Rosalia Sciortino, Author at ဧရာဝတီ https://burma.irrawaddy.com/author/rosalia Covering Burma and Southeast Asia Fri, 22 May 2026 02:57:20 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Rosalia Sciortino, Author at ဧရာဝတီ https://burma.irrawaddy.com/author/rosalia 32 32 ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကို ဂုဏ်ပြုထားသည့် “အတူတကွ တည်ဆောက်စို့” နံရံဆေးရေးပန်းချီ https://burma.irrawaddy.com/article/2026/05/22/413469.html Fri, 22 May 2026 02:57:20 +0000 https://burma.irrawaddy.com/?p=413469 တခါတရံတွင် ရဲရင့်သော စိတ်ကူးစိတ်သန်းများသည် အစပိုင်း၌ ကြောင်တောင်တောင် အရူးအပေါ ဆန်လှသည်ဟု ထင်ရတတ်သည်။ ]]>

တခါတရံတွင် ရဲရင့်သော စိတ်ကူးစိတ်သန်းများသည် အစပိုင်း၌ ကြောင်တောင်တောင် အရူးအပေါ ဆန်လှသည်ဟု ထင်ရတတ်သည်။ ပဲရစ်မြို့တွင် အခြေစိုက်ပြီး လူသိများသည့် မြန်မာအနုပညာရှင် ချူးဝေက ဘန်ကောက်မြို့တွင် နံရံဆေးရေးပန်းချီတခု အတူတကွ ပူးပေါင်းဖန်တီးရန် မျှော်လင့်မထားသော အဆိုပြုချက်ဖြင့် ကျွန်ုပ်ထံ ဖုန်းဆက်လာချိန်တွင် ကျွန်ုပ်၏ ပထမဆုံး တုံ့ပြန်မှုမှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ SEA Junction အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဘန်ကောက်နှင့် ချင်းမိုင်မြို့တို့တွင် ချူးဝေနှင့်အတူ အနုပညာပြပွဲ သုံးပွဲ တူတူလုပ်ဆောင်ဖူးပြီး သူမ၏ အနုပညာအမြင်ကို လေးစားတန်ဖိုးထားခဲ့သည်။ သို့သော် နံရံဆေးရေးပန်းချီ ဆိုသည်မှာမူ ကျွန်ုပ်တို့အတွက် မရောက်ဖူးသေးသည့် နယ်ပယ်သစ်တခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ယခင်က ယခုကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး ရည်မှန်းချက်ကြီးမားလှသည့် အရာမျိုးကို တခါမျှ မစွန့်စားဖူးခဲ့ပေ။ အမြင့် ၁၀ မီတာနှင့် အနံ ၁၂ မီတာရှိသည့် နံရံ၏ ပမာဏကြီးမားမှုတခုတည်းနှင့်တင် အတော်လေး ကြောက်ခမန်းလိလိ ဖြစ်စေခဲ့သည်။

ယခုနံရံဆေးရေးပန်းချီသည် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံသားများကို သရုပ်ဖော်ထားခြင်းဖြစ်ပြီး၊ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ တည်ရှိမှုကို ဂုဏ်ပြုရင်း ထိုင်းပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများသည် တူညီသော အလုပ်သမားဘဝ၊ ယဉ်ကျေးမှုနှင့် နေ့စဉ်ဘဝ အတွေ့အကြုံများဖြင့် ဆက်နွယ်နေသည့် အိမ်နီးနားချင်းများ ဖြစ်ကြကြောင်း အတည်ပြုလျက်၊ ကွဲပြားခြားနားမှုများ ရှိနေလင့်ကစား အချင်းချင်း ဖေးမစောင့်ရှောက်ကြရန် သတိပေးနှိုးဆော်ထားခြင်း ဖြစ်သည်။ ယင်းသည် သွေးခွဲမှုဆိုင်ရာ ဇာတ်ကြောင်းများကို ငြိမ်းချမ်းရေးဆိုင်ရာ သတင်းစကားနှင့် အပြန်အလှန် မှီခိုအားထားမှုများအဖြစ် ပြောင်းလဲပေးသည့် မျှော်လင့်ချက်အပြည့်ရှိသော သတင်းစကားတခုဖြစ်ပြီး SEA Junction အနေဖြင့် လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့သည့် အမြင်တခု ဖြစ်သည်။

Together We Build နံရံဆေးရေးပန်းချီ ရေးဆွဲနေဆဲကာလ / ရိုဆာလီယာ ရှော့တီနို

အရှေ့တောင်အာရှ၏ အဓိက ရွှေ့ပြောင်းအခြေချရာ ဗဟိုချက်တခုဖြစ်သည့် ထိုင်းနိုင်ငံသည် အဓိကအားဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် အထူးသဖြင့် မြန်မာနိုင်ငံတို့မှ လုပ်သားအင်အားကို ဆွဲဆောင်ထားခြင်းဖြစ်ရာ၊ ရွှေ့ပြောင်းသွားလာခြင်းသည် ထိုင်းနိုင်ငံ၏ လူမှုအဆောက်အအုံအတွင်းသို့ ရောယှက်စီးဆင်းလျက် ရှိသည်။ ရွှေ့ပြောင်းလုပ်သားများသည် အဓိက စီးပွားရေးကဏ္ဍအားလုံး၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် လက်လီရောင်းဝယ်ရေးကဲ့သို့သော လုပ်အားအသုံးများသည့် လုပ်ငန်းများတွင် လိုအပ်နေသော လုပ်သားကွာဟချက်ကို ဖြည့်ဆည်းပေးနေကြသည်။ ထိုင်းနိုင်ငံ၏ လူဦးရေဖွဲ့စည်းပုံ အပြောင်းအလဲနှင့် ဒေသတွင်း၌ ဆက်လက်ဖြစ်ပွားနေသော စီးပွားရေး၊ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဒေသခံလူထုနှင့် ဒေသတွင်းစီးပွားရေးကို ထိန်းကျောင်းရာတွင် ၎င်းတို့၏ အခန်းကဏ္ဍသည် ပိုမိုကြီးမားလာရန်သာ ရှိသည်။ သို့သော်လည်း ပိုမိုကောင်းမွန်သော လူနေမှုဘဝ သို့မဟုတ် ပဋိပက္ခများမှ ဘေးကင်းလုံခြုံမှုကို ရှာဖွေရန် မိမိတို့၏ နေရပ်စွန့်ခွာလာခဲ့ကြသူများ၏ အသံများကိုမူ မကြာခဏဆိုသလို မကြားရဘဲ ရှိနေတတ်ပြီး ၎င်းတို့၏ အတွေ့အကြုံများသည်လည်း လူမသိသူမရှိ ကွယ်ပျောက်နေတတ်သည်။

ဝိုင်းဝန်းစုပေါင်း ပန်းချီဆွဲနေကြသည့် လုပ်ငန်းစဉ် / သော်ဇင်ပိုင်

၎င်းတို့၏ ဇာတ်ကြောင်းများကို လူထုအများပြည်သူဆိုင်ရာ နေရာတခုတွင် ထုတ်ဖော်ပြသခြင်းဖြင့် ယခုနံရံဆေးရေးပန်းချီသည် ၎င်းတို့၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ သိက္ခာတရားနှင့် လူ့အဖွဲ့အစည်းများကို ပုံဖော်ရာတွင် မရှိမဖြစ်လိုအပ်သော ၎င်းတို့၏ အခန်းကဏ္ဍကို အတည်ပြုပေးမည် ဖြစ်သည်။ ယင်းပန်းချီကို ဘန်ကောက်မြို့၏ အတက်ကြွဆုံးနှင့် အချမ်းသာဆုံး လူတန်းစားမျိုးစုံ နေထိုင်ရာ ရပ်ကွက်တခုဖြစ်သည့် ထောင်လော် (Thonglor) တွင် ထားရှိခြင်းက ယခုထုတ်ဖော်ချက်ကို ပိုမိုလေးနက်စေမည် ဖြစ်သည်။ စွန့်ပစ်လမ်းတို (dead-end street) တခု၏ ထောင့်စွန်းဖြစ်သော ဆွိုင် ၉ နှင့် ၁၁ ကြားတွင် တည်ရှိပြီး လမ်းမကြီးပေါ်မှ အထင်အရှား မြင်တွေ့နိုင်သည့် အဆိုပါနံရံကို Thonglor House ဘား (Bar) က နှစ်နှစ်တာကာလအတွက် ရက်ရက်ရောရော ပံ့ပိုးပေးခဲ့သည်။ ယင်းသည် နေ့စဉ် လမ်းလျှောက်သွားလာသူများ သို့မဟုတ် မော်တော်ယာဉ်ဖြင့် ဖြတ်သန်းသွားလာသူများ၊ အထူးသဖြင့် ယခုလမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကြုံတွေ့ရချိန်၌ ယင်းသတင်းစကားကို နေ့စဉ်မြင်တွေ့နိုင်ပြီး စိတ်ထဲတွင် စွဲထင်သွားစေရန် အချိန်အလုံအလောက် ရရှိစေမည် ဖြစ်သည်။

စမုစခွန် (မဟာချိုင်) ရှိ ရွှေ့ပြောင်းလုပ်သားများ၏ ဓာတ်ပုံ / စာယန် ချွန်အူဒွန်ဆာဗတ်

အသေအချာ စဉ်းစားသုံးသပ်ပြီးနောက်၊ ကျွန်ုပ်တို့ ကျင်းပလေ့ရှိသည့် စကားဝိုင်းဆွေးနွေးပွဲများ၊ သုတေသနပြုမှုများ၊ ပြပွဲများနှင့် ရုပ်ရှင်ပြသမှုများကဲ့သို့သော အသားကျနေသည့် ပုံစံများမှ ခွဲထွက်ရမည်ဖြစ်သော်လည်း၊ ရွှေ့ပြောင်းလုပ်သားများ၏ သိက္ခာတရားအတွက် ပိုမိုဖန်တီးမှုရှိပြီး စိတ်လှုပ်ရှားဖွယ်ရာကောင်းသော နည်းလမ်းသစ်များဖြင့် လှုံ့ဆော်စည်းရုံးရန် စိတ်အားထက်သန်စွာ ဆုံးဖြတ်ခဲ့ကြသည်။ အနုပညာရှင်များနှင့် ရွှေ့ပြောင်းလုပ်သားကိုယ်တိုင် ပါဝင်ပတ်သက်စေသည့် ယခုပရောဂျက်၏ အားလုံးပါဝင်နိုင်သော ပုံစံကလည်း ကျွန်ုပ်တို့ကို ဆွဲဆောင်ခဲ့သည်။ ဘန်ကောက်မြို့တွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်နေကြသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများ၊ စမုစခွန် (မဟာချိုင်) ရှိ ရေလုပ်ငန်းကဏ္ဍတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့်အတူ ထိုင်းနှင့် ထိုင်းမဟုတ်သော ရွှေ့ပြောင်းနေထိုင်မှုအရေး စိတ်ဝင်စားသူများ၊ အနုပညာရှင်များ စုစည်းကာ ဝေါ့ခ်ရှော့ (Workshop) လေးကြိမ် ပြုလုပ်ပြီးနောက် ယခုဒီဇိုင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံအား နံရံဆေးရေးပန်းချီအဖြစ် ပြောင်းလဲပုံဖော်ထားစဉ် / ရိုဆာလီယာ ရှော့တီနို

အဓိက အကြောင်းအရာ သုံးခု ပေါ်ထွက်လာခဲ့သည်။ ရွှေ့ပြောင်းလုပ်သားများ၏ အဖြစ်ချင်ဆုံး ဆန္ဒမှာ အများပြည်သူက ၎င်းတို့နှင့် ထပ်တူ ခံစားပေးကြရန်ဖြစ်သည်။ ၎င်းတို့၏ ဘဝများနှင့် မိသားစုများအကြောင်း လေ့လာရန်၊ ၎င်းတို့၏ ပင်ပန်းကြီးစွာ လုပ်ကိုင်ရမှုကို အသိအမှတ်ပြုရန်၊ ၎င်းတို့လုပ်ဆောင်ရသည့် အလုပ်အပေါ် ဂုဏ်ယူမှုကို နားလည်ပေးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ဝင်ဆံ့နိုင်ရန် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုပေးရန် တို့ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အချင်းချင်းကြားနှင့် ထိုင်းအလုပ်သမားများနှင့်ပါ တသားတည်းရှိမှု၊ အချင်းချင်း ဖေးမကူညီခြင်းက ၎င်းတို့ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို မည်သို့ ကျော်ဖြတ်စေခဲ့ကြောင်းတို့ကိုလည်း ပြောပြခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့အနေဖြင့် တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန် ပိုမိုလွယ်ကူချောမွေ့စေမည့် ၎င်းတို့၏ တရားဝင်နေထိုင်ခွင့် အဆင့်အတန်း (Regularization status) ကို စနစ်တကျ ပြုလုပ်ပေးနိုင်ရန် မျှော်လင့်ချက်ကို ထုတ်ဖော်ခဲ့ကြသည်။

ယခုဆောင်းပါး ထုတ်ဝေသည့်အချိန်တွင် နံရံဆေးရေးပန်းချီသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုအခါ “Together We Build” (အတူတကွ တည်ဆောက်စို့) ဟု အမည်ပေးထားသည့် ယခုပန်းချီသည် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တခုမှတဆင့် ပုံပေါ်လာခဲ့ခြင်းဖြစ်ပြီး၊ အနုပညာရှင် ချူးဝေနှင့် သူမ၏ တွဲဖက်အနုပညာရှင်များဖြစ်ကြသည့် စိုင်းချစ်မင်း၊ ခန့်ဝင်းတို့၏ အနုပညာလမ်းညွှန်မှုအောက်တွင် နိုင်ငံစုံမှ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ရွှေ့ပြောင်းလုပ်သားများ၏ မျှော်မှန်းချက်များကို ပုံဆောင်ခိုင်းနှိုင်းမှုများဖြင့် ပုံဖော်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ၎င်းတို့၏ ရုပ်ပုံများနှင့် အမူအရာများကိုမူ လက်တွေ့ဘဝအတိုင်း မှန်ကန်စွာ ထိန်းသိမ်းထားခဲ့သည်။ အပိုင်းကဏ္ဍတစ်ခုချင်းစီအတွက် ရွှေ့ပြောင်းလုပ်သား တဦး သို့မဟုတ် တဦးထက်ပိုသောသူများကို ၎င်းတို့၏ ကိုယ်ပိုင်ဇာတ်ကြောင်းများမှ ရယူထားသည့် ကိုယ်ဟန်အမူအရာများအတိုင်း သရုပ်ဖော်ထားသည်။ လမ်းသွားလမ်းလာများအနေဖြင့် အဓိပ္ပာယ်ဖော်ဆောင်မှု အလွှာတိုင်းကို သဘောမပေါက်နိုင်သော်လည်း၊ ကျွန်ုပ်တို့ကြားတွင် အမှန်တကယ် တည်ရှိနေသည့် နံရံပေါ်က ရွှေ့ပြောင်းလုပ်သားများကိုမူ လွဲချော်သွားမည် မဟုတ်ပေ။

(Together We Build နံရံဆေးရေးပန်းချီသည် ဥရောပသမဂ္ဂ (EU) ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ၏ Ship to Shore Rights South East Asia နှင့် ပူးပေါင်းလုပ်ဆောင်သည့် SEA Junction ၏ ပရောဂျက်တခု ဖြစ်သည်။)

(စာရေးသူသည် ဘန်ကောက်မြို့ SEA Junction ၏ အမှုဆောင်ဒါရိုက်တာဖြစ်ပြီး၊ Rockefeller ဖောင်ဒေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဟောင်း တဦး ဖြစ်သည်။ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Together We Build: Mural Celebrates Migrants’ Presence in Thailand ဘာသာပြန်သည်။)

]]>