နေသွင်ညိဏ်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/naythwinnyeim Covering Burma and Southeast Asia Wed, 05 Aug 2026 08:46:14 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png နေသွင်ညိဏ်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/naythwinnyeim 32 32 အေအိုင်ခေတ် ရွှေပြည်တော်ကြီးကို တကယ်ရောက်မှာလား https://burma.irrawaddy.com/opinion/viewpoint/2026/08/05/415279.html Wed, 05 Aug 2026 08:46:14 +0000 https://burma.irrawaddy.com/?p=415279 အကယ်၍ အီလွန်မတ်စ် ပြောသလို ကုန်စည်နဲ့ ဝန်ဆောင်မှုတွေက လိုသလောက် ရနေပြီဆိုရင် ပဒေသာပင်ခေတ်ဟာ မြေကြီးလက်ခတ်မလွဲတော့ဘူးလို့ ဆိုရမှာပေါ့။]]>

အီလွန်မတ်စ် အင်တာဗျူးထဲက အကောင်းမြင်လွန်းတာနဲ့ သမိုင်းပညာရှင် ဒဿနပညာရှင် ယူဗယ် နိုအာ ဟာရာရီ ပြောပြောနေတဲ့ အဆိုးမြင်တို့မှာ ဘယ်ဟာက ပိုပြီး လက်တွေ့ဖြစ်နိုင်သလဲဆိုတာ လာမယ့် နှစ်အနည်းငယ်မှာပဲ ကျနော်တို့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

ယူဗယ်ကို အင်တာဗျူးတွေမှာ မေးကြတယ်။ “ခင်ဗျားဟာက အေအိုင်ကို အဆိုးချည်း မြင်နေတာ အကောင်းလေး နည်းနည်းပါးပါး မြင်ပြပါဦး” ဆိုတော့ သူက ဖြေတယ်။ “အကောင်းမြင်ဖို့က အေအိုင်ကို တီထွင်သူတွေက ပြောကြလိမ့်မယ်။ ကျနော့်အလုပ်က သူတို့မပြောတဲ့ တခြားရှုထောင့်ကို ပြောဖို့ပဲလို့ ခံယူထားလို့ ဒါတွေပြောနေရတာ” လို့ ဖြေတယ်။ သူပြောတာလည်း မှန်ပါတယ်။ အီလွန်မတ်စ်ရဲ့ အင်တာဗျူးကို နားထောင်ကြည့်လိုက်ရင် ရွှေပြည်တော်ကြီးကို လှမ်းမြင်နေရသလိုလို၊ ပိုက်ဆံတွေ မလိုတော့တဲ့ နောက်ဆယ်နှစ်ဆီကို ချက်ချင်းပဲ ရောက်သွားချင်တာ အမှန်ပဲ။

ဒါပေမဲ့ လူတွေအတွက် အေအိုင်က အကောင်းတွေ ယူဆောင်လာမှာ အများကြီးရှိပါတယ်။ ဥပမာ အေအိုင်က မောင်းတဲ့ ကားတွေဟာ လူမောင်းတာထက် ပိုပြီး ဘေးကင်းဖို့ များပါတယ်။ ဘာလို့ဆို အေအိုင် ဒရိုင်ဘာဟာ မူးပြီး မမောင်းဘူး။ မောင်းရင် အိပ်ငိုက်မနေဘူး။ ကားမောင်းရင်းနဲ့ စိတ်ရှုပ်စရာ ပေါ်မလာနိုင်ဘူး။

ဒီလိုပဲ ကျန်းမာရေးကိစ္စမှာလည်း အေအိုင်ဆရာဝန်တွေက လူသားတွေထက် ပိုပြီး လူတိုင်းစေ့အောင် အနည်းဆုံး အခြေခံ ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ပါလိမ့်မယ်။ ဆရာဝန်နဲ့ တကြိမ် တွေ့ဖို့အရေး ကြိုတင်ချိန်းဆိုရတာတို့၊ ဆေးခန်းသွားရတာ၊ ထိုင်စောင့်ရတာတွေ မလိုတော့ဘူးဆိုရင် ဖုန်းထဲက အပ္ပလီကေးရှင်း တခု၊ လက်ပတ်နာရီလို device တခုထဲက အပ္ပလီကေးရှင်း တခုက ခင်ဗျားကိုယ်ထဲက ကျန်းမာရေးအခြေအနေတွေကို ပြောပြနိုင်တယ်။ နှာစေး၊ ချောင်းဆိုးလို ရာသီအလိုက် ဖြစ်တတ်တဲ့ ရောဂါတွေကို ဖော်ထုတ်ပေးမယ့် သင့်တော်တဲ့ဆေးကို အကြံပေးနိုင်မယ်ဆိုရင် လူဆရာဝန် မလိုတော့ဘူးလေ။

ဒါက လူတိုင်းနားလည်တဲ့ နမူနာ ၂ ခုပါ။ ဒီနမူနာတွေအတိုင်း အကယ်၍ အီလွန်မတ်စ် ပြောသလို ကုန်စည်နဲ့ ဝန်ဆောင်မှုတွေက လိုသလောက် ရနေပြီဆိုရင် ပဒေသာပင်ခေတ်ဟာ မြေကြီးလက်ခတ်မလွဲတော့ဘူးလို့ ဆိုရမှာပေါ့။

ဒါပေမဲ့ လူသားကမ္ဘာဟာ ဘယ်တုန်းက ဒီလောက် ရိုးစင်းခဲ့ဖူးပါသလဲ။ အလွန်အခြေခံကျတဲ့ စီးပွားရေး အယူအဆကိုပဲ ပြောရရင် စီးပွားရေးယန္တရားကို မောင်းနှင်နေတာဟာ လူ့လောဘလို့ ဆိုကြတယ် မဟုတ်လား။ လောဘမရှိဘဲ၊ အမြတ်ကို မမျှော်မှန်းနိုင်ရင် ဘယ်သူက ကြိုးစားပမ်းစား စီးပွားရှာမလဲ။ ခေါင်းစားခံပြီး တီထွင်မှုတွေ လုပ်ကြမလဲ။ လူတန်းစား ညီမျှရေးဆိုတဲ့ ယူတိုပီးယား စိတ်ကူးနဲ့ ကွန်မြူနစ်စနစ်ဟာ စမ်းသပ်ကာလမှာပဲ ကျဆုံးခဲ့တာ ဒီအကြောင်းတွေကြောင့်ပါပဲ။ ဒါကြောင့် အီလွန်မတ်စ်ရဲ့ စိတ်ကူးကိုလည်း ယူတိုပီးယားဆန်တယ်လို့ ဝေဖန်ခံနေရတယ်။ ဒါက သူ့ရဲ့ စီးပွားရေး လုပ်နည်းတခုလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ နောက် ၁၀ နှစ်အကြာမှာ ပိုက်ဆံတွေ မလိုတော့ရင် သူ့ပိုင် ပိုက်ဆံတွေထဲက တဝက်လောက်တော့ လှူပစ်ဖို့ ကောင်းတာပေါ့။

ယူဗယ်ရဲ့ အယူအဆက ပြောင်းပြန်ပါ။ သမိုင်းရှုထောင့်က ပြောတဲ့အခါ စက်မှုတော်လှန်ရေးနဲ့ အေအိုင်တော်လှန်ရေးမှာ တူတာရှိတယ်။ ပထမဆုံးအချက်က လူတွေလုပ်နေတဲ့ အလုပ်ကို စက်တွေက အစားထိုးလိုက်တာပါပဲ။ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ်။ မတူတဲ့အချက်က စက်မှုတော်လှန်ရေးခေတ်မှာ ကာယအလုပ်တွေကို စက်တွေက နေရာဝင်ယူခဲ့ပြီး အခု အေအိုင်ခေတ်မှာ ဉာဏအလုပ်တွေပါ စက်တွေက နေရာယူလာတာပဲ။ ဒီတော့ ဒီတကြိမ် အလုပ်ပြုတ်မယ့်သူတွေထဲမှာ အသိပညာ၊ အတတ်ပညာရှင်တွေပါ ပါလာတဲ့ သဘောဖြစ်လာတယ်။ စောစောက နမူနာအတိုင်းဆိုရင် ကားမောင်းသမားတွေ၊ ဆရာဝန်တွေအထိ ဆိုပါတော့။

ဒီတော့ နောင် ၁၀ နှစ်၊ နှစ် ၂၀ ဘာဖြစ်မလဲဆိုရင် ဘာမဆို ဖြစ်မှာပဲ။ ဘာအလုပ်တွေ ပေါ်နေမလဲဆိုရင် ဘယ်သူမှ မမှန်းတတ်ဘူး။ အရင်ခေတ်က စက်တွေက အလုပ်ကြမ်းတွေ ဝင်လုပ်သွားတဲ့အခါ လူတွေက သက်သာတဲ့ အလုပ်တွေ ပိုလုပ်ကြတယ်။ Service လုပ်ငန်းတွေ ဆိုပါတော့။ ဒါကြောင့် စက်မှုနိုင်ငံတွေမှာ အရင်ဆုံး စိုက်ပျိုးရေး လုပ်ငန်းတွေမှာ လုပ်တဲ့ လူဦးရေဟာ အင်မတန် နည်းသွားတယ်။ နောက်တော့ စက်မှုလက်မှု လုပ်ငန်းတွေပါ ဆင်းရဲတဲ့ နိုင်ငံတွေဆီ ရွှေ့သွားပြီး မီးခိုးမထွက်တဲ့ သူဌေးနိုင်ငံတွေက နည်းပညာနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေပဲ အဓိက လုပ်ကြတော့တယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကို ခြုံကြည့်ရင် ကမ္ဘာကြီးဟာ ကြွယ်ဝလာပါတယ်။ စီးပွားရေး ကောင်းလာပါတယ်။ လူတိုင်း ဝဝလင်လင် စားနိုင်ကြပါတယ်။ ထမင်းငတ်ပြီး သေတဲ့လူ မရှိတော့ပါဘူး။ ဒါပေမဲ့ စစ်ပွဲတွေနဲ့ ဖိနှိပ်မှုတွေကြောင့် သေဆုံးရသူတွေ၊ ဒုက္ခရောက်သူတွေ အရေအတွက် လျော့ကျမသွားပါဘူး။ ဒါက ဘာကို ပြနေသလဲဆိုရင် လူလုပ်တဲ့ ဘေးဟာ အန္တရာယ်ရှိနေတဲ့ သဘောပါပဲ။ နိုင်ငံတနိုင်ငံအတွင်းမှာဖြစ်ဖြစ်၊ ဒေသတွင်းမှာဖြစ်ဖြစ်၊ ကမ္ဘာလုံးအတိုင်းအတာဖြစ်ဖြစ် အတူတူပါပဲ။ ဆင်းရဲချမ်းသာ ကွာဟချက်ကလည်း ပိုဆိုးလာပါတယ်။ အီလွန်မတ်စ်တို့၊ ဇူကာဘတ်တို့ တဦးချင်း ချမ်းသာမှုဟာ နိုင်ငံတွေရဲ့ ဓနထက် ပိုပါတယ်။

အေအိုင် နည်းပညာဟာ ဒီလို လူလုပ်တဲ့ ဘေးတွေနဲ့ အာဏာ၊ ပါဝါ ကွာဟချက်ကို ပိုဆိုးအောင် လုပ်နိုင်ပါတယ်။ ဥပမာ ကားမောင်းသမားနေရာမှာ၊ ဆရာဝန်နေရာမှာ နည်းပညာ ကုမ္ပဏီတွေက အစားဝင်ပြီး ဒီကုမ္ပဏီကို ပိုင်ထားတာက လူနည်းစုဆိုရင် လူများစုဟာ မကျေနပ်ချက်ရှိရင် ဘယ်လိုနည်းနဲ့ အစိုးရတွေနဲ့ အလုပ်ရှင်တွေကို ဖိအားပေးနိုင်မလဲ။ နည်းလမ်းတွေ နည်းသွားပါလိမ့်မယ်။ လူထုမှာ နိုင်ငံရေးအာဏာ မရှိသလို ဖြစ်သွားပါလိမ့်မယ်။ ဒါက နမူနာ တခုပဲ ရှိပါသေးတယ်။

နည်းပညာဟာ အကောင်းတွေကိုချည်း ယူဆောင်လာတာ မဟုတ်ပါဘူး။ ဒီအကြောင်းကို ဂျော့အော်ဝဲလ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဝတ္ထုရေးခဲ့ပါတယ်။ အစိုးရမင်းများက လူတွေကို စောင့်ကြည့်နေတဲ့ အခု ကျနော်တို့ ကြုံနေရတဲ့ ခေတ်ပါပဲ။ လေယာဉ်ပျံတွေဟာ လူတွေကို မြို့တမြို့ကနေ၊ တိုက်ကြီးတခုကနေ တခုဆီ နာရီပိုင်းအတွင်း ပို့ပေးနိုင်ပါတယ်။ တချိန်တည်းမှာ လေယာဉ်ပျံတွေပေါ်ကနေ ကျလာတဲ့ ဗုံးတွေကြောင့် စာသင်နေတဲ့ ကလေးတွေ ထွက်မပြေးနိုင်ခင် ထိမှန်သေဆုံးသွားနိုင်ပါတယ်။ အေအိုင် နည်းပညာတွေဟာလည်း ဒီသဘောမျိုးပါပဲ။ အကျင့်ယုတ်သူတွေ၊ လူဆိုးတွေ လက်ထဲ ရောက်သွားတဲ့အခါ သူတို့က သူတို့ ကိုယ်ကျိုးအတွက်ပဲ သုံးကြပါလိမ့်မယ်။

သတင်းဆိုးကတော့ နည်းပညာ ကုမ္ပဏီတွေကို လူတွေ မဲပေးရွေးချယ်တာ မဟုတ်ပါဘူး။ သူတို့ ဘာလုပ်နေလဲ၊ ဘာဆုံးဖြတ်နေလဲ၊ သူတို့ရဲ့ နည်းပညာတွေ၊ ဒေတာတွေကို ဘယ်နေရာမှာ သုံးမလဲ ဘယ်သူမှ မသိပါဘူး။ ပိုပြီး ဆိုးတာကတော့ အီလွန်မတ်စ် ပြောသွားသလိုပဲ အေအိုင် နည်းပညာကို ရပ်လို့ မရတော့သလောက်ပါပဲ။ တကမ္ဘာလုံး အပြိုင်အဆိုင် ဖြစ်လာပြီမို့ ဘယ်သူမှ မရပ်ရဲတော့ပါဘူး။ လက်နက် အပြိုင်အဆိုင် တပ်ဆင်ကြတဲ့ ခေတ်ကထက် ပိုဆိုးဖို့ ရှိပါတယ်။ ဒါကြောင့် ၁၀ နှစ်အတွင်း ကမ္ဘာစစ်မဖြစ်ရင်လို့ အီလွန်မတ်စ်က စကားခံတာလည်း သဘာဝကျပါတယ်။

ဒီလို အဆိုးတွေကို ရှောင်နိုင်တယ်ဆိုရင် လူတန်းစား ကွာဟချက်ကတော့ အတော်ဆိုးဖို့က ဖြစ်နိုင်ခြေ များပါတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ သိပ်တော်တဲ့ လူတွေလောက်ပဲ ကျန်ပြီး အများစုက သုံးစားမရတဲ့ လူတွေအဖြစ် ကျန်ခဲ့ဖို့ များပါတယ်။ သူတို့ တတ်မြောက်ထားတဲ့ ပညာဟာ အသုံးမဝင်တော့တာ၊ ဒါမှမဟုတ် နောက်အလုပ်အကိုင် အသစ်အတွက် သင်တန်းတွေ မကြာခဏ တက်နေရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက လူငယ်ဘဝမှာ သိပ်မသိသာပေမဲ့ အသက်ရလာတဲ့အခါမှာ စိတ်ဖိအားတွေ များလာနိုင်ပါတယ်။ အထူးသဖြင့် စုဆောင်းငွေမရှိ၊ အစိုးရ လူမှုဖူလုံရေးစနစ် မရှိရင် စိတ်ဖိစီးမှုတွေ များမယ့်ခေတ်ကို လှမ်းမြင်နေရပါတယ်။

ဒါကြောင့် “၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု” မှာ ယူဗယ်က တရားထိုင်တဲ့ အလေ့အကျင့် လုပ်ပါဆိုတဲ့ အချက်ကို နောက်ဆုံးမှာ ထည့်ထားပါတယ်။ အီလွန်မတ်စ် ပြောတဲ့ ပဒေသာပင်ခေတ်ထက် ပါဝါဟာ လူများစုတွေ လက်ထဲကနေ တစတစ ဆုတ်ခွာနေပြီး လူနည်းစုက ချုပ်ကိုင်တဲ့ အခြေအနေဟာ ပိုပိုဆိုးလာမယ့်ခေတ်ကိုပဲ မြင်နေရပါတယ်လို့ သမိုင်းပညာရှင် ယူဗယ်က သတိပေးပါတယ်။

]]>
ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ အာဆီယံနှင့် စစ်အုပ်စု ပြန်လည်မပေါင်းစည်းနိုင်ပါ https://burma.irrawaddy.com/opinion/viewpoint/2026/05/15/413282.html Fri, 15 May 2026 03:08:34 +0000 https://burma.irrawaddy.com/?p=413282 အာဆီယံဥက္ကဋ္ဌ တာဝန်ကို ထိုင်းက ဆောင်ရွက်တဲ့အခါ စစ်အုပ်စုအတွက် အခွင့်သာနိုင်တယ်လို့ တွက်ဆတာ ရှိပါတယ်။ ဒါက စစ်အုပ်စုအတွက် အကောင်းမြင်လွန်းရာ ရောက်ပါလိမ့်မယ်။]]>

စစ်အုပ်စုက နိုင်ငံတကာမှာ တရားမဝင်သော်လည်း အာဆီယံမှာ ပြန်လည်ပေါင်းစည်းနိုင်မယ်လို့ မျှော်လင့်နေတာဟာ သူတို့ဘက်ကကြည့်ရင်တော့ လက်တွေ့ကျတယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့လည်း မြန်မာပြည်မှာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီးနောက် အာဆီယံရဲ့ မူဝါဒဟာ သီးသန့်မဟုတ်ပါဘူး။ နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတာ တွေ့ရပါမယ်။

အထူးသဖြင့် ၂၀၂၂ ဒီဇင်ဘာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (ကြေညာချက်မဟုတ်ပါ) ကို ညွှန်းချင်ပါတယ်။ ဒီဆုံးဖြတ်ချက်ရဲ့ အပိုဒ် ၅၊ ၆၊ ၇၊ ၈ ဟာ မြန်မာ့အရေးကို အာဆီယံထံ တာဝန်အပ်နှင်းထားတဲ့ သဘောပါပဲ။ အပိုဒ် ၁၊ ၂၊ ၃၊ ၄ ကလည်း တနည်းအားဖြင့် အာဆီယံရဲ့ ဘုံသဘောထား ၅ ချက်နဲ့ သိပ်မကွာပါဘူး။ အဓိပ္ပာယ်ကတော့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ဟာ အာဆီယံရဲ့ ဘုံသဘောထားနဲ့ ကိုက်ညီတာဖြစ်လို့ မြန်မာ့အရေးကို ဆောင်ရွက်တဲ့နေရာမှာ အာဆီယံကို တာဝန်လွှဲအပ်တယ်ဆိုတဲ့ သဘောပါပဲ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အပိုဒ် ၁ မှ ၄ အထိကို ကြည့်ရင် –

၁။ အကြမ်းဖက်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်တန့်ရန်။
၂။ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် တရားမဲ့ ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ရန်။
၃။ တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ရန်။
၄။ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးမှုကို လေးစားရန် တို့ ပါဝင်ပါတယ်။

သတိထားရမယ့်အချက်က နံပါတ် ၂ မှာ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သူတို့ရဲ့ တရားဝင်ရာထူးအတိုင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ အခုချိန်ထိလည်း ကုလသမဂ္ဂက ဒီရပ်တည်ချက်အတိုင်း ဆက်ရှိနေပါတယ်။

တချို့ကလည်း အာဆီယံဥက္ကဋ္ဌ တာဝန်ကို ထိုင်းက ဆောင်ရွက်တဲ့အခါ စစ်အုပ်စုအတွက် အခွင့်သာနိုင်တယ်လို့ တွက်ဆတာ ရှိပါတယ်။ ဒါက စစ်အုပ်စုအတွက် အကောင်းမြင်လွန်းရာ ရောက်ပါလိမ့်မယ်။

မှန်ပါတယ်။ ထိုင်းဟာ အာဆီယံတည်ထောင်သူ (Founder) ၅ နိုင်ငံ (မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်) ထဲမှာ ပါဝင်ပါတယ်။ အလှည့်ကျ အာဆီယံဥက္ကဋ္ဌဟာလည်း တစ်စုံတစ်ရာ လုပ်ပိုင်ခွင့်ရှိပါတယ်။ ထိုင်းဟာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်ပြီး ပွဲစားလုပ်ပေးနိုင်ပါတယ်။

ဒါပေမဲ့ ပြန်ကြည့်တဲ့အခါ ကမ္ဘောဒီးယား အလှည့်ကျဥက္ကဋ္ဌ လက်ထက်မှာ ဟွန်ဆန်ဟာ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး (တချို့က ကျော်လွန်လုပ်ဆောင်တယ်လို့တောင် ဝေဖန်ကြပါတယ်) အာဏာသိမ်းအုပ်စုနဲ့ အများကြီးညှိနှိုင်းဖို့ တစ်ကိုယ်တော် ကြိုးပမ်းခဲ့ပါတယ်။ သူ မအောင်မြင်ပါဘူး။ အင်ဒိုနီးရှားကျတော့ ဟွန်ဆန်လောက် ရှေ့သိပ်မထွက်ဘဲ အာဆီယံ အစဉ်အလာကို လိုက်နာရင်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ပါတယ်။ သူလည်း မအောင်မြင်ပါဘူး။

လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်ဟာ အာဆီယံထဲမှာ ကြားနေသမားလို့ ပြောရပါမယ်။ ဒါပေမဲ့ လက်ရှိ ဖိလစ်ပိုင်ရဲ့ ရပ်တည်ဆောင်ရွက်ချက်ကိုကြည့်ရင် သူ့တာဝန်ကို တင်းတင်းရင်းရင်း လုပ်နေတာ တွေ့ရပါတယ်။

ပြီးရင် စင်ကာပူအလှည့် လာပါမယ်။ စင်ကာပူရဲ့ ရပ်တည်ချက်ဟာ ပြတ်သားတာကို ကျန်ခဲ့တဲ့ ၅ နှစ်လုံး မြင်ခဲ့ရပါတယ်။ မလေးရှားနဲ့ အတူတူပါပဲ။ ဆိုတော့ စင်ကာပူဟာ သူ့တာဝန်ကို သူ ပြတ်ပြတ်သားသား လုပ်ပါလိမ့်မယ်။

လူတွေ သိပ်မပြောကြတဲ့ အချက်တစ်ချက်ကို ဒီမှာပြောဖို့ သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အာဆီယံမှာ မူဝါဒပိုင်း ရှေ့နောက်ညီဖို့ ဆောင်ရွက်တဲ့ ပုံစံတစ်ခု ရှိပါတယ်။ ဒါကတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ (Incumbent)၊ တာဝန်ပြီးဆုံးသွားတဲ့ ဥက္ကဋ္ဌ (Outgoing) နဲ့ တာဝန်ဆက်ယူမယ့် ဥက္ကဋ္ဌ (Future) တို့ သုံးပွင့်ဆိုင် ဖိုရမ် (Troika) တစ်ခု ရှိပါတယ်။ ရှေ့မူနဲ့ နောက်မူ ညှိပြီး အာဆီယံအဖွဲ့ကို မြင်း ၃ ကောင်ကတဲ့ ရထားနဲ့ နှိုင်းရပါမယ်။

အဓိပ္ပာယ်က လက်ရှိ ဖိလစ်ပိုင် ဥက္ကဋ္ဌအလှည့်ဆိုပေမဲ့ စင်ကာပူနဲ့ မလေးရှားတို့က ဘေးက ရံထားပါတယ်။ ဒီလိုပဲ ထိုင်းအလှည့်ကျရင် စင်ကာပူနဲ့ အရှေ့တီမောတို့က ရံထားပါလိမ့်မယ်။ ထိုင်းက သူ့ဖာသာ ဘယ်လောက်ပဲ ဆန္ဒရှိသည်ဖြစ်စေ ဒီလိုအစဉ်အလာတွေကို ကျော်ဖြတ်ဖို့ ခက်ပါလိမ့်မယ်။

ပထမအဆင့်အနေနဲ့ စစ်အုပ်စုဟာ ဒေါ်စုကို မလွှတ်ဘဲနဲ့ အာဆီယံနဲ့ ပြန်ပေါင်းစည်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါက မအလကိုယ်တိုင် အင်ဒိုနီးရှားမှာ သဘောတူ လက်မှတ်ထိုးထားတဲ့ အာဆီယံ ဘုံသဘောထား ဖြစ်သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက် အမှတ် ၂ လည်း ဖြစ်ပါတယ်။

တချို့ကလည်း ဒါတွေက သိပ်အရေးမကြီးဘူးလို့ ထင်ပါလိမ့်မယ်။ တကယ်တော့ အရေးကြီးပါတယ်။ ဒါက နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဂုဏ်သိက္ခာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလို နိုင်ငံငယ်လေးက အာဆီယံလို အဖွဲ့အစည်းနဲ့ ကမ္ဘာ့အမြင့်ဆုံး တရားဝင်မှုရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စက္ကူစုတ်လို လုပ်မှာကို သူတို့ ဘယ်လိုမှ အဖြစ်ခံမှာ မဟုတ်ပါဘူး။

]]>