မေသင်္ကြန်, Author at ဧရာဝတီ https://burma.irrawaddy.com/author/mtg Covering Burma and Southeast Asia Sat, 19 Sep 2026 06:43:10 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မေသင်္ကြန်, Author at ဧရာဝတီ https://burma.irrawaddy.com/author/mtg 32 32 ပျောက်ဆုံးသွားသော ဆယ်ကျော်သက် အိပ်မက်များ https://burma.irrawaddy.com/article/2026/09/19/416381.html Sat, 19 Sep 2026 06:43:10 +0000 https://burma.irrawaddy.com/?p=416381 သူတို့တွေ ဆုံးရှုံးခဲ့ရတာ စာသင်ခန်းတခန်း မဟုတ်ပါဘူး။ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသင့်တဲ့ ဆယ်ကျော်သက်ဘဝတခု၊ အိပ်မက်တွေကို ကိုယ်တိုင် တည်ဆောက်ခွင့်ရှိသင့်တဲ့ အချိန်တခုနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် မျိုးဆက်တခုရဲ့ အလားအလာပဲ ဖြစ်ပါတယ်။ ]]>

မဖွေး

အသက် ၁၄ နှစ်အရွယ်မှာ မဖွေးရဲ့ ဘဝထဲက တဖြည်းဖြည်း ပျောက်ကွယ်သွားတာက ကျောင်းလွယ်အိတ် တလုံးတည်း မဟုတ်ခဲ့ပါဘူး။ ဆရာဝန်ဖြစ်ချင်တဲ့ အိပ်မက်၊ ကျောင်းဆင်းပြီး သူငယ်ချင်းတွေနဲ့အတူ အိမ်ပြန်ရမယ့် နေ့တွေ၊ ဆယ်ကျော်သက် တယောက်အဖြစ် ကြီးပြင်းလာရမယ့် အချိန်တွေ ပျောက်ခဲ့ရပါတယ်။

လက်ရှိ အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မဖွေးဟာ ပုံမှန်အခြေအနေသာဆိုရင် တက္ကသိုလ်ကျောင်းသူ တယောက် ဖြစ်နေလောက်ပါပြီ။ ဒါပေမယ့် ဆရာဝန် တယောက်ဖြစ်ချင်ခဲ့တဲ့ ၈ တန်းကျောင်းသူလေးရဲ့ အိပ်မက်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ ရပ်တန့်သွားခဲ့ပါတယ်။

“ဆရာဝန် တယောက်ဖြစ်ချင်တယ်။ အထူးကုမဟုတ်ရင်တောင် သွားဆရာဝန် တယောက်တော့ ဖြစ်အောင်လုပ်မယ်လို့ အိမ်ကို ပြောဖူးတယ်။ အိမ်ကလည်း ကိုယ်လုပ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ ပြောတယ်။”

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စာသင်ကျောင်းတွေ ပိတ်ခဲ့ရသလို မဖွေးတို့နေတဲ့ ဒေသမှာလည်း တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့ပါတယ်။ ကျောင်းနားထားရတဲ့ကာလအတွင်း တရက်မှာ အမေက စက်ချုပ်သင်ဖို့ လွှတ်လိုက်ရာက အိမ်အပြန်လမ်းမှာ ရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်သားတဦးက သူမကို စနောက်ခဲ့ပါတယ်။

အရေးမလုပ်ဘဲ ဆက်လျှောက်သွားခဲ့တဲ့ မဖွေးကို အဲဒီစစ်သားက သေနတ်နဲ့ လိုက်ပစ်ခဲ့တယ်လို့ သူမက ပြောပါတယ်။

“အိမ်ရှေ့အထိ လိုက်လာပြီး သေနတ်ဖောက်တယ်။ အိမ်နောက်ဖေးကနေ ထွက်ပြေးခဲ့ရပြီး အချိန်တခုအထိ တိမ်းရှောင်ခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဒီအစိုးရလက်အောက်မှာ မနေချင်တော့ဘူးဆိုတဲ့ စိတ်ဝင်သွားတယ်။ အိပ်မက်တွေလည်း အဲဒီအချိန်ကစပြီး ပျောက်သွားတာ ထင်တယ်။”

အဲဒီဖြစ်ရပ်တွေအပြီး မဖွေးတို့မိသားစုတွေဟာ နှစ်နဲ့ချီပြီး ရွာကနေ ထွက်ကာ စစ်ရှောင်ခဲ့ရပါတယ်။ စစ်ရှောင်ကာလအတွင်း ပညာရေးကို ပြန်စဖို့ အခွင့်အရေး မရခဲ့သလို၊ ရွာကို ပြန်ရောက်ချိန်မှာလည်း ကျောင်းပြန်တက်ဖို့ထက် မိသားစုရဲ့ စားဝတ်နေရေးက ပိုအရေးကြီးလာခဲ့တယ်။ စစ်ရှောင်နေတဲ့ကာလအတွင်း လက်နက်ကြီးထိမှန်လို့ အိမ်လည်း ပျက်စီးသွားခဲ့ပါတယ်။

“အရင်ကတော့ အမေတို့ ရှာကျွေးတာကိုပဲ စားပြီးနေခဲ့တာ။ အခုကတော့ အိမ်စီးပွားရေး မကောင်းတော့ဘူး။ အမေ့ကို သနားလို့ ကိုယ်က အငယ်ဆုံးဖြစ်ပေမယ့် မိသားစုကို ပြန်တာဝန်ယူနေရတယ်။”

အဲဒီနောက် မဖွေးဟာ ပဲကောက်တဲ့အလုပ်၊ ကွမ်းခြံအလုပ်၊ ကုန်စုံဆိုင်အလုပ်တွေကို လုပ်ခဲ့ရပါတယ်။ ရွာမှာ အရွယ်ကောင်း အမျိုးသားတွေ နည်းလာချိန်မှာ ရွာမှာမနေနိုင်တဲ့ အစ်ကိုရဲ့ အလုပ်တာဝန်တွေကိုပါ သူမက ဝင်ယူခဲ့ရတယ်။

မဖွေး တယောက်တည်း ဒီလိုကြီးပြင်းလာခဲ့တာတော့ မဟုတ်ပါဘူး။ သူမနဲ့အတူ ၈ တန်းတက်ခဲ့တဲ့ သူငယ်ချင်း ၁၅ ယောက်လုံး ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အမျိုးသားတချို့က ကားမောင်း၊ စပယ်ယာလုပ်ကြသလို မိန်းကလေး ခုနစ်ယောက်ကတော့ ၁၆ နှစ်လောက်ကတည်းက အိမ်ထောင်ပြုလိုက်ကြတယ်လို့ သူမက ပြောပါတယ်။

မဖွေးကတော့ “မှတ်မှတ်ရရ ပြောရရင် ကိုယ်မလိုချင်တဲ့ တာဝန်ကို အသက် ၁၆ နှစ်လောက်မှာ စ ထမ်းခဲ့ရတယ်။ ဒီပဋိပက္ခကြောင့် ပညာရေး ဆုံးရှုံးလိုက်ရတယ်၊ ပြီးတော့ လူငယ်ဘဝရဲ့ လွတ်လပ်ခွင့်၊ ပြန်မရနိုင်တာက အိပ်မက်တွေပေါ့” လို့ ဆိုပါတယ်။

မဖွေးရဲ့ ဆယ်ကျော်သက်ဘဝဟာ ပညာရေးကနေ မိသားစုတာဝန်ဆီ ပြောင်းသွားခဲ့ရသလို၊ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအောက်မှာ ကြီးပြင်းလာတဲ့ တခြားဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ဘဝတွေကလည်း တပုံစံတည်း မဟုတ်ပေမယ့် အလားတူ ပြောင်းလဲမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

မိုင်

ချင်းပြည်နယ်ကနေ စစ်ရှောင်လာပြီး ရန်ကုန်မြို့က သီလရှင်ကျောင်းတခုမှာ ပညာရေးကို ဆက်ထိန်းထားဖို့ ကြိုးစားနေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် မိုင်အတွက်တော့ ရှင်သန်ရေးနဲ့ ပညာရေးကို တပြိုင်နက်တည်း ရုန်းကန်နေရတဲ့ ဘဝမှာ သူမ မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အာဏာသိမ်းချိန်က အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသူဖြစ်တဲ့ မိုင်ဟာ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကြာအောင် ချင်းပြည်နယ်အစပ်က ရွာတရွာမှာ စစ်ရှောင်ရင်း ကြုံရာအလုပ်တွေ လုပ်ကိုင်ခဲ့ရပါတယ်။ သွေးရင်းမောင်နှမ ရှစ်ယောက်အနက် ခြောက်ယောက်မြောက် သမီးဖြစ်တဲ့ မိုင်ကို မိဘတွေက ပညာရေးကို ဆုံးခန်းတိုင်အောင် သင်စေချင်ခဲ့တာကြောင့် ၂၀၂၃ ခုနှစ်မှာ ရန်ကုန်မြို့က သီလရှင်ကျောင်းတခုမှာ နေထိုင်ရင်း ၁၀ တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

“စစ်ဘေးရှောင်ပြီးသားလည်းဖြစ်၊ စစ်မှုထမ်းအတွက် မိန်းကလေးတွေကိုပါ ပေါ်တာဆွဲတာတွေ ရှိနေတော့ ကြောက်လို့ ရန်ကုန်ကိုရောက်ပြီး သီလရှင်ကျောင်းမှာနေရင်း ၁၀ တန်းပြန်ဖြေဖြစ်တာ။”

၁၀ တန်းအောင်မြင်ခဲ့တဲ့နေ့ဟာ မိုင်နဲ့ သူ့မိသားစုအတွက် ပျော်ရွှင်စရာနေ့တနေ့ ဖြစ်ခဲ့ပေမယ့် အဲဒီအောင်မြင်မှုက သူ့ဘဝကို လွယ်ကူစေခဲ့တာတော့ မဟုတ်ပါဘူး။

စစ်ရှောင်ရင်း မိသားစုဝင်တွေ တကွဲတပြားဖြစ်သွားခဲ့ပြီး မိုင်နဲ့ ဆယ်ကျော်သက်အရွယ် ညီမငယ်ဟာ ရန်ကုန်မြို့က သီလရှင်ကျောင်းမှာ နေထိုင်ရင်း နေစရာရဖို့ ကျောင်းဝေယျာဝစ္စတွေ ကူလုပ်ပေးခဲ့ရပါတယ်။ ဒါပေမယ့် စားသောက်စရိတ်နဲ့ ကျောင်းစရိတ်ကိုတော့ ကိုယ့်ဘာသာ ဖြေရှင်းရတာဖြစ်ပါတယ်။

သူနာပြုသင်တန်းတက်ဖို့ ကြိုးစားခဲ့ပေမယ့် မိသားစုရဲ့ ငွေကြေးအခြေအနေကြောင့် လက်လျှော့ခဲ့ရပြီး ပုဂ္ဂလိကဆေးခန်းတခုမှာ ဆေးခန်းအကူအဖြစ် အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အဲဒီအလုပ်က မိုင်အတွက် ရှင်သန်ရေးကို ဖြေရှင်းပေးမယ့် အလုပ်မဟုတ်ဘဲ နောက်ထပ် အန္တရာယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

“ဝင်ဝင်ချင်း နှစ်လလောက်အထိ အဆင်ပြေတယ်။ အဲဒီနောက်ပိုင်း လုံးဝ မပျော်တော့ဘူး။ ဆရာက အမြဲ အခွင့်အရေးယူဖို့ ကြိုးစားတယ်။ သည်းခံပြီး နေခဲ့တာက အဲဒီအလုပ်မရှိရင် ညီမတို့ စားဝတ်နေရေး အဆင်မပြေတော့မှာလို့ တွေးလို့ပါ။”

ခြောက်လကြာ အလုပ်လုပ်နေစဉ်အတွင်း လူရှင်းတဲ့အချိန်တိုင်း ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရပြီး တရက်မှာတော့ အခန်းလွတ်တခုထဲ ခေါ်သွားကာ လွန်လွန်ကျူးကျူး ပြုလုပ်ဖို့ ကြိုးစားခဲ့တယ်လို့ မိုင်က ပြောပါတယ်။

“အဲဒါ နေ့လယ်ပိုင်းမှာ ဖြစ်တာ။ ကံကောင်းချင်တော့ သွားဆရာဝန်တယောက် ရောက်လာလို့ လွတ်သွားတယ်။ ထွက်ပြေးလာတဲ့ လမ်းတလျှောက် ငါရှေ့ဆက်သွားရမလား၊ နောက်ပြန်လှည့်ရမလား စဉ်းစားနေခဲ့တယ်။ ဒီအလုပ်မရှိရင် ဝင်ငွေမရှိတော့ဘူးဆိုတဲ့ စိုးရိမ်စိတ်ကလည်း ရှိနေတယ်။”

နောက်ဆုံးမှာတော့ မိုင်ဟာ ရမယ့်လစာ ၁ သိန်း ၈ သောင်းကိုပါ စွန့်လွှတ်ပြီး ဆေးခန်းကို ပြန်မသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလုပ်ကို ချိတ်ဆက်ပေးခဲ့သူက သီလရှင်ကျောင်းက ဆရာကြီးဖြစ်တာကြောင့် ကိုယ့်ကို ယုံမှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်စိတ်နဲ့ အဖြစ်အပျက်ကို ဘယ်သူ့ကိုမှ မပြောခဲ့ဘူးလို့ ဆိုပါတယ်။

“အဲဒီအချိန်က အရမ်းခက်ခဲတယ်။ အမေတို့ကို ပြောပြဖို့ကလည်း သူတို့မှာ စစ်ရှောင်ရတဲ့အပူတွေ ရှိနေတော့ တပူပေါ်တပူ မဆင့်စေချင်ဘူး။ အဲဒါကြောင့် တယောက်တည်းပဲ အားတင်းခဲ့တယ်။”

အလုပ်ထွက်ပြီးနောက် လအတော်ကြာ အလုပ်လက်မဲ့ဖြစ်ခဲ့တဲ့ မိုင်ဟာ သီလရှင်ကျောင်းက ဆရာလေးတွေရဲ့ သင်္ကန်းတွေကို ချုပ်ပေးရင်း ရတဲ့ မုန့်ဖိုးငွေနဲ့သာ ရပ်တည်ခဲ့ပါတယ်။

“သီလရှင်အဝတ်လေးတွေ ချုပ်ပေးလို့ မုန့်ဖိုး ငါးသောင်းပေးတော့ အရမ်းပျော်သွားတယ်။ စားဖို့ပိုက်ဆံ ရပြီဆိုပြီး အဲဒီပိုက်ဆံလေးနဲ့ အဆင်ပြေသလို စားခဲ့ရတယ်။ တချို့နေ့တွေဆို လက်ဖက်ထုပ်လေးတထုပ်နဲ့ပဲ တနေ့လုံး ဖြတ်သန်းခဲ့ရတယ်။”

အလုပ်တခု အရေးတကြီးလိုအပ်နေချိန်မှာ မိုင်ဟာ သူငယ်ချင်းတယောက်နဲ့အတူ တရုတ်နယ်စပ်ကို သွားပြီး ရရာအလုပ် လုပ်ဖို့အထိ ဆုံးဖြတ်ခဲ့ပါတယ်။

“တရုတ်နယ်စပ်မှာ ဖဲဝေပေးရတာ၊ ထမင်းချက်ပေးရတာပဲ ဖြစ်ဖြစ် သွားလုပ်မယ်လို့ တွေးထားတယ်။ ပိုက်ဆံရရင် ပြီးရောပဲ။ အိမ်ကိုတော့ ပိုက်ဆံပို့နိုင်မယ်။ ကိုယ်ကတော့ ဘာဖြစ်နေမလဲ မသိဘူး။ ရောင်းစားခံရမလား၊ ဘဝပျက်သွားမလား ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ အဲဒီလိုဖြစ်ရင်တောင် ဘာပဲဖြစ်ဖြစ် ခံမယ်ဆိုတဲ့ စိတ်ပဲ ရှိခဲ့တယ်။”

ကံကောင်းထောက်မစွာနဲ့ NGO တခုမှာ အလုပ်သင်လျှောက်ထားတာက အလုပ်ခေါ်ခဲ့တဲ့အတွက် တရုတ်နယ်စပ်ကို သွားရောက်အလုပ်လုပ်မယ့် အစီအစဉ် ပျက်သွားခဲ့ပါတယ်။

ဒါပေမယ့် အလုပ်ရလာတယ်ဆိုတာနဲ့ မိုင်တို့ညီအစ်မနှစ်ယောက်ရဲ့ ဘဝက ပြေလည်သွားတာတော့ မဟုတ်ပါဘူး။ စစ်ရှောင်နေရတဲ့ မိဘတွေကို တတ်နိုင်သလောက် ထောက်ပံ့ရင်း၊ သီလရှင်ကျောင်းမှာ အတူနေတဲ့ ဆယ်ကျော်သက်အရွယ် ညီမလေးရဲ့ ပညာရေးနဲ့ နေ့စဉ်အသုံးစရိတ်ကိုပါ သူမက တာဝန်ယူနေရဆဲ ဖြစ်ပါတယ်။

“ညီမလေးက ကိုယ်ရုန်းကန်နေရတာကို သိတော့ ဓမ္မတာလာတဲ့အချိန်မှာတောင် အမျိုးသမီးလစဉ်သုံး Pad တခုကို တနေ့လုံး သုံးတယ်။ ပိုက်ဆံကုန်မှာ စိုးလို့တဲ့။ အဲဒါကို မြင်တော့ အရမ်းစိတ်မကောင်းဖြစ်တယ်။ ကျမက အစ်မဖြစ်ပြီး သူ့ကို ဒီလိုဘဝမျိုး မရောက်စေချင်ဘူး” လို့ မိုင်က ပြောပါတယ်။

အဲဒီလို နေ့စဉ်ဘဝရဲ့ အသေးစိတ်အခက်အခဲတွေကြားမှာပဲ မိုင်ဟာ မိဘတွေ၊ ညီမလေးနဲ့ ကိုယ့်အနာဂတ်အတွက် တပြိုင်နက်တည်း ပူပန်ရင်း အသက်ရှင်နေရပါတယ်။

“ဒီပဋိပက္ခကြီးက ညီမဆီက ရှိသမျှ အကုန်ယူသွားတယ်လို့ပဲ ခံစားရတယ်။ ပညာရေးအတွက် ကုတ်ခြစ်ပြီး အသည်းအသန် ရုန်းကန်ရတယ်။ အိပ်မက်တွေ၊ မိသားစုတွေနဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အကုန်ပါသွားတယ်လို့ ခံစားရတယ်။ မိသားစုကိုလည်း စိတ်ပူရတယ်။ ကိုယ့်အတွက်ကိုယ်လည်း စိတ်ပူရတယ်။ ညဘက်တွေဆို အိပ်မပျော်ဘူး။ ဒီအရွယ်မှာ အိပ်မပျော်တဲ့အခြေအနေဆိုတာ ရှိနိုင်ပါလားလို့ တွေးမိတယ်” လို့ သူမက ဆိုပါတယ်။

မေ

မဖွေးက ပညာရေးကို လက်လွှတ်ခဲ့ရပြီး၊ မိုင်ကတော့ ပညာရေးကို ဆက်ထိန်းထားနိုင်ဖို့ အသည်းအသန် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အသက် ၂၁ နှစ်အရွယ် မေ အတွက်တော့ ပညာရေးကို ဆက်မတက်နိုင်တာထက် ပိုခက်ခဲခဲ့တာက ရှေ့ဆက်ရမယ့် လမ်းကို မမြင်တော့တာပဲ ဖြစ်ပါတယ်။

ရန်ကုန်မှာ နေထိုင်သူဖြစ်ပြီး အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ဒီအချိန်ဆိုရင် တက္ကသိုလ်ဘွဲ့ရပြီး အလုပ်အကိုင်တခုမှာ ဝင်ရောက်လုပ်ကိုင်နေရမယ့် အရွယ်ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ ၁၀ တန်းကျောင်းသူအဖြစ် ရပ်တန့်သွားခဲ့တဲ့ သူမရဲ့ ပညာရေးလမ်းကြောင်းဟာ လေးနှစ်ကျော်ကြာတဲ့အထိ ရှေ့ဆက်ရမယ့် ဦးတည်ရာကို မတွေ့သေးပါဘူး။

ဆယ်ကျော်သက်အရွယ်မှာတော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှာ အင်္ဂလိပ်ဘာသာအထူးပြုတက်ပြီး Tourist Guide ဖြစ်ချင်ခဲ့ပါတယ်။ အဲဒီအိပ်မက် မဖြစ်ခဲ့ရင်တောင် အင်္ဂလိပ်စာ အားနည်းတဲ့ ကလေးတွေကို စာသင်ပေးတဲ့ ဆရာမတယောက် ဖြစ်ချင်ခဲ့တယ်လို့ မေ က ပြောပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက် အစ်ကိုဖြစ်သူက နိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်သွားခဲ့ပြီး မိသားစုရဲ့ အခြေအနေတွေကြားမှာ သူမလည်း ကျောင်းမတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“အမှန်တော့ နိုင်ငံရေးကို ဘာမှမသိတဲ့ ကလေးတယောက်ပဲ။ ကိုယ်ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူခဲ့ရတာပေါ့။ ကိုယ်တယောက်တည်း ကျောင်းသွားတက်ရင် ပတ်ဝန်းကျင်က ဘာပြောမလဲ၊ မိဘတွေကိုလည်း အားနာတာနဲ့ မတက်ဖြစ်တော့တာ” လို့ သူမက ပြောပါတယ်။

နောက်ပိုင်းမှာ NUG အသိအမှတ်ပြု အွန်လိုင်း ပညာရေးကျောင်းကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပေမယ့် အဲဒီအောင်မြင်မှုက သူမကို နောက်ထပ်ပညာရေးလမ်းကြောင်းဆီ မပို့ဆောင်နိုင်ခဲ့ပါဘူး။

“၁၀ တန်းတော့ အောင်သွားတယ်။ ဒါပေမယ့် ဘယ်သူက လက်ခံလဲ။ ဘယ်တက္ကသိုလ်ကို သွားရမလဲ၊ ဘယ်လိုဆက်သွားရမလဲဆိုတာ မသိဘူး။ ကိုယ်တိုင်လည်း မသိဘူး၊ ဘယ်သူကမှလည်း ရေရာတဲ့ လမ်းကြောင်းမပေးနိုင်ဘူး” လို့ မေ က ပြောပါတယ်။

သူငယ်ချင်းတချို့က တက္ကသိုလ်တက်နေချိန်၊ တချို့က အလုပ်အကိုင်တခုစီ ရရှိနေချိန်မှာ သူမကတော့ ပညာရေးနဲ့ အလုပ်အကိုင်ကြား လမ်းပျောက်နေတဲ့ လူငယ်တယောက်လို ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။

“သူငယ်ချင်းတွေ တက္ကသိုလ်တက်နေတာကို မြင်ရင် အားမလို အားမရဖြစ်တယ်။ မညာတမ်းပြောရရင် နောင်တရတယ်” အသက် ၁၈ နှစ်မပြည့်ခင်မှာပဲ အလုပ်လုပ်ရပြီး မိသားစုကို စတင်စောင့်ရှောက်ခဲ့ရတဲ့ သူမအတွက် ဆယ်ကျော်သက်ဘဝဆိုတာ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဖြတ်သန်းရတဲ့ အချိန်မဟုတ်ခဲ့ပါဘူး။

“ဆယ်ကျော်သက်ဘဝကို ပြန်တွေးရင် ဓာတ်ပုံလေးတွေ ပြန်တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အရမ်းနှမြောတယ်။ လူငယ်အချိန်မှာ လူငယ်လို မနေခဲ့ရဘူး။ ညဘက်ဆို အပြင်မထွက်ရဲဘူး၊ တယောက်တည်း သွားလာဖို့ ကြောက်တယ်။ ကိုယ့်အတွက် လုံခြုံရေးဆိုတာ မရှိခဲ့ဘူး”

ပြီးသွားတဲ့ ဆယ်ကျော်သက် ဘဝမှာတော့ သူမ မျှော်လင့်သလို မဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ GED စာမေးပွဲ ဖြေဆိုနိုင်ဖို့ သူမဘာသာ ပညာရေးလမ်းကြောင်းကို ပြန်စဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အချိန်ကတော့ ပြန်မရနိုင်တော့ဘူးလို့ သူမက ဆိုပါတယ်။

“အခုဆို ညီမက ဘွဲ့ရသင့်နေပြီ။ ဒါပေမယ့် အခုထိ ၁၀ တန်းပဲ ရှိသေးတယ်” လို့ မေက ပြောပါတယ်။

ကိန်းဂဏန်းတွေရဲ့ နောက်ကွယ်

သူတို့ ကြုံတွေ့ခဲ့ရတဲ့ ဘဝတွေက မတူညီပေမယ့် တူညီတာတစ်ခုတော့ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခက သူတို့ရဲ့ ဆယ်ကျော်သက်ဘဝကို သူတို့ မရွေးချယ်ခဲ့တဲ့ လမ်းကြောင်းပေါ် တွန်းပို့လိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ကလေးငယ် ၃.၅ သန်းခန့် ကျောင်းပြင်ပရောက်ရှိနေပြီး သင်ယူခွင့် ဆုံးရှုံးနေကြပါတယ်။ အဲဒီထဲက ၆၀ ရာခိုင်နှုန်းခန့်က အသက် ၁၅ နှစ်ကနေ ၁၇ နှစ်ကြားရှိ ဆယ်ကျော်သက်တွေ ဖြစ်တယ်လို့ UNICEF Myanmar က ဖော်ပြထားပါတယ်။

တဖက်မှာလည်း UN Women နဲ့ UNFPA Myanmar တို့က လက်နက်ကိုင်ပဋိပက္ခနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကြားမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ ရင်ဆိုင်နေရတဲ့ အဓိက လုံခြုံရေးစိုးရိမ်မှုတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ အသက်မပြည့်ခင် အိမ်ထောင်ပြုရမှုတွေ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

အဲဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာတော့ မဖွေး၊ မိုင်နဲ့ မေတို့လို ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ဘဝတွေ ရှိနေပါတယ်။ တယောက်က ဆရာဝန်ဖြစ်ချင်တဲ့ အိပ်မက်ကို လက်လွှတ်ခဲ့ရသူ၊ တယောက်က ပညာရေးကို ဆက်ထိန်းထားဖို့ ရုန်းကန်ရင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ကြုံခဲ့ရသူ၊ နောက်တယောက်ကတော့ ပညာရေးကို ပြန်ဆက်ဖို့ ကြိုးစားခဲ့ပေမယ့် ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ပျောက်နေတဲ့သူတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခအတွင်း သူတို့လိုပဲ ကျောင်းထွက်ခဲ့ရသူတွေ၊ အရွယ်မတိုင်ခင် မိသားစုတာဝန် ထမ်းခဲ့ရသူတွေ၊ စစ်ရှောင်ရင်း အလုပ်ခွင်ထဲ ဝင်ခဲ့ရသူတွေ၊ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုခဲ့ရသူတွေ၊ ကိုယ်မရွေးချယ်ခဲ့တဲ့ ဘဝလမ်းကြောင်းတွေပေါ် လျှောက်နေရတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ အများအပြား ရှိနေဆဲပါ။

သူတို့တွေ ဆုံးရှုံးခဲ့ရတာ စာသင်ခန်းတခန်း မဟုတ်ပါဘူး။ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိသင့်တဲ့ ဆယ်ကျော်သက်ဘဝတခု၊ အိပ်မက်တွေကို ကိုယ်တိုင် တည်ဆောက်ခွင့်ရှိသင့်တဲ့ အချိန်တခုနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် မျိုးဆက်တခုရဲ့ အလားအလာပဲ ဖြစ်ပါတယ်။

]]>
ထောင်နံရံလွန် နယ်ခြားဖြတ်ကျော် ဘဝအပိုင်းအစများ https://burma.irrawaddy.com/article/2026/08/24/415734.html Mon, 24 Aug 2026 03:04:09 +0000 https://burma.irrawaddy.com/?p=415734 နိုင်ငံရေးအကျဉ်းသားဟောင်းများဆိုသည့် အခြေအနေကို အခြားသူများ မသိရှိစေလိုသည့်အတွက် လိုတာထက် ပိုပြောဆိုမှုများ မလုပ်ဘဲ နေထိုင်ကြသည်။]]>

မနက် ၈ နာရီ မခွဲခင် ပီကေ အိမ်က ထွက်ရသည်။ ပီကေနေသည့်မြို့က တရုတ်လူမျိုးပိုင် ကော်ဖီဆိုင်တဆိုင်သို့ ရောက်ဖို့ ဘတ်စ်ကား တနာရီဝန်းကျင် စီးရသည်။

ကော်ဖီဆိုင်ရောက်သည်နှင့် ဖောက်သည်များ မှာထားသည့် အစားအသောက်များကို လိုက်ချပေးရသည်။ စားပွဲသန့်ရှင်းရေးများ လုပ်ရသည်။ ညဘက် ဆိုင်ပိတ်ခါနီးအချိန်မှာတော့ အိမ်သာဆေးသည်ကအစ တခြားသူများ မလုပ်ချင်သည့် တဆိုင်လုံးက အညစ်အကြေးများကိုပါ ရှင်းလင်းရသည်။

ပီကေ၏ တနေ့တာ အလုပ်ချိန် ၁၁ နာရီသည် မတ်တပ်ရပ်ရင်းနှင့်ပင် ကုန်ဆုံးသွားသည်။

ပထမဆုံး အလုပ်ဝင်သည့်ရက်များတွင် ခြေထောက်နာလွန်း၍ ဖြတ်ထားလိုက်ချင်သည်ဟုတောင် ပီကေ တွေးမိခဲ့သည်။

“ဘဝကို သုညကနေ ပြန်စနေရတာပေါ့” ဟု ထိုင်းနိုင်ငံက ကော်ဖီဆိုင်တဆိုင်တွင် အလုပ်လုပ်နေသည့် အသက် ၃၀ ဝန်းကျင်အရွယ် သူမက ပြောသည်။

တနေ့တာအလုပ်ချိန် ၁၁ နာရီလုံး မတ်တပ်ရပ်ရင်း အလုပ်လုပ်နေရသည်မှာ သူမ တယောက်တည်းတော့ မဟုတ်ပါဘူ။ ဘန်ကောက်မြို့၏ တိုက်ခန်းတခန်းတည်းတွင် ပီကေနှင့်အတူတူနေသည့် မဟန်နီကလည်း ထိုကော်ဖီဆိုင်မှာပင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေတာပါ။

“အိမ်သာ စဆေးရတဲ့နေ့တုန်းကဆို မျက်ရည်ကျတယ်။ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကိုတောင် ကိုယ်တိုင်သန့်ရှင်းရေးလုပ်ရတော့ ငါ့ဘဝ ဒီလောက်တောင် အခြေအနေဆိုးသွားပြီလားလို့ တွေးမိခဲ့တယ်” ဟု ဟန်နီက ပြောသည်။

ဒါပေမဲ့ ပီကေ နှင့် ဟန်နီတို့နှစ်ဦးသည် သာမန်ရွှေ့ပြောင်းအလုပ်သမားများ မဟုတ်ကြပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအမှုများနှင့် အာဏာသိမ်းစစ်တပ်၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူဟောင်းများ ဖြစ်ကြပါသည်။

ထောင်က လွတ်လာပြီးသည့်နောက် အချိန်မရွေး ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်နိုင်သည့် စစ်တပ်၏ အန္တရာယ်ကို ရှောင်ရှားဖို့အတွက် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး ထွက်လာခဲ့ကြသည်။ ဒါပေမဲ့ စစ်တပ်၏ အန္တရာယ်ကနေ လွတ်မြောက်လာသည့် ဘဝအသစ်က သူတို့ မျှော်လင့်ထားသလို မဟုတ်ခဲ့ပါဘူး။ အလုပ်အကိုင်၊ နေထိုင်ရေးနှင့် စားဝတ်နေရေး ရုန်းကန်ရမှု အစရှိသဖြင့် အရာအားလုံးကို မူလအစကနေ ပြန်တည်ဆောက်ရသည့် နေ့ရက်များက သူတို့ကို နောက်ထပ် စမ်းသပ်မှုတခုဆီ ခေါ်ဆောင်သွားခဲ့သည်။

ထိုင်းနိုင်ငံသို့ ရောက်ပြီး ပထမဆုံး ခြောက်လကျော်အတွင်း သူတို့နှစ်ယောက်လုံးတွင် ပုံမှန် အလုပ်တခုမျှ မရှိခဲ့ကြပါဘူး။ ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်တွင် ငါးလကျော်၊ ဘန်ကောက်တွင် တလကျော် နေထိုင်ခဲ့သည့် ကာလအတွင်း စားဝတ်နေရေးကအစ အခန်းငှားခအထိ အရာအားလုံးကို အကြွေးနှင့်ပဲ ဖြေရှင်းခဲ့ကြရသည်။

မနက်မိုးလင်းကနေ ညနေအထိ အလုပ်ရဖို့ နေရာစုံတွင် လျှောက်ခဲ့ကြသော်လည်း ဘာသာစကား အခက်အခဲကြောင့်ပဲ ငြင်းပယ်မှုများကို အကြိမ်ကြိမ် ကြုံခဲ့ကြရသည်။ တချို့ရက်များတွင်တော့ ၂၅ ဘတ်တန် ပေါင်မုန့်တထုပ်ကို နှစ်ယောက်မျှဝေစားပြီး တနေ့တာကို အတူတူ ဖြတ်သန်းခဲ့ရသည်။ ဘတ်စ်ကားစီးဖို့ လမ်းစရိတ်တောင် မရှိသည့်နေ့များတွင် အလုပ်ရနိုင်မည့် နေရာများကို အတူတူ လမ်းလျှောက်ပြီး လိုက်ရှာခဲ့ကြရသည်။

အလုပ်မရသည့် ရက်များ ကြာလာသည်နှင့်အမျှ သူတို့၏ ရွေးချယ်စရာများကလည်း တဖြည်းဖြည်းနှင့် နည်းပါးလာခဲ့သည်။

နောက်ဆုံးမှာတော့ ညဘက်လုပ်ရသည့် လုပ်ငန်းများဖြစ်သည့် ဘားများနှင့် ကလပ်များတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်ဖို့အတွက် အလုပ်များ လျှောက်ခဲ့ကြပြန်သည်။

“အလုပ်သွားလျှောက်တော့ CV ဖောင်တွေတောင် မကြည့်ဘဲ အလုပ်ခန့်လိုက်တယ်။ မလုပ်ခင် တရက် လာလေ့လာဆိုလို့ သွားကြည့်တော့ ဖောက်သည်တွေနဲ့ အရက်အတူသောက်ရတာ၊ မိန်းကလေးတွေကို ကိုယ်ထိလက်ရောက် ကိုင်တွယ်တာတွေ၊ နမ်းရှုံ့တာတွေ တွေ့ရတယ်။ အဲဒီတော့ ညီမတို့နှစ်ယောက်လည်း ‘ငါတို့ အဲဒီလောက်အထိတော့ မနိမ့်ကျသေးဘူး’ ဆိုပြီး ပြန်လာခဲ့ကြတယ်” ဟု ပီကေက ပြောသည်။

ညဘက်ဖျော်ဖြေရေး အလုပ်များကို လက်လျှော့လိုက်ပြီးသည့်နောက် Date Girl ဟုခေါ်ကြသည့် အမျိုးသားဖောက်သည်များကို အဖော်ပြုပေးရသည့် အလုပ်ကို လုပ်ကိုင်ကြသည့် အမျိုးသမီးများ နေထိုင်အသုံးပြုသည့် အခန်းများကို သန့်ရှင်းရေးလုပ်သည့် အလုပ်အထိ စဉ်းစားခဲ့ကြသည်။ အဲဒီအလုပ်မျိုးမှာပါ လျှောက်လို့မရခဲ့လျှင် ဘန်ကောက်ကနေ မဲဆောက်ပြန်ပြီး စက်ဘီးတစီးနှင့် စက်ရုံများရှေ့တွင် အီကြာကွေး လိုက်ရောင်းဖို့အထိ နှစ်ဦးသား စီစဉ်ထားခဲ့ကြသည်။

အလုပ်မရသည့်ရက်များ တရက်ပြီးတရက် ကြာလာသည်နှင့်အမျှ ဟန်နီအတွက် ဖိအားက ပိုကြီးလာသည်။ အကြွေးများလည်း ပိုတိုးလာသည်။ သူမ၏ အနာဂတ်ကို မမြင်တော့ပါ။ ထိုင်းနိုင်ငံသို့ ရောက်လာပြီးနောက် ဘဝကို အစကနေ ပြန်တည်ဆောက်ရမည်ဆိုသည့် စိတ်ကူးသည် နေ့စဉ်ရှင်သန်ဖို့တောင် ခက်ခဲလာသည့် အခြေအနေအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်လာသည်။

“တရက်တော့ ဖိအားတွေကို လုံးဝ မခံနိုင်တော့ဘူး။ အတူနေတဲ့ မောင်ပြောတဲ့စကားတွေကိုလည်း မခံနိုင်တော့ဘဲ ဝရံတာမှာ ဆေးလိပ်ထွက်သောက်ရင်း မျက်ရည်ကျနေရာက ခုန်ချလိုက်ချင်စိတ်အထိ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ‘ငါ့မှာ အကြွေးတွေ ရှိသေးတယ်။ အဲဒီအကြွေးတွေ ဆပ်ရဦးမယ်’ ဆိုတဲ့စိတ်နဲ့ပဲ ပြန်အားတင်းခဲ့ရတယ်” ဟု မဟန်နီက ပြောသည်။

မဲဆောက်သို့ ပြန်ပြီး စက်ရုံရှေ့တွင် စက်ဘီးနှင့် အီကြာကွေးလိုက်ရောင်းဖို့ ပြင်ဆင်နေသည့်အချိန်မှာပင် ကော်ဖီဆိုင်က အင်တာဗျူး ခေါ်လာခဲ့သည်။

“အခုလက်ရှိ စားပွဲထိုးအလုပ်သာ မရခဲ့ဘူးဆိုရင် မဲဆောက်ပြန်ပြီး စက်ရုံတွေရှေ့မှာ အီကြာကွေးလိုက်ရောင်းဖို့အထိ စဉ်းစားထားတာ။ အဲဒီနောက်ရက်မှာပဲ ဒီအလုပ်က အင်တာဗျူးခေါ်ပြီး အလုပ်ရခဲ့တာ” ဟု ပီကေက ပြောသည်။

ကော်ဖီဆိုင်က အလုပ်သည် သူတို့ မျှော်လင့်ထားသည့် အလုပ်တော့ မဟုတ်ပါ။ နေ့တိုင်း ၁၁ နာရီကြာ မတ်တပ်ရပ်ရင်း အလုပ်လုပ်ရသည်။ မိန်းကလေးအသုံးအဆောင်များ ပေကျံနေသည့် အိမ်သာကို ဆေးရသည်။ ဘာသာစကား မကျွမ်းကျင်သည့်အတွက် အလုပ်ခွင်တွင် အနှိမ်ခံရသည်များလည်း ရှိသည်။ ဒါပေမဲ့ သူတို့နှစ်ယောက်အတွက်တော့ အဲဒီအလုပ်သည် ဂုဏ်သိက္ခာထက် အသက်ရှင်ဖို့က ပိုအရေးကြီးလာသည့် အခြေအနေတခု၏ ရွေးချယ်စရာ ဖြစ်လာခဲ့သည်။

သူတို့နှစ်ယောက် ဆုံးရှုံးခဲ့ရသည်များက အလုပ်အကိုင်နှင့် ဝင်ငွေတင် မဟုတ်ပါ။ ထောင်တံခါးအပြင်သို့ ထွက်လာပြီးနောက် ပြန်ရဖို့ မဖြစ်နိုင်တော့သည်မှာ သူတို့၏ ဘဝထဲက အစားထိုးမရသည့် အရေးကြီး အစိတ်အပိုင်းတချို့ ဖြစ်သည်။

စစ်ကောင်စီ ထုတ်ပြန်ထားသည့် ဖောက်ခွဲမှုနှင့် ဆက်စပ်သည့် ပုဒ်မများအရ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံခဲ့ရသည့် ပီကေသည် ထောင်ထဲမှာပင် သမီးငယ်ကို မွေးဖွားခဲ့ရသည်။ မွေးပြီး ၂၈ ရက်သာ အတူနေခွင့်ရခဲ့သည်ဟု သူမက ဆိုပါသည်။

အင်းစိန်နှင့် သာယာဝတီထောင်တွင် လေးနှစ်ကျော်ကြာ အကျဉ်းကျခံပြီး ပြန်လွတ်လာချိန် သမီးနှင့် ပထမဆုံး ပြန်တွေ့သည့်နေ့သည် ပီကေ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။

“သမီးနဲ့ တွေ့တွေ့ချင်းမှာ ‘ကြီးကြီး’ လို့ စခေါ်တယ်” ဟု ပီကေက ဆိုပါသည်။

“လေးနှစ်ကျော် မတွေ့ရတော့ ဒီလိုဖြစ်မယ်ဆိုတာ ကြိုတွေးထားပြီးသားပါ။ ‘ကြီးကြီး’ မဟုတ်ဘူး၊ ‘မေမေ’ လေလို့ ပြန်သင်ပေးခဲ့ရတယ်”

သမီးက “မေမေ” ဟု ခေါ်တတ်လာသော်လည်း အဲဒီစကားလုံးနှင့်အတူ သားအမိကြားက ရင်းနှီးမှုက ပြန်ပါမလာခဲ့ဘူးဟု ပီကေက ဆက်ပြောသည်။

“ကလေးက ကိုယ့်အနား မကပ်ဘူး။ သူငယ်ချင်းလိုပဲ ဖြစ်နေတယ်။ ကိုယ်က တခုခု ဆုံးမပြီဆိုရင် ‘နင်က အခုမှ ရောက်လာပြီး ဘာလာစိုးမိုးချင်တာလဲ’ ဆိုပြီး ယောက္ခမတွေက ပြောတယ်။ အဲဒီအချိန်ဆို အရမ်း စိတ်ဖီးစီးရတယ်” ဟု သူမက ပြောသည်။

တခါတလေ သမီး၏ ဝေယျာဝစ္စများကို လုပ်ပေးလျှင်တောင် သမီးက မေမေ မလုပ်နဲ့… ဘွားဘွားပဲ လုပ်ပေးဆိုပြီး ငိုယိုပြီး ပြောသည်များရှိသည်။

“အစပိုင်းတော့ အချိန်ယူရင် အဆင်ပြေသွားမှာပဲလို့ ဖြေသာခဲ့တယ်။ ဒါပေမဲ့ ကြာလာတော့ ဘာဖြစ်လို့ ငါ့ကို လက်မခံတာလဲဆိုပြီး ခံစားရတယ်။

ယောက္ခမအိမ်တွင် နေခဲ့သည့် ကာလတလျှောက် သမီးနှင့် နှစ်ယောက်တည်း အချိန်ဖြုန်းခွင့်တောင် သူမတွင် မရှိခဲ့ပေ။ သမီးကို အပြင်ခေါ်သွားချင်လျှင် ယောက္ခမများက စိတ်မချ၍ မလွှတ်ပါ။ ဖုန်းကို အကြာကြီး မကြည့်စေချင်၍ တားမြစ်လျှင်လည်း အငြင်းပွားမှုများ ဖြစ်သည်။

ထိုင်းရောက်လာပြီးသည့်နောက် သားအမိနှစ်ယောက်၏ ဆက်သွယ်မှုသည် ဗီဒီယိုခေါ်ဆိုမှုကနေသာ ရှိခဲ့သည်။

“အခု ဖုန်းပြောကြရင်လည်း သမီးနဲ့က ငါးမိနစ်လောက်ပဲ ပြောရတယ်။ ပြီးရင် သူက ဆော့ဖို့ ထွက်သွားပြီ”

ပီကေက ထိုင်းရောက်ပြီး အလုပ်ကို အသည်းအသန် ရှာခဲ့သည်မှာ သူ့ဘဝကို ပြန်တည်ဆောက်ဖို့ တခုတည်း မဟုတ်ဘဲ သမီးကို သူ့အနား ပြန်ခေါ်ပြီး သားအမိဘဝတခု တည်ဆောက်ဖို့လည်း ဖြစ်သည်။

“အမှန်အတိုင်း ပြောရရင် ညီမမှာ သံယောဇဉ်တွယ်စရာဆိုလို့ ဒီကလေးပဲ ရှိတာ။ ကိုယ့်ဘက်က ပြည့်စုံအောင် အရင်လုပ်မှ ရမယ်ဆိုပြီး အလုပ်ကို ရအောင် လိုက်ရှာခဲ့တာ။ အကြွေးတွေလည်း ကျေသွားပြီး အခြေအနေ ရောက်ရင်တော့ သမီးကို ထိုင်းမှာ ကျောင်းထားပြီး ကိုယ့်ဘေးမှာ ပြန်ခေါ်ထားချင်တယ်” ဟု မပီကေက ပြောပါသည်။

ပီကေအတွက် ပြန်မရနိုင်တော့သည်မှာ လေးနှစ်အရွယ်ရှိနေပြီဖြစ်သည့် သမီးဖြစ်သူ၏ အစောပိုင်း ကာလဖွံ့ဖြိုးတိုးတက်နေသည့် အချိန်များဖြစ်ပြီး ဟန်နီအတွက်တော့ ထောင်နံရံများအတွင်း၌ ရှိနေချိန် ဆုံးရှုံးလိုက်ရသည့် ဖခင်ပဲ ဖြစ်သည်။

“အဖေ့ရဲ့ နာရေးဗီဒီယိုကို အခုထိ မကြည့်နိုင်သေးဘူး” ဟု ဟန်နီက ပြောသည်။

ဖခင်ဆုံးပြီး လေးနှစ်ကျော် ကြာလာသည့်အထိ သူမသည် ဖခင်၏ နောက်ဆုံးနေ့ရက်များနှင့် အသုဘအခမ်းအနားကို ရိုက်ကူးထားသည့် ဗီဒီယိုကို မဖွင့်ကြည့်နိုင်သေးပါဘူး။

“အဆင်သင့် မဖြစ်သေးဘူး” အဲဒီစကားကို သူမက ခဏတိတ်ပြီးမှ ဆက်ပြောသည်။

ဟန်နီကို ပိုပြီးနာကျင်စေသည်မှာ ထောင်ထဲတွင် ရှိနေသည့်နေ့များ၌ ဘုရားရှိခိုးပြီး အမျှဝေတိုင်း ဖခင်၏ မျက်နှာကို စိတ်ထဲ ပြန်မြင်ယောင်ဖို့ ကြိုးစားသော်လည်း အဲဒီမျက်နှာက တဖြည်းဖြည်း မှုန်ဝါးလာတာပဲ ဖြစ်သည်။

“ထောင်ထဲမှာ ဘုရားရှိခိုးရင်း အမျှဝေတဲ့အခါတိုင်း အဖေ့မျက်နှာကို မြင်ယောင်ကြည့်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မမြင်ယောင်နိုင်တော့ဘူး။ အခုချိန်ထိလည်း အဖေ့ရဲ့ နောက်ဆုံးနေ့ရက်တွေနဲ့ နာရေးဗီဒီယိုကို မကြည့်ရဲသေးဘူး” ဟု သူမက ဆက်ပြောသည်။

ဟန်နီ အင်းစိန်ထောင်သို့ ရောက်ခဲ့သည်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ဖြစ်သည်။ ထောင်ရောက်ပြီး လေးလနီးပါးအကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှာတော့ သူမ ဖခင် ဆုံးပါးခဲ့သည်။

သူမ၏ ဖခင်သည် နေ့တိုင်း အပြင်ထွက်ပြီး သမီးပြန်လာမည့်နေ့ကို စောင့်နေခဲ့သူ ဖြစ်ကာ တရက်တွင်တော့ မတော်တဆ ပြုတ်ကျပြီး တင်ပါးဆုံရိုးကျိုးခဲ့သည်။ ဆီးချိုရောဂါအခံရှိသည့်အပြင် COVID-19 တတိယလှိုင်းကာလအတွင်း အဆုတ်ထဲပိုးဝင်ပြီး ဆုံးပါးခဲ့ရသည့် ဖခင်၏ နောက်ဆုံးနေ့ရက်များတွင်တော့ ဟန်နီတယောက် ဘေးတွင် မရှိခဲ့နိုင်ပါဘူး။

အင်းစိန်ထောင်သို့ ရောက်ပြီးနောက် မိသားစုနှင့် တွေ့ခွင့် မရခဲ့ဘဲ တရားရုံးထုတ်သည့်နေ့ကျမှ မိသားစုနှင့် ပြန်တွေ့ခွင့်ရခဲ့သည့်အချိန် ဖခင်ဖြစ်သူ မရှိတော့ပါဘူး။ ထောင်က လွတ်လာပြီးနောက် ဘဝအသစ်ကို ပြန်စဖို့ ကြိုးစားနေရသော်လည်း ဖခင်ကို ဆုံးရှုံးခဲ့ရသည့် နာကျင်မှုကတော့ သူမနှင့်အတူ အရိပ်လို ကပ်ပါလာခဲ့သည်။

“ညီမဘဝမှာ အဖေကြီးကို ဆုံးရှုံးလိုက်ရတဲ့အချိန်လောက် ဘယ်အရာမှ နာကျင်စရာ မရှိဘူး။ အခု မတွေးထားတဲ့ အလုပ်တွေကို လုပ်ရတယ်။ အိမ်သာတွေလည်း ဆေးရတယ်။ ဒါပေမဲ့ အဲဒီနာကျင်မှုနဲ့ ယှဉ်ရင် ဒါတွေက ကျော်ဖြတ်လို့ရတဲ့ အရာတွေပဲ” ဟု ဟန်နီက ပြောပါသည်။

အင်းစိန်ထောင်အတွင်းမှာ ပီကေ နှင့် ဟန်နီသည် အဆောင်တူ၊ စားအိုးတူခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသူ နှစ်ယောက်ဖြစ်သည်။ ထောင်နံရံအတွင်းမှာ အဆောင်တူ၍ စားအိုးတွဲဖြစ်ခဲ့ဖူးကြသည့် သူတို့နှစ်ဦးသည် ထောင်အပြင်မှာလည်း တယောက်၏ နာကျင်မှုကို တယောက်က မျှဝေခံစားနေကြသည့် အတူနေစားအိုးတွဲများ ဆက်ဖြစ်လာခဲ့ကြပါသည်။

အင်းစိန်ထောင်အတွင်း အတူရှိနေစဉ်အချိန်၌ ကိုယ်ဝန်ဆောင်နေရသည့် ပီကေအတွက် ထောင်ဝင်စာ လာပို့ပေးမည့် မိသားစုဝင်များ မရှိသေးသည့် အစောပိုင်း ထောင်တွင်းနေ့ရက်များတွင် ဟန်နီကပဲ သူမကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့ပါသည်။

နောက်ပိုင်း ထောင်ပြောင်းသည့်အခါ ပီကေက ဒိုက်ဦးထောင်၊ ဟန်နီက သာယာဝတီထောင်သို့ ရောက်သွားခဲ့ကြပါသည်။ ဒါပေမဲ့ သူတို့ နှစ်ယောက် အဆက်အသွယ် မပြတ်ခဲ့ကြပါဘူး။

၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပီကေ ပြန်လွတ်လာခဲ့သည်။ ခြောက်လအကြာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဟန်နီလည်း လွတ်မြောက်လာခဲ့သည်။ ဒီတကြိမ်မှာ သူတို့နှစ်ဦးကို ပြန်ဆုံစေခဲ့သည်မှာ ထောင်မဟုတ်တော့ဘဲ နိုင်ငံကို တူတူ စွန့်ခွာခဲ့ရသည့် နေ့ရက်များပင် ဖြစ်ပါသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်သို့ အတူထွက်လာခဲ့ကြပြီး အဲဒီကနေ ဘန်ကောက်သို့ အတူတူ ထပ်မံပြောင်းရွှေ့ခဲ့ကြသည်။ အလုပ်မရခဲ့သည့် ခြောက်လတာကာလတွင် အချို့ရက်များကို ၂၅ ဘတ်တန် ပေါင်မုန့်တထုပ်ကို နှစ်ယောက်ခွဲစားရင်း ကျော်ဖြတ်ခဲ့ကြရသည်။

အခုတော့ ကော်ဖီဆိုင်တွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ရင်း တယောက်က အားလျော့သည့်နေ့တွင် နောက်တယောက်က အားပေးရင်း ဘဝကို ဆက်လက်ရှင်သန်နေကြပါသည်။

“ထောင်ထဲမှာလည်း တူတူနေခဲ့ကြတယ်။ အလုပ်မရတဲ့ နောက်ဆုံးနေ့ရက်တွေမှာလည်း တူတူဖက်ငိုခဲ့ကြတယ်” ဟု ဟန်နီက ပြောသည်။

ဘဝတူ အမျိုးသမီးနှစ်ယောက် တယောက်ကို တယောက် ဖေးမ စောင့်ရှောက်ရင်း ခက်ခဲမှုများကို ကျော်ဖြတ်နေသော်လည်း သူမတို့၏ ပထမဆုံးလုပ်ငန်းခွင်တွင် အခြားလုပ်ဖော်ကိုင်ဖက်များနှင့် ယုံကြည်မှု တည်ဆောက်ရသည့်နေရာ၌ စည်းတခုခြားနေသလို ခံစားခဲ့ကြရသည်ဟု ဆိုကြပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများဆိုသည့် အခြေအနေကို အခြားသူများ မသိရှိစေလိုသည့်အတွက် လိုတာထက် ပိုပြောဆိုမှုများ မလုပ်ဘဲ နေထိုင်ကြသည်ဟု ဆိုပါသည်။

“ဘယ်သူ့ကိုမှ အကုန်မပြောဖြစ်ဘူး။ ကိုယ့်အကြောင်း သိသွားမှာကိုလည်း မလိုလားဘူး။ ကိုယ့်လုံခြုံရေးအခြေအနေက ဘယ်သူ့ကိုမှလည်း မယုံရဲဘူး” ဟု ဟန်နီက ပြောသည်။

ဘဝကို သုညကနေ ပြန်စဖို့ ကြိုးစားနေသော်လည်း သူတို့၏ စိတ်များကတော့ အခုထိ ထောင်နံရံများကို မကျော်နိုင်သေးဘူးဟု သူတို့က ဆိုကြပါသည်။

သမီးဖြစ်သူနှင့် မဖြတ်သန်းခဲ့ရသည့် ပီကေ၏ ပထမဆုံး လေးနှစ်နှင့် ဟန်နီ၏ ဖခင်နာရေးတွင် မိသားစုနှင့်အတူ မရှိခဲ့ရသည့် နေ့ရက်များလိုပင် ထောင်ထဲတွင် ဖြတ်သန်းခဲ့ရသည့် နေ့ရက်များကလည်း သူတို့နှစ်ဦး၏ အတွေးများထဲတွင် အရိပ်လိုပင် စွဲကပ်နေကြတုန်း ဖြစ်ပါသည်။

ထောင်က လွတ်လာသည်မှာ အချိန်အတိုင်းအတာ တခု ရှိပြီ ဖြစ်သော်လည်း တချို့ညများတွင်တော့ သူတို့နှစ်ယောက်လုံးသည် ထောင်ထဲသို့ ပြန်ရောက်သွားတတ်သည်။ ဟန်နီ၏ အိပ်မက်ထဲတွင်တော့ သူမ၏ ဖခင်က သူမလက်ကို ဆွဲထားရင်း စစ်သားများနှင့် ရဲများလက်ကနေ လွတ်အောင် ပြေးနေရတုန်းပင်။ ပီကေအတွက်လည်း အိပ်မက်များထဲတွင် ထောင်တံခါးများက အခုထိ ပိတ်မနေသေးဘူးဟု ဆိုကြပါသည်။

“ထောင်က လွတ်လာပေမဲ့ လူလွတ်လာတာပဲရှိတယ်၊ စိတ်က မလွတ်မြောက်သေးဘူး” ဟု ပီကေက ပြောသည်။

ပီကေက သမီးကို ထိုင်းသို့ ပြန်ခေါ်နိုင်မည့်နေ့ကို စောင့်နေပြီး ဟန်နီကတော့ ဖခင်၏ နာရေးဗီဒီယိုကို ဖွင့်ကြည့်ဖို့ “အဆင်သင့် မဖြစ်သေးဘူး” ဆိုသည့်စိတ်နှင့် ဆက်လက်ရှင်သန်နေရသည်။

“ဘာမှ ပြန်မရနိုင်ရင်တောင် အဖေ့ကို ပြန်လိုချင်တဲ့စိတ်ဖြစ်မိတယ်၊ အချိန်တွေ နောက်ပြန်ဆုတ်လို့ရရင် အဖမ်းမခံရအောင် နေခဲ့ချင်တယ်” အဲဒီစကားကို ပြောပြီးသည့်နောက် သူမ ခဏတိတ်သွားသည်။

ပြီးတော့…

“ဒါပေမဲ့ ရှေ့ဆက်တော့ လျှောက်ရဦးမှာပဲ”

(ဆောင်းပါးကို လူတွေ့ မေးမြန်းချက်များအပေါ် အခြေခံထားသည်။ နာမည်များကို လုံခြုံရေးအရ ပြောင်းလဲထားသည်။)

]]>
မင်းအောင်လှိုင်ခန့် အဆင့်မြင့်ရာထူးရ အမျိုးသမီးများ https://burma.irrawaddy.com/article/2026/07/23/415005.html Thu, 23 Jul 2026 03:00:22 +0000 https://burma.irrawaddy.com/?p=415005 အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူပြီးနောက် အမျိုးသမီးများကို အဆင့်မြင့်ရာထူးများတွင် ဆက်တိုက်ခန့်အပ်လာခဲ့သည်။]]>

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူပြီးနောက် အမျိုးသမီးများကို အဆင့်မြင့်ရာထူးများတွင် ဆက်တိုက်ခန့်အပ်လာခဲ့သည်။ ဒုတိယသမ္မတ၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများအပါအဝင် အစိုးရ၏ အရေးပါသည့် ရာထူးအများအပြားတွင် အမျိုးသမီးများ ပါဝင်လာခဲ့သည်။ သို့သော် အဆိုပါရာထူးများသည် အမျိုးသမီးများ၏ လက်တွေ့ဆုံးဖြတ်ပိုင်ခွင့်နှင့် နိုင်ငံရေးဩဇာကို အမှန်တကယ် တိုးမြှင့်ပေးခဲ့သလား၊ သို့မဟုတ် စစ်အစိုးရ၏ ပုံရိပ်တည်ဆောက်ရေးနှင့် အာဏာတည်မြဲရေး မဟာဗျူဟာ၏ အစိတ်အပိုင်းတခုသာ ဖြစ်သလားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။

တကယ်တော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်ကောင်စီအဖွဲ့အစည်းများနှင့် အစိုးရယန္တရားအတွင်း အမျိုးသမီးများကို ထည့်သွင်းခန့်အပ်လာခဲ့ခြင်းဖြစ်သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင်များအဖြစ် ဒေါ်အေးနုစိန်၊ ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်လှိုင်ဦးတို့ကို ခန့်အပ်ခဲ့ပြီး၊ ဒေါ်ဒွဲဘူကို စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့သည်။ ထို့အပြင် PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ်၊ ဒေါ်သီတာဦးကို ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သလို အခြားအဆင့်မြင့်ရာထူးများတွင်လည်း အမျိုးသမီးများကို ဆက်တိုက်တာဝန်ပေးခဲ့သည်။

စစ်ကောင်စီက အစောပိုင်းကတည်းက ခန့်အပ်ခဲ့သည့် အမျိုးသမီးများမှာ နိုင်ငံရေး၊ စီးပွားရေးနှင့် တိုင်းရင်းသားနယ်ပယ်အသီးသီးတွင် လူသိများသူများဖြစ်ကြပြီး၊ ယခင်စစ်အာဏာရှင် ခေါင်းဆောင်များနှင့် ဆက်စပ်မှုရှိသူများလည်း ပါဝင်ခဲ့သည်။

ထိုင်းနိုင်ငံ Payap University မှ ကထိက ဒေါ်မွန်မွန်မြတ်ကတော့ ယင်းရွေးချယ်မှုများသည် အမျိုးသမီးများကို နေရာပေးလိုခြင်းထက် နိုင်ငံရေးတွက်ချက်မှု ပိုမိုပါဝင်နေကြောင်း သုံးသပ်သည်။

“စစ်ကောင်စီ မှာပါတဲ့ အမျိုးသမီးတွေက ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်နိုင်တယ်လို့ သူတို့ယူဆတဲ့ အမျိုးသမီးတွေပေါ့။ ပါတီခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို ရွေးထားတာ။ Power balance ဖြစ်ကြောင်း ပြချင်တာပေါ့” ဟု ဒေါ်မွန်မွန်မြတ်က ပြောသည်။

၎င်းက စစ်ကောင်စီအနေဖြင့် အဆိုပါအမျိုးသမီးများကို ရွေးချယ်ခန့်အပ်ခြင်းသည် နိုင်ငံတကာသို့ အမျိုးသမီးနှင့် တိုင်းရင်းသားပါဝင်မှုရှိသည့် အစိုးရအသွင် ဖော်ဆောင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ အမျိုးသမီးခေါင်းဆောင် မဟုတ်ကြောင်း ပြသလိုသည့် နိုင်ငံရေးရည်ရွယ်ချက်နှင့် ဆက်စပ်နေကြောင်းလည်း ထောက်ပြသည်။

စစ်ကောင်စီက အမျိုးသမီးများကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ရွေးချယ်ခန့်အပ်လာသည်ဟု ပညာရှင်များက သုံးသပ်နေကြသည့်အတိုင်း၊ ၂၀၂၆ ခုနှစ်တွင် သမ္မတရာထူးရယူပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီးများကို ယခင်ကထက် ပိုမိုမြင့်မားသည့် ရာထူးများတွင် ဆက်လက်ခန့်အပ်လာခဲ့သည်။

၂၀၂၆ ခုနှစ်တွင် မင်းအောင်လှိုင် စစ်အစိုးရသည် ဒုသမ္မတ၊ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးရာထူးများအပါအဝင် အမြင့်ဆုံးအဆင့်ရာထူးအများအပြားတွင် အမျိုးသမီးများကို ဆက်လက်ခန့်အပ်ခဲ့သည်။

၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် USDP ၏ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးကို ဒုသမ္မတအဖြစ် ခန့်အပ်ခဲ့ပြီး၊ ဇွန်လအတွင်း လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို သမ္မတ၏ ပထမဆုံး အမျိုးသမီးပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်ခဲ့သည်။

အဆိုပါ အဆင့်မြင့်ရာထူးများတွင် အမျိုးသမီးများ ခန့်အပ်ခံခဲ့ရသော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ကြည့်ပါက စစ်အစိုးရ၏ မူဝါဒများနှင့် အုပ်ချုပ်ရေးအစီအမံများကို အကောင်အထည်ဖော်ရာတွင်သာ အဓိကပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။

ယင်းတို့အနက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဒေါ်သက်သက်ခိုင် လက်ထက်တွင် ၂၀၂၃ ခုနှစ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ရရှိနေသည့် လူမှုရေးပင်စင်ကို တနှစ်လျှင် ကျပ် ၁၂၀,၀၀၀ မှ ကျပ် ၆၀,၀၀၀ သို့ လျှော့ချခဲ့သည်။

ဒီအခြေအနေသည် မူလ ခံစားခွင့်ရှိနေသည့် ပြည်သူတွေရဲ့ ခံစားခွင့်မှာ ပြန်လည်လျော့ကျသွားခဲ့ရသည်ကို တွေ့နိုင်သည်။

နောက်ထပ် စစ်ခေါင်းဆောင်က ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်ထားသည့် ဒေါ်သီတာဦးသည် စစ်ကောင်စီ၏ ဥပဒေရေးရာ အကြံပေးနှင့် အစိုးရ၏ အမြင့်ဆုံး ဥပဒေအရာရှိအဖြစ် တာဝန်ယူနေသူဖြစ်သည်။ ယင်းရာထူးသည် စစ်ကောင်စီက ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာနှင့် ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေကြောင်းအရ စိစစ်ဆောင်ရွက်ရသည့် အဓိကတာဝန်ရှိသည့် ရာထူးလည်း ဖြစ်သည်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ်တွင် စစ်မှုထမ်းဥပဒေကို အသက်ဝင်အောင် အကောင်အထည်ဖော်ခဲ့ရာတွင်လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဥပဒေရေးရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည့် နိုင်ငံရေးသမားများ၊ ဒီမိုကရေစီလှုပ်ရှားသူများနှင့် အရပ်သားများအပေါ် စွဲဆိုခဲ့သည့် အမှုများတွင်လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် အစိုးရဘက်မှ ဥပဒေရေးရာ လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲသည့် အခန်းကဏ္ဍတွင် ရှိနေခဲ့သည်။

စစ်ကောင်စီ၏ အကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရသည့် ဒေါ်ရင်ရင်နွယ်သည်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရပ်တည်ချက်ကို ထောက်ခံသည့် ရေးသားချက်များကို ဆက်တိုက် ထုတ်ဖော်ခဲ့သည်။ စစ်ကောင်စီထိန်းချုပ်သတင်းစာများတွင် ရေးသားခဲ့သည့် ဆောင်းပါးများအတွင်း အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဝေဖန်ခဲ့ပြီး၊ CDM တွင် မပါဝင်သူများကို ချီးကျူးရေးသားမှုများလုပ်ခဲ့သည်။

ဒေါ်မွန်မွန်မြတ်ကတော့ ရာထူးရရှိခြင်း တခုတည်းကို ကြည့်၍ အမျိုးသမီးများ အာဏာရရှိလာသည်ဟု မဆိုနိုင်ကြောင်း၊ ယင်းရာထူးများတွင် လက်တွေ့ဆုံးဖြတ်ပိုင်ခွင့် (de facto power) ရှိ မရှိကိုသာ ဆန်းစစ်ရမည်ဖြစ်ကြောင်း ပြောသည်။

“အမျိုးသမီးခေါင်းဆောင်တွေက တကယ်အာဏာရှိတဲ့ နိုင်ငံတွေလည်းရှိတယ်။ အဲ့ဒီနိုင်ငံတွေက ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေ ဖြစ်တယ်။ အာဏာရှင်နိုင်ငံတွေမှာရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေကတော့ ရုပ်သေးအနေနဲ့ အာဏာရှိတဲ့ အမျိုးသားတွေက ချုပ်ကိုင်ချယ်လှယ်ဖို့ အသုံးချကြတာကို တွေ့ရတယ်” ဟု သူမက ပြောသည်။

၎င်းက အမျိုးသမီးခေါင်းဆောင် တဦးတွင် ရာထူးရှိခြင်းထက် လက်တွေ့ဆုံးဖြတ်ပိုင်ခွင့် ရှိမရှိကို ကြည့်ခြင်းအားဖြင့် အာဏာကို အမှန်တကယ် ခွဲဝေပေးထားခြင်း ဟုတ်မဟုတ်၊ သို့မဟုတ် ပုံရိပ်တည်ဆောက်ရေးအတွက်သာ ခန့်အပ်ထားခြင်း ဟုတ်မဟုတ်ကို ခွဲခြားနိုင်ကြောင်းလည်း ထောက်ပြသည်။

ပညာရှင်၏ သုံးသပ်ချက်ကို စစ်တပ်အတွင်း အတွေ့အကြုံရှိသူဖြစ်သည့် CDM ဗိုလ်ကြီးဟောင်း ထက်မြက်ကလည်း ထပ်မံမှတ်ချက်ပြုသည်။

“တကယ်တော့ ဒါက ပုံရိပ်တခု ဖန်တီးချင်တာထက် မပိုဘူး။ တကယ်ပဲ အမျိုးသမီးများကို အခွင့်အရေးတန်းတူပေးချင်တာမျိုး မရှိဘူး။ ဒီအမျိုးသမီးတွေကလည်း တကယ်အခွင့်အရေးတန်းတူရပါတယ်ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်နေမှာမဟုတ်ဘူး” ဟု ဗိုလ်ကြီးဟောင်း ထက်မြက်က ပြောသည်။

၎င်း၏ အဆိုအရ စစ်တပ်သည် ဗဟိုချုပ်ကိုင်မှုကို အခြေခံသည့် အဖွဲ့အစည်းဖြစ်ပြီး ရာထူးတခုချင်းစီ၏ လုပ်ပိုင်ခွင့်သည်လည်း အထက်အမိန့်ပေါ်တွင်သာ မူတည်နေသည်။

“အဓိက စစ်ကောင်စီမှာရှိတဲ့ သဘောတရားက လူတယောက်ကို နေရာတခုပေးရင် အဲဒီနေရာရတဲ့သူက နေရာပေးတဲ့သူကို အလုပ်အကျွေးပြုရတယ်။ စစ်တပ်ထဲမှာ အုပ်ချုပ်တဲ့ပုံစံအတိုင်းပဲ။ အဲ့ဒီအတွက် ဒီခန့်အပ်ထားတဲ့အမျိုးသမီးတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့် လုံးဝရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

စစ်အစိုးရသည် အမျိုးသမီးများကို အဆင့်မြင့်ရာထူးများတွင် ဆက်တိုက်ခန့်အပ်နေသော်လည်း စစ်တပ်အတွင်းရှိ အမျိုးသမီးများ၏ လက်တွေ့အခြေအနေမှာ ယင်းပုံရိပ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေဆဲဖြစ်ကြောင်း ကိုထက်မြက်က ထောက်ပြသည်။ ၎င်း၏ အဆိုအရ စစ်တပ်အတွင်း အမျိုးသမီးများသည် ရာထူးအဆင့်အလိုက် ခွဲခြားဆက်ဆံခံရမှုများ၊ မညီမျှသည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ယနေ့တိုင် ကြုံတွေ့နေရဆဲဖြစ်သည်။

“စစ်တပ်ထဲမှာ ခွဲခြားဆက်ဆံမှုနဲ့ပဲ သွားတယ်။ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာ စစ်တပ်ထဲမှာ မရှိဘူးလို့ ပြောရမယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်အတွင်း၌သာမက စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အုပ်ချုပ်မှုအောက်တွင်လည်း အမျိုးသမီးများ၏ နိုင်ငံရေးအခွင့်အရေးနှင့် လွတ်လပ်ခွင့်များမှာ ဆက်လက်ကျဉ်းမြောင်းလာနေသည်။ အမျိုးသမီးများကို အဆင့်မြင့်ရာထူးများတွင် ခန့်အပ်နေသည့် တဖက်တွင်လည်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သည့် အမျိုးသမီးများအပေါ် ဖမ်းဆီးမှုနှင့် ထောင်ဒဏ်ချမှတ်မှုများ ဆက်လက်ရှိနေသည်။ လက်ရှိအချိန်ထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးအများအပြားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး၊ အချို့မှာလည်း ထပ်မံဖမ်းဆီးခံရခြင်းနှင့် ထောင်ဒဏ်တိုးချမှတ်ခံရခြင်းများ ကြုံတွေ့နေရဆဲဖြစ်သည်။

“အမျိုးသမီးတွေကို နေရာပေးတယ်ဆိုတာ လက်ရှိကာလနဲ့ အရမ်းခက်ခဲတယ်လို့ မြင်တယ်။ ကိုယ်တိုင်က ထောင်ကျခဲ့တော့ ထောင်ထဲက အခြေအနေနဲ့ယှဉ်ပြီး ပြောရရင် အမျိုးသမီးတွေက မျက်ကွယ်မှာ ဖိနှိပ်ခံနေရဆဲပဲ။ လူတွေ မမြင်နိုင်တဲ့ နောက်ကွယ်မှာ ဒီအမျိုးသမီးတွေက ထောင်ကျနေတဲ့သူအချင်းချင်းတောင် အမျိုးသမီးမလို့ ပိုပြီး ဖိနှိပ်ခံနေရတာတွေ အခုထိ ရှိနေဆဲပဲ။ သူတို့ အခုလို လုပ်ပြနေတဲ့အပေါ်မှာ ဘယ်လိုမှ အယုံအကြည်မရှိဘူး” ဟု နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပြီး ဒေသတွင်းတိုက်ပွဲများအတွင်း ထောင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် မဒေးဒေးက ပြောသည်။

မဒေးဒေး၏ အဆိုအရ ထောင်အတွင်း အမျိုးသမီးများသည် နေ့စဉ်ဘဝတွင်လည်း ကျားမအခြေပြု ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ရသည်။

“လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်တဲ့အချက်တွေကတော့ အများကြီးရှိတယ်။ အဲ့ဒီထဲမှာမှ ကျမအတွက် အဆိုးဆုံးတခုက ထောင်ထဲမှာ အမျိုးသမီးတွေပဲရှိတဲ့ အဆောင်ကို အမျိုးသားအရာရှိတွေ ဝင်လာရင် ကျမတို့က သူတို့ကို မကြည့်ရဘူး၊ ကျောခိုင်းပြီး ခေါင်းငုံ့နေရတယ်။ ကျမတို့က ဘာလို့ ကြည့်ခွင့်မရှိရတာလဲ၊ ဘာလို့ ကျောခိုင်းပြီး ခေါင်းငုံ့နေရမှာလဲဆိုပြီး အဲဒီအချိန်မှာ တော်တော်ခံပြင်းတယ်။ ဒါက ကျမအတွက် လူ့ဂုဏ်သိက္ခာကို အထိခိုက်ဆုံးအတွေ့အကြုံပဲ” ဟု သူက ဆိုသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အဆင့်မြင့်ရာထူးများတွင် ခန့်အပ်ခဲ့သည့် အမျိုးသမီးများ၏ လုပ်ဆောင်ချက်များကို ပြန်လည်ကြည့်မည်ဆိုပါက၊ ၎င်းတို့သည် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးကို ကိုယ်စားပြုသည့် ထင်ရှားသော မူဝါဒများထက် မင်းအောင်လှိုင်၏ အုပ်ချုပ်ရေး၊ ဥပဒေရေးရာနှင့် နိုင်ငံရေးအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင်သာ ပိုမိုလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ အလားတူ ၂၀၂၆ ခုနှစ်တွင် အသစ်ခန့်အပ်ထားသည့် အမျိုးသမီးခေါင်းဆောင်များ၏ ကနဦးလုပ်ဆောင်ချက်များကိုလည်း အစိုးရ၏ ရက် ၁၀၀ စီမံချက်မှတဆင့် လေ့လာနိုင်ပြီး ယင်းစီမံချက်တွင် အမျိုးသမီးအခွင့်အရေးနှင့် ကျားမတန်းတူညီမျှမှုဆိုင်ရာ ထင်ရှားသည့် လုပ်ဆောင်ချက်များကို မတွေ့ရပေ။

ယင်းအခြေအနေသည် စစ်အစိုးရ၏ နိုင်ငံရေးရည်ရွယ်ချက်နှင့် ဆက်စပ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါ်မွန်မွန်မြတ်က သုံးသပ်သည်။

“သူက International legitimacy ရဖို့ inclusive ဖြစ်တယ်ပေါ့။ အမျိုးသမီးတွေ ပါဝင်မှုရှိတယ်ဆိုတာ ပြတာ။ နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်း ခေါင်းဆောင်မဟုတ်ဘူး၊ ဒီမှာလည်း အခြားသော အမျိုးသမီးခေါင်းဆောင်တွေ ရှိပါသေးတယ်ဆိုတာ ပြချင်တဲ့သဘောပေါ့” ဟု သူမက ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းကာလ ခြောက်နှစ်အတွင်း ကျား-မတန်းတူညီမျှရေး (Gender Equality) နှင့်ပတ်သက်သည့် မူဝါဒအသစ်များ ချမှတ်ထားခြင်း မတွေ့ရသလို၊ တဖက်တွင် စစ်မှုထမ်းဥပဒေအပါအဝင် လက်ရှိမူဝါဒများသည် အမျိုးသမီးများ၏ လုံခြုံရေးနှင့် တန်းတူညီမျှရေးအပေါ် ပိုမိုထိခိုက်စေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပြထားသည်။

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများမှာ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးနှင့် နေ့စဉ်ဘဝအပေါ် စိုးရိမ်မှုများအောက်တွင် ဆက်လက်ရှင်သန်နေရဆဲဖြစ်သည်။ နိုင်ငံရေးအမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ အမျိုးသမီးများစွာမှာလည်း လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်နေရာယူရန်ပင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

“နိုင်ငံရေးမှုနဲ့ ထောင်ကနေထွက်လာပြီးရင် သူတို့က အမြဲစောင့်ကြည့်ခံနေရတယ်။ ဘာသံမှ မထွက်ရဲဘူး။ နောက်ဆုံး လူ့အသိုင်းအဝိုင်းထဲတောင် ပြန်မဝင်လာကြတော့ဘူး။ သူတို့အတွက် ဘာမှ တရားမျှတမှုမရှိဘူး၊ လွတ်လပ်မှုလည်း မရှိဘူး။ အဲ့ဒီအထဲမှာ အမျိုးသမီးတွေ အများကြီးပါတယ်” ဟု မဒေးဒေးက ပြောသည်။

စစ်ခေါင်းဆောင်က အမျိုးသမီးများကို အဆင့်မြင့်ရာထူးများတွင် ဆက်တိုက်ခန့်အပ်လာသော်လည်း၊ အဆိုပါခန့်အပ်မှုများသည် အမျိုးသမီးများ၏ လက်တွေ့အာဏာနှင့် အခွင့်အရေးတိုးတက်လာခြင်းကို ကိုယ်စားပြုသလား၊ သို့မဟုတ် နိုင်ငံရေးပုံရိပ်တည်ဆောက်ရေး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သလားဆိုသည့် မေးခွန်းမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။

သို့သော် ယင်းပုံရိပ်၏ အခြားတဖက်တွင် အမျိုးသမီးအများအပြားမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် လူ့ဂုဏ်သိက္ခာအတွက် ဆက်လက်ရုန်းကန်နေကြဆဲဖြစ်သည်။

]]>