ဟံသာဝတီ ဦးဝင်းတင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/hantharuwt Covering Burma and Southeast Asia Fri, 18 Sep 2026 09:26:09 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဟံသာဝတီ ဦးဝင်းတင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/hantharuwt 32 32 အစာမကြေဘူး ကမ္ဘာမကြေဘူး https://burma.irrawaddy.com/article/2026/09/19/416361.html Sat, 19 Sep 2026 01:30:29 +0000 https://burma.irrawaddy.com/?p=416361 ထောင်ထဲက စစ်ထောက်လှမ်းရေးတွေရဲ့ စစ်မေး ညှင်းပန်း နှိပ်စက်မှုတွေဟာ တိရစာ္ဆန်ထက်တောင် ပိုမိုရက်စက် ကြမ်းကြုတ်တယ်။ ဒါကြောင့် တိရစာ္ဆန် မဆန်စွာလို့ ကျနော် ဝိဂြိုဟ် ပြုတာ…]]>

၁၉၈၉ ဇူလိုင် ၄ မှာ ကျနော် အင်းစိန်ထောင်ထဲ ရောက်လာတယ်။ တိုက်ဝင်းထဲက ကြိုးတိုက်လို့ ခေါ်တဲ့ တိုက်-နှစ် ကို ရောက်တော့ မှောင်စပျိုးပြီ။

ရှစ်လေးလုံး အရေးတော်ပုံ အကြောင်း၊ ဒီချုပ် အကြောင်း၊ နိုင်ငံရေး အခြေအနေတွေ အကြောင်း၊ ထောင်အကြောင်း၊ ပုဂ္ဂိုလ်ရေး ခံစားချက်တွေ အကြောင်း ရောက်တတ်ရာရာ အတွေးနယ်ချဲ့နေမိတယ်။

သံချောင်း ခေါက်သံတွေ ကြားရတယ်။ ဒေါင်ဒေါင်ဒေါင် ဒေါင်။ သုံးချက် တတွဲ။ လုံးချင်း တချက်။ နောင်မှ သိရတာက ဒါထောင်ပိတ်တာတဲ့။

“ဂျိုင်း”

ထောင်ပိတ်ပြီ။ သိပ်မကြာလိုက်ဘူး။ ကျနော်နေတဲ့ အခန်း-၅၄ သံတံခါးကို လာဖွင့်တယ်။ ထောင်ဝန်ထမ်းတွေ ကျနော့်ကို လာခေါ်တယ်။ ကျနော် ဆူပူကန့်ကွက် အော်ဟစ်ငြင်းဆန်တယ်။ မရပါဘူး။ ကျနော် ပါသွားတယ်။

လူ့ငရဲ နဲ့ ကျနော် နဖူးတွေ့ဒူးတွေ့ တွေ့ပါပြီ။

လူ့ငရဲ ရဲ့အဝီစိကို ကျနော် ရောက်သွားတယ်။

စစ်ထောက်လှမ်းရေးတွေ အခြေစိုက် စခန်းဖွင့်ထားတဲ့ အထူးဆောင်ထဲက စစ်ကြောရေး ဌာန ဖြစ်ပါတယ်။

စစ်ကြောရေးက ထောင်ဗဟို (Main Jail) နဲ့ ခြေလှမ်း သုံးဆယ်လောက်ပဲ ကွာတဲ့နေရာမှာ ရှိတယ်။ တထပ်တိုက်ကလေး၊ အခန်းလေးခန်းရှိတယ်။ သုံးခန်းကို စစ်ကြောရေးအတွက် သုံးတယ်။ တခန်းမှာ တာဝန်ခံအရာရှိ အိပ်တယ်။

အငယ်စား ထောက်လှမ်းရေးတွေကတော့ စစ်ကြောရေးတွေ လက်မလည်အောင် လုပ်နေရတယ်။ အိပ်မှ အိပ်ရဲ့လား မသိ။ အိပ်ရရင်လည်း ဘယ်မှာ အိပ်မှန်း မသိ။

စစ်ကြောရေး တိုက်ကလေးက တောင်ဘက်အရပ်ကို မျက်နှာမူထားတယ်။ လူနေအိမ်တွေ၊ တိုက်ခန်းတွေကို သွားတဲ့ လမ်းမြှောင်ကလေး ခြားတဲ့ အနောက်ဘက် မြေကွက်မှာ စေတီ တဆူရှိတယ်။

စေတီကလေးနဲ့ ယှဉ်ပြီး စစ်ကြောရေးရုံး တခုရှိတယ်။ (နောင်မှာ အကျဉ်းခန်း သုံးခန်းပါတဲ့ တိုက်ကလေး ဆောက်တယ်။ တိုက်-တစ် လို့ ခေါ်တယ်။)

စစ်ကြောရေးအကြောင်း ကျနော် ထွေထွေထူးထူး ပြောစရာမရှိပါ။ စစ်ထောက်လှမ်းရေးက သူတို့ သိချင်သမျှတွေကို စစ်တယ်။ မေးတယ်။ အဖြေမပေး၊ အမှန်မဖြေ၊ အညံ့မခံ၊ ဦးမကျိုး၊ ခေါင်းမညွှတ်၊ ဒူးမထောက်၊ လက်မမြှောက်လို့ ထင်ရင် သူတို့လုပ်တာ တမျိုးပဲ ရှိတယ်။ ညှဉ်းပန်း နှိပ်စက်ခြင်းပေါ့။ ဘယ်လို ညှဉ်းပန်းနှိပ်စက်သလဲ။ လူမဆန်စွာလို့ ဝိသေသ ပြုနိုင်တယ်။

ထောင်ထဲက စစ်ကြောရေးမှာ စစ်မေး ညှဉ်းပန်းနှိပ်စက်တာတွေကတော့ လူမဆန်စွာထက် အတော်ကြီးပိုတယ်။ တိရစာ္ဆန် မဆန်စွာလို့ ကျနော် ဝိသေသပြုချင်တယ်။

ကျားလို တိရစာ္ဆန်က တခြား တိရစာ္ဆန်ကို ကိုက်သတ်တယ်။ သူ့ဝမ်းတထွာ အတွက် သတ်တာ။ ဒါသဘာဝဓမ္မပဲ။ ဒီလောက်ပဲ။

တိရစာ္ဆန်ချင်း ညှင်းပန်းတာ မဟုတ်။ နှိပ်စက်တာ မဟုတ်။ စစ်ဆေးဖို့၊ မေးမြန်းဖို့ ကိစ္စလောက် အတွက်နဲ့ ညှင်းပန်းတာမျိုး၊ နှိပ်စက်တာမျိုး ဆိုတာ ဘာမှမလုပ်ဘူး။

တိရစာ္ဆန် တွေ ရန်ဖြစ်ချင် ဖြစ်မယ်။ ကြီးတဲ့ကောင်က ငယ်တဲ့ကောင်ကို၊ အားရှိတဲ့ ကောင်က အားနည်းတဲ့ ကောင်ကို ရန်ထောင်တာ၊ အနိုင်ကျင့်တာလောက်ပဲ လွန်ရောကျွံရော ရှိမယ်။

ညှင်းပန်းတယ်၊ နှိပ်စက်တယ် ဆိုတာတော့ အလျဉ်း မရှိဘူး။

ထောင်ထဲက စစ်ထောက်လှမ်းရေးတွေရဲ့ စစ်မေး ညှင်းပန်း နှိပ်စက်မှုတွေဟာ တိရစာ္ဆန်ထက်တောင် ပိုမိုရက်စက် ကြမ်းကြုတ်တယ်။ ဒါကြောင့် တိရစာ္ဆန် မဆန်စွာလို့ ကျနော် ဝိဂြိုဟ် ပြုတာ ဖြစ်ပါတယ်။

ဒါထက် နည်းနည်းတောင်ပိုပြီး ကျနော် “ဆိုးဂုဏ်ပြ” ဝိသေသစကား ဆိုလိုက်ချင်ရဲ့။ တိရစာ္ဆန်ထက် ပိုမိုရိုင်းပျ ရက်စက်၊ ကျင့်ပျက် ကြမ်းကြုတ်စွာ စစ်မေး ညှင်းပန်း နှိပ်စက်ကြတယ်လို့ ပြောချင်သေးတယ်။

အင်းစိန် အကျဉ်းထောင် ပုံဟောင်း / ဧရာဝတီ

ထောင်ထဲမှာ စစ်ကြောရေး လုပ်ခံရပြီဆိုရင် လူပုဂ္ဂိုလ် တဦးတယောက် အဖို့ နိုင်ငံရေးဘဝ ပျက်ပြီ၊ စီးပွားရေးဘဝ ပြိုပြီ၊ လူမှုရေးဘဝ ပြောင်းပြီ။ အဲဒီလို တထပ်ချ မှတ်ပေရော့။

တိရစာ္ဆန် တကောင်ဟာ တခြားတကောင်ကို ဝမ်းတထွာ အတွက် ကိုက်သတ်စားမယ်။ ဒါ သဘာဝပဲ။ စစ်ထောက်လှမ်းရေး ကတော့ လူတွေကို သေအောင်သတ်တယ်။

(အသက်ပြင်းလို့ မသေတဲ့ကောင် နောင်တနေ့မှာ စစ်ကြောဒဏ်၊ စစ်ကြောနာ နဲ့ သေလိမ့်မယ်။)

ဒါက တိရစာ္ဆန်ဆန်တဲ့ အကျင့်။

လူတွေကိုနာအောင် ကျဉ်အောင် ညှင်းပန်းနှိပ်စက်တယ်။ ဗဟိဒ္ဓရုပ်ပိုင်း ကိုယ်လက်အင်္ဂါကိုသာ နာစေကျဉ်စေတာ မဟုတ်။ အဇ္ဈတ္တ စိတ်ပိုင်း အသည်းနှလုံး ဦးနှောက် စိတ်ခံစားမှုတွေကိုလည်း နာကြည်း ပြိုကွဲစေတယ်။

ဒါတွေက တိရစာ္ဆန်မဆန်တဲ့ အကျင့်။

လူဆိုတာ မနသီကာရ ရှိတဲ့ သတ္တဝါ။ ခံစားချက် ဆိုတာ ရှိတယ်။ စိတ်ထိခိုက်မှု ဆိုတာ ရှိတယ်။ အမှတ်သည်းခြေ ဆိုတာ ရှိတယ်။ တသက်လုံး နာပေတော့။
ဒါလောက်နဲ့ မပြီးသေးဘူး။

စစ်ထောက်လှမ်းရေးမှာ ဒါထက်ပိုဆိုးတဲ့ အကျင့်ရှိသေးတယ်။ အဲဒါက တိရစာ္ဆန်ထက် အဆ ရာထောင် ပိုမိုဆိုးဝါး၊ ရက်စက် ကြမ်းကြုတ်တဲ့ အကျင့်။ ညစ်ကမ်း ယုတ်မာတဲ့ အကျင့်။ လူသားရဲ့ဇာတိပုည ဂုဏ်မာနကို နင်းချေဖျက်ဆီးတဲ့ အကျင့်။

ထောက်လှမ်းရေးပဲ။ ထောက်လှမ်းကြည့်ပေါ့။ သိချင်တာမေးပေါ့။ မေးလို့သိရင် တော်ရောပေါ့။ မေးရဲ့နဲ့ မသိရင် စစ်ပေါ့။ စစ်လို့သိရင် တော်ရောပေါ့။ စစ်ရဲ့နဲ့မသိရင် ခြောက်ပေါ့။ ခြောက်လို့သိရင် တော်ရောပေါ့။ ခြောက်ရဲ့နဲ့မသိရင် ညှဉ်းပေါ့။

(ညှဉ်းတာကို သဘောတူလို့ ညှဉ်းခိုင်းတာမဟုတ်ဘူးနော်။ ထောက်လှမ်းရေး လုပ်ငန်းစဉ်အတိုင်း သူတို့ လုပ်ရိုးလုပ်စဉ် လုပ်စရာရှိတာ လုပ်မှာကိုပြောတာ။)

ညှဉ်းလို့မသိရင် သတ်ပေါ့။ (ထောက်လှမ်းရေးက သတ်ပါတယ်။ ခရမ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တို့၊ ဒီချုပ် အလုပ်သမား ခေါင်းဆောင် ဦးမောင်ကို တို့၊ အခြား နိုင်ငံရေးသမား အမြောက်အမြားတို့ စစ်ကြောရေး လက်ချက်နဲ့ သေခဲ့ကြရပြီ မဟုတ်လား။)

ဒီလောက်နဲ့ တစခန်း သိမ်းပြီလား။ တစခန်း ရပ်ပြီလား။ ဘယ်သိမ်းလိမ့်မလဲ။ ဘယ်ရပ်လိမ့်မလဲ။

ထောက်လှမ်းရေးရဲ့ သွေးစွန်းတဲ့ လက်တွေက ဇာတ်လမ်းရှည်ကြီး ဆက်ရေးမယ်။ အယုတ္တအနတ္တတွေနဲ့ ကမ်းကုန်အောင် မွှမ်းပြောက် ခြယ်မှုန်းမယ်။

အမနာပ ဇာတ်ထုပ်ကြီး။ အဲဒီ ဇာတ်ထုပ်ကြီးကို ကလိန်စိ ငြမ်းဆင်တဲ့ ငြိမ်ပိလမ်းစဉ်အတိုင်း မြေပေါ်မှာ ရွှေကြော်ငြာ ထုတ်မယ်။ အဲဒီ ဇာတ်ထုပ်ကြီးကို လူတကာသိ ရှင်တကာကြား လုပ်မယ်။

အဲဒီ ဇာတ်ထုပ်ကြီး ဆိုတာကတော့ သူတို့ရန်သူရယ်လို့ မြင်တဲ့ လူပုဂ္ဂိုလ်တွေ၊ ပါတီ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး လုပ်ငန်း အပေါင်းအစုတွေကို သိက္ခာချတာပဲ။ ဂုဏ်ရည်ချိုးတာပဲ။ အသရေဖျက်တာပဲ။

ဒါဟာ တရားဥပဒေ လက်တံရှည်တယ် ဆိုတာမျိုးလို စစ်ထောက်လှမ်းရေးရဲ့ သွေးစွန်းတဲ့ လက်ကြီး လက်တံရှည်တာပဲ။ တရားဥပဒေလို သစ္စာအရပ်ဘက် လက်တံရှည်တာ မဟုတ်ဘူး။ အဓမ္မ အရပ်ဘက်ကို လက်တံရှည်တာ။

အဲဒီသွေးစွန်းတဲ့ လက်က ဆက်ရေးလိုက်တဲ့ ဇာတ်ညွှန်းဇာတ်ကွက်၊ ဇာတ်လမ်းတွေဟာ နိုင်ငံရေးသမား အပါအဝင် လူပေါင်းများစွာရဲ့ လူ့သိက္ခာ၊ လူ့အသရေကို ပဲ့ကျိုး ကြေမွစေတယ်။

ထောက်လှမ်းရေးရဲ့ အကြမ်းဖက် စစ်ကြောမှုတွေ။ ဒါ့အပြင် ထောက်လှမ်းရေးရဲ့ ယုတ်ကန်း စိတ်ထားနဲ့ ဖော်စပ် ဖန်တီး လိုက်တဲ့ “အသိ”တွေဟာ စစ်ကြောခံရသူ ခေါင်းထဲက ဦးနှောက်ကို ပိုင်စိုးပိုင်နင်း သိမ်းပိုက်လိုက်တယ်။

“စကား” တွေဟာ စစ်ကြောခံရသူရဲ့ ပါးစပ်ကို မဖွယ်မရာ သိမ်းပိုက်လိုက်တယ်။

ဦးနှောက်ဆေးခံရတယ် ဆိုတာကို လူတိုင်းကြားဖူးတယ်။ တကယ်တော့ ဦးနှောက်ဆေးရုံ ဆေးရင် ဆေးခံရသူ ခေါင်းသာ ဖွေးသွားမယ်။ အသံထွက်ချင်မှ ထွက်မယ်။ စစ်ထောက်လှမ်းရေးက ဦးနှောက်ဆေးရုံမက ပါးစပ်ကိုပါ ဆေးတယ်။

စစ်ကြောခံရသူရဲ့ ပါးစပ်တွေ ရွဲ့ကုန်တယ်။ လျှာတွေလိပ်ကုန်တယ်။ ကွေးကုန်တယ်။ သူ့ပါးစပ်က လိမ်ညာတဲ့ စကားတွေ၊ ကောက်ကျစ်တဲ့ စကားတွေ၊ ညစ်ဆိုးတဲ့ စကားတွေ အန်ဟတယ်။

အဲဒီ ပါးစပ်ပဲ့ထဲက နိုင်ငံရေးမူဝါဒ၊ ပါတီအဖွဲ့အစည်း၊ ခေါင်းဆောင်၊ ပုဂ္ဂိုလ်၊ ပြည်သူလူထု ဆိုတဲ့ သူယုံကြည်ရာတွေ အားလုံးကို ဆန့်ကျင်တဲ့ စကားတွေ၊ ရှုတ်ချတဲ့ စကားတွေ၊ ပယ်လှန်တဲ့ စကားတွေ၊ ပြက်ရယ်တဲ့ စကားတွေ လျှံတက်၊ အန်ထွက်တယ်။

စစ်ထောက်လှမ်းရေးဟာ လူတယောက်ကို ဒီလို ဆန့်ကျင်ဘက် ရုပ်လုံးထုပြီး ပြင်ပလောကကို ပြန်လွှတ်လိုက်တယ်။

ဒီနည်းနဲ့ စစ်ထောက်လှမ်းရေး လိုချင်သလို၊ ကြိုက်သလို ပုံသွင်းတဲ့ နိုင်ငံရေး အခြေအနေတရပ်ဟာ တစုံတရာ ပေါ်ကောင်း ပေါ်ထွက်လာနိုင်တယ်။

အင်းစိန် အကျဉ်းထောင် ပုံဟောင်း / ဧရာဝတီ

သေချာပေါ်လာတာကတော့ ဂုဏ်မတင့်တော့တဲ့ လူသားတယောက်၊ အသရေတုံးသွားတဲ့ လူသားတယောက်၊ သိက္ခာမဲ့သွားတဲ့ လူသား တယောက်၊ နှစ်ပြားတပဲ လူသားတယောက်၊ လူမပီတော့တဲ့ လူသား တယောက်ပဲ ဖြစ်ပါတယ်။

စစ်ထောက်လှမ်းရေးက အဲဒီ လူပုဂ္ဂိုလ်ရဲ့ လူသားဂုဏ်ရည်၊ လူသားသိက္ခာ၊ လူသားအသရေ၊ အားလုံးကို ရိုက်ချိုး နင်းချေ ဖျက်ဆီးလိုက်ပြီပေါ့။

ကျနော် ထောက်လှမ်းရေး စစ်ကြောခံရတယ်။ ကြိမ်ဖန်များစွာပါပဲ။ ကာလ ခိုက်တန့် ရှည်ကြာစွာပါပဲ။ ဒါတွေ ပြန်ပြော မနေချင်တော့ပါဘူး။

ခြေလက် ကိုယ်အင်္ဂါ နာတယ်။ ရင်နာ၊ အသည်းနာ၊ နှလုံးနာတယ်။ ဦးနှောက်နာတယ်။ စိတ်နာတယ်။

(ဒါကြောင့် စစ်ထောက်လှမ်းရေး သွတ်သွင်းတဲ့ ဉာဏ်ဆိုး၊ အကြံဆိုး၊ အသိဆိုး၊ အမြင်ဆိုး၊ စကားဆိုးတွေကို ကျနော် လက်သင့် မခံဘူး။ အရောင် ဆိုးတာတွေကို ကျနော် မခံဘူး။ အရိပ် ဆိုးတာတွေကို ကျနော် မခံဘူး။)

ကျနော်တို့ချင်း စကားဝိုင်းဖွဲ့ပြောကြဆိုကြ လုပ်ကြတဲ့အခါ စစ်ထောက်လှမ်းရေး အကြောင်း ရောက်သွားတတ်တယ်။

“ဟေ့ ငါ့အဖို့ကတော့ စစ်ထောက်လှမ်းရေး ဆိုရင် ကမာ္ဘမကြေဘူး၊ အစာမကြေဘူးကွဟေ့”

အဲဒီလို ရယ်စရာလိုလို တကယ်လိုလို ကျနော် ပြောတတ်တယ်။

ဒါပေါ့ဗျာ။ ပြောမိတာပေါ့။ စဉ်းစားကြည့်လေ။ စစ်ထောက်လှမ်းရေးရဲ့ မကောင်းမှု အကျိုးပေးကြောင့် ကျနော့်သွားတွေ ကြွေကုန်တယ်။ ဆီးပင်ကို ကိုင်လှုပ်သလိုပါပဲ။

စစ်ထောက်လှမ်းရေးရဲ့ လက်စွမ်းလက်ရာ လက်ချက်ကို ဗာရာဏသီ ချဲ့မနေချင်တော့ပါဘူး။ ၁၉၉၈ လောက်အထိ၊ သွားပြန်စိုက်ခွင့် မရခဲ့ဘူး။

ထောင်ထမင်းကြမ်းကို သွားတချောင်း မရှိ၊ သွားဖုံး အိအိနဲ့ ဝါးနေခဲ့ရတယ်။ ဘယ်လိုစားရမလဲ သိချင်သလား။ ခင်ဗျား သွားမရှိတဲ့ အချိန်မှာ လုံးတီးဆန် ထမင်းကို သွားဖုံးနဲ့ ဝါးကြည့်။ မသိသေးရင် ကြာကြာဝါး။ မသိသေးရင် ရှစ်နှစ် ကိုးနှစ်ဝါး။ စောစောသိချင်ရင် ခုကတည်းက လမ်းခင်းတဲ့ ကျောက်ခဲ ဝါးကြည့်။

(ညက ကျန်တဲ့ ထမင်းကြမ်းမျိုး ပြောတာ မဟုတ်ဘူး။ ကျောက်ထုစခန်းက လမ်းခင်းကျောက်ကြမ်းလို ထမင်းကြမ်းလို့ ပြောတာ။)

ကမာ္ဘကြေတာ မကြေတာ အသာထား။ အစာမကြေတာတော့ အမှန်ပဲ။

အခုချိန်ထိ ကျနော် ထမင်း လက်တဆုပ်စာထက် ပိုမစားနိုင်ဘူး။ အစာ မကြေတာက တကြောင်း။ အစာမကြေရင် ကမာ္ဘမကြေကိုပါ သွား… သွား သတိရလို့ တကြောင်းပေါ့လေ။

ရှစ်လေးလုံး အရေးတော်ပုံ ကာလတုန်းက ဆိုခဲ့တဲ့သီချင်း မှတ်မိတယ် မဟုတ်လား။ ကမာ္ဘမကြေဘူး ဆိုတာလေ။

အစာမကြေဘူး။ ကမာ္ဘမကြေဘူး။ ။

(သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားသည့် ဤဆောင်းပါးကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ၂၀၁၀ ပြည့်နှစ်တွင် ထုတ်ဝေသော “ဘာလဲဟဲ့…လူ့ငရဲ” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက် အသက် ၈၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>
ထိပ်ထား နဲ့ သေနာ https://burma.irrawaddy.com/article/2026/08/08/415332.html Sat, 08 Aug 2026 01:30:48 +0000 https://burma.irrawaddy.com/?p=415332 စစ်အာဏာရှင်တွေဟာ တိုင်းပြည် ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာမယ် ဆိုတဲ့ စိတ်စေတနာ ရှိရဲ့လား… ကျနော် အများကြီး သံသယရှိတယ်… ]]>

၁၉၈၀ ကျော်က ပန်းပုဆရာကြီး ဦးဟန်တင်က လူထုဒေါ်အမာရဲ့ ဦးခေါင်းပိုင်း ပုံတူရုပ်တု ထုလုပ်ခဲ့တယ်။

အဲဒီပုံတူရုပ်တုကို စထုကတည်းက ကျနော် ဘေးက ထိုင်ကြည့်ခွင့်ရခဲ့တယ်။ ထုပြီးသွားတော့ ကျနော် ဆောင်းပါး တပုဒ် ရေးခဲ့တယ်။

ကျနော် ဘယ်လိုရေးဖွဲ့ခဲ့သလဲဆိုတာ ရေးရေးပဲ မှတ်မိပါတော့တယ်။

ဒေါ်ဒေါ်ရဲ့ပါးသွယ်မေးချွန်း ဦးစွန်းပင့်မြှောက်ဟန်။ ဒေါ်ဒေါ်ရဲ့ပါးလျား နှုတ်ခမ်း အပြုံးသန်းဟန်၊ ဒေါ်ဒေါ်ရဲ့ စူးရှမျက်ဝန်း တောက်ထွန်းထွင်းဖောက်ဟန်တွေကို ကျနော် မြင်တွေ့ ခံစားရတဲ့အတိုင်း ခြယ်မှုန်းပြခဲ့တယ်။ အဲဒါလောက်ပဲ မှတ်မိ ပါတော့တယ်။

၁၉၉၄-၉၅ လောက်မှာ ဒေါ်ဒေါ်ရဲ့ မိန်းမသားမာန်၊ လူသားမာန် ပုံရိပ်လို သဏ္ဌာန် တခုကို အမေရိကန် သတင်းမဂ္ဂဇင်း Time မျက်နှာဖုံးမှာ မြင်ရတယ်။

ဒီပုံရိပ်ရဲ့ အဓိပ္ပာယ်တွေ၊ ဂုဏ်ရည် ဉာဏ်ရည် မာန်ရည်တွေ၊ စွမ်းအင်သတ္တိတွေ ကျနော့် ရင်ထဲမှာ ရိုက်ခတ်သွားတယ်။

ပုံရိပ်မှာ မိခင် မိန်းမသား တဦးရဲ့ နူးညံ့သိမ်မွေ့မှုနဲ့ ခေါင်းဆောင်လူသားရဲ့ သန်မာခိုင်ကြည်မှုတွေ ရောထွေး ပေါင်းစည်းပြီး ဒီရေမြင့်သစ်နေလေရဲ့။

လူထုဒေါ်အမာရဲ့ ပုံရိပ် မဟုတ်ပါဘူး။

ဒါပေမဲ့ လူထုဒေါ်အမာလိုပဲ လေးနက်ခိုင်ကြည် သန်မာပြတ်သားတဲ့ “တော်လှန်မာန် ဉာဏ်သတ္တိ” ပိုင်ရှင်တဦးရဲ့ ပုံရိပ် ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

တိုင်းရင်းသား အင်အားစုအားလုံးရဲ့ ယုံကြည်ကိုးစားမှုကို ခံယူရရှိတဲ့ ပြည်ထောင်စု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

ကမာ္ဘ့နိုင်ငံပေါင်း များစွာရဲ့ ချစ်ကြည်လေးစားမှုကို ခံယူပိုင်စိုးတဲ့ ကမာ္ဘ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

သူ့ရဲ့ ဂုဏ်ရည် ပြည့်လျှမ်း ဖြိုးမောက်တဲ့ ဥပဓိပုံရိပ်ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်နောက်မှာ မှုန်တုန်တုန် ဝါးတားတား မပြတ်မသားတဲ့ ပုံရိပ်တခုက အရိပ်လို ထိုးနေတယ်။

တစ္ဆေခြောက်သလို ပြူးတူးပြဲတဲ ပုံရိပ်တခုက ထပ်ချပ်မကွာ ပါလာနေတယ်။ ဘုရား စောင်းတန်းတွေမှာ၊ ရှေးဂူဘုရား နံရံတွေမှာ တွေ့ရတတ်တဲ့ နိပါတ်တော် ဆေးရေး ပန်းချီတွေထဲက နတ်ဘုံနတ်နန်း အခြယ်အလှယ်တွေရဲ့ နောက်ခံမှာ ငရဲခန်း၊ အခြောက်အလှန့် ပုံရိပ်တွေကို မြင်ရသလိုပါပဲ။

အဲဒီ ပုံရိပ်ကတော့ မှန်တေတေ မိုက်မိုက်တိုက်တိုက် ငေးစိုက်ကြည့်နေတဲ့ စစ်ဗိုလ် တယောက်ရဲ့ ပုံရိပ်ပါ။

ထောက်လှမ်းရေး တပ်မှူးကြီး၊ စစ်မဟာဗျူဟာ ဌာနကြီးမှူးကြီး၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေး အဖွဲ့၊ အတွင်းရေးမှူး-၁ ကြီး။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ပုံရိပ်ဖြစ်ပါတယ်။

ဒီပုံရိပ်နှစ်ခုကို ကွန်ပျူတာနဲ့ စပ်ဟပ်ပူးတွဲပြီး Time မဂ္ဂဇင်းက မျက်နှာဖုံးပုံလုပ်ထားပါတယ်။ ခေါင်းစဉ်ကိုလည်း The Lady and The General လို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ် ခင်ညွန့်ပုံကို ကာဗာ တင်ထားတဲ့ Time မဂ္ဂဇင်းကို တွေ့ရစဉ်။

အတွင်းဘက်မှာ မျက်နှာဖုံး သတင်းဆောင်းပါး ရှည်ကြီးရေးပါတယ်။

ဒေါ်စု လွတ်မယ် လွတ်မယ် သတင်းဖြစ်နေလို့ သတင်းထောက်တွေ တက္ကသိုလ်ရိပ်သာလမ်း ခြံဝမှာ ပြုံတိုး စောင့်ဆိုင်း နေကြပုံတွေ၊ ဒေါ်စုရဲ့လှုပ်ရှားမှုတွေ၊ ဒေါ်စုရဲ့ နိုင်ငံရေး သဘောထားတွေ၊ ဒေါ်စုရဲ့ ကိုယ်ရေးရာဇဝင်တွေ စတာတွေကို တခမ်းတနား ရေးပါတယ်။

ဆောင်းပါး အရှည်ကြီးထဲမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် အကြောင်းလည်း ကြိုကြားကြိုကြား ပါပါတယ်။ ဗိုလ်ချုပ်ကြီးရဲ့ ပါဝါ အာဏာ တန်ခိုးသြဇာတွေ အကြောင်းလည်း ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့များ တွေ့ဆုံလိုက်ကြရရင်၊ ဆွေးနွေးလိုက်ကြရရင်၊ အပေးအယူတွေ လုပ်လိုက်ကြရရင် (အောင်မယ်လေးလေး) မြန်မာပြည်ရဲ့နိုင်ငံရေး အမယ်ဘုတ် ချည်ခင်ထုပ်ကြီး ရှင်းလင်းကြည်လင် သွားမယ်။ တမျှင်စီ ရှောခနဲ ရှောခနဲ ဖျောခနဲ ဖျောခနဲ ချောသွားမယ်။ မောသွားမယ်။ ပြေသွားမယ်။ လည်သွားမယ်လို့ ရေးထားတယ်။

သတင်းထောက်ရဲ့ဆောင်းပါး ဖတ်ပြီး ကျနော် ရင်မောသွားတယ်။ မျက်စိ လည်သွားတယ်။ ချောတာတွေ၊ ပြေတာတွေတော့ မမြင်မိပေါင်။ ဆောင်းပါးဖတ်ရင်း ရင်သာ လေးနေမိတော့တယ်။

အမေရိကန်နိုင်ငံ လူ့အဖွဲ့အစည်း၊ အမေရိကန် သတင်းစာ ယန္တရား ဆိုတာတွေကလည်း အတော် ရင်လေးအောင် လုပ်တတ်တယ်။

သူတို့ခေါင်းထဲမှာ ဘုတ်တိုင်ထိုင်နေတဲ့ ပုဏ္ဏားတိုင် အတွေးအခေါ်တွေရှိတယ်။ ပေါက်ပေါက်ကြဲသလို လွင့်စင် ပျံဝဲနေတဲ့ ပေါက်ကရ အမှတ်အယူတွေလည်း ရှိတယ်။

ချော့လို့ရမယ့်လူကို မုန့်ပေး ကြိုက်ချင်တတ်တယ်။ ခိုင်းလို့ရမယ့်လူကို အကူပေး တပည့်မွေးချင်တတ်တယ်။ ခြောက်လို့ ရမယ့်လူကို ခြတောင်ပို့ မြင့်မိုရ်တောင် ထင်အောင်လုပ်ပြီး ချောင်ပိတ်ချင်တတ်တယ်။

ဆရာဇော်ဂျီရဲ့ကဗျာထဲကလို မသိဝိုးဝါး ထင်ဝိုးဝါး အကျင့်တွေကလည်း ဘိန်းစွဲသလို စွဲနေလိုက်သေး။

ကျနော်တို့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းက ကုလသမဂ္ဂ အတွင်းဝန်ချုပ် ဦးသန့် မြန်မာနိုင်ငံ ပြန်လာစဉ်က ပန်းချီ ကျော် ပေါ်ဦးသက်ရဲ့ ဆီဆေး ပန်းချီကားကြီး တချပ် လက်ဆောင်ပေးဖူးတယ်။

ပေါ်ဦးသက်က မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်စမ်းသပ်ပြီး ထင်မြင်ချက် ပေးနေကြတဲ့ ရုပ်ပုံလွှာကို မြန်မာ့ရိုးရာ ဟန်နဲ့ ပန်းချီရေးတယ်။

ပေါ်ဦးသက်က ကမာ္ဘ့ ခေါင်းဆောင်ကြီးတွေ၊ သံတမန်ကြီးတွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်ကြီးတွေ ကမာ္ဘ့ ပြဿနာ အရပ်ရပ်ကို ပုဏ္ဏားကန်း ဆင်စမ်းနည်းနဲ့ ထွေထွေလာလာ အဖြေရှာနေကြတာကို သူ့အနုပညာနဲ့ လက်ညှိုး ငေါက်ငေါက် ထိုးပြလိုက်တာပါ။

ပေါ်ဦးသက် စိတ်ထဲမှာ ကမာ္ဘ့ ကြီးငါးကြီးထဲက အကြီးဆုံး အင်အားကြီး အမေရိကန်ကြီးကို မျက်စောင်း ထိုးလိုက် လေရော့သလား လို့တောင် ထင်ရရဲ့။

အခုကြည့်လေ။

Time မဂ္ဂဇင်းက လုပ်ချလိုက်ပြန်ပြီ။ ဗိုလ်ခင်ညွန့်ကို ကယ်တင်ရှင် ပုံသွင်းနေပြန်ပြီ။ ဘာတွေ့ဆုံဆွေးနွေးရေးလဲ။ ဒီမိုကရေစီနဲ့ အာဏာရှင် စကားလက်ဆုံ ပြောလို့မကုန် ဖြစ်အောင် ဗိုလ်ခင်ညွန့်က စီမံဖျောစပ် ပေးမှာတဲ့လား။ ဟား ဟား ဟား ဟား…။

ဗိုလ်ခင်ညွန့် ဆိုတာက ထောက်လှမ်းရေးဟေ့။ ထောက်လှမ်းရေး ဗိုလ်ချုပ်ဟ။

သူ လုပ်နိုင်လှ ဒေါ်စုကို ထောက်လှမ်းရေး စစ်ကြောရေး ဆွဲခေါ်တာလောက်ပေါ့။ အဲဒါက တွေ့ဆုံမေးမြန်းခန်းပါ ခင်ဗျာ့။ တွေ့ဆုံဆွေးနွေးပွဲ မလုပ်နိုင်ပါဘူး။

တန်ရုံသာ ရွှေဉာဏ်တော် စူးရောက်တော်မူပါ့ အမေရိကန် ဆရာကြီးတို့ရယ်။

အဲဒီလိုတွေးနေမိရင်း ကျနော် ဆက်စဉ်းစားတယ်။

စစ်အာဏာရှင်တွေဟာ တိုင်းပြည် ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ အဖြေရှာမယ် ဆိုတဲ့ စိတ်စေတနာ ရှိရဲ့လား။ စိတ်အာသာဆန္ဒ ရှိရဲ့လား။ စိတ်ဇောအာရုံ ရှိရဲ့လား။

ကျနော် အများကြီး သံသယရှိတယ်။

ကျနော့်ရဲ့ ဒွိဟ သံသယတွေ မမှန်ပါစေနဲ့။ မကန်ပါစေနဲ့။ ဆုတောင်းပါတယ်။ ဆန္ဒပြုမိပါတယ်။

ဒေါ်စုနဲ့ မတွေ့ဆုံချင်နေပါ။ မေးလား၊ မြန်းလား၊ စစ်လား၊ ကြောလားတော့ မလုပ်ပါနဲ့။ သူ့ကိုတော့ ကျနော်တို့လို လူ့ငရဲရဲ့ အဝီစိဘုံဖြစ်တဲ့ စစ်ကြောရေးစခန်း မပို့ကြပါနဲ့။

အဲဒီလို မပို့ဘူးဆိုရင်ကို ကျေးဇူးကြီးလှပါပြီ ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီး ခင်ဗျား။

ကျွန်တော်လည်း တောင်တွေး မြောက်တွေးနဲ့ ဘယ်တွေ ချော်တော ငေါ့နေမိပါလိမ့်။ တွေးတာနဲ့ ရေးချင်တာ တခြားစီ ဖြစ်နေပြီ ထင်ပါရဲ့။ ချော်တောငေါ့သွားတဲ့ အတွေးတွေကို ဘရိတ် အုပ်လိုက်ပါတယ်။ Time မဂ္ဂဇင်း ဆောင်းပါး ကိစ္စ ပြန်ကောက်လိုက်တယ်။

ဒီတော့မှ ဟိုး နှစ်ပေါင်း အတော်ကြာက ကြည့်ခဲ့ဖူးတဲ့ ကာတွန်း ကဝေကြီး ဝေါ့ဒစ္စနေရဲ့ ရုပ်ရှင်ကား တကားကို သွားသတိရမိတယ်။

ရုပ်ရှင်ကား နာမည်က Lady and the Tramp တဲ့။ မြန်မာလိုတော့ ထိပ်ထားနဲ့ တေလေပေါ့။

စကားကြော ရှည်တယ် မထင်ပါနဲ့။ ဒီ ဒီကာတွန်း ရုပ်ရှင်က တနာရီခွဲလောက်ပြတဲ့ ရုပ်ရှင်ကြီးဗျ။ ဇာတ်လမ်းကလည်း ကောင်း၊ ကာတွန်းတွေကလည်း လက်ရာမြောက်တော့ အဲဒီ အချိန်တုန်းက လူတိုင်း နှစ်ခါ ပြန်လောက် ကြည့်ခဲ့ကြတဲ့ ကား။

ကျနော် Time သတင်းမဂ္ဂဇင်း ဆောင်းပါးကို ကောက်နုတ် ဘာသာပြန်တယ်။

ဘာသာပြန်ရဲ့ ခေါင်းစဉ်ကို “ထိပ်ထား နဲ့ သေနာ” လို့ တပ်လိုက်တယ်။

“ထိပ်ထား နဲ့ တေလေ” ရဲ့ ပဲ့တင်သံပါ။ Time မဂ္ဂဇင်းကလည်း Lady and the Tramp ကို သံယောင်လိုက်ပြီး ဆောင်းပါး ခေါင်းစဉ် တပ်ထားတာ မဟုတ်လား။

Time သံယောင်လိုက်တာက အရေးမကြီးဘူး။ ကျနော် မြန်မာလို ဘာသာပြန် ခေါင်းစဉ် တပ်ဖို့ ခက်နေတယ်။ ထိပ်ထား ဆိုတာကတော့ စကားလုံး လှပါရဲ့။ ချောပါရဲ့။ နောက်စကားလုံးကို ဗိုလ်ချုပ်ကြီးလို့ ဘာသာပြန်ရင် ဟန်မကျလှဘူး။ စာလုံး မလှ။ အသံမချောဘူးလေ။

စဉ်းစားလိုက်ရတာ ဦးနှောက်ကို ခြောက်ကရော။ ခေတ်လူငယ်တွေကတော့ ဦးနှောက် မုန်တိုင်းဆင်တယ် ဘာတယ် ပြောကြတာပဲ။

ကျနော်ကတော့ ဦးနှောက် နာဂစ်တောင် ဂစ်ကြည့်သေးတယ်။ မရဘူး။ နောက်ဆုံးတော့ မတတ်သာ။ ဖြစ်ချင်ရာဖြစ် ဆိုပြီး ဘာသာ ကောက်ပြန်လိုက်တယ်။

ဆရာတက်တိုးရဲ့ “အရမ်းဘာသာမပြန်နဲ့” ဆိုတဲ့ အာစရိယဝါဒ ဆုံးမစကားကို လွန်ဆန်တယ်။ ကျနော် အတင့်ရဲရဲ လက်ရဲရဲ ဇက်ရဲရဲ အရမ်း ဘာသာပြန်လိုက်တယ်။
“ထိပ်ထား နဲ့ သေနာ”

ထောင်ထဲမှာလည်း ဆရာတွေ ရှိသေးတော့ သူတို့က ကျနော့်ကို ဝေဖန် ပြစ်တင်ကြတယ်။ ခင်ဗျားနှယ်ဗျာ။ General ကိုများ သေနာရယ်လို့ ပြန်မှ ပြန်တတ်ပလေတဲ့လေ။

ကျနော် မနည်း ဖြေရှင်းယူရတယ်။

ဒီလိုပါ ဆရာတို့ရယ်။ ကျနော့် ဘာသာပြန် ဝေါဟာရ အပြည့်အစုံက သေနာပတိပါ။ စာလုံးကြီး ရှည်လွန်းလို့ သေနာ နဲ့ ဖြတ်လိုက်တာပါ။

The Lady and The General ကို ထိပ်ထား နဲ့ သေနာ လို့ အလွယ်တကူ မှတ်ယူတော်မူကြပါဘိဗျား…။ ။

(သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရေးသားသည့် ဤဆောင်းပါးကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ၂၀၁၀ ပြည့်နှစ်တွင် ထုတ်ဝေသော “ဘာလဲဟဲ့…လူ့ငရဲ” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက် အသက် ၈၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>