မောင်ရာဇ, Author at ဧရာဝတီ https://burma.irrawaddy.com/author/mgyarza Covering Burma and Southeast Asia Wed, 30 Sep 2026 07:33:51 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မောင်ရာဇ, Author at ဧရာဝတီ https://burma.irrawaddy.com/author/mgyarza 32 32 ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲနှင့် မင်းအောင်လှိုင်၏ ပုဂ္ဂိုလ်ရေးအာဏာ https://burma.irrawaddy.com/opinion/viewpoint/2026/09/24/416512.html Thu, 24 Sep 2026 07:55:08 +0000 https://burma.irrawaddy.com/?p=416512 ဒီအပြောင်းအလဲက မင်းအောင်လှိုင်ရဲ့ တည်ဆောက်ဆဲ အာဏာဆုပ်ကိုင်မှု စနစ်ကို ပုံဖော်နေပါတယ်။]]>

မင်းအောင်လှိုင်က သူ့ရဲ့ အုပ်ချုပ်ရေးယန္တရားထိပ်ပိုင်းမှာ အပြောင်းအလဲ တခု ပြုလုပ်ခဲ့ပါတယ်။ အစိုးရဖွဲ့ပြီး တနှစ်မပြည့်ခင် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်တာကြောင့် အံ့အားသင့်စရာပါ။ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို မူလစစ်ဘက်တာဝန်များ ပြန်လည် ထမ်းဆောင်စေဆိုပြီး ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ၎င်းနေရာကိုတော့ စစ်ဘက်က တတိယအဆင့်ရှိသူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ အစားထိုးခဲ့ပါတယ်။ ဒု-ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကတော့ တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဖြစ်လာပါတယ်။

အပြောင်းအလဲ လုပ်လိုက်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အာဏာစက်၊ အစားထိုးလိုက်တဲ့ ဗိုလ်ချုပ်ကြီး ကိုကိုဦးရဲ့ ရာထူးနဲ့ အဆင့်အနေအထား၊ အပြောင်းအလဲလုပ်လိုက်တဲ့ အချိန်ကာလတွေကြောင့် အခုအပြောင်းအလဲဟာ ပဋိပက္ခ ဇာတ်ကောင်တွေ၊ အများပြည်သူနဲ့ ပညာရှင်တွေအကြား ဆွေးနွေးစရာ ဖြစ်လာပါတယ်။

တရုတ်ဖိအားကြောင့်လား

အမိန့်စာထွက်လာချိန်မှာ မြန်မာမီဒီယာတချို့က ဒု-ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ရာထူးကနေ ဖယ်ရှားခံရခြင်းကို သူ့ရဲ့ ဒီလအစောပိုင်း သွားခဲ့တဲ့ ၂၀၂၆ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ခရီးစဉ်နဲ့ ဆက်စပ်တွေးတောခဲ့ကြတယ်။ ဒီထင်မြင်ချက်ကလည်း အရင် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေနဲ့ ပတ်သက်ဆက်နွှယ်မှုကြောင့် စစ်တပ် ထိပ်တန်းအရာရှိကြီးများကို ဖယ်ရှားဖို့ ပေကျင်းက ဖိအားပေးခဲ့တဲ့ ဖြစ်ရပ်များအပေါ် အခြေခံထားပါတယ်။ အထူးသဖြင့် ဒု-ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေရဲ့ ရှေ့လူ ပြည်ထဲရေးဝန်ကြီးဟောင်း ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ် အောင်လင်းထွန်းတို့က တရုတ်အာဏာပိုင်တွေရဲ့ ထောက်လှမ်းရေးသတင်းများ မျှဝေမှုနဲ့ ဖိအားတွေကြောင့် ရာထူးက ဖယ်ရှားခံရတာ (သို့မဟုတ်) ထောင်ချခံရခြင်းတွေ ရှိခဲ့လို့ပါ။

ဒီထင်မြင်ချက်အတိုင်း လက်ရှိ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲကို တိုက်ရိုက်ဆွဲကပ်ဖို့က ပြဿနာရှိပါတယ်။ အရင်လူတွေနဲ့ ကွာတာက သူ ပြည်ထဲရေးဝန်ကြီး တာဝန်ယူချိန်မှာ ရဲတပ်ဖွဲ့က ရန်ကုန်၊ မန္တလေးလို အဓိက မြို့ပြဒေသတွေနဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်မှာ အခြေစိုက်တဲ့ အွန်လိုင်းလိမ်လည်မှုကို ဖြိုခွင်းနိုင်ခဲ့တယ်လို့ အစိုးရပိုင် သတင်းစာတွေက ဝေဝေဆာဆာ ဖော်ပြခဲ့တာကြောင့်ပါ။ သူ့တရုတ်ခရီးစဉ်မှာလည်း နယ်စပ်ဖြတ်ကျော် မှုခင်းတွေနဲ့ အွန်လိုင်းငွေလိမ်မှုများကို နှိမ်နင်းဖို့ တရုတ်အာဏာပိုင်များနှင့် လူသိရှင်ကြား ပူးပေါင်းဆောင်ရွက်ဖို့ ပြောခဲ့တာတွေလည်း ရှိပါတယ်။

ဒါကြောင့် ပေကျင်းက ဖိအားပေးလို့ ဖယ်ရှားခံရတယ်ဆိုတဲ့ ဖြစ်နိုင်ချေကို ဖယ်ရှားပစ်နိုင်တာမျိုး မဟုတ်ပေမဲ့ လက်ရှိ အထောက်အထားတွေအရတော့ ပေကျင်းက သူ့ကို ဖယ်ရှားဖို့လောက်ထိ လုပ်ဆောင်မှု မတွေ့ရသေးတာပါ။ ဒါကြောင့် ပေကျင်း ဖြစ်တန်ချေ (Beijing factor) တခုတည်းကတော့ အခု ရုတ်တရက် ရာထူးအပြောင်းအလဲကို ရှင်းပြဖို့ မလုံလောက်လို့ အချိန်ကာလက မေးခွန်းထုတ်စရာ ပိုဖြစ်လာပါတယ်။

ထူးခြားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အခွင့်အာဏာ

ဒီအပြောင်းအလဲကို နားလည်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အောက်က အင်စတီကျူးရှင်း တည်ဆောက်ပုံကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က လုံခြုံရေးဝန်ကြီးဌာန သုံးခု ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးများကို တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိကြီးများ အမည်စာရင်းပေးပြီး သမ္မတက ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ တရားဝင် ခန့်အပ်ရပါတယ်။ ဒါကြောင့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒီဝန်ကြီးတွေရဲ့ လက်တွေ့အာဏာ ချိန်ခွင်လျှာက သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ ရာထူးတာဝန်နဲ့ စီနီယာကျမှုတွေအပေါ် အများကြီး မူတည်ပါတယ်။

ဥပမာဆိုရင် ၂၀၁၁ မှ ၂၀၁၅ အထိ ပထမ အရပ်သားတပိုင်း အစိုးရလက်ထက်မှာ သမ္မတ ဦးသိန်းစိန် (စစ်တက္ကသိုလ် အပတ်စဉ် ၉ ဆင်း ဗိုလ်ချုပ်ကြီးဟောင်း) က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (စစ်တက္ကသိုလ် အပတ်စဉ် ၁၉) ထက် စီနီယာရော သဘောအားဖြင့်ရော အများကြီး ရှေ့ရောက်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုက တပ်ချုပ်နဲ့ အပတ်စဉ်တူပါတယ်။ ဒါကြောင့် တပ်ချုပ်ရဲ့ ဩဇာက သူ့အမည်စာရင်းပေးထားတဲ့ ပြည်ထဲရေးဝန်ကြီးအပေါ် မသက်ရောက်လို့ မင်းအောင်လှိုင်အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့တယ်လို့ BBC သတင်းဌာနက ရေးပါတယ်။ ဒု-ဗိုလ်ချုပ်ကြီး ကိုကိုက တပ်ချုပ်ကိုကျော်ပြီး သမ္မတကိုပဲ တိုက်ရိုက် အစီရင်ခံခဲ့တာပါ။

ဒီလုံခြုံရေးဝန်ကြီးဌာန သုံးခုရဲ့ ဝန်ကြီးတွေက အဆင့်အတန်း တူတယ်ဆိုပေမဲ့ ဝန်ကြီးဌာန လည်ပတ်ပုံ သဘောသဘာဝအရ ကျင့်သုံးရတဲ့ အာဏာက မတူပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ကြီးရုံး၊ ကြည်း၊ ရေ၊ လေ၊ ရေး၊ ထောက် စတဲ့ ဦးစီးရုံးတွေနဲ့ လက်ရုံး ဝန်ထမ်းညွှန်ကြားရေးမှူးရုံးများ ပူးပေါင်းပါဝင် ဖွဲ့စည်းထားတဲ့အတွက် အခြားသော ဝန်ကြီးဌာနတွေနဲ့ ဖွဲ့စည်းပုံချင်း မတူဘဲ စစ်တပ် ကွပ်ကဲမှု ယန္တရားအောက်က ဖွဲ့စည်းပုံမျိုး ဖြစ်ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနကတော့ နယ်စပ်ဒေသနဲ့ ကျေးလက်ဖွံ့ဖြိုးရေး အေဂျင်စီတခု ပုံစံ ပိုဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနကတော့ စစ်တပ်ကလွဲပြီး နိုင်ငံတော်ရဲ့ အဓိက ဖိနှိပ်ရေးနဲ့ အုပ်ချုပ်ရေး ယန္တရားအားလုံးကို ကိုင်တွယ်ထိန်းချုပ်ထားပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်နဲ့ ရပ်ကွက်အဆင့် ဒေသန္တရအုပ်ချုပ်ရေးကို ကိုင်တွယ်ရတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတို့အပေါ် တိုက်ရိုက် တာဝန်ယူရပါတယ်။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ပြည်တွင်း ထိန်းချုပ်မှု၊ အရပ်ဘက်အုပ်ချုပ်ရေး၊ ရဲလုပ်ငန်းနဲ့ ပြည်တွင်းလုံခြုံရေးတို့အပေါ် လက်တွေ့ အာဏာကို ထိန်းချုပ်ထားလို့ မင်းအောင်လှိုင် အာဏာတည်မြဲဖို့ မဖြစ်မနေ သူထိန်းချုပ်ရမယ့် ဝန်ကြီးဌာန ဖြစ်ပါတယ်။

သစ္စာရှိမှု မဏ္ဍိုင်နှစ်ခု- စစ်တပ်နှင့် အရပ်ဘက်အာဏာကို ထိန်းချုပ်ခြင်း

မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းက သူ ယုံကြည်ရတဲ့ စစ်ဘက်အရာရှိကြီးတွေအကြား အာဏာခွဲဝေရေး မဟာဗျူဟာတစ်ခု ရှိနေနိုင်ကြောင်း သုံးသပ်ရပါတယ်။ ဗိုလ်ချုပ်ကြီး ကိုကိုဦးက မင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို ရရှိထားပြီး တိုက်ခိုက်ရေးတပ်များကို ကွပ်ကဲရတဲ့ တိုက်ရဲခိုက်ရဲတဲ့ အရာရှိကြီး တဦးဖြစ်ပါတယ်။ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်/ကိုးကန့် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့၊ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ရှမ်းပြည်မြောက်ပိုင်းက အကဲဆတ်တဲ့ နယ်မြေခွဲဝေရေး ညှိနှိုင်းမှုတွေကို ဦးဆောင်ပြီး ရလဒ်ထွက်အောင် လုပ်ပြနိုင်သူလည်း ဖြစ်ပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က တရားဝင်ဆွေးနွေးပွဲတွေကို လုပ်ဆောင်နေချိန်မှာ ဗိုလ်ချုပ်ကြီး ကိုကိုဦးက နယ်မြေညှိနှိုင်းရေးကိစ္စတွေကို ဆက်လက်ဦးဆောင်ခဲ့ရဟန် တူပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်က စစ်တပ်ကို သူ့သစ္စာခံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်အောက်မှာထားပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အရပ်ဘက်-အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့လို အင်အားသုံးယန္တရားများကို ဗိုလ်ချုပ်ကြီး ကိုကိုဦးထံ လွှဲပြောင်းပေးခြင်းအားဖြင့် သစ္စာခံဗိုလ်ချုပ်ကြီး နှစ်ဦးကို ခွဲဝေကိုင်တွယ်စေခြင်း ဖြစ်ပါတယ်။ ဒီဗျူဟာက သစ္စာခံ တဦးတည်းရဲ့ လက်ထဲမှာ အာဏာအများအပြား ကျရောက်သွားမယ့် အန္တရာယ်ကိုလည်း ကာကွယ်နိုင်ဖို့ အထောက်အကူ ဖြစ်ပါတယ်။

တပ်ချုပ်သစ်ရဲ့ အာဏာစုစည်းနိုင်မှုကို တန်ပြန်ခြင်း- ဗိုလ်ချုပ်ကြီးအဆင့် မဟာဗျူဟာ

ဒီအပြောင်းအလဲက အုပ်စိုးသူတွေအကြား ပိုမိုကျယ်ပြန့်သော ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတစ်ခုကိုလည်း ပြောပြနေပါတယ်။ လုံခြုံရေးဝန်ကြီးဌာန သုံးခုကို ကွပ်ကဲရတဲ့ ဝန်ကြီးတွေဟာ အရင်တုန်းက ဒု-ဗိုလ်ချုပ်ကြီး အဆင့်တွေသာ ဖြစ်ပါတယ်။ အခုတော့ ဗိုလ်ချုပ်ကြီး အဆင့်တွေ ဖြစ်လာပါတယ်။ ရာထူးနဲ့ အပွင့်ကို အလေးထားရတဲ့ စစ်တပ်အတွက် ဒီအပြောင်းအလဲက အရေးပါပါတယ်။ မင်းအောင်လှိုင်က လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး အခုတော့ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ပါတယ်။

ဒီရာထူးတိုးမှုက အထက်မှာ ဖော်ပြခဲ့တဲ့ သမ္မတ-တပ်ချုပ်-ဝန်ကြီးတွေအကြား အာဏာမျှချေကို ပြန်ထိန်းဖို့ ရည်ရွယ်ဟန်လည်း ဖြစ်နိုင်ပါတယ်။ မင်းအောင်လှိုင်က သမ္မတ တာဝန်ယူလိုက်လို့ စစ်တပ်ရဲ့ နေ့စဉ်အုပ်ချုပ်ရေး ယန္တရားကို တိုက်ရိုက်ကိုင်တွယ် စွက်ဖက်ဖို့ အကန့်အသတ် ရှိလာပါတယ်။ စစ်တပ်ရဲ့ သဘောသဘာဝကလည်း လက်ရှိတပ်ချုပ်ကို ဗဟိုတည်ပြီးသာ အာဏာက စုစည်းလေ့ရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မင်းအောင်လှိုင် ၂၀၁၁ ခုနှစ်နောက်ပိုင်း လုပ်ခဲ့တဲ့ အာဏာစုစည်းမှုလိုမျိုး တပ်တွင်းမှာ တဖြည်းဖြည်း တည်ဆောက်လာနိုင်ပါတယ်။

မင်းအောင်လှိုင်က အင်စတီကျူးရှင်း သဘောသဘာဝအရ တိုက်ရိုက် မပါဝင်နိုင်တော့တဲ့အခါ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုအဆင့်ဆင့်အတွင်း လက်ရှိတပ်ချုပ်ကို ဗဟိုတည်ပြီး အာဏာစုပြုံလာမှုကို ကာကွယ်ဖို့ သူ့နံဘေးက ဝန်ကြီးတွေကို ဗိုလ်ချုပ်ကြီးရာထူးတွေနဲ့ အစားထိုးတာလည်း ဖြစ်နိုင်ပါတယ်။

စစ်တပ်တွင်းက ထိပ်ပိုင်း အရာရှိကြီးတွေ (ဥပမာ စစ်ရေးချုပ်၊ စစ်ထောက်ချုပ် စသဖြင့်) ထက် ရာထူးအဆင့်မြင့်သူ၊ အပတ်စဉ်စီနီယာကျသူ၊ အတွေ့အကြုံများသူတွေကို ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးနေရာ ခန့်အပ်ခြင်းဖြင့် မင်းအောင်လှိုင်က လက်ရှိအုပ်ချုပ်မှု ယန္တရားအပေါ် တပ်လက်ကိုင်ရှိသူ တဦးတည်းက အကန့်အသတ်မရှိ လွှမ်းမိုးနိုင်စွမ်း တည်ဆောက်နိုင်မှုအပေါ် တန်ပြန်ဖို့ တပ်ရဲ့ အလေးထားရတဲ့ အဆင့်နဲ့ စီနီယာကျမှု အခြေခံကနေ စနစ်တခု တည်ဆောက်လာတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီတည်ဆောက်မှုက သာမန် အဖွဲ့အစည်းဆိုင်ရာ အပြန်အလှန်ထိန်းကျောင်းမှုစနစ် (checks and balances) တခုလို့ မဆိုသာပေမဲ့ မင်းအောင်လှိုင်ရဲ့ အာဏာကို ဝါရင့်သစ္စာခံများအကြား ဖြန့်ခွဲထားပြီး သူ့လက်ထဲမှာသာ ဆက်ချုပ်ကိုင်ထားမယ့် အုပ်စိုးသူ စီမံခန့်ခွဲမှု (elite management) ပုံစံမျိုးလို့ မှတ်ယူနိုင်ပါတယ်။

ပြည်ခိုင်ဖြိုး (USDP) ညီလာခံနှင့် တိုက်ဆိုင်မှု

ဒီအပြောင်းအလဲက နောက်ထပ်အရေးကြီးတဲ့ ဖြစ်ရပ်တခုနဲ့လည်း ချိန်သားကိုက်နေပါတယ်။ နေပြည်တော်မှာ ပြီးခဲ့တဲ့ စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲမှာ ခုံအများစုနိုင်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ရွေးချယ်ရေး ပါတီညီလာခံ ကျင်းပနေပါတယ်။

ISP-Myanmar က “နေပြည်တော်လိုဂျီ ဆန်းစစ်မြင်ကွင်း– အုပ်စိုးမှုစနစ် ဣရိယာပုတ် အပြောင်းအလဲနှင့် စောင့်ကြည့်ရမည့် ဟန်ချက်လေးရပ်” မှာ သုံးသပ်ခဲ့တဲ့အတိုင်း ပြည်ခိုင်ဖြိုးပါတီကို ထိန်းချုပ်နိုင်ရေးက မင်းအောင်လှိုင်ရဲ့ အာဏာစက် ခိုင်မာစေဖို့အတွက် အရေးကြီးပါတယ်။

မင်းအောင်လှိုင်က ဒါကို အကောင်အထည်ဖော်ဖို့ ပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်းကို သူယုံကြည်ရတဲ့ သစ္စာခံတွေနဲ့ ဖြည့်ထားဖို့ ရည်ရွယ်ကြောင်း လက်ရှိ အထောက်အထားတွေက ပြသနေပါတယ်။ အထူးသဖြင့် ၂၀၂၅ ရွေးကောက်ပွဲမတိုင်မီ အငြိမ်းစားယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းများနဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများကို ပါတီသို့ ရွှေ့ထားခြင်းက ထင်ရှားပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ အရေးပါတဲ့ ခေါင်းဆောင်နေရာတွေမှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ သုံးဦး၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအတွင်းရေးမှူး ခြောက်ဦးခန့်တို့ ပါဝင်ပါတယ်။ မင်းအောင်လှိုင်၏ သိသာထင်ရှားတဲ့ ရည်မှန်းချက်က ဒီရာထူးများတွင် သူ့ရဲ့ သစ္စာခံအများစုကို နေရာချထားနိုင်ရေး ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကန့်သတ်ချက်တွေအရ တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးများအတွက် ပါတီလှုပ်ရှားမှုများကို ကန့်သတ်ထားသောကြောင့် ဒီဗျူဟာအတွက် လူအရေအတွက် အကန့်အသတ်ရှိလာနိုင်ပါတယ်။ ပါတီအတွင်း သူအားကိုးဖို့ ရည်ရွယ်ထားနိုင်တဲ့ သစ္စာခံတွေက အစိုးရထိပ်တန်းရာထူးတွေမှာ ခန့်အပ်ခံထားရပြီး ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောက လက်ရှိတွင် ဒုတိယသမ္မတ၊ ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်းက သမ္မတရုံးဝန်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း မြထွန်းဦးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး၊ ဒု-ဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ရှိပါတယ်။ ဒါတင်မကဘဲ အရင် USDP ဒုတိယဥက္ကဋ္ဌ (၃) ဖြစ်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ လူယုံ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မျိုးဇော်သိန်းက အခု သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဖြစ်လာပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဋ) မှာ နိုင်ငံရေးပါတီဝင်များဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးများသည် ၎င်းတို့ ရာထူးသက်တမ်းအတွင်း မည်သည့်ပါတီလှုပ်ရှားမှုများတွင်မျှ ပါဝင်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်အနေနဲ့ တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးများကို ပြည်ခိုင်ဖြိုးထိပ်တန်းနေရာတွေ ရယူစေဖို့ ရည်မှန်းချက်မှာ ဒီအချက်က လက်တွေ့ကျတဲ့ ကန့်သတ်ချက်တခု ဖြစ်လာပါတယ်။

ဒီအခြေအနေမှာ ဒု-ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို အကြောင်းတစုံတရာ မရှိဘဲ ပြည်ထဲရေးဝန်ကြီးနေရာက ရုတ်တရက် ဖယ်လိုက်တာက ဗျူဟာမြောက် အကွက်တခု ဖြစ်လာနိုင်ပါတယ်။ စစ်တပ်က ထိပ်ပိုင်းအရာရှိတချို့ကို အနားပေး ပါတီပို့ပြီး ယုံကြည်ရတဲ့ ဒု-ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေလို လူတွေကို စစ်ဘက်မှာ ပြန်နေရာချတာမျိုး ဖြစ်လာနိုင်ပါတယ်။ ပါတီညီလာခံ ကျင်းပနေဆဲအချိန်မှာ ပြည်ခိုင်ဖြိုးကို လွှတ်မယ့် စစ်ဘက် အရာရှိကြီးတွေနေရာမှာ အစားထိုး တာဝန်ယူခိုင်းဖို့ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအပြောင်းအလဲအပြင် စစ်တပ်အတွင်း လက်ရှိကာလ အနားပေးခံရသော အရာရှိကြီးများကို ပိုမိုသတိထား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

ဒု-ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်အပ်လိုက်ခြင်းကို သာမန်အစိုးရအဖွဲ့ အပြောင်းအလဲတစ်ခုသက်သက်အဖြစ် မရှုမြင်သင့်ပါဘူး။ အချိန်ကိုက်ဖြစ်မှု၊ ဝန်ကြီးသစ်ရဲ့ ရာထူးအဆင့်မြင့်မားမှုနဲ့ တချိန်တည်းမှာ ပြည်ခိုင်ဖြိုးကို ပြန်လည်ဖွဲ့စည်းနေမှုတို့က ယှဉ်တွဲ စောင့်ကြည့်စရာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းအောင်လှိုင်က အပြန်အလှန် ချိတ်ဆက်နေသော အာဏာဗဟိုချက်များစွာကို တပြိုင်နက်တည်း ကိုင်တွယ်နေခြင်း ဖြစ်နိုင်ကြောင်း ပိုပုံပေါ်လာပါတယ်။

ဘယ်လိုပဲဖြစ်နေနေ ဒီအပြောင်းအလဲက မင်းအောင်လှိုင်ရဲ့ တည်ဆောက်ဆဲ အာဏာဆုပ်ကိုင်မှု စနစ်ကို ပုံဖော်နေပါတယ်။ ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်ကို ဆက်လက်ထိန်းထားဖို့ သစ္စာခံများကို အရေးပါတဲ့ ရာထူးများတွင် နေရာချထားရုံသာမက၊ ဘယ်သစ္စာခံ တဦးတယောက်မှ ဗဟိုအာဏာကို စိန်ခေါ်နိုင်လောက်အောင် အင်အားကြီးမား မလာစေဖို့ အဆိုပါ သစ္စာခံများကို စစ်တပ်၊ အစိုးရအဖွဲ့နဲ့ ပါတီအတွင်းမှာ ဂရုတစိုက် ဖြန့်ကျက်ထားရှိရန် ကြိုးပမ်းနေကြောင်း သုံးသပ်ရပါတယ်။

(Substack Platform Naing’s Opinions တွင် ဖော်ပြထားသော The Home Affairs Shuffle: What Min Aung Hlaing’s Latest Move May Signal ကို သင့်လျော်အောင် ဘာသာပြန်ထားသည်။)

]]>