အဝေးရောက် သံတမန်တစ်ဦး, Author at ဧရာဝတီ https://burma.irrawaddy.com/author/farawayminister Covering Burma and Southeast Asia Sat, 15 Aug 2026 01:23:33 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အဝေးရောက် သံတမန်တစ်ဦး, Author at ဧရာဝတီ https://burma.irrawaddy.com/author/farawayminister 32 32 ပြောရမှာ ရှက်ပါတယ် https://burma.irrawaddy.com/article/2026/08/15/415512.html Sat, 15 Aug 2026 01:00:12 +0000 https://burma.irrawaddy.com/?p=415512 လွတ်လပ်ရေး မော်ကွန်းဝင်ဘွဲ့ရ စစ်ဗိုလ်ဟောင်းကြီးများပင် ပြောရမှာ ရှက်ပါတယ် ဘဝမျိုးကို ရောက်နေကြပြီ ဆိုပြန်တော့…]]>

ရိုးသားပွင့်လင်းသော မြန်မာများသည် မမြိုနိုင်မသိပ်နိုင်တော့သည့် နာကျည်းစရာ ခံစားချက်များတွင် “ပြောရမှာ ရှက်ပါတယ်”ဟု အစချီပြီး မြိုသိပ်ထားသမျှ အကုန်လုံး ဖွင့်အန်တတ်ကြသည်ကို ကြားဖူး၊ ကြုံဖူးကြမည်သာ ဖြစ်ပါသည်။

အဆိုပါ “ပြောရမှာ ရှက်ပါတယ်” သာမန် ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းများထဲမှ အရိုးကို အရွက်ဖုံးပြီး အမျိုး၊ ဘာသာ၊ သာသနာပါ ပျောက်နိုင်သော၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော ဖြစ်ရပ် အချို့ကို ကြားသိနေရ၍ အထူးပင် စိတ်မချမ်းမြေ့ ဖြစ်နေရပါသည်။

စာရေးသူသည် လူကိုမမုန်း၊ မူ (စစ်ဝါဒီ) ကိုသာ မုန်းသူဖြစ်၍ မိတ်ဟောင်းဆွေဟောင်း စစ်ဗိုလ်ကြီးများ အကြောင်းကို ၎င်းတို့ ဆွေမျိုးသားချင်းများအား တွေ့ဆုံတိုင်း သာရေးနာရေး စသည်ဖြင့် သတင်း မေးမြန်းလေ့ ရှိပါသည်။

တချိန်က တော်လှန်ရေး ကောင်စီခေတ်နှင့် မဆလ ခေတ်များတွင် အလွန်အမင်း ဘုန်းမီးနေလ တောက်ပခဲ့သော ဗိုလ်မှူးကြီး တဦး၏ သားတော်မောင် တယောက်နှင့် မမျှော်လင့်ဘဲ လမ်းပေါ်တွင်တွေ့၍ မောင်ရင့် အဖေကြီး တယောက် ကျန်းကျန်းမာမာ ရှိပါစဟု သတင်း မေးမိပါသည်။

၎င်းက “ကျနော် ရန်ကုန်က ပြန်လာတာ သုံးလေးရက်ပဲ ရှိပါသေးတယ်။ ကျနော့်အဖေ အပါအဝင် ခေါင်းဖြူ စစ်ဗိုလ် အသိုင်းအဝိုင်း ဟောင်းကြီးတွေ ဘဝကတော့ အတော် အဖြစ်ဆိုးနေပါတယ်။ အသက်ကြီးမှ ဒေါ်လာရောဂါ ထနေကြ ပါတယ်။ သူတို့ တတွေအကြောင်းကို မပြောချင်တော့ပါဘူးဗျာ၊ ပြောရမှာတောင် ရှက်ပါတယ်” ဟု အစချီပြီး အကုန် ဖွင့်အန်ပါတော့သည်။

“ကျနော့် အဖေတို့တတွေ တစည ပါတီ (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ) ထောင်ပြီး ရွေးကောက်ပွဲ ဝင်ကြတော့ အရှက်ကွဲကြတာ ဦးလေးသိမှာပဲ။ အဲဒါကိုလည်း မမှတ်ကြဘဲ နိုင်ငံရေး အာဏာ သူတို့ဘက်ကို တနည်းနည်းနဲ့ ပြန်လည်ရလာနိုးနဲ့ ပါတီရုံးချုပ်မှာ ထိုင်စောင့်ကြတာ လေးနှစ်ကျော် ငါးနှစ်ထဲကိုသာ ရောက်လာတယ် ဘာမှ အကြောင်းမထူးကြပါဘူး။ တလ သုံးထောင်ကျော်ရတဲ့ မဆလ နိုင်ငံရေး ပင်စင်နဲ့ ချို့ချို့တဲ့တဲ့ ခါးစည်းခံနေခဲ့ ကြရ ပါတယ်။ အခုတော့ ခါးစည်းမခံနိုင်ကြတော့ဘဲ ဗိုလ်မှူးကြီးဟောင်း၊ တိုင်းမှူးဟောင်း၊ ဝန်ကြီးဟောင်း ငါးဦး၊ ခြောက်ဦး အဖော်စပ်ပြီး ဟိုတယ်ဆိုလား၊ မိုတယ် ဆိုလား ထောင်ထားကြပါတယ်။ အလုပ်က စကာစဆိုတော့ အလုပ်သမား စရိတ်စက သက်သာအောင်ဆိုပြီး စစ်ဗိုလ်ဟောင်းကြီးတွေ ရုံးခန်းမှာ တယောက် တလှည့်စီ ရုံးထိုင်ကြတယ် ဆိုပါတယ်။

အဖေပြောပြချက် အရတော့ တပည့်တပန်း နဝတ တွေက အစိုးရ ရုံးကိစ္စနဲ့ ပတ်သက်ပြီး လာကြတဲ့ နိုင်ငံခြား ကုမ္ပဏီက သူဌေးတွေကို ခွဲတမ်းချပြီး တည်းခိုခိုင်းလို့ ဝင်ငွေတော့ အတော်အသင့် ကောင်းပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တနေ့ အဖေဟာ အလုပ်က အချိန်မဟုတ် ဒေါသထွက် အိမ်ကိုပြန်လာပြီး သုံးလေးရက်လောက် အလုပ် ပြန်မသွားဘဲ တမှိုင်မှိုင်တထွေထွေ ဖြစ်နေလို့ အမေက “ဘာဖြစ်တာလဲ၊ အလုပ်ထဲမှာ ရန်ဖြစ်လာတာလား” လို့ အတန်တန် မေးကြည့်မှ ကျနော့် အဖေက “တို့ဟိုတယ်မှာ လာတည်းခိုနေတဲ့ ယိုးဒယား ကုန်သည် တယောက်က မိန်းမလိုချင်တယ်၊ ရှာပေးပါ ငါ့ကိုပြောတယ်။ တို့ဟိုတယ်မှာ ဒါမျိုးမလုပ်ဘူး” လို့ ယိုးဒယား ကုန်သည်ကို အော်ငေါက်လိုက်တော့ အဲဒီကုန်သည်က “ဪ ဝမ်းနည်းပါတယ်။ ကျနော် လူမှားသွားလို့ပါ။ ဟိုတနေ့က ဒီရုံးခန်းမှာ ထိုင်တဲ့ ခေါင်းဖြူဖြူလူနဲ့ ခင်ဗျားနဲ့ အတော်ရုပ်ချင်း တူပါတယ်။ လူမှားပြီး ပြောမိတာပါ” လို့ ပြန်တောင်းပန်တဲ့ အကြောင်း မေမေ ပြောပြလို့ သိရပါတယ်။

ဒါပေမယ့် အဖေကတော့ စိတ်လည်း ဆိုး၊ စိတ်ဓာတ်လည်း ကျပြီး “တို့တတွေ ဒီဘဝကို ရောက်နေကြပါပကောလား” ဟု ရင်ထုမနာ ဖြစ်ရပါသော ပြောရမှာ ရှက်ပါတယ် ဇတ်လမ်းကလေး တပုဒ် အဖြစ်ကို သိခဲ့ရပါသည်။

စစ်အာဏာရှင် အောက်၌ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်၊ ဒုတိယ အဆင့်၊ လွတ်လပ်ရေး မော်ကွန်းဝင်ဘွဲ့ အသီးသီး ရရှိခဲ့ကြသော ဗိုလ်မှူးကြီးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းများ၏ ဟိုတယ်၊ မိုတယ် ပိုင်ရှင် ဇိမ်ခေါင်းဘဝ စသည်တို့မှာ ဖန်ခါးသီး စားသကဲ့သို့ တဖြည်းဖြည်းနဲ့ ဖန်ဖန် ခါးခါး၊ လျှာရည်လိုက်ပြီး အရသာတွေ့ကာ နောက်သောအခါ ယဉ်ပါး သွားတော့မည်သာ ဖြစ်ပါသည်။

ယိုးဒယားနိုင်ငံရှိ အမျိုးသမီးငယ် တရာကျော် နှစ်ရာခန့် မွေး ထားသည့် မိုတယ် ဇိမ်ခန်းကြီးများ၏ ပိုင်ရှင်များသည် စစ်အာဏာရှင် စစ်ဗိုလ်ကြီးများသာ ဖြစ်ကြပါသည်။

အမှန်စင်စစ် မျိုးချစ်ယိုးဒယား စစ်ဗိုလ် အများစုသည် ဗီယက်နမ် စစ်ပွဲတွင် တိုက်ခိုက်နေသော အမေရိကန် စစ်သားများ အတွက် အပန်းဖြေ ဇိမ်ခန်းများ ဖွင့်ပြီး ဒေါ်လာရှာဖွေရမည့် စီးပွားရေး စီမံကိန်းကြီးအား မနှစ်မြို့ ခဲ့ကြသော်လည်း ဝိသမ လောဘ တက်နေကြသော သူတို့အထက်မှ စစ်အာဏာရှင် တစုကြောင့် အဆိုပါ ဟိုတယ်၊ မိုတယ် ဇိမ်ခံ လုပ်ငန်းကြီးသည် ရှင်သန် ကြီးထွားလာပြီး အုပ်မနိုင် ထိန်းမရဖြစ်ကာ မြန်မာနိုင်ငံမှ လေတပ် ဗိုလ်ချုပ်ဟောင်း ဒီကလစ် သည်ပင်လျှင် ဦးနေဝင်း ကန့်ထုတ်လိုက်၍ ယိုးဒယားနိုင်ငံသို့ ရောက်ရှိလာစ အချိန်ကာလ က သူ့မိတ်ဆွေ ယိုးဒယား လေတပ်ဗိုလ်ချုပ် မာရှယ် ဝါဒီတို့၏ မစမှုဖြင့် လေဆိပ်သို့ ဆိုက်ရောက်လာသော အမေရိကန် စစ်သားများအား ဟိုတယ်၊ မိုတယ် ဇိမ်ခန်းများသို့ ဘတ်စ်ကားများဖြင့် ပို့ဆောင်ရသည့် ကန်ထရိုက် လုပ်ငန်းကို ရရှိသွား၍ အတော် စားသာသွားခဲ့ဖူးသည်ကို စာရေးသူအနေဖြင့် ဘန်ကောက်မြို့တွင် ရှိနေစဉ် တွေ့ကြုံ ကြားသိခဲ့ရဖူးပါသည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံသို့ ၁၉၇၀ ခုနှစ် ဝန်းကျင် က မြန်မာများ အတော် အရောက်အပေါက် နည်းပြီး မြန်မာ သံရုံးများပင် ဖွင့်လှစ်ထားခဲ့ခြင်း မရှိခဲ့ပါ။

သို့ရာတွင် ထိုနောက်ပိုင်း အချိန်ကာလများ၌ ပါတ်ချုံဟီး ဖလား ဘောလုံး ပြိုင်ပွဲ သို့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားများ နှစ်စဉ် ရောက်ရှိခဲ့ကြပါသည်။

ထိုအချိန်က တောင်ကိုရီးယားတွင် အာဏာရှင်များ ခြံနှင့် ဝင်းနှင့် လူ ၂၀၊ ၃၀ ခန့် စစ်ဗိုလ်များ ကိုယ်ပိုင် အမျိုးသမီး ငယ်များ မွေးထားသည့် ဇိမ်ခန်း ဟိုတယ် မိုတယ်များ အမြောက်အမြား ရှိခဲ့သည်ကို ကိုယ်တွေ့ မျက်မြင်သမားများ ထံမှ ကြားသိခဲ့ရဖူးပါသည်။

၁၉၇၂ ခုနှစ်ခန့်က တောင် ကိုရီးယား စစ်ဗိုလ်ချုပ်ကြီးများ၏ အခြေအနေနှင့် ၁၉၉၄ ခုနှစ် မြန်မာ့ စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်ဗိုလ်ဟောင်းကြီးများ၏ အခြေအနေသည် ထပ်တူထပ်မျှ တူနေ၍ မြန်မာ့ စစ်အာဏာရှင်များသည် တောင်ကိုရီးယား နှင့် ယိုးဒယား စစ်အာဏာရှင်များထက် အနှစ် ၂၀ ကျော်ခန့် ဇိမ်ခန်းပိုင်ရှင် သမိုင်းတွင် ခေတ်နောက်ကျလျက် ရှိနေ ပြန်ပါသည်။

ယခုတဖန် မြန်မာနိုင်ငံက ဆရာတင်၍ နိုင်ငံရေးစနစ် ပုံတူကူးယူခြင်းကို ခံရသည့် အင်ဒိုနီးရှား နိုင်ငံတွင်လည်း ယိုးဒယားနှင့် တောင်ကိုရီးယား နိုင်ငံများထက် လူမှုရေး ဖောက်ပြန်မှု ကိုးဆယ်ဆ သာလွန်လျက်ပင် ရှိနေပြန်ပါသည်။

ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့် အလွန် ကွာဟပြီး၊ လူရောင်းလူဝယ် ကိစ္စရပ်များ အလွန်များပြားလျက် မိန်းမပျိုများအား ဈေးချိုချိုဖြင့် နှစ်တိုနှစ်ရှည် အသုံးပြုလိုရာ အချက်အလက် သတ်မှတ်၍ အိမ်ပေါ် တင်ထားနိုင်ကြောင်းကို ကိုယ်တွေ့ မျက်မြင် နောင်တော် သံတမန်များထံမှ ကြားဖူးနားဝ ရှိခဲ့ပါသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ ခံယူချက် ယုံကြည်ချက် စသည့် လူမျိုးစရိုက် လက္ခဏာများသည် ယိုးဒယား၊ ကိုရီးယား၊ အင်ဒိုနီးရှား နိုင်ငံများ၏ ယဉ်ကျေးမှု အစဉ်အလာများနှင့် ဆီနှင့် ရေတမျှ ကွာခြားလှပါသည်။

အစိုးရလုပ်ငန်းများမှ သာဓက တခုကို ထုတ်ပြရပါမူ ၁၉၇၄ ခုနှစ်တွင် မဆလ လွှတ်တော် ပေါ်ပေါက်လာပြီး၊ လွှတ်တော်မှ ပူပူနွေးနွေး ခန့်အပ်လိုက်သော အလုပ်သမား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဖြစ်သူ ဗိုလ်မှူးကြီးဟောင်း ဦးကျော်ခိုင်သည် ဂျနီဗာမြို့သို့ အလုပ်သမား ညီလာခံတက်ရန် အသွား၊ ဘန်ကောက်မြို့သို့ တညတာ ဝင်ရောက် ရပ်နားခဲ့ပါသည်။

ယင်းအချိန်က ယိုးဒယားနိုင်ငံတွင် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဖြစ်နေသူ ဗိုလ်ချုပ်ကြီး ချတ်ချိုင်း (နောင်ဝန်ကြီးချုပ် ဖြစ်လာသူ) က ဦးကျော်ခိုင်အား ညစာ ထမင်းပွဲ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ထမင်းပွဲသို့ ယိုးဒယား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန် မိတ်ဆက် ဌာနခွဲမှ လူပျိုဖြူ ဇိမ်မယ်ကလေးများကို ထမင်းစားအပြီး အချိုပွဲပမာ ၎င်းတို့ ထုံးစံအတိုင်း တည်းခင်းပေးရှာပါသည်။

ဦးကျော်ခိုင်က ကြောက်လန့်ပြီး “ဒီကောင်မလေးတွေကို ပြန်လွှတ်ခိုင်းလိုက်ပါ။ ငါ မနေ့ကမှ ဒုတိယဝန်ကြီး ဖြစ်တာ ပြုတ်တော့မှာပဲ” ဟုပြော၍ သက်ဆိုင်ရာ ယိုးဒယား သံတမန် အရာရှိများအား မိန်းကလေးများကို ပြန်လွှတ်လိုက်ရန် စာရေးသူတို့ သံရုံးအဖွဲ့ဝင်များက ပြောပြခဲ့ဖူးပါသည်။

နောက်များမကြာမီ ယိုးဒယား သံတမန်ရေး ဌာနမှ အကြီးအကဲ ဖြစ်နေသူ၊ မြန်မာနိုင်ငံတွင်လည်း ယိုးဒယားသံရုံး၌ ဒုတိယအတွင်းဝန် လုပ်ခဲ့ဖူးသူအား မြန်မာလူကြီးများအတွက် ထမင်းစားပွဲ လုပ်သည့်အခါ မိန်းကလေးများအား ခေါ်မလာရန်နှင့် မြန်မာ့စရိုက်နှင့် မကိုက်ညီပုံကို ပြောပြရာ ၎င်းကရယ်မောပြီး “ကျွန်းဆွယ်ပွဲ ကျင်းပတဲ့ ၁၉၅၈ ခုနှစ် အိမ်စောင့် အစိုးရခေတ်က မင်းတို့ ဗမာတွေလည်းပဲ တို့လူကြီးတွေကို မိန်းမပျိုတွေနဲ့ ဧည့်ခံခဲ့တာပါပဲ” ဟု ပြန်မှုတ်၍ အတော်ပင် စိတ်ထဲ၌ နာကျည်းခံပြင်း ဖြစ်ခဲ့ရဖူးပါသည်။

စာရေးသူသည် မြန်မာနိုင်ငံတွင် ကျွန်းဆွယ် အားကစားပွဲ ကျင်းပချိန် ဗိုလ်ချုပ်ကြီးနေဝင်း အုပ်စိုးသည့် အိမ်စောင့် အစိုးရ ခေတ်တွင် ကျောင်းသားဘဝ၌သာ ရှိနေသေး၍ ယင်းအကြောင်းအရာများအား မသိရှိခဲ့သော်လည်း ၎င်း ယိုးဒယားအရာရှိ ပြောသော စကားများသည် စာရေးသူတို့ နိုင်ငံခြားရေးရုံးတွင် တကြိမ်တခါမျှ ကြားဖူးနားဝ မရှိခဲ့၍ မြန်မာလူကြီးများ ဤမျှအထိ ကိုယ့်ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး သိက္ခာမရှိသော လုပ်ရပ်များကို လုပ်ဆောင်လိမ့်မည် မဟုတ်ကြောင်း အကြွင်းမဲ့ ယုံကြည်ထားခဲ့သည်။

သို့ရာတွင် နောက်များမကြာမီ အဆိုပါ ကျွန်းဆွယ်ပွဲအတွင်းက မြန်မာအမျိုးသမီးများနှင့် ယိုးဒယား ဗိုလ်ချုပ်ကြီးများ တွဲရိုက်ထားသည့် ဓာတ်ပုံများကို ကိုယ်တွေ့မျက်မြင် ကြည့်ရှုရမှသာလျှင် ဦးနေဝင်းတို့ စစ်ဗိုလ်ဆိုးအုပ်စုသည် မိမိတို့ ပါဝါအာဏာ တည်မြဲရေးအတွက် ဆိုလျှင် ဘာမဆိုလုပ်မည့် ဆိုးပေ မောင်မဲများပါကလားဟု သိမြင်လာခဲ့ရပါသည်။

၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရခေတ်တွင် ဦးနေဝင်းနှင့် သဘောချင်း မတိုက်ဆိုင်၍ စစ်တပ်မှ မောင်းထုတ်ခံရပြီး သံအမတ်ကြီးများ ဖြစ်လာကြသော၊ လက်ယာ အယူအဆရှိသော စစ်ဗိုလ်တချို့က မြန်မာနိုင်ငံတွင် နေ့ချင်းညချင်း မိုးပျံ တိုက်ကြီးများ၊ ကုန်တိုက်ကြီးများ ဖြစ်ပေါ်လာအောင် ၎င်းတို့ ဆောင်ရွက်နိုင်ကြောင်း၊ သို့ရာတွင် ပြည်သူလူထု၏ အကျင့်စာရိတ္တ မည်မျှအထိ ပျက်စီးယိုယွင်းသွားမည်ကို ၎င်းတို့ မသိနိုင်ကြောင်း၊ လူ့သိက္ခာနှင့် ငွေ အလဲအလှယ် လုပ်ရမည့် နိုင်ငံခြား ခရီးသွား ဧည့်လုပ်ငန်းသည် ဦးစားပေးအဆင့်တွင် မထားသင့်သော စီးပွားရေးလုပ်ငန်းသာ ဖြစ်ကြောင်း စသဖြင့် ပြောဆိုသံများကို ကြားသိ မှတ်သားခဲ့ရဖူးပါသည်။

နဝတ စစ်ဗိုလ်ဆိုးများသည် မြန်မာနိုင်ငံအတွက် ဦးစားပေး အဆင့်တွင် မထားသင့်သော တိုးရစ်အင်ဒပ်စရီး ကို လက်တွေ့ အကောင်အထည်ဖော်သည့် အနေဖြင့် ဟိုတယ်၊ မိုတယ် ဇိမ်ခန်းများ တည်ဆောက်လျက် ရှိနေကြ ပါသည်။

နဝတများ အနေဖြင့် ဈေးကွက်ကို သုတေသနမပြုဘဲ လာမည့်နှစ်သည် ကမာ္ဘလှည့် ခရီးသည်များ (တိုးရစ်) နှစ်ဟု ကြွေးကြော်ပြီး ဟိုတယ် မိုတယ်တွေ အကြီးအကျယ် ဆောက်နေကြသည်ကို အံ့အားသင့်ပြီး၊ ထိုအချက်ကို သဘော မပေါက်သော မြန်မာစကားတတ်သည့် နိုင်ငံခြားသား တဦးက “ကျနော့် အမြင်တော့ မြန်မာနိုင်ငံကို တိုးရစ်တွေ သိပ် လာမယ့် အခြေအနေတော့ မမြင်သေးပါဘူးဗျာ။ ဒါပေမယ့် နောင်နှစ်များမှာတော့ ဒီစစ်ဗိုလ်တွေ အာဏာကို ပိုပြီး တိုးယစ် (တိုးပြီး ယစ်မူး) လာကြလိမ့်မယ်။ ဒီအချိုးတိုင်း သွားလို့တော့ ဘယ်တော့မှ ဒီစစ်ဗိုလ်တွေ ကုလားထိုင်က ဆင်းပေးမှာ မဟုတ်ဘူး” ဟု မှတ်ချက်ချနေပြန်ပါသည်။

လွတ်လပ်ရေး မော်ကွန်းဝင်ဘွဲ့ရ စစ်ဗိုလ်ဟောင်းကြီးများပင် ပြောရမှာ ရှက်ပါတယ် ဘဝမျိုးကို ရောက်နေကြပြီ ဆိုပြန်တော့ စာရေးသူနေဖြင့် ခင်မင်သိကျွမ်းခဲ့ရသူ စစ်ဗိုလ်ကြီးများအတွက် အလွန်အမင်း စိတ်ဓာတ်ကျပြီး နိဂုံးချုပ်တွင် ဘာမျှ ဆော်ဩချက်၊ တိုက်တွန်းချက်၊ နှိုးဆော်ချက်များကိုပင် မရေးချင်တော့ဘဲ အထက်ပါ ကိစ္စရပ်များ ကို ပြောမဖြစ်၍သာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြောပြလိုက်ရသော်လည်း ဒီထက် အတွင်းကျကျ ပြောရမှာကို ရှက်သလို ဖြစ်နေကြောင်းကိုလည်း စာဖတ်သူများအနေဖြင့် နားလည် သဘောပေါက်ကြစေလိုပါသည်။ ။

ခေတ်ပြိုင်ဂျာနယ်၊ အမှတ် ၂၈၊ စက်တင်ဘာ၊ ၁၉၉၄ ခုနှစ်။
(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
ပြည်သူ့တပ်မတော် သန့်ရှင်းရေး (၂) https://burma.irrawaddy.com/article/2026/07/18/414843.html Sat, 18 Jul 2026 01:00:20 +0000 https://burma.irrawaddy.com/?p=414843 တပ်မတော်ကြီးအား အချိန်မီ မသန့်ရှင်းနိုင်ပါက ကလေးသူငယ်များ လမ်းမပေါ်တွင် စာအံနေသော “ဒီအိုဂျီဒေါ့ဒ်=စစ်သား” ဟူသော အဓိပ္ပာယ်သည် နုနယ်သော ကလေးများ၏ စိတ်ထဲတွင် စွဲထင်သွားမည်သာ… ]]>

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့သည် ငြိမ်ပိ အဖွဲ့ စစ်အာဏာရှင်များက တဖန်ပြန်လည်၍ အာဏာ သိမ်းသော နေ့၊ ကျောင်းသား၊ ပြည်သူလူထုနှင့် သံဃာတော် ၅၀၀ ကျော်တို့ကို တနေ့တည်းတွင် အရက်စက်ဆုံး အယုတ်မာဆုံး သတ်ဖြတ်ခဲ့သောနေ့ ဖြစ်ပါသည်။

အာဏာရှင် နေဝင်း စတင် အာဏာသိမ်းခဲ့သော ၁၉၆၂ ခုနှစ် မတ်လက စတင် ရေတွက်ရလျှင် မြန်မာပြည်သူများသည် ပညာ အမြော်အမြင် ကင်းမဲ့သော စစ်အာဏာရှင်များ၏ လက်အောက်ခံ ကျွန်ဘဝတွင် နှစ်ပေါင်း ၂၆ နှစ်ကျော်ကျော် ဆင်းရဲကြီးစွာဖြင့် စားသောက် နေထိုင်ခဲ့ကြရပြီး ဖြစ်ပါသည်။

၁၉၉၀ ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်သည့် ငြိမ်ပိ အဖွဲ့ ကြေညာချက် အမှတ် ၁/၉၀ ၏ အပိုဒ် ၁၂ တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃ တွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟူ၍ ပြဌာန်း ပါရှိသည်။

ယင်းပြဌာန်းချက်နှင့် အညီ လွှတ်တော်ခေါ်ယူ ဖွဲ့စည်းခြင်းကို ငြိမ်ပိအဖွဲ့က ဆောင်ရွက်ပေးရမည်ဟု ပါရှိသော်လည်း ယနေ့အထိ လွှတ်တော်ခေါ်ယူရန် အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။

လွှတ်တော်ခေါ်ယူပေးလျှင်လည်း ၎င်းတို့ ကြေညာချက်အရပင် “နိုင်ငံတော် အာဏာကို ရယူရေးအတွက် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ၍ အစိုးရ ဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံမည် မဟုတ်။ ထိုသို့ ဆောင်ရွက်ပါက ဥပဒေ နှင့် အညီ ထိရောက်စွာ အရေးယူမည် ဖြစ်သည်။” ဟု ဖော်ပြထားပြန်သဖြင့် ဤလွှတ်တော်သည် ဘာမှ လုပ်ကိုင်ခွင့် မရှိနိုင်ပေ။

ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ရေးဆွဲပြဌာန်းရန် အထူး လိုအပ်နေကြောင်း၊ နိုင်ငံရေးအရ နိုးကြားလာသော တိုင်းရင်းသား လူမျိုးစု အများအပြား၏ ဆန္ဒသဘော ညှိနှိုင်းရန်နှင့် ပြည်သူ့ဆန္ဒ ခံယူပွဲ ပြဋ္ဌာန်းရန် လိုအပ်နေကြောင်း စသည်ဖြင့် အမြီးအမောက်မတည့်သည့် ပရိယာယ်စကားရပ်များ မြောက်မြားစွာဖြင့် လိမ်လည် လှည့်ပတ်နေသော ကြေညာချက်ပင် ဖြစ်သည်။

ထို့ပြင် စတုတ္ထ တာဝန်ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ပြီ ဖြစ်၍ ပထမ တာဝန် တရပ်ဖြစ်သော တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊ ဒုတိယ တာဝန်တရပ်ဖြစ်သော လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စေရန်နှင့် တတိယ တာဝန်ဖြစ်သော ပြည်သူများ၏ စားဝတ်နေရေး ချောင်လည် စေရန် စသည်များကို ပြန်လည် ဆောင်ရွက်ရမည်ဟု ပါရှိပါသည်။

စတုတ္ထတာဝန် နိဂုံးချုပ်ကို ဆောင်ရွက်ပေးပြီးမှ တဖန်ပထမ၊ ဒုတိယနှင့် တတိယ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ရှိသေးသည်ဟု မုန့်လုံးစက္ကူကပ် အဆုံးမရှိသော လုပ်ရပ်များကို ပြန်လည် လုပ်နေပြန်သည်။

ထို့ပြင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် အရေး ၃ ပါးကို ငြိမ်ပိ အဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားပြန်ပေသည်။

အထက်ဖော်ပြပါ ငြိမ်ပိအဖွဲ့၏ ကြေညာချက်တွင် ပါရှိသော တာဝန်ရပ်များကို မာရှယ်လောဖြင့် အုပ်ချုပ်သော၊ တပါတီ တဖွဲ့စနစ်ဖြင့် အုပ်ချုပ်သော စစ်အာဏာရှင် အစိုးရအနေဖြင့် ဘယ်သောအခါမှ ပြီးပြည့်စုံစွာ အကောင်အထည်ဖော် ဆောင်ရွက်၍ ရမည် မဟုတ်ပေ။

“ခိုင်မာသော” ဟူသော စကားလုံးကို ပညာမဲ့သော စောမောင်နှင့် ခင်ညွန့်တို့ အုပ်စုမှ လုံးဝသဘောမပေါက်ကြပေ။

ခိုင်မာသော အစိုးရကို ပြည်သူလူထု၊ နိုင်ငံရေးပါတီနှင့် တပ်မတော်တို့ သုံးပွင့်ဆိုင် ညှိညှိနှိုင်းနှိုင်း မပါဝင်ဘဲ မည်သည့် နိုင်ငံတွင်မှ ဖွဲ့စည်း၍ မရနိုင်ပေ။

တရားဥပဒေနှင့်အညီ ပြည်သူလူထု အများစုက တင်မြှောက်ထားသည့် အစိုးရကို ဒီမိုကရေစီ အတွက် ပြည်သူလူထုနှင့် တပ်မတော်တို့က တာဝန်ခံရပေမည်။

ပြည်သူလူထုက တမျိုး၊ နိုင်ငံရေးသမားက တဖုံ၊ တပ်မတော်က တဖွဲ့၊ အမျိုးမျိုးအဖုံဖုံ ဖြစ်နေပါလျှင် အမိနိုင်ငံတော်သည် ကမာ္ဘ့တည်သရွေ့ အဆင်းရဲ အမွဲတေဆုံး နိုင်ငံစာရင်းမှ ထွက်နိုင်မည် မဟုတ်တော့ပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒီမိုကရေစီ လိုလားသည့် လူမျိုးစု ပါတီများကို ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုနှင့် တပ်မတော်သားကောင်းများက ထောက်ခံ အားပေးခဲ့ကြပေသည်။

ပြည်သူလူထုနှင့် နိုင်ငံရေးပါတီတို့သည် တသားတည်း ဖြစ်နေပါလျက် တပ်မတော်က တမျိုးတဖုံ ဖြစ်အောင် ဘာကြောင့် ကြံစည် အားထုတ်နေကြသနည်း။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲအောင် ဘယ်သူတွေ ပြုလုပ်နေကြသနည်း။ တပ်အရေခြုံ စောမောင်နှင့် ခင်ညွန့်တို့ အုပ်စုပင် မဟုတ်ပါလား။

ငြိမ်ပိ အတွင်းရေးမှူး (၁) ခင်ညွန့်အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို အသံကောင်းဟစ်လျက် ရှိပေသည်။

သို့ရာတွင် ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိသည့် လွှတ်တော်အမတ် ဦးသန်းငြိမ်းသည် ခင်ညွန့်၏ ယောက်ဖပင် ဖြစ်ပေသည်။

ခင်ညွန့်သည် အာဏာရှင် ဦးနေဝင်း အပေါ် သစ္စာခံနေသည့် လုပ်ရပ်များကြောင့် ခင်ညွန့်၏ မောင်နှမ မိသားစု၏ စည်းလုံး ညီညွတ်မှုပင် ပြိုကွဲလျက် ရှိနေပေသည်။

ခင်ညွန့်သည် နေဝင်း မိသားစုနှင့် ပူးပေါင်းပြီး ရေနံရှာဖွေရေးကို အိတ်သွန်ဖာမှောက် ဦးစားပေး ဆောင်ရွက်လျက် ရှိပေသည်။

ရေနံထွက်ပါက ဆာဒမ်ဟူစိန် ကဲ့သို့ စစ်သား တသန်း ရှိသော စစ်တပ်ကြီးကို ခေတ်မီ လက်နက်မျိုးစုံဖြင့် တည်ဆောက်ပြီး တသက်လုံး အာဏာရှင် လုပ်စားရန် ကြံစည်အားထုတ်လျက် ရှိပေသည်။

ဆာဒမ်ဟူစိန်သည် အပြစ်မဲ့သော လူသားများကို ဓားစာခံအဖြစ် ချုပ်နှောင်ထားသကဲ့သို့ ခင်ညွန့်သည်လည်း မြန်မာ့ နိုင်ငံရေး ခေါင်းဆောင်ကြီးများကို ဓားစာခံအဖြစ် ချုပ်နှောင် ဖမ်းဆီးထားလျက် ရှိနေပေသည်။

စစ်အာဏာရှင် နာဇီများကို နုရင်ဘတ် ခုံရုံးတွင် ရုံးတင် အပြစ်ပေးသကဲ့သို့ စစ်အာဏာရှင် ခင်ညွန့် တို့ကိုလည်း ပြည်သူများအား သတ်ဖြတ်မှု၊ ညှဉ်းဆဲမှု၊ နိုင်ငံရေး ခေါင်းဆောင်များအား ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်မှု စသည်များဖြင့် စစ်ခုံရုံးတင်၍ အပြစ်ပေးကြရမည်သာ ဖြစ်သည်။

အမိ မြန်မာနိုင်ငံတော်သည် မိမိလျှောက်လှမ်းရမည့် ဖြောင့်ဖြူးသော လမ်းမကြီးကို တွေ့ရှိပြီး ဖြစ်လေသည်။ ထိုလမ်းမကြီးသည် မြန်မာပြည်သူများနှင့် ကမ္ဘာ့ပြည်သူများ လိုလားသည့် ဒီမိုကရေစီ လမ်းမကြီးပင် ဖြစ်ပေသည်။

ပြည်သူ့နှင့် လည်းကောင်း၊ ပါတီနှင့် လည်းကောင်း လက်တွဲ၍ မလိုက်လိုသူများသည် စောမောင်၊ ခင်ညွန့်တို့ အပါအဝင် လက်တဆုပ်စာ လူနည်းစုပင် ဖြစ်သည်။

ပြည်သူ့ တပ်မတော်သား အပေါင်းကလည်း ပြည်သူနှင့် နိုင်ငံရေး ပါတီ တို့ဖြင့် ပူးပေါင်းလက်တွဲ၍ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေးကို အသည်းကြားမှ မဲပြားများဖြင့် ယဉ်ကျေး သိမ်မွေ့စွာ ထုတ်ဖော်ခဲ့ပြီး ဖြစ်ပေသည်။

သို့သော်လည်း နေဝင်း၏ ကျေးကျွန်များဖြစ်သည့် စောမောင်နှင့် ခင်ညွန့်တို့ အုပ်စုသည် ပြည်သူနှင့် တပ်မတော်သား ကောင်းတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး အာဏာကို ရသည့်နည်းဖြင့် ဆုပ်ကိုင်ထားနိုင်ရန် အတွက် ပြည်သူ့ကိုယ်စားလှယ် အမတ်များကို ဖမ်းဆီးပြီး ဓားစာခံ ပြုလုပ်နေပြန်သည်။

မန္တလေးမြို့တွင်လည်း ဘုန်းတော်ကြီးများနှင့် ကျောင်းသားများကို သတ်ဖြတ်ခဲ့ကြသည်။

စောမောင်နှင့် ခင်ညွန့် တို့၏ အားကစားစိတ်ဓာတ် မရှိမှု၊ မသမာသော ခေါင်းဆောင်မှု တို့ကြောင့် မူလတန်း ကလေးများက လမ်းလယ်ခေါင်တွင် “ဒီအိုဂျီဒေါ့ဒ်=စစ်သား” ဟု အင်္ဂလိပ်စာ ဖတ်စာသစ်တွင် ဖတ်ကြားနေသည်ကို တပ်မတော်သားကောင်းများ အနေနှင့် စိတ်မချမ်းမြေ့စရာ ဖြစ်လာပြီး ငါးခုံးမ တကောင်ကြောင့် တလှေလုံး ပုပ်လာ ပေသည်။

စောမောင်နှင့် ခင်ညွန့်တို့ အုပ်စုသည်သာ အရှက်အကြောက် မရှိဘဲ အများပိုင်၊ ပြည်သူပိုင် မြေကွက်များကို သိမ်းယူပြီး ဗိုလ်ချုပ်ရွာ တည်ဆောက်လျက် မဆလ ခေတ်မှ ယနေ့ ငြိမ်ပိခေတ် တိုင်အောင် စည်းစိမ်ယစ်မူး၍ သားဝ မယားဝ ဇာတ်လမ်းကို အဆုံးအစမရှိ ကပြနေသည်။

“တိုင်းတပါးကို အထင်မကြီးရန်” ၎င်းတို့ မိန့်ခွန်းများ တဖွဖွ ပြောကြားနေပြီး၊ ၎င်းတို့ သားသမီးများကို နိုင်ငံခြားသို့ ပို့ခြင်း၊ နိုင်ငံခြားသင်္ဘော လိုက်ခိုင်းခြင်း၊ ကျောင်းတက်ခိုင်းခြင်းများကို အပြောတမျိုး အလုပ်တမျိုး ပြုမူ ဆောင်ရွက်နေကြသည်။

စောမောင်နှင့် ခင်ညွန့်တို့ အုပ်ချုပ်မှု ၂ နှစ်တာ ကာလအတွင်း အမိမြန်မာနိုင်ငံတော်တွင် ပညာရေးမှအစ လူ့အခွင့်အရေး အဆုံး အလွန် ဆုတ်ယုတ်လျက် ရှိနေသည်။

ပညာရေး ဆုတ်ယုတ်သော နိုင်ငံတနိုင်ငံသည် အနာဂတ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျဆင်းလာပြီး ကမာ္ဘ့ အလယ်တွင် မျက်နှာငယ် အရှက်တကွဲ ဖြစ်စရာ ရှိပေမည်။

အမိမြန်မာ နိုင်ငံတော်ကို အချိန်မီ ပြန်လည် တည်ဆောက်နိုင်ရန် အတွက် တပ်အရေခြုံ စောမောင်နှင့် ခင်ညွန့်တို့ အုပ်စုအား တပ်မတော်မှ မောင်းထုတ်၊ သုတ်သင် ရှင်းလင်းခြင်းဖြင့် တပ်မတော်ကြီးအား အချိန်မီ မသန့်ရှင်းနိုင်ပါက ကလေးသူငယ်များ လမ်းမပေါ်တွင် စာအံနေသော “ဒီအိုဂျီဒေါ့ဒ်=စစ်သား” ဟူသော အဓိပ္ပာယ်သည် နုနယ်သော ကလေးများ၏ စိတ်ထဲတွင် စွဲထင်သွားမည်သာ ဖြစ်သည်။ ။

ဒီမိုကရေစီ သတင်းလွှာ၊ အတွဲ ၁၊ အမှတ် ၄၊ နိုဝင်ဘာ၊ ၁၉၉၀ ပြည့်နှစ်။

(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
ပြည်သူ့တပ်မတော် သန့်ရှင်းရေး (၁) https://burma.irrawaddy.com/article/2026/07/11/414690.html Sat, 11 Jul 2026 01:00:54 +0000 https://burma.irrawaddy.com/?p=414690 ပြည်သူတို့နှင့် တပ်မတော်သား အများစုက စစ်အာဏာရှင် စနစ်ကို မလိုလားကြောင်း အတိအလင်း ပြောကြားခဲ့… လူယုတ်မာ တစုကို ပြည်သူ့အကျိုး အမှန်လိုလားသော စစ်သည်ကောင်း တို့က အမြစ်မှ သုတ်သင် ရှင်းလင်းပစ်ရန် အချိန်ရောက်နေ…]]>

၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်သူအပေါင်း နှင့် တပ်မတော်သားများက အသည်းနှလုံးထဲမှ မဲတပြားဖြင့် ပြည်ဖျက်ကြီး ဦးနေဝင်းနှင့် နောက်လိုက် အပေါင်းအပါများ အား လုံးဝ မကြိုက်နှစ်သက်ကြောင်း ယဉ်ကျေးစွာ ထုတ်ဖော် ပြောကြားခဲ့ကြပြီး ဖြစ်သည်။

မြန်မာ့နိုင်ငံရေး သမိုင်း၌ ကိုယ်ကျင့်တရား အပျက်ပြားဆုံး ဦးနေဝင်းသည် တပ်မတော်ကို ခုတုံးလုပ်ပြီး လက်နက် အားကိုးဖြင့် မြန်မာပြည်ကို ဖျက်ဆီးခဲ့သည်။

ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် အဆင်းရဲဆုံး နိုင်ငံ တနိုင်ငံ ဖြစ်ခဲ့ရပြီး ယခုတဖန် ဦးနေဝင်းနှင့် ၎င်း၏ နောက်လိုက် ကြေးစားများ ဖြစ်ကြသော စောမောင်၊ ခင်ညွန့်တို့ အုပ်စိုးသည့် ၂ နှစ်ခန့် ကာလအတွင်း ငွေစက္ကူများ ရိုက်နှိပ်သုံးစွဲ နေသဖြင့် ငွေကြေး အဖောင်းပွဆုံး နိုင်ငံတနိုင်ငံ အဖြစ်နှင့် အိမ်နီးချင်း နိုင်ငံများ၏ စီးပွားရေး လက်ဝေခံ နိုင်ငံတနိုင်ငံ ဖြစ်လာရပြန်သည်။

မြန်မာ့နိုင်ငံရေး သမိုင်းတွင် မြန်မာ့ တပ်မတော်ထက် ပိုမို အင်အားကြီးမားခဲ့သည့် အဖွဲ့အစည်းကြီးတခု ရှိခဲ့သည်။

ဖဆပလ အဖွဲ့ကြီးပင်ဖြစ်သည်။

ဖက်ဆစ် ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ) သည် မြန်မာနိုင်ငံရေး ဇာတ်ခုံတွင် ၁၄ နှစ် တိုင်တိုင် အင်အား တောင့်တင်းစွာဖြင့် ရပ်တည်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဖွဲ့ချုပ် သန့်ရှင်းရေး နှင့် အဖွဲ့ချုပ် တည်မြဲရေးဟု ဝိဝါဒပြဿနာ ကြီးထွားလာပြီး သန့်ရှင်းနှင့် တည်မြဲ အကွဲအပြဲကြောင့် နှစ်ဦးနှစ်ဖက်စလုံး မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှ ပျောက်ကွယ်သွားကြခြင်းဖြင့် နိဂုံးချုပ် ဇာတ်သိမ်း ခဲ့ကြရပေသည်။

ထိုအချိန်က ပြည်သူအများ ထောက်ခံ အားပေးခဲ့သော သန့်ရှင်း အစိုးရသည် ပါတီတွင်း သန့်ရှင်းရေးသာ လုပ်နိုင်ခဲ့ပြီး တပ်မတော်မှ ကိုယ်ကျင့်တရား အပျက်အပြားဆုံး ဗိုလ်နေဝင်းကိုမူ တပ်မတော်မှ ထုတ်ပယ် သန့်ရှင်းနိုင်ခြင်း မရှိသောကြောင့် နောင်အခါ မြန်မာပြည်သူ တရပ်လုံးအတွက် ကြမ္မာငင်စရာ ဖြစ်လာခဲ့ရသည်။

“သူများမယားနှင့်မှ စိတ်မချရသည့် ဗိုလ်နေဝင်းကို တိုင်းပြည် ပုံအပ်လို့ ဖြစ်ပါ့မလား” ဟု ဖဆပလ လူကြီးများက ပြောဆို ညည်းညူ ခဲ့ကြသော်လည်း လက်တွေ့တွင် ဦးနေဝင်းအား ငဲ့ညှာ ထောက်ထားခဲ့ကြသဖြင့် တိုင်းပြည် ပျက်ခဲ့ရသည်။

နိုင်ငံရေးပါတီ၊ တပ်မတော် စသည့် အဖွဲ့အစည်းတိုင်းတွင် ပါဝင် လှုပ်ရှားနေကြသော တာဝန်ရှိသူများက ကိုယ်ကျင့်တရား ကောင်းမွန် သန့်ရှင်း စင်ကြယ်ကြမှသာလျှင် ယင်းအဖွဲ့အစည်းသည် တည်တံ့ ခိုင်မြဲနိုင်ပေလိမ့်မည်။

ယင်းအဖွဲ့အစည်းအတွင်း “ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ” စသည်ဖြင့် ဖြတ်တောက် သုတ်သင် ရှင်းလင်းမှ သာလျှင် ယင်းအဖွဲ့အစည်း ကြာရှည် တည်တံ့နိုင်ပေလိမ့်မည်။

မကောင်းသူများကို ဖက်တွယ်ပြီး တပ်မတော်ကြီးကို ထာဝစဉ် တည်တံ့ခိုင်မြဲရမည်ဟု ကြွေးကြော်နေ၍ မရနိုင်ပေ။

မကောင်းသူများသည် ကိုယ်ခန္ဓာအတွင်းမှ အနာရောဂါများကဲ့သို့ ကူးစက် ပြန့်ပွားလာပြီး ကောင်းသော အစိတ်အပိုင်း များပင် ပျက်စီးယိုယွင်း လာနိုင်သောကြောင့် မြန်မြန်ဆန်ဆန် ကုသရန် လိုအပ်လေသည်။

မြန်မာ့ တပ်မတော်အတွင်း ကောင်းသူအများစုက မကောင်းသူအနည်းစုကို အနိုင်ရပြီး ဖယ်ရှား ထုတ်ပစ်နိုင်မှသာလျှင် မြန်မာ့တပ်မတော် အဓွန့်ရှည်ကြာ တည်တံ့ခိုင်မာ သွားနိုင်ပေလိမ့်မည်။

ယနေ့ တပ်မတော်၌ ရာထူးရာခံ အမြင့်ဆုံး၊ သြဇာအာဏာ အရှိဆုံးသူများ ဖြစ်ကြသည့် ဗိုလ်ချုပ် စောမောင်၊ ဗိုလ်ချုပ် ခင်ညွန့်တို့သည် သန့်ရှင်း စင်ကြယ်သူများလော။

သို့မဟုတ် ဆိုးပေမောင်မဲ စာရင်းဝင် ဦးနေဝင်း၏ လက်မရွံ့အာဏာသားများသာ ဖြစ်သလော။

ဤသည်ကို ပြည်သူက ဆန္ဒမဲပြားဖြင့် ဆုံးဖြတ်ပြီး ဖြစ်သည်။ စစ်အစိုးရ၏ ခြိမ်းခြောက် ချုပ်ချယ်မှုများအကြားမှ မိမိတို့ ယုံကြည်ချက်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောကြားခဲ့သည့် အတွက် ကမ္ဘာက မြန်မာ ပြည်သူတို့ကို လေးစားကြည်ညို ကောင်းချီးဩဘာ ပေးကြသည်။

ဗိုလ်ချုပ် စောမောင်က စစ်တပ် အာဏာသိမ်းစဉ် အသက် ၆၀ ပြည့်လျှင် အနားယူမည်ဟု ဆိုခဲ့သော်လည်း ယခုအခါ အသက် ၆၀ ကျော်ပေမယ့် ထိုအကြောင်း လေသံမျှပင် မကြားရတော့။

ထိုဗိုလ်ချုပ်ကား ရိုးသလို အသလိုနှင့် ကြောင်သူတော် အတ္တသမားများ၏ အာဏာသိမ်းပြီး သုံးလေးလ အတွင်းမှာပင် သားဖြစ်သူ မောင်သီဟစောကို အကြီးစား စက်မှုလုပ်ငန်း ဌာန၌ အထက်တန်း စာရေး လုပ်နေရာမှ နိုင်ငံခြားရေး ဝန်ကြီး ဌာန သို့ ရုံးအုပ် အဆင့်ပေး ပြောင်းရွှေ့ ခန့်အပ်ခဲ့သည်။

ယခု မောင်သီဟစောသည် တောင်ကိုရီးယားရှိ မြန်မာသံရုံးတွင် တတိယ အတွင်းဝန် ဖြစ်နေပေပြီ။

ဗိုလ်ချုပ် စောမောင် ဇနီးသည်လည်း စိန်ရွှေရတနာများကို ဝယ်ယူ စုဆောင်းလျက်ရှိ၏။ မည်သည့်နည်းဖြင့်ရသော ငွေများဖြင့် ဝယ်သနည်းဟု မေးလျှင်-

“ကျမသားလေး မောင်သီဟစော နိုင်ငံခြား၌ မစားရက် မသောက်ရက် စုဆောင်းပြီး မိဘများထံ ပေးပို့သည့် ပစ္စည်း၊ မော်တော်ယာဉ် စသည်တို့ကို ထုခွဲ ရောင်းချ၍ ရသော ငွေနှင့် ဝယ်သည်” ဟု ဖြီးဖြန်း၍ ရနေပေပြီ။

ပြည်တွင်းတွင် ခိုးဝှက်ရသမျှ ငွေမည်းများကို တရားဝင်ငွေ ဖြစ်လာစေရန် မဆလ လူကြီးများ ကျင့်သုံးခဲ့သော လမ်းစဉ် အတိုင်း လက်ထပ် သင်ယူ ထားခဲ့ကြသည်။

“ကျနော့်သား သင်္ဘောသားကလေး ပို့ပေးသော မော်တော်ယာဉ်ကို ရောင်းရငွေနှင့် အိမ်ဆောက်သည်။ ကျနော့် သား၊ သမီး နိုင်ငံခြား ဝန်ထမ်းကလေး ပို့ပေးသော မော်တော်ယာဉ်ကို ရောင်းရငွေနှင့် မြေဝယ်၊ စိန်ရွှေရတနာများ ဝယ်သည်” ဟု ပြောနေကြခြင်းသည် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးသော ဆင်ခြေ ဆင်လက်များသာ ဖြစ်သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် လူသစ်ဝန်ထမ်းများ ခန့်အပ်သည့် စည်းမျဉ်းများရှိ၏။ စာရေးစာချီ အလုပ်များအတွက် အောက်တန်းစာရေး အဆင့်မှ လည်းကောင်း၊ အရာရှိ ရာထူးများအတွက် ဒုတိယ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်မှ လည်းကောင်း ဝင်ရောက် အမှုထမ်းကြရ၏။

၎င်းရာထူးများအား ခန့်အပ်ရန် နေရာ ပေါ်လာပါလျှင်လည်း တပြည်လုံးရှိ ဘွဲ့ရလူငယ်များအား သတင်းစာမှ ကြော်ငြာ အသိပေးလျက် လျှောက်လွှာခေါ်ယူ ရေးဖြေစနစ်ဖြင့် အရည်အချင်း စစ်ဆေးပြီးမှ ခန့်အပ်ရ၏။

မောင်သီဟစော တယောက်တည်းကို အဆင့်သုံးဆင့် ခုန်ကျော် ဝင်ရောက်နိုင်ခြင်းမှာ ခေါင်က မိုးမလုံခြင်းကို ပြနေသည်။

ထိုနည်းတူစွာ ဦးစိန်လွင်၏ ချွေးမသည်လည်း ခါးလည်ရာထူးမှ ဖြတ်၍ ဌာနခွဲ စာရေးကြီး ရာထူးဖြင့် နိုင်ငံခြားရေး ဝန်ကြီး ဌာနသို့ ဝင်ရောက်လုပ်ကိုင် နေပေသည်။

တခုမူရှိသည်။ ပြည်ဖျက်ဘဝမှ ပြည်ပြေး ဘဝသို့ ရောက်သောအခါ ပြေးစရာနိုင်ငံကို ဖန်တီးထားပြီး ဖြစ်စေရန် သား သီဟစောကို နိုင်ငံခြားသို့ လွှတ်ထားခြင်းလည်း ဖြစ်နိုင်သည်။

သားဖြစ်သူကိုသာ ရာထူးအဆင့် ခုန်ပျံကျော်လွှား ပေးခဲ့သည်မဟုတ်။ ကိုယ်တိုင်ကလည်း တပ်မတော် အတွင်း ရာထူး အဆင့်များ ခုန်ပျံကျော်လွှား၍ ယူခဲ့၏။

ဗိုလ်ချုပ် စောမောင်၊ ဗိုလ်ချုပ် ခင်ညွန့် တို့သည် မိမိတို့ထက် လုပ်သက်ရင့် အရည်အချင်း ပြည့်ဝသော ဗိုလ်မှူးကြီးများကို ကျော်လွှားကာ ဦးနေဝင်းကို အဖားကောင်းရုံ၊ ဦးနေဝင်း သတ်ခိုင်းသမျှ အပြစ်မဲ့ ပြည်သူများကို သောက်သောက်လဲ သတ်ပြ ရုံဖြင့် ထိပ်ပိုင်းနေရာသို့ ရောက်လာကြသည်။

ဘဝတူ ဘိန်းစားချင်း တလုံးပိုရှူချင်သော ခင်ညွန့်ကို ရိုးသားသော ဗိုလ်မှူးကြီးများက “ဒီအကောင် အလွန် ရမ္မက် လောဘ ကြီးလှသည်” ဟု ပြောဆို ဝေဖန်သံများ ဘဝဂ်ညံနေ၏။ စကားဖြင့်သာ တိုက်ခိုက်ရာမှ ကိုယ်ထိလက်ရောက် တိုက်ခိုက် ကြမည့် အချိန် မဝေးတော့ဟုလည်း ထင်သည်။

ပြည်သူတို့နှင့် တပ်မတော်သား အများစုက စစ်အာဏာရှင် စနစ်ကို မလိုလားကြောင်း အတိအလင်း ပြောကြားခဲ့ပါပြီ။

သို့ရာတွင် ၂၈ နှစ်တာ ကာလပတ်လုံး လက်လွန် ခြေလွန် ပြုထားသမျှ တရားကြောင်း အရ အရေးယူခံရမည်ကို ကြောက်ရွံ့ သဖြင့် ဦးနေဝင်း ခေါင်းဆောင်သော စစ်အာဏာရူး တသိုက်က နည်းပေါင်းစုံဖြင့် အားထုတ် ကြပေလိမ့်မည်။

တိုင်းပြည် ဆူပူရန်အတွက် ကြေးစား တမန်တော်များကို ကျောင်းသားလူငယ်များ အရောင်ဆောင်ပြီး ဆူပူခိုင်းလျက် တိုင်းပြည် မငြိမ်သက်သေးဟု အကြောင်းပြကာ အာဏာ လွှဲမပေးနိုင်သေးကြောင်း ပြောလာနိုင်သည်။

ထို့ပြင် ကာကွယ်ရေးနှင့် ပြည်ထဲရေးကို စစ်တပ်က ကိုင်ထားဦးမည် ဟုလည်း တောင်းဆိုလာနိုင်သည်။ သို့ဆိုလျှင် တိုင်းပြည်တွင် တဖန် သွေးချောင်းစီးနိုင်ချေ ရှိသည်။

ထိုအဖြစ်မျိုးကို ပြည်သူတို့က တတ်နိုင်သမျှ ရှောင်ရှားလိုသဖြင့် သည်းညည်းခံ စောင့်စားကာ မဲဆန္ဒဖြင့် အေးအေးချမ်းချမ်း စစ်အာဏာရှင်တို့ကို ဖယ်ရှားလိုကြသည်။

ပြည်သူတို့အတွက် “သားရွှေအိုး ထမ်းလာသည်ကို မြင်နိုင်သည့်” အခြေအနေမှာ တပ်မတော် အတွင်းမှ ပြည်သူနှင့် တိုင်းပြည်ကို သစ္စာရှိ ချစ်ခင်သော၊ တပ်မတော်သား ပီသသော စစ်သည်ကောင်းများ၏ အမြင်မှန်ကိုသာ အားထားစရာ ရှိပေသည်။

စာရေးသူ ဆိုခဲ့ပြီးသည့်အတိုင်း ခြေမ မကောင်း ခြေမ ပယ်၊ လက်မ မကောင်း လက်မ ပယ်ရမည်သာ ဖြစ်၏။

စစ်သားယောင်ယောင်၊ နိုင်ငံရေးသမား ယောင်ယောင်ဖြင့် အချောင်လိုက် ကိုယ်ကျိုးရှာသော သူတို့ကပင် လူတကာထက် တိုင်းပြည်ကို ပိုချစ်နေသယောင် လုပ်နေသော လူယုတ်မာ တစုကို ပြည်သူ့အကျိုး အမှန်လိုလားသော စစ်သည်ကောင်း တို့က အမြစ်မှ သုတ်သင် ရှင်းလင်းပစ်ရန် အချိန်ရောက်နေပေပြီ။

ထိုစစ်သည် ကောင်းတို့၏ နောက်ဝယ် ပြည်သူတို့က မားမားမတ်မတ် ရပ်တည်နေကြပါ၏။ ။

The Burma Review, July, 1990. နှင့် ဒီမိုကရေစီ သတင်းလွှာ၊ အတွဲ ၁၊ အမှတ် ၄၊ နိုဝင်ဘာ၊ ၁၉၉၀ ပြည့်နှစ်။

(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
မပြီးဆုံးသေးသော ဦးနေဝင်း အတ္ထုပ္ပတ္တိ https://burma.irrawaddy.com/article/2026/05/30/413649.html Sat, 30 May 2026 01:00:48 +0000 https://burma.irrawaddy.com/?p=413649 ကျောင်းသား အရွယ်မှ အာဏာရှင် သမ္မတကြီး ဖြစ်လာသည့် အပိုင်းကိုတော့ လိမ်ညာ ဖြီးဖြန်း၍ အလွယ်တကူ ရေးသား ပြီးစီးသွားပြီ ဖြစ်သော်လည်း မျိုးရိုးဗီဇကို ရေးသားရမည့် သမိုင်းဆရာ အနေဖြင့်…]]>

စစ်အာဏာရှင်ကြီး ဦးနေဝင်း သည် ဘဝတသက်တာတွင် ပွေခဲ့သမျှ၊ ရှုပ်ခဲ့သမျှများကို ဖုံးကွယ်ရန် သမိုင်းကို လိမ်ညာပြီး မှတ်တမ်းတင်မည် ဟူသော အကြံအစည်ဖြင့် ရန်ကုန် တက္ကသိုလ် သမိုင်းဌာနမှ ဆရာမ ဒေါ်နီနီမြင့်အား လက်ထပ်ခဲ့ပြီး ဌာနမှ ဆရာ ဆရာမ အချို့ကိုလည်း အခွင့်အရေး မျိုးစုံပေးပြီး ၎င်း၏ အတ္ထုပ္ပတ္တိကို တခမ်းတနား ရေးသားပေးရန် မြှူဆွယ် ခဲ့ပါသည်။

သမိုင်းဆရာ အချို့အား ၎င်း၏ အိမ်တော်သို့ အကြိမ်ကြိမ် ထမင်းဖိတ်ကျွေးပြီး ၎င်း၏ အတ္ထုပ္ပတ္တိ လုပ်ဇာတ်များ ပြောပြခဲ့သည်။

ဆရာတဦးအား ၎င်း၏ မျိုးရိုးဗီဇကို ရေးသားစေပြီး ကျန်ဆရာ တဦးအား ကျောင်းသား အရွယ်မှ စ၍ ၎င်း၏ လုပ်ရပ်များကို ရေးသားစေခဲ့သည်။

ကျောင်းသား အရွယ်မှ အာဏာရှင် သမ္မတကြီး ဖြစ်လာသည့် အပိုင်းကိုတော့ လိမ်ညာဖြီးဖြန်း၍ အလွယ်တကူ ရေးသား ပြီးစီးသွားပြီ ဖြစ်သော်လည်း မျိုးရိုးဗီဇကို ရေးသားရမည့် သမိုင်းဆရာ အနေဖြင့် ဦးနေဝင်း ပြောပြသကဲ့သို့ ရေးသားရန် မဝံ့မရဲ ဖြစ်နေသောကြောင့် ဦးနေဝင်း မွေးဖွားသည့် ဒေသသို့ အကြိမ်ကြိမ် သွားရောက်၍ သမိုင်း အထောက်အထား များကို ရှာဖွေ ကူးယူခဲ့ကြသော်လည်း အကြောင်း မထူးဘဲ ဖြစ်နေခဲ့ပါသည်။

ဦးနေဝင်းက ၎င်း၏ ဘွားအေသည် မန္တလေး နန်းတော်မှ ရှောင်တိမ်းလာသော ဘုရင့်သားတော် မင်းသားကြီး တဦးနှင့် အကြောင်းပါပြီး ၎င်း၏ မျိုးရိုးသည် ရာဇသွေး ပါသော ဘုရင် မျိုးနွယ်အဖြစ် မှတ်တမ်း တင်စေလိုပါသည်။

သမိုင်းဆရာ များကလည်း ၎င်း မင်းညီမင်းသား၏ မယားသည် ဦးနေဝင်း၏ ဘွားအေ အဖြစ် မှတ်တမ်းတင် ရေးသားရန် အထောက်အထား မရှိသောကြောင့် အမြှောင်မယား၊ တိတ်တိတ်ပုန်း ကမြင်း၍ ညားကြသည့် သဘောဖြင့်သာ ရေးသား ပေးနိုင်မည် ဖြစ်ခြင်းကြောင့် ဦးနေဝင်း၏ အတ္ထုပ္ပတ္တိ သည် အစ နိဒါန်းပိုင်းကို မစနိုင်သေးဘဲ အလယ် စာကိုယ်ပိုင်းကိုသာ ရေးသားပြီးသော အတ္ထုပ္ပတ္တိ သာ ဖြစ်နေကြောင်း သမိုင်းဆရာများ၏ ညည်းညူ ပြောပြချက်များ ကြားခဲ့ဖူးပါသည်။

စာရေးသူ အနေဖြင့် ဦးနေဝင်းနှင့် သိကျွမ်းနီးစပ် ပြောဆိုဆက်ဆံမှု မရှိခဲ့ဘူးသော်လည်း ၎င်းအား ဓာတ်သိ၊ အကြောင်းသိ၊ အပေါင်းသိ အတော်များများ၏ ပြောစကားများကို ကြားဖူးခဲ့ပါသည်။

ဦးနေဝင်း၏ ညီ သခင်လှထွန်း နှင့် ၁၉၅၈-၅၉ ခုနှစ်ခန့်က တွေ့ဆုံ ရင်းနှီးခဲ့စဉ်က ဦးနေဝင်းသည် အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် အဖြစ် တန်ခိုးအာဏာ ကြီးထွားနေချိန်ပင် ဖြစ်သည်။

သခင်လှထွန်းက သူ့အစ်ကို ဦးနေဝင်းတွင် နိုင်ငံရေး ဗီဇ လုံးဝ မရှိကြောင်း၊ ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်လိုစိတ် လုံးဝ မရှိ၊ တစောက်ကန်း ဗလ အားကိုးဖြင့်သာ နိုင့်ထက်စီးနင်း ဆောင်ရွက်တတ်ကြောင်း၊ ၎င်းနှင့်လည်း လုံးဝ အခေါ်အပြော မရှိကြောင်း ပြောပြဖူးပါသည်။

တဖန် စာရေးသူ၏ မြင်ဆရာ သင်ဆရာကြီး ဖြစ်သော ရခိုင်အမျိုးသား ခေါင်းဆောင်နှင့် သတင်းစာဆရာ တဦးဖြစ်သူ ယက်ကန်း ဦးလှထွန်းဖြူ ထံမှလည်း ဦးနေဝင်း အကြောင်းကို အတော် ကြားဖူးခဲ့ပါသည်။

ဦးလှထွန်းဖြူသည် သတင်းထောက် ဘဝကပင် ဦးနေဝင်းနှင့် ဇနီး ဒေါ်တင်တင် တို့နှင့် အိမ်နီးချင်း နေထိုင်ဖူး၍ ၎င်း၏ သားများ ဖြစ်သည့် ကိုကျော်သိန်း (ကွယ်လွန်) နှင့် ကိုငွေစိုး တို့အား ၎င်း၏ လက်ပေါ်တွင် ကြီးပြင်းလာသူများ အဖြစ်နှင့် ချစ်ခင် တွယ်တာကြောင်း၊ ၎င်း နိုင်ငံတော် ကောင်စီ အဖွဲ့ဝင် ဘဝတွင် ပြည်သူ့ ရေနံတွင် လုပ်ကိုင်နေသူ ကိုကျော်သိန်း အား ဖမ်းချုပ်တော့မည်ကို ကြိုတင်သိကြောင်း၊ ကိုကျော်သိန်း အား ပြောပြချင်သော ဆန္ဒ ပေါ်ပေါက်ခဲ့သော်လည်း တာဝန် အရ သိရခြင်း ဖြစ်၍ မပြောရဲခဲ့ကြောင်း၊ ၎င်း ထောင်မှ ထွက်လာသော အခါမှ မင်းအဖေကြီး ရက်စက်တော့မည် ဆိုတာ ငါကြိုတင် သိနေပေမယ့် ငါပါ အဆစ် ပါမှာစိုးလို့ မင်းကို မပြောရဲခဲ့ရ၍ စိတ်မကောင်း ဖြစ်ပုံ စသည်များကို ပြောပြလေ့ ရှိခဲ့ပါသည်။

ဦးနေဝင်း နဲ့ ဒေါ်နီနီမြင့် တို့ကို ၁၉၇၃ ခုနှစ် ဆွစ်ဇာလန် ခရီးစဉ်မှာ အတူ တွေ့မြင်ရစဉ်။

ဦးနေဝင်းသည် သူ့အကျိုးစီးပွားကို ထိခိုက်လာမည် ဆိုလျှင် သားမယားကိုပင် မညှာတာကြောင်း၊ ကိုယ့်သား ကိုယ့် မယားကိုမှ မချစ်မြတ်နိုးတဲ့လူ၊ သစ္စာ မရှိတဲ့လူ၊ တိုင်းပြည်ကို ချစ်ပါတယ်၊ လူမျိုးကို ချစ်ပါတယ်လို့ အသံကောင်း ဟစ်နေတာ မင်းတို့ ယုံကြသလားဟု မေးပြောပြော၍ ဦးနေဝင်းသား ကိုကျော်သိန်း ကို ချစ်၍သာ ပြည်သူ့ရေနံတွင် အကြီးအကဲ ခန့်လိုက်တာပဲ မဟုတ်လား အဘ ဟု စာရေးသူတို့ တတွေက အလှထွန်းဖြူ အား ရိတိတိ ပြန်ပြော၍ ဦးလှထွန်းဖြူက ဒါ ချစ်တာ မဟုတ်ဘူးကွ၊ နှစ်တာ၊ ဘာအတတ်ပညာမှ မရှိတဲ့ သားကို အဆင့်တွေ ရာထူးတွေ ကျော်ပြီး နေရာပေးတာ၊ ဒုက္ခရောက်အောင် လုပ်တာနဲ့ အတူတူပဲကွ ဟု ပြန်အော်ပါသည်။

ဦးနေဝင်း၏ ရင်နှစ်သည်းချာများ ဖြစ်သည့် ကိုကျော်သိန်းနှင့် ကိုငွေစိုး တို့သည်လည်း ဦးနေဝင်း တည်ဆောက်ပေးသည့် ငရဲစခန်းများ၏ သားကောင်များ ဖြစ်ခဲ့ကြရရှာသည်။

လူပျော့၊ လူလိမ်၊ ပညာအရည်အချင်း မရှိသော ဦးနေဝင်း ထံသို့ နိုင်ငံတော် အာဏာ ကျရောက်သွား၍ မြန်မာ တမျိုးသား လုံး၏ ကြမ္မာသည် ဆိုးဝါးတော့မှာပဲဟု သခင်မကြီး ဒေါ်ခင်သန်း၏ ပြောစကားများကိုလည်း ယနေ့အထိပင် ကြားယောင် မိပါသည်။

လွတ်လပ်ရေး တိုက်ပွဲကာလများတွင် သူမ၏ အိမ်သို့ ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဦးကျော်ငြိမ်း နှင့် ဦးဗဆွေ စသည့် လူငယ့် ခေါင်းဆောင်များ စတည်းချ ဝင်ထွက်လေ့ ရှိကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဦးကျော်ငြိမ်း တို့ လာလည်လျှင် ဧည့်ခန်းတွင် ထိုင်ပြီး အိမ်ရှိ စာအုပ် ဘီရိုကို မွှေနှောက်၍ ရရာ စာအုပ်ကို ဖတ်လေ့ ရှိကြောင်း၊ ဦးနေဝင်း လာလည်လျှင် အိမ်ရှေ့ ဝရန်တာကို ထွက်ပြီး အိမ်နီးနားချင်းရှိ မိန်းမပျိုများကို ထွက်နောက်ပိုးလေ့ ရှိကြောင်း၊ အုပ်စုလိုက် လာကြလျှင်လည်း စာပေ၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး ဆွေးနွေးသည့် စကားဝိုင်းများတွင် ဦးနေဝင်း ပါဝင်လေ့ မရှိဘဲ ဝရန်တာ ထွက်ပြီး လမ်းသွားလမ်းလာ မိန်းမပျိုများကို ငမ်းနေလေ့ ရှိကြောင်း စသည်များသည် ဦးနေဝင်း၏ အတ္ထုပ္ပတ္တိ တွင် ပါဝင်မည် မဟုတ်သော စိတ်နေစိတ်ထားများပင် ဖြစ်ပါသည်။

ဘန်ကောက်မြို့ မြန်မာ သံရုံးတွင် သံအမတ်ကြီး ဦးထွန်းဝင်း (ဖဆပလ ဝန်ကြီးဟောင်း) နှင့် ဆုံစည်းစဉ် ကလည်း အရက် အရှိန်ကလေး ရလာလျှင် ဦးထွန်းဝင်း က မြန်မာပြည်တွင် ဦးနေဝင်းကို မမှုသူ စာရင်းတွင် သူသာလျှင် ထိပ်ဆုံးမှ ဖြစ်ကြောင်း၊ တချို့ သံအမတ်များ၊ ဝန်ကြီးများက ဦးနေဝင်းကို တုန်နေအောင် ကြောက်ကြကြောင်း၊ ဦးနေဝင်းသည် တက္ကသိုလ် ကျောင်းသား ဘဝကပင် သူ၏ မော်တော်ကားကို ငှားယူ မောင်းနှင်သွားပြီး သူ့ကိုယ်ပိုင်ကား ဖြစ်ဟန် အယောင်ဆောင်ပြီး မိန်းမ သွားပိုးလေ့ ရှိကြောင်း၊ တချို့ အမျိုးသမီးတွေက ဦးနေဝင်းကို သူဌေးသားဟု ထင်မှတ် ကြကြောင်း စသည်များကို ရင်ဖွင့်လေ့ ရှိပါသည်။

ဦးနေဝင်း၏ စရိုက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုသည် ယနေ့ မြန်မာ နိုင်ငံတော်တွင် လူမျိုး ဘာသာ မရွေး လူသားတရပ်လုံး ရင်ထဲတွင် ကြိမ်မီးအုံးသလို တအိအိ ပူလောင်လျက် ရှိနေပါသည်။

၎င်း၏ သားသမီးများပင် ဦးနေဝင်း၏ အကြိမ်းအမောင်း ဒဏ်မှ လွတ်ရာ နိုင်ငံခြားသို့ ထွက်ခွာသွားကြပြီး ဖြစ်သည်။ သမီးကြီး စစ်ဗိုလ် ဆရာဝန်မ စန္ဒာဝင်း တယောက်သာ ဖခင်၏ အထီးကျန် ဘဝကို မကြည့်ရက်၍ ဖျာလိပ်ခေါင်းထဲ ဝင်မိလျက်သား ဖြစ်နေသော ခွေးမကဲ့သို့ ရှေ့သို့ တိုးဝင် လျှောက်နေရသည်။

စန္ဒာဝင်းနှင့် ခင်ပွန်းတို့သည်လည်း နိုင်ငံခြားတွင် အခြေချနိုင်ရန် အတွက် အိမ်များကို ဒေါ်လာနှင့် ငှားရမ်းခြင်း၊ ကုမ္ပဏီများတွင် အစုရှယ်ယာ ပါဝင်ခြင်း စသည့် လုပ်ရပ်များဖြင့် ဒေါ်လာ ဈေးကွက်ထဲတွင် ပါဝင်လျက် ရှိနေသည်။

ဦးနေဝင်း၏ အတ္ထုပ္ပတ္တိ တွင် ပါဝင်မည် မဟုတ်သော ဦးနေဝင်း၏ ပင်ရင်းစိတ်ဓာတ် ဖြစ်သည့် လိမ်ညာ လှည့်ပတ်ပြီး အဓမ္မ ဝါဒကြောင့် ယနေ့ တပ်မတော်ကြီးသည် မုဒိမ်းကျင့်ပြီး လုသတ် နှိပ်စက်နေသော လူမိုက်ဂိုဏ်းကြီး တခုအဖြစ် ကမ္ဘာ့ အလယ်တွင် အပုပ်နံ့ တဟောင်းဟောင်း ထွက်နေပါသည်။

ဦးနေဝင်း၏ အတ္ထုပ္ပတ္တိ ကို ရေးသားနေကြသော သမိုင်းဆရာများ အနေဖြင့် ရတနာ နတ်မယ် သည် ဦးနေဝင်း၏ ဒဏ်ကို မခံနိုင်တော့၍ မြန်မာနိုင်ငံမှ ထွက်ခွားသော အချိန်၌ ဇနီးဟောင်း ဒေါ်နီနီမြင့် ၏ ရန်ကုန် တက္ကသိုလ် သမိုင်းဌာန အနီး အနားရှိ စိန်ပန်းပင် အောက်နားတွင် ဦးနေဝင်း၏ ထောက်လှမ်းရေးမှူးများ ရောက်ရှိလာကြပုံ၊ ဒေါ်နီနီမြင့် အနေဖြင့် ပြန်ပေါင်း ထုတ်ရန် မူလကျီလုပ် ဈေးကိုင်နေစဉ်မှာပင် လူမိုက်ဆန်ဆန် အဓမ္မ ပြန်လည် သိမ်းပိုက်သွားပုံ များကို မျက်မြင် ကိုယ်တွေ့ ဖြစ်ကြသော်လည်း အဖြစ်မှန် အပျက်မှန် သမိုင်းဖြစ်ရပ်များကို လှည့်စား ရေးသားကြရမည်သာ ဖြစ်ပါသည်။

သမိုင်းပညာရှင် ဆိုသူ အချို့သည် ဒေါ်နီနီမြင့်နှင့် ပတ်သက်၍ နှုတ်ပိတ်ကြေးနှင့် တန်ရာတန်ကြေး ရရှိပြီးသား ကြေးစား များပင် ဖြစ်ကြပါသည်။

ဦးနေဝင်း စရိုက်ဆိုး၊ အကျင့်ဆိုးများအား မြန်မာ တမျိုးသားလုံးကသာ ဆန့်ကျင် တိုက်ဖျက်နေကြသည်တော့ မဟုတ်ဘဲ ကမ္ဘာ့ ကုလသမဂ္ဂကြီးနှင့် ကမ္ဘာ့ ပြည်သူပြည်သား အပေါင်းကလည်း အထူးအာရုံစိုက်ပြီး အာဏာရှင် စနစ်ဆိုးကို အမြစ်မှ စ၍ ခုတ်ဖြတ်လျက် ရှိနေပြီ ဖြစ်ပါသည်။

နဝတ (နေဝင်းတပ်) နှင့် စစ်အာဏာရှင် အစိုးရ အဖွဲ့ဝင်များ အနေဖြင့် အချိန်မီ ပြည်သူ့ ကိုယ်စားလှယ်များ ထံသို့ အာဏာ မလွှဲပေးပါက ဇရာထောင်းနေသော ဦးနေဝင်းနှင့် အတူ မသာအလောင်းအဖြစ် မြေမြှုပ် သင်္ဂြိုဟ် ခံရတော့မည်မှာ မလွဲဧကန် ဖြစ်တတ် ပျက်တတ်သော သင်္ခါရ တရားပင် ဖြစ်လေသည်။ ။

ဒေါင်းအိုးဝေ၊ အတွဲ ၃၊ အမှတ် ၁၀၊ ၁၉၉၃ ခု။

(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
ဗိုလ်ချုပ်ကြီးကတော် ရောင်းရန် ရှိသည် https://burma.irrawaddy.com/article/2026/05/16/413301.html Sat, 16 May 2026 01:00:08 +0000 https://burma.irrawaddy.com/?p=413301 ဗိုလ်ချုပ် ကတော်ကြီးများသည် “မမြင်ဘူး မူးချောင်းကို မြစ်ထင်” ဆိုသကဲ့သို့ သောက်ရေ ပုလင်း ဆိုလျှင် စင်္ကာပူက… ကြက်သား၊ ဝက်သားနှင့် အမဲသား ဆိုလျှင်လည်း စင်္ကာပူက… စားဖိုမှူး၊ ထမင်းချက် ဆိုလျှင်လည်း စင်္ကာပူ တရုတ် လူမျိုးချက်မှ…]]>

ဗြိတိန်နိုင်ငံတွင် အယောင်ဆောင် နိုင်ငံရေး ခိုလှုံပြီး အင်္ဂလိပ် နိုင်ငံကူး လက်မှတ် ရရှိသွားကာ ဗမာပြည်သို့ ဝင်ထွက် သွားလာနေသော လူလည် တယောက်က-

“ဗမာပြည်မှာ သင်္ချိုင်းမြေက အစ အဖိုးတန် ကျောက်မျက် ရတနာ၊ ကျွန်းသစ်၊ သားငါးနှင့် ဓာတ်ငွေ့များပါ မကျန် အားလုံးကို နဝတ ဗိုလ်ချုပ်တွေ ရောင်းစားထားလို့ ဘာတခုမှ မကျန်တော့ပါဘူး။

ဗိုလ်ချုပ်ကတော် အသစ် ကလေးတွေပဲ ရောင်းဖို့ ကျန်ပါတော့တယ်။ ဗိုလ်ချုပ်ကတော် အများစုကိုတော့ နိုင်ငံခြား စီးပွားရေး သမားနှင့် ပြည်တွင်းက စီးပွားရေးသမားများက ဝယ်ထားပြီ ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကတော် တယောက်စ နှစ်ယောက်စကို ခါးပိုက်ထဲ မထည့်ထားနိုင်ဘဲ ဘာစီးပွားရေးမှ လုပ်၍ မရနိုင်ကြောင်း၊ ကုမ္ပဏီတွေ၊ ဟိုတယ်တွေ၊ အင်းတွေ အများအပြားမှာ ဗိုလ်ချုပ်ကတော်တွေ ရှယ်ယာပါကြကြောင်း၊ ၎င်းတို့၏ လူယုံတော်များကို ဒါရိုက်တာ၊ မန်နေဂျာ စသည်ဖြင့် စေခိုင်းထားတာတွေသာ များပြားကြောင်း၊ ပြည်သူ လူထုတော့ အတော် ဆင်းရဲနေကြကြောင်း” စသည်တို့ကို ဖောက်သည် ချလာပါသည်။

နဝတ မာဖီးယား အစိုးရ ခေတ်တွင် ဗိုလ်ချုပ် ကတော်များသည် ထိန်းမနိုင် သိမ်းမရလောက်အောင် လွန်လွန်ကဲကဲ လောဘ ရမ္မက်တက်လျက် ရှိကြပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထက်ပင် ဒေါ်ကြိုင်ကြိုင် က သြဇာ အာဏာ ကြီးမားနေပြန် ပါသည်။

စစ်အာဏာရှင်များ၏ အဖေကြီး ဦးနေဝင်းသည် ရှေ့တန်းတက်ပြီး နေရာသြဇာ ယူလွန်းသော စစ်ဗိုလ်ကတော်များ နှင့် မိန်းမ သြဇာ ခံလွန်းသော စစ်ဗိုလ်များအား လှောင်ပြောင် သရော်လိုတိုင်း ယဉ်ကျေးမှု ကဇာတ်မှ အထူးအရာရှိ ဗိုလ်မှူး မောင်ထူး (စာရေးဆရာ အမည် တပ်ကြပ် မောင်ထူး နှင့် ဂျပန်ခေတ် စစ်ကျောင်းတွင် “ပါးရိုက်သန်သော တပ်ကြပ် မောင်ထူး၊ ဗိုလ်မြင့်ဦးနှင့် မြင်းစီးရာဝယ် ရွှေလုံးပယ်လေ့…” ဟု သမိုင်းဝင် ပုဂ္ဂိုလ်တဦး ဖြစ်ပါသည်။) အား ဟေ့… ဗိုလ်မောင်ထူး မင်းလူပြက်တွေကို တပ်ထဲက ပြက်လုံးတွေ သင်ပေးလိုက်ပါဦးဟု အမိန့် ချမှတ်လေ့ ရှိပါသည်။

သမ္မတ အိမ်တော်ဝင်း အတွင်းတွင် စစ်ဗိုလ်ကြီးများနှင့် ကတော်ကြီးများ စုံညီသော နေ့ကြီးရက်ကြီး ဧည့်ခံ ဖျော်ဖြေပွဲ တခုမှ ပညာပေး ပြက်လုံး တခုကို ဖော်ပြပါမည်။

ဦးကြယ်တလုံး။ ။ ဟေး…မောင်သော်တာ မင်း တပ်ထဲက ထွက်လာတဲ့ စစ်သားဟောင်း ဆိုတော့ စစ်တပ်မှာ တပ်မိန့် ဘယ်အချိန် ထွက်တယ် ဆိုတာ ပြောစမ်းပါဦးကွာ။

မောင်သော်တာ။ ။ ဒါကလေးများ လွယ်လိုက်တာ တပ်မိန့်ဟာ စစ်တပ် ရုံးချိန်ဖြစ်တဲ့ မနက် ၈ နာရီမှ ညနေ ၃ နာရီ အတွင်းမှာ ထွက်တာပေါ့ဗျာ။

ဦးကြယ်တလုံး။ ။ ဟာ… မင်းစစ်တပ်ထဲက ထွက်လာတယ်သာ ဆိုတယ် ဘာဗဟုသုတမှ မရှိပါလား။ တပ်မိန့် ဆိုတာ သန်းခေါင်ယံ တချက်ထိုးပြီးမှ ထွက်တာကွ၊ မင်း မသေမချင်း မှတ်ထားစမ်းပါ ငအ ရဲ့…

မောင်သော်တာ။ ။ ခင်ဗျားကြီး ဥစ္စာ မဟုတ်သေးပါဘူး။ စစ်တပ်ထဲမှာ ရာထူးတိုးတာတို့၊ တပ်ပြောင်းတာတို့၊ ရုံးမိန့် တပ်မိန့် ဆိုတာမျိုးဟာ ရုံးချိန်ထဲမှာပဲ ထွက်ရမှာပေါ့၊ ဘယ်ကလာ တချက်ထိုးပြီးမှ ထွက်ရမျာလည်း နလပိန်းတုံးကြီးရဲ့…

ဦးကြယ်တလုံး။ ။ မောင်သော်တာ တပ်ထွက် လူပြက်ကလေး မှတ်သားလိုက်စမ်းပါ။ စစ်တပ်မှာ တပ်မိန့် ဆိုတာ တချက် ထိုးပြီးမှ ထွက်တာကွ၊ သန်းခေါင်ယံ တချက်ထိုးပြီးမှ စစ်ဗိုလ် ကတော်ကြီးက မောင်ရယ် ဗိုလ်ထွန်းကြည် ဆိုတဲ့ စစ်ဗိုလ်ကလေးဟာ သိပ်တော်တာပါပဲ။ တနင်္ဂနွေ နေ့က ခြံထဲက မြက်တွေကို လာရိတ်ပေးသွားတယ်။ မေ့ အတွက်လည်း ပါတိတ် လုံချည်တွေ၊ မောင့် အတွက်လည်း အရက်ပုလင်းနဲ့ ဆတ်သားခြောက်တွေ လာကန်တော့သွားရှာပါတယ်။ မေ ဈေးသွားရင်လည်း ဈေးခြင်းတို့၊ အထုပ်အပိုးတို့ကို ကူညီ ဆွဲပေးရှာပါတယ်။ ဒီစစ်ဗိုလ်ကလေး ဗိုလ်ကြီး ရာထူး ရသင့်တာ ကြာလှပါပြီ။ နော်…မောင်…မောင်လို့ တမောင်တည်း မောင်လိုက်တာ အဲဒီအချိန်မှာတင် ဗိုလ်မှူးကြီးက ကောင်းပါပြီတဲ့ဗျာ၊ တချက်ထိုးမှ တက်မိန့် ထွက်သွားတာ…

မောင်သော်တာ။ ။ ဟုတ်လိုက်လေဗျာ…မှန်လိုက်လေဗျာ…ဟား ဟား…

ဦးနေဝင်း၏ အပေါင်းအပါ စစ်ဗိုလ် တစုတို့သည် ဗိုလ်မှူး မောင်ထူး၏ ဟာသ မြောက်သော ပြက်လုံးကို မျက်ရည် ထွက်မတတ် ရယ်မောတတ်ကြောင်းကို ယဉ်ကျေးမှု ကဇာတ် တဖွဲ့လုံး အသိပင် ဖြစ်ပါသည်။

လူဆိုသည်မှာ သူနားလည် လွယ်သော စကား အဆင့်၊ အသုံးအနှုန်းနှင့် ပြောဆိုမှသာ သဘောပေါက်လေ့ ရှိပါသည်။

အထက်ပါ ပြက်လုံးသည်လည်း ဦးနေဝင်းနှင့် ၎င်း တပည့်တပန်း စစ်ဗိုလ်များ၏ အဆင့်အတန်းကို ဖော်ပြခြင်း မျှသာ ဖြစ်၏။

တပ်မတော်တွင်လည်း မျက်နှာလိုက်၊ ဘက်လိုက်ပြီး လက်သင့်ရာ စားတော်ခေါ်သော စစ်ဗိုလ်ဆိုးများ အပေါ်စီး ရရှိနေကြပြီး ၎င်းတို့ အဆင့်အတန်းကို ဖော်ပြနေသော နိုင်ငံရေး သတင်ဆောင်းပါးသည် နဝတ ထုတ် နေ့စဉ် သတင်းစာများတွင် ရေးသား ဖော်ပြနေကြ၍ တိုင်းပြည်နှင့် လူမျိုး ဂုဏ်သိက္ခာ အဆင့်အတန်းကို အလွန်ညှိုးနွမ်း စေလျက် ရှိနေပါသည်။

မာဖီးယား ဗိုလ်ကြီးများနှင့် ဗိုလ်ချုပ် ကတော်ကြီးများသည် “မမြင်ဘူး မူးချောင်းကို မြစ်ထင်” ဆိုသကဲ့သို့ သောက်ရေ ပုလင်း ဆိုလျှင် စင်္ကာပူက သောက်ရေ ပုလင်းမှ၊ ကြက်သား၊ ဝက်သားနှင့် အမဲသား ဆိုလျှင်လည်း စင်္ကာပူက အသားမှ၊ စားဖိုမှူး၊ ထမင်းချက် ဆိုလျှင်လည်း စင်္ကာပူ တရုတ် လူမျိုးချက်မှ အရသာတွေ့၊ ခံတွင်း တွေ့နေကြချိန်တွင် ပြည်သူ လူထု အများစုတွင် ငါးပိရည် နှင့် ထမင်းဖြူ ကိုပင် နပ်မှန် စားနိုင်ရေး အတွက် ဆန့်တငင်ငင် ရုန်းကန်နေကြရရှာပါသည်။

ဗိုလ်ချုပ် ကတော်များသည်လည်း ဝိသမ လောဘသမားများ၏ ငွေဝယ်ကျွန်ပမာ အသုံးတော် ခံနေကြရသောကြောင့် ဗိုလ်ချုပ်ဆိုး တစု၏ နိုင်ငံရေး သြဇာသည်လည်း လမ်းမအလယ်တွင် ဆိုးဘုတ် ထောင်ရသည့် ဘဝမျိုးသို့ ရောက်ရှိ နေပြန်ပါသည်။

ယခု လောလောဆယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးကို ရရှိလာကြသော ကာကွယ်ရေး ဦးစီးချုပ် (ရေ) နှင့် (လေ)၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ် စသည့် တပ်မတော် အကြီးအကဲများနှင့် ဗိုလ်ချုပ်ကတော် အသစ်များ အနေဖြင့် ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ ကိုယ့်ဘဝကို နဝတ ဝန်ကြီး ဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်ကတော်များ နည်းတူ ဝိသမ လောဘသမားများထံ မရောင်းစားကြဘဲ တိုင်းပြည်နှင့် လူမျိုး ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ကြပါဟု မေတ္တာမွန်ဖြင့် တိုက်တွန်း ဆော်သြ လိုက်ရပါသည်။ ။

Voice of Burma, Issue No. 45, Augugst 18, 1996.
(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
ပဂိုးတား – ဆိုးကျား – မာဖီးယား https://burma.irrawaddy.com/article/2026/04/11/412497.html Sat, 11 Apr 2026 01:00:31 +0000 https://burma.irrawaddy.com/?p=412497 နဝတ စစ်အာဏာရှင် ခေတ်တွင် ဆိုးကျား (Soldier) သည် တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်သော စစ်သည်တော်များ မဟုတ်တော့… ဆိုးကျား သည် “ကျားဆိုး” နှင့် အတူတူပင် ဖြစ်နေ…]]>

နယူးဇီလန် နိုင်ငံသား ဂျေမီသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆောင်းပါးများ ရေးသား၍ စာရေးသူနှင့် အသိအကျွမ်း ဖြစ်ခဲ့သည်မှာ လွန်ခဲ့သော ၇ နှစ်ခန့်ကပင် ဖြစ်ပါသည်။

ဂျေမီသည် ယခင်နှစ်များက မြန်မာနိုင်ငံသို့ နှစ်ကြိမ် သွားရောက် သွားရောက်ခဲ့၍ စစ်ဗိုလ်များနှင့် စီးပွားရေး လုပ်ငန်း ကြိုးစားခဲ့ပြီး စစ်အစိုးရအား အမွှမ်းတင် ပြောဆိုလာ၍ စာရေးသူနှင့် ငြင်းခုံ ပြောဆိုခဲ့ကြဖူးပါသည်။

သုံးကြိမ်မြောက် ရန်ကုန်မြို့သို့ သွားရောက်ခဲ့ပြီး ဘာစီးပွားရေးမှ မယ်မယ်ရရ လုပ်ကိုင်ခွင့် မရသော ဂျေမီနှင့် စာရေးသူ တို့သည် ယခင်လက တွေ့ဆုံ၍ စကားစမြည် ပြောဆိုမိကြပြန်ပါသည်။

ဂျေမီက စာရေးသူအား “ခင်ဗျား ပြောတာတွေ ကျနော် လက်ခံပါပြီ။ ဘာစီးပွားရေးမှ လုပ်လို့ မရပါဘူး။ ခင်ဗျားတို့ နိုင်ငံမှာ ပဂိုးတား – ဆိုးကျား နဲ့ မာဖီးယား (Pagoda, Soldier and Mafia) တွေကိုသာ နေ့စဉ် တွေ့နေရတယ်။ အဝါရောင် နဲ့ အစိမ်းရောင် တိုင်းပြည်ပါပဲ။ ရိုးရိုးတန်းတန်း စီးပွားရေး လုပ်ချင်တဲ့ တို့လိုလူတွေ တိုးမပေါက်ပါဘူး။ အလွန့်အလွန် အသုံးမကျတဲ့ နိုင်ငံပါပဲ” ဟု ပစ်ပစ်ခါခါ ဝေဖန် ပြောဆို နေပြန်ပါသည်။

နဝတ စစ်အစိုးရ၏ သတင်းစာများနှင့် ရောင်စုံ ရုပ်မြင်သံကြားတွင် အဝါ နှင့် အစိမ်းရောင် အရောင် ၂ ရောင်သာ မြင်တွေ့နေကြရ၍ ပြည်သူလူထု အနေနှင့် အော့နှလုံး နာနေသည်မှာလည်း ၇ နှစ်ပင် ကျော်ပြီး ၈ နှစ်ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါသည်။

ဘဝ တသက်လုံးတွင် အပျော်အပျက်နှင့် စခန်းသွားလာခဲ့သော အကယ်ဒမီ ရုပ်ရှင်မင်းသား ကျော်ဟိန်း အပါအဝင် မင်းသား မင်းသမီးများ၊ ဘိန်းဘုရင်များ သည်ပင်လျှင် ဗိုလ်ချုပ် ခင်ညွန့် နှင့် စပ်တူ သိန်း ၂၀၀ တန်၊ ၃၀၀ တန် ဘုရားတွေ တည်တော့မလို့၊ တည်နေကြပြီ ဆိုသည့် သတင်းစကားများကို မကြာခဏ ကြားသိနေရပြီး၊ ဗိုလ်ချုပ် တင်ဦး နှင့် မိသားစု သည်လည်း ခိုးဝှက်၍ ရသော ရတနာများကို ဘုရား ဌာပနာများ အဖြစ် လှူဒါန်းနေသည်ကို သတင်း ဓာတ်ပုံနှင့် တကွ နေ့စဉ် သတင်းစာများတွင် ဖတ်ရှုခဲ့ရပါသည်။

မြန်မာ လူမျိုးများ၏ ဗီဇစရိုက် အကျင့်များတွင် သနားလွယ်၊ ယုံလွယ်၊ အထင်ကြီးလွယ်၊ အားကျလွယ်၊ ပုံတူ ခိုးချလွယ် သည့် ပျော့ညံ့လိုက်လျောမှုပေါ် အခွင့်ကောင်း ယူတတ်သော စစ်ဗိုလ်ဆိုးများ အနေဖြင့် စေတီပုထိုး တည်ပြ၊ လမ်းဖောက်၊ စောင်းတန်းများ ဆောက်ပြကာ သူတော်ကောင်း အရေကို ခြုံထားကြပြန်ပါသည်။

ဗုဒ္ဓသာသနာ အဓွန့် ရှည်ကြာရေးတွင် စေတီပုထိုးက အဓိကလား၊ ဘုရားသခင်၏ တရား ဓမ္မက အဓိကလား၊ သာသနာတော် လက်ဆင့်ကမ်း စောင့်ရှောက် ထိန်းသိမ်းသွားမည့် ဘုရားသားတော် ရဟန်းသံဃာများက အဓိကလား ဆိုသည်ကို သာမန် ပြည်သူများ သတိမမူမိကြသော်လည်း စစ်သေနင်္ဂဗျူဟာကို ကျွမ်းကျင်သော စစ်အာဏာရှင် များသည် ၎င်းတို့ လက်ထဲတွင် ထာဝစဉ် အာဏာ တည်မြဲရေး အတွက် ရုပ်ပြကောင်းရုံ၊ အလှူခံ၍ ကောင်းရုံ နှင့် အန္တရာယ် လုံးဝ မရှိသော စေတီပုထိုး တည်တောက်ရေး ကိစ္စများကို ပေါ်လစီအရ စောင်းပေး၍ ဆောင်ရွက်နေကြပါသည်။

စေတီပုထိုးများကို မတရား ခိုးဝှက်၍ ရသော ငွေများနှင့် တိုင်းသူပြည်သားများ၏ အခွန် ဘဏ္ဍာများဖြင့် နဝတ အစိုးရ သက်ဆိုး ရှည်စေရေး အတွက် တည်ဆောက်နေကြပြီး တခြာတဖက်တွင် ဘုရားသခင်၏ တရား ဓမ္မများကို မပြန့်ပွားအောင် သာသနာတော်ကို စောင့်ထိန်း လက်ဆင့်ကမ်းသွားမည့် ဘုရားသားတော် ရဟန်းသံဃာတော်များ ရုတ်လျော့ နည်းပါးသွားအောင် နည်းဗျူဟာ အမျိုးမျိုးဖြင့် စစ်ဆင်နေသည်ကို ရိုးသား ဖြောင့်မတ်၍ သမာဓိ ရှိကြသော ဘုန်းတော်ကြီးများ အားလုံး သိရှိတော်မူကြပါသည်။

၁၉၈၄ ခုနှစ်ခန့်က စာရေးသူ၏ ဖခင် အပါအဝင် ဝန်ကြီးချုပ် ဦးနု ကမကထပြုလုပ်သော မြန်မာ ပိဋကတ် အဖွဲ့ (Burma Pitaka Association) မှ ဘုရားသခင်၏ တရားတော်သုတ် ၁၀ ကျမ်းကို အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုပြီးသည့် အထိမ်းအမှတ် တရားပွဲတခုကို ကမ္ဘာအေး ဘုရား ရင်ပြင်တွင် ကျင်းပပြုလုပ်ရန် မဆလ အစိုးရထံတွင် ခွင့်ပြုမိန့် တောင်းခံ ခဲ့ကြပါသည်။

ယင်းအချိန်က ရန်ကုန်တိုင်း လုံခြုံရေး ကော်မတီ ဥက္ကဌ နှင့် စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ယခု နဝတ သာသနာရေး ဝန်ကြီးက ခွင့်မပြု၍ အနယ်နယ် အရပ်ရပ်မှ ရန်ကုန်မြို့သို့ ရောက်ရှိနေကြသော အလှူရှင်နှင့် အဖွဲ့ဝင်များ အားလုံး စိတ်မချမ်းမသာ ဆုတ်ပြန်သွားခဲ့ကြရပါသည်။

ယနေ့ မြန်မာ တပြည်လုံးတွင် သမိုင်း မဝင်သော စေတီပုထိုးများကို သိန်း ၅၀၊ သိန်း ၁၀၀၊ သိန်း ၂၀၀ စသည်ဖြင့် အကုန်အကျ ခံပြီး နဝတ အစိုးရက ပြုပြင် တည်ဆောက်နေသော်လည်း သာသနာကို ထိန်းသိမ်း စောင့်ရှောက်မည့် ဘုရား သားတော်များကို မွေးဖွားသည့် ဗုဒ္ဓသာသနာ စာသင်တိုက်များတွင် ရဟန်းသံဃာများပင်လျှင် မဝရေစာ စားနေကြရပြီး၊ “ဆွမ်း” နပ်မှန်ရေး အတွက် ရဟန်းသံဃာတော်များ ကိုယ်တိုင် တောအရပ် ဒေသများသို့ ဆင်း၍ ဆန်နှင့် ငါးပိ၊ ငါးခြောက် များကို ဝယ်ယူ သိုလှောင်နေရသည်ဟု ကြားသိရ၍ နဝတ စစ်အစိုးရသည် ကွန်မြူနစ်များထက် ဆိုးဝါးသော “ဓမ္မန္တရာယ် ကောင်များ” ဆိုသည်မှာ ဘူးပေါ်သလို ပေါ်လာနေပါသည်။

စစ်အာဏာရှင်များ အနေဖြင့် သမဂ္ဂ၊ အသင်းအဖွဲ့၊ အစုအဝေး၊ အစည်းအရုံး စသည်များမှာ အာဏာရှင် စနစ် ရှင်သန် ကြီးထွားရေး အတွက် မဟာ ရန်သူများဟု သတ်မှတ်ထားပါသည်။

သို့သော် မြန်မာ့ သမိုင်းတွင် စစ်အာဏာရှင်များသာ မက မည်သည့် အစိုးရများကမှ ဖြိုဖျက် အမျိုးဖြုတ်၍ မရသော သဘာဝ ပေါက်ပင်များ ကဲ့သို့ အလိုအလျောက် သဘာဝအရ စုစည်း ဝိုင်းဖွဲ့နေသော အစုအဝေး၊ အစည်းအရုံး (Institutions) နှစ်ခုမှာ ဘုရားသားတော် ရဟန်းသံဃာ အစုအဝေးနှင့် ပြည်သူ့ သားကောင်း ကျောင်းသား လူငယ် အစုအဝေးများပင် ဖြစ်ပါသည်။

နဝတ စစ်ဗိုလ် သူခိုးကြီးများသည် အသက် ၆၀ ကျော်ပြီး အိုမင်း ရင့်ရော် လာကြပြီ ဖြစ်သော်လည်း ရဟန်းသံဃာတော်နှင့် ကျောင်းသား လူငယ်များမှာမူ ထာဝစဉ် နုပျို ရှင်သန်လျက် ရှိနေပါသည်။

စကားပြော၍ တရားသဘောကို သိသော ရဟန်းသံဃာတော်များနှင့် ကျောင်းသား လူငယ်များကို မျိုးဖြုတ်ရန် ကြံနေပြီး ရွှေချချ၊ ထုံးသုတ်သုတ် စကားမပြောသည့် “ပဂိုးတား” ကြည်ညိုလွန်းသော နဝတ စစ်ဗိုလ်များကြောင့် မြန်မာနိုင်ငံ၏ နာမည် များသည် ပဂိုးတား-ဆိုးကျား-မာဖီးယား နိုင်ငံဟု ထင်ပေါ်လာနေပြန်ပါသည်။

ဆိုးကျား (Soldier) များအကြောင်းကိုတော့ မြန်မာနိုင်ငံ အရပ်ရပ်မှ လုပ်သားပြည်သူများ အားလုံး သိရှိပြီး ဖြစ်ပါသည်။

၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ ထုတ်လွှင့်သော ပြည်ထောင်စုနေ့ အကြို ရခိုင် တိုင်းရင်းသား ကဏ္ဍ၌ ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌကြီး ဒေါက်တာ ဦးစောမြအောင် က-

“ရခိုင်ပြည်မှာ စစ်တပ်အတွက် လိုအပ်တဲ့ ထင်းတွေ၊ ရေတွေကို အရပ်သားများက သွားရောက် ဆက်သနေရတဲ့ အပြင် စစ်သားတွေကို အရပ်သားတွေက နှိပ်နယ်ပေးနေရပါတယ်” ဟု ပြောကြားသွားခဲ့ပါသည်။

နဝတ စစ်အာဏာရှင် ခေတ်တွင် ဆိုးကျား (Soldier) သည် တိုင်းပြည်နှင့် ပြည်သူကို ကာကွယ်သော စစ်သည်တော်များ မဟုတ်တော့ပါ။

ဆိုးကျား သည် “ကျားဆိုး” နှင့် အတူတူပင် ဖြစ်နေပါသည်။

လူသား စားဖူးသော ကျားဆိုးသည် သတ္တဝါ အပေါင်းတွင် အရသာ ထူးကဲလှသော လူသတ္တဝါ၏ အသားကို ဆက်လက် စားလိုပါတော့သည်။

အရပ်သား လုပ်သားပြည်သူများ အပေါ်တွင် အနှစ် ၃၀ ကျော် ဗ်ိုလ်ကျ စိုးမိုးလာသော မြန်မာ့ “ဆိုးကျား” များသည်လည်း လူသားကြိုက်သော ကျားဆိုးများ ကဲ့သို့ နိုင်ငံတော် အာဏာကို အရသာတွေ့ပြီး ကြိုက်နှစ်သက်နေပြီ ဖြစ်ပါသည်။

မာဖီးယားဂိုဏ်း (Mafia) ဆိုသည်မှာ စနစ်တကျ စုပေါင်း ဖွဲ့စည်းထားသော လူဆိုးဂိုဏ်းကြီး ဖြစ်ပြီး ထိုဂိုဏ်များ အနေဖြင့် (မတရားမှု၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ သွေးထွက် သံယို သတ်ဖြတ် ညှဉ်းဆဲမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှု၊ ငွေ မှောင်ခိုမှု၊ စီးပွားရေး သောင်းကျန်းမှု၊ မျက်နှာလိုက်မှု၊ လာဘ်ပေး လာဘ်ယူမှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှု စသည်များကို ဥပဒေ ကျောခိုင်းပြီး တဇောက်ကန်း လုပ်နေသည့်) နဝတ ကဲ့သို့သော အဖွဲ့အစည်းပင် ဖြစ်ပါသည်။

ဂိုဏ်းဝင်အချင်းချင်း တဦးအပေါ် တဦး အထောက်အကူ ပေးကြရပြီး ဂိုဏ်းအတွင်းသို့ တခြား သြဇာ အာဏာ လုံးဝ အဝင်မခံဘဲ ဂိုဏ်း၏ မူဝါဒ အရေးသုံးပါးကို သစ္စာဖောက်ကာ လူကောင်းလူမွန် ဘဝသို့ ပြန်လှည့်ရန် လမ်းခွဲ မရှိသော စစ်ဗိုလ်ဆိုးများ ကဲ့သို့ ဂိုဏ်းဂဏစိတ် ပြင်းထန်သော ရာဇဝတ်ကောင်များ၏ ဒုစရိုက် အဖွဲ့သာ ဖြစ်ပါသည်။

ဤမျှသော ကျိုးကြောင်းဆင်ခြင် မှတ်ကျောက် တင်စရာများကြောင့် ယနေ့ မြန်မာနိုင်ငံကြီးအား ပဂိုးတား – ဆိုးကျား – မာဖီးယား နိုင်ငံကြီး ဟု သမုတ် ပြောဆိုလာသော နယူးဇီလန် နိုင်ငံသား ဂျေမီအား စာရေးသူ အနေဖြင့် ငြင်းခုံမရဲတော့ဘဲ လက်မြှောက် အရှုံးပေးလိုက်ရပါသတည်း။ ။

ခေတ်ပြိုင် ဂျာနယ်၊ အမှတ် ၄၈၊ ဧပြီ၊ ၁၉၉၇ ခုနှစ်။

(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
ဝန်ကြီးကတော် ပုံပြင် https://burma.irrawaddy.com/article/2026/03/07/411567.html Sat, 07 Mar 2026 01:30:13 +0000 https://burma.irrawaddy.com/?p=411567 “ရောင်းလို့ရတာ အကုန်ထုတ်၊ ထုတ်လို့ရတာ အကုန်ရောင်း” စားကြသည့် အထူးဆိုင်နှင့် ပဒုမ္မာ ကုန်တိုက် ခေတ်ကပင် အတ္တသားကောင် ဖြစ်ကြသော ဝန်ကြီးကတော်များသည်…]]>

ဆိုရှယ်လစ်ခေတ် နှောင်းချိန်တွင် ဝင်ဒါမီယာ အရပ်၌ ရှိလေသော အသစ်စက်စက် ဝန်ကြီး ရာထူးကို ရရှိလာသည့် စစ်တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် သန်းကျော်၏ အိမ်တွင် ဖြစ်လေ၏။

ဝန်ကြီးကတော် ဒေါ်စိန်စိန်သည် ဧည့်ခန်းထဲတွင် လာရောက်ပြီး အခွင့်အရေး တောင်းခံနေကြသော ဆွေတော်မျိုးတော် တကျိပ်ကျော်ခန့်ဖြင့် စကားစမြည် ပြောဆိုလျက် ရှိနေ၏။

ဝန်ကြီးသည်လည်း အလုပ်အားရက် ဖြစ်၍ ဂေါက်သီးရိုက် ထွက်မည့် အဝတ်အစားများကို လဲပြီး ဧည့်ခန်းထဲသို့ ခဏဝင်လာသည်၌-

“မောင်ရယ်၊ ဒီမှာ မောင့်ဘက်က ဆွေမျိုးတွေ။ စိန်စိန့်ဘက်က ဆွေမျိုးတွေနဲ့တော့ တမြန်နေ့ကပဲ တွေ့ပြီးပါပြီ။ မောင့် ဆွေမျိုးတွေ လာရင်းကိစ္စကိုပဲ မေးမြန်းကြည့်ပါတော့” ဟု ဝန်ကြီးကတော်က ကနွဲ့ကလျ ပြောဆိုလေ၏။

“ကျနော် ဂေါက်သီးရိုက် ထွက်မယ်လို့ ချိန်းထားတာ ရှိနေပါတယ်။ ပြောစရာ ရှိတာကို တိုတိုနှင့် လိုရင်းကိုပဲ ပြောကြစမ်းပါ”

“မနေ့တနေ့ကလည်း စိန်စိန့်ဘက်က ဆွေမျိုးတွေ လာပြီး အမျိုးမျိုး အပူကပ်သွားကြပြီးပြီ။ ဘာတဲ့ကွ… ညီတယောက်က သူ့သားကို သင်္ဘောသား ဖြစ်အောင် လုပ်ခိုင်းတယ်။ တခြားသူ တယောက်က နိုင်ငံခြား ပညာသင် သွားချင်တယ်လို့ ဆိုတယ်။ ဦးလေး တယောက်က သူ့သမီးငယ် ဆယ်တန်းကျနေတာ လေးနှစ် ရှိပြီတဲ့။ အောင်အောင် လုပ်ခိုင်းနေတယ်” ဟု ညည်းညူညူ ပြောလိုက်လေသည်။

“ဒီလိုကွဲ့ မောင်သန်းကျော်ရဲ့…ဦးသား၊ မင်းညီဝမ်းကွဲ လူရည်ချွန် အထပ်ထပ် ရပြီး ဘွဲ့ရပြီးကတည်းက မြစ်ကြီးနား ကောလိပ်မှာ နည်းပြဆရာ လုပ်နေတာ ၆ နှစ် ကျော်နေပါပြီ။ သူ့လောက် ပညာမတော်သူတွေက ပညာတော်သင် သွားကြ၊ ရာထူးတွေ တက်ကြနဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါ နေတဲ့ ခေတ်မို့ မင်းဆီကို ဦးတို့က မှန်မှန်ကန်ကန် ဖြစ်ချင်လို့ လာခဲ့ကြတာပါ” ဟု ဝန်ကြီး ဦးသန်းကျော်အား ငယ်စဉ်ဘဝကပင် ကူညီ ထောက်ပံ့ဖူးသော အငြိမ်းစား ကျောင်းဆရာကြီး ဦးလူခန့်က ရင်ဖွင့်နေပြန်၏။

“ဟုတ်တယ်ကွဲ့ မောင်သန်းကျော်ရဲ့၊ အဒေါ့်သား မင်းညီဝမ်းကွဲ မောင်သီဟလည်း ဘီအေ အောင်ပြီးကတည်းက ရာထူးဝန် အဖွဲ့က ခေါ်တဲ့ နိုင်ငံခြားရေး ရုံးအတွက် တတိယ အတွင်းဝန် ရာထူးကို ဖြေတာ သုံးလေးကြိမ် ရှိနေပြီ။ ရေးဖြေ အောင်လိုက်၊ နှုတ်ဖြေကျလိုက်နဲ့ အခုတော့ အသက်ကျော်တော့မယ်၊ အသက်ကျော်ရင် အရာရှိဖြစ်မယ့် စာမေးပွဲတွေ ဖြေရတော့မှာ မဟုတ်တော့ဘူး။ ရာထူးဝန် အဖွဲ့က လူကြီးတွေကလည်း ပညာတော်တဲ့ လူငယ်တွေကို ရွေးချယ်နေကြတာ မဟုတ်ဘူးကွဲ့။ နိုင်ငံတော် ဝန်ကြီးတို့၊ နိုင်ငံတော် ကောင်စီဝင်တို့နဲ့ ဆွေမျိုးတော်သူတွေကိုသာ ရွေးချယ် ခန့်အပ်ကြတာ။ တို့က လူ့အခွင့်အရေး ဆုံးရှုံးနေလို့ လာပြောပြတာဟေ့၊ မတရား အခွင့်အရေး လိုချင်တယ်လို့တော့ မထင်လိုက်ပါနဲ့” ဟု ဝန်ကြီး၏ အမေ့ညီမ ဒေါ်သန်းသန်းကလည်း နှုတ်သီးကောင်း လျှာပါး ဖြစ်နေပြန်လေ၏။

“ကျနော်ကတော့ ကိုယ့်ဘက်က ဆွေမျိုးတွေမို့ ရှင်းရှင်း ဘွင်းဘွင်းပဲ ပြောပါရစေဗျာ။ ဝန်ကြီး ရာထူးရတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ လစာတောင် မစားရသေးပါဘူး။ တော်လို့တတ်လို့လည်း မဟုတ်ပါဘူး။ ကိုယ်ကိုင်ရတဲ့ ဝန်ကြီးဌာနတွေကို လည်း လုံးဝ မလေ့လာရသေးပါဘူး။ အထက်လူကြီးတွေက မင်းဒါလုပ် ဆိုလို့သာ တာဝန်ပေးလို့ လုပ်ရတာ။ ရုံးလုပ်ငန်း ကလည်း နားမလည်၊ ဆွေမျိုး အပေါင်းအသင်းတွေကလည်း အခွင့်အရေးတို့ နစ်နာချက်တို့ စုံနေတာပါပဲ။ ပြဿနာ ပေါင်းက သောင်းခြောက်ထောင် မကတော့ပါဘူး”

“ကျနော်က စစ်သားပဲ။ စစ်ပဲ တိုက်တတ်တယ်။ တခြားဌာနက လူကြီးတွေကို ကျနော့် ဆွေမျိုးတွေကို ဒီအခွင့်အရေး၊ ဟို အခွင့်အရေး မစပါ ဆိုတာမျိုးလည်း ဘယ်တုန်းကမှ အောက်ကျို့ခံပြီး မပြောဖူးခဲ့ဘူး။ ကိုယ့်ဌာနလာပြီး သူများတွေက အခွင့်အရေး တောင်းတာလည်း မကြိုက်ဘူး။ အချင်းချင်း အခွင့်အရေး အပေးအယူတွေ လုပ်ကြရင်း ဌာနတွေမှာ လူပျော့လူညံ့တွေ နေရာရကြ၊ တနေ့ နိုင်ငံတော်ကို စီမံအုပ်ချုပ်မယ့် လူကြီးတွေဟာ လူပျော့လူညံ့ အချောင်သမားတွေ ဖြစ်လာမှာကိုလည်း မလိုလားပါဘူးဗျာ”

“ရန်ကုန်တက်ပြီး ဝန်ကြီးရာထူး ရလာတာဟာ ခေါင်းကို ဆင်နင်းခံရသလိုပါပဲဗျာ” ဟု ဦးလေးတွေ အဒေါ်တွေ ရှေ့တွင် ဝန်ကြီး ဦးသန်းကျော်သည် ကလေးသူငယ်လို ညည်းညူ နေပြန်လေ၏။

“မောင်ရယ်၊ ဒါတွေ ပူစရာ မဟုတ်ပါဘူး။ စိန်စိန် ဝန်ကြီးကတော်ဟောင်း မမနွဲ့နဲ့ အားလုံး တိုင်ပင်ပြီးပါပြီ။ သူတို့လည်း စစ်ဗိုလ် ဘဝက ဝန်ကြီး ဘဝကို ပြောင်းလာစဉ်တုန်းက ဒီဒုက္ခတွေကို အနည်းနဲ့အများ ခံစားကြရတာပါပဲတဲ့”

“မမနွဲ့ ဆက်သွယ်ပေးလို့ မောင်တို့ ဌာနက ဦးဗျူရိုကြီးလည်း စိန်စိန်ဆီကို ဖုန်းဆက်ပြီး ဒီအသေးအမွှား ကိစ္စရပ်တွေ အတွက် စိတ်သောက မရောက်ဖိုး အားပေးစကား ပြောလာပြီးပါပြီ။ ဒါတွေအားလုံး ပြေလည်သွားပါလိမ့်မယ်။ မောင် ဝါသနာပါတဲ့ ဂေါက်သီးရိုက်မယ့် လမ်းကိုသာ သွားပါတော့” ဟု ဝန်ကြီးကတော် အသစ် စက်စက်က ပိုင်စိုးပိုင်နင်း ပြောနေလေ၏။

ခေတ်အဆက်ဆက်တွင် မတိမ်ကောသော အရာရှိဆိုး ဦးဗျူရို၏ ကူညီ မစမှုများကြောင့် ဝန်ကြီး ဦးသန်းကျော်နှင့် ဝန်ကြီးကတော် ဒေါ်စိန်စိန် တို့တွင် ဆွေမျိုးသားချင်းများ၏ တောင်းခံမှုများကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့် အပြင် ဝန်ကြီး ဘဝတွင် ကိုယ်ပိုင် အိမ်တလုံး ဆောက်ရာတွင်ပင် အိမ်သုံးလေးလုံးစာမျှ ဆောက်လုပ်ရေး ပစ္စည်းများ ဝယ်ယူ ထုတ်ရောင်းနိုင်ခဲ့ပါသည်။

“ရောင်းလို့ရတာ အကုန်ထုတ်၊ ထုတ်လို့ရတာ အကုန်ရောင်း” စားကြသည့် အထူးဆိုင်နှင့် ပဒုမ္မာ ကုန်တိုက် ခေတ်ကပင် အတ္တသားကောင် ဖြစ်ကြသော ဝန်ကြီးကတော်များသည် ဦးဗျူရို ကဲ့သို့ အရာရှိဆိုးများ၏ ထောင်ချောက်ထဲသို့ ရောက်မှန်း မသိ ရောက်ရှိသွားကြကုန်၏။

ဝန်ကြီးဘဝတွင် အိမ်တက် မင်္ဂလာ ဆွမ်းကျွေးရန် ကိစ္စကို ဦးဗျူရိုကြီးက စီမံပေးမှုကြောင့် လက်အောက် ငယ်သားများနှင့် ပွဲစား ကုန်သည်များ လာပို့ကြသော ဆန်အိတ်၊ ဆီပုံးများသည် အိမ်တွင် ရှိသော စတိုးခန်းထဲတွင်ပင် မဆန့်တော့၍ ကား ဂိုဒေါင် နောက်ဘက်တွင်ပင် စတိုးခန်း အသစ်ဆောက်ပြီး သိုလှောင်ထားရပေ၏။

ဝန်ကြီး အိမ်တွင် ဆွမ်းကျွေးမည်ဟု တကြိမ် စီမံလိုက်တိုင်း ဝန်ကြီး လက်အောက်ရှိ ဌာနပေါင်းစုံမှ အရာရှိကြီးများနှင့် တိုင်းနှင့်ပြည်နယ် ဦးစီးမှူးများထံမှ လာပို့ကြသော လှူဖွယ်ပစ္စည်းသည် သိုလှောင်စရာပင် နေရာမရှိတော့၍ လာသမျှ ဆွေမျိုးများအား ဝေခြမ်းပေးရသည့် ကုသိုလ်သည်လည်း ကြီးမားလှပေ၏။

ဝန်ကြီးကတော်တို့ ဘဝ စိုပြည်သာယာ ဝဖြိုးလေ၊ လုပ်သားပြည်သူများ၏ ဘဝ ငတ်ပြတ်ဆင်းရဲလေ ဖြစ်လာပြီး အမိမြန်မာ နိုင်ငံတော်ကြီးသည်လည်း ဝန်ကြီးကတော်တို့ ခေတ်တွင် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံ အဖြစ်သို့ လျှောဆင်း သွားလေ၏။

ဝန်ကြီးကတော် ဒေါ်စိန်စိန်တို့ ရွှေဘုံရွှေနန်းဖြင့် စံမြန်းခဲ့ကြသော ပဒုမ္မာ ရွှေကြာပင် မဆလ ခေတ်သည် ပျောက်ကွယ် သွားခဲ့ပြန်၏။

စစ်အာဏာရှင် လက်သစ် နဝတ ခေတ်တွင် ခြွေရံသင်းပင်း မရှိကြတော့သော ဝန်ကြီးကတော်ဟောင်း စီနီယာ ဒေါ်နွဲ့နွဲ့ နှင့် ဂျူနီယာ ဒေါ်စိန်စိန် တို့သည် နာမည်ကြီး အသုဘ အိမ်တအိမ်၏ ဧည့်ခံမဏ္ဍပ် ထောင့်စွန်း တနေရာရှိ စားပွဲငယ် တခုတွင် နှစ်ယောက်သား ဆုံမိခဲ့ကြပြန်၏။

ဒေါ်နွဲ့နွဲ့က ဒေါ်စိန်စိန်အား “ညီမရေ ဟိုမှာ နဝတ ဝန်ကြီးကတော် တဦးနဲ့ ဦးဗျူရိုကြီးတို့ လာနေကြတယ်” ဟု မျက်စ ပစ်ပြလေ၏။

“ဦးဗျူရိုကြီး တယောက် အခုအထိ သန်တုန်းမြန်တုန်းပါပဲ၊ ဝန်ကြီး တဦးရဲ့ အကြံပေးပုဂ္ဂိုလ် ဖြစ်နေတယ် ဆိုပဲ။ အခုတော့ မမတို့ကို နှုတ်ဆက်ဖော်တောင် မရတော့ပါဘူး” ဟု ဒေါ်နွဲ့နွဲ့က အားငယ်ငယ်ဖြင့် ပြောနေရှာ၏။

ဦးဗျူရိုကြီး အနေဖြင့် သူမတို့အပေါ် ယခင် ရာထူး ရှိစဉ်က ဂရုစိုက်ပုံနှင့် အခွင့်ထူး ခံစားတတ်အောင် နည်းပေးလမ်းပြ ပေးပုံများကို စားမြုံ့ပြန်ကြရင်း…

“ညီမကို ဦးဗျူရိုကြီးက ရည်းစားစကားများ ပြောဖူးသေးလားကွယ်” ဟု စီနီယာ ဝန်ကြီးကတော်ဟောင်း ဒေါ်နွဲ့နွဲ့က ကောက်ကာ ငင်ကာ မေးမြန်းလိုက်လေ၏။

“မမ အမေးကို မမပဲ အရင်ဖြေပါ။ မမက လွတ်လပ်တဲ့ မုဆိုးမကြီး ဖြစ်နေပြီပဲ” ဟု ဂျူနီယာ ဒေါ်စိန်စိန်က ပြန်မေးလိုက် ပြန်၏။

“မမကတော့ တသက်လုံး လိမ်ညာ လှည့်ဖျားလာရတာ ငါ့ညီမကိုတော့ မလိမ်ချင်တော့ပါဘူးကွယ်။ ဝန်ကြီးက အလုပ်တွေက အလွန်များ၊ သွားစရာ လာစရာ လမ်းတွေက အလွန်ပေါ။ ခရီးယာယီကလည်း အလွန်များတော့ အိမ် ကပ်တယ်ကို မရှိပါဘူးကွယ်။ ဒီတော့ တိုတို ပြောရရင် ရည်းစားစကား ပြောခံရတဲ့ ဘူတာက ဟိုဘက်တောင် ကျော်သွား ကြသေးတယ်” ဟု ဒေါ်နွဲ့နွဲ့က ဆွေးမြေ့ဖွယ်ရာ ဖြစ်သော အတိတ်က “ဝန်ကြီးကတော် ပုံပြင်” ကို ဖွဲ့နွဲ့နေပြန်လေ၏။

ဂျူနီယာ ဝန်ကြီးကတော်ဟောင်း ဒေါ်စိန်စိန်တွင် ကာမပိုင် လင်ယောကျ်ား ရှိနေသေး၍ စီနီယာကြီး ကဲ့သို့ ရင်ထဲတွင် ပေါ့သွားအောင် မဖွင့်ဟနိုင်သေးဘဲ ဆို့နင့် တင်းကျပ်သော ဝေဒနာကို ခံစားနေရပြီး မျက်နှာပေါ်တွင်လည်း ရွာတော့မည့် မိုးကောင်းကင်ပြင်ကြီး ကဲ့သို့ မည်းမှောင်လာသော အရိပ်လက္ခဏာများ ပေါ်ပေါက်လာခြင်းသည် ဝန်ကြီးကတော် ဟောင်းများ၏ ဘဝပုံတူ အကျိုးပေးခြင်းနှင့် နဝတ ဝန်ကြီးကတော် လက်သစ်ကလေး ဒေါ်တင်မေညွန့် အားလည်း သူမ ကိုယ်တိုင်ပင် အရာရှိဆိုး ဦးဗျူရိုနှင့် ဆက်သွယ် ပေးခဲ့မှုကြောင့်ပင် ဖြစ်လေသတည်း။ ။

Voice of Burma, Issue No.19, February 18, 1996.

(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
သမိုင်းတွင် နွံနစ်သွားသော ဗိုလ်ချုပ်ကြီးများ https://burma.irrawaddy.com/article/2026/02/21/411202.html Sat, 21 Feb 2026 01:00:47 +0000 https://burma.irrawaddy.com/?p=411202 အမြင်မှား၊ အတွေးမှား၊ အလုပ်မှား နေကြသော နဝတ စစ်ဗိုလ်များသည်လည်း ဗိုလ်ချုပ်ကြီး စန်းယု ကဲ့သို့ သမိုင်းတွင် နွံနစ်ကြလိမ့်မည်ပင်…]]>

ဗိုလ်ချုပ်ကြီး စန်းယု (လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်၊ နိုင်ငံ ဂုဏ်ရည် ပထမဆင့်၊ နိုင်ငံတော် ကောင်စီ ဥက္ကဌ၊ နိုင်ငံတော် သမ္မတကြီး၊ ကာကွယ်ရေး ဦးစီးချုပ်) ၏ နာရေး ကြော်ငြာကို ၂၉၊ ၁၊ ၁၉၉၆ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖတ်ရှုရ၍ အသုဘ သတင်း (Obituary) များ ပါလေမလားဟု သတင်းစာ တစောင်လုံးကို ဖင်ပြန် ခေါင်းပြန် ရှာကြည့်မိ ပါသည်။

၃၊ ၂၊ ၁၉၉၆ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ကွယ်လွန်သူ စာရေးဆရာ သိပ္ပံဦးစိုးလှ ၏ ကိုယ်ရေး အကျဉ်းကိုသာ ဓာတ်ပုံ နှင့် တကွ ဖတ်ရှုရပါသည်။

ကဗျာဆရာနှင့် စာရေးဆရာများ၏ အသုဘ သတင်းကို နဝတ များအနေဖြင့် တခမ်းတနား ဖော်ပြလေ့ရှိပြီး နိုင်ငံတော် အကြီးအကဲဟောင်း တဦး၏ သတင်းကို မဖော်ပြခြင်းကြောင့် စစ်မှုထမ်းဟောင်းများ၊ မဆလ ဟောင်းများနှင့် ကျန်ရစ်သူ ဆွေမျိုးသားချင်းများက နဝတ ဗိုလ်ချုပ်များအား “ကျေးဇူးကန်းလေခြင်း” ဟု မချင့်မရဲ ကျိန်ဆဲ နေကြပေလိမ့်မည်။

တပ်မတော် သမိုင်းနှင့် မြန်မာ့ နိုင်ငံရေး သမိုင်းတွင် အထက်ဖော်ပြပါ ဘွဲထူး ဂုဏ်ထူးနှင့် ရာထူးကို ရရှိဖူးသူ ဆို၍ ဗိုလ်စန်းယု နှင့် ဗိုလ်နေဝင်း နှစ်ဦးတည်းသာ ရှိခဲ့ပါသည်။

ကျန်နိုင်ငံတော် အကြီးအကဲများ ဖြစ်သည့် ကွယ်လွန်သူ ဒေါက်တာ မောင်မောင်နှင့် လူမသေခင်ကပင် နာမည် သေနေကြသော ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်နှင့် ဗိုလ်ချုပ်မှူးကြီး စောမောင် တို့ပင်လျှင် နိုင်ငံတော် အကြီးအကဲ တရက် တမွန်းတည့် ဖြစ်ခဲ့ဖူးကြသော်လည်း ဗိုလ်စန်းယု ရရှိခဲ့သော ဘွဲထူး၊ ဂုဏ်ထူးနှင့် ရာထူးမျိုးကို မရရှိခဲ့ကြပါပေ။

ယခုလက်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည်လည်း ဗိုလ်စန်းယု ရရှိခဲ့သော ဘွဲ့ထူး၊ ဂုဏ်ထူးနှင့် ရာထူးမျိုးကို ရရှိရန် အလွန်တရာမှ အလှမ်း ကွာဝေးသည့် အပြင် ဗိုလ်စန်းယုနှင့် ဗိုလ်နေဝင်း ကဲ့သို့ မဲပုံး အဖြူတပုံးနှင့် အမည်း တပုံး ထောင်ပြီး ပြိုင်ဖက်မရှိ အရွေးချယ်ခံရသည့် သမ္မတကြီး ဘဝမျိုးကို ရရှိရန်ပင် အလွန် ခဲယဉ်းလှပါသည်။

ဗိုလ်စန်းယု မကွယ်လွန်မီ ၃ ရက်စော၍ ကွယ်လွန်သွားရှာသော ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် သည်လည်း သမိုင်းတွင် နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး၊ ဒုတိယ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးနှင့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးများကို ရရှိခဲ့သည် ဖြစ်သော်လည်း နာရေး သတင်းမျှပင် ဖော်ပြခြင်း မခံရရှာဘဲ သာမန် အရပ်သား တဦးကဲ့သို့ နာရေး ကြော်ငြာ မျှသာ ထည့်ခွင့် ရရှိခဲ့ပြန်သည်။

ယခု လက်ရှိ နဝတ ဗိုလ်ချုပ်ကြီးများနှင့် ဝန်ကြီး အများစုတို့သည် ဗိုလ်စန်းယု နှင့် ဗိုလ် ကျော်ထင် တို့၏ ဖိနပ်တိုက်၊ အဝတ်အစား ခေါက်နှင့် တမင်းဘူး ဆေးကြောရသည့် ဘဝမျိုးမှ တဆင့် ရာထူး ရရှိလာကြသူများ ဖြစ်၍ အဆိုပါ ပုဂုလ် နှစ်ဦး၏ ကျေးဇူးတရား များသည် နဝတ များ၏ လည်ချောင်းထဲတွင်ပင် ရှိနေပါသေးသည်။

ဗိုလ်စန်းယု အနေဖြင့် ယခု လက်ရှိ နဝတ ဗိုလ်ချုပ်များ အတွက် အရပ်သူ အရပ်သားများ၏ မျက်ရည်ပေါက် ကြီးငယ် ကျစေသော လုပ်ရပ်ဖြင့် ဗိုလ်ချုပ်ရွာ တည်ထောင်ပေးခဲ့သည့် လက်တွေ့ သာဓက တခုကို တင်ပြပါမည်။

စာရေးသူသည် ဘန်ကောက်မြို့ မြန်မာ သံရုံးမှ တာဝန် ထမ်းဆောင်ပြီး၍ ၁၉၇၆ ခုနှစ်က ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ရုံးသို့ ပြန်လည် ရောက်ရှိချိန်တွင် ခင်မင် ရင်းနှီးသော တရုံးတည်းသားချင်း ဦးအေး ဆိုသူက အိမ်ဝယ်မည် ဆိုပါက ၎င်းနှင့် ၎င်း၏ ဆွေမျိုးသားချင်းများ နေထိုင်သော ဗဟန်းမြို့နယ် အင်းလျားမြိုင်နှင့် ချင်းချောင်း ပဲလေ့စ် (ယခု ကမ္ဘောဇ ရိပ်သာ) ကြားရှိ နေအိမ်တအိမ်ကို ရောင်းမည်ဟု ပြော၍ လိုက်ကြည့်မိပါသည်။

ဦးအေးနှင့် မိသားစု အပြင် တခြား ဥယျာဉ်ခြံမြေ စိုက်ပျိုး၍ အသက် မွေးကြသူများသည် ၎င်းရပ်ကွက်တွင် နေထိုင် လာခဲ့ကြသည်မှာ အင်္ဂလိပ် အစိုးရ ခေတ်ကပင် ဖြစ်ကြောင်း၊ ယူဘီအေ မှ လေယာဉ်မှူး တယောက်ကိုပင် ၎င်းတို့ အိမ်တဆောင် ရောင်းထားပြီး ဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုပြီး ရပ်ကွက်ထဲသို့ လျှောက်ပြသပါသည်။

ခြံနှင့် ဝင်းနှင့် အိမ်များ ဖြစ်နေ၍ စာရေးသူ အနေဖြင့်လည်း ဝယ်ယူရန် စိတ်ဝင်စားမိ၍ ဗဟန်းမြို့နယ် ပြည်သူ့ကောင်စီ တွင် အလုပ်အမှုဆောင် ဖြစ်နေသော မိတ်ဆွေ တဦးအား သွားရောက် တိုင်ပင်ကြည့်မိပါသည်။

“ကိုယ့်လူ သွားမဝယ်လေနဲ့၊ သမ္မတကြီး ဦးစန်းယု လုံခြုံရေး အတွက် ဆိုပြီး အဲဒီ ရပ်ကွက်က အရပ်သူ အရပ်သားတွေကို ဥက္ကလာပ ဘက်ကို ပြောင်းခိုင်းဖို့ စီစဉ်နေတယ်” ဟု ပြောပြ၍ စာရေးသူ အနေဖြင့် မဝယ်လိုတော့ကြောင်းကို ဦးအေး အား ပြန်ကြားခဲ့ပါသည်။

မကြာမီ အချိန်ကာလတွင်ပင် ဦးစန်းယု နေအိမ် အနောက်ဘက်ရှိ ရပ်ကွက်နေ ဦးအေးတို့ မိသားစုနှင့် ဥယျာဉ် ခြံမြေ လုပ်သား အိမ်ထောင်စုများသည် ဥက္ကလာပ ဘက်သို့ ပြောင်းရွှေ့ခံကြရပါသည်။

နောက်ဆက်တွဲ သိုးသိုးသန့်သန့် ကြားသိရသည်မှာ ဗဟန်းမြို့နယ် ကောင်စီမှ မယ်တက္ကသိုလ် တဦး နှင့် တိုင်းကောင်စီမှ ရုပ်ရှင် မင်းသမီး တဦး၏ ခင်ပွန်းတို့ အုပ်စု သမ္မတကြီး ဦးစန်းယု လုံခြုံရေး အတွက် ၎င်းတို့ ကောင်စီဝင်များ အိမ်ဆောက်ပြီး နေထိုင်ကြမည်ဟု အကွက်ရိုက်ကြကြောင်း-

နောက်များမကြာမီ သူခိုးလက်မှ သူဝှက် လုသွားပြန်ကြောင်း၊ အရပ်သား ကောင်စီဝင်များ နေထိုင်ရုံဖြင့် သမ္မတကြီး ဦးစန်းယု၏ လုံခြုံရေးကို စိတ်မချနိုင်သောကြောင့် မဆလ ဗိုလ်ချုပ်များက လုယူသွားခြင်းပင် ဖြစ်ပါသည်။

ထို့ပြင် ပျားဂေဟာနှင့် မြေယာမှုများကြောင့် မျက်မှန် ကိုယ်တော်ကြီး ထောက်လှမ်းရေး ဗိုလ်မှူးချုပ် တင်ဦး ထောင်ကျသွားပြန်၍ မဆလ ဗိုလ်ချုပ်များ အိမ်မဆောက်ရဲကြသေးဘဲ မြေကွက်လပ်ကြီးသာ ဖြစ်နေသေးကြောင်း များပင် ဖြစ်ပါသည်။

ယခု ဦးစန်းယု၏ ကောင်းမှုကြောင့် ကမ္ဘောဇ ရိပ်သာ နောက်ဘက်တွင် နဝတ တို့၏ မဆလ တို့၏ ဗိုလ်ချုပ်ရွာသည် မားမား မတ်မတ် ပေါ်ပေါက်လျက် ရှိနေပါသည်။

မြန်မာနိုင်ငံတွင် သမ္မတကြီးများ အတွက် အလုံလမ်းရှိ အိမ်တော်ဝင်းတွင် အသစ် ဆောက်လုပ်ပေးထားသော သမ္မတ အိမ်တော်တွင် ဦးစန်းယု အပါအဝင် စစ်ဗိုလ် သမ္မတ၊ နိုင်ငံ အကြီးအကဲများ မနေထိုင်ခြင်းသည် အဘယ့်ကြောင့် ဖြစ်ပါသနည်း။

ဦးစန်းယုသည် မိမိ ကိုယ်ပိုင်အိမ်တွင် သမ္မတကြီး ရာထူးဖြင့် နေထိုင်ခြင်းအားဖြင့် သမ္မတကြီး ရာထူး အတွက် သတ်မှတ် ထားသော အိမ်ထောင် ပရိဘောဂများကို အစိုးရ စရိတ်ဖြင့် အလကား ရရှိခြင်း၊ နေအိမ်ကိုလည်း အစိုးရ စရိတ်ဖြင့် ပြုပြင် ထိန်းသိမ်းနိုင်ခြင်း စသော “ရိုက်စားကွက်များ ရှိခြင်း” ကြောင့်ပင် ဖြစ်ပါသည်။

ထို့ပြင် သမ္မတကြီး၏ လုံခြုံရေးကို အကြောင်းပြပြီး ဆင်းရဲသူ ဆင်းရဲသားများ၏ မြေယာများကို မတရားသဖြင့် သိမ်းပိုက်ပြီး စစ်ဗိုလ် တပည့်များအား ခွဲဝေပေးနိုင်ခြင်း ကြောင့်ပင် ဖြစ်ပါသည်။

၁၉၈၂ ခုနှစ်ခန့်က သမ္မတကြီး ဦးစန်းယုအား မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး တဦးက ခန့်အပ်လွှာ ပေးအပ်၍ အပြီး သံတမန် ထုံးတမ်းအစဉ်အလာ အရ တရားဝင် စကားစမြည် ပြောဆိုကြရာတွင် နိုင်ငံခြားရေး ရုံးမှ စကားပြန် ဦးဝင်းမြ (ယခု နယူးယောက် မြို့ရှိ မြန်မာ သံအမတ်) ရေးမှတ်ထားသော ဆွေးနွေးချက် မှတ်တမ်း တစောင်ကို ဖတ်ရှုခဲ့ဖူး ပါသည်။

သမ္မတ ဦးစန်းယုက နိုင်ငံခြားရေးရာ ကိစ္စရပ်များကို လုံးဝ ပြောဆို ဖြေကြားခြင်း မရှိဘဲ ဗုဒ္ဓဘာသာ အကြောင်း၊ တရား ထိုင်သည့် အကြောင်း မျှသာ ပြောဆိုပြီး ၎င်းသည် သာမန် အရပ်သူ အရပ်သားများ နေထိုင်သည့် သာမန် ရပ်ကွက် တွင်သာ နေထိုင်ကြောင်း၊ ဂျပန် သံအမတ်ကြီးက ၎င်း၏ ဇနီး အနေဖြင့် သမ္မတကြီးကတော်အား တွေ့ဆုံ ဂါဝရ ပြုလိုကြောင်း တောင်းဆိုနေပြန်၍ ဦးစန်းယုက ၎င်း၏ ဇနီးသည်ဟာ သာမန် အရပ်သူ တဦးကဲ့သို့ အိမ်ထောင်မှု ကိစ္စများ အလွန် များပြား၍ တွေ့ဆုံရန် အချိန်မပေးနိုင်ကြောင်း မျှပင် ဖြစ်ပါသည်။

သာမန် အရပ်သားများ နေထိုင်သော ရပ်ကွက်တွင် နေထိုင်သည် ဆိုသော ဦးစန်းယုသည် စကားနောက် တရား ပါလေသလား၊ သာမန် အရပ်သား တဦး၏ အသုဘ နာရေးမျိုးဖြင့် ဘဝနိဂုံး ချုပ်သွားခဲ့ပြန်ပါသည်။

အဖေကြီး မဆလ သူခိုးသူဝှက်ကြီးမို့ တို့ နဝတ တွေလည်း ပညာမတတ်ဘဲ သူခိုးသူဝှက်တွေ ဖြစ်နေကြရတာပါပဲ ဟု အဖေကို စိတ်နာ၍ သားက ကိုယ့်မျိုးရိုး သမိုင်းကို ကိုယ်မှောင်ချသည်ဟု ဆိုပါက ပြည်သူ အပေါင်းက နဝတ အမှားကို မြင်လာပြီဟု သာဓု တကြိမ်မျှ ခေါ်ကြပါလိမ့်မည်။

မည်သို့ပင် ဆိုစေကာမူ အမြင်မှား၊ အတွေးမှား၊ အလုပ်မှား နေကြသော နဝတ စစ်ဗိုလ်များသည်လည်း ဗိုလ်ချုပ်ကြီး စန်းယု ကဲ့သို့ သမိုင်းတွင် နွံနစ်ကြလိမ့်မည်ပင် ဖြစ်ပေသတည်း။ ။

Voice of Burma, Issue No.23, March 1996.

(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
အရိုးကနည်းပြီး ခွေးက များနေသောကြောင့် https://burma.irrawaddy.com/article/2026/01/31/410486.html Sat, 31 Jan 2026 01:00:59 +0000 https://burma.irrawaddy.com/?p=410486 တပ်မတော်တွင် အရှင်မွေးမှသာ နေ့ချင်းညချင်း ကြီးပြင်းနိုင်ပြီး အရှင်သခင် မရှိသော “တို့အထဲကလူ” မဟုတ်သော စစ်ဗိုလ်များမှာ…]]>

၁၉၈၆ ခုနှစ် ဧပြီလ အတွင်းတွင် စစ်အာဏာရှင် ဗိုလ်နေဝင်း တယောက် လန်ဒန်မြို့သို့ အပန်းလည်းဖြေ၊ ဆေးဝါးလည်း ကုသခံရန် အတွက် အခြွေအရံ ၄၄ ဦးနှင့် အတူ ရောက်ရှိလာသည်။

ချက်လက်မှတ်ဖြင့် ငွေသုံးစွဲခြင်း မရှိသော ဗိုလ်နေဝင်းသည် သံသေတ္တာတွင် ဒေါ်လာငွေ အပြည့်ထည့်ကာ ယူလာသည်။

ဗိုလ်နေဝင်း၏ စအိုဝ အနာကို ခွဲစိတ် ကုသရန် ၁၀ ကြိမ်မြောက်နှင့် နောက်ဆုံးအကြိမ် ဗြိတိန်နိုင်ငံသို့ လာရောက်သော ခရီးပင် ဖြစ်သည်။

မြန်မာနိုင်ငံသို့ မပြန်မီ ၎င်းကို ပြုစုခဲ့သည့် မြန်မာ သံရုံး ဝန်ထမ်းများကို ဗိုလ်နေဝင်းက ဧည့်ခံ ကျွေးမွေးပွဲ ပြုလုပ်ခဲ့သည်။ သံရုံးဝန်ထမ်းများနှင့် ဇနီးများကို စစ်သံမှူး နေအိမ်သို့ ဖိတ်ကြားခဲ့လေသည်။

ညနေ ၆ နာရီခန့်၌ ဗိုလ်နေဝင်း ရောက်ရှိလာရာ ဧည့်ခံပွဲ တက်ရောက်လာသူ အားလုံး အပေါက် တံခါးဝ၌ တန်းစီ ဆီးကြို ကြရသည်။

သူက အားလုံးကို တဦးချင်း လက်ဆွဲ နှုတ်ဆက်လျက် “ဘယ်သူ ကျန်သေးလဲ၊ နောက်က လူတွေ နှုတ်မဆက်လိုက်ရ မဖြစ်စေနဲ့၊ လာကြ၊ ရှေ့ကို လာကြ” စသည်ဖြင့် ပျူပျူငှာငှာ ပြောဆိုပြီး၊ အချို့ဝန်ထမ်း ဇနီးများကိုပင်-

“အဆိုတော် တင်တင်မြကြီး ဒီရောက်နေပါ ပကောလား” ဟု နောက်ပြောင် ကျီစယ်၍ အရောတဝင် ပြောဆို နှုတ်ဆက် နေချေသေးသည်။

“တယ်တော်တဲ့ ခေါင်းဆောင်ကြီးပါလား၊ အလွန် ဖော်ရွေတာပဲ” ဟု စာရေးသူ၏ စိတ်အတွင်းမှ ချီးမွမ်းရန် ကြံစည်စဉ်မှာပင်-

“တို့အထဲကလူ ဘယ်သူ ရှိလဲဟေ့” ဟု မေးမြန်းသံကြောင့် တွန့်သွားခဲ့ရသည်။

သံရုံး ဝန်ထမ်းများထဲမှ ဗိုလ်ကြီးဟောင်း တဦးက ရှေ့ထွက်လာပြီး-

“ကျနော် ရှိပါတယ်၊ ဘယ်တပ်ရင်းက ဘယ်သူဘယ်ဝါပါ” ဟု ပြန်ပြောလိုက်သော အခါ-

“အေး၊ အေး၊ ကောင်းတယ်၊ ကောင်းတယ်” ဟု ခေါင်းတညိတ်ညိတ် နှင့် ဧည့်ခန်းထဲသို့ ဝင်သွားခဲ့လေသည်။

သံတမန် ဝန်ထမ်းချင်း အတူတူ၊ အစိုးရ လူများဟု မိမိကိုယ်မိမိ ထင်မှတ် ယုံကြည်နေကြသော စာရေးသူတို့ တတွေ၏ စိတ်ထဲ၌ လူပုံအလယ်တွင် စစ်တပ်က လူမှ သူ့လူ “တို့အထဲကလူ” ဟု အသိအမှတ် ပြုသော ဗိုလ်နေဝင်း၏ ပင်ရင်း စိတ်ထားကြောင့် အတော် ကသိကအောက် ဖြစ်သွားခဲ့ကြသည်။

ထို့ပြင် ဗိုလ်စောမောင်တို့ အာဏာသိမ်းပြီး ဝန်ထမ်းများအား ကတိ ခံဝန်ချက် အကြိမ်ကြိမ် လက်မှတ် ထိုးခိုင်းစဉ်ကလည်း အရပ်နှင့် တပ် ကို သွေးခွဲသူများအား လုံးဝ သတိပေးခြင်း မရှိဘဲ အလုပ်မှ အပြီးအပိုင် ထုတ်ပယ်မည် ဟူသော အရူးက တမူးသာသည့် စာပိုဒ် ပါရှိနေပြန်သည်။

အမှန်မှာ စစ်အာဏာရှင် တို့သည် စစ်တပ်နှင့် ပြည်သူကို တသားတည်း ဖြစ်စေလို့သည့် စေတနာ ရှိသည်မဟုတ်။

လက်ရှိ အခြေအနေ ဖြစ်သော အုပ်ချုပ်သူ လူတန်းစား စစ်ဗိုလ် စစ်သား များကို အအုပ်ချုပ်ခံ ပြည်သူတို့က ပုန်ကန် တော်လှန်ခြင်း မရှိစေရန် အခြေအနေမှန်ကို မသိစေလိုခြင်းသာ ဖြစ်သည်။

ထို့ကြောင့် နဝတ ၌ ပါဝင်သော အရပ်သား ဝန်ကြီး ဒေါက်တာ ဖေသိန်း ကို ဗိုလ်မှူးကြီး ရာထူးပေးကာ ရက်ရက်ရောရော ခန့်အပ်ခြင်းဖြင့် အုပ်ချုပ်သူ လူတန်းစားသည် စစ်တပ်မှသာ ဖြစ်ရမည် ဆိုသည့် ဗိုလ်နေဝင်း၏ မူကို ပြောင်ပြောင် တင်းတင်း အကောင်အထည် ဖော်ပြလိုက်သည်။

အထက်ဖော်ပြပါ “ကျနော် ဘယ်တပ်ရင်းကပါ” ဟု ဗိုလ်နေဝင်းအား အစီရင်ခံခဲ့သည့် ဗိုလ်ကြီးဟောင်းနှင့် ဇနီး တို့တွင် သံအမတ် ဖြစ်ချင်သော ရောဂါ အလွန်ရင့်ကျက်လျက် ရှိ၏။

တစည ခေါင်းဆောင် ဖြစ်သည့် ဦးသာကျော် လန်ဒန်တွင် ဆေးကုသရန် လာရောက်စဉ်ကလည်း-

“ဝန်ကြီး ဦးကျော်စိုး ရဲ့ ကိုယ်ရေး အရာရှိ ဗိုလ်ကြီး သန်းထွန်းတောင် သံအမတ် ဖြစ်နေပြီကွ။ မောင်ရင်က ဘာကြောင့် သံအမတ် မဖြစ်သေးတာလဲ” ဟု ကလိခဲ့သဖြင့် သူ့ခမျာ ပိုမခံသာ သံအမတ် ရောဂါပိုး ကြွလာခဲ့ရသည်။

ပညာနှင့် စစ်သက်အရ ဆိုပါမူ အဆိုပါ ဗိုလ်ကြီးဟောင်းသည်လည်း သံအမတ် ဖြစ်သင့်သူ တဦးပင် ဖြစ်သည်။

ဗိုလ်ကြီး ခင်ညွန့် ယခု ဗိုလ်ချုပ်သည် တိုင်းမှူး ဗိုလ်မှူးချုပ် တင့်ဆွေ၏ ကိုယ်ရေး အရာရှိ လုပ်နေစဉ်က ယင်းဗိုလ်ကြီးသည် တိုင်းမှူး ဗိုလ်မှူးကြီး လှဖုန်း၏ ကိုယ်ရေး အရာရှိ ဖြစ်သည်။

ထို့ကြောင့် ကိုယ်ရေးအရာရှိ အချင်းချင်း တွေ့ထိ ရင်းနှီးမှု ရှိခဲ့ကြသည်။

ဗိုလ်ခင်ညွန့်တို့ အာဏာ သိမ်းသောအခါ “တို့လည်း ကောင်းစားတော့မည်” ဟု သေချာပေါက် တွက်ချက်လျက် ရန်ကုန် ရုံးချုပ်သို့ ပြန်လည် ပြောင်းရွှေ့ သွားခဲ့သည်။

သို့သော်လည်း ဗိုလ်ခင်ညွန့် တို့က စစ်ထောက်လှမ်းရေးမှ နိုင်ငံခြားရေး ဌာနတွင် မြှုပ်နှံထားသော ဗိုလ်မှူး အောင်ကြီးနှင့် ဗိုလ်မှူး စောထွန်း တို့ကိုသာ သံအမတ် ခန့်အပ်လိုက်သည်။

အဆိုပါ ဗိုလ်ကြီးဟောင်းသည် အရပ်သားများနှင့် ယှဉ်လိုက်သော အခါ ဗိုလ်နေဝင်း မူအရ “တို့အထဲကလူ” စာရင်းတွင် ခေါင်းတလုံး သာခဲ့သူ ဖြစ်ပြီး၊ တပ်သားချင်း ယှဉ်သည့် အခါ၌ကား “တို့အထဲကလူ” စာရင်းဝင် မဟုတ် ဖြစ်ရပြန်သည်။

တပ်မတော်တွင် အရှင်မွေးမှသာ နေ့ချင်းညချင်း ကြီးပြင်းနိုင်ပြီး အရှင်သခင် မရှိသော “တို့အထဲကလူ” မဟုတ်သော စစ်ဗိုလ်များမှာ မျောက်လောင်း ဘဝနှင့်ပင် ဘဝကို အဆုံးသတ်ကြရသည်။

ဗိုလ်နေဝင်းသည် စစ်တပ်ထဲ၌ “တို့အထဲကလူ” မကျန်သလောက် ဖြစ်နေရှာသည်။

ဗိုလ်ချုပ် ခင်ညွန့်သည် စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသော အချိန်တွင်မှသာ ဗိုလ်နေဝင်း၏ ပြည်တွင်း၊ ပြည်ပ ခရီးတွင် အနီးကပ် သက်တော်စောင့် အဖြစ် လိုက်ပါခွင့် ရရှိခဲ့သည်။

ဗိုလ်နေဝင်း၊ သမီး စန္ဒာဝင်း တို့နှင့် မေးတခွန်း ခေါ်တခွန်း ပြောဆို နီးစပ်မှု ရှိကြပြီး “တို့အထဲကလူ” စာရင်းဝင် လူသစ် တဦး ဖြစ်လာခဲ့သည်။

ဗိုလ်ခင်ညွန့်အား သက်တော်စောင့် ရာထူး၊ အလွန်ဆုံး အသက် ထောက်လာလျှင် သံအမတ် ရာထူး မျှလောက်သာ ပေးရန် မဆလ ပါတီတွင် ရည်ရွယ်ချက် ရှိခဲ့သည်။

ဗိုလ်ချုပ် စောမောင်သည် ၁၉၈၆ ခုနှစ် ဧပြီလ အတွင်းတွင် အထက်ဖော်ပြပါ ဗိုလ်နေဝင်းနှင့် အဖွဲ့ လန်ဒန်၌ ရှိနေစဉ်က ပါရီမြို့ မြန်မာသံရုံးမှ အရာရှိတဦးနှင့်အတူ အင်္ဂလန်သို့ စစ်လေယာဉ်ဟောင်း တစီး ဝယ်ရန်အတွက် ရောက်ရှိလာခဲ့သည်။

ဗိုလ်နေဝင်းသည် ဆေးရုံမှ ဆင်းခါစ သံရုံးပိုင်သည့် ဧည့်ဂေဟာတွင် ရှိနေသော်လည်း ထိုစဉ်က ကာကွယ်ရေး ဒုတိယ ဝန်ကြီး နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ရာထူးနေရာများ ရနေသော ဗိုလ်ချုပ် စောမောင်သည် “တို့အထဲကလူ” စာရင်းဝင် မဟုတ်၍ သာကြောင်း မာကြောင်း သတင်းမေးရန်မျှပင် လာရောက်ခွင့် မရှိဘဲ လန်ဒန်မြို့ ဟိသ်ရိုး လေဆိပ်မှ နယ်သို့ တိုက်ရိုက် ဆင်းသွားကြောင်းနှင့် နယ်မှ တိုက်ရိုက် ပြန်သွားပြီ ဖြစ်ကြောင်း မျှကို လျှို့ဝှက်စွာ ကြားသိခဲ့ရသည်။

ဗိုလ်စောမောင်အား အထက်ဖော်ပြပါ ရာထူးများ ခန့်အပ်စဉ်ကလည်း ဗိုလ်နေဝင်းက-

“မင်းတို့ အကောင် ဖြစ်မှ ဖြစ်ပါ့မလား ကွ၊ ဇွန်းခရင်းကိုမှ မကိုင်တတ်တဲ့ အကောင်၊ နည်းနည်းပါးပါး လူရေလည်အောင် နိုင်ငံခြား သံရုံး ပါတီလေး ဘာလေး ပေးတက်ပါဦးကွာ” ဟု မှတ်ချက်ချ ပြောဆိုခဲ့သည် ဟု အတွင်း လူယုံတော်ကြီးများ၏ ပြောစကားကို ကြားခဲ့ရသည်။

ဗိုလ်ချုပ် စောမောင်သည် လုပ်သက်အရ အဆင့်အတန်း ဒု ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာသော်လည်း ဗိုလ်နေဝင်း တို့၏ ငယ်မွေး ခြံပေါက် မဟုတ်ချေ။

ဗိုလ်နေဝင်း အနေဖြင့်လည်း ၎င်း၏ အသက်အရွယ် အရ စစ်တပ်ထဲတွင် ၎င်း မျက်မှန်းတမ်းမိသော တပည့်တပန်းများ မရှိတော့၍ ၎င်း၏ တပည့် ဗိုလ်ချုပ်ကြီး ကျော်ထင်ကို ၎င်းတို့အတွက် ယုံကြည် စိတ်ချရမည့် “တို့အထဲကလူကို ကာကွယ်ရေး ဦးစီးချုပ် ရာထူး အတွက် ရှာဖွေ မွေးထားပါ” ဟု တာဝန် ပေးထားခဲ့သည်။

ဗိုလ်နေဝင်းနှင့် ဗိုလ်ချုပ်ကြီး ကျော်ထင်တို့ အနေနှင့် ပေါင်းတည်၊ ပေါက်ခေါင်း စသည့် ပြည်ခရိုင်မှ စစ်တပ် အတွင်းရှိ ရပ်ဆွေရပ်မျိုးများကိုသာ အထူး လိုလားသည်။

သို့အတွက် ဗိုလ်နေဝင်းနှင့် ဆွေရိပ်မျိုးရိပ် မကင်းသူ ဗိုလ်မှူးကြီး ဖုန်းမြင့် ယခု ပြည်ထဲရေး ဝန်ကြီး တို့ကို စစ်ရေးချုပ်၊ စစ်ထောက်ချုပ် စသည့် ရာထူးများအထိ မြှင့်တင် ပေးထားပြီး ဖြစ်သည်။

တနေ့တွင် ဗိုလ်ချုပ်ကြီး ကျော်ထင်က သမ္မတကြီး၊ ၎င်းတို့ ပြည်ခရိုင်သား တဦးဦးက ကာကွယ်ရေး ဝန်ကြီးနှင့် စစ်ဦးချုပ် အဖြစ် ခန့်ထားနိုင်ရန် အကွက်ချ လျာထားပြီး ဖြစ်သည်။

သို့သော်လည်း ၎င်းတို့ ရည်မှန်းထားချက်များ အကွက်မဝင်မှ မဆလ ပါတီ စနစ်ကြီး မမျှော်လင့်ဘဲ မိုးပြိုသလို ပြိုဆင်း သွားခြင်းကြောင့် လက်ရှိ ထိပ်ပိုင်းမှ လူများနှင့်ပင် အာဏာ သိမ်းလိုက်ရ၏။

ဗိုလ်စောမောင် နှင့် ဗိုလ်ခင်ညွန့် တို့မှာ မရွယ်ဘဲနှင့် စော်ကဲမင်း ဖြစ်လာကြသည်။

မန္တလေးသား ဗိုလ်စောမောင်နှင့် ကျောက်တန်းသား ဗိုလ်ခင်ညွန့် တို့သည် ဗိုလ်နေဝင်း လျာထားခဲ့သော “တို့အထဲကလူ” စာရင်းဝင် မဟုတ်သည်မှာ သေချာလှပေသည်။

ထို့ကြောင့်ပင် ဗိုလ်နေဝင်းသည် မည်သူ့ကိုမှ မယုံကြည်ဘဲ ခြောက်လုံးပြူး သေနတ်ကို ခါးတွင် အမြဲချိတ်ထားသည်။

၎င်း နေထိုင်ခဲ့သော AD လမ်းရှိ ကာကွယ်ရေး ဦးစီးချုပ်အတွက် ဆောက်လုပ်ထားသည့် အိမ်တွင် ၎င်း၏ ကိုယ်ရံတော် တပ်ရင်းမှ တပ်ရင်းမှူးကြီးအား နေရာ ချထားပေးပြီး ယင်းအိမ် အနီးရှိ သမီးများ အမည်ဖြင့် ဆောက်လုပ်ထားသော သူ့ကိုယ်ပိုင် နေအိမ်တွင် “တို့အထဲကလူ” များနှင့် ခံတပ်ပြုလုပ် နေထိုင်လျက် ရှိသည်။

ဗိုလ်ခင်ညွန့် အနေဖြင့်လည်း ထောက်လှမ်းရေးများမှ အစ သူပုန်များပါ မကျန် “တို့အထဲကလူ” များကို လက်သပ် မွေးလျက် ရှိသည်။

ဗိုလ်စောမောင် ကလည်း ခြေလျင် တပ်သားများကို “တို့အထဲကလူ” များ ဖြစ်လာစေရန် စုဆောင်း သိမ်းသွင်းလျက် ရှိ၏။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောခဲ့သကဲ့သို့ ၎င်းတို့တွင် အရိုးက နည်းပြီး ခွေးက များနေသောကြောင့် မည်သည့်နေ့၊ မည်သည့် အချိန်၌ “တို့အထဲကလူ” အချင်းချင်း ကိုက်ကြမည်ကိုသာ စောင့်ကြည့်ကြပါစို့။ ။

The Burma Review, May, 1991.
(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>