ကြည်ဝင်းစိန် (Malcolm), Author at ဧရာဝတီ https://burma.irrawaddy.com/author/kwsmc Covering Burma and Southeast Asia Sat, 22 Aug 2026 01:05:14 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ကြည်ဝင်းစိန် (Malcolm), Author at ဧရာဝတီ https://burma.irrawaddy.com/author/kwsmc 32 32 VIP ရောဂါတမျိုး https://burma.irrawaddy.com/article/2026/08/22/415672.html Sat, 22 Aug 2026 01:00:29 +0000 https://burma.irrawaddy.com/?p=415672 အမေရိက၊ ဟောလိဝုဒ်၊ Beverly Hills နှင့် Las Vegas မြို့များ ဝင်ရောက် လည်ပတ်နိုင်ရန် ခရီးစရိတ်၊ အိမ်၊ ကား စသည်တို့ အားလုံး စီစဉ်ပေးရန်… ခရီးစဉ်၌ သုံးစွဲရန် ပေါင် နှစ်သောင်းခွဲပါ လိုအပ်သည်ဟု တောင်းဆို…]]>

ထိုခေတ် ထိုအခါက (တော်လှန်ရေး ကောင်စီခေတ်) နိုင်ငံခြား သွားခွင့်ကို အစိုးရ ဝန်ထမ်းနှင့် အထူး ပုဂ္ဂိုလ်များသာ ရရှိသည်။

နိုင်ငံခြား ဆေးသွားကုဖို့ ဆိုတာကတော့ သာမန်လူများ အိပ်မက်ပင် မမက်ရဲသော အရာဖြစ်သည်။

ဗိုလ်ချုပ်ကြီး နေဝင်းကတော့ ၎င်းကိုယ်တိုင် တနှစ်တခါခန့် အင်္ဂလန်နှင့် ဥရောပသို့ ဆေးစစ်ခြင်း၊ အနားယူခြင်းများ ပြုလုပ်၍ ၎င်း၏တပည့် လူကြီးများ (တော်လှန်ရေး ကောင်စီဝင်များ) နိုင်ငံခြား ဆေးသွားကုသခြင်းကို မပိတ်ပင်ပါ။

သို့သော် နိုင်ငံခြားငွေ လဲလှယ်ခွင့်ကိုတော့ အကန့်အသတ်ဖြင့် အနည်းငယ်သာ ရရှိကြသည်။

နိုင်ငံခြားရောက်ပြီး ငွေပြတ်လပ်သည့် အခါမျိုးတွင် နိုင်ငံခြားစီးပွားရေးနှင့် ကုန်သွယ်ရေးကို ကိုင်ထားသော ဗိုလ်ချုပ် အောင်ကြီးထံ ဖုန်း (သို့မဟုတ်) စာဖြင့် ဆက်သွယ်၍ နိုင်ငံခြားငွေ အကူအညီ တောင်းခံကြသည်။

ဗိုလ်ချုပ် အောင်ကြီးကလည်း အခက်အခဲရှိသူကို ကူညီတတ်သော စိတ်ရှိ၍ စာတိုလေးဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ကျနော့်ကို ဆက်သွယ်ပြီး-

“ကိုကြည်ဝင်းစိန်၊ ယခုလာသူကို လိုအပ်သလို ကူညီ စောင့်ရှောက်လိုက်ပါ” ဟု မှာကြားသည့်အခါ ကျနော်မှ ကူညီရ ပါသည်။

ငွေကြေး ထုတ်ပေးရာတွင် ကျနော်မှ ထိုသက်ဆိုင်ရာ ပုဂ္ဂိုလ်သည် Bunma Trade London မှ ငွေမည်မျှကို ခေတ္တ ချေးငှား ပါသည် ဆိုသည့် ပြေစာတွင် လက်မှတ်ထိုး ယူစေပြီး၊ စာရင်းသွင်း မှတ်ထားစေသည်။

များသောအားဖြင့်လည်း၊ စတာလင်ပေါင် ရာဂဏန်းမျှဖြစ်၍ အချို့ အရစ်ကျ ပြန်ဆပ်ကြသူ များပါသည်။ အချို့ကျတော့ ဆေးဖိုးဝါးခ များပြီး မဆပ်နိုင်သောအခါ ဗိုလ်ချုပ် အောင်ကြီးက လူမှုရေး ကူညီမှုပြပြီး စာရင်းမှ ပယ်ဖျက်စေသည်။

ထိုအထဲမှာ စတာလင်ပေါင် သောင်းဂဏန်းနှင့် ယူသွားပြီး သုံးဖြုန်းပစ်သူက ထိုစဉ်က နံပါတ် ၃ ဟုခေါ်ဆိုနိုင်သော ဗိုလ်မှူးချုပ် တင်ဖေ ဖြစ်သည်။

နံပါတ် ၂ ဗိုလ်ချုပ် အောင်ကြီး ပြီးလျှင် ဝါစဉ် အမြင့်ဆုံးသော ဗိုလ်ချုပ် ဖြစ်သည်။

တကယ်တော့ နံပါတ် (ဝမ်း) ကြီးက နံပါတ် ၂ မည်သူ့ကိုမျှ မထား။ ၎င်းအောက်မှ တပ်မှူးများကို ကဏ္ဍအလိုက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စသည့်ကိစ္စများ ခွဲဝေ တာဝန်ယူစေပြီး၊ တဦးလုပ်နေတာကို တဦးကို ပေးမသိ၊ အမိန့်ဟူသမျှ ၎င်းထံမှ တိုက်ရိုက် ပေးပြီး၊ လုပ်ပိုင်ခွင့်ကို တင်းကျပ်စွာ ကိုင်ထားသူ ဖြစ်သည်။

၎င်း နိုင်ငံခြားသွားပါက ဝါစဉ် အရင့်ဆုံးပုဂ္ဂိုလ်ကို လွှဲပေးသွားတတ်ပြီး၊ ထိုပုဂ္ဂိုလ်လည်း တကယ်အာဏာရှိသူ မဟုတ်၊ သူ၏ တပည့်ရင်းများကို တဦးချင်း ခွဲဝေပေးထားပြီး နံပါတ် (ဝမ်း) ကြီးထံမှသာ အာဏာ စီးဆင်းသည်။

သို့ဖြစ်၍ ၁၉၆၂ အာဏာ သိမ်းစဉ်က ကြည်း၊ ရေ၊ လေ ဒုချုပ် ၃ ဦးကိုပင် အသိပေး တိုင်ပင်ခဲ့ခြင်း မရှိခဲ့။

တော်လှန်ရေး ကောင်စီ အစိုးရ နံပါတ် ၃ အဆင့်ရှိ ဗိုလ်မှူးချုပ် တင်ဖေ။

ဗိုလ်မှူးချုပ် တင်ဖေ လွန်ခဲ့သည့် နှစ်အနည်းငယ်က မော်တော်ကား တိုက်မှုတွင် ဒဏ်ရာ အကြီးအကျယ်ရပြီး ဆေးရုံတွင် လပေါင်းများစွာ တက်ခဲ့ပြီး ကုသရသည်။

ညာဘက်နှင့် နံရိုးအချို့ ကျိုးအက်ပြီး ကျောက်ကပ်၊ ဆီးအိမ်တို့ပါ ထိခိုက်မှုရှိခဲ့သည်။ ဆေးရုံမှ ဆင်းပြီးတော့ ဆေးအဆင့် ကျကာ၊ ဆေးမှူးကြီးများ ဖြစ်သော ဗိုလ်မှူးကြီး လှဟန်၊ မောင်လွင် တို့က တပ်မတော်မှ အနားယူ အငြိမ်းစား ပေးသင့်ကြောင်း ဘုတ်အဖွဲ့ဖြင့် စစ်ဆေး ထောက်ခံခဲ့သည်။

တပ်မတော်မှ အငြိမ်းစား မပေးပါရန် နံပါတ် ဝမ်း နှင့် နံပါတ် ၂ တို့ကို တောင်းပန် တိုးလျှိုးတော့ နောက်ဆုံး နံပါတ် ၂ ဗိုလ်ချုပ် အောင်ကြီးမှ ဆေးဘုတ်အဖွဲ့အား ဆေးအဆင့် ပြန်လည် မြှင့်တင်ပေးရန် မေတ္တာရပ်ခံသောကြောင့် တပ်ထဲ မြဲနေခြင်း ဖြစ်သည်။

တနေ့ ည တနာရီ အချိန် ပြင်သစ် ပါရီမြို့မှ ဖုန်းဝင်လာသည်။ ဗိုလ်ချုပ် တင်ဖေ ထံမှဖြစ်ပြီး ဆေးကုသရန် ရောက်နေတာ တပတ်ခန့် ရှိပြီဖြစ်ကြောင်း၊ ဗိုလ်ချုပ် အောင်ကြီးမှ ငွေကြေး အခက်အခဲရှိက လန်ဒန် Burma Trade ဦးကြည်ဝင်းစိန်ထံ ဖုန်းဆက်သွယ်ရန် မှာကြားလိုက်၍ ယခု စတာလင်ပေါင် ၆ ထောင်ကို ကိုယ်ရေးအရာရှိ လွှတ်၍ ယူခိုင်းလိုက်မည်၊ စီစဉ်ထားစေလိုကြောင်း မှာကြားပါသည်။

ကျနော့် ဖုန်းကို ဗိုလ်မှူးကြီး အေးမောင်ထံ ရပြီး၊ နောက်နေ့ ဗိုလ်ချုပ် တင်ဖေ၏ PA ဗိုလ်မှူးနှင့် ဗိုလ်မှူးကြီး အေးမောင် ကိုယ်တိုင် လေယာဉ်ကွင်းမှ ကြိုပြီး ရောက်လာကြသည်။

ကျနော်လည်း နံနက်စောစောပင် ရုံးသွား၍ MD ဦးအောင်ခင်ကို သတင်းပို့ကာ ပေါင် ၆၀၀၀ ဘဏ်မှ ထုတ်ပြီး အဆင်သင့် လုပ်ထားသည်။

ထိုပေါင် ၆၀၀၀ ကို ခေတ္တချေးငွေ အဖြစ် လက်ခံရရှိကြောင်း၊ ထိုဗိုလ်မှူးအား လက်မှတ် ရေးထိုးစေသောအခါ ၎င်းကို ဗိုလ်ချုပ် တင်ဖေမှ လက်မှတ် ရေးထိုးယူရမည် ဟု မှာကြားထားခြင်း မရှိကြောင်း ပြောပါသည်။

ကျနော်ကလည်း ရုံးလုပ်ထုံးလုပ်နည်း အရ ငွေကြေး ထုတ်ပေးမှုကို လက်ခံပြေစာ အထောက်အထားရှိမှ ပေး၍ရကြောင်း၊ လက်မှတ်ကို ဗိုလ်ချုပ် တင်ဖေ ကိုယ်စားထိုးရန် ဖြစ်ပြီး သက်သေအဖြစ် ဗိုလ်မှူးကြီး အေးမောင်က လက်မှတ် ရေးထိုး ပါသည်။

နောက်တကြိမ် ရက်သတ္တပတ် အနည်းငယ် အကြာ သြ(စ်)ထရီးယား၊ ဗီယင်နာမြို့မှ လှမ်း၍ ပေါင် ၅၀၀၀ အပြင် သံတမန် နံပါတ်ပြားပါ ကားနှင့် ဒရိုင်ဘာ စီစဉ်၍ ဗီယင်နာ ပို့ပေးရန်ပြောသည်။

ကျနော်လည်း သံတမန် နံပါတ်ပြားပါ ကား ရုံးမှာ မရှိကြောင်း၊ စစ်သံမှူး ဗိုလ်မှူးကြီး အေးမောင်မှာပဲ ရှိကြောင်း ပြောတော့ ပေါင် ၅၀၀၀ ကို ဗိုလ်မှူးကြီး အေးမောင်ကို ပေးလိုက်ပြီး ဗိုလ်မှူးကြီး အေးမောင်၊ ဒရိုင်ဘာနှင့်ကား ၎င်းထံ ပို့ပေးရန် မှာကြား ၍ ဗိုလ်မှူးကြီး အေးမောင်လည်း မနေသာဘဲ အားလုံး ကုန်ကျငွေများကို Burma Trade London မှပဲ ကျခံ ဆောင်ရွက် ပေးရပါသည်။

ဗိုလ်ချုပ် တင်ဖေနှင့် အဖွဲ့ကတော့ Burma Trade UK မှာ ငွေကြေးတွေ အလျှံအပယ် ဖြစ်နေပြီး အလကားရယူ သုံးစွဲ နေကြသည်ဟု အထင်ရှိပုံရသည်။

ကျနော်တို့က အင်္ဂလိပ်တို့၏ ဥပဒေ အတိုင်း ဖွင့်ထားရသော ကုမ္ပဏီဖြစ်၍ ငွေကြေးသုံးစွဲရာတွင် စာရင်းစစ် မှတ်တမ်းဖြင့် ပြေစာဖြင့် သုံးစွဲရသဖြင့် Audit စာရင်းစစ် ဝင်သည့်အခါ အစစ်ဆေးခံရ၍ အားလုံး စနစ်ဇယားဖြင့် ပြုစုရသည်။

ထိုအဖွဲ့အပြန်ခရီးမှာ မြန်မာပြည် တိုက်ရိုက်မပြန်ဘဲ အမေရိက၊ ဟောလိဝုဒ်၊ Beverly Hills နှင့် Las Vegas မြို့များ ဝင်ရောက် လည်ပတ်နိုင်ရန် ခရီးစရိတ်၊ အိမ်၊ ကား စသည်တို့ အားလုံး စီစဉ်ပေးရန် မှာကြားသဖြင့် ဆောင်ရွက်ပေးရသည်။

ထို့ပြင် ထိုခရီးစဉ်၌ သုံးစွဲရန် ပေါင် နှစ်သောင်းခွဲပါ လိုအပ်သည်ဟု တောင်းဆိုသဖြင့် အားလုံးကို Burma Trade London မှပဲ စီစဉ် ထုတ်ပေးရပါသည်။

နိုင်ငံတော် အကြီးအကဲ ခရီးသွားလျှင် သုံးစွဲသည့်အတိုင်း သုံးဖြုန်းနေခြင်း ဖြစ်သည်။

မြန်မာပြည် နံပါတ် ၃ အဆင့် ပုဂ္ဂိုလ် ဖြစ်၍ ထိုအဆင့်နှင့် လျော်ညီစွာ သုံးစွဲရမည်ဟု အယူရှိပုံရသည်။ ။

(ဤဆောင်းပါးကို သင်း စာပေက ၂၀၁၆ ခုနှစ် မတ်လတွင် ထုတ်ဝေသော စာရေးဆရာ ကြည်ဝင်းစိန် (Malcolm) အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး မာလိန်မှူး တင်ထူးစိန် မြန်မာဘာသာ ပြန်ဆိုထားသည့် “(တော်လှန်ရေး ကောင်စီ လက်ထက်) ကျွန်တော် နှင့် ဗိုလ်ချုပ်များ” ပထမအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
မုန်တိုင်းအစ တပ်တွင်းက (၂) https://burma.irrawaddy.com/article/2026/05/02/413009.html Sat, 02 May 2026 01:30:43 +0000 https://burma.irrawaddy.com/?p=413009 “လူမိုက်ကို လူလိမ္မာ အုပ်ချုပ်၍မရ၊ လူမိုက်ကို ၎င်းထက် မိုက်သောသူကသာ အုပ်ချုပ်၍ ရသည်” ဟူသော ဆိုရိုးစကားကို…]]>

အောက်ပါ ဖော်ပြမည့် အချက် အများစုသည် ဗိုလ်ချုပ်ကြီး အောင်ကြီး နှင့် ဗိုလ်မှူးကြီး ခင်ညို တို့မှ ၎င်းတို့ ကွယ်လွန် ပြီးသည့်နောက် ဖော်ပြပါ ကိစ္စများတွင် ပါဝင် ပတ်သက်မှု ရှိခဲ့သော ပုဂ္ဂိုလ်များပါ ကွယ်လွန်သွားသော အခါမှ ထုတ်ဖော် ရေးသားပါရန် မှာကြားသွားသော အကြောင်းအရာများ ဖြစ်ပါသည်။

*****

ယခင်အပတ်မှ အဆက်

တကွက်မှားသော ကျား

ဗိုလ်မှူးချုပ် မောင်မောင်က ဦးနု အစိုးရ အပေါ် တစက်ကလေးမှ ယုံကြည်မှု မရှိ၊ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ ဖြစ်အောင် လွှတ်တော်တွင် ဆောင်ရွက်နေမှု၊ နိုင်ငံရေးသမားများ၏ ပရမ်းပတာ နိုင်ငံကို အုပ်ချုပ်နေမှု၊ တပ်မတော် အပေါ် အမြင် မကြည်မှုများကို လုံးဝ မကျေနပ်။

၎င်းကိုယ်တိုင်က ကရင်သူပုန်များ လက်ထဲ ရှိစဉ်ကပင် ဗုဒ္ဓဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းသွားခဲ့သူ ဖြစ်သည်။

ထိုအချိန် တပ်မတော်တွင် သြဇာ တက္ကိမ အကြီးဆုံး ဗိုလ်ချုပ်ကြီး နေဝင်း ပြီးလျှင် ဗိုလ်မှူးချုပ် မောင်မောင် ဟု ဆိုနိုင်သည်။

အကြောင်းက ဒုချုပ် ဗိုလ်မှူးချုပ် အောင်ကြီးက အနေအထိုင် အေးဆေးပြီး ဗိုလ်ချုပ်ကြီး နေဝင်းကို လှန်ရဲသူ မဟုတ်၊ ဗိုလ်မှူးချုပ် မောင်မောင်က ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ ဖြစ်ပြီး ဗိုလ်ချုပ်ကြီး နေဝင်းကို ခံပြောရဲသူ ဖြစ်သည်။

၁၉၆၀ နှစ်ကုန်ပိုင်းတွင်တော့ ဗိုလ်မှူးချုပ် မောင်မောင်မှ ၎င်း၏ သြဇာ သက်ရောက်သည့် တပ်မှူးများနှင့် ပေါင်း၍ နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်တော့သည်။

အားလုံးလိုလို ဗိုလ်မှူးချုပ် အောင်ရွှေ ဦးစီးသည့် တောင်ပိုင်းမှ တပ်မှူးများ ဖြစ်ပြီး ပြည် အောက်ပိုင်းမှ စပြီး မကွေး၊ တောင်တွင်းကြီး၊ တောင်ငူ တပ်များ လေ့ကျင့်ရေး လှုပ်ရှားများဖြင့် စတင်သည်။

၁၉၆၁ နှစ်စပိုင်းတွင်တော့ ပုသိမ်၊ ပဲခူး၊ မှော်ဘီ၊ မော်လမြိုင် နှင့် ရန်ကုန် အနီးတဝိုက်ရှိ တပ်များပါ ပါဝင်လာပြီး သံချပ်ကာ ကားများ၊ တင့်ကားများ အထိ လေ့ကျင့်မှုများ ပြုလုပ်ရသည်။

စီမံချက်က ရန်ကုန် အနီး တပ်များဖြင့် ဝိုင်းရန်ထားပြီး “ယ” ရက်တွင် ရန်ကုန် ဝင်စီးနင်းကာ အစိုးရ အဖွဲ့ဝင်များကို ဖမ်းဆီး အာဏာသိမ်းရန် ဖြစ်သည်။

အခက်အခဲ အကြီးဆုံးက တပ်ရင်း၊ တပ်မဟာများ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရာတွင် မိမိတပ်ပိုင် နယ်နိမိတ်ကို ကျော်လွန်၍ သွားလာခွင့် မရှိခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး နေဝင်းမှလည်း တပ်များ၏ လှုပ်ရှားမှုများကို ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး မောင်လွင်ကို စောင်ကြည့်နေစေပြီး ထူးခြားမှုရှိက ချက်ချင်း သတင်းပို့ရန် ညွှန်ကြားထားသည်။

ဒုချုပ် ဗိုလ်မှူးချုပ် အောင်ကြီး နှင့် စစ်ဦးစီး ဗိုလ်မှူးကြီး ခင်ညို တို့ကို ခေါ်ယူ မေးမြန်းရာတွင် ၎င်းတို့မှလည်း သံသယ မရှိဘဲ စစ်တပ်များ ရှေ့တန်းမှ ပြန်နားချိန်တွင် လုပ်ရိုး လုပ်စဉ် လေ့ကျင့်ရေး ပြုလုပ်နေကြခြင်းသာ ဖြစ်ပါသည်ဟု ပြန်ဖြေခဲ့သည်။

ဗိုလ်မှူးချုပ် မောင်မောင်က ထိုစဉ်ကာလတွင် တပ်မတော် လေ့ကျင့်ရေး ညွှန်ကြားရေးမှူးနှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နှစ်ခုစလုံးကို ချုပ်ကိုင်ထားသူ ဖြစ်သည်။

၎င်း၏ အာဏာသိမ်းပွဲ အောင်မြင်ရန် အတွက် သူ၏ဘဝတွင် အကြီးမားဆုံးသော အမှားကို ကျူးလွန်လိုက်သည်။

ထိုအမှားကတော့ တပ်မတော်တွင် ၎င်း၏ အခင်ဆုံး သူငယ်ချင်းများ ဖြစ်သော ဗိုလ်မှူးချုပ် အောင်ကြီး နှင့် ဗိုလ်မှူးကြီး ခင်ညို ကို သွားရောက် တိုင်ပင် စည်းရုံးခြင်းပင် ဖြစ်သည်။

ထိုနှစ်ဦးမှ ဗိုလ်မှူးချုပ် မောင်မောင် ပါးစပ်က ဤသို့ အာဏာသိမ်းပွဲတွင် ပါဝင်ရန် ပြောကြားလာခြင်းကို ကြားတော့ ကိုယ့်နားကိုယ် မယုံသလိုပင် တုန်လှုပ်သွားသည်။

ဗိုလ်ချုပ် အောင်ကြီးက “ခင်ဗျား ရူးသွားပြီလား” ဟု မေးမိသည်။

ဗိုလ်မှူးချုပ် မောင်မောင်

ဗိုလ်မှူးကြီး ခင်ညိုကတော့ ထိုထက် ပိုခံစားရပြီး “ခုချက်ချင်း ဗိုလ်ချုပ် အောင်ကြီး ခင်ဗျားနဲ့ ကျနော်တို့ ဗိုလ်ချုပ်ကြီး နေဝင်းထံ သွားပြီး ဤလုပ်ရပ်ကို တင်ပြ၊ နောက် ခင်ဗျား တခါတည်း နုတ်ထွက်စာ တင်ရင် ကောင်းမယ်” ဟု ပြောလိုက်သည်။

ဗိုလ်မှူးချုပ် မောင်မောင်မှာ ဤသို့ ၎င်း၏ အခင်မင်ဆုံး သူငယ်ချင်း နှစ်ဦးက ပစ်ပစ်ခါခါ ငြင်းပယ်လိုက်ခြင်းကို အတော် ခံစားသွားရပုံ ရသည်။ ဘာမျှ မပြောတော့ဘဲ ချာခနဲ လှည့်ထွက်သွားသည်။

*****

စွန့်ဝံ့သူသာ အောင်ကြောင်းဖြာ

ဗိုလ်မှူးကြီး ခင်ညိုက ဗိုလ်ချုပ် အောင်ကြီးမှ ကြံစည်မှုတွင် ပါဝင်သည့် တပ်မှူးများကို စစ်ရုံးသို့ အမြန်ခေါ်ယူရန်နှင့် ရန်ကုန် အနီးရှိ တပ်များကို တပ်လှန့် အမိန့်ထုတ်ခိုင်းသည်ကိုပင် မအောင့်တော့ဘဲ ဗိုလ်ချုပ်ကြီး နေဝင်းထံ ချက်ချင်း ထွက်ခွာ လာသည်။

၎င်းရောက်ရှိ သွားချိန်မှာတော့ လုံခြုံရေး အစောင့်အကြပ် များစွာဖြင့် တင်းကျပ်နေပြီး ဗိုလ်မှူးကြီး ခင်ညိုကိုပင် လက်နက် ပါမပါ စမ်းသပ်ပြီးမှ နှုတ်ခမ်းမွေး ဗိုလ်မှူးကြီး မောင်လွင်ကိုယ်တိုင် ဆင်းကြိုပြီး ဗိုလ်ချုပ်ကြီး နေဝင်းထံ ခေါ်သွားပါသည်။

ဗိုလ်မှူးကြီး ခင်ညိုက အခြေအနေ ရိပ်စားမိပြီး ဗိုလ်ချုပ် အောင်ကြီး စေလွှတ်လိုက်၍ အမြန်လာခြင်း ဖြစ်ကြောင်း၊ တပ်မှူး များကိုလည်း စစ်ရုံးသို့ အမြန် သတင်းပို့ရန် ညွှန်ကြားထားပါကြောင်း တင်ပြလိုက်သည်။

ဗိုလ်ချုပ်ကြီး နေဝင်းမှ ဗိုလ်မှူးကြီး ခင်ညိုအား စစ်ရုံးသို့ ပြန်သတင်းပို့ရန်နှင့် ဗိုလ်ချုပ် အောင်ကြီးအား စစ်ရုံးနှင့် ဗိုလ်ချုပ် အောင်ကြီး နေသော ဒဂုံရိပ်သာကိုပါ လုံခြုံရေး တင်းကျပ်ထားရန် ရန်ကုန်နှင့် ဆက်စပ် ဧရိယာရှိ တပ်များကို ရုပ်သိမ်းပြီး တိုက်ပွဲဝင် အသင့် တပ်လှန့်ထားရန် အမိန့်ထုတ်ခိုင်းသည်။

ထို့ပြင် မြောက်ပိုင်းတိုင်းမှ တပ်များ အားလုံးကိုလည်း အလားတူ တပ်လှန့်ခိုင်းရန် ဗိုလ်ချုပ် အောင်ကြီး ထံသို့ ကိုယ်တိုင် ဖုန်းဆက် ညွှန်ကြားပါသည်။

ထို့နောက် နောက်နေ့ နံနက် ၈ း ၀၀ နာရီ အရောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ သတင်းပို့ရမည့် တပ်မှူးများ စာရင်းကို ဗိုလ်မှူးကြီး ခင်ညိုကို ပေးလိုက်ပါသည်။

ထိုတပ်မှူးများကတော့-

၁။ ကြည်း / ၃၅၀၅ ဗိုလ်မှူးချုပ် အောင်ရွှေ (တောင်ပိုင်း တိုင်းမှူး)
၂။ ကြည်း / ၃၅၀၇ ဗိုလ်မှူးချုပ် မောင်မောင် (တပ်မတော် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး) နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး
၃။ ကြည်း / ၃၅၁၂ ဗိုလ်မှူးကြီး အေးမောင် (အမှတ် – ၂ တပ်မဟာမှူး)
၄။ ကြည်း / ၃၅၁၇ ဗိုလ်မှူးကြီး တင်မောင် (အမှတ် – ၁၂ တပ်မဟာမှူး)
၅။ ကြည်း / ၃၅၇၀ ဗိုလ်မှူးချုပ် လှမော် (အမှတ် – ၅ တပ်မဟာမှူး)
၆။ ကြည်း / ၃၅၇၂ ဗိုလ်မှူးကြီး ကြည်ဝင်း (အမှတ် – ၇ တပ်မဟာမှူး)
၇။ ကြည်း / ၃၆၄၇ ဗိုလ်မှူးကြီး သိန်းတုတ် (အမှတ် – ၄ တပ်မဟာမှူး)
၈။ ကြည်း / ၅၈၁၈ ဒု ဗိုလ်မှူးကြီး ကျော်မြင့် (အမှတ် – ၁၀ တပ်မဟာမှူး)
၉။ ကြည်း / ၃၆၄၉ ဒု ဗိုလ်မှူးကြီး ချစ်ခိုင် (ဒု ကျောင်းအုပ်ကြီး) တပ်မတော်ကြည်း တိုက်ခိုက်ရေး ကျောင်းတို့ ဖြစ်သည်။

နောက်နေ့ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ၈ း ၀၀ နာရီ မတိုင်မီ ဆင့်ခေါ်ထားသော တပ်မှူးကြီးများ တိုက်ပွဲဝင် ဝတ်စုံများဖြင့် စစ်ရုံးသို့ ရောက်ရှိလာသည်။
အစည်းအဝေး ခန်းမ မဝင်မီ ဗိုလ်မှူးကြီး ခင်ညိုမှ ပါလာသော လက်တက်ငယ်များကို သိမ်းယူပြီးမှ ခန်းမတွင်းကို ဝင်စေသည်။

စစ်ရုံး ကော်ရစ်ဒါ လမ်းတလျှောက် ၁၀ ပေခြား စစ်သည်များ လက်နက် အပြည့်အစုံဖြင့် နေရာယူထားသည်။ ၈ း ၀၀ နာရီတွင် ဘေးတံခါးမှ ဗိုလ်ချုပ် အောင်ကြီး နှင့် ဗိုလ်ချုပ်ကြီး နေဝင်းတို့ ဝင်လာကြရာ အားလုံး မတ်တတ်ရပ် အလေးပြုကြသည်။

ဗိုလ်ချုပ်ကြီး နေဝင်းက ညာလက် ဘောင်းဘီအိတ် နှိုက်ထားပြီး အားလုံးကို ထိုင်ခိုင်းပြီး မိန့်ကြားသည်။

၁၉၅၈ နှင့် ၁၉၆၂ ခုနှစ်များက အာဏာသိမ်းမှုများတွင် ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး နေဝင်း

ယခု ခေါ်ယူထားသော မင်းတို့ တပ်မှူးတွေ အာဏာသိမ်းရန် ကြံစည်ခြင်းသည် ပြည်သူ လူထုက တရားဝင် ရွေးချယ် ထားသော အစိုးရကို လက်နက် အားကိုးဖြင့် ဖြုတ်ချရန် ကြံစည်ခြင်း ဖြစ်၍ တရားမဝင်ဘဲ ကာကွယ်ရေး ဦးစီးချုပ် ၎င်း အနေနှင့် ခွင့်မပြုနိုင်ကြောင်း၊ ငါ့စကား နားမထောင်ဘဲ မင်းတို့ ဇွတ်တိုး လုပ်မည်ဆိုက ငါ့ကို သတ်ပြီး ငါ့အလောင်းကို ကျော်ပြီးမှ ရမည်ဖြစ်ကြောင်း၊ မင်းတို့ နောက်မဆုတ်ဘူး ဆိုက အခု ငါ့ကို ပစ်သတ်လိုက်ဟု ဆိုကာ ညာလက်ဖြင့် ကိုင်ထားသော ခြောက်လုံးပြူးကို ဗိုလ်မှူးချုပ် မောင်မောင် ရှေ့ ချပေးလိုက်သည်။

ဗိုလ်မှူးချုပ် မောင်မောင် အထူးတုန်လှုပ်သွားပြီး မတ်တတ်ရပ်ကာ ဗိုလ်ချုပ်ကြီး နေဝင်း အား-

“ခင်ဗျား နွားကြီးပဲ။ ကျုပ်တို့ အာဏာ မက်လို့၊ ခင်ဗျားကို သတ်ချင်လို့ လုပ်တာ မဟုတ်ဘူး။ တိုင်းပြည် ကောင်းဖို့ အတွက် လုပ်တာ” ဟု ပြောပြီးနောက် တဦးချင်း ခန်းမမှ ထွက်စေကာ လုံခြုံမှု ရှိသော အဆောက်အဦးတွင် သီးခြားစီ ထိန်းသိမ်း ထားလိုက်ပါသည်။

ထိုလစ်လပ်သွားသော တပ်မှူးကြီးများ နေရာတွင် ချက်ချင်း တပ်မှူး အသစ်များ ခန့်အပ် အမိန့်ထုတ်ပြီး ရန်ကုန်နှင့် မှော်ဘီ၊ အင်းစိန် တဝိုက် ဝိုင်းရံထားသော တပ်များကိုမူ မူလနေရာများသို့ ပြန်စေသည်။

အထက်ပါ အာဏာသိမ်းရန် ကြံစည်သော တပ်မှူးများကို ထိုနေ့ ရက်စွဲဖြင့်ပင် ၁၉၆၀ ရွေးကောက်ပွဲတွင် မသမာသော နည်းဖြင့် အနိုင်ယူရန် ကြိုးစားခြင်း အတွက် တပ်မတော်မှ ထုတ်ပယ်လိုက်ကြောင်း အမိန့် ထုတ်ပြန်ပါသည်။

“လူမိုက်ကို လူလိမ္မာ အုပ်ချုပ်၍မရ၊ လူမိုက်ကို ၎င်းထက် မိုက်သောသူကသာ အုပ်ချုပ်၍ ရသည်” ဟူသော ဆိုရိုးစကားကို ဗိုလ်ချုပ်ကြီး နေဝင်းက သက်သေ ထူလိုက်ခြင်း ဖြစ်သည်။

ဤကဲ့သို့ အသက်နှင့် ရင်းပြီး သတ္တိရှိစွာ စိန်ခေါ် အနိုင်ယူလိုက်ခြင်းက တပ်မတော် အတွင်း ပြိုကွဲပြီး အသက်များစွာ သေကျေကြမည့် အန္တရာယ်ကို ရှောင်ရှားလိုက်ခြင်း ဖြစ်သည်။

တပ်မတော် အတွင်း ပြိုကွဲမှု ဖြစ်ပါက ယခင် ၁၉၅၈-၅၉ တဝိုက် အာဏာရ ဖဆပလ ပါတီ အစိုးရအတွင်း ပြိုကွဲမှုထက် အဆပေါင်းများစွာ ဆိုးရွားသွားစေနိုင်ပါသည်။

နောက်နေ့မှာပဲ ဗိုလ်ချုပ်ကြီး နေဝင်းက ဗိုလ်မှူးချုပ် အောင်ကြီးနှင့် ဗိုလ်မှူးချုပ် သန်းဖေကို ခေါ်ကာ ဝန်ကြီးချုပ် ဦးနု နှင့် ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးအောင် တို့ကို သွားရောက် ရှင်းပြကာ အခြေအနေကို ထိန်းလိုက်ပြီ ဖြစ်ကြောင်း သတင်း ပို့ပါသည်။

ဤသို့ဖြင့် ဦးနုနှင့် အဖွဲ့ ဗိုလ်ချုပ်ကြီး နေဝင်း အပေါ် ယုံကြည် ကိုးစားမှုက ယခင်ကထက် ပိုလာပါတော့သည်။

လစ်လပ်သွားသော ဗိုလ်မှူးချုပ် မောင်မောင်၏ DMT နေရာကို ဗိုလ်မှူးကြီး ခင်ညို မှ ဆက်ခံရသည်။ ထို့ပြင် ဗိုလ်မှူးကြီး ခင်ညိုအား ဗိုလ်မှူးချုပ် မောင်မောင် နှင့် အပေါင်းအပါ တပ်မှူးများ၏ အာဏာ သိမ်းရန် ကြိုးပမ်းမှုကို အသေးစိတ် စုံစမ်း တင်ပြရန် တဦးတည်း စုံစမ်း စစ်ဆေးရေး ကော်မရှင်တာဝန် ပေးအပ်ပါသည်။

တပ်မတော်ရှိ မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်၊ တပ်မှူး၊ အရာရှိ၊ စစ်သည် မှတ်တမ်းများက အစ နောက်ကြောင်းပြန် စစ်ဆေး မေးမြန်း ကြည့်ရှုခွင့် ပေးထားပြီး တွေ့ရှိချက်ကို ၂ လအတွင်း ကာကွယ်ရေး ဦးစီးချုပ် တဦးတည်းသို့ တင်ပြရန် ဖြစ်သည်။

ထိုအခါမှ ဗိုလ်မှူးကြီး ခင်ညိုလည်း ပါဝင် ပတ်သက်သော တပ်မှူးကြီးများထံမှ လည်းကောင်း၊ အခြား တပ်တွင်း၊ တပ်ဖွဲ့ အသီးသီးမှ လည်းကောင်း သတင်း အချက်အလက် ဖြစ်ပျက် စုံညီများနှင့် ဖြစ်စဉ် အသေးစိတ်ကို သိရှိလာသည်။

အထူးသဖြင့် ဦးဆောင် ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် မောင်မောင်၏ ကရင်သူပုန်များ လက်ထဲက စ၍ နောက်ဆုံး ကာကွယ်ရေး ဦးစီးချုပ်ကို အသိမပေးဘဲ နိုင်ငံတော် အာဏာသိမ်းရန် ကြိုးပမ်း ဆောင်ရွက်ချက်များ အထိ ဗိုလ်ချုပ်ကြီး နေဝင်းထံ တင်ပြနိုင်ခဲ့သည်။

ဝန်ကြီးချုပ် ဦးနု

ဗိုလ်ချုပ်ကြီး နေဝင်းက ထိုဖိုင်တွဲကို ၂ ရက်တိတိ တဦးတည်း ဖတ်ရှုပြီး ဗိုလ်မှူးချုပ် မောင်မောင် အပေါ် မည်ကဲ့သို့ အရေး ယူသင့်သည်ကို မဆုံးဖြတ်နိုင်အောင် ရှိသည်။

တက္ကသိုလ် ကျောင်းသားဘဝက စ၍ ယခု နောက်ဆုံး အရေးယူခြင်း ခံရသည် အထိ အတူတကွ လက်တွဲပြီး တပ်မတော်ကြီး ဤအဆင့်ထိ ရောက်လာအောင် ဗိုလ်မှူးချုပ် မောင်မောင်လောက် စိတ်ရော ကိုယ်ပါ ဆောင်ရွက်ခဲ့သူ မရှိ သလောက် ဖြစ်သည်။

သို့ဖြစ်၍ နောက်ဆုံး ဒုချုပ် ဗိုလ်မှူးချုပ် အောင်ကြီးကို ခေါ်ပြီး ဗိုလ်မှူးကြီး ခင်ညို စုံစမ်း စစ်ဆေး တွေ့ရှိချက်များကို ပြပြီး မည်သို့ သဘောရသည်ကို ပွင့်ပွင့်လင်းလင်း ပြောရန် တိုက်တွန်းပါသည်။

ဗိုလ်မှူးချုပ် အောင်ကြီးမှလည်း ရဲဘော်ရဲဘက် စိတ်ရှိသူ ဖြစ်၍ ှဗိုလ်မှူးချုပ် မောင်မောင်သည် ဤကဲ့သို့သော အမှား ကျူးလွန်စေခဲ့ပါမူ ၎င်းသည် တပ်မတော်နှင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးယုတ်အောင် ပြုလုပ်မည့်သူ မဟုတ်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်သည်။

ဗိုလ်ချုပ်ကြီး နေဝင်းသည် ဗိုလ်မှူးချုပ် မောင်မောင်ကို ခေါ်ယူကာ ဗိုလ်ချုပ် အောင်ကြီး ရှေ့တွင်ပင် ဗိုလ်မှူးကြီး ခင်ညို၏ စုံစမ်း စစ်ဆေး တွေ့ရှိချက်များကို ဖတ်ပြပြီး မင်းဘာပြောချင်သလဲ ဟု မေးသည်။

ဗိုလ်မှူးချုပ် မောင်မောင်မှ ကျနော် ဘာမှ ပြောစရာ မရှိပါဟုသာ ပြန်ဖြေပါသည်။ ထိုအခါ ဗိုလ်ချုပ်ကြီး နေဝင်းမှ ဗိုလ်မှူးချုပ် အောင်ကြီးအား ဒီဖိုင်တွဲကို အခုပဲ မိးရှို့ဖျက်ဆီး လိုက်ပါ။

ဒီကိစ္စကို ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်မှူးချုပ် အောင်ကြီး နှင့် ဗိုလ်မှူးကြီး ခင်ညိုတို့ သုံးဦးသာ သိရန် ဖြစ်ပြီး အခြား မည်သူ့ကိုမျှ ပေါက်ကြားမှု မရှိစေရန်ဟု မှာကြားပြီး ထိုကိစ္စကို ထိုနေရာမှာပဲ ရပ်တန့် ပြီးဆုံးစေသည်။

တပ်မတော်နှင့် ၎င်း၏ အရာရှိကြီးများကို နိုင်ငံရေးသမားများနှင့် အခြား မည်သည့် အဖွဲ့အစည်းများ၏ ရှုတ်ချပြစ်တင် အရေးယူခြင်း မခံရအောင် အကာအကွယ် ပေးတတ်သူ ဖြစ်သည်။

ထိုထုတ်ပယ်ခြင်း ခံရသူ တပ်မှူးကြီးများအား ပြန်လည် နေရာချထားပေးရေး အတွက် ဗိုလ်မှူးချုပ် အောင်ကြီးနှင့် တိုင်ပင်ကာ ဝန်ကြီးချုပ် ဦးနု ကို တင်ပြစေသည်။

ဦးနု မှလည်း လိုလိုလားလား လက်ခံသောကြောင့် ဗိုလ်မှူးချုပ် အောင်ရွှေ နှင့် ဗိုလ်မှူးချုပ် မောင်မောင်ကို နိုင်ငံခြားရေးရုံး လွှဲပြောင်းပြီး သံအမတ်ကြီးများ ခန့်အပ်ကာ ဗိုလ်မှူးကြီးများအား စစ်သံမှူးများ အဖြစ် ခန့်အပ်စေပါသည်။

ဗိုလ်မှူးချုပ် မောင်မောင်က အစ္စရေး သံအမတ်ကြီး အဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီး အေးမောင်က အင်္ဂလန် UK နိုင်ငံ မြန်မာ သံရုံးတွင် စစ်သံမှူး အဖြစ် လည်းကောင်း နှစ်လအတွင်း ရောက်ရှိ သွားကြပါသည်။ ။

(ဤဆောင်းပါးကို သင်း စာပေက ၂၀၁၆ ခုနှစ် မတ်လတွင် ထုတ်ဝေသော စာရေးဆရာ ကြည်ဝင်းစိန် (Malcolm) အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး မာလိန်မှူး တင်ထူးစိန် မြန်မာဘာသာ ပြန်ဆိုထားသည့် “(တော်လှန်ရေး ကောင်စီ လက်ထက်) ကျွန်တော် နှင့် ဗိုလ်ချုပ်များ” ပထမအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

You may also like these stories:

မုန်တိုင်းအစ တပ်တွင်းက

]]>
မုန်တိုင်းအစ တပ်တွင်းက https://burma.irrawaddy.com/article/2026/04/25/412804.html Sat, 25 Apr 2026 01:00:54 +0000 https://burma.irrawaddy.com/?p=412804 ဗိုလ်ချုပ်ကြီး နေဝင်း အားသာချက်က မိမိ လက်အောက် ငယ်သားများကိုသာမက… အန္တရာယ် ပေးနိုင်မည့် သူများ အပေါ် မပြတ် စောင့်ကြည့် လေ့လာ သတင်းယူနေခြင်း… ထိုကိစ္စရပ်များကို ထောက်လှမ်းရေး ညွှန်ကြားရေးမှူး နှုတ်ခမ်းမွေး မောင်လွင်က တာဝန်ယူရ…]]>

အောက်ပါ ဖော်ပြမည့် အချက် အများစုသည် ဗိုလ်ချုပ်ကြီး အောင်ကြီး နှင့် ဗိုလ်မှူးကြီး ခင်ညို တို့မှ ၎င်းတို့ ကွယ်လွန် ပြီးသည့်နောက် ဖော်ပြပါ ကိစ္စများတွင် ပါဝင် ပတ်သက်မှု ရှိခဲ့သော ပုဂ္ဂိုလ်များပါ ကွယ်လွန်သွားသော အခါမှ ထုတ်ဖော် ရေးသားပါရန် မှာကြားသွားသော အကြောင်းအရာများ ဖြစ်ပါသည်။

*****

မအောင်မြင်သော အာဏာသိမ်းပွဲ

၁၉၆၀ ရွေးကောက်ပွဲက တပ်မတော် အတွင်း ပြင်းထန်သော လှိုင်းတံပိုးကြီးများ ဖြစ်ပေါ်စေသည်။

စစ်တပ်ထဲမှ ခေါင်းဆောင် အချို့၊ အထူးသဖြင့် တပ်မတော် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မောင်မောင် နှင့် နီးစပ်သော အရာရှိကြီးများက ဦးနု အစိုးရကို လုံးဝ ယုံကြည်မှု မရှိ။

၁၉၅၈ အိမ်စောင့် အစိုးရကို အာဏာ လွှဲမပေးခင်ကပင်လျှင် တပ်မတော်ကို ၎င်းတို့၏ သြဇာ အာဏာ စိုးမိုးနိုင်ရေး အတွက် ထိပ်သီး ခေါင်းဆောင်များကို ဖယ်ရှားပြီး ၎င်းတို့ သြဇာခံမည့် အရာရှိကြီးများကို နေရာပေးရန် အတွင်းကျိတ် ကြံစည်ခဲ့ခြင်း၊ နောင်ခါ လက်နက် အားကိုးဖြင့် အငိုက်ဖမ်းပြီး လွှတ်တော်ကိုပါ ဖျက်သိမ်းရန် ကြံစည်ခဲ့မှုများကို လုံးဝ မကျေနပ်။

သို့ဖြစ်၍ ဗိုလ်မှူးချုပ် မောင်မောင်နှင့် အခြား ၎င်းနှင့် နီးစပ်သော အရာရှိကြီးများ၊ အထူးသဖြင့် မြန်မာပြည် တောင်ပိုင်း တိုင်းမှ အရာရှိကြီးများက ၁၉၆၀ ရွေးကောက်ပွဲတွင် ၎င်းတို့ နှစ်သက်သော ဆွေ-ငြိမ်း အနိုင်ရရှိရေး အတွက် လက်အောက်ခံ တပ်များကို မဲခိုးစေပြီး ဆွေ-ငြိမ်း မဲပုံးထဲသို့ ထည့်စေခဲ့သည်။

ဤကဲ့သို့သော မသမာ မဲခိုးမှုများ ပြုလုပ်ခဲ့စေကာမူ ဦးနု၏ နု-တင် သန့်ရှင်း အစိုးရက ဘာသာရေးကို လက်နက်သဖွယ် အသုံးပြုပြီး ဗုဒ္ဓဘာသာ နိုင်ငံတော် ဘာသာ လုပ်ပေးမည်။

သောင်းကျန်းသူများကိုလည်း အလုံးစုံ ပြစ်မှုများ ကင်းလွတ်ခွင့် ပေးပြီး ပါလီမန် ရွေးကောက်ပွဲ ဝင်ခွင့်ပေးကာ ဗုဒ္ဓ ဘာသာ ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ထောင်ပေးမည် စသည့် ကြွေးကြော်ချက်များက ဦးနု၏ ပြည်ထောင်စု ပါတီကို မဲပြတ်နိုင်ပြီး အစိုးရ ဖွဲ့စေနိုင်ခဲ့ပေသည်။

ဦးနု အာဏာ ရလာပြီး မကြာမီ တပ်မတော်ဘက် (သို့မဟုတ်) ၎င်းတို့ဘက် ဦးတည် လှုပ်ရှားလာပြီး ၎င်းတို့ကို ဖယ်ရှားခြင်း (သို့မဟုတ်) အရေးယူခြင်း ပြုတော့မည်ကို သိသည်။

ဝန်ကြီးချုပ် ဦးနု

ဦးနု မကွယ်လွန်မီ ရေးသားခဲ့သော တာတေ စနေသား စာအုပ်တွင် ၁၉၅၈ ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့် အစိုးရသို့ ၎င်းက အာဏာ လွှဲပေးခဲ့ရခြင်းမှာ ၎င်း၏ ဆန္ဒကြောင့် မဟုတ်ဘဲ ထိုစဉ်က ဗိုလ်မှူးချုပ် အောင်ကြီး နှင့် ဗိုလ်မှူးချုပ် မောင်မောင် တို့မှ ၎င်းထံ လာရောက်ပြီး တိုင်းပြည် အခြေအနေ ပြောပြကာ တပ်မတော်သို့ အာဏာလွှဲပြောင်း မပေးပါက သွေးချောင်းစီးမည် ဖြစ်၍ အာဏာသိမ်းမှု မလွဲမသွေ တပ်မတော်မှ လုပ်မည်ဖြစ်ကြောင်း အတင်းအကျပ် တောင်းဆို မှုကြောင့် လွှဲပေးလိုက်ရခြင်း ဖြစ်သည်ဟု ဖော်ပြထားပါသည်။

သို့ဖြစ်၍ ၁၉၆၀-၆၁ ခုနှစ် တဝိုက် နိုင်ငံရေး ပါတီများ၊ အထူးသဖြင့် အာဏာရ ပြည်ထောင်စု ပါတီနှင့် တပ်မတော် တို့၏ ဆက်ဆံရေး အခြေအနေက မကောင်းလှ။

*****

ကြည်း / ၃၅၀၇ ဗိုလ်မှူးချုပ် မောင်မောင်

ဗိုလ်မှူးချုပ် မောင်မောင်သည် ပညာတတ် မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်ပြီး ဝိဇ္ဖာဘွဲ့ ဆွတ်ခူးရာတွင် နိုင်ငံရေး သိပ္ပံ ဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်သူ ဖြစ်သည်။

ဉာဏ်ရည် ထက်မြက်သူ ဖြစ်ပြီး တက္ကသိုလ် ကျောင်းသား ဘဝက သခင်အောင်ဆန်း၊ သခင်အောင်ကြီး၊ ကိုဗဟိန်း၊ သခင် သိန်းဖေ တို့နှင့် အတူလက်တွဲကာ အင်္ဂလိပ် ကိုလိုနီစနစ်ကို တိုက်ဖျက်ရာတွင် ဦးဆောင်ခဲ့ကြသော ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်သည်။

ရဲဘော် သုံးကျိပ်တွင် မပါဝင်ခဲ့သော်လည်း ဂျပန် ခေတ်ဦး BIA မှစ၍ ဂျပန်ကို တော်လှန်ကြရာတွင် ဗိုလ်ချုပ် အောင်ဆန်း ၏ အထူးယုံကြည် အားထားသော Special Staff Officer ဖြစ်သည်။

၁၉၄၅ ဂျပန်တော်လှန်ရေး အပြီး အင်္ဂလိပ်တို့ ပြန်ဝင်လာသော အခါ ဗိုလ်ချုပ် အောင်ဆန်းမှ နိုင်ငံရေးဘက်သို့ ကူးပြောင်း သွားပြီး ဗမာ့ တပ်မတော်တွင် အမာခံ ကျောရိုးအဖြစ် ဒုဗိုလ်မှူးကြီး နေဝင်း၊ ဒု ဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ် အောင်ကြီး၊ ဗိုလ် မောင်မောင် စသူတို့ကို ထားခဲ့ပါသည်။

သို့ဖြစ်၍ လွတ်လပ်ရပြီး ဗမာ့ တပ်မတော်၏ ထိပ်သီးပိုင်း အရာရှိကြီးများ၏ ဝါစဉ်ကို ၎င်းတို့၏ ပြန်တမ်းဝင် အမှတ်များ ကြည်ရုံနှင့် သိသာနိုင်ပါသည်။

ကြည်း / ၃၅၀၁ ဗိုလ်မှူးကြီး လကျာ်၊ ကြည်း / ၃၅၀၂ ဗိုလ်ချုပ်ကြီး နေဝင်း ဖြစ်ပြီး ကြည်း / ၃၅၀၃ ဗိုလ်မှူးကြီး ဇေယျ၊ ကြည်း / ၃၅၀၄ မှာ ဗိုလ်မှူးချုပ် ကျော်ဇော၊ ကြည်း / ၃၅၀၅ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ကြည်း / ၃၅၀၇ ဗိုလ်မှူး မောင်မောင် နှင့် ကြည်း / ၃၅၀၈ ဗိုလ်မှူးချုပ် တင်ဖေ စသူတို့ ဖြစ်သည်။

NLD နာယကြီး ဗိုလ်ချုပ်ကြီး တင်ဦးမှာ ကြည်း / ၃၆၅၁ ဖြစ်၏။

ဒုတိယ ကမ္ဘာစစ် အပြီး မီးကျိုးမောင်ပျက် သာသာ ဖရိုဖရဲ ဖြစ်နေသော ဗမာ့ တပ်မတော်ကို စနစ်တကျ ပြန်လည် ဖွဲ့စည်းပြီး အဆင့်မီ၍ တိုက်ရည် ခိုက်ရည် ရှိသော တပ်မတော်ကြီး တရပ် ဖြစ်အောင် အဓိက စီမံကွပ်ကဲခဲ့သော တပ်မတော် ခေါင်းဆောင်တဦး ဖြစ်သည့် ဗိုလ်မှူးချုပ် အောင်ကြီးမှာ သခင် အောင်ဆန်း၊ သခင်နု တို့နှင့် ရင်းနှီး၍ တပ်မတော် အတွက် လိုအပ်သော ဘတ်ဂျက်ကို ရှာဖွေ ပေးနိုင်သည်။

ဗိုလ်မှူးချုပ် မောင်မောင်က ထိုရရှိသော ဘတ်ဂျက်များဖြင့် တပ်မတော်ကို ပြန်လည် ဖွဲ့စည်း လေ့ကျင့် လက်နက် တပ်ဆင်မှု များဖြင့် အဆင့်ရှိသော တပ်မတော် ဖြစ်စေသည်။

ဗိုလ်မှူးချုပ် မောင်မောင်

စစ်တက္ကသိုလ် တည်ဆောက်ရာတွင် ကနဦး စတင်ကြံစည် ဖော်ဆောင်ပေးခဲ့သော ခေါင်းဆောင်တဦး ဖြစ်ပြီး နောင် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ဖွင့်လှစ်ရာတွင်လည်း ကိုယ်တိုင် ဦးစီးဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

ဗိုလ်မှူးချုပ် မောင်မောင်၏ အားနည်းချက်ကတော့ ဉာဏ်ရည် အမြော်အမြင် ကြီးမားသည်နှင့် အမျှ တဇွတ်ထိုး လုပ်တတ်သည့် ဉာဉ် ဖြစ်သည်။

ဦးနု နှင့် ဗိုလ်ချုပ်ကြီး နေဝင်းတို့ တူညီသည့် တချက်က မိမိ ဝါသနာပါရာတွင် အချိန်တဝက်ခန့် နစ်မြုပ်နေပြီး နိစ္စဓူဝ ကိစ္စများကို မိမိ ယုံကြည်သည့် လက်ထောက်များကို ပုံအပ်ထားခြင်း ဖြစ်သည်။

ဦးနုက ဘာသာတရား လိုက်စားရာတွင် မွေးလျော်ပြီး ဦးနေဝင်းကတော့ အပျော်အပါး ဝါသနာ ထုံသည်။

ဗိုလ်ချုပ်ကြီး နေဝင်း အားသာချက်က မိမိ လက်အောက် ငယ်သားများကိုသာမက မိမိ အတိုက်အခံနှင့် အန္တရာယ် ပေးနိုင်မည့်သူများ အပေါ် မပြတ် စောင့်ကြည့် လေ့လာ သတင်းယူနေခြင်း ဖြစ်သည်။

မည်သူ့ကိုမျှ ယုံကြည်ချက် အပြည့်နှင့် လွှတ်မထား၊ ထိုကိစ္စရပ်များကို ထောက်လှမ်းရေး ညွှန်ကြားရေးမှူး နှုတ်ခမ်းမွေး မောင်လွင်က တာဝန်ယူရသည်။

၁၉၅၇ တွင် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော သောင်းကျန်းသူများသို့ တပ်မတော် သတင်းများ ပေါက်ကြားမှုဖြင့် တပ်မတော်မှ ထုတ်ပယ်လိုက်ပြီးနောက် ၁၉၅၉ ခုနှစ်တွင် ဗိုလ်မှူးချုပ် မောင်မောင် ပြဿနာ စဖြစ်သည်။

၁၉၅၉ မေလ တွင် ရုရှား သံရုံးမှ စစ်သံမှူး ဗိုလ်မှူးကြီး Col. Mikhail I. Steyguine ကို ရုရှားတို့က မော်စကိုမှ လူများ လွှတ်ကာ အတင်း အဓမ္မ ပြန်လည် ခေါ်ဆောင်ခြင်းမှ စသည်။

ဗိုလ်မှူးကြီး မစ်ဟေးလ် က အဆိပ်သောက်သေရန် ကြိုးစားသော်လည်း ထိုစဉ်က ရန်ကုန်မှ ရုရှား သံရုံးရှိ KGB အေးဂျင့် Aleksandr U. Kazacheev က ဆေးအတုများသာ ပေး၍ မအောင်မြင်။

ထို့နောက် ဆေးရုံပြတင်းပေါက်မှ ခုန်ချ ထွက်ပြေးရန် ကြိုးစားရာတွင်လည်း ခြေထောက်ကျိုးတာပဲ အဖတ်တင်သည်။

မင်္ဂလာဒုံ လေဆိပ်တွင် မြန်မာ သတင်းထောက်များက ရုရှား KGB တို့ စစ်သံမှူးကြီး မစ်ဟေးလ်ကို အတင်းချုပ်နှောင် ခေါ်ဆောင်ပြီး လေယာဉ်ပေါ် တင်သည်ကို ဓာတ်ပုံ လိုက်ရိုက်၍ KGB တို့က တွန်းထိုးခြင်း၊ ကင်မရာ လု ရိုက်ခွဲခြင်းများ ပြုလုပ်၍ မြန်မာတွင်မက ကမ္ဘာ့ သတင်းများတွင်ပါ ဟိုးလေးတကျော် ဖြစ်ရသည်။

နောက်တလ ဇွန်လ ရောက်တော့ ထိုစဉ်က ပါဝင်ခဲ့သူ KGB အေးဂျင့် (တရားဝင် ပြန်ကြားရေး အရာရှိ) ဟု ပြသထားသူ Information Officer Alexander Kaznacheev ကိုယ်တိုင် ဗမာ့ တပ်မတော်မှ တဆင့် အမေရိကန် သံရုံးတွင် ခိုလှုံမှု ရရန် ကြိုးပမ်းသည်။

ထိုစဉ်က DMT ဗိုလ်မှူးချုပ် မောင်မောင်က ရုရှား သံအမတ်ကြီးမှ ထိုအရာရှိကို တွေ့ခွင့် တောင်းရာတွင် တွေ့ခွင့်မပေး၊ သို့သော် အမေရိကန် CIA များကိုတော့ တွေ့ခွင့်ပြုပြီး နောက်ဆုံး အမေရိကန် သံရုံး (USIS) သို့ လွှဲကာ လွတ်မြောက် သွားစေခဲ့သည်။

နိုင်ငံတကာ ဥပဒေကို ကျော်လွန်မှု ရှိ မရှိ၊ ကျနော့်အား ဗိုလ်ချုပ် အောင်ကြီးမှ မေးမြန်းရာ ကျနော်မှ နိုင်ငံရေး ခိုလှုံခွင့် တောင်းသူအား ကာကွယ်ပေးခြင်းသည် တရားဝင်သော်လည်း ရုရှား သံအမတ်ကြီးကို ထိုရုရှား အရာရှိအား တွေ့ခွင့် မပေးခြင်းက ဥပဒေကို ကျော်ပြီး ပိတ်ပင်ခြင်း ဖြစ်သည်ဟုသာ ဖြေကြားခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး နေဝင်း ဤကိစ္စ သိတော့ ဗိုလ်မှူးချုပ် မောင်မောင်မှ လုပ်ပိုင်ခွင့်များကို ကျော်၍ လုပ်ဆောင်ခြင်းကို ဒေါပွ သွားသော်လည်း နိုင်ငံတကာကိုတော့ ဒု ချုပ် ဗိုလ်မှူးချုပ် အောင်ကြီး အပေါ် ပုံချပြီး ကျေအေးစေပါသည်။

အမေရိကန် CIA များက ဗိုလ်မှူးချုပ် မောင်မောင်နှင့် ယခုမှသာမဟုတ် ၁၉၄၉-၅၀ တဝိုက် ကရင်သူပုန်များက ဗိုလ်မှူးကြီး မောင်မောင်ကို ဖမ်းမိသွား၍ တောတွင်း၌ လပေါင်းများစွာ ချုပ်နှောင်ထားစဉ်ကပင် အမေရိကန်နှင့် အင်္ဂလိပ် ထောက်လှမ်းရေးများ ကရင်သူပုန်တို့မှ တဆင့် တွေ့ခွင့်ရခဲ့သည်။

ထို့နောက် ဗိုလ်မှူးကြီး မောင်မောင် တရုတ်ပြည်သို့ တပ်မတော် အရာရှိကြီးများကို ခေါင်းဆောင်ပြီး ချစ်ကြည်ရေး မစ်ရှင် သွားရာတွင် ယာယီ ဗိုလ်မှူးချုပ် ရာထူး ပေးလိုက်သည်။

ခရီးစဉ် အောင်မြင်၍ ပြန်လာသော အခါ လွှတ်တော်မှ ယာယီ ဗိုလ်မှူးချုပ်ကို အတည်ပြုပေးလိုက်၍ အမြဲတမ်း ဗိုလ်မှူးချုပ် ရာထူး တိုးမြင့်သွားပါသည်။

ထိုခရီးစဉ်တွင် အမေရိကန် သူလျှိုမှ ဗိုလ်မှူးချုပ် မောင်မောင်အား တရုတ်ပြည်တွင် လျှို့ဝှက် တွေ့ဆုံမှု ပြုလုပ်ခြင်းကို တရုတ် ထောက်လှမ်းရေးများက သိသွားပြီး ဗမာ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးသို့ သတင်းပေးခဲ့၍ ဗိုလ်ချုပ်ကြီး နေဝင်းက ထိုအချိန်မှ စ၍ ဗိုလ်မှူးချုပ် မောင်မောင် အပေါ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။ ။

ဆက်လက် ဖော်ပြပါမည်။

(ဤဆောင်းပါးကို သင်း စာပေက ၂၀၁၆ ခုနှစ် မတ်လတွင် ထုတ်ဝေသော စာရေးဆရာ ကြည်ဝင်းစိန် (Malcolm) အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး မာလိန်မှူး တင်ထူးစိန် မြန်မာဘာသာ ပြန်ဆိုထားသည့် “(တော်လှန်ရေး ကောင်စီ လက်ထက်) ကျွန်တော် နှင့် ဗိုလ်ချုပ်များ” ပထမအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
အချေအတင် ကျား နဲ့ ဆင် https://burma.irrawaddy.com/article/2026/03/21/411978.html Sat, 21 Mar 2026 01:00:17 +0000 https://burma.irrawaddy.com/?p=411978 ဗိုလ်ချုပ်ကြီးက ဆိုရှယ်လစ် စနစ်ဖြင့် မဖြစ်မနေ သွားရန် စိတ်ဆုံးဖြတ်ပြီး ဖြစ်… အတွေ့အကြုံ လုံးဝ မရှိသည့် နိုင်ငံရေး သမားများနှင့် စစ်ဗိုလ်များလက် ဝကွက် အပ်ပါက လူမှုစီးပွားဘဝ တခုလုံး ပျက်ကာ ဒုက္ခရောက်နိုင်…]]>

ဗိုလ်ချုပ်ကြီး နေဝင်းက တိုတိုတုတ်တုတ်ပဲ၊ ဗိုလ်ချုပ် အောင်ဆန်း သွားလိုသည့် ဆိုရှယ်လစ် စနစ်ဖြင့် နိုင်ငံတော်ကို အုပ်ချုပ်မည် ဖြစ်ကြောင်း၊ စီးပွားရေးကိုလည်း ဆိုရှယ်လစ် စီးပွားရေး စနစ်ဖြင့် ပုဂ္ဂလိက လုပ်ငန်းအားလုံး ပြည်သူပိုင် သိမ်းပြီး တပ်က အာမခံ အဖြစ် ပါဝင်သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီမှ ကေဒါများ မွေးကာ အကောင်အထည် ဖော်မည် ဖြစ်ကြောင်း၊ BEDC နှင့် နိုင်ငံခြား ကုမ္ပဏီ ဖက်စပ် လုပ်ငန်းများမှ နိုင်ငံခြားပိုင် ရှယ်ယာများ ဝယ်ယူရန် ကိစ္စ များလည်း ရပ်ဆိုင်းပြီး ပြည်သူပိုင် သိမ်းမည် ဖြစ်ကြောင်း စသဖြင့် ရှင်းပြသည်။

ဗိုလ်ချုပ် အောင်ကြီးက ဗိုလ်ချုပ်ကြီး နေဝင်းကို ချစ်ကြောက် ရိုသေ ဖြစ်သော်လည်း တနိုင်ငံလုံးကို ဆိုရှယ်လစ် စိတ်ကူးယဉ် နိုင်ငံရေးသမားများ အကြံပေးသည့် အတိုင်း လိုက်လုပ်မည် ဆိုသည်ကိုတော့ လက်မခံနိုင်၊ စီးပွားရေးမှာ ကျွမ်းကျင်ပြီး အတွေ့အကြုံလည်း ရင့်ကျက်နေပြီ ဖြစ်၍ ဤပြည်သူပိုင်သိမ်း လမ်းစဉ်ဖြင့် ချီတက်ကြပါက စီးပွားရေး အဆောက်အအုံကြီး တခုလုံး ပျက်စီး ယိုယွင်းသွားမည်ဟု ဗိုလ်ချုပ်ကြီးအား ၎င်း၏ အမြင်ကို တင်ပြတော့သည်။

ဗိုလ်ချုပ် အောင်ဆန်း ရေးခဲ့သည့် ဆိုရှယ်လစ် စနစ်သည် ၁၉၄၁ ခုနှစ်က ဖြစ်ပြီး ယခု ၁၉၆၃ အခြေအနေနှင့် လုံးဝ ကွာခြားနေပြီ ဖြစ်ကြောင်း၊ တခါမှလည်း စမ်းသပ်ဖူးခြင်း မရှိသည့် စနစ်ဖြင့် နိုင်ငံ စီးပွားရေး တရပ်လုံးကို စီးပွားရေး အတွေ့အကြုံ လုံးဝ မရှိသည့် နိုင်ငံရေး သမားများနှင့် စစ်ဗိုလ်များလက် ဝကွက် အပ်ပါက လူမှုစီးပွား ဘဝ တခုလုံး ပျက်ကာ ဒုက္ခရောက်နိုင်ကြောင်း ပြောပြသည်။

ဗိုလ်ချုပ်ကြီးကလည်း အရှေ့ဥရောပမှ ယူဂိုစလပ် လို နိုင်ငံများမှာ ဆိုရှယ်လစ် စီးပွားရေး စနစ် အောင်မြင်နေတာ တွေ့ရ၍ မြန်မာနိုင်ငံမှာလည်း မအောင်မြင်စရာ အကြောင်း မရှိကြောင်း ပြောသည်။

ဤတွင် ဗိုလ်ချုပ် အောင်ကြီးမှ ယူဂိုစလပ်နိုင်ငံ အောင်မြင်ခြင်းက ပုဂ္ဂလိက လုပ်ငန်း အားလုံးကို မသိမ်းဘဲ ဖွင့်ထားပေး၍ ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရနှင့်အပြိုင် (Command Economy) ဖြင့် ဖော်ဆောင်၍ မရနိုင်တာ တွေ့ရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးသမား ဆိုရှယ်လစ် ဝါဒီတို့၏ စိတ်ကူးယဉ် စနစ်ဖြင့် နိုင်ငံတော်ကို စမ်းသပ်မည် ဆိုပါက မှားယွင်းမှာ ဖြစ်ပါကြောင်း၊ တပ်မတော်နှင့် နိုင်ငံတော်ကို ထိုစိတ်ကူးယဉ်သမားများ၏ ခြယ်လှယ်မှု မခံယူသင့်ကြောင်း ပြန်လှန် ပြောဆိုတော့သည်။

ဗိုလ်ချုပ် အောင်ကြီး နှင့် ဗိုလ်ချုပ်ကြီး နေဝင်း

ဤတွင် ဗိုလ်ချုပ်ကြီး နေဝင်း စိတ်ဆိုးသွားပြီး-

“အေး…မင်း၊ တို့သွားလိုတဲ့ လမ်းစဉ်ကို လက်မခံနိုင်ရင် နိုင်ငံခြားမှာ သံအမတ်ကြီးနဲ့ ၄ နှစ် သွားပြီး ရှောင်နေလိုက်ပါ၊ ငါတို့ ၄ နှစ် အခု ချမှတ်တဲ့ လမ်းစဉ်အတိုင်း အောင်မြင်အောင် မလုပ်နိုင်ခဲ့ရင် မင်းကို ပြန်ခေါ်ပြီး နိုင်ငံကို မင်းလက်ထဲ အပ်မယ်” ဟု ပြောတော့သည်။

ဗိုလ်ချုပ် အောင်ကြီး ကလည်း-

“ဗိုလ်ချုပ်ကြီး သွားလိုတဲ့ လမ်းစဉ်နဲ့ အကောင်အထည် ဖော်မယ့် ကိစ္စများမှာ ကျနော့်ကြောင့် အဟန့်အတား မဖြစ်ရအောင် ကျနော် တပ်ကကော ကိုင်ထားတဲ့ ရာထူး လုပ်ငန်းများကပါ အားလုံး စွန့်လွှတ်ပြီး ထွက်ပေးပါ့မယ်၊ သံအမတ်ကြီးနဲ့လည်း မသွားပါရစေနဲ့၊ ကျနော့်ကို အေးအေးဆေးဆေး နားခွင့်ပဲ ပေးပါ၊ အခုပဲ မကြာခင် ကျနော်၏ နုတ်ထွက်စာ တင်ပို့ပေး ပါ့မယ်” ဟု ပြောဆိုပြီး ဆွေးနွေးပွဲ အဆုံးသတ်သွားကြောင်း ပြောပါသည်။

၎င်း၏ တင်ပြချက်များ အပြီး အစည်းအဝေး ခန်းမမှ ထွက်လာသော အခါ ကော်ရီဒါတွင် ဗိုလ်မှူးကြီး ခင်ညို က စောင့်ဆိုင်း နေပြီး အခြေအနေ မေးမြန်းပါသည်။

ထိုအခါ ဗိုလ်ချုပ် အောင်ကြီးမှ “အားလုံး ပြီးသွားပါပြီ၊ ကျနော် ထွက်စာ အခုပဲ ဗိုလ်ချုပ်ကြီးထံ တင်တော့မှာပါ” ဟု ပြောလိုက်သည်။

နောက် ၂ ရက်အကြာ တော်လှန်ရေး ကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ် အောင်ကြီး တရားဝင် ထွက်စာကို ဗိုလ်ချုပ်ကြီးထံ တင်ပြလိုက်သည်။

ဗိုလ်ချုပ်ကြီး နေဝင်းမှ ထိုစာကို ဖတ်ပြီး မိနစ် အတန်ကြာ ဘာမှ မပြောဘဲ ငိုင်နေသည်။ မျက်နှာက ရင်းနှီးသော ဆွေမျိုး၊ မိတ်ဆွေ တဦးဦး သေဆုံးသွားတာ သိလိုက်ရသည့်ပုံ ပေါက်နေသည်။

အတွင်းရေးမှူး ဗိုလ်မှူးကြီး ကိုကိုမှ စိုးရိမ်ပြီး “ဗိုလ်ချုပ် ဘာသတင်းများ ဖြစ်လို့ပါလဲ” ဟု မေးရာ “မင်းတို့ပဲ ဒီစာကို ဖတ်ကြည့်ကြတော့” ဟု ပြောပြီး အစည်းအဝေး ခန်းမမှ ထွက်သွားတော့သည်။

ထိုစာကို ဖတ်ကြည့်ပြီး ဗိုလ်မှူးကြီး ခင်ညို၊ ဗိုလ်ချုပ် ကလစ် တို့ ဗိုလ်ချုပ် အောင်ကြီး ရုံးခန်း ချက်ချင်း လိုက်သွားပြီး ထွက်စာကို ပြန်လည် ရုပ်သိမ်းရန် တိုက်တွန်းကြသည်။

နောက်ထပ် လူကြီးများစွာ ရောက်လာပြီး ဗိုလ်ချုပ် အောင်ကြီးကို မထွက်ရန် တားကြသော်လည်း ဗိုလ်ချုပ် အောင်ကြီးမှ-

“ဒါတွေ အားလုံး ပြီးသွားပါပြီ၊ ဗိုလ်ချုပ်ကြီး လွတ်လွတ်လပ်လပ် သူ လုပ်လိုတာတွေ လုပ်ဖို့ ကျနော် ထွက်တာပါ” ဟု ပြောကာ တဆက်တည်း ဗိုလ်ချုပ် ကလစ်အား “တော်မီ ကျနော့်ကို ပူတာအို၊ မချမ်းဘော သွားဖို့ လေယာဉ် တစီး အမြန် စီစဉ်ပေးပါ” ဟု ဆိုပြီး မချမ်းဘော ကို ထွက်ခွာသားပါတော့သည်။

ကြာလေ ဝေးလေ

ဗိုလ်ချုပ် အောင်ကြီး မချမ်းဘောကို ထွက်သွားတာ သိသည်နှင့် နောက်နေ့တွင်ပင် ဗိုလ်ချုပ်ကြီး နေဝင်းမှ ဦးသီဟန် ကို လေယာဉ်ဖြင့် မချမ်းဘော သို့ လိုက်သွားစေပြီး၊ ထွက်စာတင်သည့် ကိစ္စကို ပြန်လည် စဉ်းစားပါရန် ပြောခိုင်းသည်။

တကယ်တော့ ဗိုလ်ချုပ်ကြီး နေဝင်းတွင် အနီးကပ် တိုင်ပင် အားကိုးနိုင်သော ပုဂ္ဂိုလ်က ဗိုလ်ချုပ် အောင်ကြီး တယောက်သာ ရှိတော့သည်။

အမှန်တရားကို မကြောက်မရွံ့ တင်ပြရဲသော ပုဂ္ဂိုလ် တဦးမျှ မကျန်တော့။

ဗိုလ်ချုပ် အောင်ကြီး / new mandala

စာအလွန် ဖတ်သော ဗိုလ်မှူးကြီး ဘသန်း (ဓမ္မိက) မှ ဖြစ်မှန်ကို တစေ့တစောင်း တင်ပြသော အနေဖြင့် ဂါးဒီးယန်း အင်္ဂလိပ် သတင်းစာတွင် ဆိုရှယ်လစ် တော်လှန်ရေးက သားကောင်များကို ဝါးမျိုလေပြီ (Revolution Devours Its Own Sons) ဟု အဓိပ္ပယ်ရသော ဆောင်းပါး တစောင် ရေးပြီး မကြာခင် အနားပေး ခံရတော့သည်။

ဗိုလ်ချုပ်ကြီးက ၎င်းကို ဝေဖန်ခြင်းကို တိုက်ခိုက်ခြင်း ဟု ယူဆသည်။

တိုင်းပြည် အာဏာ သိမ်းလိုက်ခြင်းက အာဏာရှင် ဘဝသို့ နေ့ချင်း ညချင်း ရောက်သွားစေတော့သည်။

ဗိုလ်ချုပ် အောင်ကြီးက ဦးသီဟန် ရောက်လာသော အခါ ဗိုလ်ချုပ်ကြီးများ စိတ်ပြောင်းသွား၍ ပြန်ခေါ်ခြင်းများလားဟု ဦးသီဟန်ကို မေးမြန်း စုံစမ်းတော့ ဘာမျှ မပြောနိုင်။
ဤတွင် ဗိုလ်ချုပ် အောင်ကြီးမှ ဗိုလ်ချုပ်ကြီး စိတ်ပြောင်းလို ပြောင်းငြား ၎င်း၏ အကြံပြုချက် ၅ ချက် တင်ပြရန်နှင့် ထို အချက် ၅ ချက်ကို လက်ခံပါက ဗိုလ်ချုပ် အောင်ကြီးမှ ၎င်း၏ ထွက်ရန် ကိစ္စကို နောက် ၄၊ ၅ နှစ် ရွှေ့ဆိုင်းပါမည်ဟု ဦးသီဟန်ကို မှာကြားလိုက်ပါသည်။

ထိုအချက် ၅ ချက်ကတော့-

၁။ တပါတီ (မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ) စနစ်ဖြင့် တပ်မတော်က နိုင်ငံကို ကြာမြင့်စွာ အုပ်ချုပ်ခြင်းသည် ရေရှည်တွင် ပြဿနာပေါင်း များစွာနှင့် မအောင်မြင်နိုင်။ တပ်မတော်မှ နိုင်ငံတော် တည်ငြိမ်ပြီး အေးချမ်းလာသော အခါ နိုင်ငံရေးတွင် စွက်ဖက်ခြင်း မပြုရန်။

၂။ စီးပွားရေးကို ပြည်သူပိုင် သိမ်းပြီး အမိန့်ပေး စနစ်ဖြင့် အကောင်အထည် ဖော်က၊ လူမှု စီးပွားဘဝ အားလုံး ပျက်မည်။ ပြည်သူပိုင် ပြန်သိမ်းလိုက နိုင်ငံခြားသားပိုင် ကုမ္ပဏီများသာ သိမ်းပြီး တိုင်းရင်းသားပိုင် လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးရန်။ ဖက်စပ် လုပ်ငန်းများကို အားပေးရန်။

၃။ သတင်း မီဒီယာကို လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် ပေးရန်။

၄။ ပညာရေးတွင် နိုင်ငံသားတိုင်း ပညာသင်ခွင့် ရှိစေရေးနှင့် နိုင်ငံတော်မှ အခြေခံပညာရေး အတွက် ထောက်ပံ့ပြီး ဘာသာရေး အခြေခံ ကျောင်းများ (Missionary School) ကို ကန့်သတ်ချက်ဖြင့် ခွင့်ပြုရန်။

၅။ ကျန်းမာရေးတွင် နိုင်ငံတော် အထောက်အပံ့ဖြင့် ဖက်စပ် ဆေးရုံများ ခွင့်ပြုရန်၊ ဘာသာရေး အခြေခံ ဆေးရုံများကို ကန့်သတ်ချက်ဖြင့် ဖက်စပ် ဆေးရုံများ အဖြစ် အားပေး ခွင့်ပြုရန် တို့ ဖြစ်ပါသည်။

ဦးသီဟန်လည်း မချမ်းဘောမှ ပြန်ရောက်လာပြီး ဗိုလ်ချုပ် အောင်ကြီးက တင်ပြလိုက်သော အချက် ၅ ချက်ကို ဗိုလ်ချုပ်ကြီး သို့ လုံးစေ့ပတ်စေ့ ရှင်းလင်း မတင်ပြရဲ။

ဦးသီဟန် အနေနှင့် ကျောက်တုံး ၂ ခုကြား ညပ်နေသော သူကဲ့သို့ ဖြစ်နေပြီး စကားနည်း ရန်စဲ သဘောမျိုးဖြင့် ဗိုလ်ချုပ်ကြီး ခိုင်းလိုက်သလို ဗိုလ်ချုပ် အောင်ကြီး ထွက်စာ ရုပ်သိမ်းရေး ကိစ္စ မအောင်မြင်ကြောင်းသာ တင်ပြရဲသည်။

ဗိုလ်ချုပ်ကြီးက ဆိုရှယ်လစ် စနစ်ဖြင့် မဖြစ်မနေ သွားရန် စိတ်ဆုံးဖြတ်ပြီး ဖြစ်ကြောင်း သူသိသည်။

ဤတွင် ဗိုလ်ချုပ်ကြီးက ဦးသီဟန်ကို ဗိုလ်ချုုပ် အောင်ကြီးအား “ဒီကောင် တို့ကို ဒီလို ပစ်သွားလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး” ဟု ပြောပါသည်။ ။

(ဤဆောင်းပါးကို သင်း စာပေက ၂၀၁၆ ခုနှစ် မတ်လတွင် ထုတ်ဝေသော စာရေးဆရာ ကြည်ဝင်းစိန် (Malcolm) အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြီး မာလိန်မှူး တင်ထူးစိန် မြန်မာဘာသာ ပြန်ဆိုထားသည့် “(တော်လှန်ရေး ကောင်စီ လက်ထက်) ကျွန်တော် နှင့် ဗိုလ်ချုပ်များ” ပထမအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>