ဝင်စတန်ဆက်အောင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/wsa Covering Burma and Southeast Asia Thu, 23 Jul 2026 08:44:16 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဝင်စတန်ဆက်အောင်, Author at ဧရာဝတီ https://burma.irrawaddy.com/author/wsa 32 32 ကြက်ဥဈေးဂယက်၊ ဆေးမြီးတို ပေါ်လစီများနှင့် တံတွေးစဉ်ခံရသူများ https://burma.irrawaddy.com/opinion/viewpoint/2026/07/22/414997.html Wed, 22 Jul 2026 04:54:44 +0000 https://burma.irrawaddy.com/?p=414997 လုပ်နေကြထုံးစံအတိုင်း ကုန်သည်တွေကို ဖမ်းလိုက်၊ ဈေးနှုန်းတွေကို ကန့်သတ်လိုက်ဆိုရင် အခြေအနေက ခဏတာတော့ ငြိမ်သွားနိုင်ပါတယ်။]]>

အခုလတ်တလော ကြက်ဥတလုံးဈေးက အရင် ၁၂၀ ကျပ်လောက်ကနေ ၇၀၀ ကျပ်နီးပါးအထိ တက်သွားလို့ ဂယက်ထနေတာတွေ တွေ့ရပါတယ်။

“ဘာကြောင့် ဒီလိုဖြစ်တာလဲ” ဆိုတဲ့ အကြောင်းရင်းကိုတော့ လူတော်တော်များများက အကြမ်းဖျင်းသိသလိုလို ရှိပေမယ့် တကယ်တမ်းကျတော့ ရှင်းရှင်းလင်းလင်း မသိကြသေးပါဘူး။

ဘယ်သူ့ကြောင့်ဖြစ်တယ်၊ ဘယ်လိုကန့်သတ်တဲ့ ပေါ်လစီတွေကြောင့်ဖြစ်တယ်ဆိုတာတော့ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမယ့် အဲဒီပေါ်လစီတွေကို ရပ်လိုက်ရုံ၊ ပယ်ဖျက်လိုက်ရုံနဲ့ အခြေအနေက ချက်ချင်းပြန်ကောင်းလာမှာတော့ မဟုတ်ပါဘူး။

ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ အခြေအနေက ဒီထက်ပိုဆိုးလာဖို့ပဲ ရှိပါတယ်။

လုပ်နေကြထုံးစံအတိုင်း ကုန်သည်တွေကို ဖမ်းလိုက်၊ ဈေးနှုန်းတွေကို ကန့်သတ်လိုက်ဆိုရင် အခြေအနေက ခဏတာတော့ ငြိမ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းတွေက နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ ဆေးမြီးတိုတွေပဲ ဖြစ်လို့ ပြဿနာကို အမြစ်ပြတ်ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။

ထုတ်လုပ်မှု (Production) မတက်ရင် ရောင်းလိုအား (Supply) လည်း မတက်ပါဘူး။ တိရစ္ဆာန်အစာ၊ ဆေးဝါး၊ ကုန်ကြမ်း (Raw Materials) နဲ့ အခြားထုတ်လုပ်ရေးလိုအပ်ချက်တွေ (Inputs) မလုံလောက်သရွေ့ ထုတ်လုပ်မှု တိုးလာဖို့ မဖြစ်နိုင်ပါဘူး။ ထုတ်လုပ်မှု မတိုးတော့ ဈေးကွက်ထဲကို ဝင်လာတဲ့ ရောင်းလိုအား (Supply) ကလည်း မတိုးပါဘူး။ ဝယ်လိုအား (Demand) က ယခင်အတိုင်းရှိနေသရွေ့ ဈေးနှုန်းကျဖို့ အကြောင်းမရှိပါဘူး။ ဒါက အခြေခံ စီးပွားရေး သဘောတရားပါ။

ဒါကြောင့် ကြက်ဥတလုံးကို ၅၅၀ ကျပ်နဲ့ အတင်းရောင်းခိုင်းတာဟာလည်း ဈေးနှုန်းကို မလျှော့ပေးနိုင်ဘဲ ရောင်းလိုအားကိုသာ ပိုလျော့သွားစေနိုင်ပါတယ်။ ဈေးနှုန်းကို အတင်းသတ်မှတ်တဲ့ Price Ceiling ဟာ အခြေခံစီးပွားရေးသီအိုရီအရ ကုန်ပစ္စည်းရှားပါးမှု (Shortage) ကို ပိုဆိုးစေတဲ့ မူဝါဒတခုပါ။

အလားတူပဲ “ကြက်ဥကို နှစ်ပတ်လောက် မစားဘဲနေရင် ဈေးကျမယ်” ဆိုတာကလည်း စီးပွားရေးအရ မခိုင်မာပါဘူး။ ကြက်ဥလို မရှိမဖြစ် စားသောက်ကုန်တွေဟာ ဝယ်လိုအား ပြောင်းလဲမှုနည်းတဲ့ (Demand Inelastic) ကုန်ပစ္စည်းတွေဖြစ်လို့ ခဏတာ မဝယ်ရုံနဲ့ ဈေးကွက်တခုလုံးရဲ့ ဈေးနှုန်းကို ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အရင်းခံပြဿနာဖြစ်တဲ့ ထုတ်လုပ်မှုနဲ့ Supply Chain ကို မဖြေရှင်းသရွေ့ ဈေးနှုန်းလည်း ရေရှည်ကျလာနိုင်မှာ မဟုတ်ပါဘူး။

အစိုးရဌာနတော်တော်များများမှာ Process ကိုပဲ အဓိကထားပြီး Outcome ကိုတော့ သိပ်အလေးမထားကြတာမျိုး တွေ့ရပါတယ်။ ဥပမာ ပြဿနာတခု ဖြစ်လာပြီဆိုရင် အဲဒီပြဿနာကို ဖြေရှင်းနေပါတယ်ဆိုတဲ့ ပုံစံပေါ်အောင် ကော်မတီတွေဖွဲ့မယ်၊ အစည်းအဝေးတွေလုပ်မယ်၊ ဒီထက်ပိုရင် အမိန့်ကြေညာချက်တွေထုတ်မယ်၊ ဖမ်းပြမယ်၊ ထောင်ချပြမယ်။ ဒါပေမယ့် နောက်ဆုံး Outcome အနေနဲ့ အဲဒီပြဿနာရဲ့ အရင်းခံကို တကယ်ဖြေရှင်းနိုင်သွားသလား ဆိုတာကိုတော့ သိပ်အလေးမထားကြဘူးဗျ။

ဆေးမြီးတိုနဲ့ ခဏငြိမ်သွားရင် အောင်မြင်တယ်လို့ ယူဆကြတယ်။ နောက်တခါ ပြန်ဖြစ်လာရင်လည်း ဘယ်သူမှ တာဝန်ယူရမယ့်ပုံစံမျိုး မရှိပြန်ဘူး။ မြန်မာလူမျိုးတွေကိုယ်တိုင်ကလည်း ပြဿနာမျိုးစုံနဲ့ နေသားကျလာကြတော့ သည်းခံပြီး ခါးစည်းခံတတ်တဲ့ အကျင့်တခု ရှိလာသလို ထင်ပါတယ်။

တခါက ကျနော် မြင်းခြံကနေ မန္တလေးကို ဘတ်စ်ကားနဲ့ သွားဖူးတယ်။ ကျနော်က နောက်ဘက်ခုံမှာ ထိုင်လာတာပေါ့။ လမ်းတလျှောက် ကျနော့်ရှေ့က ခုံတန်းတွေမှာ ထိုင်နေတဲ့လူတွေက ငါးမိနစ်တခါလောက် ကိုယ်ကို ယိမ်းယိမ်းပြီး ရှောင်နေကြတာကို သတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုပြီး ကြည့်လိုက်တော့ ရှေ့ဆုံးခုံမှာ ထိုင်နေတဲ့ လူတယောက်က ဘတ်စ်ကားပြတင်းပေါက်ကနေ ငါးမိနစ်တခါလောက် ကွမ်းတံတွေး ထွေးနေတာကိုး။ နောက်ခုံကလူတွေက သူ့တံတွေးစဉ်မှာစိုးလို့ ကိုယ်ကို ယိမ်းပြီး ရှောင်နေကြတာပါ။

ရှေ့ဆုံးခုံမှာ ထိုင်တဲ့သူကလည်း ပတ်သက်ရာပတ်သက်ကြောင်း လူကြီးတယောက် ဖြစ်မယ်ထင်ပါတယ်။ ဘယ်သူမှ မပြောရဲကြဘူး။ သူ့တံတွေးမစဉ်အောင် ကိုယ်ကိုယိမ်းပြီး ရှောင်နေကြတာပဲ ရှိတယ်။

အခုအခြေအနေကလည်း အဲဒီလိုပါပဲ။

လူကြီးတွေက လုပ်ချင်တာလုပ်ကြတယ်။ ကျန်တဲ့သူတွေကတော့ ဟိုဘက်လေးယိမ်းလိုက်၊ ဒီဘက်လေးယိမ်းလိုက်နဲ့ လိုက်ရှောင်နေကြရတာပေါ့။ ဒါပေမယ့် တချိန်ကျရင်တော့ ရှောင်နိုင်တော့မှာမဟုတ်ဘူး။ တံတွေးစဉ်မှာပဲ။

အခုအခြေအနေကတော့ တံတွေးစဉ်တာလောက်နဲ့ မပြီးတော့ဘူး။ လူတွေရဲ့ ဘဝတွေပါ ထိခိုက်ပျက်စီးလာနိုင်တဲ့ အခြေအနေဖြစ်နေတဲ့အတွက် စိုးရိမ်စရာကောင်းပါတယ်။ တကယ်လည်း ဘဝပျက်သွားခဲ့တဲ့သူတွေ မနည်းတော့ပါဘူး။

ကြက်ဥတလုံးဈေး ၇၀၀ ကျပ်နီးပါး ဖြစ်လာတာဟာ ကန့်သတ်မှုများတဲ့ ပေါ်လစီတွေကြောင့်တင် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဆိုးရွားလာတဲ့ မက်ခရိုစီးပွားရေး မတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲက တခုလည်း ဖြစ်ပါတယ်။

ဈေးကွက်စီးပွားရေးရဲ့ အခြေခံမဏ္ဍိုင်တွေ တခုပြီးတခု ထိခိုက်ပျက်စီးသွားတဲ့ အကျိုးဆက်ဖြစ်လို့ ပုံမှန်ဈေးကွက်စီးပွားရေးကို ပြန်တည်ဆောက်ဖို့ အချိန်ယူရဦးမှာပါ။

ဒါတောင် လက်ရှိလုပ်နေတဲ့အရာတွေ မှားနေတယ်ဆိုတာကို သိဖို့လိုတယ်။ ပြန်ပြင်ချင်တဲ့ ဆန္ဒလည်း ရှိဖို့လိုတယ်။ ပြီးတော့ တကယ်ပြန်ပြင်ဖို့ လုပ်ငန်းစဉ်တွေလည်း ရှိဖို့လိုတယ်။

ဟိုဌာနက ပေါ်လစီတမျိုး၊ ဒီဌာနက ပေါ်လစီတမျိုးနဲ့ အချင်းချင်းမကိုက်ညီတဲ့ (uncoordinated) policies တွေကိုပဲ ဆက်ပြီး ချမှတ်ကျင့်သုံး နေဦးမယ်ဆိုရင်တော့ ကိုယ်ယိမ်းပြီး ရှောင်လို့တောင် မရတော့ဘဲ ကားပေါ်က ဆင်းပြေးရမယ့် အခြေအနေရောက်လာနိုင်ပါတယ်။ ဒါတောင် ကားပေါ်မှာ ကျန်နေတဲ့သူတချို့ကတော့ “လူနည်းသွားတော့ ရှေ့ဆုံးခုံကလူကြီးရဲ့ တံတွေးကို ပိုရှောင်လို့ရတာပေါ့” ဆိုပြီး အကောင်းမြင်နေကြဦးမှာပါ။

အားလုံး ကျန်းမာ၊ လုံခြုံပြီး ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မျှော်လင့်ချက်မပျောက်ဘဲ ဖြတ်သန်းနိုင်ကြပါစေဗျာ။

(ဝင်စတန်ဆက်အောင် (ခေါ်) ဦးဆက်အောင်သည် စီးပွားရေးပညာရှင်ဖြစ်ပြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရများလက်ထက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်များ ယူခဲ့ဖူးသည်။ သူ၏ Facebook ဆိုရှယ်မီဒီယာ စာမျက်နှာတွင် ရေးသားထားခြင်းကို ပြန်လည်ကူးယူဖော်ပြသည်။)

]]>