Steve Bloomfield, Author at ဧရာဝတီ https://burma.irrawaddy.com/author/steveb Covering Burma and Southeast Asia Sat, 24 Oct 2026 03:04:38 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png Steve Bloomfield, Author at ဧရာဝတီ https://burma.irrawaddy.com/author/steveb 32 32 မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ရန် ပြင်လာသည့် ထရမ့်၏ အလှည့်အပြောင်း https://burma.irrawaddy.com/article/2026/10/24/417215.html Sat, 24 Oct 2026 03:00:29 +0000 https://burma.irrawaddy.com/?p=417215 ယခုအခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည့် ရူဘီယိုသည် မင်းအောင်လှိုင်အား တရားစွဲဆို အရေးယူသင့်သည်ဟု မယုံကြည်တော့ပေ။]]>

မာကို ရူဘီယို (Marco Rubio) သည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအပေါ် “လူမျိုးစု ရှင်းလင်းသုတ်သင်မှု” (ethnic cleansing) ဟု ခေါ်ဆိုခဲ့သည့် လုပ်ရပ်များကို တားဆီးနိုင်ရေး အမေရိကန်အနေဖြင့် တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ရမည်ဟု တချိန်က အခိုင်အမာ ပြောကြားခဲ့သူ ဖြစ်သည်။ ၂၀၁၇ ခုနှစ်က အမေရိကန် အထက်လွှတ်တော်အမတ် ၂၀ ဦးနှင့်အတူ လက်မှတ်ရေးထိုးခဲ့သည့် ပေးစာတစောင်တွင် ရူဘီယိုက “ဆိုးရွားလှသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်နွှယ်နေသည့် မြန်မာစစ်တပ် အကြီးတန်း တာဝန်ရှိသူများကို စံနမူနာပြ ထိရောက်သော ဘက်စုံ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်” တောင်းဆိုခဲ့သည်။ ထိုရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆို အရေးယူရမည်ဟုလည်း သူက အငြင်းပွားဖွယ်မရှိ လျှောက်လဲခဲ့သည်။

ထိုအချိန်မှစ၍ လွန်ခဲ့သော နှစ်များအတွင်း မြန်မာစစ်တပ်၏ ကျူးလွန်မှုများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ထိုစဉ်က ရိုဟင်ဂျာများအပေါ် “လူမျိုးစု ရှင်းလင်းသုတ်သင်မှု” ဟု သတ်မှတ်ခဲ့သည်များကို ယခုအခါ အမေရိကန် အပါအဝင် အများက “လူမျိုးတုန်း သတ်ဖြတ်မှု” (genocide) ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။ ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီး ထောင်သွင်းအကျဉ်းချခံရကာ၊ ၎င်း၏ပါတီ ရရှိခဲ့သည့် ရွေးကောက်ပွဲ အနိုင်ရလဒ် ပယ်ဖျက်ခံရပြီး စစ်တပ်က အာဏာအလုံးစုံ သိမ်းယူလိုက်သောအခါ မြန်မာနိုင်ငံတွင် ပြန်လည်ပေါ်ထွန်းစ ဒီမိုကရေစီ အစိတ်အပိုင်းလေးမှာ ရေစုံမျောသွားခဲ့ရသည်။

ယင်းကိစ္စသည် စစ်တပ်၊ တော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံအကြား ဆက်တိုက် ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်သည့် ပဋိပက္ခကြီးအဖြစ်သို့ ကူးပြောင်းသွားသည့် ပြည်တွင်းစစ်ကို မီးရှို့လိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။ ထိုပဋိပက္ခကြောင့် လူပေါင်း ၁၀၀,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး လူပေါင်း ၅ သန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ယခုအခါ လူပေါင်း ၁၆ သန်းမှာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ယင်းသည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခများထဲမှ တခုဖြစ်ပြီး အလုံးစုံမှာ လူတို့၏ ဖန်တီးမှုကြောင့် ဖြစ်ရခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံ၌ ဟန်ပြရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး မြန်မာ့လူမျိုးတုန်း သတ်ဖြတ်မှုအတွက် အဓိက တာဝန်ရှိသူနှင့် ရူဘီယို၏ ပေးစာတွင် ပစ်မှတ်ထားခံရသူ မင်းအောင်လှိုင်သည် သမ္မတ ဖြစ်လာခဲ့သည်။

သိုသော် ယခုအခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည့် ရူဘီယိုသည် မင်းအောင်လှိုင်အား တရားစွဲဆို အရေးယူသင့်သည်ဟု မယုံကြည်တော့ပေ။ ထိုသို့ပြုလုပ်မည့်အစား စစ်ခေါင်းဆောင်ကို မဟာမိတ်အဖြစ်ပင် ပြုလုပ်ချင်နေသည်။ ယခုလအတွင်း ထရမ့်အစိုးရအဖွဲ့သည် လွန်ခဲ့သော ဆယ်စုနှစ်တခုနီးပါးက ညီညွတ်ခဲ့သည့် အနောက်နိုင်ငံများ၏ မူဝါဒကို ပြောင်းပြန်လှန်ပစ်ကာ မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက် ဆွေးနွေးပွဲများ စတင်ရန် ဆုံးဖြတ်ခဲ့သည်။ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းနိုင်ခြေကိုပင် ယခုအခါ ဆွေးနွေးနေကြပြီဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် အခြားအနောက်နိုင်ငံများကို တုန်လှုပ်ချောက်ချားစေခဲ့ပြီး မည်သည့်နိုင်ငံကိုမျှ ကြိုတင်သတိပေးခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။

ရှောင်လွှဲ၍မရနိုင်စွာပင် MAGA (Trump ၏ မူဝါဒကို ထောက်ခံသူ) အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦးသည် နောက်ကွယ်၌ ရှိနေသည်။ ထိုသူမှာ ၂၀၁၉ ခုနှစ်က လွှတ်တော်ကို လိမ်လည်ထွက်ဆိုမှု၊ သက်သေများကို ပရိယာယ်သုံး လှည့်ဖြားမှုနှင့် ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ထရန့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့သည် ရုရှားနှင့် ပူးပေါင်းကြံစည်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးမှုကို ဟန့်တားမှုတို့ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသူ ဒေါ်နယ်ထရမ့်၏ မဟာမိတ် ရော်ဂျာ စတုန်း (Roger Stone) ဖြစ်သည်။

ထရမ့်၏ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကြောင့် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့သည့် စတုန်းသည် မြန်မာစစ်အုပ်စုအတွက် အကျိုးဆောင် (lobbyist) အဖြစ် လတ်တလောတွင် စတင်လုပ်ကိုင်ခဲ့ပြီး “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန်” ကူညီပေးလျက်ရှိသည်။

ထိုလုပ်ရပ်မှာ အလုပ်ဖြစ်နေသည့်ပုံ ရသည်။ ယခုလအစောပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဗန့်စ် (Michael Vance) သည် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်မှာ အမေရိကန်နိုင်ငံသားတဦး လွတ်မြောက်ရေးအတွက်ဟု အကြောင်းပြခဲ့သော်လည်း ဗန့်စ်သည် စစ်ဗိုလ်ချုပ်များနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲများ၏ ရည်ရွယ်ချက်မှာ စစ်အုပ်စုအား ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန် သို့မဟုတ် စစ်ပွဲအား ရပ်တန့်ရန် စည်းရုံးရေး မဟုတ်ပေ။ ယင်းအစား မြန်မာနိုင်ငံ၏ မြေရှားသတ္တုများ (rare earth minerals) အား အမေရိကန်က ရရှိနိုင်ရေးအတွက် ဆွေးနွေးခြင်းဖြစ်ပုံ ရသည်။

လွန်ခဲ့သော နှစ်များအတွင်း စစ်ဘက်ဆိုင်ရာ နည်းပညာနှင့် နည်းပညာမြင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုသည့် မြေရှားသတ္တုများ စောစောစီးစီး ရရှိရေး ပြိုင်ဆိုင်မှုသည် ပိုမိုတင်းမာလာခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တုတွင်း အများစုနှင့် သန့်စင်စက်ရုံ လုပ်ငန်းစဉ်အားလုံးနီးပါးကို ထိန်းချုပ်ထားသည်။ အခြေအနေကို ပြောင်းပြန်လှန်ပစ်ချင်သည့် ထရန့် အစိုးရအဖွဲ့၏ ဆန္ဒကြောင့် ယူကရိန်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့နှင့် အမေရိကန် စီးပွားရေးအကျိုးအမြတ်များကို အခြားအရာအားလုံးထက် ဦးစားပေးသည့် ဘက်လိုက်သော သဘောတူညီချက်များ ရရှိအောင် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် မြေရှားသတ္တုတွင်း ၆၀၀ ကျော်ရှိပြီး ယင်းတို့အနက် အများစုမှာ လက်ရှိတွင် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ မြေရှားသတ္တု တင်ပို့မှုစုစုပေါင်းမှာ ဒေါ်လာ ၃.၆ ဘီလီယံအထိ ရှိခဲ့ပြီး တရုတ်၏ မြေရှားသတ္တု တင်သွင်းမှု အများစုကို ပံ့ပိုးပေးလျက်ရှိသည်။ ယင်းကို အမေရိကန်က မျက်စိကျနေသည့် အခွင့်အလမ်းကြီး ဖြစ်ပုံရသည်။

ဗန့်စ်၏ ခရီးစဉ်သည် တရားဝင်မှုကို ရှာဖွေနေသော မြန်မာစစ်ဗိုလ်ချုပ်များအတွက် ဝါဒဖြန့်ချိနိုင်ရေး အခွင့်အလမ်းတခုကို လက်ဆောင်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာစစ်ဗိုလ်ချုပ်များကို ကြိုဆိုနေသည့် နိုင်ငံမှာ အမေရိကန် တခုတည်း မဟုတ်ပေ။ မင်းအောင်လှိုင်သည် ယခုလအတွင်း မြန်မာစစ်အုပ်စုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ဖူးသော မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သို့ ပြန်လည်ကြိုဆိုရန် အယူအဆကို ဖော်ထုတ်ခဲ့သည်။ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံတို့သို့ မင်းအောင်လှိုင် သွားရောက်မည့် ခရီးစဉ်များလည်း ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံကလည်း ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ချင်ကြောင်း ပြသထားသည်။

စစ်အုပ်စု၏ သံတမန်ရေးရာ အနိုင်ရရှိမှုများသည် စစ်ရေးအရ ပြန်ခေါင်းထောင်လာပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ခွဲအတွင်း ရုရှားနှင့် တရုတ်တို့မှ ထောက်ပံ့ပေးသော ပိုမိုဆန်းသစ်သည့် ဒရုန်းများ၏ အကူအညီ၊ လူငယ် ၁၀၀,၀၀၀ အား စစ်မှုထမ်းခိုင်းခြင်းတို့ဖြင့် စစ်တပ်သည် မြို့အများအပြားကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တော်လှန်ရေး အင်အားစုများကို ကျေးလက်ဒေသများသို့ ပြန်လည်တွန်းထုတ်နိုင်ခဲ့သည်။

မြန်မာပြည်သူများအတွက်မူ ရှည်လျားလှသော အိပ်မက်ဆိုးကြီးမှာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ လွန်ခဲ့သည့်လက သူပုန်များ ထိန်းချုပ်ထားသော ဧရိယာရှိ စည်ကားသော ဈေးတခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူ ၅၀ ကျော် သေဆုံးခဲ့ရသည်။ အပတ်စဉ် ရက်စက်ကြမ်းကြုတ်မှု အသစ်များကို ဆောင်ကြဉ်းပေးနေပြီး အေးချမ်းပြီး ဒီမိုကရေစီဆန်သော မြန်မာနိုင်ငံ ဖြစ်လာမည့် မျှော်လင့်ချက်မှာ ပိုမိုဝေးကွာသွားနေသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသူများ ဆုပ်ကိုင်ထားနိုင်သည့် တခုတည်းသော မျှော်လင့်ချက်ရောင်ခြည်မှာ ကျန်ရှိနေသည့် အနောက်နိုင်ငံများက ယင်းကိစ္စကို လက်မလျှော့သေးခြင်းပင်ဖြစ်သည်။ ဗြိတိန် သံတမန်များက ဗြိတိန်၏ ရပ်တည်ချက်တွင် ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုထားပြီး ကနေဒါ၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂ (EU) တို့လည်း ၎င်းတို့၏ ရပ်တည်ချက်ကို ထိန်းသိမ်းထားနိုင်ခြေရှိသည်။ သို့သော် ဤနေရာတွင်ပင် စိုးရိမ်စရာများ ရှိနေသည်။

လှုပ်ရှားဆောင်ရွက်သူများက ဗြိတိန်၏ မြန်မာနိုင်ငံသို့ ပေးအပ်သည့် အကူအညီအား တနှစ်လျှင် ပေါင် ၆၆ သန်းမှ ၅၅ သန်းအထိ လျှော့ချလိုက်ခြင်းကို ထောက်ပြကြသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂက တောင်းခံထားသည့် ဒေါ်လာ ၈၈၉.၆ သန်း၏ တဝက်ခန့်ကိုသာ အပြည်ပြည်ဆိုင်ရာ လှူဒါန်းသူများက ပံ့ပိုးပေးထားသည်။ ဗြိတိန်နှင့် အခြားနိုင်ငံများအနေဖြင့် တော်လှန်ရေး အင်အားစုများ အပါအဝင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပိုမိုတိုက်ရိုက် ထိတွေ့ဆက်ဆံသည်ကိုလည်း မြင်တွေ့ချင်ကြသည်။

၁၉၃၈ ခုနှစ်တွင် ရေနံစတင်တွေ့ရှိခဲ့ချိန်မှစ၍ အမေရိကန်နှင့် ဆော်ဒီအာရေးဗီးယား ဆက်ဆံရေးကို ကြည့်လျှင် ထရမ့်သည် ဒီမိုကရေစီထက် သယံဇာတများကို ဦးစားပေးသည့် ပထမဆုံး သမ္မတ မဟုတ်ကြောင်း တွေ့ရသည်။ သို့သော် ထရမ့်၏ ရေနံနှင့် သတ္တုများအပေါ် လောဘကြီးသော သဘောထား၊ ၎င်း၏ မိတ်ဆွေများနှင့် မိသားစုကို ကြွယ်ဝချမ်းသာအောင် လုပ်ဆောင်ပေးလိုသည့် ဆန္ဒနှင့် အာဏာရှင်များကို ပွင့်ပွင့်လင်းလင်း ထောက်ခံမှုတို့က အလွန်ကွဲပြားသည့် အမေရိကန်နိုင်ငံ ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နေရာတိုင်းတွင် ထရမ့်၏ နိုင်ငံခြားရေးမူဝါဒက ဖြစ်ပေါ်စေသည့် တိုက်စားပျက်စီးစေသော သဘာဝ၏ အခြားဥပမာတခုမျှသာ ဖြစ်သည်။

မေးခွန်းမှာ ထရမ့်သည် သူလိုချင်တာကို ရရှိနိုင်မည်လား ဆိုသည်ပင်ဖြစ်သည်။ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို လွှတ်တော်က မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ယင်းကို ဆက်လက်ထိန်းသိမ်းထားရန် ပါတီနှစ်ခုလုံး၏ ထောက်ခံမှု ရှိနေဆဲဖြစ်သည်။ အောက်လွှတ်တော်သည် ပိတ်ဆို့အရေးယူမှု မူဝါဒကို နောက်ထပ် ခြောက်နှစ် သက်တမ်းတိုးမည့် ဥပဒေကြမ်းကို လတ်တလောတွင် အတည်ပြုခဲ့သည်။ အထူးသဖြင့် ထရမ့်အပေါ် ထောက်ခံမှု လျော့နည်းလာချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကာလရှည်ကြာ ထောက်ခံခဲ့သော အထက်လွှတ်တော်အမတ်များနှင့် လွှတ်တော်အမတ်များအား လူမျိုးတုန်း သတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုများကို မျက်စိမှိတ် လျစ်လျူရှုခိုင်းရန် အဆင်မပြေနိုင်ပေ။

သူ သွေးဆောင်နိုင်ခဲ့လျှင်ပင် ပိုမိုကြီးမားသည့် မေးခွန်းမှာ မြန်မာစစ်ဗိုလ်ချုပ်များသည် ထရမ့် လိုချင်တာကို ပေးနိုင်ပါ့မလား ဆိုသည်ပင်။ မြန်မာနိုင်ငံ၏ မြေရှားသတ္တုတွင်း အများစုမှာ တရုတ်နယ်စပ်အနီးတွင်ရှိပြီး အများစုကို စစ်တပ်က မဟုတ်ဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။ ” မြေရှားသတ္တုတွင်းတွေနား အမေရိကန် အကပ်ခံဖို့ တရုတ်က ဘာမှမလုပ်ဘဲ ကြည့်နေမှာ မဟုတ်ပါဘူး” ဟု နိုင်ငံခြားဆက်ဆံရေးကောင်စီမှ ဂျိုရှူအာ ကားလန့်ဇစ် (Joshua Kurlantzick) က ပြောခဲ့သည်။

အမှန်တကယ် ဘာမှ ပြောင်းလဲမှုမရှိခဲ့လျှင်ပင် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးဒုက္ခများထဲမှ တခုအတွက် တာဝန်ရှိသည့် လူမျိုးတုန်းသတ်ဖြတ်သော စစ်တပ်နှင့် ဆွေးနွေးမှုများ စတင်ရန် ထရမ့်၏ ဆုံးဖြတ်ချက်သည် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများအတွက် ကပ်ဘေးတခုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့တော်လှန်ရေး ပုဂ္ဂိုလ်များစွာသည် အမေရိကန်၏ အကူအညီကို မျှော်လင့်ထားကြသည်။ ဗိုလိုဒီမီယာ ဇယ်လင်စကီး ကဲ့သို့သော အာဏာရှင်များကို တိုက်ခိုက်နေသည့် အခြားဒီမိုကရက်များကဲ့သို့ပင် ၎င်းတို့သည် စွန့်ပစ်ခြင်း ခံခဲ့ရသည်။

ဤသည်မှာ အမေရိကန် အစိုးရအနေဖြင့် နားလည်သဘောပေါက်မှု အားနည်းလှသည့် ကမ္ဘာ့ဒေသတခုအတွင်းသို့ မဆင်မခြင် ဝင်ရောက်စွက်ဖက်ကာ အာဏာရှင်တဦးအား ဆုလာဘ် ပေးအပ်သော်လည်း အပြန်အလှန်အားဖြင့် မည်သည့် ရလဒ်ကောင်းမျှ မပြသနိုင်ဘဲ ပြန်လည်ထွက်ခွာသွားခဲ့ရသည့် အခြားသော ဥပမာတခုလည်း ဖြစ်ပေသည်။

(Steve Bloomfield သည် Observer သတင်းစာ၏ နိုင်ငံတကာသတင်း အယ်ဒီတာဟောင်း ဖြစ်သည်။ ၎င်း၏ The Guardian ပါ Blunder in, abandon allies and court a dictator: it’s the Trump doctrine, now playing out in Myanmar ကို ဘာသာပြန်သည်။)

]]>