ဘုန်းမောင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/phonemaung Covering Burma and Southeast Asia Thu, 23 Jul 2026 08:43:38 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဘုန်းမောင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/phonemaung 32 32 အသံမထွက်ရဲကြသည့် လင်ပျောက် စစ်သားမယားများ https://burma.irrawaddy.com/article/2026/07/21/414964.html Tue, 21 Jul 2026 09:35:07 +0000 https://burma.irrawaddy.com/?p=414964 "၁၀၂၇ သာပြီးသွားတယ်။ ရှေ့တန်းပါသွားတဲ့ ကျမ ယောက်ျား၊ အခုထိ အိမ်ပြန်မရောက်လာဘူး။ သေသလား၊ ရှင်သလားလည်း မသိရဘူး"]]>

ပင်လယ်ရေမျက်နှာပြင်အထက် ၂,၈၂၁ ပေရှိသော ခိုလမ်မြို့သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – ရလခ အခြေစိုက်ထားသော မြို့ငယ်လေးတမြို့ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စစ်နယ်ဝန်းလိုအပ်ချက်အရ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ – တောင်ကြီး) လက်အောက်ရှိ နယ်မြေတချို့အား ထပ်မံထုတ်နုတ်ကာ ရလခ အား သီးခြားစစ်တိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ရလခ မဖွဲ့စည်းခင်တုန်းကပင် ရှမ်းပြည်နယ်အတွင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ – တောင်ကြီး)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ – လားရှိုး) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ – ကျိုင်းတုံ) ဟူသော တိုင်းစစ်ဌာနချုပ် ၃ ခု ဖွဲ့စည်းတည်ရှိခဲ့ပြီးဖြစ်သည်။

အဆိုပါ တိုင်းစစ်ဌာနကြီး ၃ ခုအနက် ရပခ ၏ တာဝန်သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ နယ်မြေ၊ ၎င်းနှင့် ထိစပ်နေသော နယ်မြေဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များအား အဓိကထား ကိုင်တွယ်ဆောင်ရွက်ရသကဲ့သို့ ရမခ သည် ရှမ်းပြည်မြောက်ပိုင်းနှင့် တသခ သည် ရှမ်းပြည်အရှေ့ပိုင်းရှိ နယ်မြေဒေသအသီးသီးတို့ကို ကိုင်တွယ်ဆောင်ရွက်ကြရသည်။

ခိုလမ်မြို့ရှိ ရလခ၏ တာဝန်ကတော့ ရှမ်း/တောင်၊ ရှမ်း/မြောက် နှင့် ရှမ်း/ရှေ့ နယ်နိမိတ်အလယ်ပိုင်းဒေသများ၊ ၎င်းနှင့် ထိစပ်နေသော နယ်မြေဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များအား အဓိကထား ကိုင်တွယ်ဆောင်ရွက်ရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင်းရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် – ရမခ ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA နှင့် တပ်ပေါင်းစုမဟာမိတ်တပ်ဖွဲ့များက ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များ လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်ထိန်းချုပ်လိုက်သဖြင့် ဧပြီလ ၂၂ ရက်တွင် MNDAA နှင့် တပ်ပေါင်းစုမဟာမိတ်တပ်ဖွဲ့များ လားရှိုးမြို့မှ ဆုတ်ခွာခဲ့ကြရသည်။

“၁၀၂၇ သာပြီးသွားတယ်။ ရှေ့တန်းပါသွားတဲ့ ကျမ ယောက်ျား၊ အခုထိ အိမ်ပြန်မရောက်လာဘူး။ သေသလား၊ ရှင်သလားလည်း မသိရဘူး” ဟု အငွေ့တထောင်းထောင်းထနေသည့် ဟော့ပေါ့အိုးကို အဓိပ္ပာယ်မဲ့ စိုက်ကြည့်နေရင်းကပင် မခင်ဝင်းပြည့် (အမည်လွှဲ) က ပြောသည်။

ဘဝ၏ မသေချာမရေရာမှုများ၏ ရိုက်နှက်ခံထားရသဖြင့် နဂိုရှိရင်းကထက် အဆပေါင်းများစွာ ရင့်ရော်အိုစာသွားခဲ့သော မခင်ဝင်းပြည့်သည် ဗိုလ်ကတော်တယောက်ဖြစ်ပြီး ဝန်ခံချက်သဘောပါသည့် အထက်ပါစကားများအား ၂၀၂၆ ခုနှစ် ဧပြီလအတွင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ခံချက်သဘောပါသည့် စကားများဟု အဘယ့်ကြောင့် ဆိုရပါသနည်းဟူမူ မခင်ဝင်းပြည့်သည် အခြားသော ဗိုလ်ကတော်များထက်ပင် မြန်မာစစ်တပ်ကို အကြီးအကျယ် ပို ထောက်ခံသူတယောက်ဖြစ်ပြီး နွေဦးတော်လှန်ရေးဘက်တော်သားများကိုလည်း လူမှုကွန်ရက်ကနေ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုရှုတ်ချလေ့ရှိသူတယောက်ဖြစ်သောကြောင့်ဖြစ်သည်။ ယခုတော့လည်း စစ်သားမယား အမှားတထောင်မကပါလားဆိုသည့်ထုံးကို နှလုံးမူလာခဲ့လေပြီလား မပြောတတ်တော့ပါ။

ရှေ့တန်းမှ ပြန်မလာနိုင်တော့သော သူမအမျိုးသားဆိုသူသည် ၂၀၁၁ ခုနှစ်တုန်းကမှ တိုင်းစစ်ဌာနချုပ်အသစ်ဖြစ်လာခဲ့သော ခိုလမ်မြို့၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – ရလခ ကဖြစ်သည်။

ခိုလမ်မြို့အပါအဝင် ယင်းဒေသတဝိုက်ရှိ မြို့များသည် ရှမ်းလက်နက်ကိုင်တပ်များ၏ စစ်ကြောင်းများ ဖြတ်သန်းသွားလာလေ့ရှိတတ်သော မြို့များဖြစ်ကြသည့်အတွက် ယခင်ကဆိုလျှင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ အမြဲလိုလို ဖြစ်ပွားလေ့ရှိတတ်သည်။

ရှမ်းလူထု၏ ထောက်ခံမှုကို ရရှိထားသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ခိုလမ်အပါအဝင် ယင်းဒေသတဝိုက်က မြို့များကို အမြဲလိုလို ဝင်ထွက်သွားလာနေလေ့ရှိတတ်သောကြောင့် ခိုလမ်မြို့၏ အနောက်ဘက်၊ တောင်ကြီးမြို့၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် – ရပခ ရှိနေလျက်ကပင် ခိုလမ်မြို့၌ နောက်ထပ် တိုင်းစစ်ဌာနချုပ်တခု ထပ်မံတည်ဆောက်ရခြင်းဖြစ်သည်ဟု မြို့ခံလူကြီးသူမများက ပြောလေ့ရှိတတ်သည်။ ခိုလမ်နှင့် တောင်ကြီးသည် မိုင် ၁၀၀ ကျော်ဝန်းကျင်မျှသာ ကွာဝေးသည်။

ခိုလမ်မြို့သည် တောင်ကြီး-တာချီလိတ် လမ်းမကြီးပေါ်က အနက်ရောင် နယ်မြေ မြို့ကလေးတမြို့ဖြစ်ခဲ့ဖူးပြီး အနောက်ဘက်တွင် တောင်ကြီး၊ လွိုင်လင်၊ နမ့်စန်၊ အရှေ့ဘက်တွင် ကာလိ၊ ကွန်ဟိန်းမြို့များကိုဖြတ်၍ တာကော်တံတားမှတဆင့် ကျိုင်းတုံ၊ တာချီလိတ်၊ မြောက်ဘက်တွင် သီပေါ စသည့် ရှမ်း/တောင်၊ ရှမ်း/ရှေ့ နှင့် ရှမ်း/မြောက်ရှိ မြို့များနှင့် တိုက်ရိုက်ချိတ်ဆက်ထားသောကြောင့် ရှမ်းပြည်နယ်၏ ကုန်သွယ်ရေးလမ်းဆုံမြို့တမြို့လည်း ဖြစ်သည်။

နမ့်စန်နှင့် ခိုလမ်သည် မိုင် ၃၀ ဝန်းကျင်မျှသာ ဝေးသော်လည်း ယခင်ကဆိုလျှင်တော့ တမြို့ကနေ တမြို့ဆီ ရောက်ဖို့ ၄၊ ၅ နာရီမျှ ကြာသည်အထိ သွားလာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ယင်းလမ်းပိုင်းတလျှောက်၌ မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ဟု တိတိပပပြောမရသည့် မိုင်းများ မကြာခဏ ပေါက်ကွဲလေ့ရှိတတ်သောကြောင့်ဖြစ်သည်။

မခင်ဝင်းပြည့်သည် ခိုလမ်မှာမွေးပြီး ခိုလမ်မှာပင် ကြီးပြင်းလာခဲ့သူတယောက်ဖြစ်သည်။ ခိုလမ်မှာ ရလခ တည်တော့ (ဘယ်ဇာတိကမှန်း သေချာမသိရသော) တပ်ပြောင်းပါလာသည့် သုံးပွင့်အဆင့်အရာရှိတဦးနှင့် အိမ်ထောင်ကျပြီး ခိုလမ်မှာပင် အိမ်ဆိုင်ကလေးဖွင့်ကာ မိသားစုအရေး ဖြေရှင်းလာခဲ့သည်မှာ ကလေး ၃ ယောက်ရသည်အထိပင် ဖြစ်သည်။

အကြီးဆုံးသားဖြစ်သူကလည်း D.S.A. တတိယနှစ် တက်ရောက်နေပြီး မကြာခင်မှာပင် ကျောင်းဆင်းအရာရှိတယောက် ဖြစ်ပေတော့မည်။ သားဖြစ်သူကို သူ့အဖေလို ကံကြမ္မာမျိုး မကြုံစေချင်သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ စစ်မြေပြင်အခြေအနေအရဆိုလျှင်မူ မြန်မာစစ်တပ် လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေနှင့် မြို့များက အများအပြား ရှိလာပြီဖြစ်သောကြောင့် သားဖြစ်သူအတွက်လည်း မိခင်တယောက်အနေဖြင့် ရတက်မအေးရသည်က အမှန်ပင်။

“၁၀၂၇ စစ်ဆင်ရေး” ကြီး စဖြစ်တော့ ရလခ နှင့် ခိုလမ်မြို့ပေါ်ရှိ တပ်များက အရာရှိ၊ စစ်သည်အများအပြား ရှမ်းပြည်မြောက်ပိုင်းသို့ ရှေ့တန်းထွက်ခဲ့ကြရသည်။ ထိုစစ်ဆင်ရေးတွင် မြန်မာစစ်တပ်ဘက်က အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး တပ်ဖွဲ့ဝင်အများအပြားကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က သုံ့ပန်းများအဖြစ် ဖမ်းဆီးခဲ့ကြသည်။

အဆိုပါ သုံ့ပန်းများကို ညီနောင်မဟာမိတ်အဖွဲ့က ပြန်လွှတ်ပေးနေသော်လည်း လွတ်လာသူများထဲတွင်လည်း သူမ၏ ခင်ပွန်းပါမလာခဲ့။ တိုက်ပွဲကျသွားပြီဟုလည်း အထက်က အခုထိ အကြောင်းမကြားလာသေးသဖြင့် ခင်ပွန်းဖြစ်သူ၏ အခြေအနေကို မည်သို့ နားလည်ရမှန်း မသိတော့ပေ။

ယခုရောက်ရှိနေသော ခုနှစ်၊ သက္ကရာဇ်များကနေ နောက်ပြန်ရေတွက်ကြည့်မည်ဆိုပါက “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့သည်မှာ ၃ နှစ်ပင် ပြည့်တော့မည်ဖြစ်သည်။ အဆိုပါ ၃ နှစ်နီးပါးကာလတလျှောက်လုံး သူမခင်ပွန်းဖြစ်သူ သေသလား၊ ရှင်သလား ဘာဆိုဘာမျှ ဟုတ်တိပတ်တိ မသိခဲ့ရ။

သူမအမျိုးသားနှင့် ပတ်သက်သော သတင်းတွေကလည်း အမျိုးမျိုးပင်။

စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကပဲ သုံ့ပန်းအဖြစ် ဖမ်းဆီးထားသလိုလို၊ သုံ့ပန်းအဖြစ်က ပြန်လွှတ်ပေးလိုက်သော်လည်း ခင်ပွန်းဖြစ်သူသည် ၎င်း၏ တပ်အခြေစိုက်ရာ ခိုလမ်မြို့ဆီ ပြန်မလာတော့ဘဲ နီးစပ်ရာမြို့တမြို့မြို့မှာပဲ နေထိုင်နေသလိုလို၊ တရုတ်ပြည်ထဲပဲ ဝင်သွားသလိုလို၊ တိုက်ပွဲပဲ ကျသွားသလိုလို၊ ဖမ်းဆီးခံရပြီးနောက် မြန်မာစစ်တပ်ထံ မပြန်လိုတော့သဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ထံမှာပဲ CDM ဝင်လိုက်သလိုလို… စသော မရေရာမသေချာမှုတွေနဲ့သာ ၃ နှစ်နီးပါးကာလကို သူမ ဖြတ်သန်းခဲ့ရသည်။

မခင်ဝင်းပြည့်လို အဖြစ်မျိုးနှင့် နောက်ထပ် ကြုံနေရသူတဦး ရှိနေပါသေးသည်။ ထိုသူမှာ အခြားလူတော့ မဟုတ်။ သူမ၏ ညီမအရင်းဖြစ်သူပင်ဖြစ်သည်။

ညီမဖြစ်သူလည်း မခင်ဝင်းပြည့်နည်းတူပင် သုံးပွင့်အဆင့်ရှိ အရာရှိတယောက်နှင့် အိမ်ထောင်ကျခဲ့ပြီး ညီမဖြစ်သူ၏ အမျိုးသားသည်လည်း “၁၀၂၇ စစ်ဆင်ရေး” အတွင်း ပျောက်ဆုံးသွားခဲ့သည်။

သူမတို့နှစ်ယောက်စလုံးက ခိုလမ်မှာမွေးပြီး ခိုလမ်မှာပင် ကြီးပြင်းခဲ့ကြသူများဖြစ်သည်။ ယခုတော့လည်း သူမတို့နှစ်ယောက်စလုံးက အသက် ၄၀ ကျော်အရွယ်ဝန်းကျင်တွေ ဖြစ်လို့နေပါပြီ။

သူမတို့ ဖြတ်သန်းခဲ့ရသော လူငယ်ဘဝက ကြုံခဲ့ရသည့် ခေတ်ကို ပြန်ကြည့်တော့ ပခုံးပေါ်က အပွင့်များကို မက်မောကြသည့် ခေတ်ဖြစ်သည်။ မိဘတွေကိုယ်တိုင်ကလည်း အူမချီးခါးမကျန် အားလုံးသိထားကြပြီးဖြစ်သော မြို့ခံလူငယ်များထက် နောက်ခံ သေသေချာချာ မသိရသည့် အရာရှိဆိုသူများနှင့် မိမိတို့သမီးများကို လက်ထပ်ပေးစားချင်ကြသည့် ခေတ်ဖြစ်သည်။

သူငယ်ချင်းအချင်းချင်း စကားပြောလျှင်ပင် ငါ့ယောက်ျားက ဗိုလ်မှူး၊ ငါ့ယောက်ျားက ဗိုလ်ကြီး စသဖြင့် လူထူထူမှာ ဂုဏ်ယူဝင့်ကြွားချင်ကြသည့် ခေတ်ဖြစ်သလို မိဘတွေချင်း ဆုံပြန်တော့လည်း ကျမတို့သမက်က အခုဆို ဗိုလ်မှူး၊ ဗိုလ်ကြီးတောင် ဖြစ်နေပြီဆိုသည့် အကြွားသန်သော ခေတ်ဖြစ်သည်။

ဝန်နှင့်အားမမျှဟု ဆိုရလောက်သည်အထိပင် မြို့ကလေးက ငယ်ငယ်၊ ကြွားလုံးတွေက များများကြောင့် မြို့ကလေးကိုယ်တိုင်ပင်လျှင် ကြွားလုံးများပိလို့နေပေသည်။

သူမတို့ လက်ရှိ ကြုံနေရသောအဖြစ်သည် ဘယ်သူ့ကိုမှ အားကိုးမရတော့သည့် အခြေအနေမျိုးဖြစ်သည်။ ထို့ကြောင့်လည်း ဟိုနားတိုးတိုးမေး စုံစမ်းလိုက်၊ ဒီနားတိုးတိုးမေး စုံစမ်းလိုက်ဖြင့်သာ အမေးဝင်္ကပါကြီးထဲ သံသရာလည်နေရတော့သည်။

အရဲကိုးစွန့်စားကာ အထက်လူကြီးများထံ စာတင်ပြီး မေးရအောင်အထိလည်း သူမတို့တွင် သတ္တိများ မရှိကြ။ အမေးရှိလို့ အဖြေရှိလာရင် တော်ဦးမည်။ ထိုသို့ မဟုတ်ပါဘဲ အထက်လူကြီးများ အမျက်ရှသွားပါက သူမတို့ကိုပင် ဆူမလား၊ ဆဲမလား၊ ဟိန်းမလား၊ ဟောက်မလား လုပ်လာပေဦးမည် မဟုတ်ပါလား။

သတ္တိရှိ၍ စာတင်မေးမြန်းပြီပဲ ဆိုပါစို့။ ထိုသို့ မေးမြန်းပြန်ပါကလည်း အထက်လူကြီးဆိုသူများ၏ ဆူမလား၊ ဆဲမလား၊ ဟိန်းမလား၊ ဟောက်မလား အဖြစ်မျိုးကိုသာ သူမတို့ ပို၍ ကြုံရနိုင်ခြေရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် အထက်လူကြီးဆိုသူများပင်လျှင် “၁၀၂၇ စစ်ဆင်ရေး” အပါအဝင် အခြားစစ်ဆင်ရေးများအတွင်း ပျောက်ဆုံးသွားကြသော ၎င်းတို့လက်အောက်က အရာရှိ၊ အကြပ်၊ စစ်သည်တွေအကြောင်း ၎င်းတို့ကိုယ်တိုင် ဂဃနဏ မသိရသောကြောင့် ဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး” ကြောင့် ရှမ်းပြည်မြောက်ပိုင်းဆီ ရှေ့တန်းထွက်သွားရာကနေ ပြန်မလာနိုင်ခဲ့ကြသူများစာရင်းတွင် သူမတို့ ညီအစ်မနှစ်ဦးတည်း၏ အမျိုးသားများသာ ပါနေသည်လား ဆိုပြန်တော့လည်း မဟုတ်ပြန်။ သူမတို့ ညီအစ်မနည်းတူပင် တပ်တွင်းက အိမ်ထောင်သည် အမျိုးသမီးအများအပြားသည်လည်း ခင်ပွန်းပျောက်ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။

မပဋာလို မြေလူးမည်ဆိုလျှင်တောင် လွတ်လွတ်လပ်လပ် မြေမလူးရသည့် ဘဝများ။ မုန့်ဟင်းခါးကျွေး ဆွမ်းသွပ်ရမည်ဆိုပြန်တော့လည်း ဆွမ်းသွပ်ရမည်ကိုပင် စိတ်ဒုံးဒုံးချ မပြုလုပ်ရသည့် ဘဝများ။ မိမိတို့ ကြုံနေရသည့် ပြဿနာများကိုပင် လူအများသိအောင် ထုတ်ဖော် မပြောရဲကြဘဲ အသံတိတ် ငိုကြွေးနေကြရသည့် ခေတ်သစ်မပဋာများ။

သူမတို့ ခင်ပွန်းများ၏ ကံကြမ္မာကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ပျောက်ဆုံးသွားကြသူများကိုယ်တိုင်ကလွဲပြီး ဘယ်သူကမျှ တိတိကျကျ မသိနိုင်တော့ပါ။ ဒါမှမဟုတ် ရှေ့တန်းထွက်သွားကြသူတွေ ကိုယ်တိုင်ကပင်လျှင် မည်သည့်ကံကြမ္မာမျိုး ၎င်းတို့ ကြုံလိုက်ရသလဲ ဆိုသည်ကိုပင် တိတိကျကျ မသိလိုက်ရတာမျိုးလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။

“နောက်ထပ် ဖြစ်နိုင်တာတခုက သူကိုယ်တိုင် ဒီပြန်မလာချင်လို့ အဲဒီမှာပဲ နေနေတာလားမှ မသိတာ”

မခင်ဝင်းပြည့် ဆိုလိုသည်က သူမခင်ပွန်းသည် အသက်ရှိရက်နှင့်ပင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ တဖွဲ့ဖွဲ့ထံ တာဝန်ထမ်းဆောင်နေသည်ဆိုခြင်းပင်။

သူမ တွေးတာကလည်း ဖြစ်နိုင်ခြေ ရှိပါသည်။ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာပါကလည်း မြန်မာစစ်တပ်က ထောင်ချတာ သို့မဟုတ် နောက်ထပ် စစ်ဆင်ရေးတခုဆီ ထပ်ပို့တာမျိုး ကြုံလာရနိုင်သေးတာကြောင့် သူမခင်ပွန်းသည် မြောက်ပိုင်းအဖွဲ့ တဖွဲ့ဖွဲ့ထံ ခိုလှုံနေတာပဲလားဆိုသည်ကိုတော့ မခင်ဝင်းပြည့်နှင့် သူမ ညီမအပါအဝင် အရာရှိ၊ အကြပ်နှင့် စစ်သည်များ၏ ဇနီးဆိုသူများအနေဖြင့် ယတိပြတ် မပြောနိုင်တော့ပါ။

]]>
စာသင်ခန်းတွေ မဖြိုချခင် အခြားတဘက်မှ ဆင်ခြင်မိခြင်း https://burma.irrawaddy.com/opinion/viewpoint/2026/06/13/414014.html Sat, 13 Jun 2026 11:40:22 +0000 https://burma.irrawaddy.com/?p=414014 ဖင်လန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် စင်ကာပူကဲ့သို့သော ပညာရေးကဏ္ဍတွင် အောင်မြင်နေသည့် နိုင်ငံများသည်ပင် စာသင်ခန်းများကို ဖျက်သိမ်းခဲ့ကြသည် မဟုတ်ပေ။]]>

မကြာသေးခင်ကမှ Mizzima တွင် ဖော်ပြခဲ့သော တူမီးသိမ်းမောင်၏ “စာသင်ခန်းတွေ ဖြိုချကြ” ဆိုသည့် ဆောင်းပါးအာဘော်သည် ခေတ်ဟောင်းပညာရေးစနစ်၏ အမွေဆိုးဖြစ်သော “စာသင်ခန်းဝါဒ” နှင့် “ဘွဲ့လက်မှတ်ကိုးကွယ်မှု” ကို စိန်ခေါ်ထားပြီး လွတ်လပ်၍ မေးခွန်းထုတ်တတ်သော၊ စဉ်ဆက်မပြတ်ကြီးထွားနေသော သင်ယူမှုဝန်းကျင်ကို တည်ဆောက်ရန် တိုက်တွန်းထားသည်။ လက်ရှိ မြန်မာ့တော်လှန်ရေးကာလအတွင်း လူငယ်များ၏ ပညာရေးအကျပ်အတည်းကို အတွေးအခေါ်သစ်ဖြင့် လမ်းဖွင့်ပေးရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်သည်။

“စာသင်ခန်းတွေ ဖြိုချကြ။ သင်ယူမှုတွေ တည်ဆောက်ကြ” ဟူသော ဆောင်ပုဒ်သည် ပထမတကြိမ် ဖတ်လိုက်ရချိန်တွင် စိတ်ဝင်စားဖွယ်ကောင်းသလို တော်လှန်ရေးဆန်သော အတွေးအခေါ်တရပ်ကိုလည်း ထင်ဟပ်စေသလိုပင်။ ပညာရေးကို စာသင်ခန်း၊ အတန်း၊ ဘွဲ့၊ လက်မှတ်တို့နှင့်သာ ကန့်သတ်မထားဘဲ ပိုမိုကျယ်ပြန့်သော သင်ယူမှုအဖြစ် မြင်နိုင်ရန် တိုက်တွန်းထားချက်မှာ အရေးကြီးသည့် ထောက်ပြချက်တခုဖြစ်သည်။ သို့သော် ထိုအယူအဆကို လက်ခံသည့်တိုင် “စာသင်ခန်းတွေ ဖြိုချကြ” ဟူသော သဘောထားအပေါ် မေးခွန်းအချို့ ထုတ်ကြည့်ရန် လိုအပ်နေပါသေးသည်။

ပညာရေးသည် စာသင်ခန်းထက် ပိုမိုကျယ်ပြန့်ကြောင်း ငြင်းဆိုစရာမရှိပေ။ လူသားတို့၏ အသိပညာများသည် ဘဝအတွေ့အကြုံများ၊ လုပ်ငန်းခွင်များ၊ လူမှုအသိုင်းအဝိုင်းများ၊ သုတေသနနှင့် ကိုယ်တိုင်လေ့လာမှုများမှတဆင့် ရရှိလာကြခြင်းဖြစ်သည်။ သို့သော် ထိုအချက်များကို အခြေခံပြီး စာသင်ခန်း၏ အရေးပါမှုကို လျှော့ချလိုက်မည်ဆိုလျှင် အခြားအစွန်းတဘက်သို့ ရောက်သွားနိုင်သည်။

စာသင်ခန်းမပါဘဲ မပြည့်စုံနိုင်သေး

စာသင်ခန်းသည် ပညာရေး၏ အဆုံးအဖြတ်မဟုတ်သော်လည်း ပညာရေး၏ အခြေခံအဆောက်အအုံတခု ဖြစ်နေဆဲဖြစ်သည်။ လူတဦးချင်းစီ၏ ကိုယ်ပိုင်သင်ယူမှုစွမ်းရည်၊ မိသားစုအခြေအနေ၊ စီးပွားရေးအင်အားနှင့် လူမှုပတ်ဝန်းကျင်တို့က တူညီခြင်းမရှိကြပေ။ အကယ်၍သာ စနစ်တကျဖွဲ့စည်းထားသော စာသင်ခန်းနှင့် ကျောင်းများမရှိပါက ပညာသင်ယူခွင့်ကို လူတိုင်းက ညီမျှစွာ မရနိုင်တော့ပေ။

ချမ်းသာသော မိသားစုမှ ကလေးတဦးသည် အင်တာနက်၊ စာအုပ်များ၊ သင်တန်းများ၊ ဆရာများကို အလွယ်တကူရရှိနိုင်သော်လည်း ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသမှ ကလေးတဦးအဖို့တော့ စာသင်ခန်းသည် ပညာသင်ယူရန်အတွက် တခုတည်းသော တံခါးပေါက်ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် စာသင်ခန်းကို ပညာရေး၏ ရန်သူအဖြစ် မြင်ခြင်းထက် ပညာရေးလက်လှမ်းမီမှုကို အာမခံပေးသည့် နေရာတခုအဖြစ် မြင်နိုင်မှ ပိုမိုသင့်လျော်ပေမည်။

ဆောင်းပါးရှင်အဆိုပြုထားသည့် “စာသင်ခန်းများ မလိုအပ်ဘဲ သင်ယူမှုကို ချဲ့ထွင်မည့် ပညာရေးစနစ်” ဟူသည်မှာ သီအိုရီအရနှင့် ရေရှည်မျှော်မှန်းချက်အရ မည်မျှပင်မှန်ကန်စေကာမူ ယနေ့ မြန်မာနိုင်ငံ၏ မြေပြင်ပကတိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နည်းပညာဆိုင်ရာ ပကတိအခြေအနေများနှင့် ချိန်ထိုးကြည့်လျှင် လက်တွေ့အကောင်အထည်ဖော်ရန် အလှမ်းဝေးလွန်းနေသေးသည့် စိတ်ကူးယဉ်ဆန်မှုဟု ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပညာရေးပြုပြင်ပြောင်းလဲမှုသည် လေဟာနယ်ထဲတွင် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ခိုင်မာသော အခြေခံအဆောက်အအုံများနှင့် တည်ငြိမ်မှုအပေါ်တွင်သာ အခြေပြုနိုင်သောကြောင့် ဖြစ်သည်။

အသိအမှတ်ပြုမှုနှင့် ရပ်တည်ရေးတိုက်ပွဲ

“ဘွဲ့ရမှ အောင်မြင်သူမဟုတ်” ဟူသော အယူအဆမှာ မှန်ကန်သယောင်ရှိသော်လည်း ဘွဲ့နှင့် အသိအမှတ်ပြုမှုများ၏ အခန်းကဏ္ဍကိုလည်း မျက်ကွယ်မပြုသင့်ပေ။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ဆေးဝါးပညာရှင် စသည့် အသက်မွေးဝမ်းကျောင်းမှုများတွင် စနစ်တကျ လေ့ကျင့်သင်ကြားမှုနှင့် အရည်အချင်းစစ်ဆေးမှုများ လိုအပ်ပါသည်။

လူတဦးက “ကိုယ်တိုင်သင်ယူထားတာပါ” ဟု ဆိုရုံဖြင့် လူနာတဦးအား ခွဲစိတ်ကုသမှုကို တာဝန်ယူခွင့်မပေးနိုင်ပေ။ ထို့ကြောင့် ဘွဲ့၊ လက်မှတ်နှင့် အသိအမှတ်ပြုမှုများသည် လူတဦး၏ တန်ဖိုးကို တိုင်းတာသည့် တခုတည်းသော စံမဟုတ်သော်လည်း လူမှုရေးယုံကြည်မှုနှင့် ကျွမ်းကျင်မှုစံနှုန်းများကို ထိန်းသိမ်းရာတွင် လိုအပ်နေဆဲသာ ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းနှင့် ရပ်တည်ရေး

မြန်မာနိုင်ငံက မိဘများနှင့် ကျောင်းသားများသည် စစ်ကောင်စီ၏ Placement Test များနှင့် တော်လှန်ရေးဘက်က NUG ပညာရေးကြား ဇဝေဇဝါဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ “အနာဂတ်အာမခံချက်” ကြောင့်ဖြစ်သည်။ အကယ်၍သာ စာသင်ခန်းများ၊ အတန်းစနစ်များနှင့် ဘွဲ့လက်မှတ်များကို ဖျက်သိမ်းပြီး လွတ်လပ်စွာသင်ယူမှုကိုပဲ အားပေးမည်ဆိုပါက ထိုကလေးငယ်များသည် နောင်တချိန်တွင် အလုပ်အကိုင်ရှာဖွေရာ၌လည်းကောင်း၊ ပြည်ပသို့ ပညာတော်သင်သွားရောက်ရာ၌လည်းကောင်း မည်သည့်အထောက်အထားဖြင့် လျှောက်ထားရမည်နည်း။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေတွင်လည်း ပညာရေးကို သီအိုရီအရသာကြည့်၍ မရနိုင်တော့ပေ။ စစ်အာဏာရှင်များသည် ပညာရေးကို ၎င်းတို့အာဏာတည်မြဲရေးအတွက် အသုံးချခဲ့သည့် သမိုင်းကြောင်း မရှိမဟုတ်၊ ရှိပါသည်။ ထို့ကြောင့်လည်း စစ်အုပ်စုလက်အောက်က ပညာရေးစနစ်အပေါ် ဝေဖန်မှုများက အကြောင်းမဲ့မဟုတ်။ သို့သော် အခြားတဘက်တွင်လည်း ကျောင်းတက်လိုသူများ၊ စာမေးပွဲဖြေလိုသူများ၊ အသိအမှတ်ပြုလက်မှတ် လိုအပ်သူများ၏ လက်တွေ့ဘဝအခက်အခဲများကို နားလည်ပေးရန် လိုအပ်သည်။

မိဘက ၎င်းတို့ ကလေးများ၏ အနာဂတ်အတွက် စိုးရိမ်ခြင်းမှာ နိုင်ငံရေးသစ္စာဖောက်မှု မဟုတ်ပေ။ ကျောင်းတက်လိုသော လူငယ်တဦးသည် တော်လှန်ရေးကို ဆန့်ကျင်နေခြင်းမဟုတ်ပေ။ ထို့ကြောင့် ပညာရေးကို နိုင်ငံရေးသစ္စာရှိမှုနှင့်သာ တိုင်းတာခြင်းက မှားယွင်းနိုင်ပါသည်။

အမှန်တကယ် လိုအပ်နေသည်မှာ စာသင်ခန်းကို ဖြိုချခြင်းမဟုတ်ဘဲ စာသင်ခန်းကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်သည်။ ကျောင်းကို ဖျက်သိမ်းခြင်း မဟုတ်ဘဲ ကျောင်းကို ပိုမိုလွတ်လပ်သော သင်ယူမှု ဗဟိုချက်အဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ စာမေးပွဲများကို အကုန်လုံး ဖယ်ရှားခြင်းမဟုတ်ဘဲ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ကို တိုင်းတာနိုင်သော နည်းလမ်းသစ်များ ရှာဖွေခြင်းဖြစ်သည်။

တားမြစ်နိုင်ငံရေးမှ ဖန်တီးနိုင်ငံရေးသို့

ဆောင်းပါးရှင်ထောက်ပြထားသည့် “ဟိုဟာပိတ်၊ ဒီဟာပိတ်” ဟူသော “တားမြစ်နိုင်ငံရေး” က အလွန်အရေးကြီးသော သတိပေးချက်ဖြစ်သည်။ တော်လှန်ရေးတရပ် အောင်နိုင်ခြင်းဆိုသည်က ရန်သူ့ယန္တရားကို ဖျက်ဆီးနိုင်ရုံသာမကဘဲ မိမိတို့က ပိုမိုကောင်းမွန်သည့် စနစ်တခု တည်ဆောက်ပြနိုင်ခြင်းပေါ်မှာလည်း မူတည်ပါသည်။

“ဟိုကျောင်းမတက်နဲ့” လို့ တားမြစ်ခြင်းထက် “ဒီမှာ အဲဒါထက် ပိုကောင်းတဲ့၊ ပိုလွတ်လပ်တဲ့ သင်ယူမှုအခွင့်အလမ်းတွေရှိတယ်” ဆိုတာကို မြေပြင်မှာ သက်သေပြဖို့ လိုအပ်သည်။

ပညာရေးကို အလုပ်အကိုင်နဲ့သာ မတိုင်းတာသင့်ဘူးဆိုသော်ငြား လက်တွေ့ဘဝ စားဝတ်နေရေးအတွက် တော်လှန်ရေးပညာရေးစနစ်ကလည်း အသက်မွေးဝမ်းကျောင်း အတတ်ပညာနှင့် ဒေသန္တရလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် သင်ယူမှုမျိုးဖြစ်အောင် ပုံဖော်ပေးဖို့ လိုအပ်သည်။

လက်ရှိ မြန်မာ့ပကတိအခြေအနေတွင် လိုအပ်နေသည်မှာ စာသင်ခန်းနှင့် အတန်းစနစ်ကို ဖျက်သိမ်းရန်မဟုတ်ဘဲ စစ်ကောင်စီ၏ မှိုင်းတိုက်ပညာရေးထက် သာလွန်ကောင်းမွန်ပြီး နိုင်ငံတကာက အသိအမှတ်ပြုမည့် “အခြားရွေးချယ်စရာ အတန်းစနစ်နှင့် လက်မှတ်ပေးနိုင်မှုစနစ်” ကို တော်လှန်ရေးဘက်က ခိုင်ခိုင်မာမာ တည်ဆောက်ပြနိုင်ဖို့ဖြစ်သည်။ ထိုကဲ့သို့သော စနစ်မျိုးမရှိဘဲ စာသင်ခန်းဝါဒကိုပဲ ပစ်ပယ်ခိုင်းနေမည်ဆိုပါက ကလေးများ၏ အနာဂတ်သည် ပိုမိုအမှောင်ကျသွားမည် ဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ကလေးများ၏ ပညာရေးကို ပိတ်ပင်တားဆီးခြင်းထက် ပိုမိုကောင်းမွန်သော ပညာရေးရွေးချယ်စရာများ ဖန်တီးပေးနိုင်ရန် ကြိုးစားသင့်သည်။

“သင်ယူမှု” အကြောင်း စဉ်းစားခြင်း

“သင်ယူမှုတွေ တည်ဆောက်ကြ” ဟူသော အယူအဆသည် စိတ်ကူးယဉ်အဆင့်တွင် ဆွဲဆောင်မှုရှိသော်လည်း လက်တွေ့တွင် မည်သည့်သင်ယူမှုမျိုးကို ဆိုလိုသနည်းဟု မေးရမည်ဖြစ်သည်။

ယနေ့ကမ္ဘာတွင် သင်ယူမှုဝန်းကျင်များကို အွန်လိုင်းသင်တန်းများ၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်များ၊ AI အခြေပြု သင်ကြားရေးစနစ်များနှင့် ကမ္ဘာလုံးဆိုင်ရာ ပညာရေးကွန်ရက်များ စသည်တို့ဖြင့် တည်ဆောက်ထားကြသည်။ သို့သော် ထိုစနစ်များသည် မြန်နှုန်းမြင့်အင်တာနက်၊ လျှပ်စစ်ဓာတ်အားနှင့် နည်းပညာလက်လှမ်းမီမှုတို့အပေါ် မူတည်နေသည်။

မြန်မာနိုင်ငံတွင်မူ ထိုအခြေအနေများကို အပြည့်အဝ မရရှိနိုင်သေးပေ။ ကျေးလက်ဒေသများတွင် အင်တာနက်မရခြင်း၊ လျှပ်စစ်မမှန်ခြင်း၊ စစ်ဘေးရှောင်ဘဝများနှင့် ဆင်းရဲနွမ်းပါးမှုများကြောင့် သင်ယူမှုအခွင့်အလမ်းများ အလွန်ကန့်သတ်ခံနေရသည်။

ထို့ကြောင့် “ကျောင်းထက် သင်ယူမှုက ပိုအရေးကြီးသည်” ဟူသော အယူအဆသည် အချို့အလွှာများအတွက်သာ မှန်ကန်နိုင်ပြီး လူအများစု၏ လက်တွေ့ဘဝနှင့် မကိုက်ညီနိုင်သေးပေ။

စစ်ကောင်စီသည် တော်လှန်ရေးဒေသများကို စစ်ရေးအရသာမက နည်းပညာအရပါ ပိတ်ဆို့ထားသည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများနှင့် လျှပ်စစ်မီးများ လပေါင်းများစွာ ပြတ်တောက်နေသည့် အရပ်ဒေသများတွင် “စာသင်ခန်းပြင်ပ သင်ယူမှုကွန်ရက်” ကို မည်သို့တည်ဆောက်မည်နည်း။

မိမိဘာသာ ရှာဖွေသင်ယူခြင်း သို့မဟုတ် ပုံစံသစ်သင်ယူမှုကို ဖော်ဆောင်ရန်အတွက် စမတ်ဖုန်း၊ ကွန်ပျူတာနှင့် စာအုပ်စာတမ်းများ လိုအပ်ပါသည်။ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရသည့် မိသားစုများအဖို့ အဆိုပါပစ္စည်းများက ဇိမ်ခံပစ္စည်းများ ဖြစ်နေသည်။

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သော စာသင်ကျောင်းလိုနေရာမျိုးကိုပင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကြားနေသော ကလေးငယ်များ အသက်ဆုံးရှုံးနေရသည့် ကိစ္စများကိုလည်း မေ့ထား၍မရပါ။ ထို့ကြောင့်လည်း ဗုံးခိုကျင်းလိုနေရာမျိုးတွင် ကလေးများပညာသင်နေရပါသည်။

ထို့ကြောင့် အမိုးအကာနှင့် စာသင်ခုံရှိသော “စာသင်ခန်း” ပင် မသေချာနိုင်သေးသော အခြေအနေတွင် စာသင်ခန်းထက်မြင့်သော ပညာရေးစနစ်ကို တည်ဆောက်ရန်ဆိုသည်မှာ မြေပြင်တွင် လုံးဝမဖြစ်နိုင်သေးသည့် ကိစ္စဖြစ်သည်။ ခဲတံတချောင်း၊ ဗလာစာအုပ်တအုပ်ဖြင့် ဆရာမတဦး၏ ရှေ့တွင် စုဝေးထိုင်ရသည့် “စာသင်ခန်း” သည်သာ ယနေ့ မြေပြင်က ကလေးငယ်များအတွက် တခုတည်းသော လက်တွေ့ကျသည့် ပညာရေးပြတင်းပေါက် ဖြစ်နေဆဲဖြစ်သည်။

စိတ်ပညာနှင့် စာသင်ခန်း၏အခန်းကဏ္ဍ

စာသင်ခန်းဆိုသည်မှာ စာသင်သည့်နေရာသက်သက်မဟုတ်ဘဲ ကလေးငယ်များ၏ လူမှုအဖွဲ့အစည်း တည်ဆောက်မှု၊ စရိုက်လက္ခဏာဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဇုန်တခုလည်း ဖြစ်နေပြန်ပါသည်။

ဗုံးကြဲမှု၊ စစ်ကြောင်းထိုးမှု စသည့် နေ့စဉ်ကြောက်ရွံ့မှုများကြား ရှင်သန်နေရသည့် တော်လှန်ရေးဒေသက ကလေးငယ်များအတွက် ကျောင်းတက်ခြင်း၊ စာသင်ခန်းထဲတွင် သူငယ်ချင်းများနှင့် ဆုံတွေ့ခြင်းသည် စိတ်ဒဏ်ရာကို ခေတ္တမေ့လျော့စေသည့် ကုထုံးတခုဖြစ်သည်။ အကယ်၍သာ “စာသင်ခန်း” ကို ဖြိုချလိုက်ပါက ၎င်းတို့၏ အပြန်အလှန်ဆက်ဆံရေးဝန်းကျင်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။

မိဘများအနေဖြင့်လည်း မိမိတို့ကလေးအား ကျောင်းပို့လိုက်ခြင်းဖြင့် စနစ်တကျရှိသွားသည်၊ တခုခုကို သင်ယူနေသည်ဟူသော စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ရရှိစေပါသည်။ စနစ်တခု၊ အတန်းတခု သတ်သတ်မှတ်မှတ်မရှိဘဲ လွတ်လပ်စွာသင်ယူပါဟူသော လမ်းညွှန်ချက်သည် မိဘများကို ပိုမိုရှုပ်ထွေးစေပြီး သားသမီးများ လမ်းပျောက်သွားမည်ကို ပိုမိုစိုးရိမ်စေသည်။

ပညာရေး၏ အမြင့်ဆုံးတာဝန်သည် လွတ်လပ်သော အတွေးအခေါ် မွေးဖွားရန်ဖြစ်သော်လည်း အခြေခံအဆင့်တွင်မူ ကလေးငယ်များ စနစ်တကျကြီးပြင်းလာရန်အတွက် စည်းကမ်းနှင့်ဝန်းကျင်ကို ဖန်တီးပေးရမည်သာ ဖြစ်သည်။ ထိုဝန်းကျင်ကိုလည်း “စာသင်ခန်း” အခြေပြုစနစ်ကသာ အထိရောက်ဆုံး ပံ့ပိုးပေးနိုင်ပါသည်။

နိဂုံး

မြန်မာနိုင်ငံတွင် စာသင်ကျောင်းဟူသည် သင်ယူရာနေရာတခုသာ မဟုတ်ပေ။ ဆရာနှင့် တွေ့ဆုံနိုင်သော နေရာဖြစ်သည်။ သူငယ်ချင်းများနှင့် အတူတကွ သင်ယူနိုင်သော နေရာဖြစ်သည်။ စာအုပ်များကို လက်လှမ်းမီနိုင်သော နေရာဖြစ်သည်။ အချို့ဒေသများတွင်တော့ စာသင်ကျောင်းသည် ကလေးများအတွက် အလုံခြုံဆုံးသော နေရာပင် ဖြစ်နေတတ်ပါသည်။

စာသင်ခန်းများ များပြားခြင်းတခုတည်းက ပညာရေးအရည်အသွေးကို အာမခံမပေးနိုင်သည်က မှန်ပါသည်။ သို့သော် စာသင်ခန်းများမရှိဘဲ ပညာရေးအရည်အသွေးမြင့်မားလာနိုင်မည်ဟုလည်း မပြောနိုင်ပေ။

ဖင်လန်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် စင်ကာပူကဲ့သို့သော ပညာရေးကဏ္ဍတွင် အောင်မြင်နေသည့် နိုင်ငံများသည်ပင် စာသင်ခန်းများကို ဖျက်သိမ်းခဲ့ကြသည် မဟုတ်ပေ။ ၎င်းတို့သည် အရည်အသွေးမြင့် စာသင်ခန်းများ၊ အရည်အချင်းပြည့်မီသော ဆရာများ၊ ခေတ်မီသင်ကြားရေးစနစ်များနှင့် နည်းပညာအခြေပြုသင်ယူမှုများကို ပေါင်းစပ်တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ပြဿနာက စာသင်ခန်းများ တည်ရှိနေခြင်းမဟုတ်ပေ။ ပြဿနာမှာ စာသင်ခန်းကို အလွတ်ကျက်ပညာရေး၊ အမိန့်နာခံပညာရေးနှင့် ဝေဖန်စဉ်းစားမှုမရှိသော ပညာရေးအဖြစ် အသုံးပြုနေခြင်းသာဖြစ်သည်။

ဖြိုချရမည့်အရာမှာ စာသင်ခန်းမဟုတ်။ စာသင်ခန်းကို ထောင်အဖြစ် ပြောင်းလဲထားသော အတွေးအခေါ်များ ဖြစ်သည်။ ပြောင်းလဲရမည့်အရာမှာ ကျောင်းမဟုတ်။ ကျောင်းတွင်း ပညာသင်ကြားရေးနည်းလမ်းများ ဖြစ်သည်။

တည်ဆောက်ရမည့်အရာမှာ အွန်လိုင်းသင်ယူမှုတမျိုးတည်း မဟုတ်။ လူတိုင်းလက်လှမ်းမီနိုင်သော ကျောင်းများ၊ စာကြည့်တိုက်များ၊ ဆရာများ၊ ဒစ်ဂျစ်တယ်နည်းပညာများနှင့် သင်ယူမှုကွန်ရက်များကို အတူတကွတည်ဆောက်ရမည် ဖြစ်သည်။

ပညာရေး၏ အနာဂတ်သည် စာသင်ခန်းကို ပယ်ဖျက်ခြင်းဖြင့် ရောက်လာမည် မဟုတ်ပေ။ စာသင်ခန်း၊ လူထုအခြေပြုသင်ယူမှုနှင့် နည်းပညာအခြေပြု သင်ယူမှုတို့ ပေါင်းစပ်ထားသော စနစ်တခု တည်ဆောက်နိုင်မှသာ ရောက်လာမည် ဖြစ်သည်။

ထို့ကြောင့် “စာသင်ခန်းတွေ ဖြိုချကြ” ဟု ကြွေးကြော်နေခြင်းထက် “စာသင်ခန်းတွေကို လွတ်လပ်စွာ တွေးခေါ်သင်ယူနိုင်သော နေရာများအဖြစ် ပြောင်းလဲကြ” ဟု ဆိုခြင်းက ပိုမိုလက်တွေ့ကျပြီး တည်ဆောက်ရေးဆန်သော ချဉ်းကပ်မှုလည်းဖြစ်မည်ဟု ယူဆမိသည်။

အဘယ်ကြောင့်ဆိုသော် သင်ယူမှုနှင့် စာသင်ခန်းသည် ရွေးချယ်ရမည့်အရာနှစ်ခုမဟုတ်ဘဲ အပြန်အလှန်ဖြည့်ဆည်းပေးရမည့် အရာနှစ်ခုဖြစ်သောကြောင့်တည်း။

]]>
၃၇ မင်းကစတဲ့ ဇာတ်လမ်း https://burma.irrawaddy.com/article/2025/01/27/396285.html Mon, 27 Jan 2025 01:30:41 +0000 https://burma.irrawaddy.com/?p=396285 မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၏ အဓိကဇာတ်ဆောင်အဖြစ် ရပ်တည်နေသည့်အပြင် စစ်ဘုရင်များ၊ လက်နက်ရောင်းဝယ်ဖောက်ကားသူများ၊ လူကုန်ကူးသူများ၊ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် နိုင်ငံတကာ တရားရုံးများက အလိုရှိနေသော စစ်ဗိုလ်ချုပ်ကြီးများ နေထိုင်ကျက်စားရာ ကစားကွင်းတကွင်းအဖြစ် အသွင် ပြောင်းသွား ခဲ့သည်။]]>

“မင်းတို့မြို့က ဒလန်မြို့ပါကွာ” ဟု တခြားမြို့ရွာများသို့ ပြောင်းရွှေ့သွားကြသော ကျနော့်သူငယ်ချင်းများက ကျနော့်ကို ပြောလေ့ရှိကြသည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း “ဒလန်” ဟူသောစကားလုံး တကျော့ပြန် ခေတ်စား လာခဲ့သည်။

“ဒလန်” သည် စင်စစ်တော့ မြန်မာ့ရင်းမြစ် မဟုတ်။ ဟိန္ဒီရင်းမြစ်ဖြစ်သည်ဟု ခရီးဆောင်မြန်မာအဘိဓာန်တွင် ဆိုထား သည်။ ဟိန္ဒီအနေဖြင့်လည်း “ဒလန်” ဟူ၍သာခေါ်ဆိုပြီး မြန်မာအက္ခရာဖြင့်အသံဖလှယ်ကာ စာရေးရာတွင် “ဒလာလ်” ဟူ၍ ရေး လေ့ရှိသည်ဟု သိရသည်။ “ဒလန်” ၏အနက်က “တစုံတယောက်၏အကျိုးအတွက် အခြားသူကိုလှည့်ဖြား ၍ ဆောင် ရွက်ပေးသူ” ဟူ၏။ သို့သော် မြန်မာနိုင်ငံတွင်မူ “ဒလန်” ဟူသောစကားလုံးကို “သတင်းပေး” ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြသည်။

ဒလန်မြို့တဲ့လား

ကျနော့်မြို့အား “ဒလန်မြို့” ဟု အဘယ်ကြောင့် ခေါ်ဆိုနေကြသနည်း စဉ်းစားကြည့်ရာ မြန်မာစစ်တပ်၏ လေတပ်စခန်း ဌာနချုပ်ရှိသလို တပ်ရင်းတပ်ဖွဲ့ များပြားလွန်းခြင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ကဲ့သို့ အဖွဲ့များပြားခြင်း၊ ထစ်ခနဲ ဆိုပါက စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံများထံသို့ သတင်းပေးသူ များပြားလွန်းခြင်းကြောင့်ဖြစ်မည် ကျနော် ကိုယ်တိုင်လည်း သတင်းပေးများကြောင့် ပြည်ပသို့ ထွက်ပြေးခဲ့ရသည် မဟုတ်ပါလော။

“ဒလန်မြို့” ဟု တခြားမြို့ရွာများတွင် နေထိုင်ကြသည့် ကျနော့်သူငယ်ချင်းများ ရည်ညွှန်းသော ကျနော့် ဇာတိမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃,၁၆၆ ပေမြင့်သော ရှမ်းပြည်နယ်တောင်ပိုင်းရှိ နမ့်စန်မြို့ ဖြစ်ပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ နမ့်စန်မြို့ကို ရံဖန်ရံခါ ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းရှိ နမ့်စန်မြို့ဟုလည်း ရည်ညွှန်းတတ် ကြပါသေး သည်။ ထို့ပြင် ရှမ်းပြည်မြောက်ပိုင်းတွင်လည်း နောက်ထပ် နမ့်ဆန်မြို့တမြို့ ရှိနေသည်။

နမ့်စန်မြို့လယ် (ဧရာဝတီ)

ယင်းနမ့်ဆန်မြို့ကိုတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ လူအများအနေဖြင့် နမ့်စန်နှင့် နမ့်ဆန်ကို မကြာခဏဆိုသလို မှားယွင်းလေ့ရှိတတ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်းရှိနမ့်စန်မြို့ကနေ အရှေ့တောင်ဘက်သို့ ဆက်သွားပါက ရှမ်းပြည်အညာဟု တင်စားခေါ်ဝေါ် လေ့ရှိကြသော လင်းခေးမြို့ကို ရောက်ရှိမည်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၉၉၆ ပေမြင့်သော လင်းခေးမြို့ သည် တေးသံရှင် စိုင်းထီးဆိုင်၏ ဇာတိမြို့လည်းဖြစ်ပေသည်။ ရှမ်းနှစ်သစ်ကူးပွဲတော် (ပီမိုင်တိုင်း) ကျင်းပလေ့ရှိခဲ့ သော အတိတ်တချိန်ကာလများတွင် စိုင်းထီးဆိုင်သည် ကျနော်တို့မြို့ကလေးသို့ တခါတရံ ရောက်လာလေ့ရှိပြီး သီချင်းများဖြင့် ဖျော်ဖြေတတ်သည်ကို ကျနော် မှတ်မိနေပါသေးသည်။

နတ်တော်လဆန်း ၁ ရက်သည် ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ်သစ်ကူးနေ့ဖြစ်သည်။ ၂၀၂၄ ခုနှစ်ကကျ ရောက်ခဲ့ သော နတ်တော်လဆန်း ၁ ရက်သည် ရှမ်းလူမျိုးတို့၏ ၂,၁၁၉ နှစ်မြောက်နေ့ဖြစ်ပြီး “မြွေ”နှစ်ကို ချဉ်းနင်းရောက်ရှိ လာသော နေ့လည်း ဖြစ်ပေသည်။ ခရစ်သက္ကရာဇ်အရဆိုလျှင်တော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက် ဖြစ်သည်။

ရှမ်းနှစ်သစ်ကူးနေ့ကို သက်ကြီးရွယ်အိုများအား ဂါရဝပြုခြင်း၊ ရှမ်းသူရဲကောင်းများကို ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း၊ ဂီတ, စာပေ နှင့် အနုပညာရှင်များအား ဆုချီးမြှင့်ခြင်းနှင့် စီးပွားလာဘ်လာဘတိုးပွားအောင် ဆုတောင်းပေးခြင်း စသည့် အစဉ်အလာ များဖြင့် စည်စည်ကားကားကျင်းပလေ့ရှိခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းနှစ် သစ်ကူးပွဲတော်ကိုလည်း ပျော်ပျော်ရွှင်ရွှင် မကျင်းပနိုင်တော့။ စစ်မီးက တစ်နိုင်ငံလုံး ကူးစက်နေခဲ့ပြီ မဟုတ်ပါလော။

မူးယစ်ဆေးချန်ပီယံမြန်မာ

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင် အကြီးမားဆုံးဖြစ်လာသည်။ မြန်မာသည် လက်ရှိလည်း ကမ္ဘာပေါ်က ရာဇဝတ်ဂိုဏ်းများခိုလှုံရာ အကြီးမားဆုံးသော အသိုက်အမြုံတခုဖြစ်လာနေသည်ဟု ကမ္ဘာလုံး ဆိုင်ရာ ရာဇဝတ်မှုအညွှန်းကိန်း (Global Organized Crime Index) က ဖော်ပြထားပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၏ အဓိကဇာတ်ဆောင်အဖြစ် ရပ်တည်နေသည့်အပြင် စစ်ဘုရင်များ၊ လက်နက်ရောင်းဝယ်ဖောက်ကား သူများ၊ လူကုန်ကူးသူများ၊ မူးယစ်ဆေးဝါးဂိုဏ်းများနှင့် နိုင်ငံတကာတရားရုံးများက အလိုရှိနေသော စစ်ဗိုလ်ချုပ်ကြီး များ နေထိုင်ကျက်စားရာ ကစားကွင်းတကွင်းအဖြစ် အသွင် ပြောင်းသွားခဲ့သည်။

ဘိန်းထုတ်လုပ်မှုအပြင် မက်သာဖက်တမင်း၊ ကက်တမင်းအပြင် ဓာတုဗေဒနည်းဖြင့် ဖန်တီးထားသော ဖန်တနိုင်း ဆေးရည် အပါအဝင် အခြားဓာတုဆေးဝါးများထုတ်လုပ်သည့် အကြီးမားဆုံးနိုင်ငံ စာရင်းဝင် ဖြစ်လာခဲ့သည်။

၂၀၁၉ ခုနှစ်က နမ့်စန်မြို့တွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲတော် (ဧရာဝတီ)

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ကျပ်ငွေ ၁၄ ဘီလီယံတန်ကြေးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့သည်ဟု စစ်ကောင်စီအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းတို့အနက် ဒီဇင်ဘာ ၂၀ ရက် ပဲခူးမြို့တွင် ဖမ်းဆီးရမိခဲ့သော စိတ်ကြွဆေးပြားပမာဏက ၅ သန်းရှိပြီး ဒီဇင်ဘာလတလအတွင်း စံချိန်တင်ဖမ်းဆီးရမိခဲ့သော ပမာဏလည်းဖြစ်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများအား “ဒလန်မြို့” ဟု ကျနော့်သူငယ်ချင်းများက တံဆိပ်ကပ်ခဲ့သော နမ့်စန်မြို့မှ သယ်ဆောင် လာခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့ကနေတဆင့် ရန်ကုန်၊ ရခိုင်နှင့် ကရင်ပြည်နယ်တို့တွင်ဖြန့်ဖြူးရန် ဖြစ်သည်ဟု ဖမ်းဆီးခံခဲ့ရသူ များ ထွက်ဆိုခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။ ယင်းပြင် ဒီဇင်ဘာ ၆ ရက်က မန္တလေးမြို့တွင် ကျပ်ငွေ တန်ဖိုး ၉ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၁ သိန်းနှင့် ဘိန်းဖြူ ၇၇၀ ဂရမ်၊ မန္တလေးမြို့ကပဲ ဒီဇင်ဘာလ ၁၇ ရက်တွင် ကျပ်ငွေတန်ဖိုး ၂ ဘီလီယံတန်ကြေးရှိ မူးယစ်ဆေးဝါးများ၊ ဒီဇင်ဘာလ ၃ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း ကို တင်ပို့မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ကို ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရွာငံမြို့၌ အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ကဖင်း ၁ တန်နှင့် အခြားသော ဓာတုပစ္စည်းများ ရောစပ်ပါက စိတ်ကြွဆေးပြား ၁၄ သန်းကျော် ထုတ်လုပ်နိုင်သည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများက ထောက်ပြပြောဆိုထားသည်။ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နယ်စပ်ဒေသများမှ တရားမဝင်တင်သွင်းခဲ့သော ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂၄ တန်ကျော် ဖမ်းဆီးထား နိုင်ခဲ့ပြီး အဆိုပါပမာဏသည် စိတ်ကြွဆေးပြား ၃၃၆ သန်း ကျော် ထုတ်လုပ်နိုင်သောပမာဏဖြစ်သည်ဟု မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC- Myanmar) ၏ထုတ်ပြန်ချက်အရ သိရသည်။

၃၇ မင်း မကတဲ့ နတ်တွေ

ရှမ်းတောင်အခြေစိုက် MTA အသွင်ပြောင်း မတ်ကျန်းပြည်သူ့စစ်တပ်ဖွဲများ၏ စစ်သင်တန်းဆင်းပွဲ (PCT)

မြန်မာနိုင်ငံတွင် ၃၇ မင်းနတ်များကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်လာခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်သည်။ ယင်းနတ် များအနက် အင်းဝမင်းတပါး၏ သားတော် မောင်မင်းဖြူနတ်သည် ဘိန်းဘင်းအရက်ကြူး၍ သေသည်ဟု အမျိုးသား ပညာဝန် ဦးဖိုးကျားရေးသည့် ၃၇မင်း နတ်များအကြောင်း စာအုပ်ကဆိုသည်။ အဆိုပါ ဇာတ်လမ်းကို လေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် ဘိန်းကို မည်သည့်အချိန်ကစ၍ သုံးစွဲကာ မည်မျှအထိ နက်ရှိုင်းခဲ့သနည်း ဆိုသည်ကို အလွယ်တကူ ခြေရာခံနိုင်ပါသည်။ အဆိုပါ ဇာတ်လမ်းပေါ် ပေါက်ပြီး နှစ်ပေါင်း ၅၀၀ ကျော်အကြာ ယနေ့ခေတ် မြန်မာနိုင်ငံသည် ဘိန်း၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးကို ကမ္ဘာပေါ်တွင် အကြီးဆုံးသော ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

“ဒလန်မြို့” ဟု ကင်ပွန်းတပ်ခံရသော ကျနော့်ဇာတိမြို့ကလေးမှာတော့ နတ်မင်းက ၃၇ မင်း မကပါ။ နအဖ စစ်အစိုးရ လက်ထက် ခွန်ဆာငြိမ်းချမ်းရေးယူခဲ့သည့် ၁၉၉၆ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း၌ မဟာဂျာ၊ နားရိုင်း၊ မတ်ကျန်း စသည့် ပြည်သူ့စစ်အဖွဲ့များပေါ်ပေါက်လာခဲ့ပြီး ဒေသကိုလည်း ၎င်းတို့ကပင် ကြီးစိုးထားနိုင်ခဲ့ကြသည်။

၎င်းတို့ မြို့ပေါ်မရောက်လာသေးခင်က ယာမ (ယာဘ) သည်လည်း ကျနော်တို့မြို့တွင် ခေတ်မစားသေးပေ။ ကျနော် အလယ်တန်း တက်ရောက်ခဲ့သည့်ခုနှစ်များသည် ထိုကာလဝန်းကျင်တဝိုက်ဖြစ်ပြီး လူငယ်များအတွက် စမ်းသပ်စရာ ဆိုသည်က ဆေးခြောက်နှင့် ဒိုင်ယာဇီပင်န်လောက်သာ ရှိခဲ့ပါသည်။

လက်နက်မချဘဲ ငြိမ်းချမ်းရေးရယူခဲ့ကြသည့် ၎င်းတို့ကြီးစိုးချိန်ကစ၍ ယနေ့အထိ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် လောင်းကစားပေါင်းစုံ ကျနော်တို့ဒေသအား လွှမ်းမိုး ကြီးစိုးသွားခဲ့တော့သည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းတွင်လည်း အဆိုပါအဖွဲ့အစည်းများသည် စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးလျက်ရှိသလို ၎င်းတို့တပ်ဖွဲ့များထံ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ရန်ကိုလည်း လူထုအား ဖိအားပေးလျက်ရှိသည်။

ကျနော့်သူငယ်ချင်းများ ရည်ညွှန်းခဲ့ကြသော “မင်းတို့မြို့က ဒလန်မြို့ပါကွာ” ဆိုသည်က မြို့နေလူထုအား ရည်ညွှန်းခြင်း ထက် စစ်ဘုရင်ဝါဒ ထူထောင်ကာ ပြည်ဖျက်နေကြသည့် မဟာဂျာ- SSS ကဲ့သို့သော ပြည်သူ့စစ်အဖွဲ့ များအား ရည်ညွှန်းခြင်းသာ ဖြစ်ပါတော့သည်။ ။

သူတို့က တခြားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နယ်ခြားစောင့်တပ်များ၊ ဌာနေပြည်သူ့စစ်များကဲ့သို့ နိုင်ငံရေး ဇတ်ခုံပေါ်တွင် ထင်ထင်ရှားရှား ဝင်ရောက်လာခြင်း မရှိဘဲ ရှမ်းကုန်မြေမြင့် တနေရာ၌ နယ်စားပယ်စားများအဖြစ် ငြိမ်သက်စွာ အသုံးတော်ခံနေသူများဖြစ်ရာ သူတို့၏ အကြောင်းကို ရှေ့တွင် ဆက်လက်ဖော်ပြပေးဦးမည်ဖြစ်သည်။

ဘုန်းမောင်သည် အလွတ်တန်း သတင်းသမား တဦးဖြစ်သည်။

You may also like these stories:

မြန်မာ မူးယစ်ဆေးထုတ်လုပ်မှု မြင့်တက်နေ

ပြည်တွင်းစစ်ကြား မြန်မာ မူးယစ်ဆေး ထုတ်လုပ်မှု မြင့်တက်

ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်

ကုလသမဂ္ဂကြောင့် မြန်မာ့မူးယစ်ဆေးပြဿနာ ပိုမိုဆိုးရွားနေသလား

အာရှ၏ မူးယစ်ရာဇာနောက် ခြေရာခံလိုက်ခြင်း

]]>