နဝတ၊ နအဖ စစ်အစိုးရခေတ်များမှာ လျှမ်းလျှမ်းတောက်ခဲ့သူ ဗိုလ်ချုပ်ကြီး တဦးကတော့ အတွင်းရေးမှူး (၁) တာဝန် ယူခဲ့တဲ့ ဦးခင်ညွန့်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သူကတော့ အာဏာထက်သူ၊ ကြိုးကိုင်ချယ်လှယ်သူ မဟုတ်ရကြောင်း နိုင်ငံတော်ရဲ့ ပြဿနာ ပေါင်းစုံကို ခေါင်းခံ ဖြေရှင်းပေးရသူသာ ဖြစ်ကြောင်း ငြင်းချက်ထုတ်လေ့ ရှိပါတယ်။
၂၀၀၀ ပြည့်နှစ်လောက်က ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်လာပြီး ယာဉ်အသွားအလာ ကျပ်လာတဲ့ အတွက် အစိုးရ ရုံး လုပ်ငန်းတွေ ဆက်သွယ်ရေး ကြန့်ကြာလာတာကြောင့် မြို့တော်သစ် တည်ဖို့ နအဖ ခေါင်းဆောင်တွေကြား အတော်လေး ခေါင်းစားကြရတယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို ထောက်လှမ်းရေးမှူးချုပ် ဦးခင်ညွန့်က ရန်ကုန်နဲ့ အနီးတဝိုက် လှည်းကူး တိုးကြောင်ကလေး နေရာများကို ဗဟိုပြုပြီး ရန်ကုန် အရှေ့ခြမ်း ပဲခူးမြစ်ရိုး တလျှောက် မြို့သစ်တည်ဖို့ အကြံပေးခဲ့ပါတယ်။
New Yangon Projet လို့ အမည်ပေးထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကို တရုတ် အင်ဂျင်နီယာ နဲ့ Architect တွေက မြို့သစ်ပုံကြမ်းကို ဆွဲပေးခဲ့ဖူးပြီး နိုင်ငံတော် အစိုးရက ကျပ်သိန်း ၁ သောင်း၊ ယုဇန ကုမ္ပဏီပိုင်ရှင် ခရိုနီ ဦးဌေးမြင့်က သိန်း ၁ သောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး အဖွဲ့ (YCDC) က သိန်း ၁ သောင်း ထည့်ဝင်ကာ လုပ်ဆောင်ဖို့လည်း ဗိုလ်ချုပ်ကြီးခင်ညွှန့်က တင်ပြခဲ့ဖူးကြောင်းကို မြို့တော် စည်ပင် ဌာနမှူး လုပ်ခဲ့သူ ဗိုလ်မှူးကြီး သောင်းဝေဦး ကလည်း ဆိုပါတယ်။

ဒါပေမယ့် ဒီအစီအစဉ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဘောမတူ၊ စိတ်ကြိုက် ပုံဖော်လို့ မရနိုင်တာကြောင့် ရန်ကုန်မြို့ကို ဆက်လက် မချဲ့ချင်၊ ဒီအတွက် တိုင်းနဲ့ ပြည်နယ် ၁၄ ခုနဲ့ စစ်တိုင်းကြီးများကို အလွယ်တကူ ဆက်သွယ် အုပ်ချုပ်နိုင်မယ့် ရှမ်းရိုးမနဲ့ ပဲခူးရိုးမကြားက ပျဉ်းမနားတဝိုက် ရွေးကာ နေပြည်တော်မြို့သစ် တည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဦးခင်ညွန့်က နေပြည်တော်ကို ရွှေ့ဖို့ အရေးမှာ ကန့်ကွက်ခဲ့တဲ့ နောက်အကြောင်း တခုကလည်း ပညာရှင်တွေ ထောက်ပြတဲ့ ငလျင် ပြတ်ရွေ့ကြောကြောင့် ဖြစ်တယ်လို့ ထောက်လှမ်းရေးမှူးချုပ် (အငြိမ်းစား) နဲ့ နီးစပ်သူတွေက ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ ကြည်းတပ် ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ၂ ဦးဟာ တရုတ်က ရတဲ့ ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ ငွေတွေနဲ့ မြို့တော်သစ်ကို ပျဉ်းမနား ကြပ်ကုန်းမှာ ဆောက်ဖို့ ၂၀၀၁ ခုနှစ်လောက်မှာ စတင် စီစဉ်ခဲ့ကြပါတယ်။
အဲဒီ အချိန်မှာ ကက (ကြည်း) နဲ့ ကက (လှမ်း) တို့ရဲ့ အားပြိုင်မှုဟာ အထွတ်အထိပ်ကို ရောက်တော့မယ့် ကာလ နဲ့လည်း သွားပြီး တိုက်ဆိုင်နေခဲ့ပါတယ်။
နအဖ ဥက္ကဌ ဦးသန်းရွှေ နဲ့ ဒု ဥက္ကဌ ဦးမောင်အေး တို့ဟာ နေပြည်တော် စီမံကိန်းကို မီးစိမ်းပြပြီး အတွင်းရေးမှူး (၁) ရဲ့ ရန်ကုန် အနီးက မြို့တော်သစ် စီမံကိန်းကို ပယ်ချခဲ့ပါတယ်။
ဗိုလ်မှူးကြီး တဦး ရေးပြီး တင်တဲ့ ရန်ကုန်ဟာ နိုင်ငံခြား တပ်တွေ ရေလမ်းက ဝင်ပြီး အသိမ်းခံရနိုင်တယ် ဆိုတဲ့ စာတမ်းကိုလည်း ဖတ်ပြီး ဦးသန်းရွှေ သဘောကျနေခဲ့ချိန် ဖြစ်ပါတယ်။
အဲဒီ အချိန်မှာ ကက (လှမ်း) ကို အပြီး ဖြိုဖျက်မယ့် အစီအစဉ်ကို ကက (ကြည်း) အုပ်စုက ခြေလှမ်းတွေ ပြင်နေချိန်ပါ။

နေပြည်တော် စီမံကိန်းမှာ ဘတ်ဂျက်ကို ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို ကိုင်ခိုင်းလိုက်ပါတယ်။ ကိန်းဂဏန်းတွေကို အလွတ်ရတဲ့ ၈ လုံးအမည်ရ နာမည်ကြီး ဦးတင်အောင်မြင့်ဦးဟာ နေပြည်တော် စီမံကိန်းကို စတင် ကိုင်တွယ်ရပါတယ်။
သူနဲ့ နီးစပ်တဲ့ ခရိုနီ သူဌေးတွေလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပြီး နေ့ချင်း ညချင်း ဆိုသလို သူဌေးကြီးတွေ ဘဝကို ရောက်သွားကြပါတယ်။
ဒီနေရာမှာ တခါ ထပ်ပြီး မျက်နှာ ပျက်ရသူက အတွင်းရေးမှူး (၁) ပဲ ဖြစ်ပါတယ်။ သူက ဘတ်ဂျက် ကိုင်ရမယ်လို့ မျှော်လင့် ထားခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ အတွင်းရေးမှူး (၁) လည်း ဦးသန်းရွှေ ရဲ့ နေပြည်တော် စီမံကိန်း လမ်းညွှန်ချက်ကို အကောင်အထည် ဖော်ပေးခဲ့ရပါတယ်။
အဲဒီအချိန်က အစိုးရ တစုံလုံး တခုလုံး နေပြည်တော် ပျဉ်းမနားကို ရွှေ့မယ် ဆိုရင် ဝန်ထမ်းတွေက လိုက်ပါ့မလား ဆိုတဲ့ အချက်ကိုလည်း ဦးခင်ညွန့်ဘက်က ထုတ်ဖော် ပြောဆိုတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့မှာ အစိုးရအဖွဲ့ ဝန်ကြီးဌာနများ နေပြည်တော်ကို စတင် ပြောင်းရွှေ့ပါတယ်။
၂၀၀၆ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့မှာတော့ နေပြည်တော်ကို မြန်မာနိုင်ငံ ရဲ့ မြို့တော် အဖြစ် တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။
အဲဒီအချိန်ဟာ သံလျင် မှော်ဝန်းသား ဦးခင်ညွန့် နဲ့ ကျောက်ဆည်သား ဦးသန်းရွှေ တို့ရဲ့ ကြားက ပဋိပက္ခ အထွတ်အထိပ် ကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
၂၀၀၃ မေလ ၃၀ ရက် ဒီပဲယင်း အရေးအခင်းအပြီး သြဂုတ်လမှာ ဦးခင်ညွန့်ကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ပြီး မြန်မာ့ လမ်းပြမြေပုံကို အကောင်အထည် ဖော်ခိုင်းလိုက်ပါတယ်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ ဦးခင်ညွန့်ကို ရာထူးက ဖယ်ရှားပြီး စစ်ထောက်လှမ်းရေး တဖွဲ့လုံးကို ရှင်းလင်းခဲ့ပါတယ်။ နေပြည်တော် စီမံကိန်းတွေကို သွားပြီး လှည့်လည် စစ်ဆေးရင်း အပြန်မှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

အဂတိ လိုက်စားမှု စွပ်စွဲချက်တွေနဲ့ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၄၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။
နေအိမ်မှာ အကျယ်ချုပ် ဘဝ နဲ့ ၇ နှစ် နေခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ လွတ်ငြိမ်း ချမ်းသာ အမိန့်နဲ့ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။
ဦးခင်ညွန့်ဟာ အသက် ၈၀ ကျော်ခဲ့ပါပြီ။ သူ့ကို အပြတ် ရှင်းခဲ့တဲ့ ဦးသန်းရွှေ နဲ့ ဦးမောင်အေးလည်း ၈၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။
နေပြည်တော်ကိုတော့ နန်းကျမင်းသားကြီး ဦးခင်ညွန့် မပြောင်းခဲ့ပါဘူး။ ရန်ကုန် အိမ်မှာပဲ ဆက်နေပြီး အခုအချိန်မှာတော့ အယ်လ်ဇိုင်းမား ရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။
ဦးသန်းရွှေ၊ ဦးမောင်အေး နဲ့ ဦးတင်အောင်မြင့်ဦး တို့ကတော့ နေပြည်တော်ကို ရွှေ့ခဲ့ပါတယ်။
ငလျင် ဒဏ်ကို သူတို့လည်း ခံလိုက်ရပါတယ်။
အဲဒီ အချိန်မှာ ဦးခင်ညွန့် နေပြည်တော် စီမံကိန်း ကန့်ကွက်ခဲ့တာကို သတိရကောင်း ရနေနိုင်ပါတယ်။
ငလျင် ဒဏ်ကြောင့် နေပြည်တော် ပျက်စီးရခြင်းနဲ့ ပတ်သက်ပြီး စစ်ဆေးမယ် ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့ကိုပါ မဖြစ်မနေ ခေါ်ယူ စစ်ဆေးသင့်ပါတယ်။
အဲဒီ စစ်အာဏာရှင် ဟောင်းတွေရဲ့ ဘဝ နေဝင်ချိန်ဟာလည်း သံဝေဂ ရစရာတွေ၊ လေ့လာစရာတွေ အပြည့်နဲ့ပါပဲ…။ ။