဆိုမှုများသည် တရားသူကြီးအချို့ ရင်ဆိုင်ရသည့် ရန်လိုမှုများကို ပိုမိုဆိုးရွားစေသည်။ ကွန်ဂရက်မှ ရီပတ်ဘလစ်ကန်များသည် မစ္စတာ အလီ အပါအဝင် ထရမ့်၏ အမိန့်များကို ဆန့်ကျင်ဆုံးဖြတ်သည့် တရားသူကြီး သုံးဦးကို စွဲချက်တင်သည့် ပုဒ်မများ စတင်လုပ်ဆောင်ခဲ့သည်။
တရားသူကြီးများကို စွဲချက်တင်ရန် တောင်းဆိုမှုများသည် တရားသူကြီးအချို့ ရင်ဆိုင်ရသည့် ရန်လိုမှုများကို ပိုမိုဆိုးရွားစေသည်။ ကွန်ဂရက်မှ ရီပတ်ဘလစ်ကန်များသည် မစ္စတာ အလီ အပါအဝင် ထရမ့်၏ အမိန့်များကို ဆန့်ကျင်ဆုံးဖြတ်သည့် တရားသူကြီး သုံးဦးကို စွဲချက်တင်သည့် ပုဒ်မများ စတင်လုပ်ဆောင်ခဲ့သည်။
အမေရိကန်များသည် တရားသူကြီးများကို စွဲချက်တင်ရန် ယခင်ကလည်း တောင်းဆိုဖူးသည်။ အစိုးရကျောင်းများတွင် လူမျိုးရေးခွဲခြားမှုသည် တရားမဝင်ကြောင်း ၁၉၆၄ ခုနှစ်တွင် သမိုင်းဝင် ထင်မြင်ချက်ကို ပေးသောအခါ တရားရုံးချုပ် တရားသူကြီးချုပ် အားလ် ဝါရင်ကို စွဲချက်တင်ရန် မအောင်မြင်သော အားထုတ်မှု ဖြစ်ခဲ့ဖူးသည်။
သို့သော် ထိုသို့စွဲချက်တင်ခြင်းသည် သမိုင်းတွင် ရှားပါးသည်။ ထိုသို့ စွဲချက်တင်ခြင်းကို လုံးဝမှားယွင်းသော အပြုအမူတွက်သာ အသုံးပြုပြီး လူကြိုက်နည်းသည့် စီရင်ချက် ချမှတ်သည့် တရားသူကြီးများကို တိုက်ခိုက်ရန် လက်နက်အဖြစ် မရည်ရွယ်ကြောင်း တရားသူကြီးများနှင့် ဥပဒေပညာရှင်များက ပြောသည်။
တရားသူကြီးများကို စွဲချက်တင်သည့် ပုဒ်မများဖြင့် စီရင်ရာတွင် အမေရိကန် အထက်လွှတ်တော် ၃ ပုံ ၂ ပုံ၏ မဲ လိုအပ်သည်။ အထက်လွှတ်တော်တွင် ရီပတ်ဘလစ်ကန်များသည် အနည်းငယ်မျှအသာဖြင့်သာ လူများစု ဖြစ်သည်။
ထိုသို့ ရန်လိုသော စကားများသည် အကြမ်းဖက်မှု ကိုယ်တိုင်ရင်ဆိုင်ရဖူးသည့် တရားစီရင်ရေး အဖွဲ့ဝင်များအတွက် စဉ်းစားစရာ ဖြစ်စေသည်။ ၂၀၂၀ ပြည့်နှစ်က သူ၏အိမ်သို့ လူသတ်သမားတယောက် ရောက်လာစဉ် သားဖြစ်သူ အသတ်ခံရသည့် အမေရိကန် ခရိုင်တရားသူကြီး မစ္စ အက်စ်သာ ဆာလက်စ်က တရားသူကြီးများအပေါ် ဒေါသထွက်စေရန် အများပြည်သူကို သွေးထိုးခြင်း အကျိုးဆက်များကို သတိပေးသည်။
“ရင့်သီးတဲ့စကားတွေဟာ ကျမကိစ္စတုန်းကလို အသက်ဆုံးရှုံးမှုအထိဖြစ်စေလို့ အန္တရာယ် အမှန်တကယ် များတယ်” ဟု မစ္စ ဆာလက်စ်က တွေ့ဆုံးမေးမြန်းမှုတခုတွင် ပြောသည်။ “အဲဒီလို ပြောတာဟာ အရမ်းပြင်းထန်နေပြီးဖြစ်တဲ့ ခံစားချက်တွေကို ပိုမိုဆိုးရွားစေတယ်။ ရှင်တို့သိတဲ့အတိုင်း ကျမက သက်ရှိထင်ရှား ရှိနေသေးတဲ့ သက်သေပြချက်ပဲ” ဟု ၎င်းကပြောသည်။
(Reuters ပါ Peter Eisler, Mike Spector, Ned Parker နှင့် Nate Raymond တို့၏ Exclusive: Judges face rise in threats as Musk blasts them over rulings ကို ဘာသာပြန်သည်။)
You may also like these stories:
အီလွန်မတ်စ်နှင့် DOGE က အမေရိကန်အစိုးရထဲ ထိုးဖောက် မွှေနှောက်နေသည်
အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ
အမေရိကန် အကူအညီ ရပ်ဆိုင်းပြီးနောက် မြန်မာဒုက္ခသည် ၁ သိန်းကျော် စားနပ်ရိက္ခာပြတ်လပ်
ထရမ့်နှင့် အီလွန်မတ်စ် ဆက်ဆံရေး ဘယ်လောက်ကြာကြာခံမလဲ