Didi Kirsten Tatlow, Author at ဧရာဝတီ https://burma.irrawaddy.com/author/didikt Covering Burma and Southeast Asia Mon, 06 Jul 2026 10:00:21 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Didi Kirsten Tatlow, Author at ဧရာဝတီ https://burma.irrawaddy.com/author/didikt 32 32 ဦးမင်းဇင်ကို သူလျှိုမှုနဲ့ တရုတ်တို့ ဖမ်းတာ လက်တုံ့ပြန်တာလား https://burma.irrawaddy.com/article/2026/07/06/414573.html Mon, 06 Jul 2026 09:59:23 +0000 https://burma.irrawaddy.com/?p=414573 (ဦး)မင်းဇင်အား "မတရားဖမ်းဆီးခံရသူ" အဖြစ် သတ်မှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆိုမှုများကို ယခုအချိန်ထိ လိုက်လျောခြင်း မရှိသေးပေ။]]>

မြန်မာနိုင်ငံတွင် တရုတ်၏ တိုးပွားလာသော အကျိုးစီးပွား၊ ဩဇာလွှမ်းမိုးမှုနှင့် စွက်ဖက်မှုများကို ဖော်ထုတ်ရာတွင် ထိရောက်လွန်းလှသဖြင့်၊ အမေရိကန်နိုင်ငံသား (ဦး)မင်းဇင်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်အာဏာပိုင်များက သူလျှိုမှုသံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို နီးစပ်စွာ သိရှိသူများက Newsweek သို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှဆိုင်ရာ လှုပ်ရှားမှုများအတွက် အချက်အချာကျသော အနောက်တောင်ပိုင်း ကူမင်းမြို့တွင် ကျင်းပသည့် တရုတ်အစိုးရကျောထောက်နောက်ခံပြု နှီးနှောဖလှယ်ပွဲတခု၌ မိန့်ခွန်းပြောကြားရန် ဖိတ်ကြားခံခဲ့ရပြီးနောက်၊ ဇွန်လ ၃ ရက်နေ့တွင် (ဦး)မင်းဇင် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် နိုင်ငံခြားသား ပညာရှင်များ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဘေးကင်းလုံခြုံမှု ရှိ၊ မရှိအပေါ် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ အမှုဆောင်ဒါရိုက်တာ အမေရိကန်နိုင်ငံသားဖြစ်သူအား ပြန်လည်လွတ်မြောက်လာစေရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပိုမိုလုပ်ဆောင်ရန် တောင်းဆိုမှုများလည်း ပေါ်ထွက်လာခဲ့သည်။ ISP-Myanmar သည် ဆီးရီးယားနိုင်ငံကဲ့သို့ပင် အကြမ်းဖက်မှုနှင့် စစ်ရေးရှုပ်ထွေးမှုများ ပြင်းထန်နေသည့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး ခွဲခြမ်းစိတ်ဖြာချက်များကို အသေးစိတ် ထုတ်ပြန်လေ့ရှိသည်။

ပြီးခဲ့သည့်အပတ်က (ဦး)မင်းဇင် ဖမ်းဆီးထိန်းသိမ်းခံရမှု တလ ပြည့်သွားပြီဖြစ်ရာ တရုတ်ဥပဒေအရ မကြာမီ တရားဝင် စွဲချက်တင်ခံရနိုင်သော်လည်း စွဲချက် တင် မတင်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးကလည်း ဤကိစ္စအပေါ် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

“လူတိုင်း မေးသင့်တဲ့မေးခွန်းက ဘာလို့ သူ ဖြစ်ရတာလဲ၊ ဘာလို့ အခုမှလဲ ဆိုတာပါပဲ” ဟု အဆိုပါပညာရှင် လွတ်မြောက်ရေးအတွက် လူထုသတိပြုမိလာအောင် ဆောင်ရွက်နေသည့် Safeguard Defenders လူ့အခွင့်အရေးအဖွဲ့မှ လော်ရာ ဟတ်သ် (Laura Harth) က ပြောသည်။

“မြန်မာ့အရေးမှာ မင်းဇင်ကို တရုတ်တွေ ဖယ်ထုတ်ချင်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်” ဟု မီဒီယာသို့ ပြောဆိုခွင့်မရှိသဖြင့် အမည်မဖော်လိုသည့် အခြားသတင်းရင်းမြစ်တဦးက ဆိုသည်။ “တရုတ်အတွက် မဟာဗျူဟာကျတဲ့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဟန့်တားရှုပ်ထွေးအောင် မင်းဇင် လုပ်ဆောင်နေတဲ့အချက်နဲ့ သက်ဆိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

တရုတ်နိုင်ငံက (ဦး)မင်းဇင်ကို ဖမ်းဆီးကြောင်း ကြေညာခဲ့သည့်အချိန်သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအလွန် သမ္မတအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဇွန်လ ၁၅ ရက်နေ့တွင် ပေကျင်းသို့ ပထမဆုံးအကြိမ် အစိုးရအဆင့် တရားဝင်ခရီးစဉ် မသွားရောက်မီ သုံးရက်အလိုတွင် ဖြစ်သည်။ မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက တရုတ်နိုင်ငံသို့ နှစ်ကြိမ် သွားရောက်ခဲ့ဖူးသည်။

မြန်မာစစ်ခေါင်းဆောင်သည် တရုတ်ခရီးစဉ်မတိုင်မီ အိန္ဒိယနိုင်ငံသို့လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။ အိန္ဒိယသည် တရုတ်ကဲ့သို့ပင် မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဒေသတွင်း မဟာဗျူဟာမြောက် အကျိုးစီးပွားများ ရှိနေသည့်နိုင်ငံ ဖြစ်သည်။

ပြီးခဲ့သည့်အပတ်နှောင်းပိုင်းက ISP က ထုတ်ပြန်ခဲ့သည့် အဆိုပါ ခရီးစဉ်နှစ်ခုကို နှိုင်းယှဉ်ထားသော ခွဲခြမ်းစိတ်ဖြာချက်အရ မင်းအောင်လှိုင်အစိုးရသည် နယူးဒေလီဘက်သို့ နိုင်ငံရေးနှင့် စစ်ရေးအရ ပိုအားကိုးလာနေသော်လည်း “ပေကျင်းရဲ့ ရှောင်လွှဲလို့မရတဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာပဲ ဆက်ရှိနေဆဲဖြစ်တယ်” ဟု ဆိုသည်။

“ဘီလူးကြီးနှစ်ကောင်ကြားမှ- လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှုအတွက် တရုတ်နှင့် အိန္ဒိယတို့ မြန်မာနိုင်ငံတွင် မည်သို့လှုပ်ရှားနေကြသလဲ” ဟု အမည်ရသည့် အဆိုပါလေ့လာမှုတွင် ခရီးစဉ်အတွင်း စီးပွားရေးလုပ်ငန်းအချင်းချင်း နားလည်မှုစာချွန်လွှာ (MoU) ၇၀ ခန့်နှင့် နိုင်ငံအဆင့် သဘောတူညီချက် ၁၈ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပေကျင်းသည် တရုတ်ဦးဆောင်သည့် ကမ္ဘာ့အစီအစဉ်သစ် လမ်းပြမြေပုံများဖြစ်သော Global Development Initiative, Global Security Initiative, Global Civilization Initiative နှင့် Global Governance Initiative စသည့် နိုင်ငံရေးမျှော်မှန်းချက်များတွင် မြန်မာနိုင်ငံ၏ “တရားဝင်ပူးပေါင်းဆောင်ရွက်မှု” ရရှိရန် “ထင်ရှားစွာ အလေးပေး” ခဲ့ကြောင်း ဖော်ပြထားသည်။

“တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုက ကျဆင်းမသွားပါဘူး။ မြန်မာနိုင်ငံမှာ သူက အပြတ်အသတ် ဩဇာအလွှမ်းမိုးဆုံး အခန်းကဏ္ဍက ရှိနေပြီး ပိုလို့တောင် လွှမ်းမိုးလာနေပါတယ်၊ ဒါတွေ ပြောင်းလဲသွားမယ်လို့ မမြင်မိပါဘူး” ဟု နယူးယောက်အခြေစိုက် နိုင်ငံခြားဆက်ဆံရေး ကောင်စီ (CFR) မှ အရှေ့တောင်အာရှနှင့် တောင်အာရှဆိုင်ရာ အဆင့်မြင့်သုတေသနအရာရှိ ဂျိုရှူအာ ကားလန့်ဇစ်ခ် (Joshua Kurlantzick) က ပြောသည်။

“ဒီစစ်အုပ်စု ရှင်သန်နေထိုင်နိုင်ရေးဟာ တရုတ်အပေါ် အကြွေးတင်နေတာပါ။ တရုတ်ကို ကျော်တက်မယ့် တခြားပြင်ပအင်အားကြီးနိုင်ငံရဲ့ ခြိမ်းခြောက်မှုမျိုး မရှိပါဘူး” ဟု ကားလန့်ဇစ်ခ် က ဆိုသည်။

“မင်းဇင် အဖမ်းခံရတာဟာ သူ့အလုပ်တွေကို ရပ်တန့်ဖို့ဖြစ်သလို၊ အမေရိကန်က ဒါနဲ့ပတ်သက်ပြီး တခုခုလုပ်မှာလားဆိုတာကို စမ်းသပ်ချင်တာလည်း သေချာပါတယ်။ ဒါပေမဲ့ အမေရိကန်က ဘာမှ သိပ်မလုပ်ခဲ့ပါဘူး” ဟု ၎င်းက သုံးသပ်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်နှင့် စည်းကမ်းမဲ့ မြေရှားဒြပ်စင် (Rare Earth) တူးဖော်မှုလုပ်ငန်းများ အရှိန်အဟုန် မြင့်တက်လာခြင်းအပါအဝင်၊ မြန်မာနိုင်ငံရှိ တရုတ်၏ စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများအကြောင်း (ဦး)မင်းဇင်က အကျယ်တဝံ့ ရေးသားခဲ့ဖူးကြောင်း Newsweek က ယခင်ကလည်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံရှိ ရှားပါးမြေဒြပ်စင်တူးဖော်ရေးလုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများ အကြီးအကျယ် ပါဝင်ပတ်သက်နေသည်။

“မတရားဖမ်းဆီးခံရသူ” အဖြစ် သတ်မှတ်ရန် တောင်းဆိုမှုများ

(ဦး)မင်းဇင်အား “မတရားဖမ်းဆီးခံရသူ” (Wrongfully Detained) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆိုမှုများကို ယခုအချိန်ထိ လိုက်လျောခြင်း မရှိသေးပေ။ အဆိုပါတောင်းဆိုသူများထဲတွင် အင်ဒို-ပစိဖိတ်လုံခြုံရေးအဖွဲ့၏ ဥက္ကဋ္ဌနှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူးဟောင်း ဖြစ်သူ ရက်န်ဒေါ ဂျီ ရှရိုင်ဗာ (Randall G. Schriver) လည်း ပါဝင်ပြီး၊ ၎င်းက ဇွန်လအတွင်းက ပြင်းထန်သော စကားလုံးများဖြင့် သဘောထားထုတ်ပြန်ခဲ့သည်။

“မင်းဇင်ဟာ အင်ဒို-ပစိဖိတ်လုံခြုံရေးအဖွဲ့နဲ့ ယင်းအဖွဲ့ရဲ့ ယခင်အဖွဲ့အစည်းဖြစ်တဲ့ Project 2049 Institute တို့ရဲ့ ရေရှည်မိတ်ဆွေတဦးလည်း ဖြစ်ပါတယ်” ဟု တရုတ်၏ တိုးပွားလာသော ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးမှုကို ထောက်ပြနေသည့် အဖွဲ့အစည်းနှစ်ခုကို အမည်တပ်၍ ရှရိုင်ဗာက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်းကို ချက်ချင်းလွှတ်ပေးသင့်ပြီး၊ အမေရိကန်ဘက်ကလည်း ၎င်းအား မတရားဖမ်းဆီးခံရသူအဖြစ် သတ်မှတ်ကာ လွတ်မြောက်ရေးအတွက် တွန်းအားပေးသင့်ကြောင်း ရှရိုင်ဗာက ဆိုသည်။ သူလျှိုလုပ်မှု စွပ်စွဲချက်သည် “အခြေအမြစ်မရှိပါဘူး။ မင်းဇင်နဲ့ ISP-Myanmar ဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် လွတ်လပ်တဲ့ ပညာရပ်ဆိုင်ရာ သုတေသနတွေကိုသာ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်၏ ယခုဖမ်းဆီးမှုသည် ပြီးခဲ့သည့် မေလအတွင်းက သမ္မတ ဒေါ်နယ်ထရမ့် ပေကျင်းသို့ သွားရောက်ခဲ့စဉ်က တရုတ်နှင့် အမေရိကန်တို့အကြား ရရှိခဲ့သည့် သဘောတူညီချက်ကို ပျက်ပြားစေခဲ့ကြောင်း ရှရိုင်ဗာက ထောက်ပြပြီး “တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ယခုနွေဦးရာသီမှာ ရှီကျင့်ဖျင်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်တို့ သဘောတူညီခဲ့ကြတဲ့ ‘မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိတဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး’ နဲ့ လုံးဝ ကိုက်ညီမှုမရှိဘဲ ဆိုးရွားလွန်းတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကမူ Newsweek သို့ ပြောကြားရာတွင် “အမေရိကန်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးထက် ပိုပြီးအရေးကြီးတဲ့ ဦးစားပေး မရှိပါဘူး။ ဝန်ကြီးဌာနအနေနဲ့ အမေရိကန်နိုင်ငံသားတွေ ဖမ်းဆီးခံရမှု ဖြစ်စဉ်တိုင်းရဲ့ ထူးခြားတဲ့ အချက်အလက်နဲ့ အခြေအနေတွေအပေါ် မူတည်ပြီး တခုချင်းစီကို စိစစ်သုံးသပ်နေပါတယ်” ဟု ဆိုသည်။ အမေရိကန် သံကောင်စစ်ဝန်ရုံး အရာရှိများသည် ၎င်းထံသို့ သွားရောက်တွေ့ဆုံခဲ့ပြီး “သင့်တော်သော ကောင်စစ်ဝန်ဆိုင်ရာ ကူညီပံ့ပိုးမှုအားလုံးကို ပေးအပ်နေသည်” ဟုလည်း မှတ်ချက်ပြုခဲ့သည်။

သို့သော်လည်း အမေရိကန်ဘက်က ယခုအချိန်ထိ ဘာမှ သိပ်မလုပ်ဆောင်သေးကြောင်း၊ “အဓိကဦးစားပေးက ပေကျင်းနဲ့ ဆက်ဆံရေးဖြစ်နေသလို၊ အိမ်ဖြူတော်အတွင်းက အချို့သူတွေကလည်း မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံချင်နေကြလို့ ဖြစ်ပါတယ်” ဟု ကားလန့်ဇစ်ခ် က ဆိုသည်။ မြန်မာနိုင်ငံသည် အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာတွင် အထီးကျန်နေခဲ့သော်လည်း ယခုနှစ်အတွင်း အိန္ဒိယနှင့် တရုတ်ခရီးစဉ်များကြောင့် ယင်းအခြေအနေမှာ လျော့ပါးလာနေသည်။

အမေရိကန်သည် အမေရိကန်နှင့် ကာကွယ်ရေးသဘောတူညီချက်များ ရှိထားသည့် ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှတဝန်းရှိ ဩဇာလွှမ်းမိုးမှု အပိုင်းတွင် တရုတ်ကို နေရာဖယ်ပေးနေရပြီဖြစ်ကြောင်း သုံးသပ်သူများက ဆိုကြသည်။

မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများ

တရုတ်၏ ပထဝီစီးပွားရေးဆိုင်ရာ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (Belt and Road Initiative) ၏ မြန်မာနိုင်ငံအပိုင်းသည် ပေကျင်း၏ ကြီးမားလှသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဩဇာလွှမ်းမိုးရေး စီမံကိန်းတွင် အရေးအကြီးဆုံး အစိတ်အပိုင်းတခု ဖြစ်သည်။ “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ” (CMEC) အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲခဲ့ပြီး သို့မဟုတ် သုံးစွဲရန် လျာထားသည်။

တရုတ်နိုင်ငံအတွက် CMEC ၏ အဓိကပန်းတိုင်မှာ အိန္ဒိယသမုဒ္ဒရာရှိ မြန်မာနိုင်ငံ၏ ကျောက်ဖြူဆိပ်ကမ်းသို့ လမ်းပွင့်သွားရန် ဖြစ်သည်။ အကြောင်းမှာ အမေရိကန်က ကင်းလှည့်နေသော ပိတ်ဆို့ရလွယ်သည့် အချက်အချာနေရာ မလက္ကာရေလက်ကြား (Strait of Malacca) ကို ရှောင်ကွင်းလိုသောကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ဟောင်း ဒန် ဆွစ်ဖ် (Dan Swift) က Asia Times တွင် ရေးသားခဲ့သည်။ အဆိုပါ ဆောင်းပါးတွင် “တရုတ်၏ မလက္ကာ စိုးရိမ်စိတ်” အကြောင်း ထည့်သွင်းဖော်ပြထားသည်။

အမေရိကန်-အီရန် စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့သွားပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း၊ ရေကြောင်းအချက်အချာနေရာများနှင့် ယင်းတို့ကို မည်သူက ထိန်းချုပ်ထားသလဲ ဆိုသည့်အပေါ် စိုးရိမ်ပူပန်မှုများ ကမ္ဘာတဝန်းတွင် ပိုမိုနက်ရှိုင်းလာခဲ့သည်။

တရုတ်၏ ရေနက်ဆိပ်ကမ်း တည်ရှိပြီး စွမ်းအင်တင်ပို့သော ပိုက်လိုင်းများ၏ အစ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည် အခြေစိုက် DMG မီဒီယာအဖွဲ့ မှ မြန်မာသုတေသီများ၏ အဆိုအရ တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်ရန်နှင့် မဟာဗျူဟာမြောက် ပြင်ပသို့ အားပြုနိုင်ရန်အတွက် ကူမင်းမှ မန္တလေးကို ဖြတ်၍ ကျောက်ဖြူအထိ မီးရထားလမ်း ဖောက်လုပ်မှုကို အပြီးသတ်လိုနေသည်။

သို့သော် ယင်းမျှော်မှန်းချက်သည် မကြာသေးမီလများအတွင်း ဒေသခံ လက်နက်ကိုင် ရက္ခိုင့်တပ်တော် (AA) က ဆိပ်ကမ်းဘက်သို့ စစ်ရေးအရ တိုးစစ်ဆင်လာမှုများကြောင့် ရှုပ်ထွေးသွားခဲ့ပြီး တရုတ်၏ “အရေးပါသော” အကျိုးစီးပွားကို ခြိမ်းခြောက်လျက်ရှိကြောင်း ဖြစ်စဉ်ကို သိရှိသူက ဆိုသည်။

အပြန်အလှန် လက်တုံ့ပြန်မှုလော

(ဦး)မင်းဇင်ကို ဖမ်းဆီးခြင်းသည် တရုတ်နှင့် မြန်မာအုပ်ချုပ်သူများ၏ မျက်စိထဲက ဆူးငြောင့်ခလုတ်တခုကို ဖယ်ရှားပစ်ရန် ဖြစ်သည်ဟု လူတိုင်းက မယုံကြည်ကြပေ။

“မင်းဇင်ရဲ့ ခရီးစဉ်ဟာ တရုတ်ရဲ့ မြန်မာမူဝါဒကို ထင်ဟပ်တာထက်၊ တရုတ်နဲ့ အမေရိကန်အကြားက ပြဿနာတွေကို ထင်ဟပ်နေတာလို့ ကျမ ထင်ပါတယ်။ မြန်မာနိုင်ငံက အခန်းကဏ္ဍတခုက ပါဝင်နိုင်ပေမယ့် ဒါဟာ ဒုတိယတန်းစားနဲ့ အရေးမပါတဲ့ အပိုင်းပဲ ဖြစ်ပါလိမ့်မယ်” ဟု ဝါရှင်တန်ဒီစီရှိ Stimson Center မှ အဆင့်မြင့်သုတေသနအရာရှိနှင့် တရုတ်စီမံကိန်း ဒါရိုက်တာဖြစ်သူ ယွန်းဆွန်း (Yun Sun) က ပြောသည်။

“မင်းဇင်က မြန်မာ့အရေးကို လုပ်ဆောင်နေပေမယ့် သူက အမေရိကန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ပါတယ်။ အမေရိကန် ပညာရှင်တဦးကို ဖမ်းဆီးတာဟာ တရုတ်တွေအနေနဲ့ ပေါ့ပေါ့တန်တန် သဘောမထားတဲ့ အလွန်လေးနက်တဲ့ ခြေလှမ်းတခု ဖြစ်တယ်။ ဒါကြောင့် ဒါဟာ အဓိကအားဖြင့် အမေရိကန်နဲ့ တရုတ်ကြားက ပြဿနာတွေကို ထင်ဟပ်နေတာပါ” ဟု ယွန်းဆွန်း က ဆိုသည်။

သို့သော် ပြဿနာက ဘာဖြစ်နိုင်သည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

“မကြာသေးမီက အမေရိကန်နယ်စပ်မှာ တရုတ်ပညာရှင်တွေကို ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့တာ ဒါမှမဟုတ် တရုတ်ပညာရှင်တွေရဲ့ ဗီဇာကို အမေရိကန်က ရုပ်သိမ်းခဲ့တာတွေအပေါ် တရုတ်ရဲ့ ကလဲ့စားချေ တုံ့ပြန်မှုလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြင်ပဖြစ်ရပ်များကို ရည်ညွှန်းကာ ပြောသည်။ “ဒါမှမဟုတ် လူသိရှင်ကြား မထုတ်ပြန်သေးတဲ့ တခြားလုပ်ရပ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်မှု မရှိမချင်းတော့ ကျမတို့ သိရမှာ မဟုတ်ပါဘူး” ဟု ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

(Newsweek ပါ China’s Strategic Interests in Myanmar Behind U.S. Citizen Arrest: Sources ကို ဘာသာပြန်သည်။)

]]>