အခုနှစ် “သောကြာ သားသမီးတွေ စန်းပွင့်ပြီး တစ်ဦးထက်မကတဲ့ ချစ်သူတွေနဲ့ ဆုံတွေ့ရမယ်” လို့ ဟောကြား လိုက်တဲ့ အခါ နေ့နံသင့် မွေးဖွားသူတွေ အနေနဲ့ နှလုံးပီတိ ဂွမ်းဆီထိ သလို တအိအိနဲ့ ပြုံးပျော်ရွှင်မြူး သွားကြမှာ အမှန်ပါပဲ။
တချို့လူတွေကတော့ တိတ်တိတ်ပုန်း ကြိတ်ပြုံးလေးတွေ ဖြစ်နေနိုင်ပါတယ်။
အထူးသဖြင့် အပျိုကြီး၊ လူပျိုကြီး FA တွေပေါ့။ နောက်မှ မှန်ခြင်း မမှန်ခြင်းက တဏ္ဍ။
လတ်တလောတော့ စိတ်ချမ်းသာ သွားကြမယ် ထင်ပါတယ်။
အဲဒီလို ဟောစာတမ်းကတော့ တနှစ်မှ တကြိမ်တခါ ထွက်ပေါ်လာတဲ့ “မန္တလေး မဟာ သင်္ကြန်စာ” မှာ ပါရှိတဲ့ ဖော်ပြ ဟောကြားချက်ပဲ ဖြစ်ပါတယ်။
သင်္ကြန်စာဟာလည်း သံချပ် လိုပါပဲ။ မြန်မာ့ ရိုးရာ အတာ သင်္ကြန်နဲ့ ခွဲမရတဲ့ ရှေ့ဖြစ်ဟော ပညာရပ် ယဉ်ကျေးမှု တခု ဖြစ်ပါတယ်။
သင်္ကြန် ဆိုတာ ဟိန္ဒူ အယူမှ ဆင်းသက်လာတဲ့ ပါဠိလို သင်္ကန္တ ကူးပြောင်းခြင်း အဓိပ္ပာယ် ဖြစ်ပြီး မြန်မာ နှစ်ဟောင်းမှ နှစ်သစ်ကို ကူးပြောင်းတဲ့ ကာလမှာ သင်္ကြန် ပွဲတော် ကျင်းပခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ကြန်ကာလ အတွင်း သိကြားမင်း (တနင်္ဂနွေ ဂြိုဟ်မင်း) က လူ့ပြည်ကို ဘယ်လို ပုံစံနဲ့ ဆင်းလာမယ်။ လာမယ့် နှစ်မှာ ဖြစ်လာနိုင်တဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံအရေး၊ မိုးလေဝသ၊ ကုန်ဈေးနှုန်း၊ စိုက်ပျိုးရေး စတဲ့ အခြေအနေတွေ။
တောင်သူ လယ်သမား ဦးကြီးတွေ စိုက်ချိန် ပျိုးချိန်၊ စိုက်ရက် ပျိုးရက်၊ သီနှံ အထွက် ကောင်းမကောင်း၊ အောင်မအောင် စတာတွေကို သင်္ကြန်စာမှာ ထည့်သွင်း ဟောကြား ဖော်ပြလေ့ရှိတာပါ။
တနှစ်လုံး အတွက် ဟောစတမ်းလည်း ဖြစ်သလို မြန်မာ တောင်သူ လယ်သမား ဦးကြီးတွေ အတွက် စိတ်ဓာတ် မြှင့်တင်ရေး လက်နက်လည်း ဖြစ်တယ်လို ဆိုကြပါတယ်။
ကျေးလက်နေသူတို့ဟာ သင်္ကြန်စာကို အိမ်နံရံမှာ ကပ်ထားပြီး အခါမလပ် ကြည့်ရှုကာ တိုက်ဆိုင်မှုတွေ ပြုလုပ်ကြတယ် လို့လည်း သိရပါတယ်။
လူတဦးချင်းရဲ့ မွေးဖွား နေ့နံ အလိုက် နှစ်သစ်မှာ ဖြစ်လာနိုင်ခြေ ရှိတဲ့ ဟောကိန်းတွေ၊ အတာစားခြင်း၊ ဦးခေါင်းဆေး မင်္ဂလာပြုခြင်း စတာတွေကိုလည်း ထည့်သွင်း ဟောကြားထားပါတယ်။
သင်္ကြန်စာကို ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက် ပုံနှိပ်စက်တွေ ရောက်ရှိပြီးတဲ့ အချိန်ကစလို့ ပုံနှိပ် ထုတ်ဝေ ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီ သင်္ကြန်စာတွေဟာ မန္တလေး ရတနာပုံခေတ်ရဲ့ ကြွင်းကျန်တဲ့ မြန်မာ့ရိုးရာ တခု ဖြစ်တယ် လို့လည်း ဆိုပါတယ်။
သင်္ကြန်စာဟာ မြန်မာ့ လူ့အဖွဲ့အစည်း အတွက် အရေးပါတဲ့ အခန်းကဏ္ဍ တခုမှာလည်း ရှိနေပါတယ်။
ဒါကြောင့် အခုနှစ် မြန်မာ သက္ကရာဇ် ၁၃၈၆ ခုနှစ် (ခရစ်နှစ် ၂၀၂၅ ခုနှစ်) သင်္ကြန် ကာလကနေ လာမယ့်နှစ် ၁၃၈၇ ခုနှစ် အထိ မဟာသင်္ကြန်စာမှာ ပါရှိပြီး လူအများ စိတ်ဝင်စားနိုင်မယ့် ဟောကြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁၃၈၇ ခုနှစ် အတွက် မဟာ သင်္ကြန်စာ
မဟာသင်္ကြန်ကျချိန်
၁၃၈၆ – ခုနှစ် နှောင်းတန်ခူးလ လပြည့်ကျော် (၂) ရက်၊ ခရစ်နှစ်၂ဝ၂၅ ခုနှစ် ဧပြီလ (၁၄) ရက် တနင်္လာနေ့ မြန်မာ စံတော်ချိန် နံနက် (၆) နာရီ ( ၃၇) မိနစ် (၂၁) စက္ကန့် မင်္ဂလာအချိန်တွင် မဟာသင်္ကြန်ကျ၏။
မဟာသင်္ကြန် ကြတ်ချိန်
၁၃၈၆ ခုနှစ် နှောင်းတန်ခူး လပြည့်ကျော် (၃) ရက်၊ ခရစ်နှစ်၂၀၂၅ ခုနှစ် ဧပြီလ (၁၅) ရက် အင်္ဂါနေ့ မဟာသင်္ကြန် ကြတ်၏။
မဟာသင်္ကြန် တက်ချိန်
၁၃၈၆ ခုနှစ် နှောင်းတန်ခူး လပြည့်ကျော် (၄) ရက် ခရစ်နှစ်၂ဝ၂၅ ခုနှစ် ဧပြီလ (၁၆) ရက် ဗုဒ္ဓဟူးနေ့ မြန်မာ စံတော်ချိန် နံနက် (၁၀) နာရီ (၄၂) မိနစ် (၃) စက္ကန့် မင်္ဂလာ အခါတော်အချိန်တွင် မဟာသင်္ကြန် အတာ တက်သည်။
မြန်မာ နှစ်သစ်ကူးရက်
၁၃၈၇ ခုနှစ် ဦးတန်ခူး လပြည့်ကျော် (၅) ရက်၊ ခရစ်နှစ် ၂၀၂၅ ခုနှစ် ဧပြီလ (၁၇) ရက် ကြာသပတေးနေ့ နှစ်ဆန်း တစ်ရက်နေ့ ဖြစ်သည်။
သိကြားမင်း လူ့ပြည် ဆင်းသက်ပုံ
ဇေယတု သဗ္ဗမင်္ဂလံ
ကမ္ဘာပေါ်ဦး ပဂတုဂ အာဒိစ္စဟု ခေါ်မူပညတ် နေပြဿဒ်သည် သဟဿရောင်ခြည်တစ်ထောင်ဖြင့် ဘာနုရာဇာ အမည် ရှိသော တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်းဖြစ်သော မိန်ရာသီ၊ ရေဝတီနက္ခတ် စတုတ္ထပါဒ်မှ တန်ခူးဖြစ်သော မိဿရာသီ အာသဝနီနက္ခတ်ပထမပါဒ်၊ အာဒိနဝင်းထက်သို့ မြန်မာသက္ကရာဇ် ၁၃၈၆-ခုနှစ် နှောင်းတန်ခူး လပြည့် ကျော် (၂) ရက် ခရစ်နှစ်၂၀၂၅-ခုနှစ် ဧပြီလ(၁၄)ရက် တနင်္လာနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ စံတော်ချိန် နံနက်စက် (၆)နာရီ (၃၇)မိနစ် (၂၀)စက္ကန့်အချိန်တွင် မြန်မာပဟိုရ်ကား နံနက်(၄) )ချက်တီးကျော် (၂)နာရီ ပါဒ်ပြည့် (၁၂)ဗီဇနာ (၁)ပြန် (၈)ခရာအချိန်၊ မိဿရာသီလဂ်၊ တူရာသီစန်း၊ တနင်္ဂနွေဟောရတ်၊ တနင်္ဂနွေတရင်း၊ တနင်္ဂနွေနဝင်း၊ ဗုဒ္ဓဟူး ဒွါဒသင်း၊ ကြာသပတေးတိံသင်း၊ လဂ်စီးနက္ခတ်(၁)လုံး၊ ပါဒ်ပြည့်(၂)ဃဋီ (၅၆)ဝိဃဋီ၊ (၃၂) အနုဃဋီပြည့်ထက်လဂ်စီးလျက် ထိုနာရီ၏ မွန်းတည့်နက္ခတ်ကား ဥတ္တရသာဠ်နက္ခတ်(၂၇၉) အံသာ (၂ဝ)လိတ္တာ၊ တိထီ(၁)လုံး ကိတ်မြေခံ၊ဝရဇိန်ယုဂ်၊ ကောလဝကရိုဏ်းနှင့်ယှဉ်လျက် ဘာနုရာဇာ အမည်ရှိသော တနင်္ဂနွေ ဂြိုဟ်မင်း သည် နွားနို့သစ် အဆင်းနှင့်တူသော အဝတ် တန်ဆာဝတ်ဆင်လျက် မြွေကိုစီး၍ လက်တစ်ဖက်ကား အဲမောင်း ကျန် လက်တစ်ဖက်ကား ချွန်တောင်းကို ကိုင်လျက် အနောက်မြောက်ထောင့်ကသည် တောင်သို့ဝင်၏။
ကညာဒေဝီနတ်သမီးကား အလှည့်စေ့၍ ပရမိသွာ နတ်မင်း၏သား “အာသီ” အမည်ရှိသောဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် ဓံသီ နတ်သမီးကား ရွှင်သောမျက်နှာဖြင့် လှမ်းလင့်၏။ ဃောရဿဒေဝီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊အပြာ၊ အဝါအားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင့်၏။
ထို့ကြောင့် မိုးဦးတံ့အံ့၊မိုးလယ်၊ မိုးနှောင်းကောင်းအံ့။ မိုးတဖျင်းသုံးရွာအံ့။ လူတို့အဖျားများကုန်အံ့။ အဆိပ်ထန်သော မြွေ ထူအံ့။ မြွေခဲ၍ သတ္တဝါတို့ဘေးဖြစ်ကုန်အံ့။
ပြည်ရွာဟူသမျှ ဥပါဒ်ဖြစ်အံ့။ ကုန်သည်တို့၌ကား ဒဏ်ရှိအံ့။ ပြည့်ရှင်မင်းနှိပ်စက်အံ့။
မင်းမိန်းမတို့ အမှုအခင်းများဖြစ်သည် များအံ့။
ဗြဟ္မာပြည် ပျက်အံ့။ ဆား၊ ဆေးရှားအံ့။
(ဤကား မဟာသင်္ကြန် အကျ အဟောတည်း)

သင်္ကြန်အကျ အလိုကား
ဗသျှူသင်္ကြန်၊ အာယမသင်္ကြန်နှင့် သာမန္တသင်္ကြန်ဟူ၍ သင်္ကြန်သုံးပါးရှိသည့်အနက်မှာ မဟာသင်္ကြန်အခါလဂ်သည် မိဿ ရာသီလဂ်ဖြစ်၍ “ဗသျှူ” သင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်မကျမီအချိန်၌ ဦးခေါင်းဆေးမင်္ဂလာပြုရ၏။
ဤကား အများနှင့် ဆိုင်သောအခါပေတည်း။
သီးသန့်ဝိသေသအခါပေးကာ သင်္ကြန်မြေခံသော သင်္ကြန်ကျသည့်အချိန်တွင် တိထီ(၁)လုံး ကိတ်မြေခံဖြစ်၏။
သင်္ကြန်ကျသည့်နေ့မှာ တနင်္လာနေ့ဖြစ်၏။ သို့ဖြစ်ပါ၍ တနင်္လာသားသမီးတို့မှအပ ကြွင်းကျန်ကုန်သော နေ့နံ သားသမီး တို့သည် မိမိတို့၏နေ့အလိုက် ဂဟပတိအရပ်သစ်ပင်ရင်းသို့သွား၍ မိမိတို့၏နံအမြစ်ဖြစ်သောပန်းပွင့်၊ ပန်းညွန့်ကို အခင်းပြု၍ မိမိတို့၏နံအညွန့်ဖြစ်သောပန်းကို ဆောင်လျက် သင်္ကြန်အကျဂြဟဇာပွင့်ရာ အနောက်မြောက် ထောင့်အရပ်သို့မျက်နှာမူရမည်။
ထို့ကြောင့် တနင်္ဂနွေသားသမီးများသည် ဒန်းညွန့်ကို အခင်းပြု၍ ကံ့ကော်ညွန့်ကို ကိုင်ဆောင်လျက် အနောက်တောင် ထောင့် အရပ်မျက်နှာမူပြီးသော်လည်း၊ အင်္ဂါသားသမီးများသည် ကံ့ကော်ညွန့်ကို အခင်းပြု၍ ချယား (သို့) ရွက်လှညွန့် ကို ကိုင်ဆောင်လျက် အနောက်မြောက်အရပ်မျက်နှာမူပြီးသော်လည်းကောင်း၊ ဗုဒ္ဓဟူးသားသမီးများသည် မြေဇာညွန့် ကို အခင်းပြု၍ သပြေညွန့်ကိုကိုင်ဆောင်လျက် မြောက်အရပ်သို့လည်းကောင်း၊ ဗုဒ္ဓဟူးမွန်းလွဲ ရာဟု သားသမီး များသည် မြေဇာညွန့်ကို အခင်းပြု၍ သပြေညွန့်ကို ကိုင်ဆောင်ပြီး အရှေ့တောင် အရပ်သို့ လည်းကောင်း၊ ကြာသပတေး သားသမီးများသည် ချယား (သို့) ရွက်လှညွန့်ကို အခင်းပြု၍ သီးညွန့်ကို ကိုင်ဆောင်ပြီးလျက် အရှေ့ အရပ်သို့ လည်းကောင်း၊ သောကြာသားသမီးများသည် သပြေညွန့်ကိုအခင်းပြု၍ ဒန်းညွန့်ကိုကိုင်ဆောင်ပြီး တောင် အရပ်သို့လည်းကောင်း၊ စနေ သားသမီးများသည် သီးညွန့်ကိုအခင်းပြု၍ အုန်းညွန့်ကိုကိုင်ဆောင်ပြီး အရှေ့မြောက် ထောင့် အရပ် သစ်ပင်ရင်းသို့သွား၍ ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အနောက်မြောက်အရပ်သို့ မျက်နှာမူပြီးလျှင် ရတနာ (၃) ပါး၊ မိဘဘိုးဘွား၊ ဆရာသမား၊ သိကြား ဗြဟ္မာ၊ စတုလောကပါလ သာသနာတော်စောင့် သမ္မာဒေဝ နတ်မြတ် နတ်ကောင်းတို့ကို ပူဇော်ကန်တော့ပြီး မိမိတို့လိုရာ ဆန္ဒကိုဆုတောင်း၍ ဦးခေါင်းဆေးမင်္ဂလာပြုကုန်ရာသည်။
သင်္ကြန်အကျနေ့သည် တနင်္လာနေ့ဖြစ်ရာ တနင်္လာသားသမီးတို့သည် သင်္ကြန်အကြတ်နေ့ဖြစ်သော အင်္ဂါနေ့၌ ဂဟပတိ အရပ်ဖြစ်သော အနောက်မြောက်ထောင့်အရပ်ရှိ သစ်ပင်ရင်းတွင် အုန်းညွန့်ကိုအခင်းပြု၍ မြေဇာညွန့်ကို ကိုင်ဆောင်ပြီးလျက် ဂြဟဇာပွင့်ရာဖြစ်သော မြောက်အရပ်သို့မျက်နှာမူပြီးလျှင် ရတနာသုံးပါး ဦးထိပ် ထားလျက် ဦးခေါင်းဆေး မင်္ဂလာ အခါပြုကုန်ရာသည်။
ဦးခေါင်းဆေး မင်္ဂလာပြုရသော အကျိုးကား
သင်္ကန္တေသင်္ကြန်ဟုခေါ်ဝေါ်အပ်သော တနင်္ဂနွေဂြိုဟ်မင်းသည် ပုဏ္ဏမေ၊အံသာ (၃၆ဝ) ရသဖြင့် တဘဂဏပြည့်၍ မိန်ရာသီ အဝဿန်နဝင်းမှ မိဿရာသီအာဒိနဝင်းသို့ပြောင်းခဲ့သည် ရှိသော် ဣဓ – ဤလူ့ပြည်၌ မာဏဝါသတ္တဝါဟု ခေါ်ဝေါ် အပ်ကုန် သော မနုဇာလူအပေါင်းတို့သည်၊ သိရာ – ဦးခေါင်းဆေးကုန်ရာ၏၊ တေသံ – ထိုဦးခေါင်းဆေး ကုန်သော သူတို့အား၊ သတ္တဘာဂီ – ခုနစ်နှစ်ကဖြစ်ကုန်သော၊ ရောဂီ – အနာမျိုးတို့သည်၊ ဝိနာသေယျုံ – ကင်းပျောက် ကုန်ရာ၏၊ သုခဘာဂီ – ချမ်းသာခြင်း၏အဖို့ဖြစ်ကုန်သော၊ သတသဟဿာနိ – တစ်သိန်းသောအကျိုးတို့သည်၊ ဘဝေယျံ – ဖြစ်ကုန်ရာ၏။
(သင်္ကြန်အကျ အလိုတည်း)
သင်္ကြန်အခါ ရှောင်ကြဉ်ရန် အမှုများကား
(၁) အိမ်ရာမမှား၊ (၂) သားငါးသုတ်သင်၊ (၃) သစ်ပင်ခုတ်ဖြတ်၊ (၄) ပုတ်ခတ်ငိုကြွေး၊ (၅) ကိုယ်သွေးထုတ်ခြင်း၊ (၆) ဆီ၊ နနွင်းကားနေ့၊ (၇) သောက်ခြင်းသေစာ၊ (၈) ဥစ္စာထုတ်သွင်း၊ (၉) ရောင်းဝယ်ခြင်း၊ (၁၀) အောင်တမန် စေလွှတ်ခြင်း စသည့် (၁ဝ) ပါးသော အမှုတို့ကို ရှောင်ကြဉ်ကုန်ရ၏။
(ဤကား မဟာသင်္ကြန် အကျ အလိုတည်း)
သင်္ကြန် အတာတက်သော အခါတော်ကား
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် နှောင်းတန်ခူး လပြည့်ကျော် (၄) ရက်၊ ခရစ်နှစ် ၂ဝ၂၅-ခုနှစ်ဧပြီလ (၁၆) ရက် ဗုဒ္ဓဟူးနေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ စံတော်ချိန် နံနက်စက်(၁ဝ) နာရီ (၄၂) မိနစ် (၃) စက္ကန့် အချိန် မေထုန် ရာသီလဂ်၊ ဗြိစာ္ဆရာသီစန်း၊ တနင်္လာဟောရတ်၊ သောကြာတရင်း၊ ကြာသပတေးနဝင်း၊ စနေဒွါဒသင်း၊ ကြာသပတေး တိံသင်း၊ လဂ်စီးနက္ခတ်(၅)လုံး (၃)ပါဒ် (၄)ဃဋီ၊ (၁၄)ဝိဃဋီ၊ (၅၅)အနုဃဋီ ထက်လဂ်စီးလျက်တွင် တိထီ(၃)လုံး စနေ မြေခံ၊ ဗျာတိပါတယုဂ်၊ ဗိသျှတိကရိုဏ်း နှင့် ယှဉ်လျက် (၃၆၅) ရက် (၁၅) နာရီ (၃၁) ဗီဇနာ (၃၁) ခရာ (၂၄) အနုခရာ ပြည့်၍ သူရိယသိဒ္ဓန္တ ကြမ္မတ်ဗိုလ်ပြိုသည်နှင့်အညီ၊ သညီဝေါဟာရ သက္ကရာဇ် ၁၃၈၆ ခုနှစ်ပြည့်၍ အတာနှစ်သစ်သက္ကရာဇ် ၁၃၈၇ ခုနှစ်သို့ အတာတက်သည်။
အတာသင်းသော ဗုဒ္ဓဟူး သားသမီးတို့သည် အတာတက်သော အချိန် ကောင်းမွန် ထူးခြား ဝတ်စားသာရွှင် တန်ဆာ ဆင်လျက် ဘုန်းအင်သကျ မြတ်ဇိနနှင့် ဓမ္မသင်္ဃာဆရာမိဘဘိုးဘွားသွားစုံ ပူဇော်တုံမှ မွှေးထုံနံ့သာ ကိုယ်မှာပြုပြင် ဝတ်ဆင်တန်ဆာဆင်လျက် ရွှင်ပျော်မွေးလျက် ဗုဒ္ဓံဓမ္မံသံဃံ၊ သိကြား၊ ဗြာဟ္မ၊ စတုလောက ပါလ၊ သာသနာတော် စောင့်နတ်၊ နတ်မြတ်ပူဇော်လျက် တိထီမြေခံဖြစ်သော စနေမြေခံ၏ ဂြဟဇာပွင့်ရာ အရှေ့မြောက် အရပ်သို့ မျက်နှာ မူလျက် သပြေညွန့်ကို ကိုင်ဆောင်ပြီးလျှင် ဘိသိက်မင်္ဂလာခံယူပြီး အတာစားကုန်ရာသည်။
အတာစားခြင်း အကျိုးကား
အတာပုည ကုသလကို ပြုကြကုန်သောအမျိုးသားအမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂ၊ မဟာသုခံ၊ မဟပ္ဖလံ စတုဒ္ဒိသံ၊ ဝေရီဇေယျံ သုမင်္ဂလံ” ဟု ပဿနဒကောသလမင်းကြီးအား မြတ်စွာဘုရား ဟောကြားတော် မူသည်ကို အကြောင်းပြု၍ ဆိုခဲ့သော ရတနာသုံးပါးစသည့်တို့အား လှူဒါန်းပူဇော်ကြသောသူတို့သည် ခပ်သိမ်းသော အန္တရာယ် ကင်းပျောက်၍ ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံကုန်၏။
အတာစက္ခု အလို အဟော
အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည်နှင့် အမည်ကား “သရဝဏ္ဏနှစ်တည်း” နှစ်ကိုမိကျောင်းစောင့်၏။ လကို ယုန်စောင့်၏။ ရက်ကို သင်္ကြန်စောင့်၏။ မြေကိုကုမ္ဘဏ်ဘီလူးစောင့်၏။ ကောင်းကင်ကိုကြက်စောင့်၏။ ရေကို မဂါရ်းစောင့်၏။ မိုးကိုလင်းတစောင့်၏။ တောကိုဆင်စောင့်၏။
လူတို့၏အဓိပတိကား ဘုရား၊ အခြေလေးခု၏အဓိပတိကား မိကျောင်း။ ငှက်တို့ အဓိပတိကား ကျီး။ သစ်ပင်တို့၏ အဓိပတိကား သရက်ဖြူ။ ဝါးတို့၏ အဓိပတိကား ကြသောင်း။ မြက်တို့၏ အဓိပတိကား မြက်ခါး။
နက္ခတ်(၇)လုံး ငုပ်၏။ (၈)လုံးပေါ်၏။
မြေဩဇာတက်အံ့။ မိုးဦးတံ့အံ့၊ မိုးလယ်၊ မိုးနှောင်း ကောင်းအံ့။ ရေကြီးအံ့။ သားငါးရှားအံ့။ မိုးအကြိမ်(၇ဝ)ရွာအံ့။ မိကျောင်းရဲအံ့။ မြွေထူအံ့။
ကဆုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ ပြာသို၊ တပို့တွဲ ဤ(၅)လကား ပြည့်ရှင်မင်းတို့ထံ လာဘ်သပ်ပကာရောက်အံ့။ ကောက်ပဲ၊ အသီးအနှံ ကောင်းအံ့။ ဝပြောအံ့။ လူတို့အနာအဖျားများကုန်အံ့။
တပေါင်းလဆန်းမိုးသံကြားအံ့။ ကဆုန်လမှာရွာအံ့။
အပျက်အစီး များအံ့။ ပြည်ရွာမီးလောင်ဖန်များအံ့။ ဇနပုဒ်တိုင်းကား ပုန်ကန်အံ့။ ခိုက်ရန်များအံ့။ မင်း ရဟန်း ပုဏ္ဏား မကောင်း။ အချင်းချင်းသတ်ကြလတ္တံ့။ မုဒိမ်းဂဏ္ဍထူပြောအံ့။
ထိုနှစ်ဖွားသောသားကား ပညာလျင်အံ့။ ထက်မြက်အံ့။ ပိဋကတ် ဗေဒင်တတ်အံ့။ ဘုန်းတန်ခိုးအာနုဘော်ကြီးအံ့။ စောင်းမာန်ကြီးအံ့။ အခြေ(၄)ခု သခင်ဖြစ်အံ့။ ခိုက်ရန်မလို။ အသက် (၉ဝ) နေရအံ့။
(ဤကား အတာစက္ခု အလိုတည်း)
၁၃၈၇ ခုနှစ် အတွက် (၇) ရက် သားသမီးတို့ အတွက် ဟောစာတမ်း
တနင်္ဂနွေနေ့ မွေးဖွားသူများ
ယခုနှစ်တွင် မိတ်ဆွေအကြီးအကဲများ၏ အကြံဉာဏ်များယူ၍ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်မှသာလျှင် အကျိုးထူး ခံစားရမည့် နှစ်ဖြစ်သည်။ နိုင်ငံရပ်ခြားမှတင်သွင်းသော ကုန်ပစ္စည်းများရောင်းဝယ်ခြင်း၊ ကုန်မာဆိုင်နှင့် စိုက်ပျိုးရေး ပစ္စည်းများ ရောင်းဝယ်ခြင်း၊ မြေဩဇာနှင့် ဆန်ရောင်းဝယ်ခြင်း၊ အဝတ်အထည်ရောင်းဝယ်ခြင်း၊ စတိုးဆိုင်သစ်ဖွင့်ခြင်း၊ အလှကုန်ပစ္စည်းများနှင့် ဖန်စီလုပ်ငန်းများအကျိုးခံစားရမည်။ အနောက်အရပ် ခရီးသွားခြင်းများ ရှောင်ပေးပါ။
မွေးရပ်ကို ကျော်၍ အရပ်တစ်ပါးတွင် နာမည်ကျော်ဇောမည်။ ဘဝတွင် အရေးပါသော ကိစ္စများ ဆောင်ရွက်လာရအံ့။ ပြဿနာ အဟောင်းများ ဖြေရှင်းရကိန်းကြုံမည်။ စကားမတည်သူများ ရင်ဆိုင်ရလိမ့်မည်။ ငွေကြေးအပေးအယူကိစ္စမှန်သမျှ သတိနှင့်ဆောင်ရွက်ပါ။ အချစ်ရေးစန်းပွင့်မှုလွန်ကဲမှုကြောင့် မေတ္တာရေး အရှုပ် အထွေးများပေါ် ထွန်းလာမည်။ ချစ်သူ၏ အထင်လွဲမှားမှုများ ဖြေရှင်းရတတ်သည်။
အိမ်ထောင်ရှင်များ ဇနီးမယား အတွက် ငွေကုန်ကြေးကျ များတတ်သည်။ လူမှုရေးပြဿနာများနှင့် ရုတ်တရက် ရင်ဆိုင်ရတတ်သည်။
လုပ်ငန်းခွင်တဖက် ပညာတဖက် တွဲဖက်ဆောင်ရွက်ရမည်။ ဘာသာစကားနှင့် အနုပညာဖန်တီးမှုစွမ်းအား မြင့်မား လာမည်။ ကျန်းမာရေးတွင် အဆုတ်အအေးမိခြင်း၊ ထုံကျဉ်ခြင်း၊ ဆီး၊ ကျောက်ကပ်ရောဂါ ဖြစ်တတ်သည်။
ယတြာ
မိမိမွေးနေ့တွင် အရှေ့အရပ်ဘုရားတွင် ကြေးဖလားဖြင့် ရေတော်(၅)ခွက်၊ ကန်ဇွန်းညွန့်၊ သပြေညွန့်၊ ကံ့ကော်ညွန့်၊ သီးညွန့် ၃ညွန့်၊ သစ္စာပန်း ၅ ပွင့်စီပေါင်းပြီး ကပ်လှူပေးပါ။ ဇီးယို၊ ဖရုံယို၊ ပန်းသီး၊ ပေါင်မုန့်၊ ဘယာကြော်တို့ကို လှူပေးပါ။
အကျိုးပေးသော အက္ခရာနှင့် ဂဏန်းများမှာ
(က၊ စ၊ သ၊ ဟ) (၃ – ၅ – ၈ – ၆)။
တနင်္လာနေ့ မွေးဖွားသူများ
ယခုနှစ်တွင် လုပ်ငန်းခွင်လုပ်ဆောင်ရာတွင် ဇွဲကြီးခြင်း၊ စိတ်အားထက်သန်စွာလုပ်တတ်သည်။ အစုရှယ်ယာ တွဲဖက် လုပ်ငန်း ကိစ္စများဆောင်ရွက်ရန် အခါကောင်းကျရောက်သောကာလဖြစ်သည်။
သံထည်၊ စိုက်ပျိုးရေးပစ္စည်းများ ရောင်းဝယ်ခြင်း၊ ရေသန့်ထုတ်လုပ်ခြင်း၊ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်း ကောင်း၏။
ဘဝတိုးတက်မှုထက် အပျော် အပါးဘက် အာရုံများနေတတ်သည်။ အဖွဲ့အစည်းကိစ္စများ ပါဝင်ပတ်သက်ခြင်းများ ရှောင်ပါ။
လုပ်ငန်းကိစ္စများအတွက် တနင်္ဂနွေနှင့် ဗုဒ္ဓဟူးသားသမီးများ တွဲဖက်ဆောင်ရွက်ခြင်းမှ အကျိုးအမြတ်ရရှိမည်။ စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ သတိနှင့် ကိုင်တွယ်ပါ။
လက်လွန်သောငွေကြေးများ ပြန်လည်ရရှိမည်။ မရည်ရွယ်ဘဲ အလှူအတန်းကိစ္စ၊ ဘာသာရေး ကိစ္စများ ဆောင်ရွက် ရလိမ့်မည်။ အသေးစားပြဿနာမှစ၍ ပဋိပက္ခ အသွင်သို့ ကူးပြောင်း သွားတတ်သည်။
အထီးကျန် နေသူများ စစ်မှန်သောမေတ္တာရေးနှင့် ကြုံတွေ့ရမည့်နှစ်ဖြစ်သည်။ နှလုံးသားဆုံးဖြတ်ချက်ကို ဦးစား ပေးသူများနှင့် တွေ့ဆုံရတတ်သည်။
အိမ်ထောင်ရှင်များ သားသမီးအတွက် သတင်းထူးများ ကြားရမည်။ ပျော်ရွှင်မှုများဖြင့် သာယာသော အိမ်ထောင်ရေး ဖြစ်ပေါ်လာမည်။ လုပ်ငန်းခွင်တွင် နည်းပညာသစ်များ တက်ရောက်ပြီး ရာထူးအဆင့် တိုးမြင့်တတ်သည်။
ကျန်းမာရေးတွင် ခြေထောက်ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှုခံယူရခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားရတတ်သည်။
ယတြာ
မိမိမွေးနေ့တွင် သြဇာညွန့်၊ ကြံညွန့်၊ ခရေညွန့်၊ ဇွန်ညွန့်၊ အဖြူရောင်နှင်းဆီပန်း(၅)ပွင့် ဘုရားပူဇော်ပေးပါ။ ဆီကြော်မုန့်၊ သကြားထုပ်၊ ခေါက်ဆွဲထုပ် လှူပေးပါ။
အကျိုးပေးသော အက္ခရာနှင့် ဂဏန်းမှာ
(တ၊ ထ၊ ဆ၊ အ) (၁ – ၄ – ၇ – ၉)
အင်္ဂါနေ့ မွေးဖွားသူများ
ယခုနှစ်တွင် ထက်မြက်သော အစွမ်းအစနှင့် ထိပ်တန်း ရောက်အောင် ဆောင်ရွက်နိုင်မည့်နှစ် ဖြစ်ပါသည်။
ကုန်ပစ္စည်းများ ရင်းနှီးမြုပ်နှံထားနိုင်လျှင် အမြတ်ခံစားရကိန်းရှိသည်။ အစားအသောက်လုပ်ငန်း၊ ကွန်ပျူတာနှင့် တီထွင်ပညာများ ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း၊ အိမ်ခြံမြေအကျိုးဆောင်ခြင်း၊ အထည်ဆိုင်၊ ဖန်စီ လုပ်ငန်းနှင့် ကုန်မာဆိုင်ဖွင့်လှစ်ခြင်းများ ကောင်း၏။ တပည့်အလုပ်သမားများအပေါ် မျှမျှတတ ဆုံးဖြတ်တတ်သည်။
ယခုနှစ်တွင် အများတကာက ဂုဏ်ပြု လေးစားလောက်သော ဘဝကို ဖော်ဆောင်နိုင်သူ ဖြစ်လာလိမ့်မည်။
ရှေ့တမျိုး ကွယ်ရာတမျိုး ဆက်ဆံတတ်သူများနှင့် ကြုံတွေ့ ရတတ်သည်။ အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်း ကိစ္စများ ပြောဆိုခြင်း အောင်မြင်လာလိမ့်မည်။
မေတ္တာရေးတွင် မြတ်နိုးကြောင်း သံယောဇဉ်ရှိကြောင်း ပြောဆိုဝန်ခံရန် အလွန်ရှက်တတ်သည်။ နီးစပ်မှုမှ အခြေတည်သော မေတ္တာရေး၊ အချစ်ရေးကိစ္စများ ပေါ်ပေါက်တတ်သည်။
ကုန်းချောစကားကြောင့် အိမ်ထောင်ရေးမသင့်မတင့် ဖြစ်တတ်သည်။ ပညာတခုလေ့လာရာတွင် စူးစူးစိုက်စိုက် နက်နက်ရှိုင်းရှိုင်း လေးနက်စွာလေ့လာတတ်သည်။
ရာထူးတိုး၊ ဘွဲ့လွန် စာမေးပွဲများ ဖြေဆိုရန်ရှိပါက ကြိုတင်ပြင်ဆင်သင့်သည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ရေချိုးမှားခြင်း၊ လေးဖက်နာ ရောဂါ နှင့် မီးယပ်ရောဂါ၊ အကြောရောဂါ၊ အူလမ်းကြောင်း ရောဂါများ ဖြစ်ပွားတတ်သည်။
ယတြာ
မိမိမွေးနေ့တွင် အုန်းညွန့်၊ စပယ်ညွန့်၊ ပန်းညွန့်၊ သလဲညွန့်(၃)ညွန့်၊ ရွှေပန်း(၉)ပွင့် ဘုရားတွင် ပူဇော်ပေးပါ။ ဆီမီးသက်စေ့လှူခြင်း၊ နွားနို့၊ ထောပတ်သီး ဆွမ်းတော်ကပ်လှူပေးပါ။
အကျိုးပေးသော အက္ခရာနှင့် ဂဏန်းများမှာ
(ပ၊ တ၊ ရ၊ မ) (၂ – ၅ – ၆ – ၃)
ဗုဒ္ဓဟူးနေ့ မွေးဖွားသူများ
ယခုနှစ်တွင် အကြံအစည်အတွေးအခေါ်တို့ကို တစ်မျိုးပြီးတစ်မျိုး ဆန်းသစ်ဖန်တီးလုပ်ကိုင်ရမည့်နှစ်ဖြစ်သည်။ စွန့်စားမှုကိုနှစ်သက်သည်။
လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းရောင်းဝယ်ခြင်း၊ မွေးမြူရေးလုပ်ငန်း၊ ရေသန့်ထုတ်လုပ်ခြင်း၊ ပြည်တွင်းပြည်ပ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းလုပ်ခြင်း ကောင်းမည်။
လုပ်ငန်းကိစ္စများအတွက် ကြာသပတေး၊ အင်္ဂါသားသမီးများနှင့် ဆောင်ရွက်ခြင်းများ အကျိုးခံစားရမည်။
စက်ပစ္စည်း အလောတကြီး ဝယ်ယူခြင်းများရောင်ကျဉ်ပါ။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့်ဆက်ဆံရေးများ အကျိုးပေးခြင်း ခံရမည်။
စာချုပ်စာတမ်းများနှင့် ကျောက်မျက်ရတနာ၊ ရွှေထည်၊ ငွေထည်ပစ္စည်းများ ငွေကြေးကိစ္စတာဝန်ယူခြင်း၊ အာမခံခြင်း မကောင်းပါ။ အိမ်တွင်းရေးပဋိပက္ခများကြုံမည်။
အချစ်အတွက် အရာရာကို ရင်ဆိုင်ရဲဝံ့တတ်သူ ဖြစ်သည်။ ဘဝတခုလုံးကို ပုံအောပြီးချစ်တတ်သည်။ အိမ်ထောင်ရှင်များ မပြေမလည်ဖြစ်နေတတ်သည်။
မိသားစုနှင့်ပတ်သက်သော မင်္ဂလာသတင်းစကားများ ကြားရတတ်သည်။ ရည်ရွယ်ချက် မြင့်မြင့်မားမားနှင့် ခက်ခဲသော ပညာရပ်တို့ကို ထိုးဖောက်လုပ်ကိုင်နိုင်စွမ်းရှိမည်။
ပြည်ပ ပညာသင်အတွက် ရည်မှန်းချက် များ အောင်မြင်လာလိမ့်မည်။
ကျန်းမာရေးတွင် ဖျားနာခြင်း၊ သွားကိုက်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါများ ခံစားရတတ်သည်။
ယတြာ
မိမိမွေးနေ့တွင် ပုတီးစိပ်၊ အဓိဋ္ဌာန်ဝင်ခြင်းများ ဆောင်ရွက်ပါ။ ဩဇာညွန့်၊ ဇွန်ညွန့်၊ ပိတောက်ညွန့်၊ ခရေညွန့်၊ ဝါးညွန့် တို့ကိုပေါင်းပြီး ဘုရားလှူပေးပါ။ ရွှေထီး၊ ငွေထီး၊ တံခွန်၊ ကုက္ကား၊ ယပ်(၇)ချောင်း လှူပေးပါ။
အကျိုးပေးသော အက္ခရာနှင့် ဂဏန်းများမှာ
(လ၊ ဝ၊ အ၊ က) (၀ – ၁ – ၇ – ၉)

ကြာသပတေးနေ့ မွေးဖွားသူများ
ယခုနှစ်တွင် အများတကာက ဂုဏ်ပြုလေးစားလောက်သော ဘဝကိုဖော်ဆောင်နိုင်သူဖြစ်လာလိမ့်မည်။
မိတ်ဆွေသစ် များနှင့် အသိုင်းအဝိုင်းနယ်ပယ်ကို ချဲ့ထွင်နိုင်သူဖြစ်လာမည့်နှစ်ဖြစ်သည်။
ရတနာပစ္စည်းရောင်းဝယ်ခြင်း၊ ဖုန်းနှင့်ဆက်စပ် ပစ္စည်းရောင်းဝယ်ခြင်း၊ ပြည်တွင်းပြည်ပ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ အိမ်ခြံမြေ အကျိုးဆောင်ခြင်း ကောင်းမည်။
မိမိလုပ်ငန်းခွင်တွင် တပါးသူက ဩဇာလွှမ်းမိုးခြင်းခံရတတ်သည်။ ရင်းနှီးသူများနှင့် စကားများတတ်သည်။ စိတ်တို ဒေါသထွက်လွယ်သည်။ အလောတကြီးပြောဆိုခြင်းများ ပြုလုပ်တတ်သည်။
လုပ်ငန်းကိစ္စအတွက် တနင်္ဂနွေ၊ သောကြာ သားသမီးများနှင့်တွဲဖက်လုပ်ကိုင်သင့်သည်။
ပျိုရွယ်သူများအဖို့ မိမိမူလ ချစ်သူ အနေအထားထက် မြင့်မားသောမေတ္တာ ရေးရာကိစ္စများ ပေါ်ပေါက်တတ်သည်။ ခိုင်မြဲသောအချစ်ကံ အခွင့်အလမ်းကြုံမည့်နှစ်ဖြစ်သည်။
အိမ်ထောင်ရှင်များ သားသမီးအတွက် သတင်းထူးများ ကြားရမည်။ ပျော်ရွှင်မှုများဖြင့် သာယာသော အိမ်ထောင်ရေး ဖြစ်ပေါ်လာမည်။
အချစ်ရေးကြောင့် ပညာရေးအခွင့်အလမ်းများ နှောင့်နှေးသွားတတ်သည်။ သင်ကြားတတ်မြောက်သည့်ပညာအား တပါးသူကို ပြန်လည်ပို့ချနိုင်သည့် အနေအထားအထိ တတ်မြောက်လာမည်။
ကျန်းမာရေးတွင် အာရုံကြော အားနည်းခြင်း၊ လေနာရောဂါ၊ ထုံနာ၊ ကျဉ်နာရောဂါ၊ ခေါင်းကိုက်ခဲခြင်း၊ အကြော တက်ခြင်းများ ခံစားရကိန်းရှိသည်။
ယတြာ
မိမိမွေးနေ့တွင် မေမြို့ပန်း(၁၁)ပွင့် လှူပေးပါ။ သပြေညွန့်၊ စွယ်တော်ညွန့်၊ သရက်ညွန့်၊ စကားဝါပန်းများကို ဘုရားပူဇော် ပေးပါ။ ငချိပ်ပေါင်းပဲပြုတ်၊ အကြော်စုံ၊ မုန့်ကျွတ်များ လှူပေးပါ။
အကျိုးပေးသော အက္ခရာနှင့် ဂဏန်းများမှာ
(ပ၊ မ၊ လ၊ စ) (၄ – ၁ – ၆ – ၅)
သောကြာနေ့ မွေးဖွားသူများ
ယခုနှစ်တွင် မိမိကိုယ်မိမိထိန်းချုပ်နိုင်စွမ်းရှိသလို ထိတွေ့နေသော ဝန်းကျင် အပေါ်၌လည်း စိုးမိုး ကိန်းချုပ်နိုင်စွမ်း မြင့်မား လာမည်။
ဒွိဟဖြစ်နေသော ကိစ္စများကို ယတိပြတ်ဆုံးဖြတ်၍ တိုးတက်မှုအဆင့်ကို တဖြည်းဖြည်းဆောင်ရွက်လာရမည်။
ကုန်မာပစ္စည်းရောင်းဝယ်ခြင်း၊ စတိုးဆိုင်သစ်ဖွင့်ခြင်း၊ အလှကုန်ပစ္စည်းများနှင့် ဖန်စီလုပ်ငန်း၊ ထီး၊ ဖိနပ်၊ အဝတ် အထည် ရောင်းဝယ်ခြင်းများ အကျိုးအမြတ်ခံစားရကိန်းရှိသည်။
ရာထူးဂုဏ် သတင်းကျော်ဇောခြင်း၊ နေရာပြောင်းရွှေ့ခြင်းများ ရှိမည်။ ကာလရှည်ကြာကြိုးပမ်းထားသော ကိစ္စတို့မှ ကောင်းသောအကျိုးအဆက်များ ခံစားရတတ်သည်။ စက်ပစ္စည်း လျှပ်စစ်ပစ္စည်းများသတိနှင့်ကိုင်တွယ်ပါ။
ငွေကြေးကိစ္စရပ်များ ချေးငှားခြင်းသတိပြုဆောင်ရွက်ပါ။ ဆွေမျိုး မိတ်သင်္ဂဟများ အတွက် ကူညီစောင့်ရှောက်မှုများပေးရတတ်သည်။
အချစ်ရေးတွင် စန်းပွင့်ပြီး တစ်ဦးထက်မကသော ချစ်သူများနှင့် ဆုံတွေ့ရသည်။ ချစ်သူ၏ အထင်လွဲမှားမှုများ ဖြေရှင်းရတတ်သည်။
အလုပ်တဖက် ပညာရေးတဖက်နှင့် တိုးတက်မှုများ ဖန်တီးနိုင်စွမ်းရှိမည်။
ကျန်းမာရေးတွင် မတော်တဆထိခိုက်မှုအန္တရာယ်များကြုံခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် စိတ်ဓာတ် ကျဆင်းခြင်း၊ ခါးအောက်ပိုင်းရောဂါများဖြစ်ခြင်း၊ သွေးအားနည်းခြင်းများ ဖြစ်တတ်သည်။
ယတြာ
မိမိမွေးနေ့တွင် အဖြူရောင်နှင်းဆီပန်း၊ ဇီးညွန့်၊ သီးညွန့်၊ ရဲယိုညွန့်၊ သက်ကယ်ညွန့်(၁၁)ညွန့်တို့ကိုပေါင်းပြီး ဘုရားတွင် လှူပေးပါ။ ကောက်ညှင်းပေါင်း၊ အုန်းထမင်း၊ စတုမဓူယို လှူပေးပါ။ သစ်သီးဖျော်ရည်၊ သံပုရာဖျော်ရည်၊ သစ်သီး (၅)မျိုး နှင့် ယို(၅)မျိုး လှူပေးပါ။
အကျိုးပေးသော အက္ခရာနှင့် ဂဏန်းများမှာ
(သ၊ ဟ၊ ရ၊ တ) (၃ – ၈ – ဝ – ၇)
စနေနေ့ မွေးဖွားသူများ
ယခုနှစ်တွင် လုပ်ငန်းခွင်လုပ်ဆောင်ရာတွင် ဇွဲကြီးခြင်း၊ စိတ်အားထက်သန်စွာ လုပ်တတ်သည်။
ဆောင်ရွက်သည့် အကြောင်းအရာကို အရှိန်အဟုန်ပြင်းစွာ ရှေ့တိုးလုပ်ကိုင်တတ်သည့် အလေ့အထရှိမည်။ စွန့်စားမှုကိုနှစ်သက် လာလိမ့် မည်။
ပြည်တွင်းပြည်ပလုပ်ငန်းခွင်အတွက် အဆက်အသွယ်အသစ်များရရှိပြီး လုပ်ငန်းများဆောင်ရွက်ရမည်။ အစု ရှယ်ယာဝင်ခြင်း၊ အိမ်ခြံမြေအကျိုးဆောင်ခြင်း၊ စိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်း၊ မြေဩဇာနှင့် ဆန်ရောင်း ဝယ်ခြင်းများ ကောင်းမည်။
ကတိစကားပျက်၍ လူမှုရေးအရှုပ်အထွေးများ ဖြစ်ပေါ်လာတတ်သည်။ လူစုလူဝေးနှင့် ပွဲလမ်းသဘင် နေရာထိုင်ခင်း ကိစ္စများ ပြောဆိုဆောင်ရွက်ခြင်း၊ အမွေအနှစ်ကိစ္စများ ငြင်းခုန်ရတတ်ခြင်းများ ကြုံတွေ့ ရမည်။
လုပ်ငန်းကိစ္စတွင် ဗုဒ္ဓဟူး၊ သောကြာသားသမီးများနှင့် တွဲဖက်၍ ဆောင်ရွက်သင့်သည်။ မြောက်အရပ် ခရီး သွားခြင်းများ ရှောင်ပေးပါ။
အချစ်ရေးတွင် ဘေးစကားများ၊ သွေးသားအနှောက်အယှက်များ ကြုံတွေ့ရပြီး လမ်းခွဲရသော အနေအထားသို့ ပြောင်းလဲသွားတတ်သည်။ ချစ်သူကို အလိုလိုက်မှုကြောင့် စိတ်သောကကြုံတွေ့ ရတတ်သည်။
အိမ်ထောင်ရှင်များ ဇနီးမယားအတွက် ငွေကုန်ကြေးကျများတတ်သည်။ မိမိရည်မှန်းသလောက် ထွန်းပေါက်မည်။ သို့သော် မိသားစုကိစ္စများအတွက်ကြောင့် ပညာရေးနှောင့်နှေးတတ်သည်။
ကျန်းမာရေးတွင် အအေးမိခြင်း၊ ထုံကျဉ်ကိုက်ခဲခြင်း၊ လေးဖက်နာရောဂါ၊ ခါးအောက်ပိုင်းရောဂါများဖြစ်ခြင်း၊ မီးယပ်ရောဂါများ ဖြစ်တတ်သည်။
သံဃာတော်များအား အုန်းနို့ ခေါက်ဆွဲ၊ ထမင်းနဲ၊ နှမ်းမုန့်၊ လိမ္မော်ဖျော်ရည်များ ကပ်လှူပေးပါ။ ခရီးသွားလာရာတွင် အုန်းညွန့်ကို ဆောင်သွားပါ။ အကြီးအကဲပုဂ္ဂိုလ်များကို ထီး၊ ဖိနပ်၊ အဝတ်အထည်များ၊ ဓမ္မစာအုပ်စာပေများ လှူဒါန်း ပေးပါ။
ယတြာ
မိမိမွေးနေ့တွင် အနီရောင်နှင်းဆီပန်း၊ မေမြို့ပန်း၊ ဒန်းညွန့်၊ သီးညွန့်၊ ဇွန်ညွန့်(၃)ညွန့်စီထည့်ပြီး ဘုရားပူဇော်ပေးပါ။ သံဃာတော်များအား အုန်းနို့ခေါက်ဆွဲ၊ ထမနဲ၊ နှမ်းမုန့်၊ လိမ္မော်ဖျော်ရည်များ ကပ်လှူပေးပါ။ ခရီးသွားလာရာတွင် အုန်းညွန့်ကို ဆောင်သွားပါ။ အကြီးအကဲပုဂ္ဂိုလ်များကို ထီး၊ ဖိနပ်၊ အဝတ်အထည်များ၊ ဓမ္မစာအုပ်စာပေများ လှူဒါန်း ပေးပါ။
အကျိုးပေးသော အက္ခရာနှင့် ဂဏန်းများမှာ
(တ၊ အ၊ ပ၊ မ) (၅ – ၂ – ၄ – ၉)။ ။
ကိုးကား-
၁။ အောင်မဟာ ရတနာပုံ မန္တလေး မဟာသင်္ကြန်စာ။
၂။ သူရိယသိဒ္ဓန္တ မန္တလေး မဟာသင်္ကြန်စာ။
၃။ မြန်မာ့ စွယ်စုံကျမ်း အတွဲ (၁၃)၊ ၁၉၇၃ ခုနှစ်၊ ပထမ အကြိမ်၊ စာပေဗိမာန်။
၄။ Wikipedia