Brian Eyler, Author at ဧရာဝတီ https://burma.irrawaddy.com/author/brianeyler Covering Burma and Southeast Asia Sat, 01 Aug 2026 05:00:32 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Brian Eyler, Author at ဧရာဝတီ https://burma.irrawaddy.com/author/brianeyler 32 32 မြန်မာနှင့် လာအို မဲခေါင်မြစ်ပေါ် ဆည်သစ်ဆောက်မည် ဆိုသောကြောင့် စိုးရိမ်မကင်းစရာ ဖြစ် https://burma.irrawaddy.com/article/2026/08/01/415208.html Sat, 01 Aug 2026 04:59:13 +0000 https://burma.irrawaddy.com/?p=415208 မဲခေါင်မြစ်မကြီးပေါ်တွင် ကြီးမားသည့် ရေကာတာသစ်တခု ဆောက်လုပ်ရေး လေ့လာဆန်းစစ်ရန် လာအိုနှင့် မြန်မာတို့အကြား အံ့အားသင့်ဖွယ် သဘောတူညီချက် ရရှိခဲ့ခြင်းသည် မည်သူက အကျိုးအမြတ်ရရှိမည်နည်း]]>

မဲခေါင်မြစ်မကြီးပေါ်တွင် ကြီးမားသည့် ရေကာတာသစ်တခု ဆောက်လုပ်ရေး လေ့လာဆန်းစစ်ရန် လာအိုနှင့် မြန်မာတို့အကြား အံ့အားသင့်ဖွယ် သဘောတူညီချက် ရရှိခဲ့ခြင်းသည် မည်သူက အကျိုးအမြတ်ရရှိမည်နည်း၊ မည်သူက ကုန်ကျစရိတ်များနှင့် ထိခိုက်မှုများကို ခံစားရမည်နည်း၊ ထို့ပြင် ဒေသတွင်း စည်းမျဉ်းများကို မည်သို့ ကျင့်သုံးမည်နည်းဆိုသည့် အရေးကြီး မေးခွန်းများကို ပေါ်ထွက်လာစေသည်။

မဂ္ဂါဝပ် ၂,၇၉၀ ထုတ်လုပ်မည့် အဆိုပြုစီမံကိန်းသည် မြစ်ကြောင်းကို ပြောင်းလဲသွားစေနိုင်ပြီး ငါးများ ရွှေ့ပြောင်းကျက်စားမှု၊ အနည် စီးဆင်းမှုနှင့် မြစ်အောက်ပိုင်း ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ နှစ်ရှည်လများ စိုးရိမ်ပူပန်မှုများကို ပိုမိုဆိုးရွားသွားစေနိုင်သည်။

လာအိုနိုင်ငံသည် ၁၉၉၅ မဲခေါင်သဘောတူညီချက်ဖြင့် စည်းနှောင်ထားသဖြင့် အဆိုပါ စီမံကိန်းသည် နောက်ဆုံးတွင် ဒေသတွင်း စောင့်ကြည့်စစ်ဆေးမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သော်လည်း ယင်းလုပ်ငန်းစဉ်မှာ နှစ်အတော်ကြာ လိုအပ်ဦးမည်ဖြစ်သည်။

ဤဆောင်းပါးသည် အဆိုပါ ရေကာတာစီမံကိန်း လက်ရှိတွင် အဘယ်ကြောင့် အရေးပါနေသနည်း၊ မည်သည့် အန္တရာယ်များကို ဖြစ်ပေါ်စေသနည်း၊ ထို့ပြင် စီမံကိန်း အကောင်အထည်မဖော်မီ အရပ်ဘက် အဖွဲ့အစည်းများနှင့် မဲခေါင်ဒေသတွင်း အစိုးရများအနေဖြင့် ပွင့်လင်းမြင်သာမှုကို အဘယ်ကြောင့် တောင်းဆိုသင့်သနည်းဆိုသည့် အချက်များကို ရှင်းလင်းဖော်ပြထားသည်။

စစ်အာဏာသိမ်း မြန်မာ သမ္မတ မင်းအောင်လှိုင် လာအိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသို့ ဇူလိုင် ၄ ရက်နေ့ တရားဝင် ခရီးစဉ်သွားရောက်စဉ်အတွင်း လာအိုနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များသည် မဲခေါင်မြစ်ကြီး၏ မြန်မာ-လာအို နယ်စပ်တလျှောက် ဆည်သစ်တခု တည်ဆောက်ရန် စိတ်ပါဝင်စားကြောင်း ကြေညာသည့် ပူးတွဲသဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

မဲခေါင်ရေးရာ လေ့လာစောင့်ကြည့်သူများအကြား လုံးဝ အံ့အားသင့်သွားစေခဲ့သည့် အဆိုပါ ကြေညာချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ အာဏာရယူခဲ့မှုအပေါ် အပြင်းအထန် ရှုတ်ချခံနေရချိန် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် ဆောင်ရွက်သည့် မင်းအောင်လှိုင်၏ စည်းရုံးရေး ခရီးစဉ်တခု၏ အစိတ်အပိုင်းအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက မဲခေါင်မြစ်ကြီးပေါ်ရှိ ရေကာတာစီမံကိန်းများကို မဲခေါင်မြစ်ကော်မရှင် (MRC) အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့က ထုတ်ပြန်ခဲ့ကြသည်။ မဲခေါင်ဆည်များ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အချက်အလက် လုံးဝမျှဝေခြင်းမရှိသည့် တရုတ်နိုင်ငံပင်လျှင် မဲခေါင်မြစ်ကြီးပေါ်ရှိ ၎င်း၏ ရေကာတာ ၁၉ ခုအနက် ၁၂ ခုမှာ လက်ရှိတွင် အပြည့်အဝ လည်ပတ်နေပြီး တည်နေရာများကို ကာလရှည်ကြာ ရေးဆွဲဖော်ပြခဲ့ပြီးဖြစ်သည်။

ပုံစံအတိအကျ သတ်မှတ်မထားသေးသော မဟာဆည်ကြီး

အဆိုပါ ပူးတွဲသဘောတူညီချက်တွင် အမည်မပေးရသေးသည့် ရေကာတာအတွက် ၃၄ လကြာ ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုတခု ပါဝင်သဖြင့် လက်ရှိအချိန်တွင် ဤစီမံကိန်းသည် အသေးစိတ် အစီအစဉ် မရှိသေးသော အယူအဆတခုသာ ဖြစ်ပါသေးသည်။

ထိုရေကာတာသည် ရွှေတြိဂံဒေသ အထက်ပိုင်း၊ တချိန်က အေးချမ်းမှုမရှိဘဲ အထီးကျန်ဆန်ခဲ့သည့် ၁၈၀ ကီလိုမီတာ ရှည်လျားသော မြန်မာ-လာအို နယ်စပ် မဲခေါင်မြစ် ပိုင်နက်အတွင်း တည်ရှိမည်ဖြစ်သည်။ အင်ဂျင်နီယာများသည် ရေကာတာ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏကို မဂ္ဂါဝပ် ၂,၇၉၀ ဟု ခန့်မှန်းရန် အမြင့်ပိုင်းပြ မြေပုံများနှင့် ရေထုဆိုင်ရာ အချက်အလက်များကို အသုံးပြုခဲ့ကြဟန်တူသည်။

လာအိုနိုင်ငံရှိ အခြား မဲခေါင်ရေကာတာ မည်သည့်တခုမျှ ဤရေကာတာသစ်ကဲ့သို့ ကြီးမားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း ပမာဏ ရှိမည်ဟု ခန့်မှန်းထားခြင်း မရှိပေ။ ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်ပိုင်းတွင် အဆိုပြုထားသည့် သမ္ဘော (Sambor) ရေကာတာ သည်ပင် ခန့်မှန်းခြေ မဂ္ဂါဝပ် ၂,၆၀၀ ဖြင့် ဓာတ်အားထုတ်လုပ်နိုင်သည်။ သို့သော်လည်း ကမ္ဘောဒီးယား အစိုးရသည် ကမ္ဘာ့အကြီးဆုံး ကုန်းတွင်း ငါးဖမ်းလုပ်ငန်းနှင့် ကမ္ဘောဒီးယား ပြည်သူများအတွက် အစားအစာ လုံခြုံရေးကို အာမခံပေးထားသည့် တုန်လေသာပ် (Tonle Sap) ရေအိုင်အပေါ် မြစ်အောက်ပိုင်း သက်ရောက်မှုများ လျော့ပါးစေရန် အဆိုပါရေကာတာနှင့် အခြား ရေကာတာတခုကို ဆိုင်းငံ့ (moratorium) ထားခဲ့သည်။

မြန်မာနိုင်ငံသည် MRC တွင် လေ့လာသူ နိုင်ငံအဖြစ်သာ ပါဝင်သော်လည်း လာအိုသည် အဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်ပြီး ၁၉၉၅ မဲခေါင်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သည်။ ယင်းသည် အဖွဲ့ဝင်နိုင်ငံများအတွင်း တည်ဆောက်မည့် ရေကာတာများသည် အနည်းဆုံး ရေစီးဆင်းမှုကို အများဆုံး ထိန်းသိမ်းရန် အထူးစည်းမျဉ်းများ လိုက်နာစေခြင်းဖြင့် မြစ်မကြီးပေါ်ရှိ ရေကာတာများ၏ အရွယ်အစားနှင့် ပုံစံများကို ကန့်သတ်ထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။

အဆိုပါ စည်းမျဉ်းများကြောင့် မြစ်အထက်ပိုင်းရှိ တရုတ်နိုင်ငံ၏ ရှောင်းဝမ် (Xiaowan) ရေကာတာ (မဂ္ဂါဝပ် ၄,၈၀၀) သို့မဟုတ် နူအိုဇာဒူး (Nuozhadu) ရေကာတာ (မဂ္ဂါဝပ် ၅,၈၅ဝ) တို့ကဲ့သို့ ရာသီအလိုက် ရေကြီးမားစွာ သိုလှောင်နိုင်သော ရေကာတာကြီးအဖြစ် ပုံစံထုတ်ရန် မဖြစ်နိုင်ပေ။ မဲခေါင်သဘောတူညီချက် စည်းမျဉ်းများကို လိုက်နာရန် ဤရေကာတာသစ်သည် ဆာယဘူရီ (Xayaburi) ရေကာတာ (မဂ္ဂါဝပ် ၁,၂၈၅) သို့မဟုတ် လာအိုရှိ အခြား တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ သို့မဟုတ် စီစဉ်ထားသည့် ရေကာတာ ရှစ်ခုကဲ့သို့ ရာသီအလိုက် ရေလှောင်ထားခြင်း မရှိသည့် သဘာဝရေစီးကြောင်းအတိုင်း လျှပ်စစ်ထုတ်သည့် (run-of-river) စနစ်သာ ဖြစ်နိုင်ချေရှိသည်။ သို့သော်လည်း သဘာဝရေစီးကြောင်းအတိုင်း လျှပ်စစ်ထုတ်သည့် စနစ်မှ မဂ္ဂါဝပ် ၂,၇၉၀ ထုတ်လုပ်ရန်မှာ နည်းပညာအရ ခက်ခဲသော လုပ်ဆောင်ချက်တခု ဖြစ်နိုင်သည်။

Stimson ၏ မဲခေါင်အခြေခံအဆောက်အအုံ စောင့်ကြည့်ရေး စနစ်အရ မြန်မာနှင့် လာအိုရှိ မည်သည့် ဆောက်လုပ်ရေး ကုမ္ပဏီမျှ မဲခေါင်မြစ်ပေါ်တွင် ဤမျှကြီးမားသော ရေကာတာကို မတည်ဆောက်ဖူးပေ။ မြန်မာနှင့် လာအိုရှိ အကြီးစား ရေကာတာများကို လာရောက် ရင်းနှီးမြှုပ်နှံသူက ဘဏ္ဍာရေး ထောက်ပံ့လေ့ရှိပြီး ပူးတွဲအစိုးရ အဖွဲ့အစည်းထံ ပိုင်ဆိုင်ခွင့် မလွှဲပြောင်းမီ ဆယ်စုနှစ် အနည်းငယ်ကြာ ရေကာတာကို ပိုင်ဆိုင်၍ လည်ပတ်မည့် ပြည်ပ ကန်ထရိုက်တာများက တည်ဆောက်လေ့ရှိသည်။ နောက်ဆုံးတွင် တရုတ် ဆောက်လုပ်ရေး ကုမ္ပဏီတခုက တည်ဆောက်ရန် လက်မှတ်ရေးထိုးဖွယ်ရှိသည်။

တရုတ်ကုမ္ပဏီများသည် အဆိုပြုထားသည့် ရေကာတာ ပတ်ဝန်းကျင်ရှိ ရေကာတာအများစုကို တည်ဆောက်ခဲ့ကြသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ဂျင်းဟုန်း (Jinghong) ရေကာတာ (မဂ္ဂါဝပ် ၁,၇၅၀) သည် ရေကာတာသစ်၏ အထက်ပိုင်းတွင် တည်ရှိမည်ဖြစ်ပြီး လာအိုရှိ တရုတ်က အများစုပိုင်ဆိုင်သည့် ပက်ဘန်း (Pak Beng) ရေကာတာ (မဂ္ဂါဝပ် ၉၁၂) သည် မြစ်အောက်ပိုင်းတွင် တည်ရှိသည်။ တရုတ် လုပ်ငန်းလုပ်ကိုင်သူသည် လျှပ်စစ်ဓာတ်အား အများဆုံး ထုတ်လုပ်နိုင်ရေး သို့မဟုတ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးတို့အတွက် အဆိုပါ ရေကာတာသုံးခုအကြား ရေစီးကြောင်းများကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဖွယ်ရှိသည်။

မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် မြစ်ဆုံအထက်ပိုင်းရှိ ငြင်းခုံဝေဖန်မှုများရှိနေသည့် မြစ်ဆုံရေကာတာ (မဂ္ဂါဝပ် ၆,၀၀၀) ကို တည်ဆောက်ရန် တရုတ်ကုမ္ပဏီများနှင့် ဆွေးနွေးမှုများကိုလည်း ပြန်လည်စတင်နေသည်။ သို့ဖြစ်ရာ ရေကာတာသစ်သည် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းတွင် ရေကာတာများ ပိုမိုတည်ဆောက်ရန် တရုတ်၏ တကျော့ပြန် ကြိုးပမ်းမှု အစိတ်အပိုင်းတခု ဖြစ်လာနိုင်သည်။

မဲခေါင်မြစ်ပေါ်တွင် တည်ဆောက်ထားသော ရေကာတာစီမံကိန်းများပြ မြေပုံ
သက်ရောက်မှုများနှင့် အကျိုးကျေးဇူးများ

ထိခိုက်သက်ရောက်မှုများကို စဉ်းစားပါက ဤမဲခေါင်မြစ်ဝှမ်း ဧရိယာသည် လူထူထပ်စွာ နေထိုင်ခြင်းမရှိသော်လည်း ရေလှောင်ကန် ပြည့်လာသည့်အခါ မြစ်မကြီးနှင့် မြစ်လက်တက်များအတိုင်း နေထိုင်ကြသော လူထုများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကြရမည်ဖြစ်သည်။ အကယ်၍ ရေကာတာကို သဘာဝရေစီးကြောင်းအတိုင်း လျှပ်စစ်ထုတ်သည့် စနစ်ဖြင့် လည်ပတ်ပါက (တရုတ်၏ အကြီးစား ရာသီအလိုက် ရေလှောင်တမံများကဲ့သို့) မဲခေါင်မြစ်၏ သဘာဝ ရေစီးကြောင်းစနစ်အပေါ် ပြင်းထန်သော သက်ရောက်မှုများကို ပေးစွမ်းနိုင်မည် မဟုတ်ပေ။ အကယ်၍ ရေကာတာကို တည်ဆောက်ခဲ့ပါက မြစ်အောက်ပိုင်း ကီလိုမီတာ ၃၀၀ ကျော်အထိ ပျက်စီးစေသည့် ရေလှိုင်းများ စေလွှတ်နေသော တရုတ်၏ ဂျင်းဟုန်းရေကာတာမှ ရုတ်တရက် ရေလွှတ်မှုများကို လျှော့ချပေးနိုင်ဖွယ်ရှိသည်။ အဆိုပါ ရေလှိုင်းများသည် မြစ်ဘေးရှိ စိုက်ပျိုးရေးခြံများနှင့် လူများကို ရေလွှမ်းမိုးစေပြီး လှေများနှင့် စိုက်ပျိုးရေး ပိုင်ဆိုင်မှုများကို မြစ်အတွင်းသို့ မျောပါသွားစေကြောင်း အထောက်အထားများ ရှိခဲ့သည်။

သို့သော်လည်း ယင်းသည် ရေကာတာကို ရှေ့ဆက်ဆောင်ရွက်ရန် အကြောင်းပြချက် မဖြစ်သင့်ပေ။ ရေကာတာ၏ အကြီးမားဆုံး သက်ရောက်မှုများမှာ မြစ်၏ ဤအပိုင်းတွင် အနည်များကို ပိတ်ဆို့ထားခြင်းနှင့် ငါးများ ရွှေ့ပြောင်းကျက်စားမှုကို တားဆီးထားခြင်းတို့ ဖြစ်လိမ့်မည်။ မဲခေါင်မြစ်၏ ဤအပိုင်းရှိ ငါးဖမ်းလုပ်ငန်းများမှာ လုံးဝနီးပါး ပျက်စီးသွားခဲ့ပြီဖြစ်ရာ ဤတမံသစ်သည် ပြဿနာကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

ရေကာတာမှ ရရှိသည့် အကျိုးကျေးဇူး အများစုသည် တမံကို တည်ဆောက်သည့် ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်း၏ မြို့ပြဖြစ်ထွန်းနေသော ဒေသများတွင် နေထိုင်ကြသည့် လျှပ်စစ်သုံးစွဲသူများထံ ရောက်ရှိမည်ဖြစ်သည်။ ထို့အပြင် ကုန်သွယ်ရေး ရည်ရွယ်ချက်အတွက် တရုတ်နှင့် ရွှေတြိဂံဒေသအကြား မြစ်ကြောင်းအတိုင်း မောင်းနှင်နေကြသော တရုတ် ကုန်တင်လှေများသည် ရေကာတာကြောင့် ဖြစ်ပေါ်လာသည့် ရှည်လျားသော ရေလှောင်ကန်၏ ငြိမ်သက်သော ရေထုမှ အကျိုးကျေးဇူး ရရှိကြမည်ဖြစ်သည်။ ရေကာတာတည်ဆောက်သည့် နေရာပေါ် မူတည်၍ သူတို့သည် မြန်မာ-လာအို နယ်စပ် မဲခေါင်မြစ်၏ ရှည်လျားပြီး အန္တရာယ်များသည့် ချောက်ကမ်းပါးများကို ဖြတ်သန်း မောင်းနှင်ရန် လိုအပ်တော့မည် မဟုတ်ပေ။

သို့သော်လည်း MRC လေ့လာမှုများက ရေကာတာများ၏ သက်ရောက်မှုများနှင့် အန္တရာယ်များသည် မြစ်ကြောင်းအတိုင်း နေထိုင်ကြသည့် လူထုများအတွက် ရရှိသည့် အကျိုးကျေးဇူးများထက် များစွာ ပိုမိုကြီးမားကြောင်း ပြသနေသည်။ မဂ္ဂါဝပ် ၂,၇၉၀ ရှိသော လျှပ်စစ်ဓာတ်အားကို ထိခိုက်မှုနည်းပါးသည့် အခြား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများမှ ရယူနိုင်သည်။

MRC နှင့် မဲခေါင် စောင့်ကြည့်သူများ၏ အခန်းကဏ္ဍ

ဤရေကာတာသည် လာအိုနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်မြေအတွင်း အစိတ်အပိုင်းအားဖြင့် ပါဝင်မည်ဖြစ်သဖြင့် ၁၉၉၅ မဲခေါင်သဘောတူညီချက်အရ လာအိုအစိုးရသည် ဤရေကာတာကို တည်ဆောက်လိုသည့် ၎င်း၏ ရည်ရွယ်ချက်ကို MRC အတွင်းရေးမှူးရုံးထံ တရားဝင် အကြောင်းကြားရန် အဆုံး၌ လိုအပ်မည်ဖြစ်သည်။ မြစ်မကြီးပေါ်တွင် တည်ရှိမှုကြောင့် အဆိုပါ ရေကာတာသည် MRC အတွင်းရေးမှူးရုံးက ဆောင်ရွက်သည့် ပွင့်လင်းမြင်သာမှုရှိသော PNPCA (ကြိုတင် အကြောင်းကြားခြင်း၊ ကြိုတင် တိုင်ပင်ညှိနှိုင်းခြင်းနှင့် သဘောတူညီချက်) လုပ်ငန်းစဉ်ကို ဖြတ်သန်းရန် မဲခေါင်သဘောတူညီချက်အရ လိုအပ်ပြီး ယင်းတွင် ရေကာတာ၏ ပုံစံနှင့် ထိခိုက်မှု လျှော့ချရေး အစီအစဉ်များကို နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် MRC အဖွဲ့ဝင်နိုင်ငံတိုင်း၌ ကျင်းပသည့် လူထုနှင့် တိုင်ပင်ဆွေးနွေးမှုများ ပါဝင်သည်။ ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုသည် ယခုမှ စတင်နေသောကြောင့် အဆိုပါ MRC လုပ်ငန်းစဉ်များသည် သုံးနှစ်မှ လေးနှစ်အထိ စတင်ဦးမည် မဟုတ်ပေ။

အကယ်၍ လာအိုအစိုးရသည် ၎င်း၏ နယ်မြေအတွင်း ကျရောက်နေသည့် ဤမဲခေါင်မြစ်မကြီးရေကာတာကို MRCS ထံ အကြောင်းမကြားရန် ရွေးချယ်ပါက သို့မဟုတ် ရေကာတာ၏ အစိတ်အပိုင်းအချို့သည် MRC အဖွဲ့ဝင်မဟုတ်သော နိုင်ငံအတွင်း ကျရောက်နေသည်ဟူသော ဟာကွက်ဆင်ခြေ ဖြင့် PNPCA တိုင်ပင်ဆွေးနွေးမှု လုပ်ငန်းစဉ်ကို မလုပ်ဆောင်ရန် ရွေးချယ်ပါက ယင်းသည် ၁၉၉၅ မဲခေါင်သဘောတူညီချက်ကို ပျက်စီးသွားစေမည်ဖြစ်သည်။

အလားတူပင် ၁၉၉၅ မဲခေါင်သဘောတူညီချက်တွင် ဖော်ပြထားသည့် ရေစီးကြောင်း စည်းမျဉ်းများပြင်ပမှ လည်ပတ်သည့် အကြီးစား ရေလှောင်တမံတခုကို ပုံစံထုတ်ခြင်းသည်လည်း အဖွဲ့ဝင်လေးနိုင်ငံက ထူထောင်ထားသည့် နှစ်ရှည်လများ ကျင့်သုံးခဲ့သော စံချိန်စံညွှန်းများကို ပြုန်းတီးစေမည်ဖြစ်သည်။ ၁၉၉၅ မဲခေါင်သဘောတူညီချက်သည် မကြာခဏ စမ်းသပ်ခြင်း ခံရလေ့ရှိသည်။ လာအိုနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် သကုန်း အေ (Sekong A) ရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ MRCS ထံ အကြောင်းကြားရန် ၁၈ လကြာ စောင့်ဆိုင်းခဲ့ပြီး PNPCA လုပ်ငန်းစဉ်ကို ရှောင်ကွင်းခဲ့သည်။

မဲခေါင် စောင့်ကြည့်သူများသည် လာအိုနှင့် မြန်မာအစိုးရတို့ထံမှ ဤအငြင်းပွားဖွယ် စီမံကိန်းသစ်နှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုရရှိရန် ဖိအားပေးသင့်ပြီး ၁၉၉၅ မဲခေါင်သဘောတူညီချက်ကို ချိုးဖောက်နိုင်ခြေများနှင့် ပတ်သက်၍ အသိပညာပေးမှုများ မြှင့်တင်သင့်သည်။ မဲခေါင်ဒေသတလျှောက်ရှိ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများသည် ၎င်းတို့၏ လူထုနှင့် အသက်မွေးဝမ်းကျောင်းမှုများအပေါ် ကျရောက်နိုင်သည့် ထိခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်သင့်သည်။

အရေးကြီးသည်မှာ ကမ္ဘောဒီးယား၏ ၂၀၂၀ ခုနှစ် မြစ်မကြီးရေကာတာများအပေါ် ဆိုင်းငံ့လိုက်မှုနှင့် လာအိုရှိ ရပ်တန့်နေသည့် အခြားအဆိုပြု မဲခေါင်မြစ်မကြီးရေကာတာ လုပ်ငန်းစဉ်များက သက်သေပြနေသကဲ့သို့ စီစဉ်ထားသည့် မြစ်မကြီး စီမံကိန်းများအားလုံး တည်ဆောက်ရေးသို့ မရောက်ရှိကြပေ။ အရွယ်အစားနှင့် တည်နေရာအရ မဲခေါင်၏ အငြင်းပွားဖွယ်ရာ အကောင်းဆုံး မြစ်မကြီး စီမံကိန်း ဖြစ်လာနိုင်သည့် ဤရေကာတာသစ်နှင့် ပတ်သက်၍ အဓိပ္ပာယ်ရှိသော ပြောင်းလဲမှုများအတွက် တွန်းအားပေးရန် အချိန်များစွာ ရှိပါသေးသည်။

(STIMSON ပါ New Mekong Mainstream Dam Announcement Raises Eyebrows ကို ဘာသာပြန်သည်။)

]]>