ငလျင်လှုပ်တယ်ဆိုတာ ကမ္ဘာ့အတွင်းပိုင်းနေရာက ကျောက်လွှာတွေတခုနဲ့တခု ရုတ်တရက် ရွေ့လျားပွတ်တိုက်ရာက ဖြစ်ပေါ်တဲ့ သဘာဝဖြစ်စဉ်တခုကို ဆိုလိုတာပါ။ နှစ်သန်းပေါင်းများစွာက အိန္ဒိယတိုက်မြေလွှာချပ်ကြီးနဲ့ အာရှမြေလွှာချပ် ကြီးတို့ ထိတွေ့ဆုံရာ စစ်ကိုင်းပြတ်ရွေ့ကြောတည်ရှိတဲ့ မြန်မာနိုင်ငံဟာလည်း ငလျင်ဒဏ် မကြာခဏခံရတဲ့ နိုင်ငံတွေထဲမှာ ပါဝင် ပါတယ်။
ဒါပေမယ့် သမိုင်းအဆက်ဆက်မှာ ငလျင်လှုပ်တဲ့ သဘာဝဘေးဖြစ်စဉ်တွေရှိကြပေမယ့် မြန်မာလူမျိုးတွေကတော့ ငလျင်ကို သဘာဝဖြစ်စဉ်တခုထက်ပိုတဲ့အယူအဆ အစွဲအလန်းအဖြစ် လက်ခံထားကြပြီး ရှေးမြန်မာတွေဆိုရင် ငလျင်လှုပ်ရခြင်း အကြောင်းနဲ့ပတ်သက်ပြီး ဗုဒ္ဓကျမ်းဂန်တွေထဲက အယူအဆတွေအတိုင်း လက်ခံကြပါတယ်။
ဘုရား၊ စကြဝတေးမင်း၊ ပြည့်ရှင်မင်းတို့လို ဘုန်းသမ္ဘာကြီးသူတွေ ပဋိသန္ဓေယူရင်၊ မွေးဖွားရင်၊ ဘိသိတ်ခံရင်၊ အလှူကြီးပေး ရင်၊ ကြီးကျယ်တဲ့အမှုကိစ္စတွေ ဆောင်ရွက်ပြီးစီးရင် ဒါမှမဟုတ် ကွယ်လွန်ရင် မဟာပထဝီမြေကြီး အိုးထိန်းစက်ပမာ သွက်သွက်လည်ကာ မြေငလျင်လှုပ်လေ့ရှိတယ်ဆိုတာ ဗုဒ္ဓကျမ်းစာတွေမှာ တွေ့ရမှာပါ။ ဒါ့ပြင် ဘယ်လမှာ ငလျင်လှုပ်ရင် ဘာဖြစ်မယ်၊ ဘယ်နေ့မှာ ငလျင်လှုပ်ရင် ဘာဖြစ်မယ် စတဲ့ဟောကိန်းတွေ လည်း ရှိပါသေးတယ်။ ဒါကြောင့် ငလျင်လှုပ်ခြင်းဟာ အနာဂတ်ဖြစ်ပေါ်လာမယ့် အရာတွေအတွက် ရှေ့ပြေးနိမိတ်လို့ ရှေးမြန်မာတွေက ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြပါတယ်။
အထက်မှာ ဖော်ပြခဲ့သလို ငလျင်ဟာ ဘုန်းသမ္ဘာကြီးသူတွေအတွက် ရှေ့ပြေးနိမိတ်လို့ ယူဆထားတဲ့အတိုင်း ဒီယူဆချက် ခိုင်မာအောင် တိုင်းပြည်အုပ်ချုပ်သူ ဘုရင်တွေနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ ငလျင်လှုပ်တဲ့အကြောင်း မြန်မာရာဇဝင်တွေက မှတ်တမ်း တင်ထားပါတယ်။
မြန်မာ့ သမိုင်းထဲက ငလျင်
ဘီစီ ၄၄၃ ခုနှစ်ကနေ အေဒီ ၁၉၅၆ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင်ကြီးတွေလှုပ်ခဲ့တာ ၅၄ ကြိမ်ရှိတယ်လို့ သုတေသီရဟန်းတပါးဖြစ်တဲ့ ရွှေကိုင်းသား ဦးသောဘိတက ရာဇဝင်ကျမ်းတွေ၊ ခေတ်ပြိုင်မှတ်တမ်းတွေကို ကိုးကားပြီး စာရင်း ပြုခဲ့ပါတယ်။
ဘီစီ ၄၄၀ ကျော်လောက်က ဒွတ္တပေါင်မင်းလက်ထက်မှာ ပြင်းထန်တဲ့ငလျင်ကြီး လှုပ်တဲ့အကြောင်းဟာ မှန်နန်းရာဇဝင်မှာ မှတ်တမ်းတင်ခဲ့တဲ့ ရာဇဝင်ထဲက ပထမဆုံးငလျင်ဖြစ်စဉ်ပါ။ ဒါ့ပြင် အေဒီ ၉၈၆ ခုနှစ်က ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်း လက်ထက်မှာ ငလျင် ၇ ရက် လှုပ်တာကြောင့် ဧရာဝတီမြစ်ရေ စီးနေရာက ရပ်တန့်သွားတယ်လို့ တောင် ရာဇဝင်မှာ ဖော်ပြ ထားပါတယ်။
ခေတ်ပြိုင် ကျောက်စာတွေအရတော့ “ငလျင်” ဆိုတဲ့ဝေါဟာရကို အေဒီ ၁၃၇၂ ခုနှစ် အင်းဝခေတ်ထိုးကျောက်စာတချပ်မှာ အစောဆုံး တွေ့ရပါတယ်။ ဘုရင့်မင်းနေပြည်တော်ကို ငလျင်ပြတ်ရွေ့ကြော တည့်တည့်မှာရှိတဲ့ စစ်ကိုင်းနဲ့အင်းဝဘက် ပြောင်းရွှေ့ပြီးတဲ့နောက် ငလျင်ကြောင့် ဘုရားကျောင်းကန်တွေ ပျက်စီးတဲ့အကြောင်း မှတ်တမ်းတင်တဲ့ ကျောက်စာတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။

ခရစ်နှစ် ၁၇၆၂ ခု၊ ဧပြီ ၂ ရက် ရခိုင်မြောက်ပိုင်းမှာ လှုပ်တဲ့ ငလျင်ကြီးကတော့ ပညာရှင်တွေ အစောဆုံးမှတ်တမ်းတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ငလျင်တခုဖြစ်ပါတယ်။ အင်အား မာကယ်လီစကေး (၉ ဒသမ ဝ) အဆင့်ရှိတဲ့ ဒီငလျင်ကြီးလှုပ်ချိန်မှာ ဘင်္ဂလားပင်လယ်အော်နဲ့ ရခိုင်ရိုးမဒေသတခုလုံး တုန်ခါသွားပြီး အကျိုးဆက်အနေနဲ့ ရခိုင်ကမ်းခြေဒေသအချို့ ပင်လယ်ထဲ နစ်မြုပ်သွားတာ၊ အချို့နေရာတွေ ကုန်းမြေ မြင့်တက်လာတာနဲ့ ရွံ့မီးတောင် ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ ဘူမိပညာရှင် တွေက မှတ်တမ်းတင်ပါတယ်။
မြန်မာဘုရင်တွေ အုပ်စိုးခဲ့တဲ့သမိုင်းတလျောက် မြန်မာရာဇဝင်တွေထဲမှာရော၊ မျက်မြင်ကြုံသူ နိုင်ငံခြားသားတွေရဲ့ ခေတ်ပြိုင် မှတ်တမ်းတွေမှာပါ အင်းဝငလျင်ကြီးရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို တညီတညွတ်ထဲ ဖော်ပြကြပါတယ်။
၁၈၃၉ ခုနှစ် မတ်လ ၂၂ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ အထက် ဗန်းမော်မြို့၊ အောက် ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံထိ ငလျင်ရဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။ အမရပူရကို ရောက်နေတဲ့ အင်္ဂလိပ်ကုန်သည် သောမတ်စပီးယားကတော့ “ငလျင် စလှုပ်တဲ့ ရက်တွေမှာ ၁၅ မိနစ်တကြိမ်လောက်ကို မြေတုန်လှုပ်နေပြီး၊ နောက် ၆ လထိအောင် ငလျင်မလှုပ်တဲ့ရက်မရှိတာ ကြောင့် အမရပူရနဲ့ အင်းဝတဝိုက်က လူတွေ စိုးရိမ်ကြောက်ရွံ့နေကြတယ်” လို့ သူ့ကိုယ်တွေ့ မှတ်တမ်းထဲမှာ ဖော်ပြထားပါ တယ်။
မြေကြီးတွေ အစိတ်စိတ် ကွဲအက်ပြီး ရေတွေပန်းထွက်လာသလို ဧရာဝတီမြစ်ရေ အညာဆန်ပြီး ပြောင်းပြန်စီးခဲ့တယ်လို့ လည်း ကုန်းဘောင်ဆက် မဟာရာဇဝင်က မှတ်တမ်းတင်ထားပါတယ်။ ပထမအကြိမ် ငလျင်စလှုပ်ကတည်းက လူပေါင်း သုံးရာကနေ လေးရာအထိ သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတောင်က စေတီဘုရားများစွာပြိုပျက်ခဲ့ပြီး မင်းကွန်းက ပုထိုးတော် ကြီးနဲ့ ခြင်္သေ့ကြီးတွေဆီမှာ ဒီငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေကို ဒီနေ့ထိ တွေ့ရဆဲပါ။
မွန်လူမျိုးတွေ အများစုနေထိုင်ရာ အောက်မြန်မာပြည် “ပဲခူး” နဲ့ ရန်ကုန်ရဲ့ရှေးအခေါ် “ဒဂုန်”ဟာလည်း ငလျင် မကြာမကြာ လှုပ်တဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီမြို့တွေမှာရှိတဲ့ ရွှေမော်ဓောစေတီနဲ့ ရွှေတိဂုံစေတီတွေဟာ ငလျင်ကြောင့် ခဏခဏ ပျက်စီးခဲ့ကြောင်း မွန်ရာဇဝင်၊ မြန်မာရာဇဝင်တွေက ရေးပါတယ်။
ပဲခူးငလျင်ကြောင့် ပြိုပျက်ခဲ့တဲ့ ရွှေမော်ဓောစေတီပေါ်ကို ၁၉၁၈ လောက်မှာ အင်္ဂလိပ်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် က ဖိနပ်စီးပြီး တက်ခဲ့တာကြောင့် မြန်မာလူထု မကျေနပ် ကန့်ကွက်သံတွေ ဆူညံခဲ့တာကလည်း ငလျင်ကနေ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ကိုလိုနီခေတ် အမျိုးသားရေးလှုပ်ရှားမှုလို့ ပြောရင် မမှားပါဘူး။
ငလျင်နဲ့ မြန်မာ့ယုံကြည်မှု
မြန်မာရာဇဝင်တွေထဲမှာတော့ ဘုရင်တွေ နတ်ရွာစံရင်၊ ဘုန်းတန်ခိုးဩဇာကျဆင်းရင်၊ နိုင်ငံမြို့ရွာ ပျက်စီးမယ့်ဘေးကြုံရင် ငလျင်လှုပ်တဲ့ နိမိတ်အများဆုံးဖြစ်ပေါ်တာကို တွေ့ရပါတယ်။ အေဒီ ၁၂၈၇ ပုဂံခေတ် နရသီဟပတေ့ မင်းလက်ထက်မှာ ငလျင် ခဏခဏလှုပ်ပါတယ်။ မကြာခင်ပဲ တိုင်းပြည်ဟာ မွန်ဂိုတရုတ်တပ်တွေ အလုံးအရင်းနဲ့ ကျူးကျော်တာခံရပြီး ဘုရင် ကိုယ်တိုင် ထွက်ပြေးရကာ လမ်းခရီးမှာပဲ နတ်ရွာစံသွားပါတယ်။ ဒါဟာ ပုဂံအင်ပါယာ ပျက်စီးခြင်းအစကို ငလျင်အချက် ပေး ခေါင်းလောင်းနဲ့ သတိပေးခဲ့ကြောင်း ရှေးမြန်မာတွေရဲ့ စွဲလန်းယုံကြည်မှုသာဓကတခု ဖြစ်ပါတယ်။

တောင်ငူခေတ် နန္ဒဘုရင်လက်ထက်မှာလည်း ၁၅၈၈ ခုနှစ်မှာ ငလျင်ပြင်းကြီး တခါ၊ နောက် နှစ်နှစ်မှာ ငလျင်ကြီးတခါ လှုပ် လို့ လူတွေ သေကြေပျက်စီးပြီး ဘုရားကျောင်းကန်တွေပြိုကြောင်း တွင်းသင်းရာဇဝင်သစ်က ဆိုပါတယ်။ များမကြာမီမှာပဲ နန္ဒဘုရင်ရဲ့ အရည်အချင်း ညံ့ဖျင်းလို့ ယိုးဒယားကစပြီး လက်အောက်ခံမြို့ရွာတွေက ပုန်ကန်ကြပါတယ်။ ဒါကြောင့် ဒီငလျင် တွေဟာ ဘုရင့်နောင်တည်ထောင်ခဲ့တဲ့ လက်နက်နိုင်ငံတော်ကြီး ပျက်သုဉ်းခြင်းရဲ့ ရှေ့ပြေးနိမိတ်တွေ လားလို့ ရာဇဝင်ထဲက ရတဲ့ စဉ်းစားစရာတခု ဖြစ်ပါတယ်။
ဒါ့ပြင် တရုတ်ကျူးကျော်တိုက်ခိုက်တာခံရတဲ့ ညောင်ရမ်းခေတ် ပင်းတလဲမင်းလက်ထက် အေဒီ ၁၆၆၀ မှာ ငလျင်ကြီး လှုပ်ခဲ့ပြီးနောက် တနှစ်မပြည့်ခင်မှာပဲ ညီတော်ပြည်မင်း အာဏာသိမ်းတာခံရပြီး ပင်းတလဲမင်း ကွပ်မျက်ခံရပါတယ်။ ဒါ့ပြင် ၁၅၀၁ ခုနှစ် ဒုတိယမင်းခေါင်နတ်ရွာစံခါနီးချိန်၊ ၁၈၄၆ နန်းကျဘုရင် ဘကြီးတော်မင်း နတ်ရွာစံချိန် ၊ ၁၈၇၀ မင်းတုန်းမင်း နတ်ရွာစံချိန်နဲ့ ဂူသွင်းချိန်မှာလည်း ငလျင်လှုပ်တယ်လို့ ရာဇဝင်ကျမ်းတွေထဲ တွေ့ရပါတယ်။ ဒါတွေကတော့ ရာဇဝင်ကျမ်း တွေမှာတွေ့ရတဲ့ ဘုရင်တွေ ဘုန်းတန်ခိုး ကျဆင်းချိန်လှုပ်တဲ့ ငလျင်ဖြစ်ရပ်တွေထဲက ထင်ရှားတဲ့သာဓကတွေပါ။
ကောင်းတဲ့ နိမိတ်သဘောဆောင်ပြီး လှုပ်ခဲ့တဲ့ ငလျင်တွေထဲကဆိုရင် ၁၅၉၁ ခုနှစ် ရခိုင်ဘုရင် မင်းဖလောင်း ဦးရစ်တောင် စေတီမှာ အလှူပေးချိန်၊ ၁၇၁၄ ခုနှစ် အလောင်းမင်းတရား ဦးအောင်ဇေယျ ဖွားမြင်ချိန်၊ ၁၈၁၂ ခုနှစ် စကြာမင်းကလေးကို ယုံကြည်ကြတဲ့ ညောင်ရမ်းမင်းသား မဖွားမြင်မီအချိန်တွေမှာ ငလျင်တွေ လှုပ်တဲ့အကြောင်းတွေက ထင်ရှားပါတယ်။
ပြည်သူတွေ ဒုက္ခပင်လယ်ဝေတဲ့ ငလျင်
ငလျင်ရပ်ဝန်းကြီးတခုထဲမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံဟာ ရှေးနှစ်ပေါင်းများစွာကပဲ ငလျင်ဒဏ်ကို မကြာခဏခံရလေ့ရှိတာ ကို အထက်မှာဖော်ပြခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေက သိနိုင်ပါတယ်။ ငလျင်ကို ဘုန်းသမာ္ဘကြီးသူတွေရဲ့ ရှေ့ပြေးနိမိတ်လို့ ယုံကြည်ထားတဲ့အတွက် ငလျင်ဟာ ရှေးက အုပ်ချုပ်သူလူတန်းစားအတွက် မကောင်းတာတွေကိုပြုပြင်နိုင်ဖို့၊ ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့ သတိပေးတဲ့ အချက်ပေးခေါင်းလောင်းပါပဲ။ ဒါ့ပြင် ပြည်သူကိုအနိုင်အထက်ပြုတဲ့ အုပ်ချုပ်သူ မင်းဆိုး မင်းညစ်တွေ ပျက်သုဉ်းတော့မယ်ဆိုတဲ့ သတင်းစကားကို ပြည်သူတွေကိုယ်စား သဘာဝတရားကပြောတဲ့ တပ်လှန့်သံလို့ ဆိုရမှာပါ။
ဘယ်လိုပဲ ယုံကြည်နေပါစေ ငလျင်ဒဏ်ကြောင့် လူသားအရင်းအမြစ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ နေထိုင်ရာ အိုးအိမ်တွေ သာမက ရှေးမြန်မာတွေအတွက် တွေးခေါ်မျှော်မြင်ရေးနဲ့ ပညာရေးဆိုင်ရာ အချက်အချာကျတဲ့ ဘာသာရေး အဆောက် အအုံတွေပါ ပျက်စီးတဲ့အတွက် ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့တာ ခေတ်အဆက်ဆက်ကနေ ယနေ့ထိတိုင် ဖြစ်ပါတော့ တယ်။ ။
မောင်ဘိုးသည် မြန်မာစာနှင့် မြန်မာ့သမိုင်းကို လေ့လာနေသည့် CDM ကျောင်းသားတဦးဖြစ်သည်။
ကိုးကား
၁။ ရွှေကိုင်းသား၊ သမိုင်းဝင်ငလျင်ကြီးများနဲ့ ပုဂံ။ စနေစာပေဝိုင်းစာတမ်းများ၊ ၁၉၇၆။
၂။ ဒေါက်တာသန်းထွန်း၊ ပုဂံပြန်လည်တည်ဆောက်ရေး။ စာနေစာပေဝိုင်းစာတမ်းများ၊ ၁၉၇၆။
၃။ ဒေါက်တာမောင်သိန်း၊ မြန်မာပြည်နှင့်ငလျင်။ တက္ကသိုလ်ပညာပဒေသာစာစောင်၊ ဧပြီ ၁၉၇၀။
၄။ မြင့်ဆွေ၊ အင်းဝငလျင်, ပဲခူးငလျင် ,ပုဂံငလျင် ။ ငွေတာရီမဂ္ဂဇင်း၊ ဇူလိုင် ၁၉၇၆။
၅။ မျိုးသူရ(စစ်ကိုင်း) ၊ ငလျင်(သို့မဟုတ်) အနီးအနားကအကြီးမားဆုံး သဘာဝဘေးအန္တရာယ်။ ရန်ကုန်၊ တိုင်းလင်းစာပေ၊ ၂၀၀၁။
You may also like these stories:
ငလျင်ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်သလား
မင်းအောင်လှိုင်၏ ဂယောင်ခြောက်ခြား အိပ်မက်များ
မြန်မာ့ငလျင်ကယ်ဆယ်ရေး အမေရိကန် လက်တွန့်ချိန် တရုတ် ဝင်လာ
စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ