Nick Marsh, Author at ဧရာဝတီ https://burma.irrawaddy.com/author/nickmarsh Covering Burma and Southeast Asia Tue, 07 Jul 2026 09:26:20 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Nick Marsh, Author at ဧရာဝတီ https://burma.irrawaddy.com/author/nickmarsh 32 32 ဘောလုံးအင်အားကြီးနိုင်ငံဖြစ်လာရေး တရုတ်အိပ်မက် ပျက်ပြားသွားခြင်း https://burma.irrawaddy.com/article/2026/07/01/414448.html Wed, 01 Jul 2026 04:18:13 +0000 https://burma.irrawaddy.com/?p=414448 ကွန်မြူနစ်ပါတီ၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် ဘောလုံးအားကစားမှာ ထွန်းကားမလာနိုင်ခဲ့ပေ။]]>

ဆိုင်းတားမား (Saitama) မြို့၏ ပူပြင်းစိုစွတ်သော ကြာသပတေးနေ့ညတညတွင် တရုတ်အမျိုးသားဘောလုံးအသင်းသည် ၎င်းတို့၏ သမိုင်းတလျှောက် အနိမ့်ဆုံးအခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။

ပွဲပြီးရန် တမိနစ်သာလိုတော့ချိန်တွင် ဂျပန်အသင်းကို ၆ ဂိုး-၀ ဂိုးဖြင့် အရေးနိမ့်နေသည့် တရုတ်နောက်ခံလူများသည် ပွဲသိမ်းခရာမှုတ်မည့်အချိန်ကိုသာ စိတ်အားထက်သန်စွာ မျှော်လင့်နေကြပုံရသည်။

သို့သော်လည်း ဂျပန်အသင်းမှ တာကီဖူဆာ ကူဘို (Takefusa Kubo) ကမူ ညှာတာမှုမရှိခဲ့ပေ။ ၎င်း၏အသင်းဖော်များက ပြိုင်ဘက်တရုတ်အသင်းကို အချိန်အတော်ကြာ လှောင်ကစားနေသည်ကို စောင့်ကြည့်ပြီးနောက် တရုတ်အသင်း၏ ဂိုးစည်းအနီးတွင် ဘောလုံးလက်ခံရရှိကာ ဂျပန်အသင်းအတွက် သတ္တမမြောက်ဂိုးကို ကန်သွင်းယူခဲ့သည်။

ဘောလုံးသည် ဂိုးပိုက်ထဲသို့ ပြင်းထန်စွာ ဝင်ရောက်သွားခဲ့ပြီး “ဂျပန်မက်ဆီ” ဟု လူသိများသည့် ထိုကစားသမားသည် တရုတ်အသင်းအား ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းတွင် အဆိုးရွားဆုံး ရှုံးနိမ့်မှုကြီးကို ကြုံတွေ့စေခဲ့သည်။

ရှန်ဟိုင်းအခြေစိုက် သတင်းစာတစောင်က “အောက်ကျဆုံးအခြေအနေ” ဟု ဖော်ပြခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလက ၇ ဂိုး-၀ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်မှုသည် အိုမန်၊ ဥဇဘက်ကစ္စတန်နှင့် ဟောင်ကောင်တို့ကို တရုတ်အသင်း ရှုံးနိမ့်ခဲ့သည့် တနှစ်တာအတွင်း အရှက်ရဖွယ်ရှုံးနိမ့်မှုများ၏ နောက်ဆက်တွဲပင်။

သို့သော် ယင်းထက် ပို၍ ဆိုးရွားသောအခြေအနေများ ရောက်ရှိလာခဲ့သည်။

တပတ်အကြာတွင် ပြည်တွင်းဘောလုံးလောကအတွင်း လာဘ်ပေးလာဘ်ယူမှု၊ လောင်းကစားမှုနှင့် ပွဲစဉ်ရလဒ်ကြိုတင်စီမံမှု (Match-fixing) တို့ကို နှစ်နှစ်ကြာ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးခြင်း၏ အစိတ်အပိုင်းအဖြစ် ကစားသမား၊ နည်းပြနှင့် စီမံခန့်ခွဲသူ အများအပြား ဖမ်းဆီးခံခဲ့ရသည်။

ထို့အပြင် ရှုံးနိမ့်မှုများက ဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ ဟန်ကျိုး (Hangzhou) မြို့၌ ကျင်းပသည့်ပွဲတွင် သြစတြေးလျအသင်းက တရုတ်အသင်းကို ၂ ဂိုး-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ တရုတ်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုဇယား၏ အောက်ခြေတွင်သာ ဆက်လက်တည်ရှိစေခဲ့သည်။

တရုတ်နိုင်ငံသည် ဘောလုံးအင်အားကြီးနိုင်ငံဖြစ်လာရန် အိပ်မက်မက်ထားခဲ့ဖူးသည်။

ကမ္ဘာ့လူဦးရေအများဆုံးဖြစ်ခြင်း၊ စီးပွားရေးထွန်းကားခြင်းနှင့် ဘောလုံးအားကစားကို အလွန်ရူးသွပ်သည့် သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သော ကွန်မြူနစ်ပါတီ၏ ပြတ်သားသော ရပ်တည်ချက်များ ရှိနေပါလျက်နှင့် အဘယ်ကြောင့် ယခုကဲ့သို့ အဆင်မပြေဖြစ်ရသနည်း။

အမှန်တကယ်တွင်မူ အခက်အခဲများစွာ ရှိနေခဲ့သည်။

ဘောလုံးအားကစားကို အလွန်ရူးသွပ်သည့် ရှီကျင့်ဖျင်သည် ၎င်း၏နိုင်ငံကို ဘောလုံးအင်အားကြီးနိုင်ငံတခုဖြစ်အောင် ပြောင်းလဲရန် အိပ်မက် ထားခဲ့သည်/Getty Images

ရှီကျင့်ဖျင်၏ ဆန္ဒသုံးရပ်

၂၀၁၂ ခုနှစ်တွင် ရှီ အာဏာရလာသောအခါ ၎င်း၏ အားကစားအပေါ် ရူးသွပ်မှုက တရုတ်ဘောလုံးလောကကို ပြုပြင်ပြောင်းလဲရန်နှင့် မြှင့်တင်ရန် တွန်းအားဖြစ်စေခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန်၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်နှင့် နောက်ဆုံးတွင် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရန် ၎င်း၏အိပ်မက်ရှိကြောင်း ပြောကြားခဲ့ဖူးသည်။ ဤသည်မှာ ၎င်း၏ “ဆန္ဒသုံးရပ်” ဖြစ်သည်။

သို့သော် ဆယ်စုနှစ်တခုအကြာတွင် ရှီကိုယ်တိုင်ပင် ယုံကြည်မှု လျော့နည်းသွားပုံရသည်။ ၂၀၂၃ ခုနှစ် နိုင်ငံတကာထိပ်သီးအစည်းအဝေးတခု၏ ပြင်ပတွင် ထိုင်းဝန်ကြီးချုပ်နှင့် စကားစမြည်ပြောဆိုစဉ် တရုတ်သမ္မတက မကြာသေးမီက ထိုင်းအသင်းအပေါ် တရုတ်အသင်း၏ အောင်ပွဲမှာ “ကံကောင်းသွားခြင်း” သာဖြစ်ကြောင်း ပြောကြားခဲ့သည်ကို ကြားခဲ့ရသည်။

“တရုတ်အစိုးရက တခုခုကို အာရုံစိုက်လုပ်ပြီဆိုရင် ကျရှုံးခဲပါတယ်” ဟု ဘေဂျင်းအခြေစိုက် အားကစားကလောင်ရှင် မာ့ခ် ဒရေယာ (Mark Dreyer) က ပြောသည်။ “လျှပ်စစ်ကား (EV) လုပ်ငန်းတွေကိုပဲကြည့်ကြည့်၊ အိုလံပစ်ပြိုင်ပွဲကိုပဲကြည့်ကြည့်။ တွေးမိသမျှ ကဏ္ဍတိုင်းနီးပါးမှာ တရုတ်က ထိပ်ဆုံးမှာ ရှိနေတာပါပဲ။”

သို့သော် ကွန်မြူနစ်ပါတီ၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် ဘောလုံးအားကစားမှာမူ ထွန်းကားမလာနိုင်ခဲ့ပေ။

၂၀၁၅ ခုနှစ် အစိုးရ၏ အဓိကအစီရင်ခံစာတခုတွင် တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) သည် “ဥပဒေကြောင်းအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ရှိရမည်ဖြစ်ပြီး အားကစားအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAS) မှ “လွတ်လပ်စွာ” ရှိသင့်ကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘောလုံးလောကတွင် အောင်မြင်လိုပါက ပါတီအနေဖြင့် ၎င်းတို့လုပ်လေ့မရှိသော “လွှတ်ပေးခြင်း” ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှီကိုယ်တိုင်ပင် ဝန်ခံခဲ့သည်။

“တရုတ်ရဲ့ ဘောလုံးလောက ကျရှုံးမှုဟာ အမျိုးသားရေးသိက္ခာကျစရာ ဖြစ်လာပြီး အကြောင်းရင်းကို ရှာဖွေဖို့က တနိုင်ငံလုံးရဲ့ အာရုံစိုက်စရာ ဖြစ်လာပါတယ်” ဟု ‘Bamboo Goalposts: One Man’s Quest to Teach the People’s Republic of China to Love Football’ စာအုပ်ကို ရေးသားသူ ရိုဝန် ဆိုင်မွန်စ် (Rowan Simons) က ဘီဘီစီသို့ ပြောကြားခဲ့သည်။

“ဒါပေမဲ့ ကျနော့်အတွက်တော့ အကြောင်းရင်းက ရှင်းပါတယ်။ အဲဒါက ဒီနိုင်ငံကို ဘယ်လိုအုပ်ချုပ်နေသလဲဆိုတာ အများကြီး ဖော်ပြနေတယ်။”

၎င်းနှင့် အခြားသူများ ထောက်ပြသည့် ပြဿနာမှာ တရုတ်နိုင်ငံ၏ တပါတီစနစ်သည် ဆုံးဖြတ်ချက်များကို ထိပ်ပိုင်းမှသာ ချမှတ်ခြင်း ဖြစ်သည်။ ဤစနစ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်သော်လည်း ပြိုင်ဆိုင်မှုပြင်းထန်သော အသင်းလိုက်အားကစားများတွင်မူ ရလဒ်ကောင်းများ မရရှိပေ။

တရုတ်နိုင်ငံအနေဖြင့် ထိပ်တန်းအရည်အချင်းရှိသည့် ကစားသမားများကို မွေးထုတ်ပေးနိုင်ရန်အတွက် ဘောလုံးကစားသည့် ကလေးငယ်ဦးရေ လုံလောက်မှုမရှိကြောင်း မစ္စတာ ဒရေယာက ပြောသည်/Getty Images

နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် (Fifa) က အစိုးရ၏ စွက်ဖက်မှုများကို တားမြစ်ထားသော်လည်း တရုတ်ဘောလုံးလောကတွင် နိုင်ငံရေးအရ ခန့်အပ်မှုများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ပြည်သူ့ဘဝ၏ ကဏ္ဍအများစုကို ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံတွင် ပုံမှန်ကိစ္စရပ်တခု ဖြစ်သည်။

လက်ရှိ တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) ဥက္ကဋ္ဌ စုန့်ခိုင် (Song Kai) သည် ကွန်မြူနစ်ပါတီ၏ ဒုတိယအတွင်းရေးမှူးလည်း ဖြစ်သည်။ ၎င်း၏ လုပ်ငန်းဆောင်တာများကို အားကစားအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAS) မှ အဆင့်မြင့်အစိုးရအရာရှိတဦးက ပြန်လည်ကြီးကြပ်သည်။

“အရာရာတိုင်းကို ကွန်မြူနစ်ပါတီအကြီးအကဲတွေဆီ အစီရင်ခံတင်ပြရပါတယ်။ ဆိုလိုတာက ဘောလုံးအကြောင်း နားမလည်တဲ့သူတွေက ဘောလုံးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်နေတာပါ” ဟု မစ္စတာ ဒရေယာက ပြောသည်။ “ဘောလုံးဟာ အောက်ခြေအဆင့် (Grassroots) ကနေ စတင်ရပါမယ်။ ပိရမစ်ရဲ့ အောက်ခြေကနေ စတင်ပြီးမှ အရည်အချင်းရှိသူတွေက ထိပ်ပိုင်းကို ရောက်ရှိလာရမှာ ဖြစ်ပါတယ်။”

အဓိက ဘောလုံးအင်အားကြီးနိုင်ငံအားလုံးတွင် “ပိရမစ်” စနစ်တစ်ခု ရှိကြသည်။ ထိပ်တန်းပရော်ဖက်ရှင်နယ်ကလပ်များသည် ထိပ်ဆုံးတွင်ရှိပြီး အောက်ခြေတွင် စွမ်းဆောင်ရည်မြင့်မားရန် ကြိုးပမ်းနေကြသည့် ဆီမီးပရိုနှင့် အပျော်တမ်းအသင်းများစွာက ပံ့ပိုးပေးထားသည်။

ထိုသို့သော ပိရမစ်စနစ်သည် ဘောလုံးအားကစားကို ပျော်ရွှင်မှုအတွက် အစုအဖွဲ့လိုက် ကစားသည့် ယဉ်ကျေးမှုအပေါ်တွင် ထွန်းကားခြင်းဖြစ်သည်။ အောက်ခြေလူဦးရေ ပိုမိုများပြားလေလေ ထိပ်ပိုင်းရှိ ကစားသမားများ၏ အရည်အချင်း ပိုမိုကောင်းမွန်လေလေ ဖြစ်သည်။

“ဘောလုံးအားကစား အမှန်တကယ် အောင်မြင်တဲ့ နိုင်ငံတိုင်းကို ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက အောက်ခြေအဆင့် လှုပ်ရှားမှုတခုအနေနဲ့ သဘာဝအတိုင်း ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်” ဟု မစ္စတာ ဆိုင်မွန်စ်က ပြောသည်။ “တရုတ်နိုင်ငံမှာ ပရော်ဖက်ရှင်နယ်ဘောလုံးလောက စဉ်ဆက်မပြတ် ကျရှုံးနေရတာကတော့ အောက်ခြေက ပံ့ပိုးပေးထားမှု မရှိလို့ပါပဲ။ သူတို့ရဲ့ ပိရမစ်က ပြောင်းပြန်ဖြစ်နေပါတယ်။”

စာရင်းဇယားများအရ အင်္ဂလန်နိုင်ငံတွင် မှတ်ပုံတင်ထားသော ကစားသမား ၁.၃ သန်း ရှိပြီး တရုတ်နိုင်ငံတွင်မူ ၁ သိန်းအောက်သာ ရှိသည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ လူဦးရေက အင်္ဂလန်ထက် အဆ ၂၀ မျှ ပိုမိုများပြားသော်လည်း ဖြစ်ပေါ်နေသည့် အခြေအနေ ဖြစ်သည်။

“ဒီက ကလေးတွေဟာ ဘောလုံးနဲ့အတူ ကြီးပြင်းလာကြတာ မဟုတ်ပါဘူး။ အဲဒါမရှိရင် ထိပ်တန်းအရည်အချင်းရှိတဲ့ ကစားသမားတွေကို မွေးထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟု မစ္စတာ ဒရေယာက ပြောသည်။

ဥရောပနှင့် တောင်အမေရိကရှိ ထိပ်တန်းဘောလုံးလောကသည် မြို့များနှင့် ကျေးရွာများရှိ လမ်းမများနှင့် ပန်းခြံများမှ စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော် တရုတ်နိုင်ငံတွင်မူ ထိုတွန်းအားပေးမှုမှာ ဘေဂျင်းအစိုးရထံမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ဂျန်စု (Jiangsu FC) ကလပ်က ၎င်းတို့၏ “လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းလိုက်ပြီ” ဟု ပြောကြားခဲ့ပြီးနောက် ကလပ်၏ လေ့ကျင့်ရေးကွင်းမှာ ဗလာကျင်းလျက် ရှိနေခဲ့သည်/ Getty Images

၁၉၉၀ ပြည့်လွန်နှစ်များ ရောက်မှသာ အစိုးရသည် နိုင်ငံ၏ ပထမဆုံး ပရော်ဖက်ရှင်နယ်လိဂ်ကို တည်ထောင်ခဲ့သည်။ ၎င်းသည် အဓိကမြို့ကြီးများတွင် ထိပ်တန်းကလပ်အချို့ကို ဖန်တီးခဲ့သော်လည်း အောက်ခြေအဆင့်ကိုမူ လျစ်လျူရှုခဲ့သည်။

ထိပ်ပိုင်းမှ အောက်ခြေသို့ ညွှန်ကြားသည့် ဤစနစ်တွင် အရာရှိများသည် အထက်လူကြီးများ သဘောကျစေရန်အတွက် ရေရှည်တိုးတက်မှုကို စတေးပြီး ရေတိုအဆင်ပြေမည့် နည်းလမ်းများကိုသာ ရွေးချယ်လေ့ရှိကြောင်း မစ္စတာ ဒရေယာက ရှင်းပြသည်။

တရုတ်နိုင်ငံတွင် ကစားခဲ့ဖူးသည့် နိုင်ငံခြားသားအချို့ကလည်း ယခုကဲ့သို့ ပြင်းထန်စွာ ထိန်းချုပ်ထားသော စနစ်သည် လူငယ်ကစားသမားများအနေဖြင့် ဘောလုံးအားကစား၏ သဘာဝကို နားလည်သဘောပေါက်ရန် အခွင့်အလမ်း နည်းပါးစေကြောင်း ပြောကြားခဲ့ကြသည်။

လောလောဆယ် တရုတ်နိုင်ငံတွင် ကစားနေပြီး အမည်မဖော်လိုသည့် ဥရောပကစားသမားတဦးက တရုတ်ကစားသမားအများစုသည် “နည်းစနစ်ပိုင်း ကောင်းမွန်ကြသော်လည်း” ကွင်းအတွင်း အရေးကြီးသော အချိန်များတွင် “ဘောလုံးဆိုင်ရာ အမြော်အမြင် (Football IQ)” အားနည်းကြကြောင်း ဘီဘီစီသို့ ပြောကြားခဲ့သည်။

“ကလေးဘဝကတည်းက သဘာဝအတိုင်း သင်ယူခဲ့ရတဲ့ ဖန်တီးနိုင်စွမ်းနဲ့ အခြေခံဆုံးဖြတ်ချက်ချနိုင်မှုတွေကို ဒီမှာ အများကြီး မတွေ့ရပါဘူး” ဟု ထိုကစားသမားက ပြောသည်။

ပျက်ပြားသွားသော အိပ်မက်

ဤသည်မှာ တရုတ်နိုင်ငံတွင် ဘောလုံးအားကစားကို ချစ်မြတ်နိုးသူမရှိဟု မဆိုလိုပေ။

လောလောဆယ် ကမ္ဘာ့အဆင့် ၉၀ ရှိသည့် အမျိုးသားအသင်းသည် စဉ်ဆက်မပြတ် စိတ်ပျက်စရာ ဖြစ်နေသော်လည်း၊ ကမ္ဘာ့အဆင့် ၁၇ ရှိသည့် အမျိုးသမီးအသင်းမှာမူ နှစ်ပေါင်းများစွာ ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံရှိ လူအများအပြားက ၎င်းတို့ကို “စစ်မှန်သော” တရုတ်အသင်းဟု ရည်ညွှန်းကြပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းကို ၆ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲကို ကြည့်ရှုသူ ၅၃ သန်းအထိ စံချိန်တင်ရှိခဲ့သည်။

အမျိုးသား စူပါလိဂ် (Super League) သည် အာရှရှိ မည်သည့်လိဂ်ထက်မဆို ပျမ်းမျှပွဲကြည့်ပရိသတ် အများဆုံးရှိသည်။ ၂၀၁၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးထွန်းကားမှုကြောင့် နိုင်ငံပိုင်လုပ်ငန်းများထံမှ ရင်းနှီးမြှုပ်နှံမှု အများအပြားရရှိခဲ့ပြီး နာမည်ကြီး နိုင်ငံခြားကစားသမားများကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ယင်းမှာ ရေရှည်မခံခဲ့ပေ။

ကပ်ရောဂါနှင့် ယင်းနောက်ပိုင်း တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုကြောင့် အစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် ပရော်ဖက်ရှင်နယ်ကလပ် ၄၀ ကျော် ပျက်စီးခဲ့ရသည်။ ပုဂ္ဂလိကကုမ္ပဏီများ၏ ကတိကဝတ်များမှာလည်း တည်ငြိမ်မှုမရှိကြောင်း သက်သေပြခဲ့သည်။

ဂွမ်ကျိုး အဲဗာဂရန်း (Guangzhou Evergrande) သည် တရုတ်နိုင်ငံ၏ အအောင်မြင်ဆုံး ဘောလုံးအသင်းများအနက် တသင်း ဖြစ်ခဲ့သည်/Getty Images

၂၀၁၅ ခုနှစ်တွင် အီတလီထိပ်တန်းကလပ် အင်တာမီလန် (Inter Milan) ကို ပိုင်ဆိုင်ခဲ့ဖူးသည့် ဆူနင်း (Suning Appliance Group) သည် ကျန်းစု (Jiangsu FC) ကလပ်ကို ဝယ်ယူခဲ့သည်။ ထိုကလပ်သည် ၂၀၂၀ ပြည့်နှစ်တွင် စူပါလိဂ်ချန်ပီယံ ဖြစ်ခဲ့သည်။ သို့သော် လအနည်းငယ်အကြာတွင် ဆူနင်းက ၎င်းတို့၏ လက်လီအရောင်းလုပ်ငန်းကိုသာ အာရုံစိုက်ရန် ကလပ်ကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

တရုတ်နိုင်ငံ၏ သမိုင်းတလျှောက် အအောင်မြင်ဆုံးအသင်းဖြစ်သည့် ဂွမ်ကျိုး အဲဗာဂရန်း (Guangzhou Evergrande) ၏ ပျက်စီးမှုမှာလည်း အခြားဥပမာတခု ဖြစ်သည်။

အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်သည့် အဲဗာဂရန်းအုပ်စု (Evergrande Group) ၏ ငွေကြေးပံ့ပိုးမှုဖြင့် ၎င်းတို့သည် မာဆယ်လို လစ်ပီ (Marcello Lippi) နှင့် ဖေဘီယို ကန်နာဗာရို (Fabio Cannavaro) ကဲ့သို့သော အီတလီထိပ်တန်းမန်နေဂျာများအောက်တွင် ဆုဖလားများစွာ ရရှိခဲ့သည်။ သို့သော် ၎င်းတို့ ပြည်တွင်းနှင့် အာရှတွင် အောင်မြင်မှုရရှိနေစဉ် မိခင်ကုမ္ပဏီမှာမူ ဖောင်းပွနေသော အိမ်ခြံမြေဈေးကွက်တွင် အလွန်အကျွံ တိုးချဲ့လုပ်ကိုင်နေခဲ့သည်။

အဲဗာဂရန်းသည် လက်ရှိတွင် ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် အကြွေးတင်ရှိနေပြီး တရုတ်နိုင်ငံ၏ အိမ်ခြံမြေအကျပ်အတည်း၏ ပြယုဂ်တခု ဖြစ်လာခဲ့သည်။

၎င်းတို့၏ ကလပ်ကို ဇန်နဝါရီလတွင် လိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့သည်။ နှစ်ပေါင်းများစွာ အလွန်အကျွံ သုံးစွဲခဲ့ပြီးနောက် ၈ ကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့သည့် ဤအသင်းသည် လက်ရှိအချိန်အထိ အကြွေးများ ဆပ်နိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။

သို့သော် ဤသည်မှာ တရုတ်ဘောလုံးလောကကို ဝါးမြိုနေသည့် တခုတည်းသော အကျပ်အတည်း မဟုတ်ပေ။ ၎င်းတို့၏ လျင်မြန်စွာ တိုးတက်လာမှုက အခြားပြဿနာတခုဖြစ်သည့် အဂတိလိုက်စားမှုကို ဖန်တီးခဲ့သည်။

“့ကျနော် မှန်ကန်တဲ့လမ်းစဉ်ကို လျှောက်လှမ်းခဲ့သင့်တာ။ အဲဒီအချိန်တုန်းက လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ကျနော် လုပ်ခဲ့တာပါ” ဟု တရုတ်အမျိုးသားအသင်း မန်နေဂျာဟောင်း လီတီး (Li Tie) က ၂၀၂၄ ခုနှစ် မှတ်တမ်းတင်ရုပ်ရှင်တခုတွင် ပြောကြားခဲ့သည်။

ထိုမှတ်တမ်းတင်ရုပ်ရှင်တွင် လီတီးက တုန်လှုပ်ဖွယ်ရာ ဝန်ခံချက်တခုကို ပြုလုပ်ခဲ့သည်။ ၎င်းသည် နှစ်ပေါင်းများစွာ ပွဲစဉ်ရလဒ်များကို ကြိုတင်စီမံခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အမျိုးသားအသင်းနည်းပြဖြစ်လာရန် ယွမ် ၃ သန်း (ဒေါ်လာ ၄၁၈,၅၀၀ ခန့်) အပါအဝင် လာဘ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ၎င်းက “ကျနော် တောင်းပန်ပါတယ်” ဟု ရေးသားထားသော ဝန်ခံချက်အပေါ် လက်ဗွေနှိပ်ခဲ့သည်။

တရုတ်အမျိုးသားအသင်း နည်းပြဟောင်း လီတီး (Li Tie) သည် ၂၀၂၄ ခုနှစ်တွင် လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရသည်/Getty Images

တရုတ်အမျိုးသားအသင်းသည် ၂၀၂၄ ကာတာနိုင်ငံတွင် ကျင်းပသည့် အာရှဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေစဉ်အတွင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTV မှ ဤမှတ်တမ်းတင်ရုပ်ရှင်ကို မဖြစ်မနေ စောင့်ကြည့်ခဲ့ရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗဟိုကော်မရှင် (CCDI) က ပူးတွဲထုတ်လုပ်ထားသည့် ဤရုပ်သံအစီအစဉ်သည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှုဆိုင်ရာ လေးပိုင်းတွဲ အစီအစဉ်၏ ပထမဆုံးအပိုင်း ဖြစ်သည်။

ထိုအစီအစဉ်တွင် တရုတ်အရာရှိ အများအပြားက ကဏ္ဍအသီးသီးရှိ ထိတ်လန့်ဖွယ်ရာ အဂတိလိုက်စားမှု အဆင့်ဆင့်ကို ကင်မရာရှေ့တွင် ဝန်ခံခဲ့ကြသည်။

ဘောလုံးကဏ္ဍကို ပထမဆုံး ထုတ်လွှင့်ပြသခြင်းဖြင့် အာဏာပိုင်များအနေဖြင့် ဤအားကစားအတွင်းရှိ အဂတိလိုက်စားမှုကို အလေးအနက်ထား ကိုင်တွယ်နေကြောင်း ပြသခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်ကလပ် အဲဗာတန် (Everton) တွင် ကစားခဲ့ဖူးသည့် လီတီးသည် ပြီးခဲ့သည့်နှစ် တရုတ်ဘောလုံးလောက၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖမ်းဆီးမှုများတွင် အထင်ကရအကျဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

ဒီဇင်ဘာလတွင် ၎င်းအား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။

ထို့အပြင် တရုတ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ချန်ရွှေယွမ် (Chen Xuyuan) နှင့် အားကစားအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဟောင်း တုကျောက်ချိုင် (Du Zhaocai) တို့ကိုလည်း ဤမှတ်တမ်းတင်ရုပ်ရှင်တွင် လူသိရှင်ကြား အရှက်ခွဲခဲ့သည်။

“ဒီအရာရှိတွေရဲ့ အဂတိလိုက်စားမှုက ကျနော်တို့ရဲ့ နှလုံးသားကို ကြေကွဲစေပါတယ်” ဟု ပရိသတ်တဦးက CCTV သို့ ပြောကြားခဲ့သည်။ “ကျနော် မအံ့သြပါဘူး” ဟု အခြားသူတဦးက ဆိုသည်။

ဤမှတ်တမ်းတင်ရုပ်ရှင်သည် ၂၀၁၅ ခုနှစ်က အမည်မဖော်လိုသည့် အမျိုးသားအသင်း ကစားသမားဟောင်းတဦး၏ ဘီဘီစီ ရေဒီယိုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်များကို ထင်ဟပ်နေသည်။ အသင်းတွင် နေရာရရှိရန်အတွက် ကစားသမားများအကြား “ပွင့်လင်းစွာ လေလံဆွဲရသည့်” စနစ်တခု ရှိနေခဲ့ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော် အသင်းအတွက် ပွဲစဉ်အများကြီး ပိုကစားနိုင်ခဲ့ပေမဲ့ ကျနော့်မှာ ငွေကြေးမရှိခဲ့ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

ဘောလုံးလောက၏ အဂတိလိုက်စားမှုများ လူသိရှင်ကြား ပေါက်ကွဲထွက်လာရန် နောက်ထပ် ၁၀ နှစ်ခန့် အချိန်ယူခဲ့ရသည်။ ဤသည်မှာ တရုတ်အသင်း၏ ကွင်းအတွင်း ဆိုးရွားလွန်းသော စွမ်းဆောင်ရည်များကြောင့် ဖြစ်ပေါ်လာရခြင်းဟု အချို့က ဆိုကြသည်။

တရုတ်နိုင်ငံတွင် အခြားအားကစားနည်းများ အောင်မြင်နေသည်ကို ကြည့်ပါက အမျိုးသားဘောလုံးအသင်း၏ ရုန်းကန်နေရမှုမှာ ပိုမိုထင်ရှားလှသည်။

အခြေခံအဆောက်အအုံနှင့် လေ့ကျင့်ရေးပိုင်းတွင် ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့မှုများကြောင့် တရုတ်နိုင်ငံသည် အားကစားနောက်ကျကျန်ခဲ့သည့် အခြေအနေမှ ပါရီအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄၀ ဖြင့် အမေရိကန်နှင့် တူညီသော အောင်မြင်မှုမျိုး ရရှိသည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

ဂျပန်အသင်းကို ၇ ဂိုး-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုသည် တရုတ်နိုင်ငံအတွက် အရှက်ရဖွယ် ရလဒ်များစွာအနက် နောက်ဆုံးဖြစ်ပွားခဲ့သည့် ပွဲစဉ်ဖြစ်သည်/Getty Images

သို့သော် ယင်းတို့အနက် အများစုမှာ အလေးမ၊ ရေကူး၊ ဒိုင်ဗင် ကဲ့သို့သော တဦးချင်း အားကစားနည်းများ ဖြစ်ကြပြီး ဘောလုံးအားကစားကဲ့သို့ အောက်ခြေအဆင့် လူထုလှုပ်ရှားမှုများကို အလေးပေးရန် မလိုအပ်ဘဲ ရင်းနှီးမြှုပ်နှံမှု ပမာဏ ပိုမိုနည်းပါးသည်။

၎င်းတို့သည် ဝင်ငွေရရှိမှုလည်း ပိုမိုနည်းပါးသဖြင့် အဂတိလိုက်စားမှုနှင့် စီမံခန့်ခွဲမှု အမှားအယွင်းများ ဖြစ်ပေါ်ရန် အခွင့်အလမ်း နည်းပါးသည်။

တရုတ်စီးပွားရေး ကျဆင်းနေချိန်တွင် အစိုးရအရာရှိများသည် ဘောလုံးပြဿနာထက် ပိုမိုကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

ယင်းက ပရိသတ်များအတွက်မူ နှစ်သိမ့်မှု မဖြစ်စေခဲ့ပေ။

ဂျပန်အသင်းကို ရှုံးနိမ့်မှုက ပိုမိုနာကျင်စေခဲ့သည်။ ဂျပန်အသင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း စဉ်ဆက်မပြတ် တိုးတက်လာခဲ့သော်လည်း တရုတ်အသင်းမှာမူ ကမ္ဘာ့ဖလားခြေစစ်ပွဲ တကြိမ်မျှပင် မအောင်မြင်ခဲ့ပေ။

ရှုံးနိမ့်ခဲ့သည့် နောက်တစ်နေ့တွင် ‘Oriental Sports Daily’ သတင်းစာက ပြတ်သားစွာ ရေးသားခဲ့သည်။ “နာကျင်မှုတွေ အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့အခါ ကျန်ရှိနေတာကတော့ ထုံကျင်သွားခြင်းပဲ ဖြစ်ပါတယ်။”

မစ္စတာ ဒရေယာ၏ အဆိုအရ ဂျပန်အသင်း၏ ချဉ်းကပ်ပုံသည် တရုတ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းတို့တွင် ရေရှည်မျှော်မှန်းချက် ရှိခြင်း၊ နိုင်ငံရေးအရ စွက်ဖက်မှုမရှိခြင်းနှင့် စီးပွားရေးအရ စနစ်ကျသော ကလပ်တည်ဆောက်ပုံများ ရှိကြသည်။

“ဒါတောင်မှ ဒီက ပရိသတ်တွေရဲ့ အားပေးမှု ယဉ်ကျေးမှုကတော့ အလွန်ကောင်းမွန်ဆဲပါပဲ” ဟု ၎င်းက ဆက်ပြောသည်။ “သူတို့က ဒီထက်မက ပိုမိုရရှိသင့်ပါတယ်။”

သြစတြေးလျအသင်းကို ရှုံးနိမ့်ပြီးနောက် ပရိသတ်များ၏ စိတ်ပျက်မှုများနှင့်အတူ ဟာသဉာဏ်များကိုလည်း လူမှုကွန်ရက်တွင် တွေ့ရှိခဲ့ရသည်။

“အမျိုးသားအသင်းရဲ့ စွမ်းဆောင်ရည်ကတော့ အမြဲ တည်ငြိမ်နေတုန်းပါပဲ” ဟု ပရိသတ်တဦးက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ အခြားတဦးကမူ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးအရ ဆက်လက်ထွန်းကားလိုပါက ဘောလုံးအသင်းအနေဖြင့် ယခုကဲ့သို့ ဆက်လက်ရှုံးနိမ့်နေရမည်ဖြစ်ကြောင်း နောက်ပြောင်ခဲ့သည်။

၎င်းတို့အနေဖြင့် ဂျပန်အသင်းက တရုတ်ကို အနိုင်ရရှိပြီးနောက် ထင်ရှားသော တရုတ်ဂျာနယ်လစ်တဦး ၎င်း၏ ဘလော့ဂ်တွင် ရေးသားခဲ့သည်ကို လက်ခံလိုက်ကြပုံရသည်။

ဘောလုံးအားကစားသည် “(မျိုးချစ်စိတ်ဓာတ် ထက်သန်စေသော) ချီးကျူးဂုဏ်ပြုသီချင်းများ သီဆိုခြင်း သို့မဟုတ် ပုံပြင်များပြောခြင်းဖြင့် မြှင့်တင်၍မရနိုင်ပါ” ဟု ၎င်းက ထောက်ပြခဲ့သည်။ “ဒါဟာ ကျွမ်းကျင်မှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းဗျူဟာပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ လိုအပ်ပါတယ်။ နိုင်ငံရေးနည်းလမ်းတွေနဲ့ အကောင်အထည်ဖော်လို့ မရနိုင်ပါဘူး။”

( ၂၀၂၅ မတ်လ ၂၇ ရက် BBC တွင် ဖော်ပြခဲ့သော China’s dream of becoming a football superpower lies in tatters ကို ဘာသာပြန်ဆိုသည်။)

]]>