ခိုင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/khine Covering Burma and Southeast Asia Sat, 17 Oct 2026 09:58:23 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ခိုင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/khine 32 32 ရခိုင်လေကြောင်းရန် ကြိုတင်သတိပေးစနစ်ရဲ့ အကန့်အသတ် https://burma.irrawaddy.com/article/2026/10/17/417107.html Sat, 17 Oct 2026 09:58:23 +0000 https://burma.irrawaddy.com/?p=417107 ရခိုင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလာနေချိန်၊ မြေပြင်က အရပ်သားတွေကို အချိန်မီ သတိပေးကာ ဘေးလွတ်ရာရောက်အောင် ကူညီနိုင်မယ့် စနစ်တွေမှာ အရေးကြီးတဲ့ ကွာဟချက်တွေ ရှိနေပါတယ်။]]>

လူ ၅၀ သေဆုံးပြီး အနည်းဆုံး ၅၈ ဦး ဒဏ်ရာရခဲ့တဲ့ စက်တင်ဘာ ၂၈ ရက် ကျောက်တော်က အိန္ဒိယဈေး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပြီး သီတင်းပတ်အတွင်းမှာတင် ရခိုင်ပြည်နယ်ဟာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှု လှိုင်းတလှိုင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ သံတွဲနဲ့ ကျောက်ဖြူစတဲ့ မြို့နယ်တွေမှာ အနည်းဆုံး ဗုံးကြဲတိုက်ခိုက်မှု ၉ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၂ ဦး ထပ်မံသေဆုံးကာ ၃၇ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုတွေထဲက တချို့ကတော့ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေကို ပစ်မှတ်ထားခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေဟာ သီးခြားဖြစ်စဉ်တွေ မဟုတ်ဘဲ ရခိုင်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အစိတ်အပိုင်းတခုပါ။ ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁၉၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လွတ်လပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ (ACLED) ရဲ့ မှတ်တမ်းအရ မြန်မာနိုင်ငံမှာ ဒေသတွင်းဈေးတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် လူသေဆုံးဒဏ်ရာရမှု အများဆုံးဟာ ရခိုင်ပြည်နယ်မှာဖြစ်ပြီး၊ စက်တင်ဘာ ၂၈ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မတိုင်ခင်ကတည်းက ဒီလိုတိုက်ခိုက်မှု အနည်းဆုံး ၁၁ ကြိမ်နဲ့ သေဆုံးသူ ၄၉ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအောက်က အရပ်သားတွေအတွက် အရေးကြီးဆုံးမေးခွန်းကတော့ စစ်လေယာဉ်တစင်း ဘယ်ကိုဦးတည်နေလဲဆိုတာကို ကြိုသိပြီး အချိန်မီ ဘေးကင်းရာကို ဘယ်လိုပုန်းအောင်နိုင်မလဲ ဆိုတာပါပဲ။

ဒီအတွက် ရခိုင်က ပြည်သူတွေဟာ အရေးပေါ် လေကြောင်းသတိပေးစနစ်တွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ တီထွင်ကြံဆလာကြပါတယ်။ ဒီစနစ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ နားလည်နိုင်ဖို့ ကျောက်တော်နဲ့ မြောက်ဦးက ဒေသခံ ခြောက်ဦးကို ကျမ ဆက်သွယ်မေးမြန်းခဲ့ပြီး၊ စက်တင်ဘာ ၂၈ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမတိုင်မီက သတိပေးချက် ထွက်ပေါ်ခဲ့တဲ့ အချိန်ဇယားကို ပြန်လည်တည်ဆောက်ကြည့်ခဲ့ပါတယ်။

တချို့အခြေအနေတွေမှာ စစ်လေယာဉ်တစင်း ပျံတက်လာတာကို တိုက်ခိုက်မှုမဖြစ်ခင် တစ်နာရီ၊ နှစ်နာရီလောက်ကြိုပြီး သိနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်နေရာကို အတိအကျ တိုက်ခိုက်မလဲဆိုတာတော့ ဗုံးကျဖို့ မိနစ်ပိုင်းအလို၊ တခါတလေ ဗုံးစကျပြီးမှသာ သိနိုင်ကြပါတယ်။

စောင့်ကြည့်သူ၊ ကွန်ရက်စနစ်နှင့် အသံချဲ့စက်များ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာဒေသတွေမှာ အရပ်သားတွေဆီ သတိပေးချက် ဘယ်လိုရောက်လဲဆိုတာ ဒေသခံတွေက ရှင်းပြကြပါတယ်။ တွေ့ရှိရတာကတော့ ဒါဟာ သတင်းလက်ဆင့်ကမ်းပေးတဲ့ ကွန်ရက်တခုလိုပါပဲ။ စေတနာ့ဝန်ထမ်း လေယာဉ်ကင်းထောက်တွေက လေယာဉ်ကွင်းကနေ ထွက်ခွာသွားတဲ့ လေယာဉ်တွေကို ခြေရာခံကြပါတယ်။ သူတို့ရဲ့ သတင်းပေးပို့ချက်တွေကို လေယာဉ်ထွက်ခွာချိန်၊ ဦးတည်ရာနဲ့ အန္တရာယ်ရှိနိုင်တဲ့ ဒေသတွေနဲ့အတူ အများပြည်သူသုံး တယ်လီဂရမ် (Telegram) ချန်နယ်တွေမှာ တင်ပေးပါတယ်။ အဲဒီကနေမှတဆင့် တချို့ရပ်ရွာတွေမှာ ဥဩဆွဲသံတွေ၊ အသံချဲ့စက်တွေနဲ့ အဆိုပါ သတိပေးချက်တွေကို ထပ်ဆင့်ကြေညာပေးတာ ဖြစ်ပါတယ်။

သတိပေးချက်တွေက ကျယ်လောင်တဲ့ အချက်ပေးသံနဲ့ စတင်ပြီး နောက်ကနေ အသံနဲ့ ကြေညာချက် လိုက်လာလေ့ရှိပါတယ်။ မြောက်ဦးဒေသခံတဦးကတော့ ဒီလိုသတိပေးချက်ထုတ်လွှင့်တဲ့ နေရာ မြောက်ဦးမှာ အနည်းဆုံး သုံးခုရှိတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ သုံးလေးလလောက်ကမှ စတင်ခဲ့တဲ့ ဒီစနစ်ဟာ စစ်လေယာဉ်တွေ နီးကပ်လာချိန်မှာ လူတွေ ပုန်းခိုဖို့အတွက် ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ အချိန်ရစေပါတယ်။

စက်တင်ဘာ ၂၈ ရက် တိုက်ခိုက်မှု အချိန်ဇယား

စေတနာ့ဝန်ထမ်း လေယာဉ်ကင်းထောက်ချန်နယ်တခုက တင်ထားတဲ့ ပို့စ်တွေနဲ့ AA ဘက်က ထုတ်ပြန်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု အချိန်တွေကို အခြေခံပြီး ပြန်လည်တည်ဆောက်ကြည့်တဲ့အခါ ပြဿနာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။

ဖတ်ရှုသူ ၁၃,၀၀၀ ခန့်ရှိတဲ့ လေယာဉ်ကင်းထောက် တယ်လီဂရမ်ချန်နယ်တခုကနေ နံနက် ၁၀:၁၆ အချိန်မှာ နေပြည်တော်ကနေ အနောက်တောင်ဘက်ကို ဂျက်တိုက်လေယာဉ်တစီး ထွက်ခွာသွားကြောင်းနဲ့ ၁၁:၀၈ အချိန်မှာလည်း အဆိုပါလေယာဉ်ကွင်းကနေပဲ တူညီတဲ့ ဦးတည်ချက်နဲ့ နောက်ထပ်တစီး ထွက်ခွာသွားကြောင်း သတင်းပို့ခဲ့ပါတယ်။ ဒီသတိပေးချက် နှစ်ခုစလုံးက ရခိုင်၊ ဧရာဝတီ၊ မကွေး၊ ပဲခူး၊ ကရင်နဲ့ ချင်း ပြည်နယ်/တိုင်းတွေကို လွှမ်းခြုံထားတာပါ။ ၁၁:၃၆ အချိန်မှာတော့ မိတ္ထီလာကနေ နောက်ထပ် ဂျက်လေယာဉ်တစီး ပျံတက်သွားကြောင်းနဲ့ မန္တလေး၊ ရခိုင်၊ မကွေးနဲ့ ချင်း တို့ကို အန္တရာယ်ရှိနိုင်တဲ့ ဒေသတွေအဖြစ် ချန်နယ်က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် ပစ်မှတ်ကို တိတိကျကျ သတိပေးနိုင်ချိန်ကတော့ နောက်ကျပါတယ်။ ၁၂:၁၀ အချိန်မှာ ကျောက်တော်မြို့ပေါ်ကို ဂျက်လေယာဉ် ဝဲနေတယ်ဆိုတဲ့ စောင့်ကြည့်သတင်းကို ၁၂:၁၃ လောက်မှာ တင်ထားတာတွေ့ရပါတယ်။ ၁၂:၁၅ မှာ လေယာဉ် ဆက်ဝဲနေဆဲပဲဆိုတဲ့ ဒုတိယစောင့်ကြည့်သတင်းကလည်း ၁၂:၁၆ လောက်မှ တက်လာပါတယ်။ ဒါပေမဲ့ AA ရဲ့ ထုတ်ပြန်ချက်အရ ပထမဗုံးဟာ ၁၂:၁၀ မှာ ကျရောက်ခဲ့ပြီး ဒုတိယဗုံးက ၁၂:၁၄ မှာ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကင်းထောက်တွေက အချိန်နဲ့တပြေးညီ မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြပေမယ့် သူတို့ဆီက အချက်အလက်တွေကနေ တယ်လီဂရမ် ချန်နယ်ဆီ အဆင့်ဆင့်သွားပြီးမှ အများပြည်သူဆီ ရောက်ရတာပါ။ ဒီနေရာမှာ မိနစ်အနည်းငယ်ကွာဟမှုကလည်း သေရေးရှင်ရေးပါပဲ။ ပစ်မှတ်ကို ကျောက်တော်မြို့လို့ တိတိကျကျ သတိပေးနိုင်ခဲ့တဲ့ အချိန်မှာတော့ တိုက်ခိုက်မှုက စတင်နေခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ဒေသအတော်များများမှာ ဖုန်းနဲ့ အင်တာနက် နှစ်ပေါင်းများစွာ ပိတ်ထားတာကြောင့် ဒေသခံအများစုဟာ တယ်လီဂရမ် သတိပေးချက်တွေကို အချိန်မီ မကြည့်နိုင်ကြပါဘူး။ မကြာခဏဆိုသလို လေကြောင်းရန် ဥသြ အချက်ပေးသံတွေ မြည်တာကြောင့်လည်း လူတွေက သတိပေးချက်ကို အလေးမထားတော့ဘဲ ထုံသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

“လေယာဉ်တွေ ထွက်ခွာသွားတဲ့ ဦးတည်ရာကိုပဲ ကြည့်ပြီးတော့ သူတို့ ဘယ်ကိုသွားနေတယ်ဆိုတာကို ဘယ်တော့မှ ပုံသေတွက်လို့မရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ “တချို့အချိန်တွေမှာ တခြားမြို့ကို သွားနေပုံပေါ်ပေမယ့် လမ်းတဝက်ကနေ ပြန်လှည့်လာပြီး ဗုံးလာကြဲတာမျိုးလည်း ရှိတယ်။”

လေယာဉ် လမ်းကြောင်း ရုတ်တရက် ပြောင်းတာ၊ ပျံသန်းနေတဲ့ အမြင့်ပေပြောင်းတာတွေကို
မြေပြင်ကစောင့်ကြည့်သူတွေအနေနဲ့ မသိဘဲ လွတ်သွားနိုင်ပါတယ်။ ပြဿနာက စေတနာ့ဝန်ထမ်းတွေ သတင်းပို့တာ နှေးလို့ မဟုတ်ပါဘူး။ သူတို့ရနိုင်တဲ့ အချက်အလက်က အကန့်အသတ်ရှိသလို၊ အဲဒီသတင်းကို လူထုဆီရောက်အောင် လက်ဆင့်ကမ်းရတာကလည်း အချိန်ယူပါတယ်။

ဘာတွေ ပြောင်းလဲသင့်သလဲ

နိုင်ငံတကာရဲ့ အကူအညီတွေဟာ သံတမန်ရေးရာ ထုတ်ပြန်ချက်တွေထက် ပိုသင့်ပါတယ်။ အလှူရှင်တွေ၊ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အင်တာနက်ကို မမှီခိုရတဲ့ သတိပေးစနစ်တွေ တည်ဆောက်နိုင်ပါတယ်။ ဥပမာ ရေဒီယိုကွန်ယက်တွေ၊ အချက်ပေး ဥဩဆွဲတဲ့ စနစ်တွေ၊ ရပ်ရွာအခြေပြု လေကြောင်းသတိပေးချက်ထုတ်လွှင့်မယ့် နေရာတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ဒေသခံပြည်သူတွေကို ရှင်းလင်းလွယ်ကူတဲ့ လုပ်ထုံးလုပ်နည်းနဲ့ အဆင့်သတ်မှတ်ချက်အလိုက် လေကြောင်းရန် သတိပေးစနစ်ကို လေ့ကျင့်ပေးတာက လူတွေရဲ့စိတ်ကို အမြဲ အသင့်ဖြစ်နေစေပါလိမ့်မယ်။ လေယာဉ်တက်လာပြီဆိုတဲ့ ယေဘုယျသတိပေးချက်နဲ့ ကိုယ့်ဒေသမှာ အန္တရာယ်ရှိနေပြီဆိုတဲ့ သတိပေးချက်ကို အဆင့်လိုက်ခွဲ ထုတ်ပြန်တဲ့ (tiered alerts) စနစ်က ပိုထိရောက်နိုင်ပါတယ်။

ဒီလို အလားတူစနစ်တွေကို တခြားနိုင်ငံတွေက ပဋိပက္ခတွေမှာလည်း အသုံးပြုခဲ့ကြပါတယ်။ ဆီးရီးယားမှာဆိုရင် စေတနာ့ဝန်ထမ်း လေယာဉ်စောင့်ကြည့်သူတွေက ပျံသန်းမှုအချက်အလက်တွေကို သတိပေးကွန်ရက်တွေဆီ ပို့ဆောင်ပေးခဲ့ပြီး၊ အဲဒီကွန်ရက်တွေကနေ လူမှုကွန်ရက်၊ ရေဒီယိုနဲ့ လမ်းမပေါ်က အရေးပေါ်သတိပေး ဥဩတွေအဖြစ် ပြောင်းလဲကာ အရပ်သားတွေကို လုံခြုံရာဆီ ခိုလှုံဖို့ မိနစ်အနည်းငယ် အချိန်ရစေခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွက် အဓိက တာဝန်အရှိဆုံးကတော့ စစ်တပ်ပါ။ ဒါပေမဲ့ ဒေသအာဏာပိုင်တွေအနေနဲ့ လုပ်နိုင်တာတွေ ရှိပါတယ်။ လူအများ အသွားအလာများပြီး စည်ကားတဲ့ ဈေးလို ကုန်သွယ်ရေးဗဟိုချက်တွေကို ရပ်ကွက်အလိုက် ခွဲထုတ်လိုက်တာမျိုး လုပ်နိုင်ပါတယ်။ လူစုလူဝေး အများဆုံးအချိန်ကို ရှောင်ရှားဖို့ ဈေးဖွင့်ချိန်တွေကို ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။ အဲဒီလို သတ်မှတ်ရာမှာ စစ်တပ်က ဗုံးကြဲလေ့ရှိတဲ့ အချိန်တွေကို လေ့လာမှတ်သားပြီး ထည့်သွင်းစဉ်းစားတာမျိုး လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးရုံ၊ ကျောင်း၊ ဈေးနဲ့ စစ်ဘေးရှောင်စခန်းတွေအနီးမှာ ခိုင်ခန့်ပြီး စနစ်ကျတဲ့ ဗုံးခိုကျင်းတွေ မဖြစ်မနေ ထားရှိရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေ ထုတ်နိုင်ပါတယ်။ ဒီလို အစီအမံတွေကနေတဆင့် အရပ်သား ထိခိုက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဗုံးခိုကျင်းတွေဟာ နေရပ်စွန့်ခွာလာရတဲ့ မိသားစုတွေအတွက် အထူးအရေးကြီးပါတယ်။ စစ်တွေကနေ ကျောက်တော်နဲ့ မြောက်ဦးကို ထွက်ပြေးလာသူ နှစ်ဦး ပြောပြချက်အရ စစ်ဘေးရှောင် အများစုဟာ အိမ်ငှားနေထိုင်ရာမှာ နေလို့ ဖြစ်ရုံ အခြေအနေနဲ့ နေကြရတယ် ဆိုပါတယ်။ ဒါမှမဟုတ် ယာယီတဲလေးတွေထိုးပြီး နေကြရပါတယ်။ ဒါတွေဟာ လေကြောင်းတိုက်ခိုက်မှုကို အကာအကွယ် မပေးနိုင်ပါဘူး။ ဘေးကင်းလုံခြုံတဲ့ ဗုံးခိုကျင်းတွေ မရှိရင် အချိန်မီ လေယာဉ် သတိပေးချက်တွေ ရရင်တောင် လူထုအတွက်က ဘာတန်ဖိုးမှ မရှိပါဘူး။

စစ်ပွဲနဲ့ ပဋိပက္ခသမိုင်းတွေကို ပြန်လေ့လာရင်လည်း ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြုံရရင် ရပ်ရွာလူထုဟာ ရှင်သန်အောင် လိုက်လျောညီထွေ ပြောင်းလဲနေထိုင်ရပါတယ်။ ဥပမာ ဗီယက်နမ်စစ်ပွဲအတွင်း မြောက်ဗီယက်နမ်က လူထုဟာ စုပေါင်းဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေနဲ့ ဂူလိုဏ်ခေါင်းတွေကို တူးခဲ့ကြပြီး၊ အာဏာပိုင်တွေကလည်း နေ့ခင်းဘက် လူစုလူဝေးဖြစ်တာကို လျှော့ချဖို့ ကျောင်း၊ အလုပ်နဲ့ ဈေးချိန်တွေကို ချိန်ညှိခဲ့ကြပါတယ်။ ဒီလိုအစီအမံတွေက လေကြောင်းစစ်ဆင်ရေးကို မတားဆီးနိုင်ပေမယ့် အရပ်သား ထိခိုက်သေဆုံးမှုကို လျှော့ချပေးနိုင်ပါတယ်။

နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ချက်တွေကတော့ ဆက်ရှိနေဦးမှာပါ။ ဒါပေမဲ့ မြေပြင်က အရပ်သားတွေအတွက် အရေးတကြီး လိုအပ်နေတာကတော့ အစောပိုင်း သတင်းရရှိမှုကို သူတို့ လက်တွေ့အသုံးချနိုင်တဲ့ သတိပေးချက်အဖြစ် ပြောင်းလဲဖို့ပါပဲ။ ဒါက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးနိုင်မှာ မဟုတ်ပေမယ့် ဂျက်လေယာဉ် ပျံတက်သွားပြီဆိုတာကို သိရချိန်နဲ့ ဘယ်နေရာကို တကယ်ဦးတည်နေပြီလဲဆိုတာကို သိရှိချိန် နှစ်ခုကြားက ကွာဟချက်ကို လျှော့ချနိုင်ခဲ့ရင် အရပ်သား ပြည်သူတွေ ဘေးကင်းရာကို အချိန်မီ ပုန်းခိုနိုင်ဖို့တော့ အခွင့်အရေး ပိုရလာမှာ ဖြစ်ပါတယ်။

[ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ ဖော်ပြခဲ့သည့် Running for Cover: The Limits of Early Warning in Rakhine Air War  ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဆောင်းပါးရှင်သည် ရခိုင်ပြည်နယ်ဇာတိ သုတေသီတဦးဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပဋိပက္ခရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းတင်ရေးလုပ်ငန်းတွေမှာ ဆယ်စုနှစ်တခုစာ အတွေ့အကြုံရှိသူ ဖြစ်သည်။ လက်ရှိ ထိုင်းနိုင်ငံ မဟီဒေါ (Mahidol) တက္ကသိုလ်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးရာ မဟာဘွဲ့အတွက် ပညာသင်ယူနေပါသည်။]

]]>