Scarlett, Author at ဧရာဝတီ https://burma.irrawaddy.com/author/scltt Covering Burma and Southeast Asia Thu, 17 Sep 2026 03:10:50 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Scarlett, Author at ဧရာဝတီ https://burma.irrawaddy.com/author/scltt 32 32 ပြောင်းလဲလာသော မျက်နှာသစ်များနှင့် ငွေကြေးသစ်များ https://burma.irrawaddy.com/opinion/viewpoint/2026/09/11/416176.html Fri, 11 Sep 2026 08:00:17 +0000 https://burma.irrawaddy.com/?p=416176 အရင်ကဆိုရင် လေဆိပ်မှာ သိတဲ့သူ တယောက်မဟုတ် တယောက်နဲ့ အမြဲဆုံနေကျ။ Business class ဖြစ်ဖြစ်၊ ရိုးရိုးတန်းဖြစ်ဖြစ် လုပ်ငန်းရှင်တွေ၊ အရာရှိတွေ၊ ပညာရှင်တွေ၊ မိသားစုတွေ ဒါမှမဟုတ် မိတ်ဆွေတွေကတဆင့် သိထားတဲ့သူတွေကို တွေ့ရတတ်တယ်။ ]]>

မကြာခင်ကမှ ထိုင်းနိုင်ငံက လေဆိပ်တွေမှာ ရန်ကုန်ပြန်မယ့် သူငယ်ချင်းတွေကို သွားပို့ရင်း ရောက်ခဲ့တယ်။

လေကြောင်းလိုင်းတွေရဲ့ check-in ကောင်တာနားမှာ စောင့်နေရင်း ရင်းနှီးတဲ့ မျက်နှာတွေကို လိုက်ရှာမိတယ်။ အဲဒီအချိန်မှာပဲ အရာတခုက ကျမကို သတိထားမိစေခဲ့တယ်။

ကျမ သိတဲ့သူ တယောက်မှ မတွေ့ရတော့တာပဲ။

Business class ကောင်တာတွေမှာ မြန်မာနိုင်ငံက ခရီးသည် အများကြီး ရှိနေပေမဲ့ တယောက်မှကို မမှတ်မိဘူး။

ဒါက အရေးမကြီးဘူးလို့ ထင်စရာ ရှိပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ တယောက်အနေနဲ့တော့ ဒါဟာ ပုံမှန်မဟုတ်သလို ခံစားရတယ်။

အရင်ကဆိုရင် လေဆိပ်မှာ သိတဲ့သူ တယောက်မဟုတ် တယောက်နဲ့ အမြဲဆုံနေကျ။ Business class ဖြစ်ဖြစ်၊ ရိုးရိုးတန်းဖြစ်ဖြစ် လုပ်ငန်းရှင်တွေ၊ အရာရှိတွေ၊ ပညာရှင်တွေ၊ မိသားစုတွေ ဒါမှမဟုတ် မိတ်ဆွေတွေကတဆင့် သိထားတဲ့သူတွေကို တွေ့ရတတ်တယ်။

ဒီတခေါက်တော့ လုံးဝ မတူတော့ဘူး။

သက်တောင့်သက်သာ သွားလာနိုင်ကြတဲ့ ခရီးသည်တွေ အများကြီး ရှိနေပေမဲ့ မျက်နှာတွေကတော့ သစ်လွန်းနေကြတယ်။

ဒါက ကျမကို “ဒီမျက်နှာသစ်တွေက ဘယ်သူတွေလဲ၊ ဘာတွေ ပြောင်းလဲသွားတာလဲ” လို့ တွေးမိစေခဲ့တယ်။

ထိုင်းနိုင်ငံက အပန်းဖြေစရာ သက်သက် မဟုတ်တော့

ထင်ရှားတဲ့ အပြောင်းအလဲ တခုကတော့ မြန်မာနိုင်ငံက လူတွေ ထိုင်းကို အရင်ကထက် ပိုခဏခဏ သွားလာနေကြတာပဲ။

ဘန်ကောက်ဟာ အပန်းဖြေဖို့ သက်သက် မဟုတ်တော့ဘူး။ ဆေးကုဖို့၊ ပညာသင်ဖို့၊ စီးပွားရေးလုပ်ဖို့၊ အိမ်ခြံမြေဝယ်ဖို့၊ ဈေးဝယ်ဖို့ ဒါမှမဟုတ် ခဏတဖြုတ် ရှောင်ထွက်ဖို့ လာကြတယ်။ လူငယ်တွေဆိုရင်လည်း စစ်မှုထမ်းရမယ့် ဘေးနဲ့ မရေရာတဲ့ အနာဂတ်ကနေ လွတ်ဖို့ မြန်မာနိုင်ငံကနေ ထွက်လာကြတယ်။

တတ်နိုင်တဲ့သူတွေအတွက်တော့ ရန်ကုန်နဲ့ ဘန်ကောက် ကူးသန်းနေရတာ ပုံမှန်လို ဖြစ်နေပြီ။

ဘာအကြောင်းနဲ့ပဲ ရောက်လာရောက်လာ တူညီတဲ့ အချက်တခုကတော့ အိမ်မပြန်ခင် ဈေး အကြီးအကျယ် ဝယ်ကြတာပဲ။

မြန်မာနိုင်ငံမှာ လွယ်လွယ်မရတဲ့ ပစ္စည်းတွေ၊ ဒါမှမဟုတ် ဈေးအလွန်ကြီးသွားပြီး ရဖို့ ခက်သွားတဲ့ ပစ္စည်းတွေကို ဝယ်ကြတယ်။ ဖုန်းတွေ၊ အီလက်ထရွန်နစ် ပစ္စည်းတွေ၊ မိတ်ကပ်တွေ၊ အဝတ်အထည်၊ ဆေးဝါး၊ စားသောက်ကုန်၊ တကိုယ်ရေသုံးနဲ့ အိမ်သုံးပစ္စည်းတွေနဲ့ ရန်ကုန်ပြန်မယ့် သေတ္တာတွေ ပြည့်နေတာပဲ။ ဆေးကုသရင်း ဒါမှမဟုတ် စီးပွားရေး ဆွေးနွေးရင်းနဲ့ပဲ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် လိုအပ်တာတွေ ဝယ်ပေးတဲ့ အခွင့်အရေး ဖြစ်သွားတတ်တယ်။

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်း ရှိတယ်။

မြန်မာနိုင်ငံထဲ ပစ္စည်းသွင်းဖို့ ပိုရှုပ်ထွေးလာတာ။ သွင်းကုန်လိုင်စင်ရဖို့ သိပ်ခက်လာတယ်။ နိုင်ငံခြားငွေ ကန့်သတ်ချက်တွေနဲ့ စည်းမျဉ်းတွေ ခဏခဏ ပြောင်းနေလို့ ပုံမှန် တင်သွင်းရတာ ပိုခက်လာတယ်။

ဒါပေမဲ့ ပစ္စည်းသွင်းရ ခက်အောင် လုပ်လိုက်ရုံနဲ့ လူတွေရဲ့ လိုအပ်ချက်က ရပ်မသွားဘူး။

ဝယ်လိုအားက ရှိနေတုန်းပဲ။ ရှားပါးမှုက အခွင့်အရေး ဖြစ်လာတယ်။

ဒါက ကုန်သည် အမျိုးအစားသစ် တခုကို ဖန်တီးလိုက်ပုံရတယ်။ သူတို့တွေက ကျမတို့ အရင်က သိခဲ့တဲ့ နာမည်ရပြီးသား သွင်းကုန်လုပ်ငန်းရှင်တွေ၊ ပုံမှန် စီးပွားရေးသမားတွေ မဟုတ်ကြဘူး။ ပါးနပ်တယ်၊ လိုက်လျောညီထွေ ရှိတယ်၊ ထိုင်းကနေ ပစ္စည်းရှာပြီး ပြည်တွင်း ဝယ်လိုအားကို ဖြည့်ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာကြတယ်။

အချို့ဆို ပုံမှန်မဟုတ်တဲ့ အခြေအနေတွေမှာ လိုက်လျောညီထွေ စီးပွားရှာတတ်တဲ့ ပါးနပ်တဲ့ လုပ်ငန်းရှင်တွေ ဖြစ်ကြတယ်။ ပုံမှန်ပစ္စည်းတွေ ရှာရခက်သွားချိန်မှာ အဲဒါတွေကို ရအောင် လုပ်ပေးနိုင်တာကကို စီးပွားရေး တခု ဖြစ်လာတာ။

ရှားပါးမှုဆိုတာ သူ့ဟာသူ စီးပွားရေးစနစ် တခုကို ဖန်တီးတာပဲ မဟုတ်လား။

ဒါပေမဲ့ ဒီလို စီးပွားရှာနည်း အသစ်မှာလည်း အခက်အခဲတွေ ရှိပါတယ်။ မြန်မာနိုင်ငံကို ပစ္စည်းသယ်ပြန်မယ့် ခရီးသည်တွေဟာ လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် အရာရှိတွေရဲ့ အစစ်အဆေးကို အပြင်းအထန် ရင်ဆိုင်ရလေ့ ရှိပြီး အရင်က ပုံမှန် ခရီးစဉ်တခု ဖြစ်ခဲ့တာကို အခုတော့ စိုးရိမ်စရာတွေ ထပ်ပေါင်းထည့်လိုက်သလို ဖြစ်နေတယ်။

ဒါဟာလည်း ဒီနေ့ လေဆိပ်မှာ ကျမ မတူကွဲပြားစွာ တွေ့မြင်ရတဲ့ အကြောင်းရင်း တခု ဖြစ်နိုင်တယ်။

ထိုင်းနိုင်ငံဟာ မြန်မာပြည်သူတွေ ခဏအလည်လာတဲ့ နေရာ မဟုတ်တော့ဘူး။ လူအများစုအတွက်တော့ နေထိုင်မှု၊ ဈေးဝယ်မှုနဲ့ စီးပွားရေး လုပ်ကိုင်မှုတွေရဲ့ အစိတ်အပိုင်း တခု ဖြစ်လာခဲ့ပြီ။

ဒါပေမဲ့ ဒါက ကျမ သတိထားမိသမျှ အရာအားလုံးကိုတော့ မရှင်းပြနိုင်သေးဘူး။

ငွေကြေးဟောင်းတွေ ငြိမ်သက်သွားခြင်း

မရင်းနှီးတဲ့ မျက်နှာတွေအကြောင်း သူငယ်ချင်းတွေကို မေးကြည့်တော့ ဆန့်ကျင်ဘက် ဖြစ်စဉ်တခု ဖြစ်နေတာကို အချို့က ထောက်ပြကြတယ်။ အရင်က မကြာခဏ တွေ့နေကျ ချမ်းသာသူတွေနဲ့ လူသိများသူ အချို့ဟာ ပိုငြိမ်သွားကြတယ်။ အပြင် သိပ်မထွက်တော့ဘူး။ လူမှုရေးပွဲတွေ သိပ်မတက်တော့ဘူး။ လူလုံး မပြတော့တာ သတိထားလာမိတယ်။

သူငယ်ချင်း တယောက်က “ငါ အရင်လို အပြင်မထွက်တော့ဘူး။ လိုအပ်မှပဲ ထွက်တော့တယ်” လို့ ရိုးရိုးလေး ပြောပြတယ်။

အဲဒီစကားက ကျမစိတ်ထဲ စွဲကျန်နေခဲ့တယ်။

အရင်က လူလုံးထွက်ပြဖို့ ဝန်မလေးခဲ့သူတွေက ဘာလို့ ရုတ်တရက် လူလုံးမပြချင်တော့တာလဲ။ အကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံဟာ ၂၀၂၁ မတိုင်မီကနဲ့ လုံးဝ မတူတော့ဘူး။ စီးပွားရေးက မတည်ငြိမ်ဘူး။ ကျပ်ငွေတန်ဖိုးတွေ အလုံးအရင်းနဲ့ ကျဆင်းသွားခဲ့ပြီ။ စီးပွားရေးလုပ်ငန်းတွေဟာ သတိပေးချက် မရဘဲ ချက်ချင်း ပြောင်းလဲနိုင်တဲ့ စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေနဲ့ ပစ္စည်းရှားပါးမှုတွေကို ရင်ဆိုင်နေရတယ်။ ပိတ်ဆို့အရေးယူမှုတွေက ရှုပ်ထွေးမှုတွေကို ပိုဖြစ်စေတယ်။ နိုင်ငံရေးနဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးတွေက အမြဲ စိုးရိမ်စရာ ဖြစ်နေတယ်။

ဒီလို သာမန်ပြည်သူတွေ ရုန်းကန်နေရချိန်မှာ ကြွယ်ဝမှုကို ထုတ်ကြွားဖို့ဆိုတာ စိတ်မသက်မသာ ဖြစ်စရာရှိပြီး အန္တရာယ်တောင် ရှိနိုင်တယ်။ အမည်ရပြီးသား သူဌေးတွေ ပျောက်သွားတာ မဟုတ်ဘဲ ဒီအချိန်ဟာ ငြိမ်ငြိမ်နေရမယ့်အချိန်လို့ သင်ခန်းစာယူလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ရင်းနှီးပြီးသား မျက်နှာတွေ လူမြင်ကွင်းက ဆုတ်ခွာသွားချိန်မှာ မရင်းနှီးတဲ့ မျက်နှာတွေ ထွက်ပေါ်လာတာပေါ့။

ငွေကြေးသစ်နဲ့ မျက်နှာသစ်များ

ဒါက လေဆိပ်မှာ ကျမ စ မေးခဲ့တဲ့ မေးခွန်းဆီ ပြန်ရောက်စေတယ်။ ငွေကြေးသစ်တွေက ဘယ်က ရောက်လာတာလဲ။

ကျမ ရှင်းရှင်းလေး ပြောချင်ပါတယ်။ အဲဒီကောင်တာတွေမှာ တွေ့ခဲ့တဲ့ လူတွေအကြောင်း ကျမ ဘာမှ မသိသလို၊ သူတို့ ငွေ ဘယ်လိုရှာလဲဆိုတာကိုလည်း တစိမ်းဆန်ဆန် စွပ်စွဲတာ မဟုတ်ပါဘူး။ Business class စီးတဲ့သူဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်၊ အရာရှိ၊ ပညာရှင် တယောက် ဖြစ်နိုင်သလို၊ ပိုသက်တောင့်သက်သာ ခရီးသွားချင်လို့ ငွေသုံးတဲ့သူလည်း ဖြစ်နိုင်တာပဲ။

ဒါပေမဲ့ အဲဒီ မရင်းနှီးတဲ့ မျက်နှာတွေက ပိုကြီးမားတဲ့ အရာတခုကို တွေးမိစေတယ်။ စီးပွားရေးစနစ် တခု ပြောင်းလဲသွားရင် အဲဒီထဲမှာ အောင်မြင်တဲ့သူတွေလည်း ပြောင်းသွားနိုင်တယ်။ ကန့်သတ်ချက်တွေက အခွင့်အရေး ဖြစ်လာတယ်။ ရှားပါးမှုတွေက ဈေးကွက် ဖြစ်လာတယ်။ ရှုပ်ထွေးတဲ့ စနစ်တွေကို ဘယ်လို ကျော်ရမလဲ သိတဲ့သူတွေက ပုံမှန်စီးပွားရေး လုပ်ငန်းတွေ ရုန်းကန်နေရချိန်မှာ အောင်မြင်သွားကြတယ်။ မြန်မာနိုင်ငံရဲ့ ချမ်းသာသူ အသစ်တွေဟာ ကွဲပြားသွားတဲ့ စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေ နေတတ်သွားတဲ့ မျိုးဆက်သစ် လုပ်ငန်းရှင်တွေ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကြီးထွားလာနေပြီး လျစ်လျူရှု မရတဲ့ အမှောင်ဘက်ခြမ်း စီးပွားရေး တခုလည်း ရှိနေတယ်။

အမှောင်ဘက်ခြမ်း စီးပွားရေး

မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ အွန်လိုင်းငွေလိမ်စင်တာတွေရဲ့ အဆမတန် ကြီးထွားလာမှုဟာ ဧရာမ ရာဇဝတ် စီးပွားရေးစနစ် တခုကို ဖန်တီးခဲ့တယ်။ ကမ္ဘာတဝန်း ပစ်မှတ်ထားခံရသူတွေဆီကနေ ဒေါ်လာ ဘီလီယံပေါင်းများစွာ ခိုးယူခံနေရတယ်။ တချိန်တည်းမှာပဲ အဲဒီဝင်းတွေထဲက လူအများအပြားဟာလည်း လူကုန်ကူးခံရသူတွေ၊ ပိတ်လှောင်ခံရပြီး အတင်းအဓမ္မ ခိုင်းစေခံရတဲ့ သားကောင်တွေ ဖြစ်နေကြတယ်။ ဒါဟာ သေးငယ်တဲ့ တရားမဝင် လှုပ်ရှားမှု မဟုတ်တော့ဘူး။ ပမာဏ အများကြီး ပါဝင်နေတဲ့ နိုင်ငံတကာအဆင့် လုပ်ငန်းကြီးတခု ဖြစ်လာခဲ့တာပါ။

ဒါက စိတ်မသက်မသာဖြစ်စရာ မေးခွန်းတွေကို ထွက်လာစေတယ်။ အဲဒီငွေတွေ ဘယ်ရောက်သွားလဲ။ ဘယ်သူက နောက်ဆုံးမှာ အကျိုးအမြတ် ရသွားလဲ။ လိမ်လို့ရလာတဲ့ ငွေတွေက စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်တွေထဲ ဘယ်လို ရောက်သွားတာလဲ။ ပုံမှန်စီးပွားရေးတွေ ရုန်းကန်နေရချိန်မှာ တရားမဝင်ငွေတွေ အများကြီး စီးဆင်းနေရင် လူ့အဖွဲ့အစည်းတခုမှာ ဘာဖြစ်သွားမလဲ။

ဒါဟာ အသစ်အောင်မြင်လာသူတိုင်းကို မသင်္ကာတဲ့ မျက်လုံးနဲ့ ကြည့်ရမယ်လို့ မဆိုလိုပါဘူး။ ဒါဆိုရင် မတရားရာ၊ တာဝန်မဲ့ရာ ရောက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ ရာဇဝတ်စီးပွားရေးက လူ့အဖွဲ့အစည်းကနေ လုံးဝ ကင်းလွတ်နေတယ်လို့တော့ ဟန်ဆောင်လို့ မရဘူး။ တရားဝင် စီးပွားရေးတွေက ကန့်သတ်ချက်တွေအောက် ရုန်းကန်နေရချိန်မှာ တရားမဝင် လုပ်ငန်းတွေက အဆမတန် ကြွယ်ဝမှုတွေ ဖန်တီးနေရင် စီးပွားရေး ရာသီဥတုက ပြောင်းသွားမှာပဲ။

လေဆိပ်တခုတည်းက ကွဲပြားသော မြန်မာများ

ဒါဟာ ကျမ တကယ် တွေ့ခဲ့ရတာ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံသား တမျိုးတည်း မဟုတ်တော့ဘဲ လေဆိပ်တခုတည်းကို ဖြတ်သွားနေကြတဲ့ ကွဲပြားတဲ့ လက်တွေ့ဘဝတွေပေါ့။ ဘန်ကောက်ကို ခကြာခဏ သွားနိုင်သူတွေ၊ ပြည်ပမှာ ဆေးကုနိုင်သူတွေ၊ ဈေးဝယ်၊ ရင်းနှီးမြှုပ်နှံ၊ အဆင့်မြင့် ဝန်ဆောင်မှုတွေ ခံစားပြီး Business class စီးနိုင်သူတွေ ရှိတယ်။ ပိုငြိမ်ငြိမ်နေဖို့ ရွေးချယ်လာတဲ့ နာမည်ရပြီးသား သူဌေးမိသားစုတွေ ရှိတယ်။ ရှားပါးမှုတွေနဲ့ ပြောင်းလဲလာတဲ့ စားသုံးသူ လိုအပ်ချက်တွေကနေ အခွင့်အရေး ရှာတွေ့တဲ့ လုပ်ငန်းရှင်သစ်တွေ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မရှိခဲ့တဲ့ လုပ်ငန်းတွေကနေ ငွေရှာနေသူတွေ ရှိတယ်။ အဲဒီအပြင် သူတို့နဲ့အတူ လိမ်လည်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ တရားမဝင် ငွေကြေးတွေ ပါတဲ့ အမှောင်ဘက်ခြမ်း စီးပွားရေးလည်း ရှိနေတယ်။

တချိန်တည်းမှာပဲ သန်းပေါင်းများစွာသော ရိုးသားတဲ့ ပြည်သူတွေကတော့ ကုန်ဈေးနှုန်း၊ လျှပ်စစ်မီး၊ အလုပ်အကိုင်၊ လုံခြုံရေး၊ စစ်မှုထမ်းရမယ့်ဘေးနဲ့ ကလေးတွေ ပြည်တွင်းမှာ အနာဂတ် ရှိရဲ့လားဆိုတာကို စိုးရိမ်နေကြရတယ်။ လူငယ်တွေက အခွင့်အရေး နည်းလာလို့ ထွက်သွားကြတယ်။ မိသားစုတွေ ကွဲကွာကုန်ကြတယ်။ ပညာရှင်တွေက ပြည်ပမှာ ဘဝကို ပြန်တည်ဆောက်နေကြရတယ်။

သူတို့အားလုံးဟာ လေဆိပ်တခုတည်းကို ဖြတ်သွားချင် ဖြတ်သွားကြလိမ့်မယ်။ ဒါပေမဲ့ လုံးဝ ကွဲပြားတဲ့ လက်တွေ့ဘဝတွေကို ဖြတ်သန်းနေကြရတာပါ။

ကျမတို့ ဘာစီးပွားရေးမျိုးကို ဖန်တီးနေကြတာလဲ

ချမ်းသာလာတာ အမှားမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အောင်မြင်တဲ့ စီးပွားရေးတွေ လိုအပ်ပါတယ်။ နိုင်ငံကို ပြန်တည်ဆောက်တဲ့အခါ သူတို့တွေ မရှိမဖြစ် လိုမှာပါ။ စီးပွားရေး ဖန်တီးပေးသူတွေ၊ အလုပ်အကိုင် ပေးနိုင်သူတွေ၊ တီထွင်ဆန်းသစ်သူတွေနဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုသူတွေကို ကျမတို့ ဂုဏ်ပြုရမှာပါ။

စစ်မှန်တဲ့ မေးခွန်းက ဘယ်သူ ချမ်းသာလာလဲဆိုတာ မဟုတ်ဘဲ ဘယ်လို ချမ်းသာလာလဲဆိုတာပါပဲ။ ကျန်းမာသန်စွမ်းတဲ့ စီးပွားရေးစနစ် တခုဟာ အတွေးအခေါ်၊ ကြိုးစားမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တီထွန်းဆန်းသစ်မှုတွေကို အသိအမှတ်ပြု ဆုချလေ့ရှိတယ်။ မကျန်းမာတဲ့ စီးပွားရေးစနစ်ကတော့ ရှားပါးမှု၊ အခွင့်ထူးရရှိမှုနဲ့ အဆက်အသွယ်တွေကနေ အကျိုးအမြတ်ထုတ်သူတွေကို ဆုချနိုင်တယ်။ ပျက်စီးနေတဲ့ စီးပွားရေးစနစ်ကတော့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု မရှိသလောက် နည်းတဲ့နေရာမှာ အဆမတန် ကြွယ်ဝမှုတွေကို ဖန်တီးပေးနိုင်တာပေါ့။

ဒါကြောင့်မို့လို့ သူငယ်ချင်းရဲ့ “လိုမှပဲ အပြင်ထွက်တော့တယ်” ဆိုတဲ့ ရိုးရှင်းတဲ့ စကားကို ကျမ ဆက်တွေးနေမိတာ။

ဒါဟာ Business class ကောင်တာက မရင်းနှီးတဲ့ မျက်နှာတွေလိုပဲ ဒီနေ့ မြန်မာနိုင်ငံအကြောင်းကို ပြောပြနေတာလည်း ဖြစ်နိုင်တယ်။ သူဌေးဟောင်းတွေ ပိုငြိမ်သွားကြတယ်။ ကြွယ်ဝမှုသစ်တွေ ပိုပေါ်လာတယ်။ လူတွေ သွားလာပုံ မတူတော့ဘူး။ စီးပွားရေးလုပ်ပုံ မတူတော့ဘူး။ ငွေရှာပုံ မတူတော့ဘူး။

ကျမအနေနဲ့ လေဆိပ်က တန်းစီသူတွေကို ပိုပြီး အဓိပ္ပာယ်ဖော်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အချို့သော ပုံမှန်အခိုက်အတန့်တွေက ပိုကြီးမားတဲ့ အပြောင်းအလဲတခုကို သတိထားမိစေတာမျိုးပါ။

အရင်က လေဆိပ်မှာ ရပ်နေရင် ဘေးနားက လူတွေကို မှတ်မိခဲ့ဖူးတယ်။ ဒီနေ့မှာတော့ မျက်နှာ နည်းနည်းလေးကိုပဲ မှတ်မိတော့တယ်။ ရန်ကုန်ပြန်ဖို့ ပြင်နေတဲ့ အခြား ခရီးသည်အုပ်စုကို ကြည့်ရင်း ကျမကိုယ်တိုင် မေးခွန်းထုတ်နေမိတယ်။ မြန်မာနိုင်ငံရဲ့ ချမ်းသာသူသစ်တွေက ဘယ်သူတွေလဲ။ ငွေကြေးသစ်တွေက ဘယ်က ရောက်လာတာလဲ။ ပြောင်းလဲလာတဲ့ ဒီကြွယ်ဝမှုရဲ့ မျက်နှာစာက မြန်မာနိုင်ငံအကြောင်း ဘာတွေ ပြောပြနေသလဲ ဆိုတာပါပဲ။

(စာရေးသူ Scarlett သည် ပြည်သူ့ဘဝ ကဏ္ဍအသီးသီးတွင် ပြည်သူများကို ပစ်ပယ်ထားသည်ဟု ယုံကြည်သဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့သည့် စီးပွားရေးအသိုင်းအဝိုင်းမှ မြန်မာနိုင်ငံသားတဦး ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့၏ ပြောင်းလဲလာသော လက်တွေ့ဘဝများကို ကိုယ်တိုင်လေ့လာစောင့်ကြည့်ချက်များမှတဆင့် ရေးသားနေသူဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ New Faces, New Money: What Is Changing in Myanmar? ကို ဘာသာပြန်သည်။)

]]>