ကျောက်ဖြူမြို့ဟာ ရခိုင် ပြည်နယ်ရဲ့ ဒုတိယ မြို့တော် ဖြစ်ပါတယ်။
ကျောက်ဖြူခရိုင် နဲ့ ကျောက်ဖြူမြို့နယ်ရဲ့ ရုံးစိုက်ရာ မြို့လည်း ဖြစ်ပါတယ်။
ဘင်္ဂလား ပင်လယ်အော် အရှေ့ဘက် ကမ်းခြေအနီး ပင်လယ်ပြင်မှာ တည်ရှိတဲ့ ရမ်းဗြဲကျွန်း မြောက်ဘက် အစွန်း သံစစ်မြစ်ဝမှာ တည်ရှိပါတယ်။
ရန်ကုန်မြို့ကနေ အနောက် မြောက်ဘက် မိုင် ၂၅ဝ ခန့် (ကီလိုမီတာ ၄၀၀) ကွာဝေးပါတယ်။
ကျောက်ဖြူမှာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ နဲ့ ရန်ကုန်မြို့ကြား ဆန်စပါး ကုန်သွယ်ရာ သဘာဝ အလျောက် တည်ရှိတဲ့ ပင်လယ် ဆိပ်ကမ်းလည်း ရှိပါတယ်။
ခရစ် သက္ကရာဇ် ၁၉၈၃ ခုနှစ် စစ်တမ်းအရ ခန့်မှန်း လူဦးရေ ၁၉,၄၅၆ ဦး ရှိပြီး မြို့ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁ ဒသမ ၂၂ ရှိကြောင်း သိရပါတယ်။
၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇၂၄၁ ဦး ရှိတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ် တခုလုံး ဆိုရင်တော့ ၂၀၁၄ သန်းခေါင်စာရင်း အရ ကျေးရွာ အုပ်စု ၅၄ စု ရှိပြီး ရပ်ကွက် ၁၀ ရပ်ကွက် ရှိကာ လူဦးရေ ၁၆၅ ၃၅၂ ဦး ရှိကြောင်း သိရပါတယ်။
ရှေးက ရခိုင်ပြည်မှာ ဆိုရင် ကျောက်ဖြူဟာ မထင်ရှားတဲ့ တံငါ ရွာကလေးမျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့ နေရာမှာ စစ်တပ်တွေ ချထားခဲ့တယ်တဲ့။
အဲဒီတုန်းက ကျောက်ဖြူမြို့ နယ်မြေဟာ စစ်တွေ၊ သံတွဲ နဲ့ ရမ်းဗြဲ ခရိုင်များ အတွင်း ကျရောက်ခဲ့ကြောင်း သိရပါတယ်။
အမ်းမြို့ဟာ ခရိုင် ဌာနချုပ် ရုံးစိုက်ရာမြို့ အနေနဲ့ မညီညွတ်ခြင်း၊ ပင်လယ် ကမ်းခြေနဲ့ ဝေးခြင်းတို့ကြောင့် အရင် စစ်တပ်တွေ ချထားခဲ့ဖူးတဲ့ ကျောက်ဖြူမြို့ကို ၁၈၃၈ ခုနှစ်မှာ ပြောင်းရွှေ့ ရုံးစိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရမ်းဗြဲ ခရိုင်နဲ့ အမ်းခရိုင် တို့ကိုလည်း ပေါင်းပြီး ကျောက်ဖြူ ခရိုင်လို့ သတ်မှတ်ခဲ့ကြောင်း၊ ကျောက်ဖြူ မြို့နယ်မှာ ကျေးရွာပေါင်း ၂၇ဝ ကျော် ပါဝင်ကြောင်းလည်း သိရပါတယ်။
လက်ရှိ ကျောက်ဖြူမြို့မှ ၇ မိုင်ခန့် ကွာဝေးတဲ့ အုန်းတောရွာ အနီး ကျောက်ဖြူ ရွာဟောင်း တည်ရှိခဲ့ပြီး၊ ကြီးမားတဲ့ အဖြူရောင် ကျောက်တုံးကြီး နှစ်တုံးကို (ပေ ၇၀ ခန့် မြင့်) အစွဲပြုကာ ကျောက်ဖြူ အမည်တွင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

၁၈၅၂ ခုနှစ်မှာ ခရိုင်မြို့အဆင့် တိုးမြှင့်ခံရပြီး ၁၉၇၄ ခုနှစ် အထိ ခရိုင်မြို့ ဖြစ်ခဲ့ပါတယ်။
၁၉၇၄ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အရ ခရိုင်မြို့များ အားလုံးကို ဖျက်သိမ်းလိုက်တဲ့ အခါ ကျောက်ဖြူဟာ ၁၉၇၄ မှ ၁၉၈၈ အထိ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် တခု အဖြစ်သာ တည်ရှိခဲ့ပါတယ်။
၁၉၈၈ မှာတော့ ကျောက်ဖြူ မြို့နယ်စု ဖြစ်လာပြီး၊ နောက်ပိုင်း ကျောက်ဖြူ ခရိုင် ပြန်ဖြစ်လာပါတယ်။
အခုအချိန်မှာတော့ ကျောက်ဖြူမြို့ဟာ ခရိုင်ရုံးစိုက်ရာ စည်ကားတဲ့ မြို့ကြီး ဖြစ်လာရုံမက သင်္ဘောဆိပ်မြို့လည်း ဖြစ်လာကာ ပင်လယ်ကူး သင်္ဘောကြီးတွေလည်း ဝင်ရောက် ဆိုက်ကပ် နေကြပါပြီ။
မြို့ပေါ်မှာ ခရိုင်ဌာနချုပ် ရုံးတွေအပြင် ဆေးရုံ၊ ရဲဌာန၊ စာတိုက်၊ စာသင်ကျောင်းနဲ့ ဈေးတွေ ရှိကြပါတယ်။ မြို့ စည်ပင်ရေး ကိုတော့ ၁၈၈၅ ခုနှစ်မှ စပြီး မြူနီစီပယ် အဖွဲ့က စီမံအုပ်ချုပ် လာခဲ့ကြောင်း သိရပါတယ်။
မြို့ပေါ် ရပ်ကွက်တွေကတော့ အရှေ့ပိုင်း ရပ်ကွက်၊ အနောက်ပိုင်း ရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက်၊ မြစ်နားတန်း ရပ်ကွက်၊ စေတီတောင် ရပ်ကွက်၊ အရာရှိ ရပ်ကွက်၊ အစိုးရ ရပ်ကွက်၊ သန်ပန်ချောင်း ရပ်ကွက်၊ ရခိုင်ပိုက်ဆိပ် ရပ်ကွက်၊ ကုလားပိုက်ဆိပ် ရပ်ကွက်၊ ပြင်ဖြူမော် ရပ်ကွက်၊ တောင်ရင်း ရပ်ကွက်၊ ကုမ္ပဏီဈေး (ခ) စေတီယ ရပ်ကွက်၊ ကုလားဘာတောင် ရပ်ကွက်၊ တိုးချဲ့ ရပ်ကွက်၊ င/လပွေ့ ရပ်ကွက်၊ ကညင်တော ရပ်ကွက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပညာရေး ကဏ္ဍမှာ ၁၉၅၃ ခုနှစ်က ဆရာဖြစ်သင် ကောလိပ်ကို ကျောက်ဖြူမြို့မှာ ဖွင့်လှစ်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှာတော့ ကျောက်ဖြူ ဥပစာ ကောလိပ်ကို ဖွင့်လှစ်ခဲ့ပါတယ်။
ဥပစာ ကောလိပ်မှာ အထွေထွေဝိဇ္ဇာ ပညာရပ်များကိုပါ သင်ကြားပို့ချခဲ့ကြောင်း သိရပါတယ်။
စစ်တွေ တက္ကသိုလ် ဟာလည်း ကျောက်ဖြူ ဥပစာ ကောလိပ်နဲ့ သန္ဓေတည်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေ တက္ကသိုလ် သမိုင်း မှတ်တမ်းများမှာ ပါရှိပါတယ်။
ဆရာဖြစ်သင် ကောလိပ်ဟာ အခုအခါ ကျောက်ဖြူ ပညာရေး ဒီဂရီ ကောလိပ် အဖြစ် တည်ရှိပြီး ပညာရေး ဆိုင်ရာ ဘာသာရပ်များကို ပို့ချလျက် ရှိတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူ အစိုးရ စက်မှုလက်မှု သိပ္ပံကို ၂၀၂၂ ခုနှစ်မှာ အစိုးရ နည်းပညာ ကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကစကာ အင်ဂျင်နီယာ နည်းပညာဘွဲ့ (B.Tech) ပေးအပ်မယ့် သင်တန်းတွေကို စတင် သင်ကြား ပေးခဲ့ကြောင်း သိရပါတယ်။
၂၀၂၃ခုနှစ် မေလမှာတော့ အစိုးရ နည်းပညာ ကောလိပ် (ကျောက်ဖြူ) ကို နည်းပညာ တက္ကသိုလ် (ကျောက်ဖြူ) အဖြစ် အဆင့် တိုးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျန်းမာရေး ကဏ္ဍ အတွက်လည်း ခုတင် ၂၀၀ ဆံ့ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး နဲ့ Grand Healthcare Hospital တို့ အပြင် အားကစားကွင်း များလည်း ရှိပါတယ်။

လမ်းပန်း ဆက်သွယ်ရေး အရတော့ ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို ကုန်းလမ်းနဲ့ လေကြောင်း ခရီးလမ်းများ ရှိပြီး ကျောက်ဖြူ လေဆိပ်ကနေ စစ်တွေ၊ သံတွဲ နဲ့ ရန်ကုန် ပြည်တွင်း ခရီးစဉ်များ ပြေးဆွဲပေးတယ်လို့ ဆိုပါတယ်။
ထင်ရှားတဲ့ နေရာတွေကတော့ ကျောက်ဖြူကနေ ၁၆ မိုင် ဝေးတဲ့ မင်းပြင် အရပ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုးလေဝသ တိုင်းထွာရေး ရေဒါစခန်း တခု ရှိပါတယ်။
ဇင်ချောင်း ကမ်းခြေဟာ လှပတဲ့ ပင်လယ် ကမ်းခြေ ဖြစ်ပြီး ကျောက်ဖြူမြို့ အနီးရှိ ပွိုင့်ကမ်းခြေကလည်း ထင်ရှား ပါတယ်။
ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ စိုင်ချုံရွာ အနီးမှာလည်း နဂါးပွက်တောင် ခေါ် ရွံ့မီးတောင် ရှိပါတယ်။
ဦးဥတ္တမ ပန်းခြံ၊ ကံ့ကော်တော ဘုရား၊ ကျောက်တလုံး ဘုရား၊ စေတီတောင် ရွှေသာလျောင်း ဘုရား၊ စေတီယျတောင် ဘုရား၊ သာသနာ ၂၅၀ဝ စေတီ၊ ပေါ်တော်မူ ဘုရား တို့လည်း ရှိပါသေးတယ်။
ဝေသာလီခေတ် လက်ရာများဖြစ်တဲ့ ကံ့ကော်တော ဘုရား ရုပ်ပွားတော် နှစ်ဆူမှာ ကျောက်ဖြူမြို့ရဲ့ ထင်ရှားတဲ့ တန်ခိုးကြီး ဘုရားတွေ ဖြစ်ပါတယ်။
ကျောက်တလုံး ဘုရားမှာ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းဗာကြီးက စတင် တည်ထားခဲ့ခြင်း ဖြစ်ပြီး ကြီးမားတဲ့ ကျောက်ဆောင် တခုလုံးကို လှိုဏ်ပတ်လမ်းတွေနဲ့ ဂူများထွင်းကာ ဘုရား ရုပ်ပွားတော်များကို တည်ထား ကိုးကွယ် ထားရာ စုစုပေါင်း ဂူပေါက် ၅၅ ပေါက်ရှိကြောင်း သိရပါတယ်။
စေတီတောင် ဘုရား၊ ကျောက်တလုံး ဘုရားနဲ့ ကံ့ကော်တောဘုရား ပွဲတော်များကို တန်ခူးလ အတွင်းမှာ ကျင်းပလေ့ ရှိကြပါတယ်။
ကံ့ကော်တော ဘုရားပွဲတော်ကို မြန်မာ နှစ်ဆန်းတရက် နေ့မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပရာ ကျောက်ဖြူ ခရိုင်ရှိ မြို့များပါ လာရောက်လေ့ ရှိတယ်လို့ ဆိုပါတယ်။
မြို့ရဲ့ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့် အကွာ ကညင်တော ရပ်ကွက် အနီးရှိ စေတီတောင်ပေါ်မှာလည်း လျောင်းတော်မူ ရုပ်ပွားတော် တဆူ ရှိပါတယ်။
မြို့ရဲ့ အနောက်တောင်ဘက် ၃ မိုင်ခန့် အကွာ ဂုံးချွိန်ရွာကို သွားရာလမ်းခရီးမှာတော့ ကျောက်တလုံး ဘုရား တည်ရှိပါတယ်။
အဲဒီ ဘုရားမှာတော့ ကြီးမားတဲ့ ကျောက်တုံးကြီး တခုကို ဘုံဆောင်ပြာသာဒ် လိုဏ်ဂူနဲ့ ရုပ်တုတော်များပါ အပြီး ဖြစ်မြောက်အောင် ထုလုပ်မွန်းမံထားခြင်း ဖြစ်ကြောင်း သိရပါတယ်။
လိုဏ်ဂူတော်နဲ့ အတူ ဘုရား ရုပ်တုတော်များ၊ ပန်းဆိုင်းများ၊ ဘီလူးရုပ်၊ နတ်ရုပ် စတဲ့ အရုပ်ဟန်ပန် တို့ဟာ ရှေးရခိုင်များရဲ့ ဗိသုကာ ပညာနဲ့ ကျောက်ဆစ် ပညာများကို သရုပ်ဖော် ပြနေတယ်လို့ ဆိုပါတယ်။
ကျောက်တလုံး ဘုရား တောင်ဘက် ၂ မိုင်ခန့် အကွာ ကံကော်တော အရပ်မှာလည်း ထင်ရှားတဲ့ ကံကော်တောဘုရား ရုပ်တုတော် တဆူ ရှိပါသေးတယ်။
အဲဒီ ရုပ်တုတော်ကို ပင်လယ်ထဲကနေ ပင့်ဆောင် ရရှိခဲ့လို့ ပေါ်တော်မူ ဘုရားလို့ ခေါ်ဝေါ်သမုတ်ကာ ကိုးကွယ် ကြကြောင်းလည်း သိရပါတယ်။
အခုအခါ ကျောက်ဖြူမှာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ကွက်၊ တရုတ် အစိုးရ ပါဝင် ပတ်သက်တဲ့ ရေနက် ဆိပ်ကမ်း နဲ့ အထူး စီးပွားရေးဇုန် စီမံကိန်းများ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပို့ဆောင်နေတဲ့ ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများလည်း ရှိနေပြီ ဖြစ်ပါတယ်။ ။
ကိုးကား-
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂)၊ ၁၉၇၃ ခုနှစ်၊ ဒုတိယအကြိမ်၊ စာပေဗိမာန်။
၂။ wikipedia