နစ်ကိုလို မက်ခီယာဗယ်လီ (၁၄၆၉ – ၁၅၂၇)
NICCOLO MACHIAVELLI (1469 – 1527)
ယခင်အပတ်မှ အဆက်
အုပ်ချုပ်ရေးမှာ အောင်မြင်ဖို့ မှူးကောင်းမတ်ကောင်း သိပ်လိုတယ်။ အလိုကြိုက် အလိုက်သင့် မြှောက်ပင့်တတ်သူတွေ ဝိုင်းရံ မနေဖို့ သတိထားရမယ်လို့လည်း ပြောပါတယ်။
အဲဒီလို လုပ်နိုင်ဖို့လည်း သင်ကြားပါတယ်။
မင်းသားကျမ်း၊ အခန်း ၁၇ မှာ ချစ်တာနဲ့ ကြောက်တာ ဘယ်ဟာ ကောင်းသလဲလို့ ရှင်းပြထားတယ်။
“အမှန်က ချစ်ကြောက် ရိုသေတာက အကောင်းဆုံး ဖြစ်တယ်။ ဒါပေမယ့် ကြိုက်ရာတခုကို ပြောပါဆိုရင်
ချစ်တာထက် ကြောက်တာက ပိုပြီး ဘေးအန္တရာယ် နည်းတယ်။ ချစ်တယ်ဆိုတာက အပြန်အလှန်
ငဲ့ညှာတဲ့ သဘော ရှိပေမယ့် လူ့သဘာဝက တကိုယ်ကောင်းစိတ် များတတ်လို့ လိုအပ်ရင်
သစ္စာဖောက်နိုင်တယ်။ ကြောက်နေရင် မဟုတ်တာ မလုပ်ရဲတော့ပါ”
အခန်း ၁၈ မှာ ရှင်ဘုရင်ဟာ ဘယ်နည်းလမ်းကို လက်စွဲထားရမလဲ မေးရင် ကိုယ်ကျိုးကို ကြည့်ပြီး ထုံးနည်းကို လွှတ်သင့် လွှတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အာမခံချက် ပျက်ရင်လည်း အကြောင်းယုတ္တိ ရှိအောင် ပြနိုင်စရာ အချက်တွေ ရှိပါတယ်။ လူတွေဟာ အ တယ်၊ အခြေအနေကို ကြည့်ပြီး ရသလောက်ပဲ လက်ခံတတ်ကြတယ်။
လိမ်ကြည့်ပါ။ အလိမ်ခံချင်သူတွေ များတာကို တွေ့မယ်။
ဒီအယူအဆမှာ လက်တွေ့ကျတဲ့ သဘောထားတခုက သူတပါးရဲ့ အာမခံချက် ဆိုတာကိုလည်း မယုံပါနဲ့လို့ ပြောပါတယ်။
မင်းသားကျမ်းကို “အာဏာရှင် လက်စွဲ” လို့ ခေါ်လေ့ ရှိပါတယ်။
မက်ခီယာဗယ်လီရဲ့ ဝန်ထမ်းဘဝနဲ့ ရေးသားတဲ့ တခြား ကျမ်းတွေအရ ပြောရရင် သူက သမ္မတနိုင်ငံ အစိုးရကို အာဏာရှင် အစိုးရထက် ပိုပြီး နှစ်သက်ပါတယ်။
ဒါပေမယ့် အီတလီရဲ့ နိုင်ငံရေး၊ စစ်ရေး ကျဆင်းတာတွေကို မကျေမနပ် ဖြစ်လွန်းလို့ တိုင်းနိုင်ငံကို စုစည်းပြီး အစွမ်း ထက်တဲ့မင်း ပေါ်လာစေချင်တယ်။
ဒါမှ နိုင်ငံခြား အနှောင့်အယှက်ကိုလည်း မောင်းထုတ်နိုင်တယ်။
နောက်တချက် မှတ်သားစရာ ကောင်းတာက ကြမ်းကြမ်းရမ်းရမ်း လုပ်ပါလို့ သူများကို မြှောက်ပေးပေမယ့် သူကိုယ်တိုင်က စိတ်ကူးယဉ်ယဉ်၊ မျိုးချစ်စိတ် အပြည့်နဲ့ သူပြောသလို သူ လိုက်လုပ်နိုင်မယ့် လူစား မဟုတ်ပါ။
မက်ခီယာဗယ်လီလို အပြင်းအထန် ရှုတ်ချတာကို ခံရတဲ့ ဒဿနိကဆရာ မရှိပါ။ နှစ်ကာလ အကြာကြီး သူ့ကို မကောင်းဆိုးဝါး စီးနေတဲ့လူ၊ ပြောပုံလုပ်ပုံ ဆိုးညစ် ယုတ်မာတယ်လို့ အထင်ခံရတယ်။
သူပေးတဲ့ နည်းကို လိုက်နာတဲ့ လူတွေကပဲ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချတယ်။

မက်ခီယာဗယ်လီကို အကျင့်စာရိတ္တ ညံ့သူ အနေနဲ့ ဝေဖန်ကြရာမှာလည်း သူ့ကို စွပ်စွဲ ပေမယ့် သူ့ စကားတွေမှာ ပါတဲ့ အတိုင်း ဒီစိတ်ကူး ဒီအလုပ်တွေကို တကယ်လက်တွေ့လုပ်လို့ အောင်မြင်တာကို ကြည့်ပြီးမှ သူက အခုလို ထင်မြင်ချက်နဲ့ တဆင့်ပြောတာ ဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။
ရှေးပဝေသဏီက စပြီး ခေတ်အဆက်ဆက် အောင်အောင်မြင်မြင် သုံးလာတဲ့ နည်းတွေ ဖြစ်တယ်။ မက်ခီယာဗယ်လီ ပြောတဲ့ အထဲမှာ ရှေးက တကယ့် အဖြစ်အပျက်တွေကို ကိုးကားပြီး ပြောမြဲ ဖြစ်တယ်။
အဲဒါအပြင် လက်ငင်း နမူနာတွေလည်း ထည့်ပြောပါသေးတယ်။
စံပြအဖြစ် သူပြောတဲ့ ဆီဇာဘောဂျိယ (Cesare Borgia) က သူ့ဆီက နည်းခံသူ မဟုတ်၊ ဆီဇာဘောဂျိယ နည်းကိုသာ မက်ခီယာဗယ်လီက ယူပြောတာ ဖြစ်ပါတယ်။
နိုင်ငံရေး ခေါင်းဆောင်တွေထဲက ဘင်နစ်တို မူဆိုလီနီ (Benito Mussolini) တယောက်သာ မက်ခီယာဗယ်လီကို လူပုံ အလယ်မှာ ချီးမွမ်း ပြောဆိုတာ မဟုတ်ပါ။
နိုင်ငံရေးမှာ ထင်ရှားသူတိုင်း မင်းသား ကို အသေးစိတ် ဂရုတစိုက် ဖတ်ကြပါတယ်။
နပိုလီယန်က ဒီကျမ်းကို ခေါင်းအုံးအိပ်တယ်လို့ အဆိုရှိတယ်။
ဟစ်တလာနဲ့ စတာလင် တို့တောင် ပါသေးတယ်လို့ ဆိုပါတယ်။
အဲဒီနေရာမှာ မက်ခီယာဗယ်လီ ပြောတဲ့ နည်းတွေကို သူ့ထက် ရှေးကျတဲ့ သူတွေနဲ့ သူ့နောက်က လူတွေမှာ ဘယ်သူတွေက ပိုပြီး သုံးစွဲ ခဲ့ပါသလဲလို့ မေးကြည့်ပါ။ နောက်ပိုင်း များတာကို တွေ့မယ်။
ဒါကြောင့်လည်း သူ့ကို ဒီစာအုပ်မှာ အခုလို နောက်ပိုင်း နေရာကို ပို့ထားရတာ ဖြစ်ပါတယ်။
သူ့စာကို ဘယ်လောက် လက်တွေ့ လုပ်ကြသလဲလို့ ပြောဖို့ ခက်ပေမယ့် နိုင်ငံရေး ကျင့်ထုံးမှာ သြဇာ ရှိတာတော့ သေချာတယ်။
ရှေးက ဆရာကြီးတွေ ဖြစ်တဲ့ ပလေတို (Plato)၊ စိန့်သြဂတ်စတင်း (St.Augustine) တို့က နိုင်ငံရေးကို ယုံကြည်မှု အထိန်း အချုပ်တွေနဲ့ ဖက်တွဲပြီး လေ့လာတယ်။
မက်ခီယာဗယ်လီက သမိုင်းနဲ့ နိုင်ငံရေးကို အခု မျက်မြင်နဲ့ ညှိပြီး ပြောတယ်။
လူမှုကျင့်ထုံးကို အလေးအနက် မထားပါ။ တမျိုးပြောရရင် အာဏာလိုချင် ဒီလိုလုပ်လို့ မပြောပါ။ အာဏာမြဲချင်ရင် ဒီလိုလုပ်လို့တော့ ပါတယ်။
ဘယ်လို လုပ်လို့ အာဏာ မြဲနေတာကိုသာ ပြောတယ် ဆိုရင် ပိုမှန်တယ်။
လုပ်သင့်တာကို မပြော၊ လုပ်နေတာကိုသာ ပြောပါတယ်။ အခုထက် နိုင်ငံရေးမှာ လက်တွေ့ကိုသာ အာရုံ စိုက်ရတယ် ဆိုတဲ့ အချက်ကတော့ မက်ခီယာဗယ်လီရဲ့ သြဇာ၊ သူ့ကျေးဇူး ဖြစ်ပါတယ်။
မက်ခီယာဗယ်လီ (Machiavelli) ကို ခေတ် နိုင်ငံရေး ခေါင်းဆောင်လို့ ခေါ်ရင် ဖြစ်ပါတယ်။ ။
5, October, 2001.
(သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း မြန်မာပြန် ရေးသားသည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက် က ၂၀၁၀ ပြည့်နှစ် မတ်လတွင် ထုတ်ဝေသော “ကျော်စွာ ၁၀၀” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းမှာ The 100 A Ranking of the Most Influential Person in History by MICHAEL H. HART စာအုပ်ဟု သိရပါသည်။ ဆရာကြီး မြန်မာပြန်ထားသည့် ဆောင်းပါးများထဲက ယခု တပုဒ်ကို ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် အသက် ၈၂ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ ပါသည်။)