သူပြောပြနေတာက သူတို့ အရပ်ဒေသက နွားခြံ နှင့် နွားများအကြောင်း…။
နံနက် စောစောကတည်းက နွားတွေကို ချည်တိုင်များမှ ဖြုတ်၍ လွှတ်လိုက်သည်။
ဝင်စားစရာ စိုက်ခင်း၊ ပျိုးခင်းများ မရှိသော အချိန် ဖြစ်သောကြောင့် လွှတ်လိုက်သော နွားများကို “တကူးတက” လိုက်ပြီး ထိန်းကျောင်းနေစရာ မလို…။ မလိုပါဘူးတဲ့။
အဲဒီ လွှတ်လိုက်တဲ့ နွားတွေဟာ တနေ့လုံး သွားချင်ရာသွား၊ စားချင်ရာ စားနေကြတာ…၊ လွတ်လွတ်လပ်လပ် ပါပဲ။
ဒါပေမယ့်…နေညိုလို့ ငှက်တွေ အိပ်တန်းဆီကို ဟစ်ခေါ်ကြ၊ ဟစ်အော်ကြပြီး ပြန်ပြီဆိုတာနဲ့ နွားတွေ ကလည်း တရွေ့ရွေ့ နဲ့ နွားခြံဆီကို ပြန်လာကြတယ်။
အဲဒီလို ပြန်လာကြပြီး သူတို့ကို ချည်တဲ့ ချည်တိုင်တွေနား ရောက်တော့ အိပ်တဲ့ နွားက အိပ်၊ စားမြုံ့ပြန်တဲ့ နွားက စားမြုံ့ပြန်လို့…။ နွားပိုင်ရှင်က သူတို့ကို အလွယ်တကူနဲ့ ချည်တိုင် ကိုယ်စီမှာ ပြန်ချည် ထားလိုက်ရုံပဲ။
ကျုပ်တွေးတာက…ဒီနွားတွေကို လွတ်လွတ်လပ်လပ် ချည်တိုင်ကနေ ဖြုတ်လွှတ်လိုက်တာပဲ။ ဒါကြောင့် ခြံထဲ ပြန်မလာတော့ဘဲ အပြီးတိုင် လွတ်ရာကို ထွက်သွားကြမယ်လို့ တွေးမိတာ။
ဘယ်ဟုတ်ပါ့မလဲဗျာ။ ခြံထဲကို ဝင်ဖြစ်အောင် ဝင်လကြတယ်။ ချည်တိုင်ဆီကို ပြန်လာဖြစ်အောင်ကို ပြန်လာတယ်။
ဒါကို ကျုပ်ပြောနေတာက ကျုပ်သူငယ်ချင်း အချို့အကြောင်းကို သတိရလို့ဗျ။
အဲဒီ ကျုပ်သူငယ်ချင်းတွေဟာ အိမ်ထောင် ရဲ့ ပြင်ပမှာ တကယ့်ကို လွတ်လွတ်လပ်လပ် နေနေကြတာ။ သူတို့ စိတ်ကြိုက် နေချင်သလို နေကြတာ။ သူတို့ စီးပွားရေး တွေကလည်း ကောင်းကြတယ်ကိုး။
သူတို့အိမ်ကို သတိရသေးရဲ့လားလို့တောင် တွေးမိတယ်။
ဒါပေမယ်…အချိန်တန်တော့လည်း “အိမ်ထောင်” ဆိုတဲ့ ခြံထဲ ဝင်လာပြီး သူတို့ ချည်တိုင်ဟောင်းနား ရောက်လာပြန်တာပဲ။
တခါတခါ အဆင်မပြေတာတွေနဲ့ ကြုံတဲ့အခါ…“အိမ်ကနေ အပြီးတိုင် ထွက်လာခဲ့တယ်ဟေ့” လို့ ကြေညာပေမယ့်… မကြာပါဘူး။ ပြန်သွားပြန်တာပါပဲ။
Sputnik စာစောင်ထဲမှာ ဖော်ပြထားတာလေး တခုကိုလည်း အမှတ်ရတယ်ဗျ။
မယားဖြစ်တဲ့သူက သူ့လင်ယောက်ျား အကြောင်းကို ရယ်သွမ်းသွေးပြီး ပြန်ပြောပြထားတဲ့ အနေနဲ့ ရေးပြထားတာ…။
ဒီလိုတဲ့ဗျ…
ကျမ ယောက်ျား သိပ္ပံပညာရှင်က ကျမကို အပြီးအပိုင် ထားပစ်ခဲ့တော့မယ် ဆိုတဲ့ အမူအယာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ အသေအချာ စိစစ်ပြီး သူ့ လက်ဆွဲအိတ်ထဲ ထည့်တယ်၊ ထည့်ရင်းက…
နင်နဲ့ ဒီလိုအမြဲ စကားများ ရန်ဖြစ်ရင်းနဲ့ ငါ့ဘဝကို အချည်းနှီး အချိန်ကုန် မခံနိုင်တော့ဘူး။ ငါ…အာကာသယာဉ်နဲ့ လိုက်သွားဖို့ ဆန္ဒပြုလိုက်တော့မယ်။ ငါသွားတဲ့ ခရီးမှာ ကြယ်တံခွန်နဲ့ တည့်တည့် ဝင်တိုက်ပြီးပဲ သေသေ၊ လူမသိ သူမသိ ဂြိုဟ် တခုခု ပေါ်မှာပဲ ငါ့ဘဝ ဆုံးဆုံး၊ ဖြစ်ချင်ရာဖြစ်၊ ငါသွားမယ် ဆိုပြီး တံခါးကို ဆောင့်ပိတ်ပြီး ထွက်သွားတယ်။
မကြာပါဘူး၊ သူအိမ်ထဲ ပြန်ဝင်လာတယ်၊ ဝင်လာရင်းက ဘာပြောသလဲ ဆိုတော့…
နင်ကံကောင်းတယ်၊ အပြင်မှာ မိုးရွာနေတယ်…တဲ့။
မိုးရွာနေလို့ သူမသွားဖြစ်တော့ဘူး ဆိုတဲ့ သဘောပေါ့။
လူသတ္တဝါတွေဟာ ဒီလိုပါပဲဗျာ။
ချည်တိုင်ဆီကို ပြန်ပြန်လာတတ်တယ်။ အကြိမ်ကြိမ် ပြန်လာတယ်။
လူ့သံသရာကြီးမှာ ချည်တိုင်က မခွာနိုင်ဘဲ ဖြစ်နေတယ်။ အဲဒီ ချည်တိုင်မှာ ပြုံးလို့၊ ရယ်လို့၊ ပျော်လို့။ အကြည်အသာ အရွှင်အပျတွေနဲ့ ကျေနပ်နေပြန်တယ်။
တော်တော်ကြာတော့…ငေးလိုငေး၊ ငိုင်လိုငိုင်၊ လှိုင်လှိုင် သက်မတွေချ၊ မပြေမလည် အခြေအနေတွေ ဖန်တီးလာပြန်လို့… ငိုရ၊ ရှိုက်ရ၊ မောရ၊ ဟိုက်ရ၊ ကြေကြေ မြည့်မြည့် (မြေ့မြေ့)၊ ဆွေးဆွေးနင့်နင့်တွေ ဖြစ်တယ်…အဲဒီလိုနဲ့ပဲ လူတွေ လူ့ လောကမှာ နေနေကြတာ…။ ။
အမှတ် (၇၇) အင်တာဗျူး ဂျာနယ်
(ဒဿန စာပေများ ရေးသားသော စာရေးဆရာကြီး နန္ဒာသိန်းဇံ ရေးသားခဲ့သည့် ဤဆောင်းပါးကို Eight Dragon Books စာပေတိုက်က ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေသော “ပြောရင်း ပြောနေမည့် ချစ်ခြင်းမေတ္တာ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက် အသက် ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)