သူရိန်လင်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/thureinlin Covering Burma and Southeast Asia Fri, 31 Jul 2026 04:51:46 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သူရိန်လင်း, Author at ဧရာဝတီ https://burma.irrawaddy.com/author/thureinlin 32 32 တရုတ်လက်ထဲက မြန်မာ့လျှပ်စစ်ဓာတ်အားလိုင်း https://burma.irrawaddy.com/article/2026/07/29/415135.html Wed, 29 Jul 2026 03:00:34 +0000 https://burma.irrawaddy.com/?p=415135 သတိမမူမိဘဲ လျစ်လျူရှုခံထားရသည့် အရာမှာ တရုတ်နိုင်ငံက တိတ်တဆိတ် တပ်ဆင်ထားသည့် အပြီးသတ် ထိန်းချုပ်ခလုတ် (Kill Switch) ပင်]]>

လေ့လာစောင့်ကြည့်သူများသည် မြန်မာနိုင်ငံအတွင်း ပေကျင်း၏ ခြေရာလက်ရာများကို ကြည့်ရှုသည့်အခါ ကျောက်ဖြူရေနက်ဆိပ်ကမ်း သို့မဟုတ် မူဆယ်-မန္တလေး ရထားလမ်းကဲ့သို့သော မဟာစီမံကိန်းကြီးများကိုသာ မဖြစ်မနေ အာရုံစိုက်မိကြလေ့ရှိသည်။ သို့သော် သတိမမူမိဘဲ လျစ်လျူရှုခံထားရသည့် အရာမှာ တရုတ်နိုင်ငံက တိတ်တဆိတ် တပ်ဆင်ထားသည့် အပြီးသတ် ထိန်းချုပ်ခလုတ် (Kill Switch) ပင်ဖြစ်သည်။

မှီခိုအားထားမှု ရုတ်တရက် မြင့်တက်လာခြင်း

၂၀၂၆ ခုနှစ်၏ ပထမခြောက်လအတွင်း တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သို့ လျှပ်စစ်ဓာတ်အား တင်ပို့မှုသည် ၄၂.၉ ရာခိုင်နှုန်း ထိ မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံသည် ဤရုတ်တရက် မြင့်တက်မှု၏ ငြင်းပယ်မရသော အဓိကမောင်းနှင်အား ဖြစ်သည်။ အကောက်ခွန်ဆိုင်ရာ ကိန်းဂဏန်းချက်အလက်များအရ ပေကျင်းသည် ခြောက်လအတွင်း ဒေသတွင်းသို့ ကီလိုဝပ် ၂.၃၉ ဘီလီယံ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံ၏ တင်သွင်းမှုမှာမူ ယခင်နှစ် ပထမငါးလတွင် ဒေါ်လာ ၂၄.၈ သန်းရှိခဲ့ရာမှ ယခုနှစ် ပထမငါးလအတွင်း ဒေါ်လာ ၄၈.၉ သန်းအထိ နှစ်ဆနီးပါး ခုန်တက်သွားခဲ့သည်။ ယင်းက ပြိုလဲနေသော စီးပွားရေးကို ထိန်းမတ်ရန် ပေကျင်းအပေါ် မြန်မာနိုင်ငံ၏ မှီခိုအားထားမှု ပိုမိုကြီးမားလာသည်ကို ပေါ်လွင်စေသည်။

အရှေ့တောင်အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား ရရှိမှု အနည်းဆုံးနိုင်ငံအဖြစ် ဆက်လက်ရှိနေသည်။ လူဦးရေ ၅၅ သန်းနီးပါးရှိသည့်အနက် ၂၀၂၀ ပြည့်နှစ်အထိ အိမ်ထောင်စု ၅၄ ရာခိုင်နှုန်းခန့်သာ အမျိုးသားဓာတ်အားလိုင်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းပွဲ နောက်ပိုင်းတွင် ပျက်စီးသွားသော အခြေခံအဆောက်အအုံများ၊ မလည်ပတ်နိုင်တော့သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် ရပ်ဆိုင်းသွားသော ဆိုလာ စီမံကိန်းများကြောင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၂၁ အစောပိုင်းအထိ ကာလများတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု ၃၅ ရာခိုင်နှုန်းခန့်ကို တရုတ်အပေါ် မှီခိုရလိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။

“ဒါပေမဲ့ ဒီနေ့မှာတော့ မှီခိုမှု အတိုင်းအတာ ပမာဏ အတိအကျကို တိုင်းတာဖို့ ခက်ခဲသွားပါပြီ” ဟု တရုတ်ရေးရာ လေ့လာသုံးသပ်သူတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ စက်ရုံများမှတဆင့် လျှပ်စစ်တင်သွင်းခြင်း

မြန်မာနိုင်ငံသည် ယူနန်မှ လျှပ်စစ်ဓာတ်အား တင်သွင်းသော်လည်း တိုက်ရိုက် နယ်စပ်ဖြတ်ကျော် မဟာဓာတ်အားလိုင်းများမှတဆင့် အမြဲတမ်း တင်သွင်းသည် မဟုတ်ပေ။ တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်းရှိ အဓိက ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဘဏ္ဍာငွေထောက်ပံ့ တည်ဆောက်ပေးထားပြီး ယင်းစက်ရုံများကို နှစ်နိုင်ငံလုံး၏ အမျိုးသားဓာတ်အားလိုင်းများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ပုံစံထုတ်ထားသည်။

ဥပမာတခုမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ China Datang Corporation တရုတ်ကော်ပိုရေးရှင်းမှ တည်ဆောက်ခဲ့သော ၂၄၀ မဂ္ဂါဝပ်ထွက်ရှိသည့် တာပိန် (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်သည်။ ယင်း၏ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို မြန်မာ အမျိုးသားဓာတ်အားလိုင်းနှင့် China Southern Power Grid (CSG) တို့အကြား ခွဲဝေယူကြပြီး တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း State Grid Corporation of China က ဒေါ်လာ ၁၃၃.၅ သန်းအကုန်အကျခံ တည်ဆောက်ထားသည့် ၂၃၀ ကီလိုဗို့ နဘား-ရွှေဘို-အုန်းတော လိုင်းမှတဆင့် တောင်ဘက် မန္တလေးသို့ ပေးပို့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၆၀၀ မဂ္ဂါဝပ်ထွက် ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည်လည်း ထိုနည်းအတိုင်းပင် လည်ပတ်နေပြီး ထွက်ရှိသမျှ ဓာတ်အား၏ အစိတ်အပိုင်းတခုကို ယူနန်သို့ ပြန်လည်တင်ပို့ကာ မြန်မာ၏ ပြည်တွင်းဓာတ်အားလိုင်းသို့လည်း ဖြန့်ဖြူးပေးနေသည်။

တချိန်တည်းမှာပင် CSG ၏ လက်အောက်ခံ Yunnan International ကုမ္ပဏီသည် ၁၁၀ ကီလိုဗို့နှင့် အောက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းများကို လည်ပတ်လျက်ရှိသည်။ မြန်မာ့ဓာတ်အားလိုင်းသည် သမိုင်းကြောင်းအရ ဝေးလံခေါင်ဖျားသော နယ်စပ်ဒေသများသို့ မရောက်ရှိနိုင်ခဲ့သောကြောင့် ယူနန်က နယ်စပ်ဒေသများကို တိုက်ရိုက် မီးလင်းရေးဆောင်ရွက်ပေးရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်ရေးဗဟိုချက်ဖြစ်သော မူဆယ်သည် ယူနန်မှ တင်သွင်းသည့် လျှပ်စစ်ဓာတ်အားအပေါ် လုံးဝနီးပါး မှီခိုနေရသည်။ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေတခုလုံးသည်လည်း တရုတ်လျှပ်စစ်ဓာတ်အားဖြင့်သာ အပြည့်အဝ လည်ပတ်နေသည်။

UWSA နှင့် MNDAA ထိန်းချုပ်နယ်မြေများအတွင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် နှစ်ဘက်ဓာတ်အားလိုင်း ပုံစံဖြင့်ပင် လည်ပတ်နေပြီး ထွက်ရှိသမျှ၏ အစိတ်အပိုင်းတခုကို ယူနန်သို့ ပြန်လည်ပေးပို့ကာ တရုတ်အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများကိုလည်း ဓာတ်အားဖြန့်ဖြူးပေးသည်။

၅၀၀ ကီလိုဗို့ မဏ္ဍိုင်နှင့် မြောက်ပိုင်း ပိတ်ဆို့မှု

ပြီးခဲ့သည့်လက မင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် “ဓာတ်အားလိုင်း ချိတ်ဆက်မှုကို အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်” ကတိပြုခဲ့သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ အစိတ်အပိုင်းတခုအဖြစ် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော ဓာတ်အားလိုင်းဆက်ကြောင်း စီမံကိန်းသည် ၂၀၂၀ ပြည့်နှစ် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်စဉ်က လက်မှတ်ရေးထိုးခဲ့သည့် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ရေး နားလည်မှုစာချွန်လွှာအပေါ် အခြေခံထားခြင်းဖြစ်သည်။

တရုတ်လျှပ်စစ်ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်ကတည်းက နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းများမှတဆင့် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ဆွေးနွေးပွဲများ စတင်ခဲ့ကြသည်။ ပါဝင်သော ကုမ္ပဏီများတွင် China Southern Power Grid (CSG)၊ State Grid Corporation of China၊ China Energy Engineering Group နှင့် Union Resources and Engineering Company (UREC) တို့ ပါဝင်သည်။

ယင်းအစီအစဉ်သည် ယူနန်ရှိ လုံချွန် (Longchuan) နှင့် ရွှေလီ (Ruili) တို့ကို ဖြတ်သန်းသွားမည့် ၅၀၀ ကီလိုဗို့ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း ကွန်ရက်ကို ရည်မှန်းထားခြင်းဖြစ်သည်။ လုံချွန်လိုင်းသည် ဗန်းမော်မြို့ရှိ တာပိန်း (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ချိတ်ဆက်ထားသည်။

မိတ္တီလာမှ တောင်ငူ၊ ထိုမှတဆင့် ရန်ကုန်အထိ ၂၃၄ ကီလိုမီတာ ရှည်လျားသည့် မြန်မာနိုင်ငံ၏ ၅၀၀ ကီလိုဗို့ မဟာဓာတ်အားလိုင်း၏ တောင်ဘက်ပိုင်းကို တရုတ် EximBank က ဘဏ္ဍာငွေ ထောက်ပံ့ပေးထားပြီး SEPCO Electric Power Construction Corporation က ကန်ထရိုက်ယူ တည်ဆောက်သည်။ မန္တလေးတိုင်း၊ မိတ္တီလာရှိ ကန်ကောင်း ဓာတ်အားခွဲရုံမှ စတင်ကာ တောင်ဘက် တောင်ငူနှင့် ပဲခူးတိုင်း ဘုရားကြီးသို့၊ ထိုမှတဆင့် ရန်ကုန်ရှိ လှိုင်သာယာ ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည်။ ထိုမှတဆင့် ဧရာဝတီတိုင်း၊ မွန်ပြည်နယ် မော်လမြိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်တို့အထိ သွယ်တန်းရန် စီစဉ်ထားသည်။

မိတ္တီလာ-တောင်ငူ အပိုင်းကို ၂၀၂၃ အကုန်တွင် ပြီးစီးခဲ့ကြောင်း စစ်ကောင်စီ သတင်းမီဒီယာများက ဖော်ပြခဲ့ပြီး ၂၀၂၅ ဒီဇင်ဘာလတွင် တောင်ငူ၊ ဘုရားကြီးနှင့် လှိုင်သာယာရှိ ဓာတ်အားခွဲရုံများသည် ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဟု ဆိုသည်။ ဤတောင်ဘက်ပိုင်း စင်္ကြံသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ခိုင်မာစွာရှိနေသဖြင့် တင်သွင်းလာသော လျှပ်စစ်ဓာတ်အားကို လက်ခံရယူမည့် အခြေခံအဆောက်အအုံကို သေချာစေသည်။

သို့သော် တနင်္သာရီသို့ တောင်ဘက်သို့ ဆက်လက်သွယ်တန်းမည့် အပိုင်းမှာမူ လုံးဝရပ်ဆိုင်းသွားခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထောက်ပံ့ထားသည့် ၂၈၆ ကီလိုမီတာ ရှည်လျားသော မော်လမြိုင်-ရေး-ထားဝယ် ၂၃၀ ကီလိုဗို့ မဟာဓာတ်အားလိုင်း စီမံကိန်းသည် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းသွားခဲ့သည်။ တနင်္သာရီတွင် ဒေသခံများသည် တင်သွင်းလာသော ဒီဇယ်၊ အထူးဒီဇယ် သို့မဟုတ် ဓာတ်ငွေ့များကို လောင်ကျွမ်းစေသည့် သီးခြား ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းငယ်များအပေါ်တွင်သာ ဆက်လက် မှီခိုနေရဆဲဖြစ်သည်။

တချိန်တည်းမှာပင် မြောက်ပိုင်းရှိ ပိတ်ဆို့မှုမှာမူ လွန်စွာ ထိခိုက်လွယ်သည့် အခြေအနေတွင် ရှိနေသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုနှင့် ယှဉ်ပြိုင်ဖော်ဆောင်ရာတွင် ယင်းဓာတ်အားလိုင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းရမည်ဖြစ်သည်။ သို့သော် ကိုးကန့်တပ် MNDAA နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ် (TNLA) တို့သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှစ၍ ဤလမ်းကြောင်းတလျှောက်ရှိ အဓိကနယ်မြေများကို သိမ်းပိုက်ထားခဲ့ကြသည်။ စစ်ကောင်စီသည် ဓာတ်အားလိုင်း၏ တောင်ပိုင်းတခြမ်းကို အပြီးသတ်ရန် လုပ်ဆောင်နေသော်လည်း ယူနန်နှင့် အမှန်တကယ် ချိတ်ဆက်ပေးမည့် မြောက်ပိုင်းတခြမ်း၏ ခလုတ်ခုံ (Switchboard) မှာမူ နေပြည်တော်က ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် နယ်မြေများအတွင်း ဖြတ်သန်းနေရသည်။

ရပ်ဆိုင်းသွားသော LNG အိပ်မက်

ဧရာဝတီတိုင်းသည် ဖြုတ်ချခံလိုက်ရသော NLD အစိုးရလက်ထက်တွင် ဆွေးနွေးခဲ့ပြီး ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် တရားဝင်ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် မီးလင်းချိုင် LNG သုံး ဓာတ်အားပေးစီမံကိန်း၏ ဗဟိုချက် ဖြစ်လာရန် လျာထားခဲ့ခြင်းဖြစ်သည်။ ပုသိမ်မြို့နယ် ကမ်းရိုးတန်းတွင် တည်ရှိပြီး ဒေါ်လာ ၂.၅ ဘီလီယံတန်ကြေးရှိသော အဆိုပါ စက်ရုံစုကြီးသည် ကမ်းလွန်ရှိ ရေပေါ် သဘာဝဓာတ်ငွေ့ သိုလှောင်/ပြန်လည်ဓာတ်ငွေ့ထုတ်စက်ရုံ (FSRU) မှတဆင့် တာဘိုင်စက်ရုံများကို လောင်စာပေးသွင်းကာ ၁၃၉၀ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်ရန် ပုံစံထုတ်ထားခြင်းဖြစ်သည်။ ထွက်ရှိလာသော ဓာတ်အား၏ ၃၅ ရာခိုင်နှုန်းကို ဧရာဝတီတိုင်းအတွက် သတ်မှတ်ထားပြီး ကျန်ရှိသည်များကို ဗို့အားမြင့်လိုင်းအသစ်များမှတဆင့် ရန်ကုန်သို့ ပေးပို့မည်ဖြစ်သည်။

ယင်း ဖက်စပ်လုပ်ငန်းကို တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများဖြစ်ကြသည့် UREC (၄၁ ရာခိုင်နှုန်း)၊ Yunnan Provincial Energy Investment Group (၃၉ ရာခိုင်နှုန်း) နှင့် Zhefu Holding Group (၁ ရာခိုင်နှုန်း) တို့က လွှမ်းမိုးထားပြီး မြန်မာစစ်တပ်နှင့် ဆက်စပ်နေသော Supreme Group (၁၉ ရာခိုင်နှုန်း) နှင့် ပူးပေါင်းထားခြင်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အတည်ပြုချက်ကို အရှိန်မြှင့်ပေးခဲ့ပြီး မီးလင်းချိုင်စီမံကိန်းကို CMEC ၏ “စောစီးစွာ သီးပွင့်ရမည့်” စီမံကိန်းများစာရင်းတွင် ထည့်သွင်းရန် ပေကျင်းကို စည်းရုံးခဲ့သည်။ စစ်ကောင်စီ သတင်းမီဒီယာများက စက်ရုံသည် ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟု ဆိုကာ အဆိုပါစီမံကိန်းကို ကြွားဝါမြှောက်ပင့်ပြောဆိုနေဆဲဖြစ်သည်။

လက်တွေ့တွင်မူ စီမံကိန်းမှာ လုံးဝရပ်ဆိုင်းသွားခဲ့ပြီဖြစ်သည်။ LNG ကို နိုင်ငံခြားငွေဖြင့် ပုံမှန်ဝယ်ယူ တင်သွင်းရန် လိုအပ်ပြီး ၁၃၉၀ မဂ္ဂါဝပ် စက်ရုံကို လည်ပတ်ရန်အတွက် လစဉ် လောင်စာ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည်ဖြစ်သည်။ နိုင်ငံခြား အရန်ငွေကြေး ကုန်ခမ်းသွားပြီး ကျပ်ငွေတန်ဖိုး လဲပြိုချိန်တွင် စစ်ကောင်စီသည် လိုအပ်သော ဘဏ္ဍာငွေကို မစိုက်ထုတ်နိုင်တော့ပေ။ ရန်ကုန်ရှိ VPower စက်ရုံများကို ပျက်စီးစေခဲ့သည့် ဒေါ်လာပြတ်လပ်မှုသည် မီးလင်းချိုင်စီမံကိန်းကို ရက်အကန့်အသတ်မရှိ ကြန့်ကြာသွားစေခဲ့သည်။

တရုတ်ရေးရာ လေ့လာသူက မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အား အပါအဝင် ပိုမိုကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်အပေါ် ပိုမိုမှီခိုလာရကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတစ်နိုင်ငံတည်းအပေါ် လွန်ကဲစွာ မှီခိုခြင်းသည် ပညာရှိရာမရောက်ကြောင်း လေ့လာဆန်းစစ်သူက သတိပေးခဲ့သည်။

“နှစ်နိုင်ငံကြား မညီမျှတဲ့ ဆက်ဆံရေး ရှိနေတဲ့အပေါ် အခုလို မှီခိုမှု ပိုမိုမြင့်တက်လာတာက မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အသာစီးရယူနိုင်မှုကို ပိုမိုခိုင်မာစေပါတယ်” ဟု အဆိုပါ လေ့လာသူက ဆိုသည်။

ဘင်္ဂလားပင်လယ် ရွှေ့ကွက်

တရုတ်၏ လျှပ်စစ်ဓာတ်အားလိုင်းသည် အနောက်ဘက်သို့လည်း တိုးချဲ့လျက်ရှိသည်။ ပြီးခဲ့သည့်လအစောပိုင်းတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသတွင်း ဓာတ်အားလိုင်းတခု ထူထောင်ရန် အထက်တန်းအဆင့် ဆွေးနွေးပွဲများကို စတင်ခဲ့ကြသည်။ မြန်မာနိုင်ငံကို ပို့ဆောင်ရေးဗဟိုချက်အဖြစ် အသုံးပြုခြင်းဖြင့် ပေကျင်းသည် ၎င်း၏ ပိုလျှံနေသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ဘင်္ဂလားဒေ့ရှ်သို့ တိုက်ရိုက်ပေးပို့ရန် ရည်ရွယ်ထားသည်။ အကယ်၍ ဤအစီအစဉ် အကောင်အထည်ပေါ်လာပါက ရပ်ဝန်းနှင့် လမ်းကြောင်း အစီအစဉ် (Belt and Road Initiative) သည် ဘင်္ဂလားပင်လယ်ကွေ့ဆီ ဖြတ်သန်းမည်ဖြစ်ပြီး ပင်လယ်ရေကြောင်း ပိတ်ဆို့နိုင်သည့် နေရာများကို ကျော်လွန်ကာ နေပြည်တော်ရော ဒါကာကိုပါ တရုတ်၏ အခြေခံအဆောက်အအုံများနှင့် ပူးတွဲချည်နှောင်လိုက်မည်ဖြစ်သည်။

၂၀၁၉ ခုနှစ်က အရပ်သား NLD အစိုးရသည် ဓာတ်အားလိုင်း ချိတ်ဆက်မှုများကို စတင်စူးစမ်းခဲ့စဉ် တာဝန်ရှိသူများက ယင်းကို ယာယီဖြေရှင်းရေး နည်းလမ်းတခုအဖြစ်သာ ဖော်ပြခဲ့ကြသည်။ ပြည်တွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးသွားပါက မြန်မာနိုင်ငံသည် ပိုလျှံသော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယူနန်သို့ “ပြန်လည်ရောင်းချမည်” ဟု မျှော်လင့်ခဲ့ကြသည်။

ခုနစ်နှစ်အကြာတွင် အဆိုပါ မျှော်လင့်ချက်များမှာ ပြိုလဲသွားခဲ့ပြီဖြစ်သည်။ ပြည်တွင်း ဓာတ်အားထုတ်လုပ်မှုမှာ ပျက်စီးသွားခဲ့ပြီး စက်ရုံများသည် မီးမှန်မှန်ရရှိရန် ရုန်းကန်နေရကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား “တင်ပို့မှု” ဆိုသည်မှာ လက်ရှိတွင် တလလျှင် တနာရီကီလိုဝပ် ဘီလီယံ ၃၀ ကျော် ထုတ်လုပ်နေသည့် ယူနန်ဓာတ်အားလိုင်းသို့ ဖြည့်ဆည်းပေးရန် မြန်မာ့မြေပေါ်တွင် မြန်မာ့ရေအားဖြင့် တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများက လည်ပတ်နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အနည်းငယ်မျှသာ ဖြစ်တော့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ How China Built a ‘Kill Switch’ Into Myanmar’s Power Grid ကို ဘာသာပြန်သည်။)

]]>
တရုတ် ထောက်ခံမှု တသီတတန်း ရလာချိန် မြစ်ဆုံဆည်စီမံကိန်းကို နေပြည်တော် ပြန်အသက်သွင်း https://burma.irrawaddy.com/news/2026/04/28/412899.html Tue, 28 Apr 2026 08:40:54 +0000 https://burma.irrawaddy.com/?p=412899 ပြီးခဲ့တဲ့ စနေနေ့က ကချင်ပြည်နယ်မှာ တရုတ်ကျောထောက်နောက်ခံပြု ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ လူထုတွေ့ဆုံပွဲတခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။]]>

နေပြည်တော် စစ်အစိုးရသစ်ဟာ ရပ်နားထားတာ ကြာပြီဖြစ်တဲ့ မြစ်ဆုံဆည်စီမံကိန်း ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာပြီး၊ ပြီးခဲ့တဲ့ စနေနေ့က ကချင်ပြည်နယ်မှာ တရုတ်ကျောထောက်နောက်ခံပြု ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ လူထုတွေ့ဆုံပွဲတခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီလို တွန်းအားပေး လုပ်ဆောင်မှုဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော် ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပြီး၊ ဝမ်ယိက စစ်တပ်ကြီးစိုးတဲ့ အစိုးရသစ်အတွက် ထောက်ခံမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကတိပြုခဲ့ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲဟာ နံပါတ် ၂ စစ်ခေါင်းဆောင်ဟောင်း စိုးဝင်းက စီမံကိန်းပြန်စမယ်လို့ ဒီဇင်ဘာလမှာ ကြေညာခဲ့ပြီးနောက်ပိုင်း ၁၄ ကြိမ်မြောက် ပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။ စစ်အစိုးရမီဒီယာတွေရဲ့ အဆိုအရ စနေနေ့က ပွဲကို စစ်တပ်ခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံကောလိပ်ကျောင်းသားတွေ အပါအဝင် လူပေါင်း ၇၆၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒီဆည်ဟာ ဒေသတွင်း လျှပ်စစ်မီးရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဒေသခံတွေဟာ ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းမှုကြောင့် ဧပြီ ၁၈ ရက်ကတည်းက မီးပြတ်နေတာ ဒုတိယမြောက် သီတင်းပတ်ထဲကို ရောက်နေချိန်မှာ သူက အခုလို ပြောဆိုလိုက်တာပါ။ စီမံကိန်းပြန်စမယ့် အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ဒါဟာ “နောင်လာနောက်သားတွေအတွက် ပိုကောင်းတဲ့ အခွင့်အလမ်းတွေ” ယူဆောင်လာပေးမှာဖြစ်တယ်လို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဧပြီ ၂၅ ရက် တွေ့ဆုံပွဲ မတိုင်ခင်မှာလည်း ဝန်ကြီးတွေက ဒီဆည်ဟာ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ အခိုင်အမာပြောဆိုရင်း စီမံကိန်းရဲ့ အကျိုးကျေးဇူးတွေကို ဝါဒဖြန့်တဲ့ ပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ပါသေးတယ်။ တခြားတွေ့ဆုံပွဲတွေကိုတော့ အစိုးရအရာရှိတွေနဲ့ စစ်တပ်လိုလားတဲ့ ကချင်တက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ ရေအားလျှပ်စစ်စီမံကိန်း အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ” က စီစဉ်တာ ဖြစ်ပါတယ်။

ဝမ်ယိဟာ သူ့ရဲ့ခရီးစဉ်အတွင်းမှာ သမ္မတ ဦးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဦးမင်းအောင်လှိုင်ဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို အကောင်အထည်ဖော်ဖို့နဲ့ စွမ်းအင်၊ ကုန်သွယ်ရေး၊ အခြေခံအဆောက်အအုံ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကတိပြုခဲ့သလို၊ ဝမ်ယိကလည်း ပေကျင်းအနေနဲ့ ဆက်လက်ထောက်ခံသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

မေခနဲ့ မလိခ မြစ်နှစ်သွယ်ဆုံရာ တောင်ဘက် ၃.၂ ကီလိုမီတာမှာ တည်ရှိတဲ့ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံစီမံကိန်း (၆,၀၀၀ မဂ္ဂါဝပ်) ဟာ ငလျင်အန္တရာယ်၊ လူနေရပ်ကွက်တွေ ဖယ်ရှားခံရမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြလို့ ၂၀၁၁ ခုနှစ်မှာ ရပ်နားခဲ့ရတာပါ။ ဒီနေရာဟာ ပြီးခဲ့တဲ့နှစ် မတ်လက ၇.၇ အဆင့်ရှိ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ဖူးတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ၂၅ ကီလိုမီတာသာ ဝေးပါတယ်။ ဒီစီမံကိန်းရဲ့ ကနဦး တည်ဆောက်ရေးလုပ်ငန်းတွေကြောင့် လူပေါင်း ၁၅,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး ဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကတော့ ဒီဆည်စီမံကိန်းကို ပြတ်ပြတ်သားသား ဆက်လက်ကန့်ကွက်ကြောင်းနဲ့ ဒါဟာ ဒေသခံလူထုရဲ့ ဆန္ဒအစစ်အမှန်ဖြစ်ကြောင်း ထပ်လောင်းပြောကြားထားပါတယ်။

ဒီလို အတိတ်က သမိုင်းကြောင်းတွေ ရှိနေပေမဲ့လည်း နေပြည်တော်ဟာ တရုတ်ကုမ္ပဏီဖြစ်တဲ့ SPICYN နဲ့အတူ ဧရာဝတီမြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းတွေကို ပြန်လည်သုံးသပ်ဖို့ ကော်မတီတွေကို အသက်သွင်းလာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ သုတေသနလုပ်ငန်းတွေ၊ နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းမှုတွေနဲ့ လူထုဆက်ဆံရေးပိုင်းတွေကို ကြီးကြပ်ဖို့ အဖွဲ့သစ်တခုကို ဖွဲ့စည်းခဲ့ပါတယ်။

တချိန်တည်းမှာပဲ နေပြည်တော်ဟာ စက်သုံးဆီ ခွဲတမ်းစနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆီဆိုင်တွေက ရုန်းရင်းဆန်ခတ်မှုတွေနဲ့ လောင်စာဆီ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ပေကျင်းဆီကနေ စွမ်းအင်အကူအညီ တောင်းခံနေရပါတယ်။

ဒီလအစောပိုင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ဟာ တရုတ်နိုင်ငံကို သွားရောက်ပြီး ရေရှည်အတွက် ဈေးသက်သာတဲ့ လောင်စာဆီ တင်သွင်းရေးနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်ဟာ နေပြည်တော် အနေနဲ့ ရေအားလျှပ်စစ်တင်မကဘဲ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ တခြား မဟာဗျူဟာမြောက် ထောက်ပံ့မှုတွေအတွက် ပေကျင်းအပေါ် ပိုမိုမှီခိုလာရတာကို မီးမောင်းထိုးပြနေပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အဆိုအရ စစ်အရာရှိတွေဟာ ဒေသခံတွေကို ဆည်စီမံကိန်း လက်ခံလာအောင် ခြိမ်းခြောက်တာ ဒါမှမဟုတ် မက်လုံးပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် “ခိုင်လုံတဲ့ အထောက်အထား” မရှိဘဲ ကန့်ကွက်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်ပြီး ဆန္ဒပြမှုတွေကိုလည်း ဖိနှိပ်ထားပါတယ်။

လေ့လာသူတွေကတော့ ဝမ်ယိရဲ့ ခရီးစဉ်၊ ဦးကိုကိုလွင်ရဲ့ တရုတ်ခရီးစဉ်တွေနဲ့ မြစ်ကြီးနားက တွေ့ဆုံပွဲတွေ တိုက်ဆိုင်နေတာဟာ နေပြည်တော်ရဲ့ လုပ်ငန်းစဉ်တွေအပေါ် ပေကျင်းက အသေအချာ ထိန်းချုပ်ထားနိုင်ပြီဆိုတာကို ပြသနေတယ်လို့ ယူဆကြပါတယ်။ မြစ်ဆုံစီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းအားဖြင့် ဦးမင်းအောင်လှိုင်ဟာ တရုတ်အပေါ် သစ္စာရှိမှုကို ပြသနေတာဖြစ်သလို၊ တနေ့တခြား အထီးကျန်လာတဲ့ သူ့ရဲ့အစိုးရအတွက် တရုတ်ရဲ့ နိုင်ငံတကာရေးရာ အကာအကွယ်ကို ရယူဖို့ မဟာဗျူဟာမြောက် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Regime Ramps Up Myitsone Push as China Pours On Support ကို ဘာသာပြန်သည်။)

]]>
နေပြည်တော်အစိုးရသစ်ကို သံတမန်ရေး ထောက်ခံမှု တရုတ် တန်းစီ ပြသ https://burma.irrawaddy.com/news/2026/04/23/412774.html Thu, 23 Apr 2026 06:33:09 +0000 https://burma.irrawaddy.com/?p=412774 တရုတ်နိုင်ငံက နေပြည်တော်နဲ့ ရန်ကုန်ဆီ ကိုယ်စားလှယ်အဖွဲ့တွေ တသီတတန်းကြီး စေလွှတ်ပြီး ဆက်ဆံရေး ပိုမိုခိုင်မာအောင် အလျင်အမြန် လုပ်ဆောင်လာပါတယ်။]]>

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် မိမိကိုယ်ကိုယ် သမ္မတအဖြစ် ခန့်အပ်ပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ တွန့်ဆုတ်နေကြပေမဲ့၊ တရုတ်နိုင်ငံကတော့ နေပြည်တော်နဲ့ ရန်ကုန်ဆီ ကိုယ်စားလှယ်အဖွဲ့တွေ တသီတတန်းကြီး စေလွှတ်ပြီး ဆက်ဆံရေး ပိုမိုခိုင်မာအောင် အလျင်အမြန် လုပ်ဆောင်လာပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ ဟေးလုံကျန်းပြည်နယ် (Heilongjiang) ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌနဲ့ ပြည်နယ်ပါတီအတွင်းရေးမှူး ဖြစ်သူ ရွှီချင် (Xu Qin) ဟာ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီလအစောပိုင်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ရာထူးတက်ပွဲလုပ်ပြီးနောက်ပိုင်း ဒါဟာ အဆင့်မြင့် နိုင်ငံခြားအရာရှိတဦးရဲ့ ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး၊ ဒီအပတ်မှာ လာရောက်မယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်မတိုင်ခင် ဖြစ်ပေါ်လာတာပါ။

စစ်ကောင်စီမီဒီယာတွေရဲ့ အဆိုအရ နှစ်ဖက်စလုံးဟာ “ပေါက်ဖော်” ဆက်ဆံရေး၊ တရုတ်ရဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်နဲ့ “တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့နဲ့ ထိပ်သီးခေါင်းဆောင်တွေအကြား ချစ်ကြည်ရေးခရီးစဉ်တွေ လဲလှယ်သွားဖို့လည်း ကတိပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ပုံမှန်အားဖြင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့နဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်ကိုပဲ အဓိကထားလေ့ရှိတာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ မြောက်ဘက်အစွန်းဆုံးမှာရှိ တဲ့ ဟေးလုံကျန်းပြည်နယ်ဟာ စစ်ကောင်စီရဲ့ နောက်ထပ်မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် အခုလို မိတ်ဖက်ဖြစ်လာတာဟာ မြန်မာနိုင်ငံနဲ့ ပထဝီအရ ဝေးကွာပေမဲ့ နိုင်ငံရေးအရတော့ အရေးပါတဲ့ အချက်ဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ရွှီချင်နဲ့ မင်းအောင်လှိုင်တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးအတွက် ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ ဟာဘင် (Harbin) မြို့ကို သွားရောက်စဉ်မှာ နောက်ဆုံးတွေ့ဆုံခဲ့ကြတာပါ။

အခုနောက်ဆုံး ဆွေးနွေးပွဲမှာတော့ သိပ္ပံနဲ့ နည်းပညာ၊ စက်မှု၊ စိုက်ပျိုးရေး၊ လုံခြုံရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ လူငယ်ရေးရာ၊ ပညာရေးနဲ့ အထူးသဖြင့် စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပါဝင်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းက စစ်ပွဲတွေကြောင့် လောင်စာဆီပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ဦးမင်းအောင်လှိုင်ဟာ လျှော့ဈေးနဲ့ ရရှိမယ့် ဆီနဲ့ သဘာဝဓာတ်ငွေ့တွေအပြင် ရေရှည်စွမ်းအင်ဆိုင်ရာ သဘောတူညီချက်တွေရဖို့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ကို ရုရှားနဲ့ တရုတ်နိုင်ငံတွေဆီ မကြာသေးခင်က စေလွှတ်ခဲ့ပါသေးတယ်။

အင်္ဂါနေ့က တွေ့ဆုံပွဲမှာ စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးအသင်း (MCITP) ကတဆင့် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုကို မြှင့်တင်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒီအသင်းဟာ ၂၀၂၆ ကနေ ၂၀၃၀ အကြားမှာ တရုတ်နိုင်ငံဆီကနေ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀၀ ဘီလီယံ (ယွမ် ၃.၅ ထရီလီယံ) ရရှိအောင် ဆွဲဆောင်ဖို့ ရည်မှန်းထားတာပါ။ ဝေဖန်သူတွေကတော့ ဒါဟာ မြန်မာနိုင်ငံရဲ့ နှစ်စဉ် GDP ထက် ၇ ဆ ကနေ ၈ ဆအထိ များနေတာကြောင့် လက်တွေ့မကျတဲ့ ရည်မှန်းချက်လို့ ဆိုကြပါတယ်။ တရုတ်သံအမတ်ကြီး မာကျား ကတော့ ဒီအသင်းဟာ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် “အရှိန်မြှင့်စက်” နဲ့ “တည်ငြိမ်အောင်လုပ်ပေးမယ့်အရာ” လို့ တင်စားပြောဆိုထားပါတယ်။

သီးခြားအနေနဲ့ ရွှီချင်ဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနဲ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး တရုတ်နဲ့ မြန်မာလုပ်ငန်းရှင်တွေအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။ သဘောတူညီချက် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာလည်း ရန်ကုန်မြို့မှာ ကွမ်တုံး-မြန်မာ စီးပွားရေးနဲ့ ကုန်သွယ်မှု လဲလှယ်ရေး အစည်းအဝေးကို ကျင်းပခဲ့သလို၊ ကွမ်တုံး-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသကြီးမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ပြသခဲ့တယ်လို့ ဆင်ဟွာသတင်းအရ သိရပါတယ်။

အခုလို တရုတ်ကိုယ်စားလှယ်တွေ တဖွဲဖွဲ လာရောက်နေတာဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချဖို့ တရုတ်ယွမ်ငွေကို စတင်လက်ခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီးနောက်မှာ ဖြစ်ပေါ်လာတာပါ။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားခဲ့ပေမဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူတဦးအဖြစ် ရှိနေဆဲပါ။ စစ်ကောင်စီရဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၅ ဧပြီလကနေ ၂၀၂၆ ဖေဖော်ဝါရီလအထိ တရုတ်နိုင်ငံက ဒေါ်လာ ၁၆၀ သန်းခန့် ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း မတ်လ ၃၁ ရက်မှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ယခင်နှစ်က ဒေါ်လာ ၆၉၀.၁ သန်းရှိရာကနေ ဒေါ်လာ ၄၇၂.၆ သန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းတို့ဟာ ထိပ်တန်းရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ပါတယ်။

ISP-Myanmar ရဲ့ မှတ်ချက်အရ ပေကျင်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရားဝင်ကိန်းဂဏန်းတွေထဲမှာတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ထည့်သွင်းထားခြင်း မရှိပါဘူး။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ China Launches Diplomatic Offensive to Support New Myanmar Regime ကို ဘာသာပြန်သည်။)

]]>
မင်းအောင်လှိုင်၏ စိတ်ကူးယဉ် စီးပွားရေး ဘတ်ဂျက် https://burma.irrawaddy.com/article/2026/03/11/411713.html Wed, 11 Mar 2026 09:07:56 +0000 https://burma.irrawaddy.com/?p=411713 ပြီးခဲ့သည့် ငါးနှစ်တာ ကိန်းဂဏန်းများအရ ဆက်ခံစရာ စီးပွားရေးဟူ၍ မကျန်တော့သလောက် ဖြစ်နေသည်ကို တွေ့ရသည်။]]>

ပြီးခဲ့သည့်အပတ်က နေပြည်တော်တွင် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးကို ကျင်းပခဲ့ရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်တခုကို တင်ပြနေခြင်း မဟုတ်ခဲ့ဘဲ စီးပွားရေးဆိုင်ရာ စိတ်ကူးယဉ်ဇာတ်လမ်းတခုကို ဖန်တီးနေခြင်းသာ ဖြစ်သည်။

၎င်းကိုယ်တိုင် ခန့်အပ်ထားသော ယာယီသမ္မတအဖြစ် အခြားတာဝန်ရှိသူများကို မိန့်ခွန်းပြောကြားရာတွင် နိုင်ငံ၏ GDP ကို ကျပ် ၁၉၅.၀၃ ထရီလီယံ (တရားဝင် ငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၉၃ ဘီလီယံခန့် သို့မဟုတ် ပြင်ပပေါက်ဈေးအရ ဒေါ်လာ ၄၀ ဘီလီယံခန့်) ရှိမည်ဟု ခန့်မှန်းထားပြီး၊ စီးပွားရေးတိုးတက်မှုနှုန်း ၃.၄ ရာခိုင်နှုန်း ရရှိမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ဤကိန်းဂဏန်းများသည် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်နေခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြည်ပသို့ စီးထွက်ကုန်ခြင်းနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုအောက်တွင် အသက်ရှူကျပ်နေသည့် မြေပြင်အခြေအနေများနှင့် လုံးဝဆီလျော်မှု မရှိပေ။

ဖောင်းပွနေသော ဤကိန်းဂဏန်းများနောက်ကွယ်တွင် ပြတ်သားသော နိုင်ငံရေးသတင်းစကားတခု ပါရှိသည်။ ဧပြီလဆန်းတွင် ကျမ်းသစ္စာကျိန်ဆိုမည့် အရပ်ဝတ်လဲထားသော စစ်ဗိုလ်ချုပ်ဟောင်းများ၏ “အစိုးရသစ်” လက်ထက်တွင် စစ်တပ်၏ အစီအစဉ်များကို “အနှောင့်အယှက်မရှိ” ဆက်လက်လုပ်ဆောင်နိုင်ရန် ဤဘတ်ဂျက်သည် ဦးစားပေးအသုံးစရိတ်များကို သေသေချာချာ သတ်မှတ်ထားရမည်ဟု မင်းအောင်လှိုင်က အခိုင်အမာ ပြောဆိုခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့် ငါးနှစ်တာ ကိန်းဂဏန်းများအရ ဆက်ခံစရာ စီးပွားရေးဟူ၍ မကျန်တော့သလောက် ဖြစ်နေသည်ကို တွေ့ရသည်။

၃.၄ ရာခိုင်နှုန်း တိုးတက်မှု စစ်ကောင်စီ၏ ခန့်မှန်းချက်မှာ ကြားကောင်းသော်လည်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာများကို အစဉ်လိုက်ဖတ်ကြည့်ပါက မင်းအောင်လှိုင် ပြောဆိုနေသော တိုးတက်မှု အခြေခံအချက်များ လုံးဝ ပျက်စီးနေကြောင်း ထင်ရှားသည်။

မင်းအောင်လှိုင်သည်ပင် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်များကို “တိကျမှုမရှိဘဲ မပြည့်စုံဘူး” ဟု လူသိရှင်ကြား ပယ်ချခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ GDP သည် ၂၀၂၄-၂၅ တွင် ဒေါ်လာ ၇၆.၄ ဘီလီယံရှိခဲ့ပြီး ၂၀၂၅-၂၆ တွင် ဒေါ်လာ ၈၁.၆ ဘီလီယံအထိ မြင့်တက်လာမည်ဟု ၎င်းက ပြောဆိုခဲ့သည်။ အဆင်ပြေရုံ ချန်လှပ်ထားခဲ့သည့်အချက်မှာ ဤကိန်းဂဏန်းများသည် စစ်ကောင်စီက လုပ်ကြံသတ်မှတ်ထားသော တရားဝင်ငွေလဲနှုန်းအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။ ပြင်ပပေါက်ဈေးဖြင့် တွက်ချက်မည်ဆိုပါက စီးပွားရေး၏ တကယ့်ဒေါ်လာတန်ဖိုးမှာ ၎င်းပြောဆိုချက်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ရှိတော့သည်ကို နေ့စဉ် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရသော ပြည်သူများက အသိဆုံးဖြစ်သည်။

ဤကွာဟချက်ကို ဂရုမစိုက်ဘဲ မင်းအောင်လှိုင်က “ပြင်ပက ဘယ်လိုပဲ ခန့်မှန်းခန့်မှန်း၊ ပြည်သူတွေက စိတ်အားထက်သန်စွာနဲ့ ကြိုးစားလုပ်ကိုင်မယ်ဆိုရင် ဒီခန့်မှန်းချက်တွေကို ကျော်လွှားပြီး GDP တိုးတက်မှုကို အမှန်တကယ် ရရှိနိုင်မယ်” ဟု ပြီးခဲ့သည့်နှစ်တွင် ပြောခဲ့သည်။ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လုပ်သားအင်အား အများဆုံး လူငယ်များ စစ်ထဲမဝင်ရရေး ပြည်ပသို့ ထွက်ပြေးနေကြရချိန်တွင် ဤသို့ပြောဆိုခြင်းမှာ အဓိပ္ပာယ်မဲ့လွန်းသည်။

ကမ္ဘာ့ဘဏ်၏ သုံးသပ်ချက်မှာမူ စစ်ကောင်စီ၏ ပြောဆိုချက်များလောက် စိတ်ကူးယဉ်မဆန်ပေ။ ၂၀၂၅ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာတွင် ၂၀၂၅-၂၆ အတွက် GDP တိုးတက်မှုမှာ -၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပြီး ဒီဇင်ဘာလတွင် -၂.၀ ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့သည်။ ဤစီးပွားရေးကျဆင်းမှုမှာ ၂၀၂၅ မတ်လတွင် ဖြစ်ပွားခဲ့သော ရစ်ခ်ျတာစကေး ၇.၇ ရှိသည့် ငလျင်ကြောင့်လည်း ပါဝင်ပြီး အဆိုပါငလျင်တခုတည်းကပင် GDP ၏ ၄ ရာခိုင်နှုန်းခန့်ကို ပျက်စီးစေကာ ဒေါ်လာ ၁၁ ဘီလီယံဖိုးခန့် ဆုံးရှုံးစေခဲ့သည်။

ယခုနောက်ဆုံး ကြုံတွေ့ရသော ပျက်စီးဆုံးရှုံးမှုများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ပြိုလဲနေမှု လမ်းကြောင်းကို ပိုမိုဆိုးရွားစေခဲ့သည်။ အာဏာသိမ်းပြီးပြီးချင်း ၂၀၂၀-၂၁ တွင် -၉.၀ ရာခိုင်နှုန်းနှင့် ၂၀၂၁-၂၂ တွင် -၁၂.၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပြီးနောက်၊ စီးပွားရေးသည် ခေတ္တမျှ ပြန်လည်ဦးမော့လာသယောင် ရှိခဲ့သော်လည်း ယခုအခါ ပြန်လည်ကျဆင်းနေသည်။

ပဋိပက္ခများကြောင့် ကုန်သွယ်ရေး အနှောင့်အယှက်ဖြစ်ခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် လုပ်သားအင်အား ပြည်ပသို့ ထွက်ခွာခြင်းတို့ကြောင့် GDP သည် ၂၀၂၄-၂၅ တွင် -၁.၀ ရာခိုင်နှုန်းနှင့် ၂၀၂၅-၂၆ တွင် -၂.၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံဈေးကွက် မတည်မငြိမ်ဖြစ်လာပြီးနောက်၊ စစ်ကောင်စီက နိုင်ငံခြား အရန်ငွေကို ထိန်းသိမ်းရန် လောင်စာဆီကို ခွဲတမ်းဖြင့် ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်းမှာလည်း အသက်ရှူကျပ်နေသော စီးပွားရေးကို နောက်ထပ် ရိုက်ခတ်မှုတခု ဖြစ်လာစေသည်။

စီးပွားရေးပညာရှင် ရှောင်တာနဲလ်က ဧရာဝတီသို့ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအရ မင်းအောင်လှိုင် တင်ပြသွားသော GDP နှင့် တိုးတက်မှု ခန့်မှန်းချက်များသည် လက်တွေ့မကျကြောင်း ဆိုသည်။

“ဒီလောက်ထိ စိတ်ကူးယဉ်ဆန်နေတာကတော့ Booker Prize စာပေဆု တောင် ရနိုင်ပါတယ်။ တခြားအရာတွေအပြင် အခုတော့ လောင်စာဆီမရှိဘဲနဲ့ စီးပွားရေးက မှော်ဆန်စွာ တိုးတက်နေပြီပေါ့” ဟု ၎င်းက သရော်ခဲ့သည်။

ကမ္ဘာ့ဘဏ်က ၂၀၂၆-၂၇ အတွက် ၃.၀ ရာခိုင်နှုန်း တိုးတက်မည်ဟု သတိကြီးစွာဖြင့် ခန့်မှန်းထားသော်လည်း ယင်းမှာ “အသက်ရှင်သန်နေရုံသာဖြစ်ပြီး ကြီးပွါး ထွန်းကားနေခြင်းမဟုတ်” ကြောင်း သတိပေးထားသည်။ လာမည့်နှစ်တွင် တိုးတက်မှု အနည်းငယ်ရှိလာခြင်းမှာ အမှန်တကယ် စီးပွားရေး ပြန်ကောင်းလာခြင်း မဟုတ်ဘဲ၊ အောက်ခြေအကျဆုံး အခြေအနေမှ ပြန်တက်လာသည့် ကိန်းဂဏန်းပြောင်းလဲမှုသာ ဖြစ်ပြီး ငလျင်အပြီး အဓမ္မပြန်လည်ထူထောင်ရေး လုပ်ငန်းများကြောင့်သာ ဖြစ်သည်။

မြန်မာ့စီးပွားရေး၏ ပုပ်ပွမှုမှာ လျစ်လျူရှုထား၍ မရတော့ပေ။ စစ်ကောင်စီသည် အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်မှု လက်လွတ်နေရပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ခန်းခြောက်နေသဖြင့် အသက်ဆက်နိုင်ရန် ငွေစက္ကူများကိုသာ ရိုက်နှိပ်နေရသည်။ ၂၀၂၅ ဧပြီလတွင် ငွေကြေးဖောင်းပွမှုနှုန်း ၃၄.၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စားသောက်ကုန်နှင့် သယ်ယူပို့ဆောင်ရေး စရိတ်များမှာ အလျင်အမြန် မြင့်တက်နေသည်။ ဆင်းရဲမွဲတေမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး လူဦးရေ ၁၇ သန်းခန့်မှာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် ရုန်းကန်နေကြရသည်။

စစ်ခေါင်းဆောင်က ၎င်း၏ အရာရှိများကို စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများကို ဦးစားပေးရန် တိုက်တွန်းခဲ့သော်လည်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အစည်းအဝေးခန်းမ အပြင်ဘက်တွင်မူ မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေပြီး လျှပ်စစ်မီးပြတ်တောက်မှုများ ပိုမိုဆိုးရွားလာကာ သန်းနှင့်ချီသော ပြည်သူများ အစာရေစာ မလုံလောက်မှုနှင့် ကျန်းမာရေး၊ ပညာရေးစနစ် ပြိုလဲမှုဒဏ်များကို ရင်ဆိုင်နေကြရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Boss’s Budget Built on Economic Fantasy ကို ဘာသာပြန်ဆိုသည်။)

]]>