ကိုနေဝင်း (မောင့်လပြည့်ဝန်း), Author at ဧရာဝတီ https://burma.irrawaddy.com/author/konaywin Covering Burma and Southeast Asia Sun, 27 Sep 2026 01:03:57 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ကိုနေဝင်း (မောင့်လပြည့်ဝန်း), Author at ဧရာဝတီ https://burma.irrawaddy.com/author/konaywin 32 32 အမှိုက်ပုံနဲ့ အမှန်တရား https://burma.irrawaddy.com/article/2026/09/27/416592.html Sun, 27 Sep 2026 01:00:21 +0000 https://burma.irrawaddy.com/?p=416592 “လောကကြီးဟာ အမှိုက်သရိုက်နဲ့ ကင်းလွတ်လို့ မရဘူး” လို့ မပြောချင်ပေမယ့် ပြောရတော့မလို ဖြစ်နေပြီ…]]>

ငါဟာ အမှိုက်သရိုက်ကို အမုန်းဆုံးပဲ။

ဒါကြောင့် အိမ်မှာ တံမြက်စည်း လှည်းတတ်တဲ့ အကျင့် ရှိတယ်။

အမှိုက်ကို တနေရာမှ တနေရာသို့ ပြောင်းရွှေ့ခြင်း၊ တခုခုနဲ့ ကွယ်ထားခြင်း၊ စုပုံထားခြင်း၊ ကုန်စင်အောင် မလှည်းခြင်း၊ အကြွင်း ကျန်ခြင်း စတာ စတာတွေ ပြောရင်တော့ ဆုံးမှာ မဟုတ်တော့ဘူး။

ဒါတွေကို ငါ မကြိုက်ဘူး။

“အမှိုက်ကစ ပြသာဒ် မီးလောင်” ဆိုတဲ့ စကားပုံ ရှိတယ် လေ။

ငါဟာ ရွှေဘုံရွှေနန်း၊ ရွှေကြငှန်းမှာ ရွှေလင်ပန်းနဲ့ အချင်း ဆေးခဲ့ရတဲ့ လူတယောက်ပါပဲ။ လူလားမြောက်တဲ့ အချိန်မှာ အမှိုက်သရိုက်တောထဲ ရောက်နေပြီ။ အမှိုက်ပုံပေါ်မှာ ကြီးပြင်းခဲ့ရတယ်လို့ လွယ်လွယ်ပဲ ပြောလိုက်ကြပါစို့။

အဲဒီ လွယ်လွယ်ပြောတတ်တဲ့ အကျင့်ရှိတဲ့ လူတွေကိုလည်း ငါမုန်းတာပါပဲ။

ငါ့မှာ စကားကို လွယ်လွယ်နဲ့ လက်လွတ်စပယ် ပြောတတ်တဲ့ အလေ့အကျင့် မရှိ။ ပြီးပြီးရော ဘယ်တော့မှ မပြောဘူး။ အခါ ၁၀၀ စကားပြောရင် ၉၉ ကြိမ်ဟာ အလေးအနက်ပဲ။

ခုဆိုရင် အဲဒီ အမှိုက်ပုံကို စွန့်ခွာ ထွက်ခဲ့တာ ၁၀ စု တခေတ်တောင် ရှိပြီပေါ့။ ငါ့ကို ပညာအမွေတွေ၊ အတွေ့အကြုံ ဗဟုသုတတွေ ပေးဝေခဲ့တဲ့ အဲဒီ အမှိုက်ပုံရဲ့ ကျေးဇူးကို ငါ အမှတ်ရနေတတ်တယ်။

ဒီနေ့တော့ ငါ့စိတ်တွေ ငါ ကြီးပြင်းခဲ့ရတဲ့ အမှိုက်သရိုက် တောထဲကို တခါ ပြန်ရောက်သွားတယ်။

တံမြက်စည်းတော့ လှည်းတယ်၊ အမှိုက်ကို မကျုံးဘူး။ တနေရာမှာ ပုံထားလိုက်တယ်။ တာဝန်ရှိတဲ့လူ ဆက်လုပ်လိမ့်မယ်။

အမှိုက်ပုံပေါ်မှာ အိပ်စက်ခဲ့တဲ့ ညတွေ ငါ ပြန်မြင်ကြည့်တယ်။ အဲဒီတုန်းက ငါဟာ အမှိုက်သရိုက်ကို ခင်တွယ်တဲ့သူ တယောက်ပါပဲ။ ငါကိုယ်တိုင်က အမှိုက်သရိုက်ပဲ မဟုတ်လား။

ခုတော့ ငါ အမှိုက်သရိုက် မဟုတ်တော့ဘူး။

ဆင့်ကဲ ပြောင်းလဲဖြစ်စဉ် အဆင့်ဆင့်ကို ဖြတ်သန်းပြီး သန့်စင်ခဲ့ပြီ။ ခုချိန်မှာ ငါဟာ အမှိုက်သရိုက်ကို အမုန်းဆုံး လူတယောက် ဖြစ်နေပြီ။
ဒါဘာကြောင့်လဲ။

မရေမရာ အဖြေတချို့ကို လက်ခံရရှိခဲ့တယ်။

“လေလွင့်ခရီးသည်” အဖြစ်နဲ့ “ရေရာမယ် မရေရာတဲ့ ခရီးလမ်း ဆုံးရင်လေ” လို့ ငါရေးခဲ့ဖူးတာ ပြန်အမှတ်ရနေမိတယ်။

လူဆိုတာ ကိုယ် နေခဲ့ဖူးတဲ့အိမ်ကို တချိန်မှာ ပြန်မုန်းတတ်သလား။

ခိုဝင်ခဲ့ဖူးတဲ့ အရိပ်ကို စက်ဆုပ်တတ်သလား။ ချစ်ခဲ့ဖူးတဲ့ လူကို ပြန်မုန်းတတ်သလား။

8:06 AM

ဟော .. ခေါင်းလောင်းထိုး အမှိုက်သိမ်းကား လာနေပြီ။ ငါ့အိမ် မီးဖိုဆောင်ထဲမှာ ရှိတဲ့ အမှိုက်ပုံး ထွက်သွန်မယ့်သူ မရှိဘူး။

အိမ်နောက်ဖေးမှာ ချောင်းငယ်ကလေး တခု ရှိတယ်။ ဒီချောင်းထဲမှာလည်း စည်းကမ်းမဲ့ အမှိုက်တွေ အများကြီးပဲ။

“လောကကြီးဟာ အမှိုက်သရိုက်နဲ့ ကင်းလွတ်လို့ မရဘူး” လို့ မပြောချင်ပေမယ့် ပြောရတော့မလို ဖြစ်နေပြီ။

ဒါပါပဲ။ ။

8:11 AM.

■

၂၆ ဇန်နဝါရီ၊ ၁၉၉၆။

(တေးရေး ကိုနေဝင်း (မောင့်လပြည့်ဝန်း) ရေးသားသည့် ဤဆောင်းပါးကို READ IT Book Store & Publishing စာအုပ်တိုက် က ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “သူ၏ အရေးအသားများ” ဒုတိယ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>