မကြာသေးချိန်က ကာလဝမ်းရောဂါဖြစ်ထားတဲ့ ရန်ကုန်မြို့မှာ လတ်တလော အသည်းရောင်အသားဝါ အေပိုး ကူးစက်ခံရသူတွေ သိသိ သာသာ တိုးပွားလာတဲ့အကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာရော၊ သတင်းမီဒီယာများမှာပါ ဖော်ပြလာကြပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါဟာ မြန်မာပြည်သူလူထုနဲ့ မစိမ်းတဲ့ရောဂါတမျိုးဖြစ်ပေမယ့် ဒီတခါ ဖြစ်ပွား မှုကတော့ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကြီးကြီးမားမား ပြန်လည်ဖြစ်ပွားတာဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ သုတေသန စာတမ်း တွေအရ သိရပါတယ်။
ရောဂါပိုးကို ရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်ကာလ အစဉ်အလိုက်အတိုင်း အသည်းရောင်အသားဝါ ရောဂါဖြစ်ပွါးစေတဲ့ ဗိုင်းရပ်စ်ကို A, B, C, D, E ဆိုပြီး ဆေးပညာရှင်တွေက ၅ မျိုးခွဲခြားထားပါတယ်။ ရန်ကုန်မှာ အခုဖြစ်နေတာဟာ အပျော့ဆုံးလို့ ဆိုနိုင်တဲ့ အသည်းရောင်အသားဝါ A ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ ဆရာဝန် အသိုင်းအဝိုင်းက ဆိုပါတယ်။
ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်းတို့ကနေတဆင့်ပါ ကူးစက်နိုင်တယ်ဆိုပေမယ့် ဒီတခါကူးစက်မှုကတော့ မသန့်ရှင်းတဲ့ ရေ၊ မသန့်ရှင်းတဲ့ အစားအသောက်တွေကို ကောင်းမွန်စွာ ချက်ပြုတ်မစားသောက်ခြင်းတို့ကြောင့် ဖြစ်တယ်လို့သိရပါတယ်
ဒါ့ပြင် ရန်ကုန်မှာရှိတဲ့ ဝန်ထမ်းအများစုက အပြင်စာတွေကို အဓိကထားဝယ်စားကြပြီး ရောင်းချသူတွေက သန့်သန့်ရှင်းရှင်း မလုပ် ဆောင်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက “ကျနော့်ဆိုင်က ဝန်ထမ်းတွေက မနက်စာကို အပြင်ဆိုင်တွေကနေ နေ့စဉ် ဝယ်စားကြတာ နှစ်နဲ့ချီနေပြီ၊ ကျနော် ဟိုရက်ကပဲ ဈေးရောင်းတဲ့သူတွေ သန့်ရှင်းမှု အားနည်းတဲ့အကြောင်း ရေးခဲ့ပါသေးတယ်။ အပြင်စာ စားတဲ့သူတွေ သတိထားကြပါ” ဟု သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။
ဗိုင်းရပ်စ်ပိုးဟာ ပင်လယ်စာတွေအပါအဝင် မသန့်ရှင်းတဲ့ အစားအသောက်တွေကနေတဆင့် ခန္ဓာကိုယ်ထဲရောက်လာကာ အူနံရံနဲ့ လည်ချောင်းမှာရှိတဲ့ အရေပြားတွေကနေတဆင့် သွေးထဲစီးဝင်ပြီး အသည်းထိရောက်ကာ အသည်းရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ အသည်းဆဲလ်တွေ ပျက်စီးစေပြီး ဘီလီရူဘင်အပါအဝင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်စင်ပေးတဲ့ အသည်းရဲ့ လုပ်ငန်းစဉ်တွေကိုပါ ထိခိုက်စေတာကြောင့် အပေါ်ယံအရေပြားနဲ့ မျက်လုံးတွေမှာ ဘီလီရူဘင် စုပုံလာမှုရဲ့ လက္ခဏာတခုအဖြစ် အသားဝါမှုကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ဟာ သာမန်အားဖြင့် ခန္ဓာကိုယ်တွင်းရောက်ရှိပြီး ၂ ပတ် ကနေ ၆ပတ်အထိ ကြာမှ ရောဂါလက္ခဏာတွေ စပြလေ့ရှိတာ ဖြစ်ပါ တယ်။ များသောအားဖြင့်လည်း လက္ခဏာတွေ ပေါ်လာလေ့မရှိဘဲ ပျောက်ကင်းသွားလေ့ရှိပါတယ်။ ဒါကြောင့် ရောဂါပိုးကူးစက်ခံထားရ သူဟာ ရောဂါပိုးကူးစက်ခံထားရမှန်းမသိဘဲ တခြားသူတွေကို ရောဂါပိုးလိုက်ဖြန့်တဲ့သူတွေ ဖြစ်နေနိုင်ပါတယ်။
ကံကောင်းတာတခုက အသည်းရောင်အသားဝါ A ဗိုင်းရပ်စ်ဟာ တခါကူးစက်ခံထားရပြီးပြီဆိုရင် နောက်တကြိမ် ရောဂါကူးစက်မခံ ရနိုင်တော့ပါဘူး။ ဒါပေမယ့် ခုခံအားနည်းသူတွေမှာတော့ ရောဂါပျောက်ကင်းပြီး ၆ လကျော်ကြာမှ ရောဂါ ပြန်ဖြစ်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

အသည်းရောင်အသားဝါ A ရောဂါ ဖြစ်ပွါးတဲ့အခါ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အသားဝါခြင်း၊ ဖျားခြင်း၊ ဗိုက်နာခြင်း၊ အဝါရင့် ရောင် ဆီးသွားခြင်း၊ ရွှံ့နှစ်ရောင် ဝမ်းသွားခြင်း အစရှိတဲ့ ရောဂါ လက္ခဏာတွေပြလေ့ရှိပါတယ်။
အသည်းရောင်အသားဝါ ရောဂါဖြစ်ပွား ခြင်း ရှိ မရှိ ကိုတော့ ရောဂါ ကူးစက်ခံရတဲ့အခါ တွေ့ရတဲ့ရှိတဲ့ Immunoglobulin M ( IgM) အမျိုးအစား ခုခံအားဓာတ်ကို ကူးစက်ခံထားရပြီး ၁ ပတ်မှ ၁၄ ပတ် အတွင်း သွေးထဲမှာ တွေ့ရှိမှ A ပိုး ကူးစက်ခံထားရတယ်လို့ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။
အကယ်၍ IgG အမျိုးအစား ခုခံအားကို သွေးထဲမှာ တွေ့လာရရင်တော့ ခန္ဓာကိုယ်ဟာ အသည်းရောင်အသားဝါ A ပိုးကူးစက်ခံခဲ့ရပြီး ခုခံအားပိုင်ဆိုင်သွားကာ နောက်တကြိမ် ရောဂါ မကူးစက်နိုင်တော့ဘူးလို့ သတ်မှတ်နိုင်ပါတယ်။
အသည်းရောင်အသားဝါ A ပိုးနဲ့ပတ်သက်ပြီး လူသိနည်းသော အကြောင်းများ
၁။ ခန္ဓာကိုယ်ပြင်ပတွင် လပေါင်းများစွာကြာအောင် အသက်ရှင်နေနိုင်ပါတယ်။
ဒီဗိုင်းရပ်စ်ဟာ ကိုဗစ် နှင့် ကာလဝမ်းရောဂါတွေဖြစ်စေတဲ့ ရောဂါပိုးတွေလိုမျိုး ခန္ဓာကိုယ်ပြင်ပမှာ နာရီပိုင်း ရက်ပိုင်းပဲ အသက်ရှင်နေနိုင် တာမျိုး မဟုတ်ပါဘူး။ အသည်းရောင် A ပိုးဟာ ခန္ဓာကိုယ်ပြင်ပမှာ လချီအသက်ရှင်နေနိုင်တာဖြစ်ပါတယ်။ အထူးသဖြင့် ရေချို၊ ရေငန် တွေထဲမှာ အချိန်ကြာကြာ ပိုအသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုးကပ်ငြိနေတဲ့ အသုံးအဆောင်တွေ၊ အစားအစာတွေကနေတဆင့် ရောဂါကူးစက်နိုင်မှုဟာ တခြားရောဂါတွေထက် ပိုမြင့်မားပါတယ်။
၂။ သာမန်ချက်ပြုတ်ရုံနဲ့ ဗိုင်းရပ်စ် မသေစေပါဘူး။
အပြင်ဆိုင်တွေနဲ့ ဟော့ပေါ့ဆိုင်တွေမှာ ချက်ပြုတ်နေသလို အပေါ်ယံကျက်အောင် ချက်ပြုတ်ခြင်းတွေက ရောဂါပိုးတွေကို သေစေနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ပြင် ဆပ်ပြာနဲ့ဆေးလည်း မသေစေနိုင်သလို အက်ဆစ်နဲ့ထိတွေ့မှုကနေပါ ကြံ့ကြံ့ခံနိုင်တာကြောင့် အသားစိမ်းတွေကို သံပုရာသီးညှစ်ရုံနဲ့လည်း ဒီဗိုင်းရပ်စ်က တခြားပိုးမွှားတွေလို သေစေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသီးနှံနဲ့အသားငါးတွေကို အတွင်း သားတွေ ပူတဲ့ထိ သေသေချာချာ ချက်ပြုတ်ဖို့ လိုအပ်ပါတယ်။ သောက်ရေသန့်စစ်စစ် မရနိုင်ရင်လည်း UV အလင်းရောင်နဲ့ပိုးသတ်တာ၊ ကလိုရင်းဆေးရည်ခပ်တာတွေလုပ်ပြီး သောက်သုံးဖို့ လိုအပ်ပါတယ်။
၃။ ကူးစက်ပြီး လပိုင်းနီးပါးကြာမှ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
ရောဂါကူးစက်ခံရပြီး ၂ ပတ်မှ ၁ လခွဲလောက်ကြာမှ ရောဂါလက္ခဏာတွေ ပြသနိုင်သလို ရောဂါလက္ခဏာမပြဘဲ ပျောက်ကင်းသွားတာ မျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ရောဂါကူးစက်ခံရပြီဆိုတာနဲ့ တခြားသူတွေကိုပါ ကူးစက်စေနိုင်ပါတယ်။

၄။ အရက်၊ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေက ရောဂါကို ပိုဆိုးစေပါတယ်။
အသည်းရောင် A ပိုးကို ကုသဖို့အတွက် B ပိုးနဲ့ C ပိုးလိုမျိုး ဆေးဝါး အထူးတလည် မလိုအပ်ပါဘူး။ ခုခံအားကောင်းစေတဲ့ ဆေးဝါး ဓာတ်စာတွေနဲ့ အသည်းအားဆေးတွေကိုသာ ဆရာဝန်တွေက ပေးလေ့ရှိပြီး ဝမ်းလျှောတာ အော့အန်တာတွေအတွက်လည်း သာမန် ဆေးဝါးတွေကိုပဲ ပေးလေ့ရှိပါတယ်။ သို့ပေမယ့် မလိုအပ်ဘဲ တိုင်းရင်းဆေးဝါးတွေ သုံးစွဲတာ၊ ပါရာစီတမောလို အကိုက်အခဲ ပျောက် ဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ သောက်သုံးတာ၊ ဘက်တီးရီးယားကိုသာ သေစေနိုင်တဲ့ ပိုးသတ်ဆေးတွေကို အသည်းရောင် ဗိုင်းရပ်စ်အတွက် သောက်သုံးတာတွေအပြင် အရက်သောက်တာတွေက ရောဂါဖြစ်ပွားမှုကို ပိုဆိုးစေပြီး တခါတလေမှာ ကျောက်ကပ် ကိုပါ ထိခိုက်ပျက်စီးစေပါတယ်။
၅။ ရောဂါကူးစက်ပြီးလည်း ကာကွယ်ဆေးထိုးနိုင်ပါတယ်။
ရောဂါကူးစက်ခံရပြီး ၂ ပတ်အတွင်း ကာကွယ်ဆေးထိုးမယ်ဆိုရင်တော့ ကာကွယ်ဆေးဟာ ရောဂါဖြစ်ပွားမှုကို ဟန့်တားတာ ဒါမှမဟုတ် ရောဂါဖြစ်ပွားမှုကို မပြင်းထန်စေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

ကမ္ဘာတဝှမ်း နှစ်စဉ် အသည်းရောင်အသားဝါ A ပိုး ကူးစက်ခံရသူ ၁၁၄ သန်းရှိပြီး အများစုက ရောဂါလက္ခဏာတွေ ပြလေ့မရှိဘဲ ၁ ဒသမ ၄ သန်းကျော်လောက်သာ ရောဂါလက္ခဏာတွေ ပြလေ့ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ အသည်းရောင် A ပိုး ကူးစက်ခံရမှုတွေက မသန့်ရှင်းတဲ့ အပြင်စာတွေကြောင့် အဓိက ဖြစ်ရ တာလို့ ဆေးရုံဝန်ထမ်းတဦးက ပြောပါတယ်။ “ဆေးရုံကို လာကြည့်မယ်ဆိုရင် ဒီရောဂါကူးခံထားရတဲ့ လူအများစုက လူငယ်တွေပါ၊ အဓိကကတော့ အစားအသောက်ကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အစားအသောက်ရောင်းတဲ့ ဆိုင်တွေရော၊ ဝယ်စားတဲ့သူတွေရော သေချာဂရုစိုက်ဖို့ လိုပါတယ်”
စောအောင်ထွန်းသည် ဆေးပညာ နှင့် ဇီဝဆေးသိပ္ပံ ပညာရပ်များကို ထိုင်းနိုင်ငံတွင် အထူးပြု လေ့လာနေသူတဦးဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
စစ်ကောင်စီ ပိတ်ဆို့ထား၍ ART ဆေးပြတ်ကာ သေဆုံးမှုများ ရှိ
ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း
တကျော့ပြန် ခေါင်းထောင်လာတဲ့ ဝမ်းရောဂါ