ပခုက္ကူမှ ခရီး ဆက်ရသော် တနေ့တလံ ပုဂံ ဘယ်ပြေးမလဲ။
တရွေ့ရွေ့နှင့် ၂၅ မိုင်ခန့် သွားရ၏။
ဟင်္သာ မောင်နှံများ၊ ရေဘဲများ၊ ဝေသာလီဗျိုင်းများ ပျော်မြူးနေကြသော သောင်ပြင်တွင် သောင်မတင်မိအောင် ရှောင်ရ၏။
ထို့နောက် ညာဘက်တွင် တန့်ကြည့် တောင်တန်းသည် လည်းကောင်း၊ ဘယ်ဘက်တွင် ညောင်ဦးမြို့ နတ်သမီး ကမ်းပါး စောက်စောက်သည် လည်းကောင်း မြင်ကွင်းသို့ ဝင်လာပေတော့မည်။
ညောင်ဦးမြို့သည် ပုဂံမြို့ဟေင်း၏ ဆိပ်ကမ်းမြို့ ဖြစ်လေသည်။
ပုဂံမှာ သောင်ထွန်း၍ လှေ သင်္ဘော မကပ်။ အလယ်ခေတ် မြို့ဟောင်း အဖြစ်ဖြင့်ကား ပြည်တွင်း ပြည်ပ နာမည် အလွန်ကြီး၍ ခရီးသည် အလွန်ပေါ၏။
၁၆ မိုင် စတုရန်း ပတ်လည်၌ လက်ညှိုးထိုး မလွဲ မင်းနှင့် ပြည်သူတို့ တည်ဆောက် ခဲ့ကြသော မြေစိုက် ဘုရား၊ ဂူဘုရား စုံလှပါပေသည်။
အကောင်းလည်း ရှိ၊ ပျက်စီး ယိုယွင်းနေသည်လည်း မနည်း။
တောင်ကြီး ရှင်မင်း မဟာဂီရိ နတ်ကွန်း ရှိရာ ပုပ္ပားတောင် မှိုင်းပြပြကို နောက်ကျောခံ၍ ညောင်ဦး ကမ်းပါးမှ စပြီး ကြည့်လိုက်ပါလေ။
ညောင်ဦးဈေး တောင်ဘက်တွင် သီဟိုဠ် ပုံစံ ဆပဒ စေတီ၊ ညောင်ဦးမှ ပုဂံဘက် အထွက်တွင် ကိုယ်လုံး ပြည့်ပြည့် ရွှေစည်းခုံ စေတီ၊ ပုဂံ ကမ်းနား ထိပ်တွင် စိန်တောင် ပတ်ပတ်လည် ဗူးဘုရား၊ ပုံဂံ မြို့ထဲတွင် မုခ်လေးမုခ်ပါ အာနန္ဒာ၊ ထို့နောက် လိုဏ် နှစ်ထပ်ရှိ သဗညု၊ ထို့နောက် ဗိဿနိုး နတ်မင်း-နတ်လှောင်ကျောင်း၊ ထို့နောက် နရသီဟပတေ့ မင်း၏ မင်္ဂလာ စေတီ၊ ထို့နောက် နတ်လှေကား လေးသွယ်ဖြင့် ရွှေစံတော် စေတီ။
မြင်းကပါ ရွာဘက်၊ သီရိပစ္စယာ ရွာဘက် ကြည့်ပါလေဦး။
ရာဇကုမာရ အမတ် ကုသိုလ်တော် ဂူပြောက်ကြီး၊ သထုံ မနုဟာ မင်းကြီး နန်းဘုရား၊ မဟာယာန ဆေးရေး ပန်းချီပြ အပယ်ရတနာ၊ ဇတ် ငါးရာ့ငါးဆယ် အုတ်ခွက်ထည့် ရွှေဖက်လိပ်၊ ငွေဖက်လိပ်၊ ပုဂံမြို့ တောင်ဖက်စွန်းက လောကနန္ဒာ စေတီ စသည် စသည်ဖြင့် ဘုရားစေတီတွေ ရှိကြသည်။
ထိုအခါ ထိုစေတီ ဂူဘုရားများမှ စုလစ်မွန်းချွန် တို့ကို လည်းကောင်း၊ ဖြူးပန်းဖြူးနွယ် ရုပ်ကြွ အပြောက်အမွှမ်း တို့ကို လည်းကောင်း၊ ဆန်းကြယ်သော ပန်းချီဆေးရေး တို့ကို လည်းကောင်း အနူးအညွတ် အာရုံခံနိုင်လေသည်။
ဤသည် ရှေးခေတ် ပုဂံပြည် ကြီးကြယ်ခဲ့ကြောင်း သက်သေခံပေတည်း။
တခုတော့ ရှိသည်။
ပုဂံပြည်သည် ရှေးသူဟောင်းများ အခေါ်အရ တတ္တဒေသ- ခြောက်သွေ့သော နေရာ ဖြစ်လေသည်။ ထို့ကြောင့် ရေမြေ သီးနှံ မဖွံ့ဖြိုးလှ။
ပုဂံသည် ကျောထောက် နောက်ခံ အဖြစ် ဆည်မြောင်းပေါသော ကျောက်ဆည် (ဝါ) မြစ်သား ၁၁ ခရိုင်ကို အားပြုခဲ့ရ လေသည်။
တောင်ဘက် တဖက်ကမ်းရှိ မင်းဘူး ၆ ခရိုင်ကိုလည်း အားပြုခဲ့ရလေသည်။
ပုဂံရောက် ခရီးသည်သည် ရှေးဟောင်း လက်ရာများကို လှည့်လည်ကြည့်ရှု ရရုံသာ မဟုတ်သေး။ ကံကောင်းလျှင် ရွှေစည်းခုံ ဘုရားပွဲနှင့် ကြုံရ ဆုံရ တတ်လေသည်။
ရွှေစည်းခုံ ဘုရားပွဲတော် အခါသည် ထွန်တုံး ပိတ်ချိန်နှင့် တိုက်ဆိုင်နေသဖြင့် လူစည်ကားမြဲ ဖြစ်သည်။
သင်္ဘော၊ မော်တော်ကား ရှားပါးသေးသော ခေတ်မျိုးက ဆိုလျှင် ပွဲတော်သို့ မြစ်ရိုးတလျှောက်မှ လာကြသော လှေကြီး လှေငယ်များသည် မြစ်ဆိပ်ကမ်း၌ ပြည့်ကျပ်နေ၏။
ဘုရား ဝန်းကျင်တွင် စခန်းချကြသော လှည်းဝိုင်းများသည် သစ်ပင်အောက်၌ တမျိုး၊ ကွင်းပြင်၌ တဖုံ ဖြစ်၏။
တဖန် ဘုရား ဆောင်းတန်းကြီးများတွင် ဘုရား ကန်တော့ရန် ဝင်ထွက်နေသူများ ပြည့်နှက် နေသလောက် ဘုရား တဝိုက်တွင် စားစရာ၊ ဝယ်စရာ ဈေးဆိုင်တွေ ပြည့်နှက်နေ၏။
ထိုအခါ တန်ဆောင်း အတွင်း ပရိသတ် များလွန်းသဖြင့် တိုးရင်း ဝှေ့ရင်း အဖော်ကွဲသူများက မရှား။ ကလေးပျောက်၍ ကလေးနာမည် တကြော်ကြော် ခေါ်ကာ တငိုငို တယိုယို လိုက်ရှာနေသော အမေမျိုးကလည်း ရှိသေးသည်။
ပွဲတော် ဈေးအတွင်း အမေ့လက် ဆွဲကာ တကူးကူး မှုတ်လာသော ကလေးများ၊ ပလုတ်တုတ်တုတ် တီးလာသော ကလေးများကလည်း အပုံပင်။
ပွဲတော် ဈေးတန်းကြီးမှာ မျက်စိတဆုံး ဖြစ်တော့သည်။
အစွန်အဖျား ဘက်က ပိုးထည် ချည်ထည် အမျိုးမျိုး ရောင်းသော ဆိုင်များ အတွင်း၌ ဈေးသည်များသည် အထည်များကို တရွှမ်းရွှမ်း တဖြန်းဖြန်း ရိုက်ခတ် ပွတ်သပ် ပြသနေကြသည်။
ယာသမားများကမူ ဆိုပါတော့ – အိမ်ကနွား ပြာနီကလေး အဖို့ ကြေးဝါ နဖားကြိုး ဖောင်းဖောင်းကလေးတွေ၊ ကြေးခလောက် ကလေးတွေ လိုက်ရှာနေကြသည်။
သူ့နေရာနှင့်သူ ပုံ၍ ဆွဲ၍ ချိတ်၍ ပြသထားသော ငါးပိ၊ ငါးခြောက်၊ ကြက်သွန်၊ ငရုတ်သီး၊ ပဲ၊ ဆေး၊ ဖက်၊ ရစ်၊ ထွန်တုံး၊ ခြင်းတောင်း၊ ဓားသွေးကျောက်၊ ကျောက်ပျဉ် ကဲ့သို့ အထက်အောက် ပစ္စည်းတွေကိုကား ကြည့်သူကကြည့်၊ ဝယ်သူက ဝယ်နှင့် ရှိနေကြသည်။
ညဘက် မီးရောင်တွေအကြား လှည့်ပါလေဦး။
ရုပ်သေးပွဲ၊ ဇာတ်ပွဲ၊ ကြက်တူရွေး ဆပ်ကပ်ပွဲတွေ စုံလှပေသည်။ ကြည့်ချင်ပွဲ၊ ရုံပွဲ နှစ်မျိုးစလုံး တွေ့နိုင်လေသည်။ ထိုအခါ နာမည်ကြီး ဇာတ်အဖွဲ့များက ရွက်ဖျင် ရုံကြီးများ ထိုးကာ ရုံဝင်ခယူ၍ ကပြကြလေသည်။
ဘုရားဒကာ ဦးဘိုးစိန်ကြီး၏ ရုံပွဲမျိုး ဆိုလျှင် ၇ ညမျှ ကသွားနိုင်လေသည် ဖြစ်သည်။
ပြောစရာ တခုရှိသည်။ ခေတ်ပြောင်း၍ ပွဲတော် အသွင်ကား ပြောင်းသလောက် ပြောင်းခဲ့ပြီ။ သို့ရာတွင် ဘုရားပွဲတော် အချိန်ကား နှစ်စဉ် ထွန်တုံး ပိတ်ချိန်ပင် ဖြစ်သည်။ စည်ကားမြဲ စည်ကားလေသည်။
ဘုရားပွဲတော်နှင့် ဆုံ မဆုံ ကိစ္စမှာ ခရီးသည် ရောက်သည့် အချိန်ကာလ အပေါ် တည်နေပေသည်။
ဘယ်လိုပင် ဖြစ်စေ ရှေးဟောင်း အဆောက်အအုံများ၊ ရှေးဟောင်း အနုလက်ရာများကိုမူ ကြည်ကြည်နူးနူး မြင်တွေ့ သွားရပေလိမ့်မည်။
တဖန် ဒေသထွက် ယွန်းထည် တခု နှစ်ခု နှင့် ပုံးရည်ကြီး တို့ကို အိမ်အပြန် လက်ဆောင် အဖြစ် ပါသွားလိမ့်ဦးမည် မုချ ဖြစ်သည်။
ဤတွင် လူအုပ်နှင့် အတူ ပုဂံသို့ အမှတ်တမဲ့ လိုက်လာခဲ့ဖူးသော မန္တလေးသား ခရီးသည် ရှေးဟောင်း လက်ရာများကို ကြည့်ရှုပြီးသည့်နောက် –
“ပုဂံကို လာရမယ် ဆိုတော့ ကျနော် မကြည်နူးမိပါဘူး၊ အခု ရောက်လာလို့ အံ့သြစရာတွေ တွေ့ရတော့မှ မရောက်မိဘဲများ သေသွားရရင် ခက်ရချည်ရဲ့လို့ အောက်မေ့မိတယ်” ဟု ဝန်ခံစကား ပြောခဲ့လေသည်။ ။
(စာပေပညာရှင် စာရေးဆရာကြီး တိုက်စိုး ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော “ဧရာဝတီ” ဒုတိယအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၃ ခုနှစ် မေလ ၄ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)