တင်ညွန့်, Author at ဧရာဝတီ https://burma.irrawaddy.com/author/tin-nyunt Covering Burma and Southeast Asia Fri, 25 Sep 2026 10:04:53 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png တင်ညွန့်, Author at ဧရာဝတီ https://burma.irrawaddy.com/author/tin-nyunt 32 32 ပါတီ ဥက္ကဋ္ဌ ငတာ https://burma.irrawaddy.com/article/2026/09/26/416533.html Sat, 26 Sep 2026 01:00:55 +0000 https://burma.irrawaddy.com/?p=416533 လူတွေပါလာရင် ကျုပ် ဥက္ကဋ္ဌ ဘယ်လုပ်လို့ ရတော့ မှာလဲဗျ၊ ဥက္ကဋ္ဌ လုပ်ချင်လွန်းလို့ ခွေးတွေနဲ့ ပါတီ ထောင်ထားတာ၊ ဒါပဲနော် ကျောင်းဆရာ ... ကျုပ်ကုလားထိုင်တော့ လာမလုနဲ့…]]>
(သရော်စာ)

ရပ်ကွက်ထဲက ရုံးနဲ့ကပ်ရက်မှာ အဖီလေးတခု ရှိတယ်။

အရင်ကတော့ ဝိတ်မတဲ့ နေရာ။ ခုတော့ ရပ်ကွက်ထဲ အရက်သမားက များများဆိုတော့ ဝိတ်ရုံလည်း ပျက်သွားပြီ။ အဲဒီအဖီလည်း ငတာဂေဟာ အလိုလို ဖြစ်သွားတော့တာပဲ။

အဲဒီအဖီဟာ ငတာ နဲ့ သူ့ဘော်ဒါ ခွေးအပေါင်း ရဲ့ ပလေးဂရောင်းပေါ့။

ငတာ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး။ တနေ့တော့ သူ့အဖီရှေ့မှာ ဘုတ်ကြီးတခု ထောင်ထားတယ်။

ဘုတ်ပေါ်မှာလည်း ဘာတဲ့-

“ဂရင်ဂျီထ ငနီမ”
“ဝဲခြောက်စွဲ ငမည်း”
“တဘက်လပ် ဖိုးမှတ်”
“ခြေကျိုး ငမြွေထိုး”
“ဖင်လိမ် ခါးပိန် ဒိုးစိန်”
“ကြာကူလီ နှာထ ဗလ” ဆိုတဲ့ စာတန်းတွေ ရေးပြီး ထောင်ထားတယ်။

ကျနော်က ငတာ့ ကို “ငတာ အဲဒါ ဘာတွေ လုပ်နေတာလဲ” လို့ မေးလိုက်မိတယ်။

“ဒီမှာ ကျောင်းဆရာ ကျုပ် ပါတီ ထောင်ထားတယ်။ တလောက ခွေးကောင်စီ ထောင်တာ၊ ဥက္ကဋ္ဌ လုပ်ချင်တဲ့ သူတွေချည်း ဖြစ်နေလို့၊ ဒီနေ့ နောက်ထပ် ခွေးပါတီ ထထောင်တာ၊ အဲဒါတွေက ကျုပ်ပါတီဝင်တွေပဲ” လို့ ပြောလိုက်တယ်။

“မင်းပါတီက ခွေးတွေချည်းပဲလားကွ လူတွေ မပါဘူးလား”
“ကျုပ်တယောက်လုံး ပါတယ်လေဗျာ”
“တခြားလူတွေ မပါဘူးလားလို့ မေးတာ”
“လူတွေပါလာရင် ကျုပ် ဥက္ကဋ္ဌ ဘယ်လုပ်လို့ ရတော့ မှာလဲဗျ၊ ဥက္ကဋ္ဌ လုပ်ချင်လွန်းလို့ ခွေးတွေနဲ့ ပါတီထောင်ထားတာ၊ ဒါပဲနော် ကျောင်းဆရာ … ကျုပ်ကုလားထိုင်တော့ လာမလုနဲ့။ ခွေးတွေရဲ့ဆရာ ငတာပါဗျ” တဲ့။

ဟုတ်ကဲ့ ခွေးညီလာခံက တင်မြှောက်လိုက်တဲ့ ဥက္ကဋ္ဌ ငတာ၊ ရပ်ကွက်ထဲမှာ အေးချမ်းစွာ ခွေးတွေကို အုပ်ချုပ် နေပါတယ်ဗျာ။

သူလည်း ခွေးတောထဲမှာ ဆရာ။

ခုတော့ ဥက္ကဋ္ဌ ငတာ။

ခွေးပါတီ ဥက္ကဋ္ဌ ငတာပါတဲ့။ ။

၂၀.၉.၂၀၁၅
(စာရေးဆရာ တင်ညွန့် ရေးသားသည့် ဤ သရော်စာ ဆောင်းပါးကို မောက္ခ စာအုပ်တိုက် က ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ခွေးထိန်း ငတာ” ပထမ အကြိမ် စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

မှတ်ချက်။ ။ စာရေးဆရာ တင်ညွန့်သည် အမျိုးသားစာပေဆုရှင် နှင့် အငြိမ်းစား ကျောင်းဆရာ ဖြစ်ပြီး လက်ရှိတွင် တရားမဝင် ထုတ်ဝေစာကြောင့်ဟု စွပ်စွဲကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။ စွပ်စွဲခံရသော စာအုပ်များမှာ “ခွေးထိန်း ငတာ၊ ဗိုလ်ချုပ်တွေကို ကျွန်တော် ညာခဲ့သည်၊ ဦးသန်းရွှေ ၏ ယတြာများ” ဖြစ်ကြောင်း သိရသည်။ ထုတ်ဝေရေး လုပ်သည့် မောက္ခ စာပေတိုက်သည်လည်း လိုင်စင် ရုပ်သိမ်းခံထားရသည်။

]]>
ခွေးတွေ အထက်မှာ ငတာ ရှိတယ် https://burma.irrawaddy.com/article/2026/09/12/416191.html Sat, 12 Sep 2026 01:00:54 +0000 https://burma.irrawaddy.com/?p=416191 ခွေးပါတီက ဝင်ချင်တိုင်း ဝင်လို့ရတာ မဟုတ်… ခွေးကျင့်တရား ခြောက်ပါးနဲ့ ညီရင် ခွေးပါတီဝင် ဖြစ်… ခွေးတွေအထက်မှာ ငတာ ရှိတယ်…]]>

(သရော်စာ)

ရပ်ကွက်ထဲမှာ ဒေါ်ပူစီ ဆိုတာ ရှိတယ်။

ဒေါ်ပူစီက တပတ်တကြိမ် ခွေး စတုဒီသာ ကျွေးတယ်။ ခွေး စတုဒီသာ ဆိုတာက တရပ်ကွက်လုံးက ခွေးတွေကို သူ့အိမ်မှာ ချက်ထားတဲ့ ထမင်းဟင်းတွေနဲ့ ကျကျနန ကျွေးတာ။

ဇလုံတွေကလည်း စတီးဇလုံတွေနဲ့ ထည့်ပြီး သန့်သန့်ရှင်းရှင်း ကျွေးတယ်။ အဲဒီ ခွေးစတုဒီသာရဲ့ အကြီးအမှူးကတော့ ထုံးစံအတိုင်း ကျနော်တို့ ဇာတ်လိုက်ကြီး ငတာ ပေါ့။

ငတာက ခွေးစတုဒီသာကို တုတ်တချောင်းနဲ့ ထိန်းတယ်။ သူ့ရှေ့မှာတော့ စားခွက်မလုနဲ့ တုတ်စာမိသွားမယ်။ ခွေး ဆိုတာကလည်း သိတယ် မဟုတ်လား။ လာချင်တဲ့ နေရာကနေ ရောက်လာကြတာ။

ရပ်ကွက်အထာနဲ့ ငတာ့ အထာကို မသိလို့ကတော့ ကျောကော့အောင် ခံသွားရမယ်။

တနေ့ ကျနော်လည်း မြို့ထဲကပြန်လာရင်းက ငတာတို့ ခွေးစတုဒီသာနဲ့ ကြုံလို့ စိတ်ဝင်စားပြီး ရပ်ကြည့်နေမိတယ်။ ငတာက တုတ်တချောင်းနဲ့ အလုပ်ရှုပ်နေတယ်။

“ကိုယ့်ခွက် ကိုယ်စားနော်။ အခွင့်အရေးရတယ် ဆိုပြီး သူများ စားခွက် သွားမနှိုက်နဲ့။ တုတ်စာမိသွားမယ်။ တယ်… ဒီခွေးတွေ စားခွက်လုရတာ တယ်ပြီး ဝါသနာကြီးပါလား။ အေးလေ တခါတလေ စားရတာ ဆိုပေမယ့် နတ်သုဓာကိုး မက်မောပေမပေါ့” လို့ ပြောပြီး တုတ်တချောင်းနဲ့ လိုက်ထိန်းပေးနေတယ်။

ထူးခြားတာက ငတာ့ ခွေးစတုဒီသာပွဲကို ဝင်ခွင့်မရတဲ့ ခွေးတွေပဲ။ အဲဒီကောင်တွေဆိုရင် အဝေးမှာ အမြီးကုတ်နေရတယ်။

ဒေါ်ပူစီကလည်း ခွေးချုပ်ကြီး ငတာ အလိုတော်အတိုင်း ဘာတခွန်းမှ ဝင်ပြောရဲတာ မဟုတ်ဘူး။ ဒီခွေးတွေကို သူပဲ နိုင်အောင်ထိန်းပြီး စီမံ ကျွေးနေရတာလေ။

ကျနော်က ငတာ ရုံးကို ပြန်လာတော့ “နေစမ်းပါဦး ငတာရယ် … မင်းကဘာဖြစ်လို့ ခွေးတချို့ကို ထမင်းမကျွေးတာလဲ” လို့ မေးလိုက်တော့-

ငတာက “အဲဒီကောင်တွေက ခွေးပါတီဝင်တွေ မဟုတ်လို့” ဆိုပြီး ပြောလိုက်တယ်။

ငတာနဲ့ ပြောလိုက်ရင် အဆန်းကြီးပဲ။

“ခွေးပါတီ ဘယ်လိုဝင်ရသလဲ ငတာရ လုပ်စမ်းပါဦး” လို့ ကျနော်က နောက်သလိုနဲ့ မေးလိုက်တော့။

ငတာက “ခွေးပါတီက ဝင်ချင်တိုင်း ဝင်လို့ရတာ မဟုတ်ဘူး ကျောင်းဆရာရ၊ ခွေးပါတီဝင်အဖြစ် ကျုပ်က သတ်မှတ်မှ ရတာ” တဲ့။

“လုပ်စမ်းပါဦး ငတာရယ်၊ ခွေးပါတီဝင်ကို မင်းက ဘယ်လို သတ်မှတ်တာလဲ”

“ခွေးကျင့်တရား ခြောက်ပါးနဲ့ ညီရင် ခွေးပါတီဝင် ဖြစ်တယ်ဗျာ”

“ဆန်းလှပေါ့ ငတာရယ်၊ ဆိုစမ်းပါဦး ခွေးကျင့်တရား ခြောက်ပါး ဆိုတာ”

“ခွေးဆိုတာ (တစ်) မပျင်းရဘူး။ (နှစ်) ရသမျှနဲ့ ရောင့်ရဲ တင်းတိမ်ရတယ်။ (သုံး) အိပ်ဆိုရင် ခေါင်းချတာနဲ့ ပျော်ရတယ်။ (လေး) ချွတ်ခနဲဆိုရင် နိုးရတယ်။ (ငါး) သခင့်ဆီမှာ အမြဲခစားရတယ်။ (ခြောက်) သခင်ကခိုင်းရင် ခိုင်းတဲ့အတိုင်း မကြောက်မရွံ့ လုပ်ရဲရတယ်ဗျ။ အဲဒါ ခွေးကျင့်တရား ခြောက်ပါးပဲ။ ဒီခြောက်ပါးနဲ့ ညီမညီဆိုတာ စောင့်ကြည့်ကာလ ရှိတယ်။ စောင့်ကြည့်ကာလ အတွင်း ခြောက်ပါးညီရင် ကျုပ်က ခွေးပါတီဝင် အဖြစ် သတ်မှတ်တယ်”

“ငတာရယ်… ဒါဆိုရင် မင်းက ခွေးတွေရဲ့ အထက်မှာပေါ့”

“ဟုတ်တာပေါ့ ကျောင်းဆရာရယ်။ ခွေးတွေအထက်မှာ ငတာ ရှိတယ်။ ငတာ့ လက်မှာ ကြိမ်လုံးရှိတယ်။ ရုတ်ရုတ် ရုတ်ရုတ် လုပ်လို့ကတော့ ကျောကော့သွားမယ်သာမှတ်” တဲ့ဗျာ။ ။

၂၂-၇-၂၀၁၅

(စာရေးဆရာ တင်ညွန့် ရေးသားသည့် ဤဆောင်းပါးကို မောက္ခ စာအုပ်တိုက် က ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ခွေးထိန်း ငတာ” ပထမ အကြိမ် စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

မှတ်ချက်။ ။ စာရေးဆရာ တင်ညွန့်သည် အမျိုးသားစာပေဆုရှင် နှင့် အငြိမ်းစား ကျောင်းဆရာ ဖြစ်ပြီး လက်ရှိတွင် တရားမဝင် ထုတ်ဝေစာကြောင့်ဟု စွပ်စွဲကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။ စွပ်စွဲခံရသော စာအုပ်များမှာ “ခွေးထိန်း ငတာ၊ ဗိုလ်ချုပ်တွေကို ကျွန်တော် ညာခဲ့သည်၊ ဦးသန်းရွှေ ၏ ယတြာများ” ဖြစ်ကြောင်း သိရသည်။ ထုတ်ဝေရေး လုပ်သည့် မောက္ခ စာပေတိုက်သည်လည်း လိုင်စင် ရုပ်သိမ်းခံထားရသည်။

]]>