အောရာရာ, Author at ဧရာဝတီ https://burma.irrawaddy.com/author/awwyaya Covering Burma and Southeast Asia Mon, 06 Apr 2026 04:35:53 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အောရာရာ, Author at ဧရာဝတီ https://burma.irrawaddy.com/author/awwyaya 32 32 ကချင်လူငယ်များ မင်္ဂလာရက်မြတ် သတ်မှတ်ရေး အလှမ်းဝေးနေ https://burma.irrawaddy.com/article/2026/04/04/412375.html Sat, 04 Apr 2026 07:46:42 +0000 https://burma.irrawaddy.com/?p=412375 ကချင်လူမျိုးတို့၏ မင်္ဂလာဆောင်သည် အဓိကအားဖြင့် မိန်းမတောင်းရမ်းခြင်းနှင့် ဧည့်ခံကျွေးမွေးရာတွင် ငွေကုန်ကြေးကျ များသည်။ အခြားအထွေထွေကုန်ကျမှုများ ရှိသော်လည်း ဤနှစ်မျိုးမှာ ကုန်ကျစရိတ် အများဆုံးဖြစ်သည်။ ]]>

အသက် ၃၁ နှစ်အရွယ် ကိုဒိုင်လွမ်း (အမည်လွဲ) သည် ကိုးနှစ်ကြာ လက်တွဲခဲ့သော ချစ်သူနှင့် မင်္ဂလာပွဲ ဆင်နွှဲရန် ဆုံးဖြတ်ထားသော်လည်း ငွေရေးကြေးရေး အခက်အခဲများကြောင့် လေးနှစ်ကျော် နောက်ဆုတ်ထားရသူ ဖြစ်သည်။ သို့သော်လည်း ယခုနှစ်အတွင်း ၎င်း၏ချစ်သူအား မိဘဆွေမျိုးများ ရှေ့မှောက်တွင် ကချင်ရိုးရာဓလေ့နှင့်အညီ တောင်းရမ်းရန် ဆုံးဖြတ်ထားသည်။

ချစ်သူသက်တမ်း ကြာမြင့်လာသည့်အပြင် အသက်အရွယ်ကြောင့် ငွေကြေးအခက်အခဲများကြားမှ အိမ်ထောင်ပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ကိုဒိုင်လွမ်းက ပြောသည်။ “တောင်းဖို့အတွက်ကတော့ စုထားပြီလို့ ပြောလို့ရတယ်။ မင်္ဂလာဆောင်ဖို့အတွက်ကတော့ တဝက်တောင်မရှိသေးဘူး။ ဒါပေမဲ့ ချေးငှားပြီး လုပ်ရမှာပေါ့” ဟုလည်း သူက ဆိုသည်။

၎င်း၏ချစ်သူအား တင်တောင်းရန် ကျပ်သိန်း ၁၅၀ ကျော်နှင့် မင်္ဂလာဆောင်စရိတ်အပါအဝင် ကျပ်သိန်း ၄၀၀ နှင့် ၅၀၀ ကြား ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားသည်။ မြစ်ကြီးနားဒေသခံဖြစ်သော ကိုဒိုင်လွမ်းသည် NGO ဝန်ထမ်းတဦး ဖြစ်သည်။ ၎င်း၏ဝင်ငွေအရ ထိုမျှလောက် ကုန်ကျမည့် မင်္ဂလာဆောင်ပွဲကို လွယ်လွယ်ကူကူ ကျင်းပနိုင်မည့် အနေအထားမရှိကြောင်း ဆိုသည်။ ငွေကြေးမပြည့်စုံသော်လည်း ၎င်းတန်ဖိုးထားသည့် ချစ်ရသောသူကို ကချင်ရိုးရာဓလေ့နှင့်အညီ တင်တောင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။

အခြားတဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျခြင်း၊ ငွေတန်ဖိုးကျဆင်းခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းနှင့် ရွှေဈေးမြင့်မားခြင်းများကြောင့် မင်္ဂလာဆောင်ကုန်ကျစရိတ်များသည် တနေ့ထက်တနေ့ ပိုမိုမြင့်မားလာခဲ့သည်။ ထိုကဲ့သို့ ကုန်ကျစရိတ် မြင့်မားမှုနောက်ဆက်တွဲအဖြစ် ကိုဒိုင်လွမ်းကဲ့သို့ ကချင်လူငယ်များသည် မင်္ဂလာစရိတ်အတွက် ဖိအားများ ရင်ဆိုင်နေရသည်။

ကချင်မင်္ဂလာပွဲ ဘယ်လောက်ကုန်သလဲ

ကချင်မင်္ဂလာဆောင်တပွဲသည် နေရာဒေသနှင့် ဆင်းရဲချမ်းသာအပေါ် မူတည်ပြီး ကုန်ကျစရိတ် ကွာခြားနေသည့်အတွက် အတိအကျ တွက်ချက်ရ ခက်ခဲသည့် အခြေအနေဖြစ်သည်။ စစ်အာဏာမသိမ်းမီက မြစ်ကြီးနားမြို့မှ လူလတ်တန်းစား မိသားစုတစု၏ မင်္ဂလာဆောင်သည် ပျမ်းမျှအားဖြင့် ကျပ်သိန်း ၁၀၀ နှင့် ၂၀၀ ဝန်းကျင်ကြား ကုန်ကျသည်ဟု မင်္ဂလာပွဲကျင်းပခဲ့သူ တချို့ထံမှ သိရသည်။

မြစ်ကြီးနားမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလက ကျင်းပခဲ့သည့် လူ ၁,၅၀၀ ခန့် တက်ရောက်သော ၎င်း၏မင်္ဂလာဆောင်သည် ကျပ်သိန်း ၁,၀၀၀ ကျော် ကုန်ကျခဲ့သည်ဟု အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦးက ဆိုသည်။ “အဖေနဲ့အမေက မိန်းမတောင်းတာနဲ့ ကျွေးမွေးဧည့်ခံစရိတ်တွေကို တာဝန်ယူပေးတယ်။ ကျနော်ကတော့ ရွှေအတွက် တာဝန်ယူတာ။ အခုလို အခြေအနေနဲ့ဆို မင်္ဂလာဆောင်ဖို့ မလွယ်ဘူး။ ကျနော့်ပိုက်ဆံနဲ့ ကျနော် ဆောင်နိုင်ဖို့ဆိုတာ” ဟုလည်း သူက ပြောသည်။ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းများ၏ အကူအညီများဖြင့် မင်္ဂလာဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး သိန်း ၃၀၀ ကျော် ငွေသားလက်ဖွဲ့များ ပြန်လည်ရရှိခဲ့သည်ဟုလည်း ဆိုသည်။

တလ ၃ သိန်းရသော အစိုးရဝန်ထမ်းတဦးသည် ထိုကဲ့သို့ ကျပ်သိန်း ၁,၀၀၀ ကျော် ကုန်ကျမည့် မင်္ဂလာပွဲ ကျင်းပမည်ဆိုလျှင် နှစ်ပေါင်း ၃၀ ဝန်းကျင် စုဆောင်းရမည့် အခြေအနေဖြစ်သည်။ အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက မြစ်ကြီးနားမြို့တွင် လူ ၇၀၀ ခန့် တက်ရောက်ခဲ့သည့် မင်္ဂလာပွဲသည်လည်း ကျပ်သိန်း ၇၀၀ ခန့် ကုန်ကျခဲ့ကြောင်း ကချင်အမျိုးသားတဦးက ၎င်း၏မင်္ဂလာပွဲ ကုန်ကျစရိတ်ကို ပြောပြသည်။ ဤမင်္ဂလာဆောင် နှစ်ပွဲသည် ငွေကြေးချမ်းသာသော မိသားစု၏ မင်္ဂလာပွဲမဟုတ်ဘဲ သာမန်လူလတ်တန်းစား မိသားစု၏ မင်္ဂလာပွဲဖြစ်သည်။ ထို့ကြောင့် ငါးနှစ်ကျော်အတွင်း မင်္ဂလာဆောင် ကုန်ကျစရိတ်သည် ပျမ်းမျှအားဖြင့် ၄ ဆမှ ၅ ဆခန့် မြင့်တက်သွားသည်ကို မြင်တွေ့ရသည်။

ကုန်ကျစရိတ်များနေသည့် အဓိကကဏ္ဍများ

ကချင်လူမျိုးတို့၏ မင်္ဂလာဆောင်သည် အဓိကအားဖြင့် မိန်းမတောင်းရမ်းခြင်းနှင့် ဧည့်ခံကျွေးမွေးရာတွင် ငွေကုန်ကြေးကျ များသည်။ အခြားအထွေထွေကုန်ကျမှုများ ရှိသော်လည်း ဤနှစ်မျိုးမှာ ကုန်ကျစရိတ် အများဆုံးဖြစ်သည်။

ပထမအဆင့်အနေဖြင့် နှစ်ဖက်မိသားစု ကိုယ်စားလှယ်များမှတဆင့် ကချင်ရိုးရာဓလေ့အတိုင်း မိန်းမတောင်းရမ်းခြင်းကို ပြုလုပ်သည်။ ကချင်ရိုးရာအရ သတ်မှတ်ထားသည့် လက်ဆောင်ပစ္စည်းများနှင့် ကွမ်းဖိုးပမာဏများကို ဆွေးနွေးညှိနှိုင်းကြသည်။ ကွမ်းဖိုးအပြင် သတို့သမီးမိခင်ကို ဂုဏ်ပြုသည့်အနေဖြင့် ပေးရသော ဂနူမယန်ဂျာ (Kanu Mayan Ja) လည်း ပါဝင်သည်။ ယနေ့ခေတ်တွင် ဂနူမယန်ဂျာကို ရွှေတကျပ်သား ဆွဲကြိုးပေးအပ်ကြသော်လည်း မပေးမနေရဟု သတ်မှတ်ထားခြင်းမရှိဘဲ နောက်ပိုင်းတွင် ပေးနိုင်သည်ဟု သဘောတူညီမှုများလည်း ရှိသည်။ ထို့ပြင် လက်ထပ်လက်စွပ်ဖြစ်သည့် ရွှေမောင်းကွင်းတစုံသည်လည်း ကုန်ကျစရိတ်တွင် ပါဝင်နေသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရွှေတကျပ်သားသည် သိန်း ၁၀၀ ကျော်အထိ ရောက်ရှိနေ၍ ရွှေဖိုးအတွက်ပင် ကျပ်သိန်းရာချီ ကုန်ကျသည့် အခြေအနေဖြစ်သည်။ ထို့နောက် မိသားစုနှစ်ဖက်က သဘောတူညီမှု ရရှိပါက မင်္ဂလာနေ့ရက်ကို သတ်မှတ်ကာ မင်္ဂလာပွဲ ကျင်းပကြသည်။

ကချင်လူမျိုး အများစုသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပြီး ရိုးရာဓလေ့နှင့်အညီ တောင်းရမ်းပြီးနောက် ဘုရားကျောင်းတွင် လက်ထပ်ထိမ်းမြားကြသည်။ ဒုတိယအနေဖြင့် ငွေကုန်ကြေးကျများသည်မှာ ဧည့်ခံကျွေးမွေးခြင်း ဖြစ်သည်။ ကချင်မင်္ဂလာဆောင် အများစုသည် မြို့ပြ၊ ကျေးလက်၊ တောင်ပေါ်ဒေသ မရွေး ဧည့်ခံကျွေးမွေးရာတွင် ဟင်းပွဲ လေးမျိုးထက်မနည်း ကျွေးမွေးကာ ဖွယ်ဖွယ်ရာရာ ဧည့်ခံလေ့ရှိသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြစ်ကြီးနားမြို့၏ ကုန်ဈေးနှုန်းအခြေအနေမှာ ဆန်တအိတ်လျှင် အနည်းဆုံး ၁ သိန်းဝန်းကျင်၊ CP ကြက်သား တပိဿာလျှင် ၄၀,၀၀၀ ခန့်၊ ဝက်သား တပိဿာလျှင် ၅၀,၀၀၀ ကျော် ရှိနေသည်။ ထို့ကြောင့် ကျွေးမွေးစရိတ် မည်မျှကုန်ကျမည်ကို ခန့်မှန်းနိုင်သည်။

ပြောင်းလဲလာသော ခေတ်နှင့်အညီ အခြားအထွေထွေ ကုန်ကျစရိတ်တွင် ပန်းအလှဆင်ခြင်း၊ မင်္ဂလာဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးများလည်း ပါဝင်နေပြီး ဤသည်မှာလည်း ကုန်စရိတ်များကြောင်း ကိုဒိုင်လွမ်းက ဆိုသည်။ “ပန်းဖိုးနဲ့တင် မလွယ်ဘူး။ အခု ဘုရားကျောင်းမှာ ဆင်တဲ့ပန်းတွေ၊ ပြီးရင် ဗီနိုင်းဓာတ်ပုံတွေ၊ လူတိုင်းက လုပ်နေကြတာ။ ကိုယ်မလုပ်ရင်လည်း တမျိုးကြီးဖြစ်နေတယ်။ အဲဒါကြောင့် သူများလုပ်သလို ကိုယ်လည်း လိုက်လုပ်ရတယ်” ဟု သူက ပြောပြသည်။

သတို့သားမိသားစု ရင်ဆိုင်ရသည့် ငွေကြေးဖိအား

ကချင်ရိုးရာဓလေ့အရ သတို့သားမိသားစုသည် မိန်းမတောင်းရမ်းခြင်းမှ စတင်ပြီး မင်္ဂလာဆောင်ပြီးသည်အထိ ငွေကြေးပိုင်းဆိုင်ရာ များစွာကို တာဝန်ယူ ဆောင်ရွက်ရသည်။ သတို့သမီးမိသားစုမှာမူ သတို့သမီးအပ်နှင်းပွဲကို ငွေကြေးစိုက်ထုတ်ပြီး ပြုလုပ်ကြသည်။ ထို့ကြောင့် နှစ်ဖက်စလုံးမှ ငွေကြေးစိုက်ထုတ်ရသည့် အခြေအနေဖြစ်သည်။ သတို့သားမိသားစုသည် ပထမအဆင့်ဖြစ်သည့် မိန်းမတောင်းရမ်းချိန်မှစပြီး ငွေကြေးဖိအားများကို စတင်ရင်ဆိုင်ရသည်။

ကချင်အသိုင်းအဝိုင်းတွင် လူပြောများနေသည့်အချက်မှာ မိန်းမတောင်းရမ်းချိန်တွင် သတို့သမီးမိသားစုက စေလွှတ်လိုက်သော ရိုးရာကိုယ်စားလှယ် (Gawk Dung Salang) အချို့သည် ရိုးရာဓလေ့ကို ကိုင်စွဲကာ ငွေကြေးဖိအားပေးပြီး သတို့သားမိသားစုကို အခက်တွေ့အောင် ပြုလုပ်နေသည်ဟု ဆိုသည်။ ဤဖြစ်စဉ်မှာ ယခုမှ လူပြောများသော ကိစ္စရပ်မဟုတ်ဘဲ ရှေးရိုးစွဲရိုးရာလူကြီးအချို့ကြောင့် ယခင်ကတည်းက တည်ရှိနေသော အကျပ်အတည်းတခု ဖြစ်သည်။ ကွမ်းဖိုးအများအပြား တောင်းခံမှုနှင့် ပတ်သက်ပြီး ဖားကန့်ဒေသမှ ရိုးရာကိုယ်စားလှယ် အမျိုးသားတဦးက ၎င်း၏အမြင်ကို ယခုကဲ့သို့ ပြောသည်။ “အဓိကကတော့ သတို့သမီးဘက်က ဒူအသိုင်းအဝိုင်း (စော်ဘွား)၊ ပညာတတ်အသိုင်းအဝိုင်း၊ ပြောရရင် အသိုင်းအဝိုင်းကြီးတဲ့သူတွေဆိုရင် သူတို့ဘက်ကလည်း ပေးရမယ့်ဟာတွေ များနေလို့ အဲဒီလို တင်တောင်းငွေ များများတောင်းတဲ့ ပုံစံမျိုး ဖြစ်နေတာ” ဟု သူက ပြောဆိုသည်။

ရိုးရာကိုယ်စားလှယ်များ တောင်းဆိုသော ကွမ်းဖိုးပမာဏသည် ငွေကြေးပြည့်စုံသူများအတွက် အဆင်ပြေနိုင်သော်လည်း မပြည့်စုံသော သတို့သားမိသားစုအတွက်မှာမူ ဖိအားကြီးတခု ဖြစ်သည်။ ရိုးရာဓလေ့ကိုလည်း ထိန်းသိမ်းသင့်သကဲ့သို့ ရိုးရာကိုယ်စားလှယ် (Gawk Dung Salang) များကလည်း နှစ်ဖက်မိသားစုအခြေအနေကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ကိုဒိုင်လွမ်းက သူ့အမြင်ကို ပြောသည်။ “အရင်တုန်းက လူကြီးတွေ စဉ်းစားခဲ့တာ တမျိုးဖြစ်မှာပေါ့။ ဒါပေမဲ့ အခုခေတ်ဆိုရင်တော့ ရှေးထုံးကိုလည်း မပယ်ဘူး။ အခုခေတ်နဲ့ လျော်ညီအောင် ရိုးရာကိုယ်စားလှယ်တွေကလည်း မိဘတွေ၊ ပြီးရင် သားသမီးတွေ၊ ကာယကံရှင် နှစ်ယောက်ရဲ့ သဘောထားတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ယူဆတယ်” ဟု သူက ပြောဆိုသည်။

ကိုဒိုင်လွမ်းကဲ့သို့ ငွေကြေးခက်ခဲ၍ မင်္ဂလာစရိတ်အတွက် ပိုက်ဆံချေးငှားခြင်း၊ လယ်နှင့် ခြံများ ရောင်းချခြင်း၊ ကျွဲနွားများ ရောင်းချခြင်းပြုလုပ်ကာ မင်္ဂလာပွဲ ကျင်းပခဲ့ရသည့် ကချင်လူငယ် အများအပြား ရှိနေသည်။ ပိုက်ဆံချေးကာ မင်္ဂလာပွဲပြုလုပ်ခဲ့သည့် အသက် ၃၈ နှစ်အရွယ် မြစ်ကြီးနားမြို့ခံ ခရစ်ယာန် ဘာသာရေးဆရာတဦးကလည်း ၎င်း၏အတွေ့အကြုံကို ပြောပြသည်။ သူက “အကြွေးနဲ့ ပိုက်ဆံချေးပြီး လုပ်တာ။ မိန်းမက ကျောင်းဆရာမလုပ်တဲ့အချိန် စုကြေးထည့်ပြီးတော့ အဲဒီလို ဖြေရှင်းပြီးတော့ မင်္ဂလာဆောင်ပြီးမှ ဖြည်းဖြည်းချင်းစီ ဆပ်သွားတာပေါ့။ အဲဒီနှစ်မှာပဲ အကြွေးတော့ ကြေသွားတယ်” ဟု ပြောသည်။ ကချင်မင်္ဂလာဆောင်အချို့သည် မင်္ဂလာပွဲပြီးနောက် မိဘနှင့် ဇနီးမောင်နှံအများစု အကြွေးဝန်ပိသွားခြင်းသည် မထူးခြားသည့် အခြေအနေတရပ်အဖြစ် ကချင်အသိုင်းအဝိုင်းအတွင်း ပြောဆိုလျက်ရှိသည်။

ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် (JHG) ၏ အခန်းကဏ္ဍ

ဗြိတိန်အခြေစိုက် Minority Rights Group ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ကချင်လူမျိုး လူဦးရေ ၁ သန်းခန့် ရှိသည်ဟု ဆိုသည်။ ကချင်လူမျိုးတို့၏ စီးပွားရေးလုပ်ငန်းအများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ သယံဇာတနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဈေးရောင်းခြင်း၊ အစိုးရနှင့် NGO ဝန်ထမ်းများ၊ အထွေထွေလုပ်သားများအဖြစ် လုပ်ကိုင်ကြသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အရ ပဋိပက္ခများကြောင့် ကချင်ပြည်နယ်တွင် စစ်ရှောင် ၂ သိန်းကျော် ရှိနေသည်။ ထိုအခြေအနေတွင် ငွေကျပ် သိန်းရာချီ ကုန်ကျမည့် မင်္ဂလာပွဲအတွက် မည်မျှခက်ခဲနေမည်မှာ မေးခွန်းထုတ်စရာ မလိုတော့သည့် အခြေအနေ ဖြစ်လာသည်။

မြစ်ကြီးနားမြို့ရှိ ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် (JHG) သည် ရိုးရာဓလေ့နှင့်အညီ ကုန်ကျစရိတ် သက်သာစွာဖြင့် လူငယ်များကို မင်္ဂလာလက်မှတ် ပေးနေသည်ဟု ၎င်းအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “ကုန်ကျစရိတ် အရမ်းများလာလို့ မင်္ဂလာဆောင်ဖို့ အရမ်းခက်လာပြီဆိုရင် JHG ရုံးမှာ နှစ်ယောက်စလုံး သဘောတူရင် အကုန်စီစဉ်ပေးပါတယ်။ မိန်းမတောင်းတဲ့ ကွမ်းဖိုးတွေကတော့ နောက်ပိုက်ဆံရှိမှ ပေးပေါ့။ အခုက ကွမ်းဖိုး မပေးနိုင်သေးတဲ့သူတွေ ရှိနေတော့ မင်္ဂလာလက်မှတ်ပေးပြီး လက်ထပ်ပေးတဲ့ သဘောပေါ့” ဟု သူက ပြောဆိုသည်။ လွန်ခဲ့သည့် သုံးလခန့်က ၎င်းတို့ရုံးတွင် လူငယ်စုံတွဲအား အကျဉ်းချုံး ပြုလုပ်ပေးခဲ့သည့် မင်္ဂလာလက်မှတ် ပေးအပ်ပွဲသည် ကျပ်သိန်း ၃၀ ကျော်သာ ကုန်ကျခဲ့ကြောင်းလည်း သူက ဆိုသည်။

ကချင်ရိုးရာယဉ်ကျေးမှုအရ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လူငယ်များကို ၎င်းတို့ JHG ရုံးတွင် မင်္ဂလာလက်မှတ် ပေးအပ်နေပြီး အဓိကအားဖြင့် မင်္ဂလာမဆောင်ဘဲ အတူနေထိုင်ခြင်းကို ကာကွယ်လိုသည့် ရည်ရွယ်ချက် ဖြစ်သည်ဟု ၎င်းက ပြောသည်။ သို့သော် တဖက်တွင်လည်း မိဘများ၏ သဘောမတူမှုများ၊ ဘာသာရေးအရ ဘုရားကျောင်းတွင် မင်္ဂလာပွဲ မကျင်းပခြင်းတို့နှင့် ပတ်သက်ပြီး ဝေဖန်သံများ ထွက်ပေါ်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဆွေးနွေးသင့်သည့် အကြောင်းအရာတခု

ကချင်ရိုးရာဓလေ့အတိုင်း မိန်းမတောင်းရမ်းခြင်းနှင့် မင်္ဂလာပွဲပြုလုပ်ခြင်းများသည် နေရာဒေသအလိုက်၊ ဆင်းရဲချမ်းသာအပေါ် မူတည်နေသောကြောင့် စံနှုန်းတခုအနေဖြင့် သတ်မှတ်ရန် ခက်ခဲနေကြောင်း ကချင်လူမှုအသိုင်းအဝိုင်းက ပြောဆိုနေကြသည်။ ထို့ပြင် ငွေကြေးဖိအားများ ပေးနေသည့် ရိုးရာကိုယ်စားလှယ် (Gawk Dung Salang) အချို့၏ အခန်းကဏ္ဍကိုလည်း ပြန်လည်စဉ်းစားသင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။

မိန်းမတောင်းရမ်းခြင်းနှင့် မင်္ဂလာပွဲစီစဉ်ရာတွင် ၆ ကြိမ်ထက်မနည်း ကူညီဆောင်ရွက်ပေးခဲ့သည့် မြစ်ကြီးနားမြို့ခံ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတဦးက ရိုးရာကိုယ်စားလှယ်များ ရွေးချယ်ရာတွင် လူငယ်လူရွယ်များအား ရွေးချယ်သင့်ကြောင်း သူ့အမြင်ကို ပြောသည်။ “ရိုးရာကိုယ်စားလှယ်တွေကို ရွေးမယ်ဆိုရင် နှစ်ဖက်မိသားစုရဲ့ အခက်အခဲကို နားလည်ပေးနိုင်ပြီး ပညာတတ်၊ အသက် သိပ်မကြီးတဲ့ အခုခေတ် လူငယ်တွေကို ထည့်ရင် ကောင်းမယ်လို့ ထင်တယ်” ဟု သူက ဆိုသည်။ ကချင်မိဘအများစုသည် မပြည့်စုံသော်လည်း သားသမီးများ၏ မင်္ဂလာပွဲကို ချေးငှားရောင်းချကာ ကျင်းပပေးလေ့ရှိပြီး ထိုသို့ ပြုလုပ်ခြင်းမှာ ရိုးရာဓလေ့ကို ထိန်းသိမ်းသကဲ့သို့ သားသမီးများ မျက်နှာမငယ်ရအောင် စီစဉ်ပေးခြင်းဖြစ်ကြောင်းလည်း သူက ပြောသည်။

ကချင်လူငယ်အချို့မှာမူ မင်္ဂလာပွဲအရွယ်အစားထက် အနာဂတ်အိမ်ထောင်ရေး သာယာမှုက ပိုအရေးကြီးသည်ဟု ဆိုသည့် အမြင်များလည်း ရှိနေသည်။ မင်္ဂလာပွဲအတွက် ကုန်ကျမည့် ငွေကြေးများကို ရှေ့ဆက်သွားမည့် အိမ်ထောင်သစ်အတွက် အသုံးပြုခြင်းက ပိုအကျိုးရှိမည်ဟု ယူဆကြောင်း မြစ်ကြီးနားမြို့ခံ ကချင်လူငယ် အမျိုးသမီးတဦးက ၎င်းအမြင်ကို ပြောသည်။ “ကိုယ့်အမြင်အရတော့ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် လုပ်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ မင်္ဂလာပွဲဆိုတာ လူရှေ့မှာ အခမ်းအနား လုပ်ပြတာထက် နှစ်ယောက်ဘဝ စတင်မယ့် အရေးကြီးတဲ့ နေ့တနေ့ပါ။ အရေးကြီးတာက ပွဲအရွယ်အစားမဟုတ်ဘဲ အဓိပ္ပာယ်ရှိမှုပါ” ဟုလည်း သူက ပြောပြသည်။

တိုင်းပြည်စီးပွားရေး အခြေအနေ ကောင်းမွန်လာခြင်း မရှိသေးသရွေ့ မင်္ဂလာဆောင်ရန် ပြင်ဆင်နေသည့် ကိုဒိုင်လွမ်း အပါအဝင် ကချင်လူငယ်များနှင့် မိဘများသည် မင်္ဂလာစရိတ်အတွက် ဖိအားများကို ဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်သည်။ မင်္ဂလာဆောင်လုပ်ငန်းစဉ်ကို ရိုးရာဓလေ့နှင့်အညီ ပြုလုပ်သွားမည် ဖြစ်သော်လည်း အခြားကုန်ကျစရိတ်များကို သက်သာအောင် ပြုလုပ်သွားမည်ဟု ကိုဒိုင်လွမ်းက ပြောသည်။ “အဓိကကတော့ ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချမယ့် နည်းလမ်းတခုပဲ စဉ်းစားထားတယ်။ ဥပမာ မင်္ဂလာပွဲမှာ ဟင်းပွဲက လေးပွဲ၊ ငါးပွဲ မလုပ်ဘဲ ဟင်းပွဲ နှစ်ပွဲလောက်နဲ့ပဲ။ ပြီးရင် ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ကျစ်ကျစ်လျစ်လျစ်လေးပေါ့။ ပန်းဖိုးတွေလည်း အရမ်းကြီး မကုန်အောင် အရေးကြီးတဲ့ နေရာလောက်မှာပဲ သုံးမယ်” ဟု သူက ဆိုသည်။

အချုပ်အားဖြင့် ဆိုရလျှင် ရိုးရာဓလေ့များကို ထိန်းသိမ်းရင်း ငွေကြေးအကျပ်အတည်း ကင်းသည့် မင်္ဂလာပွဲပုံစံမျိုး ဖြစ်ပေါ်လာစေရန် ကချင်လူမှုအသိုင်းအဝိုင်းအတွင်း ဆက်လက်ဆွေးနွေးရမည့် အရေးကြီးသော အကြောင်းအရာတရပ် ဖြစ်နေပါသည်။

]]>
အမျိုးသားများလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံနေရသည် https://burma.irrawaddy.com/opinion/viewpoint/2026/02/27/411377.html Fri, 27 Feb 2026 02:31:44 +0000 https://burma.irrawaddy.com/?p=411377 အမျိုးသားတွေဟာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာတွေ၊ အမြတ်ထုတ်ခံရတာတွေ ကြုံတွေ့နေရပေမယ့် ဘယ်သူကမှ အရေးတယူ ပြောဆိုတာတွေ မတွေ့ရပါဘူး။]]>

မြန်မာနိုင်ငံလို ဘာသာတရား၊ ယဉ်ကျေးမှုနဲ့ လူ့အသိုင်းအဝိုင်းတွေကြောင့် လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) ဖြစ်ရတဲ့ ဘဝက ခက်ခဲပါတယ်။ LGBT ဖြစ်ပြီဆိုရင် အနှိမ်ခံရ၊ မိသားစုရဲ့ ပစ်ပယ်တာခံရ၊ အလုပ်ခွင်မှာ ခွဲခြားခံရ၊ အခြားသူတွေရဲ့ လှောင်ရယ်စရာ တခုလိုလို အသုံးချခံနေရတာတွေနဲ့ ရောဂါသည်တွေလို ခွဲခြားဆက်ဆံခံနေရတဲ့ အခြေအနေပါ။

မြန်မာနိုင်ငံမှာ LGBT တွေကို သူတို့မကြိုက်တဲ့ နာမ်စားအမျိုးမျိုး၊ အခေါ်အဝေါ် အမျိုးမျိုးနဲ့ သုံးနှုန်းခေါ်ဆိုနေတာ ခေတ်အဆက်ဆက် ဖြစ်ပါတယ်။ တပါးသူ မကြိုက်တဲ့နာမည်ကို မခေါ်တာကလည်း လူ့ယဉ်ကျေးမှုဖြစ်သလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားသူဆိုရင်လည်း သူကြိုက်တဲ့ အမည်နာမကိုပဲ ခေါ်ပေးရမှာပါ။

ကမ္ဘာကြီးမှာ ၁၉၅၀ ပြည့်နှစ် နောက်ပိုင်း အမေရိကန်က ဟာရီဟေး (Harry Hay)လို မတ်တာရှင်း အဖွဲ့အစည်း (Mattachine Society) ကနေ ဂေးအခွင့်အရေးတွေ၊ တန်းတူညီမျှရေးတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့အတွက် ၂၁ ရာစုမှာတော့ LGBT တွေဟာ အတိုင်းအတာတခုထိ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။

အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး လိင်တူချင်း တရားဝင် လက်ထပ်ခွင့် ရရှိသွားလို့ LGBT အသိုင်းအဝိုင်းအတွက်တော့ ဝမ်းမြောက်စရာ သတင်းတခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ တရားဝင် လိင်တူလက်ထပ်ခွင့် မရသေးပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs)၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အလုပ်ခေါ်စာတွေ၊ သင်တန်းခေါ်စာတွေမှာ LGBT တွေကို ဦးစားပေးလာတဲ့ အပြောင်းအလဲတွေကို မြင်တွေ့လာရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းဟာလည်း LGBT တယောက်ဖြစ်သလို နိုင်ငံတကာကို ကြည့်မယ်ဆိုရင်လည်း နယ်သာလန် ဝန်ကြီးချုပ်ဖြစ်ဖို့ ရေပန်းစားနေတဲ့ ရော့ဘ် ဂျက်တန် (Rob Jetten) ဟာ LGBT ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လိုပဲ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ စတဲ့ နယ်ပယ်အသီးသီးမှာ ထူးချွန်ထက်မြက်တဲ့ LGBT တွေ အများကြီး ရှိပါတယ်။ အမျိုးသားတွေထက်တောင် အားကိုးရပြီး မိသားစုကို လုပ်ကျွေးနေတဲ့ LGBT တွေ ရှိသလို အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး ကြိုးစားနေတဲ့ LGBT တွေလည်း မြန်မာနိုင်ငံမှာ အများကြီး ရှိနေပါတယ်။

ဒီလို LGBT အသိုင်းအဝိုင်းကို ပုံသက်သေကောင်းပြတဲ့သူတွေ၊ လေးစားအတုယူသင့်သူတွေ ရှိသလို တဖက်မှာလည်း အမျိုးသားတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်နေတဲ့ LGBT တချို့လည်း ရှိနေပါတယ်။

ဒီနေရာမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေဟာ လူနည်းစုတစု (ဒါမှမဟုတ်) အသိုင်းအဝိုင်းတခုနဲ့ မသက်ဆိုင်ဘဲ တဦးတယောက်ရဲ့ မကောင်းမှု၊ ကျူးလွန်မှုသာ ဖြစ်တယ်ဆိုတာ သတိချပ်စေလိုပါတယ်။

အမျိုးသားတွေ ဘယ်လို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုခံနေရလဲ

နေ့စဉ် လူမှုဘဝမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရသူတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသူတွေဆိုရင် အားလုံးက အမျိုးသမီးတွေပဲ ကြုံတွေ့ခံစားနေရတယ်လို့ လက်ခံထားကြပါတယ်။

တကယ်တော့ အမျိုးသားတွေဟာလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာ၊ အမြတ်ထုတ်ခံရတာတွေ ကြုံတွေ့နေရပေမယ့် ဘယ်သူကမှ အရေးတယူ ပြောဆိုတာတွေ မတွေ့ရပါဘူး။ အမျိုးသားတွေရဲ့ တိတ်ဆိတ်နေမှု အားနည်းချက်ကို အသုံးချပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မယ့်သူတွေက တနေ့ထက်တနေ့ ပိုပိုအတင့်ရဲလာတဲ့ အခြေအနေ ဖြစ်နေပါတယ်။

လိင်အမြတ်ထုတ်နေသူတွေဟာ အမျိုးသားတွေကို အွန်လိုင်းနှောင့်ယှက်မှု (Online Harassment)၊ ရုပ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Physical Harassment) တွေနဲ့ ထိပါးနှောင့်ယှက်နေပါတယ်။ အွန်လိုင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကတော့ ဆိုရှယ်မီဒီယာတွေကနေ ညစ်ညမ်းစကား ပြောလာတာ၊ ညစ်ညမ်းဗီဒီယိုတွေပို့တာ၊ မဖွယ်မရာပုံတွေ ပို့တာနဲ့ လိင်ဆက်ဆံဖို့ မြူဆွယ်တာတွေပါ။

ရုပ်ပိုင်းဆိုင်ရာ နှောင့်ယှက်တာကတော့ ခန္ဓာကိုယ်ကို ပွတ်သပ်ကိုင်တွယ်တာ၊ နမ်းဖို့ကြိုးစားတာ၊ အမျိုးသားအင်္ဂါကို အတင်းအဓမ္မ ကိုင်တာနဲ့ အဆိုးဆုံးကတော့ အရက်မူးအောင်တိုက်ပြီး မဖွယ်မရာ ပြုကျင့်ဖို့ ကြံရွယ်တာတွေ ဖြစ်ပါတယ်။

ဆောင်းပါးရှင်အနေနဲ့ နယ်ပယ်အသီးသီးက လူငယ်အမျိုးသား ၂၀ ဝန်းကျင်ကို မေးမြန်းခဲ့ရာမှာ တဝက်လောက်က သူတို့ဘဝမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို အွန်လိုင်းကနေရော၊ ရုပ်ပိုင်းဆိုင်ရာနဲ့ပါ ထိပါးနှောင့်ယှက်ခံခဲ့ရဖူးတယ်လို့ ရင်ဖွင့်ကြပါတယ်။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်သူတွေဟာ အွန်လိုင်းက သူစိမ်းတွေသာမက သူတို့နဲ့ ရင်းနှီးသူတွေ၊ လုပ်ငန်းခွင်အတွင်းက လုပ်ဖော်ကိုင်ဖက်တွေ၊ စာသင်ကျောင်းတုန်းက သင်ကြားရေးဝန်ထမ်းနဲ့ ထင်ပေါ်ကျော်ကြားသူ တချို့လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနိုင်ပေမယ့် ဒီလိုဖြစ်စဉ်တွေဟာ တကယ်ကြုံတွေ့ခံစားခဲ့ရတဲ့ အမျိုးသားတွေအတွက်တော့ ဘဝတလျှောက်လုံး စိတ်ပိုင်းဆိုင်ရာအနာတခု ကျန်ရစ်နေမှာပါ။

အသက်ပြည့်ပြီး နှစ်ဦးသဘောတူ ဆန္ဒအရကလွဲပြီး အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာနဲ့ အမြတ်ထုတ်တာကို ဥပဒေရေးရာအရရော၊ လူ့အသိုင်းအဝိုင်းကရော၊ LGBT အသိုင်းအဝိုင်းကပါ လက်ခံမယ့်ကိစ္စ မဟုတ်ပါဘူး။

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို တိတ်ဆိတ်မနေသင့်

၂၀၂၄ ခုနှစ်က ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာမှာ ယာယီကျောင်းအုပ်ကြီးက အသက်မပြည့်သေးတဲ့ ကျောင်းသား ၃၁ ယောက်ကို အဓမ္မကျင့်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ၂၀၁၇ ခုနှစ်က ဗြိတိန်သမိုင်းမှာ အမျိုးသား ၁၉၅ ဦးကို ဆေးခတ်ပြီး အဓမ္မမှု ကျူးလွန်ခဲ့တဲ့ အင်ဒိုနီးရှားကျောင်းသားရဲ့ ဖြစ်စဉ်တွေဟာ လက်ရှိခေတ်မှာ အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေရဲ့ဘဝဟာလည်း လုံခြုံမှုမရှိတော့တဲ့ အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။

ဒီသတင်းတွေရဲ့အောက်မှာ မှတ်ချက်ပြုသူတွေကတော့ သားယောကျာ်းမွေးထားတာတောင် စိုးရိမ်နေရတဲ့ခေတ်၊ အမျိုးသားတွေရဲ့ဘဝလည်း မလုံခြုံတော့တာတွေ၊ အရက်သောက်ခေါ်ရင် သတိထားသင့်တာတွေ၊ ကျူးလွန်သူတွေကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူသင့်တယ် စတဲ့ မှတ်ချက်တွေကို မြင်တွေ့ရမှာပါ။

လိင်တူကျူးလွန်တဲ့ အဓမ္မမှုကတော့ ပုဒ်မ (၃၇၇) ဖြစ်ပြီး ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ပြစ်မှု ဖြစ်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။ သဘာဝမဟုတ်တဲ့ လိင်ဆက်ဆံမှုနဲ့ အဓမ္မပြုကျင့်ခဲ့ရင် ကျူးလွန်သူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ထောင်ဒဏ် ဆယ်နှစ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “အမှောင်ရိပ်ထဲက ဘဝများ” အစီရင်ခံစာမှာ ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ (၃၇၇) ဟာ LGBT တွေအပေါ် ခွဲခြားဖိနှိပ်မှု၊ ခြိမ်းခြောက်ငွေညှစ်မှုတွေ ဖြစ်နေတဲ့အတွက် ဒီဥပဒေကို ပြင်ဆင်နိုင်ဖို့ LGBT တွေ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

LGBT တွေကို ဖိနှိပ်ထားတဲ့ ပုဒ်မ (၃၇၇) ကို ပြင်ဆင်ဖို့လိုသလို တဖက်မှာလည်း လိင်တူချင်း အဓမ္မပြုကျင့်တဲ့လူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ ဥပဒေဖြစ်အောင် ပြန်လည်သုံးသပ်ဖို့လည်း လိုအပ်နေပြီ ဖြစ်ပါတယ်။

အမျိုးသားတွေအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာကို အပျော်သဘော စနောက်ခံရတဲ့ ကိစ္စတခုလို မသတ်မှတ်ဘဲ သည်းခံမှု အတိုင်းအတာ သုည (Zero tolerance) အနေနဲ့ ခံယူသင့်ပါတယ်။

ဒါ့ပြင် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကို တိတ်ဆိတ်မနေသင့်ဘူးဆိုတဲ့ အသိပညာပေးလုပ်ငန်းတွေကို စာသင်ကျောင်းတွေမှာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ရင် အနာဂတ်မှာ ကျူးလွန်မှုတွေကို ထိထိရောက်ရောက် လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။

အဆုံးသတ်အနေနဲ့ မိမိရဲ့ ချစ်ခြင်းမေတ္တာကို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေနဲ့ ပုံသက်သေကောင်းပြမယ်ဆိုရင် မိမိအတွက်ပါမက မိမိအသိုင်းအဝိုင်းအတွက်ပါ ပုံရိပ်ကောင်းတွေ ရရှိလာမှာ ဖြစ်သလို အနာဂတ်မှာ LGBT တန်းတူအခွင့်အရေးတွေ ပြောဆိုလာချိန်မှာ ဆူးငြောင့်ခလုတ် ကင်းကင်းနဲ့ သာယာတဲ့ လူ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(အောရာရာသည် အလွတ်သတင်းထောက်တဦး ဖြစ်သည်။)

]]>
ဆေးရုံထဲက အော်ငေါက်သံတွေ ဘယ်တော့ အဆုံးသတ်နိုင်မလဲ https://burma.irrawaddy.com/opinion/viewpoint/2026/01/31/410504.html Sat, 31 Jan 2026 06:03:57 +0000 https://burma.irrawaddy.com/?p=410504 ဆေးရုံကို ရောက်လာတဲ့ လူနာတယောက်ဟာ နာကျင်မှု ဝေဒနာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုပါ သယ်ဆောင် လာနိုင်ပါတယ်။]]>

ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ကလေးပွေ့ မှားသွားရာကနေ ဖြစ်ပေါ်လာတဲ့ ခါးနာ ဝေဒနာကြောင့် ပုဂ္ဂလိက ဆေးရုံတခုမှာ သွားပြဖြစ်ခဲ့ပါတယ်။

ဆရာဝန် အခန်းထဲ ဝင်လိုက်ချိန်မှာ သက်လတ်ပိုင်း အမျိုးသား ဆရာဝန်တဦးက “မင်္ဂလာပါ” ဆိုပြီး အပြုံးနဲ့ နှုတ်ဆက် စကားတွေ ဆိုလာတာကြောင့် တခဏတာတောင် အံ့အားသင့်မိသွားပါတယ်။

ကျနော့် အသက် ၃၀ ကျော်အတွင်း ဒီလို နွေးနွေးထွေးထွေး ကြိုဆိုတဲ့ ဆရာဝန်မျိုး ဆိုတာ မကြုံဘူးသလောက်ပါပဲ။ ဆရာဝန်က အသေးစိတ် မေးမြန်းပြီး ခါးနာသက်သာအောင် ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမယ်ဆိုတာ အချိန်ယူပြီး အသေးစိတ် ရှင်းပြပါတယ်။

ဆရာဝန်ရဲ့ ရှင်းပြမှု ဘယ်လိုကောင်းသလဲ ဆိုရင် ကျန်းမာရေး စာဆောင်ထဲက ဆောင်းပါးတပုဒ်ကို နားထောင်လိုက်ရ သလိုပဲ။ ဆရာဝန်ပေးတဲ့ ဆေးသောက်ပြီး လေ့ကျင့်ခန်း လုပ်လိုက်ချိန်မှာတော့ ရက်ပိုင်းအတွင်းမှာပဲ ခါးနာသက်သာ လာပါတယ်။

နွေးထွေးတဲ့ ဆက်ဆံမှုတခုက နာကျင်နေတဲ့ ဝေဒနာကိုသာမက စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို လျော့ချပေးနိုင်တယ် ဆိုတာ ကိုယ်တိုင် ခံစားခဲ့ရပါတယ်။

နွေးထွေးတဲ့ ဆက်ဆံမှုတခုက နာကျင်နေတဲ့ ဝေဒနာကိုသာမက စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို လျော့ချပေးနိုင်တယ် ဆိုတာ ကိုယ်တိုင် ခံစားခဲ့ရပါတယ်။

ငွေကြေး အကုန်အကျများတဲ့ အထူးကုပုဂ္ဂလိက ဆေးရုံတွေဆိုတာ အဲ့ဒီလို ဝန်ဆောင်မှုတွေ ပါဝင်တာကို နားလည်ပေမယ့် မြန်မာနိုင်ငံလို အခြေခံ လူတန်းစားတွေ အားကိုးနေရတဲ့ အစိုးရ ပြည်သူ့ ဆေးရုံတွေရဲ့ ဝန်ဆောင်မှုကို ကြုံတွေ့လိုက်ရမယ် ဆိုရင် မေးခွန်းတွေ ပေါ်ထွက်လာပါလိမ့်မယ်။

ဆေးရုံဆိုတာ လူနာတွေ အနာကျင်ဆုံး ခံစားရတဲ့နေရာ၊ စိတ်ဖိစီးမှု အများဆုံး နေရာ ဖြစ်တဲ့အတွက် နွေးထွေးစွာ ဆက်ဆံ ပေးဖို့ အရေးကြီးသလို ဆေးရုံတခုရဲ့ အရည်အသွေးကို တိုင်းတာတဲ့ အချိန်မှာ ကုသရေး၊ ဆေးပစ္စည်း၊ အဆောက် အအုံတင် မဟုတ်ဘဲ “လူနာတွေကို ဘယ်လို ဆက်ဆံသလဲ” ဆိုတာကလည်း အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အစိုးရ ပြည်သူ့ဆေးရုံတွေမှာ “လူနာများကို နွေးထွေးစွာ ကြိုဆိုပါ၊ စေတနာဖြင့် ပြုစုကုသပေးပါ” ဆိုပြီး လူအများ မြင်အောင် ရေးသားထားတာ ဖြစ်ပါတယ်။

ဆောင်ပုဒ်တွေကတော့ အနှစ်သာရ ပြည့်နေပေမယ့် အစိုးရ ပြည်သူ့ဆေးရုံတွေမှာ ဆောင်ပုဒ်ထဲက အတိုင်း နွေးထွေးမှု တွေကို လူနာတွေ တကယ် ခံစားနေရပါသလား ဆိုတာကတော့ ဆေးရုံရောက်ဖူးတဲ့သူတွေ အသိဆုံးဖြစ်မှာပါ။

ကျန်းမာရေး ဝန်ထမ်းတွေ နွေးထွေးစွာ ဆက်ဆံနေလား

ကျနော်တို့ လူမှုဘဝမှာ နေ့စဉ် ကြုံတွေ့နေရတဲ့၊ မြင်တွေ့နေရတဲ့ အရာတွေထဲမှာ အစိုးရဆေးရုံက ဆရာဝန်၊ သူနာပြု ဆရာမတွေနဲ့ ကျန်းမာရေး ဝန်ထမ်း တချို့ဟာ အရပ်စကားနဲ့ဆိုရင် အပေါက်ဆိုးပြီး လူနာတွေကို အော်ငေါက်နေတယ်လို့ မကြာခဏ မြင်နေ ကြားနေရပါတယ်။

အွန်လိုင်းခေတ် ဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာတွေမှာ ဆေးရုံက သူနာပြုတွေ၊ ဆရာဝန်တွေက လူနာတွေအပေါ် ဆိုးဝါးတဲ့ ဆက်ဆံရေး အပြုအမှုတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်တဲ့ ပိုစ့်တွေ ဆိုရှယ်မီဒီယာတွေမှာ မကြာခဏ မြင်တွေ့နေရ ပါတယ်။

အွန်လိုင်းခေတ် ဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာတွေမှာ ဆေးရုံက သူနာပြုတွေ၊ ဆရာဝန်တွေက လူနာတွေအပေါ် ဆိုးဝါးတဲ့ ဆက်ဆံရေး အပြုအမှုတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်တဲ့ ပိုစ့်တွေ ဆိုရှယ်မီဒီယာတွေမှာ မကြာခဏ မြင်တွေ့နေရ ပါတယ်။

ပြန်လည်ဝေမျှသူတွေ၊ မှတ်ချက် ပြုသူတွေကလည်း သူတို့လည်း ကြုံတွေ့ဖူးတယ်လို့ မှတ်ချက် ပြုကြပါတယ်။

ကျနော့် အတွေ့အကြုံထဲက တခု ဆိုရင်လည်း မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ လူနာသွားတွေ့ချိန် ဘေးနားက လူနာကို သန့်သန့်ရှင်းရှင်း မနေလို့ဆိုပြီး သူနာပြုဆရာမက တဆောင်လုံး ကြားအောင် အော်ငေါက်နေပါတယ်။

လူနာရဲ့ ဆင်းရဲ နွမ်းပါး နေတဲ့ပုံစံ၊ ဆေးရုံအဆောင် မြင်ကွင်း၊ အနံအသက်တွေနဲ့ အော်ငေါက်သံတွေကြောင့် ကျနော်တောင် စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေဟာ လူနာတွေကို လေးစားမှုမရှိတာ၊ ခွဲခြား ဆက်ဆံတာ၊ လူရှေ့သူရှေ့မှာ အော်ငေါက်တာ၊ လူနာတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြခြင်း မရှိတာတွေကတော့ ဆေးရုံရောက်ဖူးသူတွေရဲ့ မှတ်ချက်တွေ ဖြစ်ပါတယ်။

တချို့ဆရာဝန်တွေ ဆိုရင် အစိုးရဆေးရုံတွေမှာ မဆိုထားနဲ့ သူတို့ကိုယ်ပိုင် ဆေးခန်းတွေမှာတောင် လူနာတွေကို အချိန်ပေး မေးမြန်းတာမျိုးမရှိဘဲ “ဘာဖြစ်တာလဲ”၊ “ထိုင်”၊ “လှဲ” လောက်သာ ပြောတတ်ပြီး လူနာတွေဘက်က မေးခွန်းတွေ မေးရင် အော်ငေါက်တတ်တဲ့ ဆရာဝန်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နဂိုကတည်းက ကျန်းမာရေး ချို့ယွင်းနေပြီး နာကျင်နေတဲ့ အတွက် အစိုးရဆေးရုံ လာချိန်မှာ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ဆိုးဝါးတဲ့ ဝန်ဆောင်မှုတွေကြောင့် တပူပေါ် နှစ်ပူ ဆင့်ခဲ့ရတဲ့ လူနာတွေ အများကြီးရှိနေမှာ အမှန်ပါပဲ။

ကျန်းမာရေး ဝန်ထမ်းတွေ ဘာ့ကြောင့် အော်ငေါက်ကြတာလဲ

ဆရာဝန်နဲ့ သူနာပြု အလုပ်ဟာ သူတပါးရဲ့ အသက်ကို ကယ်တင်ရတဲ့ အလုပ်ဖြစ်ပြီး ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ်ဖြစ်သလို မွန်မြတ်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။

အစိုးရက ပေးတဲ့ လစာနည်းနည်းနဲ့ ဖိအားများစွာ ကြားထဲကနေ အလုပ်လုပ်နေရသူတွေ ဖြစ်ပြီး တခါတလေ လူနာရှင်တွေ ရဲ့ အော်ငေါက် ဆူပူတာ၊ လူနာနဲ့ လူနာရှင်တွေရဲ့ ဆရာပြန်လုပ်ခြင်း ခံရတာ၊ စကားနားမထောင်ဘဲ ကလန်ကဆန် လုပ်တဲ့ သူတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။

ကျနော့်အသိ သူနာပြုတယောက် ဆိုရင် လူနာရှင်တွေခေါ်တာ မြန်မြန်မလာလို့ ဆိုပြီး မကြာခဏ အော်ငေါက်ခံရတာ၊ အလုပ်ပိပြီး ဖိစီးမှု များတာတွေနဲ့ လစာ မလုံလောက်တာတွေကြောင့် သူချစ်တဲ့ သူနာပြု အလုပ်ကို စွန့်လွှတ် သွားခဲ့ပါတယ်။

လူနာတွေကို အော်ငေါက်ရတဲ့ အကြောင်းတွေကတော့ လူနာတွေ စည်းကမ်း မလိုက်နာတာ၊ အလုပ်ဖိစီးမှု များတာကြောင့် စိတ်မရှည်နိုင်တော့တာ၊ တချို့လူနာရှင်တွေက သူနာပြုတွေကို လေးစားစွာ ဆက်ဆံခြင်း မရှိတာ၊ နူးညံ့စွာ ပြောဆိုတာကို နားမထောင်ဘဲ အော်ငေါက်မှ စကား နားထောင်တာတွေကြောင့်လို့ သူနာပြုတွေဆီက သိရပါတယ်။

လူနာတွေကို အော်ငေါက်ရတဲ့ အကြောင်းတွေကတော့ လူနာတွေ စည်းကမ်း မလိုက်နာတာ၊ အလုပ်ဖိစီးမှု များတာကြောင့် စိတ်မရှည်နိုင်တော့တာ၊ တချို့လူနာရှင်တွေက သူနာပြုတွေကို လေးစားစွာ ဆက်ဆံခြင်း မရှိတာ၊ နူးညံ့စွာ ပြောဆိုတာကို နားမထောင်ဘဲ အော်ငေါက်မှ စကား နားထောင်တာတွေကြောင့်လို့ သူနာပြုတွေဆီက သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးစနစ် မကောင်းတာ၊ ကျန်းမာရေး အသုံးစရိတ် ဘတ်ဂျက် နည်းပါးတာ၊ ပြည်သူ့ဆက်ဆံရေး အတတ်ပညာ နဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေအတွက် သင်တန်းတွေ လုံလောက်မှု မရှိတာ၊ လူနာနဲ့ ကျန်းမာရေး ဝန်ထမ်း အင်အား မမျှတတာ၊ ကျန်းမာရေး ဝန်ထမ်းတွေ အလုပ်ပိတာ၊ အလုပ်ချိန်များစွာ လုပ်ရတဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆရာဝန်နဲ့ သူနာပြုတွေ အားလုံးက အော်ငေါက်နေတာ မဟုတ်ဘဲ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ အဓိဌာန် ကတိ သစ္စာ အတိုင်း ဒီအလုပ်ကို ချစ်မြတ်နိုးပြီး စေတနာ မေတ္တာနဲ့ ပြုစုကုသပေးနေတဲ့ သူတွေလည်း အများကြီး ရှိနေပါတယ်။

နွေးထွေးစွာ ဆက်ဆံမှုရဲ့ ရလဒ်

ဆေးရုံတွေမှာ နွေးထွေးစွာ ဆက်ဆံတဲ့ ဝန်ဆောင်မှုတွေ ရှိခဲ့မယ် ဆိုရင် လူနာ၊ လူနာရှင်၊ ကျန်းမာရေး ဝန်ထမ်းတွေ အပြင် ဆေးရုံတွေ အတွက်ပါ အကျိုးရှိမယ့်ကိစ္စ ဖြစ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) နဲ့ နိုင်ငံတကာ ကျန်းမာရေး စာဆောင်တွေမှာ ရေးသားထား ပါတယ်။

လူနာတွေ အတွက်ဆိုရင် စိတ်ဖိစီးမှု လျော့နည်းမယ်၊ ကုသမှုအပေါ် ယုံကြည်မှု တိုးတက်စေမယ်၊ မြန်မြန် ကျန်းမာလာမယ်၊ လူနာ အခွင့်အရေးတွေကို သိရှိ နားလည်လာမယ်လို့ ဆိုပါတယ်။

လူနာရှင် မိသားစုတွေ အတွက်ကတော့ လူနာကို နွေးထွေးစွာ ဆက်ဆံပြီး ကုသနေတာမြင်လို့ စိတ်ချမ်းသာမှုတွေ ရရှိမှာ ဖြစ်သလို ဝန်ထမ်းတွေရဲ့ ဆက်ဆံရေး ကောင်းမွန်မှုကြောင့် မကျေနပ်မှု၊ တိုင်ကြားမှုတွေ လျော့နည်းလာနိုင်ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ အတွက်ကတော့ လူနာတွေရဲ့ လေးစားမှုကို ရတဲ့အခါ စိတ်ဓာတ် တက်ကြွလာပြီး ပီတိတွေနဲ့ အလုပ် အပေါ် ကျေနပ်မှု တိုးတက်စေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်ပဲ စိတ်ပင်ပန်းမှုတွေကိုလည်း လျော့နည်း သွားစေတယ် လို့ ဖော်ပြထားပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ အတွက်ကတော့ လူနာတွေရဲ့ လေးစားမှုကို ရတဲ့အခါ စိတ်ဓာတ် တက်ကြွလာပြီး ပီတိတွေနဲ့ အလုပ် အပေါ် ကျေနပ်မှု တိုးတက်စေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်ပဲ စိတ်ပင်ပန်းမှုတွေကိုလည်း လျော့နည်း သွားစေတယ် လို့ ဖော်ပြထားပါတယ်။

ဆေးရုံအတွက်ကတော့ တိုင်ကြားချက်နဲ့ ပဋိပက္ခတွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာ မြင့်တက်စေပြီး ပြည်သူတွေ ကြားထဲမှာ နွေးထွေးတဲ့ ဆေးရုံဆိုပြီး အမြင်ကောင်းတွေ ရရှိမှာလို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကာကွယ်ရေး အသုံးစရိတ်ကို နှစ်စဉ် တိုးမြှင့်နေပေမယ့် ပညာရေး၊ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေး ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်တွေကတော့ နှစ်စဉ် လျော့ကျနေတယ်လို့ သတင်း မီဒီယာတွေက ရေးသားနေကြပါတယ်။

တိုင်းပြည်တပြည် အတွက် ကျန်းမာရေးဟာ အခြေခံအကျဆုံး၊ အရေးအကြီးဆုံး အချက်တခု ဖြစ်ပေမယ့် လက်ရှိ စစ်ကော်မရှင်ကတော့ ပြည်သူ့ ဘဏ္ဍငွေတွေကို ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာ အသုံးပြုရမယ့်အစား နိုင်ငံအနှံ့က ဆေးရုံတွေ၊ ကျောင်းတွေကို ဗုံးကြဲ တိုက်ခိုက်နေပါတယ်။

၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ လူဦးရေ တဝက် နီးပါးဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရောက်နေပြီလို့ ဆိုပါတယ်။

ဒီလိုနိုင်ငံရေး အခြေအနေမှာ ဆေးရုံကို ရောက်လာတဲ့ လူနာတယောက်ဟာ နာကျင်မှု ဝေဒနာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကိုပါ သယ်ဆောင် လာနိုင်ပါတယ်။

ဆေးရုံဆိုတာ လူနာတွေ အတွက် အနာကျင်ဆုံးနေရာ၊ စိတ်ဓာတ် အကျဆုံးနေရာ၊ ဆက်လက် အသက်ရှင်နိုင်ဖို မျှော်လင့်ချက် နေရာဖြစ်သလို ကျန်းမာရေး ဝန်ထမ်းတွေ အတွက်လည်း အလုပ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေ များတဲ့ နေရာတခု ဖြစ်နေပါတယ်။

အော်ငေါက်သံတွေဟာ တဖက်ဖက်ရဲ့ အပြစ်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးစနစ် နဲ့ ကျန်းမာရေးစနစ် ပြောင်းလဲဖို့ လိုအပ်နေတဲ့ သတိပေး ခေါင်းလောင်းသံ ဖြစ်ပြီး ဒီစနစ်ကို ပြောင်းလဲနိုင်မှသာ အနာဂတ်မှာ အစိုးရ ဆေးရုံတွေဟာ ပြည်သူတွေ အတွက် နွေးထွေးတဲ့ ရပ်ဝန်းတခု ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အဆုံးသတ် အနေနဲ့ ပြောရရင် အော်ငေါက်သံတွေဟာ တဖက်ဖက်ရဲ့ အပြစ်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးစနစ် နဲ့ ကျန်းမာရေးစနစ် ပြောင်းလဲဖို့ လိုအပ်နေတဲ့ သတိပေး ခေါင်းလောင်းသံ ဖြစ်ပြီး ဒီစနစ်ကို ပြောင်းလဲနိုင်မှသာ အနာဂတ်မှာ အစိုးရ ဆေးရုံတွေဟာ ပြည်သူတွေ အတွက် နွေးထွေးတဲ့ ရပ်ဝန်းတခု ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

(အောရာရာသည် အလွတ်တန်းသတင်းထောက်တဦး ဖြစ်သည်။)

You may also like these stories:

ညပျော်တွေကြား တစခန်းထလာတဲ့ ခုခံအားကျဆင်းမှုရောဂါ

အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ အိပ်စက်မှုပုံစံ အနည်းငယ် ပေါင်းစပ်ပြောင်းလဲရုံနဲ့ အသက်ပိုရှည်နိုင်

ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

အသက် ၁၀၀ ပြည့် မဟာသီယာ မိုဟာမက်၏ အသက်ရှည် ထက်မြက်ခြင်း လျှို့ဝှက်ချက်

]]>