ဘားအံမြို့ဟာ ကရင်ပြည်နယ်ရဲ့ မြို့တော် ဖြစ်ပါတယ်။
ကရင်ပြည်နယ် ဖွဲ့စည်း တည်ထောင်ပြီးနောက် ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက်နေ့က စပြီး ဘားအံမြို့ဟာ ကရင်ပြည်နယ် ရဲ့ မြို့တော် ဖြစ်လာခြင်း ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ ရဲ့ ပဉ္စမမြောက် အကြီးဆုံးမြို့ ခရိုင် ရုံးစိုက်ရာ မြို့ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း အရ လူဦးရေ ၄ သိန်း ၂ သောင်းကျော် (၄၂၁, ၅၂၅ ဦး) ရှိကြောင်း သိရပါတယ်။
၁၉၅၃ ခုနှစ်က သန်းခေါင်စာရင်း မှာတော့ လူဦးရေ ၉၉၀၆ ဦး ရှိတယ် လို့ ဆိုပါတယ်။
ဘားအံမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတော့ သံလွင်မြစ် အရှေ့ဘက် ကမ်းနဖူးမှာ အိမ်ခြေ ၂၀၀ ခန့်ရှိ ရွာလေး တရွာသာ ဖြစ်ပါတယ်။
အဲဒီ ရွာကလေးမှာ ရှမ်း၊ ယိုးဒယား (ထိုင်း)၊ ကရင် နဲ့ တောင်သူများ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရွာတည်ရာ သံလွင်မြစ် ကမ်းစွယ်မှာ အထင်ကရ ကျောက်စွန်းကြီး တခုရှိပြီး ရှမ်းဘာသာ နဲ့ ဖားအမ်း (ကျောက်+အစွယ်) လို့ ခေါ်ကြောင်း သိရပါတယ်။

ဖားအမ်း ကတဆင့် အသံ အနည်းငယ်ပြောင်းကာ ဘားအံ ဆိုပြီး အမည် တွင်လာတယ်လို့ ဆိုပါတယ်။
ဗြိတိသျှလက်အောက် ၁၉၀၇ ခုနှစ်မှာတော့ မြို့ကွက်ရိုက်ခြင်း ပြုလုပ်ခဲ့ပါတယ်။
အဓိက ကိုးကွယ်တဲ့ ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ပြီး ဒုတိယ ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြကာ အစ္စလာမ်၊ ဟိန္ဒူ နဲ့ နတ် ကိုးကွယ်သူများလည်း ရှိပါတယ်။
ဘားအံမြို့နယ် အတွင်း ထင်ရှားတဲ့ ဇွဲကပင်တောင် ရှိပြီး တောင်ပေါ်မှာ ဇွဲကပင် ဆုတောင်းပြည့် စေတီတော် တည်ရှိပါတယ်။
ဘားအံမြို့ကနေ သံလွင်မြစ်ညှာ ၈ မိုင်ခန့် ကော့ဂွန်းတောင် အရှေ့ဘက်မှာ ကော့ဂွန်းဂူလည်း ရှိပါတယ်။
ဘားအံရဲ့ အနောက်ဘက် ၁၂ မိုင်ကွာ အရပ်မှာလည်း ဘုရင်ဂျီဂူ (ဘုရင့်ညီဂူ) ရှိပါတယ်။

ဂူ ရဲ့ အောက်ခြေမှာ ရေပူစမ်းအိုင် ရှိကာ ရေပူစမ်း၊ ရေအေး စမ်းနှစ်ခုယှဉ် စီးဆင်း နေပေမယ့်လည်း ရေပူ နဲ့ ရေအေး ပေါင်းစပ်ခြင်း မရှိကြောင်း တွေ့ရပါတယ်။
ဇွဲကပင်တောင်၊ ကြာအင်းတော အရှေ့ဘက်မှာတော့ ထိုင်းနိုင်ငံ နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။
တောင်ဝိုင်းတောင်၊ ဖားပုတောင် တို့ကလည်း ၂၀၁၇ ခု နှစ်ကုန်ပိုင်းကစပြီး ရီးသွားများကို ဆွဲဆောင်ရာ ဘားအံမြို့ရဲ့ ထင်ရှားတဲ့ နေရာဒေသ တခုဖြစ်ခဲ့ပါတယ်။
ပြည်တွင်းပြည်ပ ခရီးသွား အများစု စိတ်ဝင်စားမှု ရှိနေတဲ့ ဒေသတခု ဖြစ်ကြောင်းလည်း သိရပါတယ်။
ဘားအံ တခွင် လည်ပတ်စရာ နေရာများကတော့ မြို့လယ်နား သံလွင်မြစ်ဘေးရှိ ရွှေရင်မျှော် စေတီ၊ ဘားအံမြို့ထဲက ကန်သာယာ ရေကန်ကြီး၊ ဘားအံမြို့ တောင်ဘက် ၇ မိုင်ခန့်မှာ ပင်လယ် ရေမျက်နှာပြင် အထက် အမြင့်ပေ ၃၂၇၂ ပေ ရှိ ဇွဲကပင်တောင်၊ ဘားအံမြို့ တောင်ဘက် ၇ မိုင်မှာပဲ ရှိတဲ့ ကျောက်ကလပ် စေတီ၊ ဘုရင့်ညီဂူ နဲ့ ရေပူစမ်းတို့ ရှိပါတယ်။
ပြီးတော့ ဘားအံကနေ ၁၃ မိုင်ခန့် ဝေးတဲ့ မဟာဆဒ္ဒန် လိုဏ်ဂူတော်၊ သံလွင်မြစ် တဖက်ကမ်းက ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ရေဂူ နဲ့ လင်းနို့ဂူ၊ ဇွဲကပင် တိရစ္ဆာန် ဥယျာဉ်၊ ညဈေး၊ ကော်ဖီဆိုင်၊ ဘား နဲ့ စားသောက်ဆိုင်တွေလည်း သွားရောက် လည်ပတ် အပန်းဖြေစရာ ရှိကြပါတယ်။

စီးပွားရေး ကဏ္ဍမှာတော့ အဓိက လယ်ယာ စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ကြရာ ဆန်စပါး၊ မြေပဲ၊ ဖာလာ၊ ကော်ဖီ၊ လက်ဖက်၊ ကွမ်းသီး၊ ရာဘာ၊ ဒူးရင်း၊ ကြံ၊ ပြောင်းနဲ့ ဟင်းသီးဟင်းရွက်များ ထွက်ရှိကြောင်း သိရပါတယ်။
လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍမှာ လေကြောင်း ခရီးစဉ် အတွက် လေဆိပ်ရှိပြီး ကားလမ်း၊ ရေလမ်းများနဲ့လည်း သွားလာလို့ ရပါတယ်။
ကျန်းမာရေး အတွက် ဘားအံ အထွေထွေရောဂါကု ဆေးရုံကြီး နဲ့ တောင်ကလေး စစ်ဆေးရုံတို့ ရှိပါတယ်။
ပညာရေး ကဏ္ဍ အတွက်လည်း ကွန်ပျူတာ တက္ကသိုလ် (ဘားအံ)၊ ဘားအံ ပညာရေး ကောလိပ်၊ ဘားအံ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ် (ဘားအံ) နဲ့ ဘားအံ သူနာပြု လေ့ကျင့်ရေးကျောင်းတို့ ရှိကြောင်း သိရပါတယ်။
ကိုးကား –
၁။ မြန်မာ့ စွယ်စုံကျမ်း၊ အတွဲ – ၇၊ ၁၉၆၃ ခုနှစ်၊ ပထမ အကြိမ်၊ စာပေဗိမာန်။
၂။ Wikipedia
၃။ ကရင်ပြည်နယ် အစိုးရ ထုတ်ပြန်ချက်
၄။ ခရီးသွား စာစုများ