မြင့်မြင့်စန်း
, Author at ဧရာဝတီ https://burma.irrawaddy.com/author/myintmyintsan Covering Burma and Southeast Asia Sat, 27 Jun 2026 04:42:01 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မြင့်မြင့်စန်း
, Author at ဧရာဝတီ https://burma.irrawaddy.com/author/myintmyintsan 32 32 SCEF နှင့် အမျိုးသမီးမဏ္ဍိုင် ပုံစံသစ်အပေါ် မေးခွန်းထုတ်ခြင်း
 https://burma.irrawaddy.com/opinion/viewpoint/2026/06/27/414377.html Sat, 27 Jun 2026 04:33:40 +0000 https://burma.irrawaddy.com/?p=414377 ရန်ပုံငွေရသူနှင့် မရသူဟူ၍ ရိုးရှင်းစွာ အုပ်စုခွဲပြီး အပြန်အလှန်တိုက်ခိုက်နေခြင်းသည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၏ ပကတိစိန်ခေါ်မှုများကို မျက်ကွယ်ပြုရာရောက်သည်။

]]>

(ယခုဆောင်းပါးသည် ဧရာဝတီတွင် ဖော်ပြခဲ့သော “SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်၏ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့် လမ်း” ဆောင်းပါးကို ပြန်လည်တုံ့ပြန်သော ဆောင်းပါးဖြစ်သည်။)


မကြာသေးခင်က ဧရာဝတီသတင်းဌာန၌ ဖော်ပြခဲ့သည့် “SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်၏ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့်လမ်း” ဆောင်းပါးနှင့်ပတ်သက်၍ အမျိုးသမီးမဏ္ဍိုင်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ၏ ဖွဲ့စည်းတည်ဆောက်ပုံအပေါ် ဆွေးနွေးငြင်းခုံမှုများ ကျယ်ပြန့်လာခဲ့သည်။

အဆိုပါဆောင်းပါးသည် အရေးကြီးသော မေးခွန်းအချို့ကို မေးမြန်းထားသော်လည်း၊ ပိုမိုအခြေခံကျပြီး ရေရှည်အကျိုးသက်ရောက်မည့် ကိစ္စရပ်များကိုမူ မျက်ကွယ်ပြုထားသည်ဟု မြင်မိသည်။

မေးခွန်းအမှားနှင့် ပကတိစိန်ခေါ်မှု


မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကွန်ရက် (MWPN) အဖွဲ့ SCEF အမျိုးသမီးမဏ္ဍိုင်မှ နှုတ်ထွက်သည့်သတင်း ပေါက်ကြားလာပြီးနောက် ဧရာဝတီဆောင်းပါးအပါအဝင် ဆိုရှယ်မီဒီယာများ၌ ဆွေးနွေးချက်အများစုသည် မည်သည့်အဖွဲ့က ပို၍ဩဇာလွှမ်းမိုးမှုရှိသလဲ၊ ရန်ပုံငွေကို မည်သူရရှိသလဲ၊ ကိုယ်စားပြုမှုစံနှုန်းက ဘာလဲဆိုသည့် အချက်များပေါ်၌သာ အာရုံစိုက်နေကြသည်ဟု ထင်သည်။

ပွင့်လင်းမြင်သာမှုနှင့် တန်းတူကိုယ်စားပြုမှုတို့သည် အရေးကြီးသည်မှာ မှန်သော်လည်း၊ လက်ရှိဆွေးနွေးငြင်းခုံမှုများသည် အခြေခံဇစ်မြစ်မှ လွဲချော်နေသည်။ အမှန်တကယ် မေးခွန်းထုတ်ရမည့်အချက်မှာ “မည်သူ/မည်သည့်အဖွဲ့အစည်းက နေရာရသင့်သနည်း” မဟုတ်ဘဲ၊ “အမျိုးသမီးများအား ဆုံးဖြတ်ချက်ချမှတ်သည့် နယ်ပယ်အားလုံးတွင် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းထားခြင်း ရှိ မရှိ” နှင့် “နိုင်ငံရေးအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်ကို လွတ်လပ်စွာ မေးခွန်းထုတ် စောင့်ကြည့်နိုင်မည့် အမှီအခိုကင်းသော ပုံစံမျိုးကို ဖော်ဆောင်နိုင်ခြင်း ရှိ မရှိ” သာ ဖြစ်သင့်သည်။

လွတ်လပ်ခွင့်နှင့် အာဏာယန္တရားကြားက အကန့်အသတ်
မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့အစည်းများသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ ဂျန်ဒါတန်းတူညီမျှမှုအတွက် စည်းရုံးခြင်းနှင့် အာဏာရှိသူတို့၏ မူဝါဒများကို ဝေဖန်ထောက်ပြခြင်းဖြင့် ဒီမိုကရေစီအရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းတို့၏ အဓိကအင်အားမှာ မည်သည့်အာဏာယူထားသူကိုမဆို ကြောက်ရွံ့ခြင်းမရှိဘဲ ဝေဖန်နိုင်သည့် “အမှီအခိုကင်းသော လွတ်လပ်ခွင့်” ဖြစ်သည်။

သို့သော် အရေးကြီးသည့် မေးခွန်းတခု ပေါ်လာသည်။ အခွင့်အရေးတောင်းဆိုပြီး အာဏာအလွဲသုံးမှုများကို ဝေဖန်ထောက်ပြနေသည့် အဖွဲ့အစည်းများကိုယ်နှိုက်က အုပ်ချုပ်ရေးယန္တရား သို့မဟုတ် နိုင်ငံရေးမဟာမိတ်အဖွဲ့တခု၏ အစိတ်အပိုင်း (အဖွဲ့ဝင်) ဖြစ်လာသည့်အခါ ဘာဖြစ်လာနိုင်သနည်း။

အဖွဲ့ဝင်ဖြစ်လာသည်နှင့်အမျှ ၎င်းတို့သည် ပြင်ပမှ လှုပ်ရှားတောင်းဆိုသူ သက်သက်မဟုတ်တော့ဘဲ အာဏာယန္တရားအတွင်း ပါဝင်ပတ်သက်သူ ဖြစ်လာသည်။ ဤသို့ပါဝင်ခြင်းကို မှားသည်၊ မှန်သည်ဟု မဝေဖန်လိုသော်လည်း အောက်ပါအချက်များကို အလေးအနက် စဉ်းစားရမည်ဖြစ်သည်။

မိမိတို့ကိုယ်တိုင် ပါဝင်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို လွတ်လပ်စွာ ပြန်လည်ဝေဖန်ပိုင်ခွင့် ရှိနေဦးမည်လော။
မဟာမိတ်အဖွဲ့၏ ကတိကဝတ်များအပေါ် အမှီအခိုကင်းကင်းဖြင့် စောင့်ကြည့်နိုင်ဦးမည်လော။
အဖွဲ့အစည်း၏ ညီညွတ်ရေးကို ငဲ့ကွက်ရသဖြင့် ပြုပြင်ပြောင်းလဲမှုအတွက် လူထုဖိအားရရှိအောင် စည်းရုံးလှုံ့ဆော်မှုများ ထိရောက်စွာ လုပ်နိုင်ပါဦးမည်လော။

ဤစိန်ခေါ်မှုသည် အမျိုးသမီးအဖွဲ့များသာမက နိုင်ငံရေးတည်ဆောက်ပုံအတွင်း ဝင်ရောက်လာကြသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်နှင့် အလုပ်သမားအစုအဖွဲ့အားလုံးနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

သီးသန့်မဏ္ဍိုင်၏ ထောင်ချောက်နှင့် ဘေးထွက်ဆိုးကျိုး


SCEF တွင် အမျိုးသမီးမဏ္ဍိုင် သီးသန့်ထားခြင်းသည် သမိုင်းတလျှောက် ဖယ်ကျဉ်ခံခဲ့ရသည့် အမျိုးသမီးများကို နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာစေရန် ကုစားပေးသည့် ယန္တရားတခုအဖြစ် ရှုမြင်နိုင်သော်လည်း၊ ပါဝင်ခွင့်ရရုံသက်သက်ဖြင့် နိုင်ငံရေးအရ သြဇာလွှမ်းမိုးနိုင်စွမ်းရှိလာရန် အာမခံချက်မရှိကြောင်း ကမ္ဘာ့အတွေ့အကြုံသာမက မြန်မာ့အတွေ့အကြုံများကပါ သက်သေပြနေသည်။

အမျိုးသမီးသီးသန့် ယန္တရားများကြောင့် ဂျန်ဒါမူဝါဒများ၊ အလုပ်ခွင်အနိုင်ကျင့်မှု တားဆီးရေးနှင့် အသိပညာပေးမှုများတွင် တိုးတက်မှုရှိလာသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ၎င်းသီးသန့်တည်ဆောက်ပုံများသည် လုံခြုံရေး၊ ဖယ်ဒရယ်အရေး၊ နိုင်ငံရေးဗျူဟာနှင့် အုပ်ချုပ်ရေးကဏ္ဍကြီးများတွင် အမျိုးသမီးများ၏ စစ်မှန်သော အာဏာနှင့် လွှမ်းမိုးမှုကို မပေးစွမ်းနိုင်ပေ။

ပို၍ဆိုးသည်မှာ အမျိုးသမီးရေးရာအတွက် သီးသန့်မဏ္ဍိုင်တခု ရှိနေခြင်းက “ဂျန်ဒါတန်းတူညီမျှမှုနှင့် အမျိုးသမီးရေးရာဟူသည် အမျိုးသမီးများ၏ တာဝန်သက်သက်သာဖြစ်သည်” ဆိုသည့် အယူအဆဟောင်းကို ထပ်မံအားလောင်းပေးသလို ဖြစ်သွားနိုင်သည်။

ရလဒ်အနေဖြင့် ဖယ်ဒရယ်စနစ်၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးဗျူဟာနှင့် သံတမန်ရေးရာ ဆွေးနွေးပွဲကြီးများကို အခြားနေရာများတွင် အမျိုးသားများကသာ ဆက်လက်ချုပ်ကိုင်ထားပြီး၊ အမျိုးသမီးများ၏ ပါဝင်ခွင့်မှာ ကဏ္ဍတခုအနေဖြင့်သာ သီးခြားအကန့်အသတ် ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိသည်။

အမျိုးသမီးမဏ္ဍိုင်သည် ကဏ္ဍစုံတွင်ရှိရမည့် အမျိုးသမီးများ၏ ပါဝင်ခွင့်နှင့် ဆုံးဖြတ်ချက်ချနိုင်သည့် ပါဝါအာဏာတို့အတွက် အစားထိုးစရာတခု ဖြစ်မလာသင့်ပေ။ လုံခြုံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများတွင် အမျိုးသမီးများ အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်ခွင့်မရှိပါက၊ သီးခြားမဏ္ဍိုင်တခု ရှိနေရုံမျှဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ဘယ်သောအခါမှ အသွင်ပြောင်းလဲနိုင်မည်မဟုတ်ပေ။

အလှူရှင် ရန်ပုံငွေထက် သာလွန်ခြင်း


လက်ရှိဆွေးနွေးငြင်းခုံမှုများတွင် အလှူရှင်များ၏ ရန်ပုံငွေထောက်ပံ့မှုအပေါ် အလွန်အမင်း အာရုံစိုက်နေကြသည်။ သို့သော် ယနေ့မြန်မာ့ပကတိအခြေအနေအရ ပြင်ပပံ့ပိုးကူညီမှု (နိုင်ငံတကာအလှူရှင် သို့မဟုတ် ပြည်ပရောက်မြန်မာလူထု) မပါဘဲ ရေရှည်ရပ်တည်နိုင်သည့် အဖွဲ့အစည်း၊ မီဒီယာနှင့် ကွန်ရက်ဟူ၍ မရှိသလောက် ရှားပါးလှသည်။

ရန်ပုံငွေရရှိမှုအပေါ်သာ အခြေခံ၍ အဖွဲ့အစည်းတခု၏ တရားဝင်မှု သို့မဟုတ် အမှီအခိုကင်းမှုကို တသမတ်တည်း တိုင်းတာ၍ မရပါ။
ပို၍အရေးကြီးသည့် မေးခွန်းမှာ
အဖွဲ့အစည်းများသည် မိမိတို့ကိုယ်စားပြုထားသည့် အောက်ခြေလူထုအပေါ် တာဝန်ယူ တာဝန်ခံမှု ရှိ မရှိ၊
ဆုံးဖြတ်ချက်များကို ဘေးပရောဂကင်းကင်းဖြင့် လွတ်လပ်စွာ ချမှတ်နိုင်ခြင်း ရှိ မရှိ ဆိုသည့်အချက်ဖြစ်သည်။

ထို့ပြင် သတင်းအချက်အလက် ပေါက်ကြားမှုဖြစ်စဉ်ကိုယ်နှိုက်ကလည်း အဖွဲ့အစည်းများ၏ လုံခြုံရေးနှင့် သတင်းစီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်ကို ပြသနေပေရာ ၎င်းကိုလည်း မေးခွန်းထုတ်ရမည်ဖြစ်သည်။

ရန်ပုံငွေရသူနှင့် မရသူဟူ၍ ရိုးရှင်းစွာ အုပ်စုခွဲပြီး အပြန်အလှန်တိုက်ခိုက်နေခြင်းသည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၏ ပကတိစိန်ခေါ်မှုများကို မျက်ကွယ်ပြုရာရောက်သည်။

နိဂုံးနှင့် မေးခွန်းမှန်


နိုင်ငံရေးအရ လက်တွဲလုပ်ဆောင်မှုနှင့် မဟာမိတ်အဖွဲ့များ လိုအပ်သည်မှာ မှန်သော်လည်း၊ ထိုစနစ်အတွင်း ဝင်ရောက်ခြင်းက သမိုင်းတလျှောက် တရားမျှတမှုအတွက် အစဉ်တစိုက် တွန်းအားပေးခဲ့သည့် အမှီအခိုကင်းသော အသံများကို အားနည်းယုတ်လျော့သွားစေမည့် ရင်းနှီးပေးဆပ်ရမှုမျိုး မဖြစ်သင့်ပေ။

အမျိုးသမီးများ၏ အနာဂတ်နိုင်ငံရေး ကဏ္ဍအသီးသီး၌ ပါဝင်နိုင်မှု/ပါဝင်နိုင်ခွင့်ကို သီးသန့်နယ်ပယ် သို့မဟုတ် ကော်မတီများ ဖန်တီးပေးရုံမျှဖြင့်လည်းကောင်း၊ ထိုသီးသန့်နေရာတွင် မည်သည့်အဖွဲ့က နေရာရသင့်သည်ဟု ငြင်းခုံနေရုံမျှဖြင့်လည်းကောင်း မရရှိနိုင်ပေ။

၎င်းသည် နိုင်ငံရေးနယ်ပယ် ကဏ္ဍအသီးသီးအားလုံး၌ အမျိုးသမီးများ အဓိပ္ပာယ်ပြည့်ဝသော ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာကို ရရှိလာပြီး၊ တော်လှန်ရေးအဖွဲ့အစည်းများ ကတိကဝတ်ပျက်ကွက်သည့်အခါတိုင်း ထိုအဖွဲ့များကို ဆက်လက်စိန်ခေါ်မေးခွန်းထုတ်နိုင်သည့် “အမှီအခိုကင်းသော လွတ်လပ်ခွင့်” ကို ထိန်းသိမ်းထားနိုင်မှသာ အာမခံချက်ရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ လတ်တလော မေးခွန်းထုတ်နေကြသည့် “အမျိုးသမီးမဏ္ဍိုင်အတွင်း မည်သူဝင်ထိုင်သင့်သနည်း၊ မည်သူပို၍ ဩဇာရှိသင့်သနည်း” ဆိုသည်မှာ အဓိကမဟုတ်ပါ။ အရေးအကြီးဆုံးနှင့် အမှန်ကန်ဆုံးမေးခွန်းမှာ “ယနေ့ မိမိတို့ တည်ဆောက်နေကြသော စနစ်နှင့် ယန္တရားများသည် လက်ရှိအာဏာ၏ သဘောသဘာဝနှင့် နိုင်ငံရေးယဉ်ကျေးမှုကိုပါ အသွင်ကူးပြောင်းပေးနိုင်စွမ်း ရှိမရှိ” ဆိုခြင်းသာ ဖြစ်ပေသည်။

]]>