Ethan Myint, Author at ဧရာဝတီ https://burma.irrawaddy.com/author/ethanm Covering Burma and Southeast Asia Tue, 13 Oct 2026 07:50:47 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Ethan Myint, Author at ဧရာဝတီ https://burma.irrawaddy.com/author/ethanm 32 32 မင်းအောင်လှိုင် ဆင်တဲ့ ထောင်ချောက်ထဲ ထရမ့် ဆင်းလာမလား https://burma.irrawaddy.com/opinion/viewpoint/2026/10/13/417004.html Tue, 13 Oct 2026 07:50:22 +0000 https://burma.irrawaddy.com/?p=417004 ဝါရှင်တန်သည် ပေကျင်းကဲ့သို့ ဗဟိုအာဏာ ခွဲဝေထားသော နိုင်ငံရေးအခင်းအကျင်းတွင် အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။]]>

ဝါရှင်တန်၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေး အတွက် အရေးပါသော တွက်ချက်မှုများတွင် မြန်မာနိုင်ငံသည် ပိုမိုထင်ရှားသည့် အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။

သို့သော် ထိုနိုင်ငံသည် လွယ်ကူရိုးရှင်းသည့် အခြေအနေမျိုးတွင် လုံးဝမရှိပါ။ စစ်ရေးနှင့် နိုင်ငံရေးအာဏာများသည် ဗဟိုချက် အများအပြားတွင် ကွဲပြားပြန့်နှံ့နေသဖြင့် ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်ရန်နှင့် သိမ်မွေ့နက်နဲသော စဉ်းစားတွေးခေါ်မှုများ ပြုလုပ်ရန် လိုအပ်သည်။

စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ဗဟိုဦးစီး မိတ်ဖက်အဖွဲ့အစည်း မရှိသည့်အတွက် ဝါရှင်တန်အနေဖြင့် ဖြတ်လမ်းလိုက်ကာ အမေရိကန်၏ အကျိုးစီးပွားများကို ဖော်ဆောင်ရန် နေပြည်တော် စစ်အုပ်စုကို အလွယ်ကူဆုံး လမ်းကြောင်းအဖြစ် သတ်မှတ်ဆက်ဆံလိုမှုမျိုး ရှိနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် နေပြည်တော်က ဆင်ထားသော ထောင်ချောက်ထဲသို့ ကျဆင်းသွားနိုင်သည့် အန္တရာယ်ရှိပြီး စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခွင့် ရရှိခြင်းကို မြန်မာနိုင်ငံတခုလုံးနှင့် ထိတွေ့ဆက်ဆံခွင့်ရခြင်းဟု အထင်မှားသွားစေနိုင်သည်။

ဝါရှင်တန်သည် ထိုငါးစာကို ဟပ်မည်လော။ သို့မဟုတ် ထိုသွေးဆောင်မှုကို ပယ်ပြီး မြန်မာနိုင်ငံ၏ ရှုပ်ထွေး၍ ဗဟိုအာဏာ ခွဲဝေထားသော အခင်းအကျင်းကြားမှ နည်းလမ်းရှာမည့် မဟာဗျူဟာကို တည်ဆောက်သွားမည်လော။

ဝါရှင်တန်၏ တွက်ချက်မှု

ဝါရှင်တန်အတွက် မူလမေးခွန်းမှာ မြန်မာနိုင်ငံတွင် ဆုံနေသည့် သီးခြားအကျိုးစီးပွား နှစ်ခုကို ကုန်ကျစရိတ် အသက်သာဆုံးနှင့် အစိတ်ချရဆုံး နည်းလမ်းဖြင့် မည်သို့ကိုင်တွယ်မည်နည်း ဖြစ်သည်။ ဝါရှင်တန်သည် တရုတ်က စိုးမိုးထားသော မြေရှားဒြပ်စင် ထောက်ပံ့ရေးကွင်းဆက်များအပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းနေသကဲ့သို့ အမေရိကန်ပြည်သူများအား တိုက်ရိုက်ထိခိုက်စေသည့် လျှင်မြန်စွာ ကျယ်ပြန့်လာသော နယ်စပ်ဖြတ်ကျော် ဥပဒေမဲ့ ငွေလိမ်ဂိုဏ်း ရာဇဝတ်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းလိုသည်။ မြန်မာနိုင်ငံသည် အိန္ဒိယ၊ တရုတ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းကို အိန္ဒိယသမုဒ္ဒရာနှင့် ဆက်သွယ်ပေးထားသည့်အပြင် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး မြေရှားဒြပ်စင် ထုတ်လုပ်သည့် နိုင်ငံလည်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် အမေရိကန်ပြည်သူများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာကို တိုက်ရိုက် လိမ်လည်လှည့်ဖြားနေသည့် အွန်လိုင်းငွေလိမ်စခန်းများ၏ အဓိက ဗဟိုချက် တခုလည်း ဖြစ်သည်။

ထရန့်အစိုးရလက်ထက်တွင် ဝါရှင်တန်၏ နိုင်ငံခြားရေးမူဝါဒသည် အခြေခံကျကျ ပြောင်းလဲသွားခဲ့သည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မြှင့်တင်ရေးဆိုင်ရာ ကာလရှည် အစဉ်အလာများကို ဘေးဖယ်လိုက်ပြီး အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးကို အဓိကဦးစားပေးသည့် “America First” (အမေရိကန် ပထမ) ချဉ်းကပ်ပုံဖြင့် အစားထိုးခဲ့သည်။ လွန်ခဲ့သည့် နိုဝင်ဘာလက ထရန့် လက်မှတ်ရေးထိုးခဲ့သည့် ၂၀၂၅ ခုနှစ် အမျိုးသားလုံခြုံရေး မဟာဗျူဟာ (NSS) တွင် “လိုက်လျောညီထွေရှိသော လက်တွေ့ဝါဒ” (flexible realism) ကို လမ်းညွှန်မူတခုအဖြစ် သတ်မှတ်ခဲ့သည်။ ထိုချဉ်းကပ်မှုအရ ဝါရှင်တန်သည် အခြားနိုင်ငံများအား ဒီမိုကရေစီစံနှုန်းများ ကျင့်သုံးရန် မတောင်းဆိုဘဲ သာမန် ဆက်ဆံရေးကောင်းမွန်မှုနှင့် ငြိမ်းချမ်းသော ကုန်သွယ်ရေး ဆက်ဆံမှုများကိုသာ လိုလားသည်။

ဤပြောင်းလဲမှုသည် မြန်မာနိုင်ငံအတွက် ရိုက်ခတ်မှုအကြီးအကျယ် ရှိနိုင်သည်။ သမိုင်းကြောင်းအရ အမေရိကန်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စများကို ဦးစားပေးခဲ့သဖြင့် စစ်အုပ်ချုပ်သူများနှင့် သံတမန်ရေး ထိတွေ့ဆက်ဆံမှု သို့မဟုတ် ၎င်းတို့အတွက် အကျိုးရှိစေမည့် စီးပွားရေး သဘောတူညီချက်များကို ကန့်သတ်ထားခဲ့သည်။

ထို့အပြင် အရေးကြီးသည်မှာ NSS သည် အင်ဒို-ပစိဖိတ်ဒေသကို “နောက်ရာစုနှစ်၏ အဓိက စီးပွားရေးနှင့် ပထဝီနိုင်ငံရေး စစ်မက်ပြိုင်ကွင်း” အဖြစ် အသိအမှတ်ပြုခဲ့ပြီး ထိုဒေသတွင် အောင်မြင်စွာ ပြိုင်ဆိုင်နိုင်ရေးသည် အမေရိကန်၏ သာယာဝပြောရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ဝါရှင်တန်သည် တရုတ်နှင့် စီးပွားရေးဆက်ဆံရေးကို ပြန်လည်မျှခြေညှိရန်နှင့် တရုတ်စိုးမိုးထားသော ထောက်ပံ့ရေးကွင်းဆက်များအပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးပမ်းနေချိန်တွင် မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အရေးပါမှုသည် ပိုမိုကြီးထွားလာနိုင်သည်။

ဝါရှင်တန်၏ တွက်ချက်မှုကို အမေရိကန်၏ မိတ်ဖက်များအပါအဝင် ဒေသတွင်း အစိုးရများနှင့် အမေရိကန်၏ ပုဂ္ဂလိကကဏ္ဍများကပါ ပုံဖော်ပေးနေသည်။ ကမ္ဘာ့မတည်ငြိမ်မှုများနှင့် ပထဝီနိုင်ငံရေး အလှုပ်အခတ်များသည် ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ပေါ်လွင်စေခဲ့သည်။ စီးပွားရေးအရ ဖိအားပေးခြိမ်းခြောက်ခံရသည့် ထပ်ဆောင်းအန္တရာယ်ကြောင့် အမေရိကန် အပါအဝင် အစိုးရများအနေဖြင့် တည်ငြိမ်မှု ရရှိရေးနှင့် အရေးပါသော ထောက်ပံ့ရေးကွင်းဆက်များ ခိုင်မာရေးအတွက် ပိုမိုဖိအားပေးခံလာရသည်။ ထို့အတွက်ကြောင့် ဒေသတွင်း အစိုးရများသည် ဖြစ်နိုင်ခြေများကို လေ့လာရန် နေပြည်တော်နှင့် အဆင့်မြင့် ထိတွေ့ဆက်ဆံမှုများကို စတင်ခဲ့ကြသည်။ ဤထိတွေ့ဆက်ဆံမှုများသည် ဝါရှင်တန်အတွက် နေပြည်တော် စစ်အုပ်စုနှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်လိုစိတ်ကို ပိုမိုမြင့်တက်လာစေနိုင်သည်။

ဩဇာညောင်းသည့် အမေရိကန် စီးပွားရေးလုပ်ငန်းများသည်လည်း ဤအပြောင်းအလဲများကို စောင့်ကြည့်နေကြသည်။ ဒေသတွင်း အစိုးရများက စစ်အုပ်စုနှင့် ဆက်ဆံရေး လမ်းဖွင့်ပြလာသောအခါ မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ဖြစ်နိုင်ခြေရှိသော ဈေးကွက်တခုအဖြစ် မြင်တွေ့လာရနိုင်သည်။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အခြားစည်းမျဉ်းများသည် ၎င်းတို့အား ဒေသတွင်း ပြိုင်ဘက်များနှင့် ယှဉ်လျှင် စီးပွားရေးအရ အားနည်းချက်ဖြစ်စေသည်ဟု ထိုစီးပွားရေးလုပ်ငန်းများက ယူဆနိုင်သည်။ မတည်ငြိမ်သော ဈေးကွက်များအတွင်းသို့ ပထမဆုံး ဝင်ရောက်သူများသည် ကြီးမားသော စွန့်စားရမှုများကို ပုခုံးထမ်းရလေ့ရှိသော်လည်း မရေရာမှုများကြား ရင်းနှီးမြှုပ်နှံရန် အမေရိကန် စီးပွားရေးလုပ်ငန်းများ၏ လိုလားမှုကြောင့် လျစ်လျူရှုရန် ခက်ခဲသော စောစီးစွာ ခြေကုတ်ယူနိုင်ရေး အမြင်ကို ပိုမို ခိုင်မာစေနိုင်သည်။

ဝါရှင်တန်၏ မျက်စိလျှမ်းနေသော အချက်

ဝါရှင်တန်အတွက်မူ မြန်မာနိုင်ငံအပေါ် ပြန်လည်အာရုံစိုက်လာခြင်းသည် ယခင်ကတည်းက ရှင်းလင်းသော မူဝါဒချမှတ်ရန် ရုန်းကန်ခဲ့ရစဉ် ရှောင်လွှဲရန် ကြိုးပမ်းခဲ့ဖူးသည့် မူဝါဒပြဿနာဟောင်းကို ပြန်လည်နိုးထစေခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်လွန်နှစ်များ အများစုတွင် နိုင်ငံရေးအာဏာနှင့် လက်နက်ကိုင်အာဏာများသည် များစွာ ကွဲပြားပြန့်နှံ့နေသော်လည်း ဝါရှင်တန်သည် ဗဟိုနိုင်ငံရေး အဓိကဇာတ်ဆောင် အနည်းငယ်နှင့်သာ ထိတွေ့ဆက်ဆံလေ့ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံရေးနှင့် စစ်ရေးအရ အရေးပါသော အစုအဖွဲ့များ ဖြစ်ကြသော်လည်း အမေရိကန်၏ ထိတွေ့ဆက်ဆံမှုပုံစံနှင့် ကွက်တိမဝင်ခဲ့ပေ။ လက်တွေ့တွင် ဝါရှင်တန်၏ နိုင်ငံရေးအာရုံစိုက်မှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအပေါ်၌သာ ရှိနေခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုကိုမူ အမျိုးသားပြန်လည်သင့်မြတ်ရေး မူဘောင်အတွင်း၌သာ အဓိကထား ကန့်သတ်ခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်တွင် မပါဝင်သည့် အင်အားကြီးအဖွဲ့များကို ချန်လှပ်ထားခဲ့သည်။

ယနေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်၏ အဓိက ဒီမိုကရေစီရေးရာ ဆက်ဆံရေးပုဂ္ဂိုလ်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော်လည်း ယနေ့ထက်တိုင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ အတိုက်အခံအင်အားစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အခြားတော်လှန်ရေး အစုအဖွဲ့များကြား ကွဲပြားပြန့်နှံ့နေသည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာသော စစ်ပွဲများသည် နိုင်ငံရေးနှင့် စစ်ရေးအာဏာကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ပိုမိုရောက်ရှိသွားစေခဲ့သည်။ အတိုက်အခံတခုလုံးကို ကိုယ်စားပြုသည့် တဦးတည်းသော အစုအဖွဲ့ဟူ၍ မရှိတော့ပါ။ ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် ဗဟိုနိုင်ငံရေး အဓိကဇာတ်ဆောင် အနည်းငယ်ကိုသာ အခြေခံသည့် ချဉ်းကပ်ပုံထက် ကျော်လွန်စဉ်းစားရန် လိုအပ်သော်လည်း ဝါရှင်တန်သည် ပေကျင်းကဲ့သို့ ဗဟိုအာဏာ ခွဲဝေထားသော နိုင်ငံရေးအခင်းအကျင်းတွင် အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။

ဤမျက်စိလျှမ်းနေသော အချက်ကို နားလည်ထားသဖြင့် နေပြည်တော်သည် မြင့်တက်လာသော ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုနှင့် ဝါရှင်တန်၏ ချဉ်းကပ်ပုံတွင် မဖြေရှင်းနိုင်သေးသည့် လစ်ဟာမှုကို အခွင့်ကောင်းယူရန် ပြင်ဆင်လာခဲ့သည်။ နေပြည်တော်သည် လက်ရှိ အမေရိကန်၏ ဦးစားပေးမှုများနှင့် ကိုက်ညီမည့် သတင်းစကားများ ပေးပို့နိုင်ရေး ဩဇာရှိသော လော်ဘီကုမ္ပဏီများကို ဒေါ်လာသန်းပေါင်းများစွာ ပေးချေခဲ့ပြီး၊ ၎င်းတို့သည် ထိုဦးစားပေးမှုများကို ဖော်ဆောင်ပေးနိုင်သည့် မိတ်ဖက်တခုဖြစ်ကြောင်း ပုံဖော်ခဲ့သည်။ သို့သော် ယခုအကြိမ် မရေမရာ ဖြစ်နေဆဲအချက်မှာ ဝါရှင်တန်သည် ထိုငါးစာကို ဟပ် မဟပ် ဆိုသည့်အချက်ပင် ဖြစ်သည်။

ရင်းနှီးပြီးသား အပေးအယူ

ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အထီးကျန်မှု ပိုမိုကြီးထွားလာချိန်တွင် စစ်အုပ်စုသည် သမိုင်းတလျှောက် အမေရိကန်နှင့် ထိတွေ့ဆက်ဆံရန် ကမ်းလှမ်းမှုများဖြင့် နိုင်ငံရေးအရ လမ်းဖွင့်မှုများကို ထပ်ခါတလဲလဲ ဖန်တီးခဲ့သည်။ သို့သော် ထိုသမိုင်းက ပေးသော ထင်ရှားသည့် သင်ခန်းစာတခုမှာ စစ်တပ်သည် စိတ်ရင်းမှန်မရှိဘဲ သင့်တော်သည်ဟု ယူဆသည့် မည်သည့်အချိန်မဆို သဘောတူညီချက်များကို စွန့်လွှတ်ပစ်လိမ့်မည် ဆိုသည့်အချက်ဖြစ်သည်။

၂၀၀၂ ခုနှစ် မေလတွင် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ တပတ်အကြာတွင် အမေရိကန်နှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် လော်ဘီလုပ်ပေးမည့် ကုမ္ပဏီတခုကို ဝါရှင်တန်၌ မှတ်ပုံတင်ခဲ့သည်။ စစ်အုပ်စုသည် ဘုရှ်အစိုးရ ဦးစားပေးသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ကုန်သွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သည်။ ထိုလမ်းဖွင့်ပေးမှုမှာ ကြာရှည်မခံခဲ့ပါ။ ၂၀၀၃ ခုနှစ် မေလတွင် စစ်အုပ်စုက ငွေပေးထားသည့် တိုက်ခိုက်သူများသည် ဒီပဲယင်းမြို့ အနီး၌ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီးခဲ့သည်။

နောက်ထပ် လမ်းဖွင့်ပေးမှုတခုမှာ ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတ ဦးသိန်းစိန် လက်ထက်၌ ဖြစ်ပေါ်ခဲ့သည်။ ထိုနှစ် ဩဂုတ်လတွင် ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ ထို့နောက် ၎င်း၏အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး၊ စာပေစိစစ်ရေးကို လျှော့ချခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ နိုင်ငံရေးအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်လည်း အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့သည်။ ဝါရှင်တန်က ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာပြည်သို့ စေလွှတ်ကာ သံအမတ်အဆင့် သံတမန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများအပေါ် ကန့်သတ်ချက်များကို လျှော့ချပေးခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သည်။ ထိုနိုင်ငံရေး လမ်းဖွင့်မှုသည် ဆယ်စုနှစ်တခုနီးပါး ကြာမြင့်ခဲ့သော်လည်း မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီးခဲ့သည်။

၂၀၁၁ ခုနှစ် လမ်းဖွင့်မှုသည် ထင်ရှားစွာပင် ကွဲပြားခြားနားခဲ့သည်။ ဦးသိန်းစိန်နှင့် အခြား ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသော တာဝန်ရှိသူများသည် ကြီးမားသော လိုက်လျောမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်ချက်များ ရှိနေသေးသော်လည်း စစ်မှန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြသည်။ ထိုပြောင်းလဲမှုများသည် ယခင်စစ်အစိုးရများ လက်ထက်တွင် စိတ်ကူးပင် မယဉ်နိုင်ခဲ့သော နိုင်ငံရေးလွတ်လပ်ခွင့်များနှင့် စီးပွားရေးအခွင့်အလမ်းများကို ရရှိစေခဲ့သည်။ ထိုလမ်းဖွင့်မှုကို ထိန်းသိမ်းရန် မည်သည့်အရာများကို သီးခြားကွဲပြားစွာ ဆောင်ရွက်ခဲ့သင့်သလဲဆိုသည်ကို မြန်မာ့ရေးရာ ကျွမ်းကျင်သူများနှင့် လေ့လာဆန်းစစ်သူများက ဆက်လက် ငြင်းခုံနေကြမည် ဖြစ်သော်လည်း၊ ဝါရှင်တန်အတွက်မူ အတိတ်ကို စွဲလန်းနေခြင်း သို့မဟုတ် အတိတ်ကို ပြန်လည်ဖန်တီးရန် ကြိုးပမ်းနေခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ဖြေရှင်းရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန်အတွက် အာရုံလွဲသွားစေရုံသာ ရှိလိမ့်မည်။

၂၀၁၁ ခုနှစ် လမ်းဖွင့်မှုနှင့် ထိုအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည်ဟူသော မျှော်လင့်ချက်မှန်သမျှသည် ၂၀၂၁ အာဏာသိမ်းမှုနှင့် ယင်းနောက်ပိုင်း စစ်တပ်က မိမိပြည်သူအပေါ် ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် အစိမ်းလိုက် ပျက်စီးသွားခဲ့ရသည်။ လက်ရှိ ပကတိမှာ နေပြည်တော်တွင် အုပ်ချုပ်နေသည့် စစ်တပ်ခေါင်းဆောင်ပိုင်းသည် ထိုပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ပိုင်း မဟုတ်ဘဲ ထိုပြုပြင်ပြောင်းလဲမှုများကို ဖျက်ဆီးပစ်ခဲ့သည့် ခေါင်းဆောင်ပိုင်းသာ ဖြစ်သည်။

ဖြတ်လမ်းလိုက်ခြင်း၏ တန်ဖိုး

နေပြည်တော်နှင့် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ခြင်းသည် မြေရှားဒြပ်စင် ရရှိရေး သို့မဟုတ် စစ်အုပ်စုက အားပေးထားသည့် ငွေလိမ်စခန်းများကို ထိန်းချုပ်နိုင်ရေးအတွက် အာမခံနိုင်ခြေ လုံးဝမရှိသလောက်ပင်။ ထိုသို့ ပုံမှန်ဆက်ဆံရေး ထူထောင်ခြင်းသည် မင်းအောင်လှိုင် စစ်အုပ်စုအနေဖြင့် နိုင်ငံတွင်း တင်းမာမှုများ၊ စစ်ရေးအရ အသစ်တဖန် ရှုံးနိမ့်မှုများနှင့် စီးပွားရေးဆိုင်ရာ ဖိအားများကို ရင်ဆိုင်နေရချိန်တွင် ၎င်းတို့အတွက် သက်ကယ်ကြိုး တချောင်း ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး အဆိုပါ ပြဿနာများကို ပိုမိုဆိုးရွားသွားစေပါလိမ့်မည်။

စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ခေါင်းဆောင်ပိုင်း အငြင်းပွားမှုများကြောင့် ပါတီညီလာခံကို ရွှေ့ဆိုင်းခဲ့ရသည်။ တချိန်တည်းမှာပင် ဝါရင့်ဗိုလ်ချုပ်ကြီးများထက် မင်းအောင်လှိုင်၏ သစ္စာခံများကို ရာထူးတိုးမြှင့်ပေးခဲ့ခြင်းသည် စစ်တပ်အတွင်း တင်းမာမှုများ ရှိနေသလားဆိုသည့် မေးခွန်းများကို မြင့်တက်လာစေခဲ့သည်။ စစ်တပ်သည် စစ်မြေပြင်တွင် အောင်မြင်နေသည်ဟု ပိုမို ပုံကြီးချဲ့ပြောဆိုနေသော်လည်း လက်ရှိတွင် စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးထားသူများကိုသာ အဓိက အားကိုးနေရသည်။ ရှေ့တန်းတပ်ဖွဲ့များ၏ ၇၀ ရာခိုင်နှုန်းကျော်သည် စစ်မှုထမ်းဥပဒေဖြင့် ပါဝင်လာသူများဖြစ်ကြောင်း သိရသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် စစ်အုပ်စု ချက်ချင်းပြိုလဲတော့မည်ကို ညွှန်ပြနေခြင်းမဟုတ်သော်လည်း နိုင်ငံတကာ၏ ထိတွေ့ဆက်ဆံမှုကို ရှာဖွေနေချိန်တွင် စစ်အုပ်စု ကြုံတွေ့နေရသည့် ဖိအားများကို ပေါ်လွင်စေသည်။

စစ်အုပ်စုသည် စစ်ရေးအရလည်း ရုန်းကန်နေရသည်။ ကချင်ပြည်နယ်တွင် စစ်တပ်သည် ဗန်းမော်မြို့ပတ်ဝန်းကျင်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တော်လှန်မှုကို မခွဲထုတ်နိုင်ဘဲ စခန်းအချို့ကိုပါ တော်လှန်ရေးအင်အားစုများထံ ထပ်မံလက်လွှတ်ခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် လေကြောင်းနှင့် ရေကြောင်းပစ်ကူများဖြင့် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ အသုံးပြုကာ အာရက္ခတပ်တော် (AA) ထံမှ နယ်မြေများ ပြန်လည်သိမ်းပိုက်ရန် စက်တင်ဘာလက စတင်ခဲ့သော အဓိက စစ်ဆင်ရေးသည် သိသာထင်ရှားသော အောင်မြင်မှုများ မရရှိခဲ့ပေ။ ကရင်ပြည်နယ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ရှိ ဆုံးရှုံးသွားသော စခန်းများကို ပြန်လည်ရရှိရန် စစ်တပ်၏ ကြိုးပမ်းမှုများကို ဆက်လက် တိုက်ခိုက်နေကြသည်။

စီးပွားရေးဆိုင်ရာ ဖိအားများသည်လည်း စစ်အုပ်စု၏ တိုးပွားလာသော အခက်အခဲများကို ပိုမိုဆိုးရွားစေသည်။ မြန်မာ့စီးပွားရေးနှင့် ပတ်သက်၍ ကောင်းမွန်သော ပုံရိပ်ကို အမြဲပုံဖော်လေ့ရှိသည့် မင်းအောင်လှိုင်ကိုယ်တိုင်ပင် အဓိပ္ပာယ်ရှိသော တိုးတက်မှုများ မလုပ်ဆောင်နိုင်ခဲ့ကြောင်း မကြာသေးမီက ဝန်ခံခဲ့သည်။ စစ်အုပ်စုက ဘီလာရုစ်နိုင်ငံနှင့် အတိုးနှုန်းမြင့်မားသည့် ချေးငွေရရှိရန် ကြိုးပမ်းနေခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများ တိုးပွားလာနေပြီး အခြားသော ဘဏ္ဍာရေး အရင်းအမြစ်များကို ရှာဖွေရန် လိုအပ်နေကြောင်းကို ဖော်ပြနေသည်။ နိုင်ငံတကာ၏ လေယာဉ်ဆီ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲရန် စစ်အုပ်စု၏ ကြိုးပမ်းမှုများသည်လည်း ထိုအရေးယူဆောင်ရွက်ချက်များက ဖိအားပေးနေကြောင်း ညွှန်ပြနေသည်။ တရုတ်ကုမ္ပဏီများ၏ နည်းပညာနှင့် ပစ္စည်းကိရိယာ အထောက်အပံ့များဖြင့် စစ်အုပ်စုသည် တင်သွင်းနေရသော လေယာဉ်ဆီအပေါ် မှီခိုမှုကို လျှော့ချရန် ရန်ကုန်အနီး သန်လျင်ရေနံချက်စက်ရုံ၌ ကိုယ်ပိုင် လေကြောင်းသုံးစက်သုံးဆီ ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်နေသည်။ ဤစီမံကိန်းသည် လေတပ်အတွက် စိတ်ချရသော စက်သုံးဆီ ထောက်ပံ့မှု ရရှိရေး စစ်အုပ်စု မည်မျှအထိ ကြိုးပမ်းနေသည်ဆိုသည်ကို မီးမောင်းထိုးပြနေသည်။

ဝါရှင်တန်သည် ငါးစာကို ကိုက်လိမ့်မည်လော

ထောင်ချောက်ကို ဆင်ထားပြီးဖြစ်သည်။ ဝါရှင်တန်၏ မကြာသေးမီက လုပ်ဆောင်ချက်များသည် ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးဘက်သို့ ဦးတည်နေကြောင်း ပြသနေသော်လည်း အဓိက မောင်းနှင်အား သုံးခုသည် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွင် ဆက်လက်ဖြစ်ပျက်လာမည့် အရာများကို ပုံဖော်ပေးလိမ့်မည်။

ကွန်ဂရက်က ပါတီနှစ်ခုစလုံး ပါဝင်သော ခိုင်မာသည့် ရပ်တည်ချက်ကို ယူမည်လော

ကွန်ဂရက်အမတ်များသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုအပေါ် စိုးရိမ်မှုများ ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း ထုတ်ပြန်ချက်များက အစိုးရ၏ တွက်ချက်မှုများကို လွှမ်းမိုးရန် အားနည်းပါးပေလိမ့်မည်။ ပိုမို အကျိုးသက်ရောက်မှုရှိမည့် စမ်းသပ်ချက်မှာ လွှတ်တော်က ထရမ့်အစိုးရအား BURMA Act ကို အကောင်အထည်ဖော်ရန်နှင့် စစ်တပ်ပိုင် အဓိက ကဏ္ဍများ ပါဝင်စေသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ကာ စစ်အုပ်စုကို ဖိအားပိုမိုပေးမည့် BRAVE Burma Act ကို အတည်ပြုရန် တိုက်တွန်းမည်လော ဆိုသည့်အချက် ဖြစ်သည်။ BRAVE Burma Act ကို စတင်မိတ်ဆက်ချိန်မှစ၍ အထက်လွှတ်တော် နိုင်ငံခြားရေးဆက်ဆံရေး ကော်မတီ၏ ပြင်ဆင်ချက်မူကြမ်း မူဝါဒ အစီအစဉ်တွင် ထည့်သွင်းရသေးခြင်း မရှိပါ။ လက်ရှိ လွှတ်တော်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ ရွေးကောက်ပွဲလွန်ကာလ (lame-duck session) သည် ပါတီနှစ်ခုစလုံး၏ ဆုံးဖြတ်ချက်ကို ပြသရန်နှင့် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအတွက် ပိုမိုရှင်းလင်းသော ဥပဒေပြုရေး ဦးတည်ချက်ကို ထူထောင်ရန် နောက်ဆုံးအခွင့်အရေး ဖြစ်လာနိုင်သည်။

အမေရိကန်-တရုတ် ဆက်ဆံရေး မည်သို့ တိုးတက်လာမည်နည်း

ယခုနှစ် အကြွင်းအကျန် ကာလများအတွက် သမ္မတ ဒေါ်နယ်ထရန့်နှင့် ရှီကျင်းပင်တို့အကြား ဆွေးနွေးပွဲများ၏ ရလဒ်များ၊ အထူးသဖြင့် မြေရှားဒြပ်စင်များနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များဆိုင်ရာ ဆွေးနွေးမှုများသည် ဝါရှင်တန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို လွှမ်းမိုးနိုင်သည်။ ဆွေးနွေးပွဲများက အရေးပါသော သတ္တုဓာတ်များ ရရှိရေးဆိုင်ရာ အမေရိကန်၏ စိုးရိမ်မှုများကို လျှော့ချပေးနိုင်ပါက မြန်မာနိုင်ငံတွင် အခြားနည်းလမ်းများ ရှာဖွေရန် လိုအပ်ချက် လျော့နည်းသွားနိုင်သည်။ အပြန်အလှန်အားဖြင့် တင်းမာမှုများ ဆက်လက်ရှိနေပါက မြန်မာနိုင်ငံ၏ သယံဇာတများကို ရယူရန် ဝါရှင်တန်၏ စိတ်ဝင်စားမှုကို မြင့်တက်လာစေပြီး နေပြည်တော်၏ ကမ်းလှမ်းမှုများကို ပိုမိုဆွဲဆောင်မှုရှိစေနိုင်သည်။

ယုံကြည်စိတ်ချရသော အခြားနည်းလမ်းတခု မြန်မာ့တော်လှန်ရေး အင်အားစုများ တင်ပြနိုင်မည်လော

တော်လှန်ရေး အင်အားစုများသည် အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) မှတဆင့် အဓိပ္ပာယ်ရှိသော ပူးပေါင်းဆောင်ရွက်မှုကို အထမြောက်အောင် ပြုလုပ်နိုင်မလားနှင့် ဝါရှင်တန်အား ယုံကြည်စိတ်ချရပြီး လုပ်ကိုင်ဆောင်ရွက်နိုင်သည့် မိတ်ဖက်အဖြစ် တင်ပြနိုင်မလား ဆိုသည့်အချက်အပေါ်တွင်လည်း များစွာ မူတည်နေသည်။ အမေရိကန် မူဝါဒချမှတ်သူများသည် အရေးပါသော သတ္တုဓာတ်များ၊ နယ်စပ်ဖြတ်ကျော် ငွေလိမ်လည်မှုများနှင့် ဒေသတွင်း လုံခြုံရေး စသည့် ကိစ္စရပ်များတွင် အထောက်အထားပြနိုင်သော ရလဒ်များ ထုတ်ပေးနိုင်သည့် မိတ်ဖက်များကို လိုလားကြမည်ဖြစ်သည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းနှင့် ထိုဦးစားပေးမှုများကို ဖော်ဆောင်ပေးနိုင်ကြောင်း သက်သေပြနိုင်ပါက ဝါရှင်တန်အနေဖြင့် နေပြည်တော်အား ဆက်ဆံရေးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် အကြောင်းပြချက် နည်းပါးသွားနိုင်သည်။

(စာရေးသူသည် Burma Advocacy Group မှ လွတ်လပ်သော အတိုင်ပင်ခံတဦးဖြစ်ပြီး School of International Services မှ ကျောင်းသားတဦးလည်း ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Regime Is Laying a Trap for the US. Will Washington Fall for It? ကို ဘာသာပြန်သည်။)

]]>