ကျော်စွာမိုး – ဧရာဝတီ https://burma.irrawaddy.com Covering Burma and Southeast Asia Mon, 11 May 2020 05:03:07 +0000 en-US hourly 1 https://wordpress.org/?v=5.3.3 တိုက်ပိတ်ခံ တန်ဖိုးကို COVID-19 ကာလအတွင်း ပြန်ပြောင်းသတိရခြင်း https://burma.irrawaddy.com/opinion/viewpoint/2020/05/11/222337.html Mon, 11 May 2020 05:03:07 +0000 https://burma.irrawaddy.com/?p=222337 ထောင်ထဲမှာ ကျနော်တို့အကျဉ်သားတွေ “ရွှေခေတ်” လို့ခေါ်ကြတဲ့ အချိန်မျိုး တခါတလေရှိတတ်ပါတယ်။

The post တိုက်ပိတ်ခံ တန်ဖိုးကို COVID-19 ကာလအတွင်း ပြန်ပြောင်းသတိရခြင်း appeared first on ဧရာဝတီ.

]]>
ကျနော်က အကျဉ်းသားကောင်းတယောက်ပါ။ ထောင်အာဏာပိုင်တွေက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို တနေ့ကို ၂၃ နာရီ အလင်းရောင်နည်းပြီး မွန်းကျပ်တဲ့ အခန်းကျဉ်းတွေထဲမှာ ပိတ်ထားပြီး အခွင့်အရေးအားလုံးကို ရုတ်သိမ်းထားခဲ့ပါတယ်။ ဒါပေမယ့် ကျနော်က အဲ့လိုအခြေအနေအောက်မှာ ပျော်ပျော်နေတတ်ခဲ့တဲ့ ခပ်ရှားရှားသူမျိုးပေါ့။

ဒါကလည်း အကြောင်းရှိပါတယ်။

ကျနော်အကျဉ်းကျခဲ့တဲ့ကာလကတော့ စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ်တွေတုန်းကပါ။ အခြားနိုင်ငံရေးအကျဉ်းသားတွေလိုပဲ ကျနော့်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ် ၈ လနဲ့ ၂၅ ရက် အကျဉ်းချခံခဲ့ရပါတယ်။ ရက်နဲ့ အတိအကျ တွက်ပြီးပြောရရင် ၂၈၂၅ ရက်၊ နာရီနဲ့တွက်ရင် နာရီပေါင်း ၆၇၈၀၀ နာရီပါ။

အခုလို ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့ကူးစက်နေတဲ့အချိန် ကမာ္ဘတဝှမ်းက လူတွေ အသွားအလာကန့်သတ်စောင့်ကြည့်ခံရတာတွေ၊ ဘယ်မှာမသွားပဲ အိမ်ထဲမှာပဲ ရက်ရှည်နေနေရတာတွေ ကြုံနေရတာက အကျဉ်းချခံခဲ့ရတဲ့ နေ့ရက်အချိန်တွေကို တွက်ဖြစ်ဖို့ လှုံ့ဆော်ခဲ့တာပါ။ ရောဂါကူးစက်တာကို ကာကွယ်ဖို့ ကျနော်တို့တွေ တယောက်နဲ့တယောက် ဘယ်အချိန်ထိ အခုလို သီးခြားစီနေကြရမလဲ၊ ဘယ်အချိန်ထိ ညမထွက်ရအမိန့်တွေ၊ ခရီးသွားလာခွင့်ကန့်သတ်တာတွေနဲ့ ပိတ်ဆို့မှုတွေက ရှိနေဦးမလဲဆိုတာ မသိနိုင်ပါဘူး။

ဒါပေမယ့် အခု သီတင်းပတ်အနည်းငယ်ကြာလာတဲ့အချိန်မှာတော့ ကန့်သတ်ချုပ်ချယ်ခံထားရတဲ့ဘဝကို မွန်းကျပ်ပြီး သည်းမခံနိုင်တော့တဲ့လူ တော်တော်များများရှိလာကြပါတယ်။ ကပ်ရောဂါကာလ အစိုးရက ထုတ်ပြန်ထားတဲ့အမိန့်တွေကို မလိုက်နာကြလို့ ပြင်းပြင်းထန်ထန် အရေးယူမှုတွေလုပ်နေရတဲ့ နိုင်ငံတွေကိုပဲကြည့်ပါ။ စိတ်ပိုင်းဆိုင်ရာအရရော စီးပွားရေးအရ ထိခိုက်မှုတွေကြောင့်ပါ သည်းမခံနိုင်တော့တဲ့ နိုင်ငံသားတွေရဲ့ ဖိအားကြောင့် အမေရိကန်နိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာ ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းနေရတာကို ကြည့်ပါ။

လူသားတွေဟာ လူမှုဆက်ဆံရေးနဲ့ကင်းကွာပြီး မနေနိုင်ကြတာကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် ဘဝမှာ ကျနော်တို့ လုပ်ချင်တာကို မလုပ်နိုင်တဲ့အချိန်၊ ကျနော်တို့ ပုံမှန်လုပ်နေကျ လုပ်ရိုးလုပ်စဉ်တွေ ပျက်ပြားသွားရတဲ့အချိန်တွေဆိုတာ မလွှဲမသွေကြုံကြရမှာပါ။ အခုကျနော်တို့ကမာ္ဘကြီးက အဲ့ဒီ ရှောင်လွှဲလို့မရတဲ့ အခိုက်အတန့်ကို ရင်ဆိုင်နေရပါပြီ။

အကျဉ်းထောင်က ကျနော့်ကို အဲ့ဒီအခိုက်အတန့်မျိုးကို တခါ ရင်ဆိုင်စေခဲ့ဖူးပါတယ်။

ထောင်ထဲမှာ ကျနော်တို့အကျဉ်သားတွေ “ရွှေခေတ်” လို့ခေါ်ကြတဲ့ အချိန်မျိုး တခါတလေရှိတတ်ပါတယ်။ ကန့်သတ်ချက်တွေ အနည်းဆုံးအချိန်ကို ပြောတာပါ။ ရွှေခေတ်က ပျော့ပြောင်းပြီး ဆက်ဆံရအဆင်ပြေတဲ့ ထောင်အာဏာပိုင်တွေရောက်လာရင် ရွှေခေတ်ကို ကြုံရတတ်ပါတယ်။

ရွှေခေတ်မှာဆို ကျနော်တို့ကို တနေ့ ၂၃ နာရီ တိုက်ပိတ်မထားတော့ပါဘူး။ ကျနော်တို့တွေ နာရီနဲ့ချီ (တခါတလေ မနက်ကနေ ညနေလောက်အထိ) ကိုယ့်အကျဉ်းခန်းအပြင်မှာ လမ်းလျှောက်လိုက်၊ ဝင်းထဲက တခြား အကျဉ်းတိုက်ခန်းတွေကို သွားလည်လိုက် လုပ်လို့ရပါတယ်။ ဒါက ထောင်ထဲမှာတော့ မဟာလွတ်လပ်မှုကြီးပဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကလည်း ဒီအခွင့်အရေးမှာ မိမိရရ တခြားအကျဉ်းတိုက်ခန်းတွေ မိတ်ဆွေတွေဆီ သွားလည်၊ စကားပြောရတာကို သဘောကျကြပါတယ်။

ဒါပေမယ့် ကျနော်ကတော့ အဲ့ဒီ လွတ်လပ်မှုတွေကို ခံစားဖို့ ကိုယ့်ကိုယ်ကို အလိုမလိုက်ခဲ့ဘူး။ အကျဉ်းခန်းအပြင်ကို ထွက်ခွင့်ရနေတဲ့ အဲ့ဒီအချိန်တွေမှာပါ ကျနော်က ကိုယ့်ကိုယ်ကို ပြန်အကျဉ်းချထားခဲ့ပါတယ်။ အကြောင်းက ဟိုဟိုဒီဒီလျှောက်သွားရတဲ့ လွတ်လပ်မှုထက် အကျဉ်းခန်းထဲမှာ သီးခြားတဦးတည်းနေရတာကို ပိုကြိုက်လို့ပါ။

အပေါ်မှာ ကျနော်ပြောခဲ့သလိုပဲ အဲ့ဒီအတွက် အကြောင်းပြချက် ရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ အဲ့ဒီအချိန်တွေမှာ စာဖတ်ဖို့ပါ။ စာအုပ်တွေနဲ့ သတင်းမဂ္ဂဇင်းတွေကို ဖတ်ခြင်းကသာ အသိပညာတိုးဖို့၊ ပြင်ပကမာ္ဘနဲ့ အဆက်မပြတ်ဖို့နဲ့ အင်္ဂလိပ်စာ ဆက်လေ့လာနိုင်ဖို့ ကူညီလိမ့်မယ်ဆိုတာကို သေချာသိနေခဲ့ပါတယ်။ ကျနော်တို့ ထောင်ကျနေချိန်က ဘယ်စာအုပ် ဒါမှမဟုတ် စာရွက်စာတမ်းကိုမဆို ရေးတာ၊ ဖတ်တာတွေကို တင်းကျပ်စွာ တားမြစ်ထားတာကြောင့် အခန်းအပြင်မှာ ကျနော် စာဖတ်လို့မရပါဘူး။ ဒါကြောင့် ကျနော်က အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကို ပိတ်ထားရကို ကြိုက်ခဲ့တာပါ။ အဲ့ဒီလိုမှသာ ဘယ်သူမှမသိအောင် ကျနော် တနေကုန် စာဖတ်နိုင်မယ် မဟုတ်လား။

ပြောရရင်တော့ “နှစ်ထပ် ချုပ်နှောင်ခြင်း” အကန့်အသတ်တွေကြားမှာ ကိုယ့်ကိုယ်ကို ထပ်မံကန့်သတ်နေထိုင်ခြင်းပေါ့။ အဲ့ဒီလို နှစ်ထပ်ချုပ်နှောင်မှုနဲ့နေတဲ့အချိန်တွေမှာ ကျနော်က မနက်အိပ်ယာထချိန်ကနေ အိပ်ယာဝင်ချိန်အထိ အချိန်ဇယားတိတိကျကျနဲ့ ဖတ်နိုင်သမျှ အများဆုံးဖတ်၊ လေ့လာနိုင်သမျှ အားကုန်လေ့လာနေခဲ့ပါတယ်။ အကျဉ်းချခံခဲ့ရတဲ့ ၇ နှစ်နှစ်ကျော်ကာလအတွင်း ကျနော်အလုပ်ဖြစ်ဆုံးကတော့ စာကို တစိုက်မတ်မတ် ဖတ်ခြင်းပါပဲ။

ဒါကြောင့်ပဲ ကျနော်ဟာ ထောင်အာဏာပိုင်တွေက ဘယ်လိုပဲ ပိတ်လှောင်ထားထား နေပျော်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်အကျင့်ကို မိတ်ဆွေနိုင်ငံရေးအကျဉ်းသားတွေက စိုးရိမ်ခဲ့ပါတယ်။ ကျနော် ကျန်းမာရေးထိခိုက်ပြီး အားအင်ချိနဲ့ ဖြူဖျော့လာမှာကို စိုးရိမ်ပြီး အကျဉ်းခန်းကျဉ်းထဲကနေ ဆွဲထုတ်ကြပြီး အပြင်မှာ လေကောင်းလေသန့်ရှူခိုင်း၊ စကားစမြည်ပြောရင်း အညောင်းပြေ ခြေဆန့်လက်ဆန့်လုပ်ခိုင်းခဲ့ပါတယ်။

ကျနော့်ရဲ့ ကိုယ့်ကိုယ်ကို ပြန်အကျဉ်းချခြင်းရဲ့ အဓိက ရည်မှန်းချက်ကတော့ တခုတည်းရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ကို စိတ်ဓါတ်တွေပြိုလဲအောင်၊ ခံနိုင်ရည်တွေ ကုန်ခမ်းသွားအောင်၊ အသိပညာကင်းမဲ့အောင် မှောင်မိုက်တဲ့ အကျဉ်းခန်းထဲမှာ ပိတ်ထားတဲ့ အာဏာရှင်တွေရဲ့ ဆန္ဒအတ်ိုင်း မဖြစ်အောင်ပါပဲ။

ကျနော် ခိုင်ခိုင်မာမာဆုံးဖြတ်ဖြစ်ခဲ့တာက ဒီကြမ်းတမ်းတဲ့အကျဉ်းထောင်တွင်းဘဝမှာ ဆက်လက်ရှင်သန်နိုင်ရမယ်၊ ဒါ့အပြင် စိတ်ပိုင်း ရုပ်ပိုင်းရော စိတ်ဓါတ်ကိုပါ ရိုက်ချိုးချင်တဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ဖို့ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်ဟာ အကျဉ်းထောင်က လွတ်ပြီးနောက်ပိုင်းမှာ လွတ်လပ်တဲ့လူသားတဦးဘဝကို ပြန်ရခဲ့ပါတယ်။

ကျနော်ဟာ ကနေဒါနိုင်ငံက ဂျာနယ်လစ် Malcolm Gladwell ရဲ့ ၂၀၀၈ ခုနှစ်ထုတ် Outliers စာအုပ်ထဲက နာရီပေါင်းတသောင်း သီအိုရီကို မသိလိုက်ဘာသာ ကျင့်သုံးခဲ့မိတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီသီအိုရီကတော့ တခုခုမှာ ကျွမ်းကျင်စွာတတ်မြောက်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးရှိရုံနဲ့မရဘဲ အနည်းဆုံး နာရီပေါင်း ၁၀၀၀၀ လေ့ကျင့်ဖို့ လိုအပ်တယ်ဆိုတာပါပဲ။ ကျနော့်အတွက်တော့ ကျနော်လိုချင်တဲ့အတိုင်း အကျဉ်းထောင်ထဲကဘဝကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့အပြင် အသိပညာပါ ဗဟုသုတပါ တိုးပြီး ထွက်လာနိုင်ခဲ့တာက အာဏာရှင်စနစ်ရဲ့ ရည်ရွယ်ချက်ကို အနိုင်ယူလိုက်နိုင်တာပါပဲ။

အခု ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျနော်တို့တွေ အိမ်မှာပဲ နေနေကြရတယ် အသွားအလာ အကန့်သတ်ခံထားရတယ်ဆိုရင် ကျနော်တို့တွေ ဘာဖြစ်လာမလဲ။

အခုတော့ ကျနော်တို့တွေဟာ အမှောင်ထဲမှာ စမ်းတဝါးဝါး သွားလာနေရသလိုပဲ။ ဒီလမ်းမှာ ကျနော်တို့တွေလဲမကျအောင် အမြင်အာရုံနဲ့မဟုတ်ဘဲ ကျနော်တို့ရဲ့ အာရုံမှန်းဆမှုတွေက အဓိကကျပါတယ်။ (တကယ်တော့ ဒါက ထောင်ထဲကဘဝကို ကျနော်မြင်တဲ့အမြင်လည်း ဖြစ်ပါတယ်။ ညအမှောင်ထဲမှာ လမ်းလျှောက်ရခြင်းပေါ့။ ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျလုပ်ခွင့်မရတဲ့အတွက် ဘယ်ကိုဦးတည်ပြီး ဘယ်လိုအဆုံးသတ်မယ်ဆိုတာကိုလည်းမသိရပါဘူး။ သွားနေရင်း ဆိုးရွားတာတွေရှိနိုင်သလို၊ သေခြင်းတရားနဲ့တောင်ကြုံချင်ကြုံရနိုင်ပါတယ်။) အခုလည်း ကျနော်တို့ ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်လောက်ထိသွားနေရဦးမလဲ မပြောနိုင်ပါဘူး။ တကယ်တော့ ဒါဟာလည်း ကျနော်တို့အတွက် အသစ်အဆန်းတော့မဟုတ်ပါဘူး။ မနက်ဖြန်ဟာ ဘာတွေဆောင်ယူလာပေးမယ်ဆိုတာ ကျနော်တို့ ဘယ်တုန်းကမှမှ သိမှ မသိခဲ့ကြတာ့။

ကျနော်တို့ အခုလုပ်နိုင်တာကတော့ ဘယ်လောက်ပဲမှောင်နေနေ ဆက်လျှောက်နေဖို့ပဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ အာရုံမှန်းဆမှုတွေနဲ့ ခိုင်မာတဲ့ သန္နိဌာန်တွေနဲ့ပေါ့။ အနှေးနဲ့အမြန်ဆိုသလို ညအေမှောင်ဟာ ကုန်လွန်ပြီး နေ့သစ်ကို ရောက်လာမှာပါ။ ဒီညအမှောင်ကို ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့့ရင် အခြေအနေတွေ ပုံမှန်ပြန်ဖြစ်တဲ့အခါ နေ့သစ်ကို မြင်တွေ့ကြရမှာပါ။

(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အယ်ဒီတာ ဖြစ်သည်။ ၎င်း၏ Embracing Isolation: Reflections on the Value of Confinement Amid COVID-19  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်လင့်

ရောဂါနှင့် ဝါဒဖြန့်ချိရေး မြန်မာနိုင်ငံတွင် ရှည်လျားသော သမိုင်းရှိသည်

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများလည်း အရေးပါသည်

အလုပ်သမားများ အိမ်ပြန်ခွင့်သာဖို့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အားလုံး ဖွင့်ပေးသင့်သည်

The post တိုက်ပိတ်ခံ တန်ဖိုးကို COVID-19 ကာလအတွင်း ပြန်ပြောင်းသတိရခြင်း appeared first on ဧရာဝတီ.

]]>
မမြင်ရတဲ့ ရန်သူကို နွမ်းပါးတဲ့ မြန်မာပြည် ရင်ဆိုင်နေရပြီ https://burma.irrawaddy.com/opinion/viewpoint/2020/04/18/220778.html Sat, 18 Apr 2020 07:52:52 +0000 https://burma.irrawaddy.com/?p=220778 ကျနော်တို့ ယခုအချိန်အထိတော့ ကံကောင်းနေသေးသည်ဟု ဆိုရမည်။

The post မမြင်ရတဲ့ ရန်သူကို နွမ်းပါးတဲ့ မြန်မာပြည် ရင်ဆိုင်နေရပြီ appeared first on ဧရာဝတီ.

]]>
ကမ္ဘာကြီး တိုက်ခိုက်ခံနေရပါပြီ။ မြန်မာနိုင်ငံလည်း ချွင်းချက်မရှိ။ သို့သော် ကျနော်တို့ ယခုအချိန်အထိတော့ ကံကောင်းနေသေးသည်ဟု ဆိုရမည်။

ကျနော်တို့ အားလုံး ယခုရင်ဆိုင်နေရသည်က မမြင်တွေ့ရသော်လည်း သေစေနိုင်သည့် ရန်သူ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်၏ တိုက်ခိုက်မှုအောက်တွင် မည်သူမှ အန္တရာယ်မကင်းနိုင်။ နိုင်ငံတိုင်း အတုံးအရုံးနှင့် ဒုက္ခရောက်နေကြရပြီး ဘယ်အစိုးရကမှလည်း သူ့ကို ကိုင်တွယ်ရန် ပြီးပြည့်စုံသော မဟာဗျူဟာ သို့မဟုတ် မူဝါဒ မချနိုင်သေး။ ကိုရိုနာဗိုင်းရပ်စ်သည် နာမည်နှင့်လိုက်အောင်ပင် ဆန်းကြယ်၍ မာယာများလှသည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၁၈ ရက်မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်သည် လူပေါင်း ၉၄ ဦးကို ပျံ့နှံ့ကူးစက်ခဲ့ပြီး ထိုသူများအနက် ၅ ဦးကို သေဆုံးစေခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံး စတင်တွေ့ရှိပြီးနောက် ကမ္ဘာ့နိုင်ငံပေါင်း ၂၁၀ တွင် ရောဂါပိုးကူးစက်ခံရသူ လူ ၂ သန်း ၁သိန်း ကျော်သွားပြီဖြစ်ပြီး သေဆုံးသူ ၁ သိန်း ၄ သောင်းကျော် ရှိသည်။ အမေရိကန်၊ စပိန်နှင့် အီတလီ နိုင်ငံတို့သည် ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက် အများဆုံးဖြင့် အဆိုးရွားဆုံး ထိခိုက်လျက်ရှိသည်။

ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံအသီးသီးက ကျန်းမာရေးပညာရှင်များကို  စိန်ခေါ်နေသည့် ဒီဗိုင်းရပ်စ်နှင့်ပတ်သက်လာလျှင် မနက်ဖြန်တွင် မည်သို့ဖြစ်လာမည်ဆိုသည်ကိုပင် ဘယ်သူမှ မသိနိုင်ကြပါ။

မြန်မာနိုင်ငံတွင်မူ ပထမလူနာ သေဆုံးခဲ့ပြီးနောက် ဧပြီလ ၈ ရက် တရက်တည်းအတွင်း ကိုဗစ်-၁၉ လူနာ၂ ဦး ထပ်မံသေဆုံးခဲ့မှုက လူထုအကြား စိုးရိမ်ထိတ်လန့်မှုများ တိုးစေခဲ့သည်။

တတိယမြောက် လူနာသေဆုံးမှုကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်းမှ ကိုဗစ်-၁၉ ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည့်သူ ၃ ဦး (ဆရာဝန်၊ စေတနာဝန်ထမ်းခေါင်းဆောင်နှင့် အုပ်ချုပ်ရေးမှူး) နှင့် အွန်လိုင်းပေါ်တွင် အပြန်အလှန်ဆွေးနွေးနေချိန်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးမှုကို ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

“တဦးတယောက် ဆုံးပါးခြင်းဟာ ကျမတို့နိုင်ငံအတွက် ဆုံးရှုံးတာဖြစ်ပါတယ်။ ကျမတို့ စိတ်မကောင်းဘူ။ ဒါပေမယ့် စိတ်မကောင်းဖြစ်နေရုံနဲ့ မလုံလောက်ပါဘူး။ ဒီဆုံးရှုံးမှုကို သတိပေးလိုက်တာလို့ ယူဆရမှာ ဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ပြောပါတယ်။

သေချာတာတခုကတော့ ဒီဗိုင်းရပ်စ်ဟာ ခွဲခြားမှုမရှိဘူးဆိုတာပဲဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ ထီးနန်းအမွေခံ ချားလ်စ်မင်းသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် အထူးကြပ်မတ်ကုသဆောင်တွင် အသက်လုခဲ့ရသည်။ ကိုရိုနာကြောင့် အမေရိကန်၊ စပိန်နှင့် အီတလီ နိုင်ငံများတွင် နေ့စဉ်သေဆုံးမှု တထောင်ကျော်ရှိသည်။

လူပေါင်း သန်း ၅၀ ခန့်ကို သေစေခဲ့သည့် ၁၉၁၈ ခုနှစ် စပိန် တုပ်ကွေးဖြစ်ပွားပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည့် ဤကမာ္ဘ့ကပ်ရောဂါကို ရင်ဆိုင်ကြရသည့်အချိန်တွင် ကမာ္ဘသည် ခေါင်းဆောင်မရှိသလိုဖြစ်နေသည်။ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲအပါအဝင် နိုင်ငံတိုင်းရှိ နိုင်ငံရေးသမားများသည် ဤမမြင်ရသည့်ရန်သူကို ရမ်းသမ်းတိုက်ခိုက်နေကြရပြီး ဗိုင်းရပ်စ်ပျံ့နှံ့နေမှုကိုပင် မထိန်းချုပ်နိုင်သေးပေ။

အုပ်ချုပ်မှုကောင်းသည့်၊ ခိုင်မာသည့် အများပြည်သူကျန်းမာရေး စောင့်ရှောက်မှုစနစ်များနှင့် ကြွယ်ဝသည့် ရင်းမြစ်များရှိသည့် နိုင်ငံများအပါအဝင် အစိုးရအားလုံးသည် ကြုံသလိုတုံ့ပြန်ဆောင်ရွက်နေကြသည်။ ဗိုင်းရပ်စ်၏ထုထည် မည်မျှကြီးမားကြောင်း မသိနိုင်သောကြောင့် ယင်းက နားလည်နိုင်စရာဖြစ်သည်။

နိုင်ငံတနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများကလည်း ဗိုင်းရပ်စ်၏ ထိုးဖောက်တိုက်ခိုက်မှုကို တားဆီးနိုင်ပုံမရပါ။ အမေရိကန်နှင့် ဗြိတိန်အပါအဝင် ဥရောပရှိ အခြားသော ချမ်းသာကြွယ်ဝသည့်နိုင်ငံများ မည်မျှဆိုးရွားစွာ ခံစားနေရသည်ကိုကြည့်ပါ။

ထပ်ပြီးပြောရရင် ကျနော်တို့ မြန်မာနိုင်ငံက ကံကောင်းနေဆဲပဲ ဖြစ်သည်။ ဗိုင်းရပ်စ်အား စတင်တွေ့ရှိရာ တရုတ်နိုင်ငံနှင့် ၂၂၀၀ ကီလိုမီတာ ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း မတ်လနောက်ပိုင်းမှ ရောဂါပိုး စတင်တွေ့ရှိပြီး အခြေအနေ အရမ်းမဆိုးရွားနေသေးခြင်းက ပိုပြီး ကံကောင်းသည်။

ထိုပထဝီအနေအထားကြောင့်ပင် လေ့လာသူတချို့သည် မြန်မာနိုင်ငံ၏အခြေအနေကို (နောက်ထပ်တကြိမ်) လွဲမှားစွာ ကောက်ယူခဲ့ကြသည်။ ဗိုင်းရပ်စ်ပိုးမတွေ့သေးသည့် မတ်လလယ်တွင် တချို့သောမြန်မာ့အရေးစောင့်ကြည့်သူများက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ပြီးဖြစ်ပြီး မစစ်ဆေးနိုင်၍သာ မတွေ့ရှိသေးခြင်းဖြစ်သည်ဟု ထင်ခဲ့ကြသည်။ သူတို့၏ယူဆချက်က ဗိုင်းရပ်စ်ပိုးသည် မြန်မာနိုင်ငံကို နယ်စပ်တစ်လျှောက် ကူးစက်ခဲ့ပြီးဖြစ်သည်ဟုဖြစ်သည်။

လက်ရှိ တွေ့ရှိမှုများအရ ယင်းယူဆချက်မှားယွင်းပါသည်။ အတည်ပြုလူနာများအနက် ပြည်ပမှ ရောဂါကူးစက်ခံရသူများမှာ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျ၊ စင်္ကာပူ၊ ဆွစ်ဇာလန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံများမှ လာရောက်ကြသူများဖြစ်ပြီး ကျန်သူများမှာ ပြည်တွင်း၌သာ ကူးစက်ခံကြရသူ အများစုဖြစ်သည်။

ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများထဲ ဝူဟန်မြို့တည်ရှိသော ဟူဘေးပြည်နယ်သည် မြန်မာနိုင်ငံ နယ်နိမိတ်နှင့် ထိစပ်နေခြင်းမရှိခြင်းနှင့် အခြားဥရောပနိုင်ငံအချို့နှင့်မတူဘဲ မြန်မာနိုင်ငံနှင့် ဝူဟန်အကြား တိုက်ရိုက်စီးပွားရေး အချိတ်အဆက် မရှိခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့အပြင် မြန်မာအစိုးရသည် တရုတ်နိုင်ငံနှင့် ရန်ကုန်အကြား လေကြောင်းလိုင်းများအား ဖေဖေါ်ဝါရီလ အစောပိုင်းကတည်းက ဆိုင်းငံ့ထားခဲ့သည်။ ဝူဟန်က လေကြောင်းလိုင်းများဆိုရင် ယင်းမတိုင်ခင်ကတည်းက ဆိုင်းငံ့ထားခဲ့သည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် ယူနန်ပြည်နယ်တွင် ရောဂါကူးစက်မှုနှုန်းက နိမ့်သည်။ မတ်လ ၁၅ ရက်နေ့အထိ ယူနန်ပြည်နယ်တွင် ရောဂါကူးစက်မှု ၁၇၄ ခုရှိပြီး ၂ ဦးသေခဲ့သည်။ ဟူဘေးပြည်နယ်တွင်မူ ရောဂါကူးစက်မှု ၆၇၇၉၆ ခုရှိပြီး သေဆုံးသူ ၃၀၈၅ ဦးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာ့အရေးလေ့လာသူအချို့ အပါအဝင် လူအများအပြားက ရောဂါပိုးသည် တရုတ်မှ မြန်မာကို အလုံးအရင်းဝင်လာ ကူးစက်မည်ဟု ထင်ထားခဲ့ကြသည်။ သို့သော် နယူးယောက်မှာ ဖြစ်ပွားခဲ့သည့် ပုံစံကိုကြည့်လျှင် ဒီရောဂါ ထိုကဲ့သို့ ပျံ့နှံ့ခဲ့ခြင်း မဟုတ်ပေ။

မကြာသေးမီက မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀၀၀ ကျော် (ထိုင်းနိုင်ငံက) ပြန်လာပြီးနောက် မြန်မာနိုင်ငံမှာ (ကပ်ရောဂါသဖွယ် ပျံ့နှံ့ဖြစ်ပွားလာနိုင်ခြေကို) အစိုးရတာဝန်ရှိသူတွေအပါအဝင် တော်တော်များများက စိုးရိမ်ခဲ့ကြပြန်သည်။

ထိုင်းနိုင်ငံကပြန်လာသူမျာအား သီးခြားထား ကာလ ၁၄ ရက် ပြည့်သည့် သင်္ကြန်ကာလ ပြီးခဲ့သော အပတ်သည် အရေးကြီးတဲ့အချိန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က (မကြာသေးခင်က လုပ်ခဲ့သည့်) ဗီဒီယို ကွန်ဖရင့်မှာ ပြောခဲ့သည်။

ယခုထိ ရွှေ့ပြောင်းအလုပ်သမားများကြား ရောဂါကူးစက်မှု အလုံးအရင်း ဖြစ်လာသည်ကို မတွေ့ရှိရသေးပါ။ သို့သော် စောင့်ကြည့် ၁၄ ရက်ကာလအတွင်း ရောဂါလက္ခဏာမပြဘဲ နောက်ပိုင်းမှ ပေါ်လာသူများ ရှိလာ၍ စောင့်ကြည့်ကာလ ၂၁ ရက်သို့ ပြောင်းလဲခဲ့သည်။

နိုင်ငံတဝန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက် မများသေးသော်လည်း အကြီးအကျယ် ပျံ့နှံ့ဖြစ်ပွားနိုင်ခြေကို မည်သူမျှ လျှော့တွက်လို့မရပါ။ နယူးယောက် သို့မဟုတ် အခြားနိုင်ငံများတွင် ဖြစ်ပွားနေသည့် အရေအတွက်မျိုး ဆင်းရဲသည့် မြန်မာနိုင်ငံတွင် ကြုံတွေ့ရလျှင် ပို၍များပြားသည့် အခက်အခဲများနှင့် ရင်ဆိုင်ရမှာဖြစ်သည်။

ထို့ကြောင့် အစိုးရက ၅ ယောက်ထက် ပိုမစုရ ကာဖျူးကို ကျန်းမာရေးဝန်ကြီး အမိန့်ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့် မည်သည့်အချိန် ရုတ်သိမ်းမည် မပြောနိုင်ပေ။

ကောင်းသည့်အချက်မှာ အစိုးရက ရောဂါကူးစက်မှုနှင့်ပတ်သက်ပြီးနောက်ဆုံးရ သတင်းအချက်အလက်တွေကို အများပြည်သူသိစေရန် ထုတ်ပြန်နေခြင်းဖြစ်သည်။ သတင်းအချက်အလက် စီးဆင်းမှုကို ထိန်းချုပ်ခြင်းမျိုး၊ အများပြည်သူသိသင့်သည့် အရေးပါသည့်သတင်းများကို ဖုံးကွယ်ခြင်းမျိုး မရှိသေး ဟု ယုံကြည်ရသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဒေါ်အောင်ဆန်းသည်ပင် ဖေ့စ်ဘွတ်ကို လူသိရှင်ကြား သုံးလာရသည်။ ဧပြီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာ၌ ပြည်သူလူထုနှင့် ပိုမိုထိရောက်စွာ ဆက်သွယ်နိုင်ရန်ဟု အကြောင်းပြပြီး မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်  ဖေ့ဘွတ်ကို စတင်အသုံးပြုခဲ့သည်။

ထို့ပြင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး ပါဝင်လုပ်ကိုင်နေသူများနှင့် တရင်းတနှီး ဆွေးနွေးခြင်းများကို ရုပ်သံအဖြစ် ထုတ်လွှင့်သည်။ ထိုသို့ နေရာများမှ ပေးချင်သည့် သတင်းစကားများကို ဒေါ်အောင်ဆန်းစုကြည်က ပေးသည်။

ဧပြီလ ၈ရက်နေ့က ဗီဒီယို ကွန်ဖရင့်တခုတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုအနေဖြင့်  ဒီဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး သတိထားရန် တိုက်တွန်းသော်လည်း အလွန်အကျွံ စိုးရိမ်ခြင်းက အခြေအနေကို ကိုင်တွယ်ရာမှာ အထောက်အကူ မပြုကြောင်းလည်း ပြောသည်။ နိုင်ငံသားတဦးစီအနေဖြင့်လည်း ဒီဗိုင်းရပ်စ်ကို တိုက်ခိုက်ရာမှာ ပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။

“ကမ္ဘာပေါ်မှာ ဒီရောဂါ ဘယ်လောက်ကြာကြာ ပျံ့နှံ့နေမယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး။ ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ တိုးတက်ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေ ဘယ်လောက်ရုန်းကန်နေရတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သည်။

“ဒါကြောင့် ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးဟာ ကြွယ်ဝမှုအပေါ်မှာ မူမတည်ဘူး။ ကျမတို့ရဲ့ စိတ်ဓါတ်ခွန်အားပေါ်မှာပဲ မူတည်တယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို လူတိုင်းလူတိုင်း လိုက်နာရင် ဒီရောဂါကို ထိန်းချုပ်နိုင်မယ်” ဟု လည်း ပြောသည်။

အစိုးရ ခေါင်းဆောင်များနှင့် လူထုအကြား ယခုလို ဆက်သွယ်ရေးလမ်းကြောင်းရှိခြင်းသည် ပြည်သူလူထုအား အသိပေးရန် တလမ်းသွားမျှမဟုတ်ဘဲ ပြည်သူလူထု၏ အမြင်ကို သိရှိရန်အတွက်လည်း မရှိမဖြစ်လိုအပ်သည်။ ယင်းသည်ပင် မြန်မာနိုင်ငံတွင် တကြိမ်မှ မကြုံဖူးသေးသော ကူးစက်ရောဂါတိုက်ဖျက်ရာတွင် အများပြည်သူပါဝင်ခွင့်ရသည့် ဒီမိုကရေစီ ကျင့်သုံးမှုပင် ဖြစ်တော့သည်။

(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အယ်ဒီတာဖြစ်သည်။ ၎င်း၏ Impoverished Myanmar Takes on an Invisible Enemy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုဗစ်-၁၉ က ကမ္ဘာ့ခေါင်းဆောင်များကို စမ်းသပ်နေ

ကမ္ဘာကြီးအတွက် COVID-19 ကပေးတဲ့ သင်ခဏ်းစာ ၅ ခု

ဆန်ကိုမလို ငွေကိုလိုသည် သို့မဟုတ် ဆန်ဆီဆား ထောက်ပံ့ရေး ပေါ်လစီအား သုံးသပ်ခြင်း

The post မမြင်ရတဲ့ ရန်သူကို နွမ်းပါးတဲ့ မြန်မာပြည် ရင်ဆိုင်နေရပြီ appeared first on ဧရာဝတီ.

]]>
အပ်ကြောင်းထပ်နေသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ကျော်လွန်၍ https://burma.irrawaddy.com/opinion/viewpoint/2020/01/28/213947.html Tue, 28 Jan 2020 02:30:55 +0000 https://burma.irrawaddy.com/?p=213947 ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာပြည်သူများသည် ပိုမိုများပြားသော တရုတ်ခရီးသွားများ၊ တရုတ် စီးပွားရေးကုမ္ပဏီများ၊ တရုတ်ထုတ်ကုန်များနှင့် တရုတ်သံတမန်များကို မြန်မာနိုင်ငံတဝှမ်းတွင် ပိုပိုပြီးမြင်တွေ့ရမည်ဖြစ်သည်။

The post အပ်ကြောင်းထပ်နေသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ကျော်လွန်၍ appeared first on ဧရာဝတီ.

]]>
တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်သည့် အချိန်တွင် မကြာခဏသုံးဆွဲလေ့ရှိသည့် ညီရင်းအကိုဟု အဓိပ္ပါယ်ရသော “ဆွေမျိုးပေါက်ဖော်” ဟူသော အသုံးအနှုန်းသည် အိမ်နီးချင်း ၂ နိုင်ငံအကြားဆက်ဆံရေးအတွက် မှန်ကုန်သည့်အသုံးအနှုန်း ဟုတ်၊ မဟုတ် ပြန်လည်မေးခွန်းထုတ်ရန် သင့်တော်သောအချိန်ဖြစ်သည်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတမြန်မာနိုင်ငံသို့မလာခင် တရက်အလိုတွင် မြန်မာ့အလင်းနှင့် The New Light of Myanmar အစိုးရသတင်းစာများတွင် “နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ” ခေါင်းစဉ်ဖြင့် တရုတ်သမ္မတရှီသည် ဆောင်းပါးတစောင်ရေးသားသည်။

“မြန်မာစကား၌ ဆွေမျိုးပေါက်ဖေါ်ဆိုသည်မှာ တအူထုံ့ဆင်း ညီအကိုဟု အဓိပ္ပါယ်ရပါသည်” ဟု တရုတ်သမ္မတက ရေးသားခဲ့သည်။ “နှစ်နိုင်ငံပြည်သူများသည် ရှေးပဝေသဏီမှစ၍ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသမိုင်းကာလရှည်ကြာစွာ တည်ရှိနေပါသည်” ဟုလည်း သူဆက်လက်ရေးသားသည်။

တကယ့်လက်တွေ့ဘဝတွင်မူ ထိုကဲ့သို့ မဟုတ်ပေ။ သို့သော်လည်း တိုင်းပြည်သံခင်းတမန်ခင်း ထုံးစံ မြန်မာနှင့် တရုတ် ခေါင်းဆာင်များသည် ထိုအသုံးအနှုန်းကို သုံးလေ့ရှိသည့်အတိုင်း သုံးသည့်သဘောပင်ဖြစ်သည်။ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ရည်ညွှန်းသည့်အခါတိုင်း သံတမန်ရေး အသုံးအနှုန်းတခုထက် မပိုပါ။

အမှန်တွင် မြန်မာနှင့် တရုတ်ပြည်သူများသည် ထိုကဲ့သို့ဆက်ဆံရေး မရှိသည်ကို သိသကဲ့သို့ အစိုးရများကြားတွင်လည်း ရှင်းရှင်လင်းလင်း သိကြသည်။ မည်သူမျှ တအူထုံ့ဆင်းများအဖြစ် မခံစားကြရပေ။ တရုတ်နှင့်မြန်မာသည် ပထဝီအနေအထားအရ နီးကပ်နေသော်လည်း ကိစ္စရပ်အထွေထွေတွင် အရမ်းဝေးကွာခဲ့သည်။

ဆွေမျိုးပေါက်ဖော်ဟူသော စကားလုံးသည် ရင်းနှီးနီးစပ်သောဆက်ဆံရေးမျိုးကို ရည်ညွန်းသော်လည်း နှစ်နိုင်ငံနှင့်ပြည်သူနှစ်ရပ်ကြား ဆက်ဆံရေးတွင် နွေးထွေးနီးစပ်ခြင်းမရှိပါ။ ၁၉၅၀ ခုနှစ်များက စတင် ဖန်တီး အသုံးပြုခဲ့သော ထိုစကားလုံးသည် အဓိပ္ပါယ်မဲ့သည်ဟု ပြော၍ရပြီး နိုင်ငံတော်ခရီးစဉ်နှင့် တရားဝင်သဝဏ်လွှာများတွင်သာ အသုံးပြုလေ့ရှိသည့် အနှစ်သာရ ကင်းမဲ့သည့် ဝေါဟာရတလုံးသာဖြစ်သည်။

၁၉၄၈ ခုနှစ်နောက်ပိုင်း မြန်မာအစိုးရအဆက်ဆက်၏ ခေါင်းဆောင်များဖြစ်သည့် ဝန်ကြီးချုပ်ဦးနုမှ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းအထိ၊ ထိုနောက် သူ့ကိုဆက်ခံသည့် စစ်အစိုးရများမှ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအထိ ထိုအချုက်ကို ကောင်းကောင်းသိကြသည်။

လွတ်လပ်ရေးရချိန်မှစ၍ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံကြီးဖြစ်သည့် တရုတ်နိုင်ငံကို မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်မစွပ်ဖက်စေရန်နှင့် အစိုးရအဆက်ဆက်ပေါ်တွင် သြဇာမလွှမ်းမိုးနိုင်စေသည့် နိုင်ငံခြားရေးမူဝါဒမျိုးကို အမြဲကျင့်သုံးခဲ့သည်။ နှစ်ပေါင်းများစွာ တရုတ်နိုင်ငံသည် တရုတ်-မြန်မာနယ်စပ်တလျှောက်နှင့်ပြည်တွင်းအခြေစိုက်သော မြန်မာကွန်မြူနစ်များ၊ ကွန်မြူနစ်လိုလားသူအုပ်စုများ၊ လက်ဝဲနိုင်ငံရေးပါတီများနှင့် လက်နက်ကိုင်တပ်ဖွဲ့များကိုပါ နည်းမျိုးစုံဖြင့် ထောက်ပံ့ခဲ့သည်။

၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ မိုင်းလား၏ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အပါအဝင် တရုတ်-မြန်မာနယ်စပ်တလျှောက်တွင် အခြေစိုက်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများအပြားက ရှီ၏ ခရီးစဉ်ကို ထောက်ခံသည့်ကြေညာချက်များ ထုတ်ပြန်သည်ကိုတွေ့သဖြင့် ပြည်ပနိုင်ငံအချို့အတွက် အထူးအဆန်းဖြစ်ကြမည့်ပုံ ရှိသည်။

ရှီ၏ ခရီးစဉ်မတိုင်မီတပတ်အလို တရုတ်နိုင်ငံ၏ အာရှရေးရာအထူးသံတမန် ဆွန်ကော့ရှန်သည် နယ်စပ်တလျှောက်ရှိ ထိုအုပ်စုများ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

၁၉၈၅ ခုနှစ် ပီကင်းတွင် ဦးနေဝင်းနှင့် တိန့်ရှောင်ဖိန်တို့ တွေ့ဆုံစဉ်

တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်များအပေါ် သြဇာသက်ရောက်မှုသည် နိုင်ငံရေးဝှက်ဖဲတခုပင်ဖြစ်သည်။ တရုတ်နိုင်ငံသည် ဦးနေဝင်းခေတ်ကလည်း ထိုဝှက်ဖဲကို ကစားလေ့ရှိသည်။ တရုတ်နိုင်ငံ၏ ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့သော မူဝါဒသည် ဦးနေဝင်းနှင့် သူ၏အစိုးရကို မကျေမနပ်ဖြစ်စေသည်။

တချိန်တည်းတွင် မြန်မာအစိုးရ အဆက်ဆက်သည် တရုတ်နိုင်ငံနှင့် ကြားနေရေး သို့မဟုတ် ရန်ဘက်အသွင်မဆောင်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်။ အချို့သော မြန်မာအစိုးရများသည် တရုတ်အစိုးရနှင့် လွန်စွာရင်းနှီးကြသော်လည်း မြန်မာနိုင်ငံသည်အများအားဖြင့် တရုတ်သြဇာလွှမ်းမိုးမှု မခံရရန် နေလေ့ရှိသည်။ ဦးနေဝင်းအနေဖြင့်လည်း တရုတ်အစိုးရနှင့် ပုံမှန် ဆက်ဆံရေးထိန်းသိမ်းရန် အမြဲကြိုးစားခဲ့သည်။

ပြီးခဲ့သည့်မြန်မာစစ်အစိုးရက ယခင်အစိုးရများထက် တရုတ်နိုင်ငံကို ပိုမိုလိုအပ်ခဲ့သည်။ ထိုသို့လိုအပ်ရခြင်းမှာ တရုတ်အစိုးရသည် ၎င်းတို့၏ ဆွေမျိုးပေါက်ဖော်ဟု ခံစားရခြင်းကြောင့် မဟုတ်ဘဲ ဗိုလ်ချုပ်ကြီးများသည် တရုတ်နိုင်ငံ၏အကူအညီကို အသည်းအသန်လိုအပ်သောကြောင့်သာဖြစ်သည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီး ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် ၎င်းတို့ကို အနောက်နိုင်ငံများဦးဆောင်သည့် နိုင်ငံတကာအသိုင်းအဝန်းက နိုင်ငံရေးအရသာမက စီးပွားရေးအရပါ ပိတ်ဆို့ပြစ်ဒဏ်ချခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာပြည်သူများကို အထင်ကြီးအောင် မလုပ်ဆောင်နိုင်သလို မြန်မာပြည်သူများ၏ လိုလားနှစ်သက်အောင်လည်း မလုပ်ဆောင်နိုင်ခဲ့ပေ။ ၎င်းတို့၏ ကျင့်ဝတ်ပျက်ပြားသော ပုံရိပ်ဆိုးများကိုလည်း မဖယ်ရှားနိုင်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လောဘတကြီး အမြတ်ထုတ်သော စီးပွားရေးလုပ်ငန်းများ၊ ၁၉၈၈ ဒီမိုကရေစီ အုံကြွမှုအပြီး ပြည်သူတရပ်လုံးကို ဖိနှိပ်သောစစ်အစိုးရကို ထောက်ပံ့ခဲ့ခြင်းနှင့် မြန်မာနိုင်ငံတဝန်းတွင်စီးပွားရေး အဟောင်းများအပြင် နောက်ထပ်အသစ်များကိုပါရယူရန် ကြံစည်နေသည့်လုပ်ရပ်များကြောင့်ဖြစ်သည်။

သို့သော် ထိုဆက်ဆံရေးသဘောသဘာဝရှိနေသော်လည်း လက်တွေ့အားဖြင့် နှစ်နိုင်ငံတို့သည် တနိုင်ငံက အခြားတနိုင်ငံကိုလိုအပ်နေသည်။

မြန်မာသမ္မတ၏ ဖိတ်ကြားချက်အရလာသော ရှီ၏ သမ္မတအဖြစ် ပထမဆုံးခရီးစဉ်သည် တခြားခေါင်းဆောင်များ၏ခရီးစဉ်ထက် ပိုအရေးကြီးသည့်ခရီးစဉ်ဟု ဆိုရမည်ဖြစ်သည်။ အခြားမည်သည့်နိုင်ငံခေါင်းဆောင်များထက်မဆို အရေးကြီးသည်။သူသည် နေပြည်တော်သို့နှစ်ရက်ကြာခရီးစဉ်အတွင်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံသည်။

ကာတွန်းမောင်မောင်ဖောင်တိန်က ရှီကျင့်ဖျင်၏ မြန်မာခရီးစဉ်အပေါ် ရေးဆွဲထားသော ကာတွန်း

ထိုခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာပြည်သူများ၏ ယေဘူယျခံစားချက်ကို ဧရာဝတီသတင်းဌာန၏ဝက်ဆိုဒ်တွင် ဖော်ပြခဲ့သည့် မောင်မောင်ဖောင်တိန်၏ကာတွန်းတွင် တွေ့နိုင်ပါသည်။ ထိုကာတွန်းတွင် တရုတ်သမ္မတရှီသည် ဈေးဝယ်လက်တွန်းလှည်းဖြင့် သူ၏ လေယာဉ်ပေါ်မှဆင်းလာသည့် ကာတွန်းဖြစ်သည်။ ထိုအမြင်မှာ မြန်မာပြည်သူအများစုက တရုတ်နိုင်ငံကိုမြင်သောအမြင်ဖြစ်သည်။ တရုတ်နိုင်ငံသည် အမြဲတမ်း မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် သူတို့၏အကျိုးစီးပွားအတွက်သာ ကြည့်သည်ဟု မြင်ကြခြင်းဖြစ်သည်။

သူ၏ဆောင်းပါးအရ နှစ်ရက်တာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှီ၏ဈေးဝယ်စာရင်းထိပ်ဆုံးတွင် (၁) ကျောက်ဖြူအထူးစီးပွားရေးဇုန် (၂) တရုတ်-မြန်မာ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် (၃) ရန်ကုန်မြို့သစ်စီမံကိန်း တို့ရှိနေသည်။

တရုတ်သမ္မတသည် သူ၏ဆောင်းပါးထဲတွင် အခြားစီမံကိန်းများအပြင် ထိုစီမံကိန်း ၃ ခုကို ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ၏ မဏ္ဍိုင်သုံးခုဟု အလေးထားရေးသားခဲ့သည်၊

စိတ်ဝင်စားစရာကောင်းသည်မှာ သူ၏ဆောင်းပါးထဲတွင် မြစ်ဆုံဆည်အကြောင်း တလုံတပါဒမျှ ထည့်သွင်းရေးသားခဲ့ခြင်း မရှိခြင်းဖြစ်သည်။ လိမ္မာပါးနပ်သည်ဟုပင် ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြစ်ဆုံဆည်တည်ဆောက်ခြင်းသည် မြောက်ပိုင်းကချင်ပြည်နယ်မှ တောင်ဖက်စွန်းအထိ တနိုင်ငံလုံးမှ မြန်မာပြည်သူအားလုံးအတွက် လက်မခံနိုင်သည့်စီမံကိန်းဖြစ်သည်။

ရှီမြန်မာနိုင်ငံသို့မရောက်မီ နှစ်ရက်က ထိုဆိုင်းငံ့ထားသော စီမံကိန်း ကို အပြီးတိုင်ဖျက်သိမ်းရန် လူမှုအခြေပြုအဖွဲ့အစည်း ၄၀ နီးပါးက တရုတ်သမ္မတကို တောင်းဆိုကြသည်။ ထိုစီမံကိန်းသည် မြန်မာပြည်သူများ၏ ကြွယ်ဝချမ်းသာရေးကိုခြိမ်းခြောက်နေကြောင်းနှင့် ထိုစီမံကိန်းကို ဆက်ုလုပ်လျှင် နှစ်နိုင်ငံဆက်ဆံရေးပျက်စီးမည်ဖြစ်ကြောင်း ၎င်းတို့က ထိုတောင်းဆိုချက်တွင် ဖေါ်ပြထားသည်။

ရှီနှင့် မြန်မာခေါင်းဆောင်များသည် ထိုမြစ်ဆုံပြဿနာ ဘယ်လောက်ကြီးသည်ကို ကောင်းစွာသိကြသည်။ အကောင်းဆုံးရွေးချယ်စရာမှာ ထိုစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရေးဖြစ်သည်။ ထိုကြောင့်လည်း သူ၏ ဆောင်းပါးတွင် အခြားစီမံကိန်း ၃ ခုကိုသာဖေါ်ပြခြင်းဖြစ်သည်။ ထိုစီမံကိန်း ၃ ခုသည်လည်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးလှသော မြန်မာနိုင်ငံမှ BRI စီမံကိန်းများနှင့်ပတ်သက်လျှင် အရေးပါပုံရသည်။

မြန်မာနိုင်ငံကို တရုတ်နိုင်ငံက လိုအပ်ရသည့် အခြားအကြောင်းတခုမှာ တရုတ်နိုင်ငံကို အိန္ဒိယ သမုဒ္ဒရာအထိ လက်လှမ်းမီစေမည့် မြန်မာနိုင်ငံ၏ ပထဝီအရ သေနင်္ဂဗျူဟာကျသော တည်နေရာကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်တွင် ပင်လယ်ရေကြောင်းလမ်းများ ရရှိစေသော မြန်မာနိုင်ငံအနောက်ဖက် ကမ်းချေမှ စီမံကိန်းများနှင့် တရုတ်နိုင်ငံကူမင်းသို့ နိုင်ငံကိုဖြတ်သန်းသွားသည့် ပိုက်လိုင်း၏ စမှတ်ဖြင့် တရုတ်နိုင်ငံသည် ပင်လယ်ကွေ့မှ ရေနံနှင့် သဘာဝဓါတ်ငွေ့ကို မလက္ကာရေလက်ကြားကို မဖြတ်သန်းဘဲ တင်သွင်းနိုင်သည်။

နေပြည်တော် သမ္မတနေအိမ်တွင် ဦးဝင်းမြင့်နှင့် ရှီကျင့်ဖျင်တို့ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ်/MOI

သံတမန်ရေးအရဆိုရပါက မြန်မာခေါင်းဆောင်နှင့် တရုတ်ခေါင်းဆောင်များအကြား သဘောတရားရေးရာအရ မတူညီကွဲပြားနေခြင်းသည် သံရေးတမန်ရေးအတွက်ပြဿနာဟု မဆိုနိုင်ပါ။

သူ၏ဆောင်းပါးတွင် ရှီက “မြန်မာနိုင်ငံက နိုင်ငံရေးဆွေးနွေးခြင်းမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဖော်ဆောင်မှုကို တရုတ်နိုင်ငံမှ ထောက်ခံအားပေးပါသည်။ နှစ်ဦးနှစ်ဖက်သည် နယ်စပ်ဒေသ၏တည်ငြိမ်အေးချမ်းမှုကို အတူတကွ ထိန်းသိမ်းရပါမည်” ဟု ရေးခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိအစိုးရသည်လည်း တရုတ်နိုင်ငံကို လိုအပ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံအကြားဆက်ဆံရေးတို့နှင့်ပတ်သက်ပြီး မြန်မာအစိုးရသည် တရုတ်နိုင်ငံကို အပြည့်အ၀ ယုံကြည်မှုမရှိနိုင်ပေ။ အစိုးရ၏တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ထိုအဖွဲ့များလက်မှတ်မထိုးရန် တရုတ်နိုင်ငံက ပြောဆိုမှုများရှိသည်ဟု ယုံကြည်သူများရှိသည်။ NCA သည် မြန်မာအစိုးရက နှစ်ပေါင်းများစွာ တွန်းအားပေးနေသော ကိစ္စဖြစ်သည်။

“မြန်မာနိုင်ငံက နိုင်ငံတကာစင်မြင့်၌ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့်ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်းအပေါ်ကိုလည်း ထောက်ခံအားပေးပါသည်” ဟု ရှီက ရေးသားခဲ့သည်။ ထိုသို့နိုင်ငံရေးအရထောက်ပံ့မှုကို NLD အစိုးရအနေဖြင့်လိုအပ်သည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အနောက်နိုင်ငံများမှ ဖိအားများနှင့် ရင်ဆိုင်ရသည့်အချိန်မျိုးတွင် မြန်မာနိုင်ငံသည် သူ့ဘက်မှရပ်တည်ပေးရန် တရုတ်နိုင်ငံကို လိုလေ့ရှိသည်။

ထိုကိစ္စတွင် တရုတ်သည် မြန်မာခေါင်းဆောင်များအတွက် “ဆွေမျိုးပေါက်ဖော်”ပင်ဖြစ်သည်။ သို့သော် ဤနေရာတွင် ယခင်စစ်အစိုးရများနှင့် လက်ရှိရွေးကောက်ခံထားရသော NLDအစိုးရ၏ ချဉ်းကပ်သည့် နည်းလမ်းများနှင့်ရည်ရွယ်ချက်များ ကွဲပြားနိုင်ပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကိုမူ ထိခိုက်ခံလိမ့်မည် မဟုတ်ပါ။ ဥပမာဆိုရပါက မြစ်ဆုံဆည်စီမံကိန်းကဲ့သို့သော ယခင်စစ်အစိုးရခေတ် ပွင့်လင်းမြင်သာမှုမရှိသည့် စီးပွားရေး လိုက်လျောမှုမျိုးကို တရုတ်အနေဖြင့်မျှော်လင့်၍ ရလိမ့်မည် မဟုတ်ပေ။

လတ်တလောကာလတွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် မြန်မာနိုင်ငံမှ တရုတ်စီမံကိန်းများနှင့် ပတ်သက်ပြီး အထူးသတိထားနေသည်ဟု လေ့လာသူအများအပြားက မြင်ကြသည်။ ထိုစီမံကိန်းအများစုသည် ယခင်အစိုးရခေတ်က တရုတ်နိုင်ငံအတွက် ပွင့်လင်းမြင်သာမှုမရှိသော စီးပွားရေးလိုက်လျောမှုများဖြစ်နေသည်။ လက်ရှိအစိုးရသည် ထိုစီမံကိန်းများကို အတည်ပြုရာတွင် နှေးကွေးတုံ့ဆိုင်းနေပြီး ရှီ၏ အစိုးရသည် စိတ်မရှည်နိုင်ဖြစ်နေသည်ဟု သုံးသပ်မှုများရှိသည်။

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာပြည်သူများသည် ပိုမိုများပြားသော တရုတ်ခရီးသွားများ၊ တရုတ် စီးပွားရေးကုမ္ပဏီများ၊ တရုတ်ထုတ်ကုန်များနှင့် တရုတ်သံတမန်များကို မြန်မာနိုင်ငံတဝှမ်းတွင် ပိုပိုပြီးမြင်တွေ့ရမည်ဖြစ်သည်။

မည်သည့်မြန်မာအစိုးရမဆို ၎င်း၏အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နှင့် အနောက်နိုင်ငံများအကြား နိုင်ငံရေးနှင့် စီးပွားရေးအရ ဆက်လက်ရှင်သန်နိုင်အောင် လက်တွေ့ကျကျဆောင်ရွက်လိမ့်မည်။ သို့သော် ထိုသို့ဆိုခြင်းကြောင့် မြန်မာနိုင်ငံသည် တရုတ်လက်ဝေခံမဟုတ်သလို အနောက်နိုင်ငံများ၏သြဇာခံလည်း ဖြစ်လိုမည်မဟုတ်ပေ။

သို့သော် နိုင်ငံရေးအရနှင့်မူဝါဒအရ လက်ရှိအစိုးရသည် တရုတ်နှင့်မနီးစပ်လိုပဲ ဒီမိုကရေစီအပါအဝင်အနောက်တိုင်းတန်ဖိုးများကို မျှဝေရယူလိုကြသည်။ မြန်မာပြည်သူများသည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ၏ မတည်ငြိမ်သေးသည့် အသွင်ကူးပြောင်းရေးကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ယခင်အတိုင်း လက်တွေ့ကျကျ ဆက်လက်ကျင့်သုံးသွားလိမ့်မည်။ ထိုမူဝါဒသည် မြန်မာနှင့် အခြားအရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများအချို့နှင့် ကွဲပြားသော အချက်ဖြစ်သည်။

“ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးသည် နိုင်ငံရေးဝေါဟာရတခုသာဖြစ်သော်လည်း တရုတ်နှင့်မြန်မာနိုင်ငံတို့သည် တနိုင်ငံနှင့်တနိုင်ငံလိုအပ်နေသည်တော့ အမှန်ပင်ဖြစ်သည်။

( Kyaw Zwa Moe ၏ Beyond the Cliché of ‘Pauk-Phaw’, China and Myanmar Need Each Other ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တခေတ်ဆန်းပြီ

မြန်မာကို ချိနဲ့ပြီး မတည်ငြိမ်ဖို့ တရုတ် ဗျူဟာတကျ ရည်ရွယ်သလား

အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ်ပွဲမှ အနိုင်ရသူများနှင့် အရှုံးသမားများ

The post အပ်ကြောင်းထပ်နေသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ကျော်လွန်၍ appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံ တိုးတက်ဖို့ နှစ် ၆၀ နိုင်ငံရေး စက်ဝန်းကို ချိုးဖျက်ဖို့ လိုသည် https://burma.irrawaddy.com/opinion/viewpoint/2019/10/29/207125.html Tue, 29 Oct 2019 03:09:32 +0000 https://burma.irrawaddy.com/?p=207125 ကျနော့် အမြင်အရဆို ပြည်သူတွေအဖို့ မြန်မာ့ သမိုင်း ဟာ ရိုလာကိုစတာ စီးနေရသလိုဘဲ။ ပျော်စရာ၊ စိတ်လှုပ်ရှား စရာတွေ ရှိသလို အလန့်တကြား စိုးရိမ် စရာတွေလည်း ရှိတာကိုး။

The post မြန်မာနိုင်ငံ တိုးတက်ဖို့ နှစ် ၆၀ နိုင်ငံရေး စက်ဝန်းကို ချိုးဖျက်ဖို့ လိုသည် appeared first on ဧရာဝတီ.

]]>
၂၀၅၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ဘယ်လိုဖြစ်နေမယ်ဆိုတာ ဟောကိန်းထုတ်နိုင်ဖို့ ကျနော့်မှာ အကြားအမြင်စွမ်းအား မရှိပါဘူး။ ဒါပေမယ့် ရှေ့လာမယ် ဆယ်စုနှစ်တွေအတွင်း ကျနော်တို့ တိုင်းပြည်မှာ ဖြစ်လာနိုင်တဲ့ အလားအလာတွေအတွက် အသုံးတည့်မယ့် သမိုင်းဆိုင်ရာ ယူဆချက်ပုံစံ တရပ်ကို အခုတလော စဉ်းစားနေမိတယ်။

ကျနော့် အမြင်အရဆို ပြည်သူတွေအဖို့ မြန်မာ့ သမိုင်း ဟာ ရိုလာကိုစတာ စီးနေရသလိုဘဲ။ ပျော်စရာ၊ စိတ်လှုပ်ရှား စရာတွေ ရှိသလို အလန့်တကြား စိုးရိမ် စရာတွေလည်း ရှိတာကိုး။ ၂၁၀၀ ပြည်နှစ် မတိုင်ခင် ဆယ်စုနှစ်တွေမှာ မြန်မာနိုင်ငံ ဘာတွေကြုံနိုင်မယ်ဆိုတာ မှန်းဆကြည့်ဖို့ အတိတ် ဖြစ်ရပ်တွေဟာ အသုံးတည့်တဲ့ လမ်းညွှန် ဖြစ်နိုင်ပါတယ်။

၁၉ ရာစုကနေ ပြန်စဉ်းစားကြည့်ရအောင်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မန္တလေးနန်းတော်ကြီးကို သိမ်းပိုက်၊ သီပေါမင်းကို အဓမ္မ ထီးနန်း စွန့်ခိုင်းပြီးနောက် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဗြိတိသျှတွေက မြန်မာနိုင်ငံကို တရားဝင် ကိုလိုနီပြုလိုက်တုန်းက နောက်နှစ်ပေါင်း ၆၀ လောက်ကြာအောင် ကိုလိုနီအုပ်ချုပ်ရေးအောက်မှာနေရတော့မယ်လို့ မြန်မာနိုင်ငံက ဘယ်သူမှ ထင်မထားခဲ့ပါဘူး။

အလားတူဘဲ ၂၀ ရာစုကို ကြည့်ကြရအောင်။ ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း ကျမ်းသစ္စာကျိန်ဆိုတဲ့အခါ နိုင်ငံဟာ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်မှုအောက် နောက် နှစ်ပေါင်း ၆၀ နီးပါး ကျရောက်တော့မယ်လို့ ဘယ်သူမှ အိပ်မက်တောင် မမက်ခဲ့ကြဘူး။

၁၉ ရာစု၊ ၂၀ ရာစုနဲ့ ၂၁ ရာစု မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်တဲ့အခါ ၆၀-၁၀-၆၀ နိုင်ငံရေး စက်ဝိုင်း တခုပုံစံမျိုးဖြစ်နေတာကို ကျနော် တွေ့မိတယ်။ ၁၈၈၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ အတွင်း မြန်မာနိုင်ငံဟာ နယ်ချဲ့စနစ်နဲ့ အာဏာရှင်စနစ် ( ပိုပြီး တိတိကျကျပြောရရင် စစ်အာဏာရှင်စနစ်) ဆိုတဲ့ မနှစ်မြို့စရာ နိုင်ငံရေးလမ်းကြောင်း နှစ်ခုကို ဖြတ်သန်းခဲ့ရတယ်။

ဗြိတိသျှတွေက မြန်မာနိုင်ငံကို ၁၈၈၆ ခုနှစ်ကနေ ၁၉၄၈ အထိ ၆၂ နှစ်ကြာအုပ်ချုပ်ခဲ့တယ်။ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ သွားလေသူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးစတင်တဲ့ ၁၉၅၈ ကနေ ဗိုလ်ချုပ်ကြီးတွေ အဆက်ဆက် ရာထူးဆက်ဆံမှုရပ်ဆိုင်းသွားပြီး ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း အစိုးရကို နိုင်ငံရေးပါတီတခုက ပထမဆုံးအကြိမ် စီမံခန့်ခွဲတဲ့ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံကို ၅၈ နှစ်ကြာ အုပ်ချုပ်ခဲ့ပြန်တယ်။

ဒီခေတ်နှစ်ခုအကြားမှာ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ ဆယ်စုနှစ်တခုနီးပါး ကြားကာလတခုရှိတယ်။ အဲဒီ ကာလအတွင်းမှာ လွတ်လပ်ရေးခေတ် မြန်မာ နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနု ဦးဆောင်တဲ့ ပါလီမန် ဒီမိုကရေစီခေတ် ကို ကြုံခဲ့ရတယ်။ ဒီကာလမှာ ၁၉၆၀ ကနေ ၁၉၆၂ ခုနှစ်အထိ နှစ်နှစ်တာကာလကိုလည်းထည့်သွင်းကြည့်နိုင်တယ်။ အကြမ်းဖျင်းပြောရရင် အဲဒီကာလဟာ ဆယ်နှစ်လောက်တော့ ကြာတယ်။

ဆယ်စုနှစ်တွေအလိုက်ကြည့်မယ်ဆိုရင် ခေါင်းဆောင်တဦးချင်းစီနဲ့ သူတို့ရဲ့ မူဝါဒတွေဟာ အဲဒီ ကာလတွေနဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ဘ၀တွေကို ပုံဖေါ်ပေးတတ်တယ်။ ရာစုနှစ်တွေကို ကြတော့ အဲဒီကာလအတွင်း နိုင်ငံရေးအရ ဖြစ်ပျက်ခဲ့တဲ့ အထင်ကရ ဖြစ်ရပ်တွေနဲ့ လမ်းကြောင်းတွေက ပုံဖေါ်တယ်။ ၁၉ ရာစု နဲ့ ၂၀ ရာစုနှစ်မှာ ကျနော်တို့နိုင်ငံဟာ အခြားကမ္ဘာ့နိုင်ငံများစွာလိုပဲ နယ်ချဲ့စနစ် နိုင်ငံရေးလမ်းကြောင်းရဲ့လွှမ်းမိုးမှုကို ခံခဲ့ရတယ်။ ၂၀ ရာစုနဲ့ ၂၁ ရာစုမှာကျတော့ စစ်အာဏာရှင်စနစ် က အဓိက လွှမ်းမိုးတဲ့ အင်အားစုဖြစ်နေတာကို တွေ့ရတယ်။

အဲဒီနိုင်ငံရေး လမ်းကြောင်း နှစ်ခုလုံးမှာ သက်ရောက်မှုကတော့ အတူတူဘဲ။ အဲဒါကတော့ နိုင်ငံတည်ဆောက်ရေး အခွင့်အလမ်းတွေကို ဖျက်ဆီးပစ်လိုက်တာပဲ ဖြစ်တယ်။

ဗြိတိသျှတွေက ၁၈၅၂ ခုနှစ်မှာ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲကို ဆင်နွှဲတဲ့အခါကျတော့ မြန်မာ့သမိုင်းမှာ အလေးစားခံရဆုံးနဲ့ လူကြိုက်အများဆုံး ဘုရင်တပါးဖြစ်တဲ့ မင်းတုန်းမင်းဟာ နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ ၁၈၅၃ ခုနှစ်ကနေ ၁၈၇၈ ခုနှစ်အထိ သူ့ရဲ့နန်းသက်အတွင်းမှာ တိုးတက်တဲ့ အမြင်ရှိတဲ့ မင်းသားတွေ အမတ်တွေရဲ့အကူအညီနဲ့ နိုင်ငံ ခေတ်မီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ပြီး မင်းတုန်းမင်းကြီးဟာ ခေတ်မီတဲ့ကမ္ဘာနဲ့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံကို ပြန်လည်ထူထောင်ဖို့ သူ့ရဲ့အားထုတ်မှုဟာ ကမ္ဘာတဝန်း နယ်ချဲ့ဝါဒခေါင်းထောင်လာခဲ့တာကြောင့် မအောင်မြင်ခဲ့ဘူး။

၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေးပြန်လည်ရရှိတဲ့အခါ မြန်မာနိုင်ငံဟာ ပြန်လည်တည်ထောင်ဖို့ အခွင့်အရေးကို ဒုတိယအကြိမ် ထပ်မံရရှိခဲ့ပါတယ်။ တိုင်းပြည်ခေါင်းဆောင်ပိုင်းကလည်း အဲဒီအတွက်ကိုဘဲ ကြိုးပမ်းခဲ့ကြပြီး ဦးနုအုပ်ချုပ်တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈ အထိ ကာလမှာ လွတ်လပ်မှုနဲ့ နိုင်ငံသားအခွင့်အရေးပြည့်၀ပြီး အာရှမှာ စီးပွားရေး အကောင်းဆုံးနိုင်ငံ တွေထဲက တခုဖြစ်ခဲ့လို့ မြန်မာနိုင်ငံရဲ့့ရွှေခေတ် လို့သတ်မှတ်ကြပါတယ်။

ဒါပေမယ့်လည်း ဗိုလ်ချုပ်ကြီးတွေရဲ့ စစ်အုပ်ချုပ်ရေးကြောင့် နိုင်ငံဟာ ၂၀၁၆ ခုနှစ်အထိ ပြန်လည်ထူထောင်ဖို့ အခွင့်အရေးမရဖြစ်ခဲ့ရပြန်ပါတယ်။

ဒါကြောင့် ၁၈၈၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နှစ်ပေါင်း ၁၃၀ ကို ပြန်ကြည့်လိုက်ရင် အကြမ်းဖျင်းအားဖြင့် (နှစ်ပေါင်း) ၆၀-၁၀-၆၀ နိုင်ငံရေး ပုံစံဖြစ်နေပါတယ်။

၂၀၁၁ ခုနှစ်မှာ ယခင်စစ်အစိုးရက အာဏာချုပ်ကိုင်မှုကို ဖြည်လျှော့ဖို့ဆုံးဖြတ်လိုက်ပြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့အစိုးရဟာ ၂၀၁၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရထံကို အာဏာလွှဲပြောင်းပေးခဲ့ပြီးနောက် အခုအခါမှာတော့ ကျနော်တို့ဟာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ တတိယအခွင့်အရေးကို ရထားကြတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲအရပြောရရင် ဗိုလ်ချုပ်ကြီးတဖြစ်လဲ သမ္မတဦးသိန်းစိန်အစိုးရဟာ တိုင်းပြည်ကို အတိုင်းအတာ တခုအထိ ဖွင့်ပေးခဲ့ပေမယ့် သူ့ရဲ့ ရာထူးသက်တမ်း ငါးနှစ် (၂၀၁၁-၂၀၁၆) ကို ထည့်တွက်စရာ မလိုပါဘူး။ အဲဒီကာလဟာ အခြေခံကျတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမဟုတ်သလို သူ့ရဲ့အစိုးရဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အဓိကတိုင်းရင်းသားပါတီတွေ သပိတ်မှောက်တဲ့ လက်တလုံးခြားရွေးကောက်ပွဲကနေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံကို တတိယအကြိမ်ပြန်လည်တည်ဆောက်ဖို့ တတိယအခွင့်အရေးဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရသူတွေဟာ နှစ်ပေါင်း ၅၈ နှစ်အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ခံအစိုးရကို ဖွဲစည့်စည်းပြီးတဲ့နောက် ၂၀၁၆ ခုနှစ်ကမှ စတင်ခဲ့တယ်လို့ ကျနော်ပြောရခြင်းဖြစ်ပါတယ်။

၁၉ ရာစုနဲ့ ၂၀ ရာစုတွေမှာ နိုင်ငံကို ပြန်လည်တည်ထောင်ဖို့ အခွင့်အလမ်းကို လက်လွှတ်ခဲ့ရပြီးနောက် အခု ၂၁ ရာစု မှာမြန်မာ နိုင်ငံဟာ တတိယ အခွင့်အရေးကို ရရှိနေပါပြီ။ ရာစုနှစ်တခုမှာမှ တခါသာရတဲ့ အခွင့်အရေးပါ။

ဒီတတိယအခွင့်အရေးဟာ လွတ်လပ်ရေးခေတ်လွန် ၁၉၄၈ နဲ့ ၁၉၅၈ ခုနှစ်အတွင်းရခဲ့တဲ့ အခွင့်အရေးနဲ့ တူတယ်လို့ကျနော်မြင်ပါတယ်။ အဲဒီကာလအတွင်းမှာလိုပဲ နိုင်ငံဟာ ပြည်တွင်းစစ်နဲ့ လုံးထွေးနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ လက်ကိုင်အဖွဲ့အစည်းတွေပိုမိုများပြားလာပြီး ရိုဟင်ဂျာ ပြသနာလည်း ရှိနေတာပေါ့လေ။ ရိုဟင်ဂျာကိစ္စဟာဆိုရင် နိုင်ငံကို မကြုံစဖူး ဆိုးရွားတဲ့ အခြေအနေကိုကျရောက်စေပြီး ကြီးမားတဲ့နိုင်ငံတကာဖိအားကိုခံရစေတယ်။ နောက်ပြီးတော့ အရပ်သားအစိုးရနဲ့ စစ်ဖက်ခေါင်းဆောင်တွေအကြား ပြန်လည်သင့်မြတ်ရေး မရရှိတာလည်းရှိနေတယ်။ အဲဒီ အကြောင်းတရားတွေကြောင့် နိုင်ငံပြန်လည်ထူထောင်ဖို့ အခုရထားတဲ့ တတိယ အကြိမ် အခွင့်အရေး ပျက်မပျက်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

ကျနော်တို့တွေ ဒီတကြိမ်မှာ ထပ်ပြီးမအောင်မမြင်ဖြစ်ရင်တော့ မြန်မာနိုင်ငံဟာ ဒီရာစုနှစ်မှာ ပြန်လည်တည်ဆောက်ဖို့ နောက်ထပ်အခွင့်အရေးရတော့မယ့် အလားအလာ မရှိပါဘူး။

မြန်မာနိုင်ငံ အနေနဲ့ ဒီတကြိမ် အခွင့်အရေးကို လက်လွှတ်လိုက်ရတာကို ဘယ်သူမှမြင်ချင်မှာ မဟုတ်တာကတော့ သေချာတယ်။ တကယ်လို့ ဆုံးရှုံးသွားရင် တော့ ကျတော်တို့ နိုင်ငံရေး လမ်းကြောင်း ပုံစံဟာ ၆၀-၁၀-၆၀-၁၀- ၆၀ ဖြစ်လာနိုင် ပြီး နောက်ဆုံး ၆၀ ဟာ အကြမ်းဖျင်းအားဖြင့် ၂၀၁၆ ခုလောက်ကနေ ၂၀၈၀ ခုနှစ်များသို့မဟုတ် ၂၀၉၀ ခုနှစ်များအထိကြာပြီး နယ်ချဲ့စနစ်နဲ့ အာဏာရှင်စနစ်တွေ အောက်မှာတုန်းကလို ကြာနိုင်ပါလိမ့်မယ်။ ဒါဆိုရင်တော့ အခုရာစုနှစ်ကုန်ခါနီး အထိ ရောက်သွားပြီလို့ဆိုနိုင်ပါတယ်။

ဒီလိုပုံစံမျိုးထပ်ဖြစ်တာကို ကျနော်တို့အားလုံး မလိုချင်ကြပါဘူး။ ကျနော်တို့အားလုံးဟာ ဒီဆိုးရွားလှတဲ့ သံသရာကို အဆုံးသတ်ချင်နေကြပြီ။ ဒီတကြိမ်မှ သမိုင်းတပတ်လည်တာကို ကျနော်တို့ခွင့်ပြုလို့ မဖြစ်ပါဘူး။ မြန်မာပြည်သူတွေ မြင်ချင်တဲ့ပုံစံက ၆၀-၁၀-၆၀-၁၀+ထာဝရ ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက “ ကိုလိုနီစနစ်- ပြန်လည်တည်ဆောက်ဖို့အခွင့်အရေး- စစ်အာဏာရှင်စနစ်- ပြန်လည်တည်ဆောက်ဖို့အခွင့်အရေး- စစ်မှန်တဲ့ ဒီမိုကရက်တစ်လူ့အဖွဲအစည်း” ပဲဖြစ်ပါတယ်။

ကျနော်တို့ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေဟာ ထိလွယ်ခိုက်လွယ် အနေအထားဖြစ် နေလို့ ၁၉ ရာစုနဲ့ ၂၀ ရာစုတုန်းကလို ဒီတတိယနဲ့ ၂၁ ရာစုအတွက် နောက်ဆုံးအကြိမ်လို့လည်း ပြောနိုင်တဲ့ အခု အခွင့်အရေး ဟာ ဟာ ပျက်သွားမလားး ဆိုတာကို လောလောဆယ်တော့ ဘယ်သူမှ သေချာပေါက်မပြောနိုင်သေးပါဘူး။

မြန်မာနိုင်ငံခေါင်းဆောင်တွေ၊ မြန်မာ့အရေးလေ့လာသူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်း အပါအဝင် လူတိုင်းနီးပါးက မြန်မာ့သမိုင်းရဲ့ ကနေ့ခေတ်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအဖြစ် သတ်မှတ်ကြပါတယ်။ မမှားပါဘူး။

ဒါပေမယ့် အခြားနိုင်ငံတွေက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တွေထက် မြန်မာနိုင်ငံအတွက် ဒီကာလဟာ ပိုမိုအရေးကြီးမယ် လို့ကျနော်ယုံကြည်ပါတယ်။ ဒီကာလဟာ မြန်မာနိုင်ငံအတွက် သေရေးရှင်ရေး အသွင်ကူးပြောင်းရေးကာလ၊ သမိုင်းက ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပုံစံဟောင်းကနေ ခွဲထွက်ဖို့ နောက်ဆုံး အခွင့်အရေး အသွင်ကူးပြောင်းရေးကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီတတိယနဲ့နောက်ဆုံးအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံလို့ မဖြစ်ပါဘူး။ ဆုံးရှုံးခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ဖက်ပေါင်းစုံမှာ ဘုန်းဘုန်းကျ နေတဲ့ နိုင်ငံ ဖြစ်သွားမှာဖြစ် ပြီး ကျနော်တို့တွေဟာ လူမျိုးတမျိုး နိုင်ငံတနိုင်ငံအနေနဲ့ နောက်တကြ်ိမ် နာလန်ထူနိုင် တော့မှာ မဟုတ်ပါဘူး။

အခုအချိန်ဟာ စိတ်ဝင်စားစရာ ကောင်းတာထက် ပိုတယ် လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာပြည်သူတွေ ကိုယ်တိုင်ဟာလည်း ရိုလာကိုစတာ စီးနေကြရသလိုပါဘဲ။ စိတ်လှုပ်ရှားစရာ ကောင်းသလို အသည်းထိပ်စရာကောင်းပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ အဲဒီရိုလာကိုစတာပေါ်ကနေ ဘေးမသီရန်ခမဘဲ ဆင်းလာနိုင်ရေးပဲ ဖြစ်ပါတယ်။

( Kyaw Zwa Moe ၏ Forecasting the Coming Century for Myanmar—Without a Crystal Ball ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှု့ရန်

ဒီမိုကရေစီနဲ့ မေးခွန်းတခု (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်နေလား

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို

မင်းတို့စံပျော် နေပြည်တော်က အတိတ်နိမိတ်များ

The post မြန်မာနိုင်ငံ တိုးတက်ဖို့ နှစ် ၆၀ နိုင်ငံရေး စက်ဝန်းကို ချိုးဖျက်ဖို့ လိုသည် appeared first on ဧရာဝတီ.

]]>
ဒီမိုကရေစီနဲ့ မေးခွန်းတခု (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်နေလား https://burma.irrawaddy.com/opinion/viewpoint/2019/10/23/206692.html Wed, 23 Oct 2019 07:16:05 +0000 https://burma.irrawaddy.com/?p=206692 “အောင်ဆန်းစုကြည် အနိုင်ရနေလို့လား”လို့ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားအသိတယောက်က မကြာခင်က ဧည့်ခံပွဲတခုမှာ ကျနော့်ကိုမေးပါတယ်။

The post ဒီမိုကရေစီနဲ့ မေးခွန်းတခု (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်နေလား appeared first on ဧရာဝတီ.

]]>
“အောင်ဆန်းစုကြည် အနိုင်ရနေလို့လား”လို့ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားအသိတယောက်က မကြာခင်က ဧည့်ခံပွဲတခုမှာ ကျနော့်ကိုမေးပါတယ်။ သဒ္ဒါသဘောအရဆိုရင်တော့ ဒါက “နိုင်နေတယ်” “နိုင်မနေဘူး” ဖြေရမယ့်မေးခွန်းပါ။ နိုင်ငံရေးအရဆိုရင်တော့ ဒီမေးခွန်းဟာ လက်ရှိ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု တခုလုံးကို ထုတ်လိုက်တဲ့ မေးခွန်းတခုပါပဲ။ ဒီထက်တောင်ပိုတယ်လို့ ပြောရမှာပါ။

ဒီမေးခွန်းကို တခုမက အဓိပ္ပါယ်ကောက်ယူလို့ ရပါတယ်။ အဲဒါကတော့ “အားကြီးတဲ့မြန်မာစစ်တပ်ကို နိုင်ငံရေး၊ အုပ်ချုပ်ရေးနယ်ပယ်ထဲမှာ မရှိဖို့ သူမရဲ့ကြိုးပမ်းမှုမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရနေပြီလား”။ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် “သူမ ဦးဆောင်ဆင်နွှဲတဲ့ ဒီမိုကရေစီရေးတိုက်ပွဲက ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ အရာထင် အောင်မြင်ခဲ့လား” လို့လည်း အဓိပ္ပါယ်ဆောင်ပါတယ်။

ဒီမေးခွန်းအတွက် အဖြေနှစ်ခု ထွက်လာပါတယ်။ တခုက “ဟုတ်ပါတယ်။ သူအနိုင်ရနေပါတယ်။ သူ့ရဲ့ NLD ပါတီဟာ နှစ်ငါးဆယ်အတွင်း နိုင်ငံရဲ့ ပထမဆုံး အရပ်သားအစိုးရကို ဖွဲ့စည်းနိုင်ခဲ့ပြီး အခုဆိုရင် လွှတ်တော်ထဲက နေရာအများစုကိုလည်း ဆုပ်ကိုင်ထားပြီ” ဆိုတာပါ။ ဒါပေမယ့်လည်း နောက်အဖြေတခုက “မဟုတ်ဘူး။ သူရှုံးနေတာ။ သူ့ရဲ့ပါတီဟာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် တပ်မတော်ခေါင်းဆောင်တွေကို နားဝင်အောင် မလုပ်နိုုင်ဘူး။ ပြီးတော့ သူဦးစားပေးအဖြစ် သတ်မှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းတောင် မသိဘူး’ လို့လည်း ဖြေနိုင်ပါတယ်။

မေးခွန်းရဲ့နောက်ကွယ်က ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲလို့ ကျနော်တွေးမိပါတယ်။ တကယ်တော့ မေးခွန်းရဲ့ တကယ့်သဘောက “ဒီတိုက်ပွဲမှာ သူအနိုင်ရမနေဘူးမလား” လို့ ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့များ ဒီမေးခွန်းကို တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် နယ်(လ်)ဆင်မင်ဒဲလား၊ ဒါမှမဟုတ် အမေရိကန်ပြည်သူ့အခွင့်အရေးခေါင်းဆောင် ဒေါက်တာမာတင်လူသာကင်း ဂျူနီယာ၊ အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ၊ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒါမှမဟုတ် မရေတွက်နိုင်တဲ့ သမိုင်းမှာအရေးပါတဲ့ တခြားထင်ရှားသူတွေနဲ့ ပတ်သက်ပြီးမေးခဲ့မယ်ဆိုရင် ကျနော်တို့ ဘယ်လို ဖြေရမလဲလို့ ကျနော်စဉ်းစားမိပါတယ်။

အင်မတန်ဆိုးရွားအကျည်းတန်တဲ့ သူ့နိုင်ငံက အသားရောင်ခွဲခြားမှုစနစ်ကို ဖျက်သိမ်းပစ်ဖို့ တိုက်ပွဲဝင်နေတုန်း ဒါမှမဟုတ် ရော်ဘင်ကျွန်းပေါ်က အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်တွေနဲ့ချီကြာတဲ့ အကျဉ်းကျ ကာလအတွင်းမှာ “မန်ဒဲလား အနိုင်ရနေတာလား”လို့ ကျနော်တို့မေးခဲ့ရင် အဖြေက ဘာများဖြစ်ပါ့မလဲ။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေက သူတို့ရဲ့အခြေခံအခွင့်အရေးတွေ လေးစားအသိအမှတ်ပြုခံရဖို့ ၁၉၅၀ ခုနှစ်တွေနဲ့ ၁၉၆၀ ခုနှစ်တွေအတွင်း လှုပ်ရှားမှုကို ခေါင်းဆောင်နေတဲ့အချိန်မှာ “ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ အနိုင်ရနေလား” လို့များ ကျနော်တို့မေးခဲ့ရင် အဖြေက ဘာဖြစ်မှာလဲ။

၂၀ ရာစုအတွင်းက ဗြိတိသျှနယ်ချဲ့စနစ်ကို ဆန့်ကျင်တဲ့ လွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ဆင်နွှဲနေတုန်းက “ဗိုလ်ချုပ်အောင်ဆန်း အနိုင်ရနေသလား”လို့ တစုံတယောက်ကမေးရင် တုံ့ပြန်ဖြေကြားချက်က ဘာများဖြစ်မှာလဲ။ ဒီခေါင်းဆောင်ကိုယ်တိုင် ဒီမေးခွန်းတွေ တိုက်ရိုက်မေးခံရမယ်ဆိုရင် “ကျနော်တို့တိုက်ပွဲ အနိုင်ရမယ်လို့ ယုံကြည်တယ်” လို့ အားလုံးက ဖြေကြလိမ့်မယ်လို့ ကျနော်ယုံပါတယ်။ အဲဒီလိုမှ သူတို့ မယုံကြည်ဘူးဆိုရင်လည်း သူတို့ရဲ့ တိုက်ပွဲတွေကို သူတို့ကိုယ်တိုင် ဘယ်လိုများနှစ်မြှုပ်လုပ်ကိုင်နိုင်ခဲ့မှာတဲ့လဲ။

“ငါတို့တိုက်ပွဲဟာ အနိုင်ရနေပြီလား”လို့ သူတို့တွေးကြမှာ မဟုတ်ပါဘူး။ အဲဒီ့အစား တနေ့အနိုင်ရမှာပဲလို့ ယုံကြည်မှုထားပြီး တိုက်ပွဲဝင်ခဲ့ကြမှာပဲ။ ဒါဟာ အမှန်တရား၊ တရားမျှတမှုပေါ်မှာ အခြေခံတဲ့ ယုံကြည်ချက်ပါပဲ။ ဒါဟာ ရင်းနှီးမြှုပ်နှံမှုတခုအပေါ် အမြတ်တခု သေချာပေါက် ပြန်ရရေးအပေါ် အခြေခံတဲ့ အရောင်းအဝယ် ကိစ္စတခု မဟုတ်ပါဘူး။ ဒါဟာ လူ့အဖွဲ့အစည်းအကျိုးအတွက်၊ ကိုယ့်ပြည်သူတွေဘဝအတွက် တွက်ချက်မှုမပါဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံမှုပါ။ သူတို့ရဲ့ဘ၀တွေ အသက်တွေ မိသားစုနဲ့ သူတို့ပိုင်ဆိုင်တဲ့အရာအားလုံးကို ပေးဆပ်ပြီးပေါ့။

မန်ဒဲလားဟာ ၁၉၄၀ ခုနှစ်အစောပိုင်းမှာ တော်လှန်ရေးစတင်ခဲ့ပြီး အနိုင်မရခင်အထိ ကြားမှာ သူ့တိုက်ပွဲက ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါတယ်။ မာတင်လူသာကင်းကလည်း အရေးပါတဲ့ရလဒ်တွေ မရရှိခင် ၁၉၅၀ ခုနှစ်နဲ့ ၁၉၆၀ ခုနှစ်တွေ တလျှောက်လုံး လူမည်းပြည်သူတွေရဲ့ အခွင့်အရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ သူလုပ်ကြံသတ်ဖြတ်ခံရမှုကတောင် သူရဲ့လှုပ်ရှားမှုကြီးကို ရပ်တန့်မပစ်နိုင် ခဲ့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း ၁၉၃၀ ခုနှစ်အစောပိုင်းမှာ စပြီး လွတ်လပ်ရေးကြိုးပမ်းမှုထဲကို သူဝင်ရောက်လာခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာမှ အောင်မြင်ခဲ့တာပါ။ ဒါပေမယ့် သူလုပ်ကြံခံရပြီး ခြောက်လအကြာမှ ရရှိခဲ့တဲ့ လွတ်လပ်ရေးကိုတော့ သူကိုယ်တိုင် မျက်မြင်မတွေ့သွားနိုင်ခဲ့ပါဘူး။

ဒီခေါင်းဆောင်တွေရဲ့ အပတ်တကုတ် ကြိုးပမ်းအားထုတ်မှုနဲ့ နှစ်မြှုပ်လုပ်ဆောင်မှုတွေ မရှိဘဲနဲ့ တော့ ဒီကနေ့တောင်အာဖရိကဟာ အသားအရောင်ခွဲခြားမှုစနစ်အောက်က လွတ်မြောက်မှုကို ခံစားရမှာ မဟုတ်ပါဘူး။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေလည်း တန်းတူညီမျှအခွင့်အရေး၊ ပြည်သူ့အထောက်အကူတွေ ရပိုင်ခွင့်နဲ့ မဲပေးရာမှာ ပါဝင်ခွင့်တွေ ခံစားရမှာ မဟုတ်ပါဘူး။ ပြီးတော့ မြန်မာပြည်သူလူထုဟာလည်း သူတို့ တောင့်တတဲ့ လွတ်လပ်ရေးကို ရရှိခံစားကြရမှာ မဟုတ်ပါဘူး။

သူတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေဟာ ကျနော်တို့ ခေတ်ကာလမတိုင်မီက ပေါ်ပေါက်ခဲ့တာပါ။ ကျနော့်နိုင်ငံခြားသားအသိမိတ်ဆွေရဲ့ အမေးစကားကို ပိုကောင်းအောင်ဖြေကြားဖို့ ဒီမိုကရေစီရေး ကျနော်တို့မျိုးဆက်ရဲ့ တိုက်ပွဲဝင်မှုကို ကျနော်ပြန်တွေးမိပါတယ်။

၁၉၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း မောင်းပြန်ရိုင်ဖယ်သေနတ်တွေ ကိုင်ထားတဲ့ စစ်သားတွေရဲ့ စစ်ကြောင်းတွေကို ရင်ဆိုင်ချီတက်ခဲ့ကြတဲ့ ကျနော့်ရဲ့ ရဲဘော်ရဲဘက် ကျောင်းသားစစ်ကြောင်းတွေနဲ့အတူ ကျနော်ပါဝင်ချီတက်ခဲ့တုန်းက ဒီလိုမေးခွန်းမျိုး အမေးခံရရင် ဒါမှမဟုတ် ဒီလိုအတွေးမျိုးပေါ်ခဲ့ရင် ဘယ်လိုဖြစ်မလဲလို့ ကျနော် စဉ်းစားခဲ့ပါတယ်။ ဒါမှမဟုတ် စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းထဲမှာ ကျနော်နှိပ်စက် ညှင်းပမ်းခံနေရတဲ့အချိန်က ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ အကျဉ်းထောင်တွေထဲ ရှစ်နှစ်တာ အကျဉ်းကျခံနေရတုန်းက ဒီလိုမေးခွန်းမျိုးအမေးခံရရင် ဘယ်လိုများဖြစ်မလဲလို့ တွေးမိပါတယ်။

၁၆ နှစ်အရွယ်ကျောင်းသူလေး မဝင်းမော်ဦးကရော ရန်ကုန်မြို့လယ်တလျှောက် အကြမ်းမဖက်ကန့်ကွက် ဆန္ဒပြပွဲတခုထဲမှာ ပါဝင်ချီတက်ရင်း ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က စစ်အစိုးရတပ်ဖွွဲ့ရဲ့ သေနတ်နဲ့ပစ်ခံရပြီး မသေခင်အချိန်လေးမှာ သူ “အနိုင်ရနေသလား” ဆိုပြီး သူ့ကိုယ်သူ တွေးမိမေးမိခဲ့မလား။ သူ့လိုပဲအသတ်ခံခဲ့ရသူ ထောင်နဲ့ချီတဲ့ တခြားဆန္ဒပြသူတွေရော ဘယ်လိုတွေးခဲ့ကြမလဲ။

ကျနော်တို့နိုင်ငံ ဒါမဟုတ် တခြားနိုင်ငံတွေက ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကရော သူတို့တွေ အဖိနှိပ်ခံဘဝကျရောက်နေချိန်မှာ ဒီမေးခွန်းမျိုးကို ဘယ်လိုတုန့်ပြန်ကြမှာလဲ။ ကျနော်တို့ ဆန္ဒပြကျောင်းသားတွေအတွက် စိုးရိမ်သောကရောက်နေကြတဲ့ ကျနော်တို့မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေက စစ်အာဏာရှင်စနစ်ကို ကျနော်တို့ရဲ့ အားမတန်တဲ့ တွန်းလှန်တိုက်ခိုက်မှုကို ရည်ညွန်းပြီး “မင်းတို့ တယ်မိုက်လုံးကြီးကြတာကိုး။ မင်းတို့က (အုတ်)နံရံကြီးကို ခေါင်းနဲ့တိုက်နေကြတာပဲ” လို့ ကျနော်တို့ကို ပြောလေ့ရှိခဲ့ပါတယ်။ ဒါရဲ့တခုတည်းသောရလာမယ့် ရလဒ်ကတော့ ခေါင်းကွဲတာပါပဲလို့ သွယ်ဝှိုက်ပြောကြတာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဒါမှမဟုတ် အဲဒီတုန်းက ဘယ်ကျောင်းသားအတိုက်အခံသမားမဆို ဒီ “(အုတ်)နံရံ” ဥပမာရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းကောင်းကြီးသိကြပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ဟာ ဒီအုတ်နံရံကြီးကို ကျနော်တို့ခေါင်းနဲ့ လိုလိုလားလားတိုက်ခဲ့ကြတာပါ။

ဒီနေ့အချိန်မှာရော ဘယ်လိုရှိပါသလဲ။ ကျနော်တို့ဟာ ဒီနံရံကို ကျနော်တို့ခေါင်းတွေနဲ့ တိုက်နေကြတုန်းပဲလို့ ကျနော်ထင်ပါတယ်။ ဒီနံရံဟာ ၁၉၈၈ ခုနှစ်မှာ ကျနော်တို့ ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့အချိန်နဲ့စာရင် အက်ကွဲနေပြီလို့ ဆိုနိုင်ပေမယ့် အခုထက်ထိ ပြိုကျမသွားသေးပါဘူး။

ကျနော်တို့အနိုင်ရနေပြီလား။ “အနိုင်ရနေတယ်” သို့မဟုတ် “အနိုင်ရမနေဘူး” ဆိုတာလောက်နဲ့တော့ အဓိပ္ပါယ်ပြည့်စုံတဲ့ အဖြေတခု မပေးနိုင်ပါဘူး။ လျော်ကန်သင့်မြတ်တဲ့အဖြေကတော့ နယ်လ်ဆင်မန်ဒဲလားရဲ့ တောင်အာဖရိက အနိုင်ရခဲ့သလို ဒေါက်တာမာတင်လူသာကင်း ဂျူနီယာရဲ့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ အနိုင်ရခဲ့သလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ခဲ့တဲ့ ကျနော်တို့ရဲ့ လွတ်လပ်ရေးအနိုင်ရခဲ့သလို “ကျနော်တို့ အနိုင်ရမှာပါ” ဆိုတာပါ။

ကျနော်တို့ရဲ့ ဒီမိုကရေစီတိုက်ပွဲဟာ အချိန်ဘယ်လောက်ကြာနိုင်မလဲ။ ဒီမေးခွန်းအတွက် တိကျတဲ့ အဖြေတစ်ခု တယောက်ယောက်မှာ ရှိမယ်လို့ မထင်ပါဘူး။ အဲဒီအဖြေမျိုးကရော လိုအပ်လို့လား။ ကျနော်တို့မျိုးဆက်ဟာ ဒီတိုက်ပွဲကို လွန်ခဲ့တဲ့နှစ် ၃၀ က စခဲ့ကြတာပါ။ ဒါပေမယ့် ကျနော်တို့ရှေ့မှာ အရင်တိုက်ပွဲဝင်ခဲ့တဲ့ လူတွေရှိပါတယ်။ ဒီမျိုးဆက်တွေဟာ အာဏာရှင်ဦးနေဝင်းက ၁၉၆၂ ခုနှစ်မှာ ပထမဆုံးနှိမ်နင်းခဲ့တဲ့ ဒီမိုကရေစီကို ပြန်လည်ရယူဖို့ ကြိုးပမ်းခဲ့ကြတာပါ။

ဒီတိုက်ပွဲဟာ နောက်မျိုးဆက်တခု ဒါမှမဟုတ် တခုမက ကြာချင်ကြာနိုင်ပါတယ်။ ကျနော်တို့အနိုင်ရမနေဘူးလို့ ကျနော်တို့ထင်ရင် ဒီတိုက်ပွဲကို ကျနော်တို့ အရှုံးပေးလိုက်သင့်သလား။ မြန်မာပြည်သူတွေကတော့ သူတို့တွေ အနိုင်ရနေသလားဆိုတာ မသေချာဘူးဆိုရင်တောင်မှ အရှုံးပေးမှာ မဟုတ်ပါဘူး။

စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၉ နိုင်ငံတကာဒီမိုကရေစီနေ့ရဲ့ အဓိကဆောင်ပုဒ်က ဒီမိုကရေစီမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အရေးပါတာကိုပြသတဲ့ “ပူးပေါင်းဆောင်ရွက်ရေး” ပါ။ ကျနော့်တို့မျိုးဆက်မှာ ကျနော်တို့ရဲ့ ပြည်သူလူထုအများအပြားဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အစကတည်းက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ၁၉၈၈ မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားလှုပ်ရှားသူ တယောက်အနေနဲ့ ၁၉၉၀ ခုနှစ်များအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတယောက်အနေနဲ့၊ ဒီနေ့ကာလမှာ သတင်းသမားတယောက်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ကျနော့်ရဲ့ ဒီမိုကရေစီအပေါ် နှစ်မြှုပ်မှုဟာ ဒီပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေထဲက အစိတ်အပိုင်းတခုအဖြစ် ကျနော်မြင်ပါတယ်။

မဝင်းမော်ဦးနဲ့ တခြားအသက်ပေးဆပ်ခဲ့တဲ့ လူတွေရဲ့ဝိဉာဉ်တွေဟာ သူတို့နိုင်ငံအတွက် ဒီမိုကရေစီဖြစ်ပေါ်ရေး ကြိုးပမ်းရာမှာ သူတို့ပူးပေါင်းပါဝင်ခဲ့မှုအတွက် နောင်တရကြမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေကလည်း “အနိုင်ရနေသလား” ဒါမှမဟုတ် “ရှုံးနိမ့်နေသလား” တွက်ချက်မှုမပြုဘဲ ကျနော်တို့ရဲ့ ဒီမိုကရေစီ တည်ဆောက်ရေးဖြစ်စဉ်ထဲမှာ ဆက်လက်ပူး ပေါင်းပါဝင်သွားကြမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ကျနော့်နိုင်ငံခြားသားအသိမိတ်ဆွေအပါအဝင် ကမာ္ဘတဝန်းက မိတ်ဆွေအမြောက်အမြား ရှိပါတယ်။ သူတို့ထဲက တချို့ဟာ ဆယ်စုနှစ်နဲ့ ချီပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေကြတဲ့သူတွေပါ။ ဒါကြောင့် သူတို့တွေက မြန်မာနိုင်ငံရဲ့ ခက်ခဲရှုပ်ထွေးမှုတွေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ ရင်းနှီးကျွမ်းဝင်နေကြပြီး နိုင်ငံနဲ့ပတ်သက်တဲ့ အခြေခံအချက်တွေနဲ့ သတင်းအချက်အလက်တွေကို သိရှိကြမယ်ဆိုတာ ကျနော်ပြောနိုင်ပါတယ်။ ဒါဟာ ကောင်းပါတယ်။

ဒါပေမဲ့ သိရုံ တခုတည်းနဲ့တော့ မလုံလောက်ပါဘူးလို့ အဲလဘတ်အိုင်းစတိုင်း ပြောသလိုပေါ့။ ကျနော့်အကြိုက် သူ့အဆိုတွေထဲကတခုကတော့ “အရူးတောင် သိနိုင်တယ်။ ဒါပေမယ့် အဓိကက နားလည်သဘောပေါက်ဖို့ပါ “Any fool can know. The point is to understand” တဲ့။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Kyaw Zwa Moe ၏ Democracy and A Question – ‘Is Aung San Suu Kyi Winning?  ကို လူသာလင်း ဘာသာပြန်ဆိုသည်။)

You May Also Like These Stories:

မင်းတို့စံပျော် နေပြည်တော်က အတိတ်နိမိတ်များ 

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို 

အသစ်တဖန် မွေးဖွားခြင်းအား တမ်းတချက် 

The post ဒီမိုကရေစီနဲ့ မေးခွန်းတခု (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည် နိုင်နေလား appeared first on ဧရာဝတီ.

]]>
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို https://burma.irrawaddy.com/opinion/viewpoint/2019/10/10/205938.html Thu, 10 Oct 2019 02:30:16 +0000 https://burma.irrawaddy.com/?p=205938 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ ဖြစ်ရေး မဖြစ်ရေးက  အနည်းဆုံးတော့  “အကယ်၍” ဆိုတဲ့ အပေါ် မူတည်နေပါတယ်။

The post ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို appeared first on ဧရာဝတီ.

]]>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ သမ္မတဖြစ်လာနိုင်တယ်လို့ စဉ်းစားခဲ့ဖူးကြပါသလား။ မြန်မာ့နိုင်ငံရေးဟာ တခြားနိုင်ငံတွေထက်ပိုပြီး ခန့်မှန်းရခက်တာမို့ မဖြစ်နိုင်ဘူးလို့ တွေး မရပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ ဖြစ်ရေး မဖြစ်ရေးက  အနည်းဆုံးတော့  “အကယ်၍” ဆိုတဲ့ အပေါ် မူတည်နေပါတယ်။

ဆိုလိုတာက “အကယ်၍” တပ်မတော်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ သူ့ရဲ့ မဟာမိတ် ပါတီတွေကသာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၆ ရာခိုင်နှုန်း အနိုင်ရခဲ့မယ်ဆိုရင် တပ်ချုပ် သမ္မတ ဖြစ်လာနိုင်ပါတယ်။

ဒီဖြစ်နိုင်ခြေကို ဆက်မပြောခင် ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ကရော သမ္မတဖြစ်ချင်လား မဖြစ်ချင်ဘူးလားဆိုတာကို အရင်စဉ်းစားကြည့်ကြရအောင်။

မြန်မာ့နိုင်ငံရေး ဝေဖန်လေ့လာသူ တော်တော်များများကတော့ ဗိုလ်ချုပ်မှူးကြီးက သမ္မတ ရာထူးမှန်းနေတယ်လ ယုံကြည်ပါတယ်။ နိုင်ငံခြားသတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ သူ့အနေနဲ့ တိုင်းပြည်ရဲ့ ထိပ်ဆုံးရာထူးကို မှန်းပါသလားလို့ မေးတဲ့အခါ ဗိုလ်ချုပ်မှုးကြီး အနေနဲ့ ‘မလုပ်ဘူး’ လို့ တခါမှ မငြင်းဖူးဘူး။

အသက် ၆၃ နှစ်ရှိနေပြီဖြစ်တဲ့ တပ်ချုပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း သမ္မတဖြစ်ဖို့ စိတ်ကူးနိုင်ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ သူက အစိုးရဝန်ထမ်းတွေရဲ့ အငြိမ်းစားယူသက်ဖြစ်တဲ့ အသက် ၆၀ ပြည့်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သူအငြိမ်းစားယူလိမ့်မယ်လို့ မျှော်လင့်ခဲ့ပုံရပေမယ့် တကယ်တမ်းမှာ အဲ့လိုမဖြစ်ခဲ့ဘဲ သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်သက်တမ်းကို တိုးခဲ့ပါတယ်။

“နိုင်ငံတော်သမ္မတက အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်”လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သက်တမ်းတိုးတဲ့အချိန်မှာ အဲဒီတုန်းက သမ္မတဖြစ်တဲ့ ဦးထင်ကျော်ဟာ ကနဦး သဘောမတူခဲ့ လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အစိုးရကြားမှာ တင်းမာမှုတွေရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့အပတ်တွေတုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကလည်း လူတော်တော်များများကို အံ့သြစေခဲ့ပါတယ်။  တပ်ချုပ်က မန္တလေး၊ ရန်ကုန်နဲ့ မြို့ကြီးတချို့က ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ဘုရားကျောင်းတွေကို သွားပြီး အလှူအတန်းတွေ လုပ်ခဲ့ပါတယ်။

ဒီလို ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာရေးအသင်းအဖွဲ့တွေကို သွားရောက်လှူဒါန်းတာက ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကာကွယ်ရေးဦးစီးချုပ်သက်တမ်းအတွင်း မကြုံစဖူး ထူးထူးကဲကဲပါပဲ။ လေ့လာစောင့်ကြည့်သူတွေကတော့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာက သူ့အပေါ်စွပ်စွဲထားတဲ့ ဘာသာရေးနှိပ်ကွပ်မှုတွေ၊ ပြစ်တင်ရှုတ်ချမှုတွေကို တန်ပြန်တာထက် ပိုတဲ့ လူထုနိုင်ငံရေး မဲဆွယ်စည်းရုံးမှုတခု အဖြစ် မြင်ကြပါတယ်။

၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို ARSA က အလစ်ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း တပ်ရဲ့ အင်အားသုံး နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး တပ်ချုပ်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ အရေးယူဖို့ နိုင်ငံခြားတိုင်းပြည်တချို့က ဖိအားပေးခဲ့ကြပါတယ်။

ဒီလိုပြည်တွင်းပြည်ပဖိအားတွေကြားမှာ ပိတ်မိနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သမ္မတဖြစ်ဖို့ ဆန္ဒရှိနိုင်ပါတယ်။ ဒီရည်မှန်းချက်က ပြည်တွင်းပြည်ပက သူ့ရန်ဘက် အားလုံးအပေါ် ‘တန်ပြန်လက်စားခြေမှု’ တခုဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း သူ့ အကျိုးအတွက် ရည်မှန်းချက် သက်သက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တပ်မတော်၊ USDP နဲ့သူ့ရဲ့အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့အတွက်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ သူတို့ရဲ့အစဉ်အလာဟောင်းဖြစ်တဲ့ အာဏာသိမ်းတာနဲ့မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ပေးထားတဲ့ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ရာဇပလ္လင်ကို ပြန်လည်ရယူနိုင်ခဲ့မယ်ဆိုရင် သူဟာ သူရဲကောင်းတဦး ဖြစ်ပါလိမ့်မယ်။ ဒီခန့်မှန်းတွက်ချက်မှုတွေအရဆိုရင် သူ သမ္မတဖြစ်ချင်မှာ သေချာသလောက်ပါပဲ။

ဒါဆို နောက်မေးခွန်းကတော့ တပ်ချုပ် သမ္မတ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာနဲဲ့့  အဲဒီလိုဖြစ်ဖို့ ဘယ်လိုအခွင့်အလမ်းတွေရှိမလဲ ဆိုတာပါပဲ။

အရှေ့မှာပြောခဲ့သလို အကယ်၍သာ USDP နဲ့သူ့မဟာမိတ်ပါတီတွေက ပြည်ထောင်စုလွှတ်တော်မှာ ၂၆ ရာခိုင်နှုန်းနေရာ အနိုင်ရမယ်ဆိုရင် တပ်ချုပ်သမ္မတဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ USDP က ပြည်ထောင်စုလွှတ်တော်မှာ ၆ ရာခိုင်နှုန်းကိုသာ ရရှိထားပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အာဏာရပါတီ NLD က ၅၉ ရာခိုင်နှုန်းကျော်ကိုရရှိထားကာ တပ်မတော်သားကိုယ်စားလှယ်တွေက ၂၅ ရာခိုင်နှုန်းယူထားတာမို့ ဒီကိစ္စဟာ ဖြစ်မယ့်ပုံတော့ သိပ်မပေါ်ပါဘူး။ ကျန်တဲ့၉ ရာခိုင်နှုန်းကိုတော့ တိုင်းရင်းသားပါတီအများစုက ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် “အကယ်၍” ဆိုတဲ့ အခြေအနေက ဖြစ်တောင့်ဖြစ်ခဲလို့ဆိုရမှာပါ။

ဒါပေမယ့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ နိုင်ငံရေး အနေအထား က ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလနဲ့ ကွာခြားနိုင်ပါတယ်။ တိုင်းရင်းသားတော်တော်များများနဲ့ တိုင်းရင်းသားပါတီတွေက NLD အနေနဲ့ တိုင်းရင်းသားတွေကို နေရာမပေးတဲ့ မူဝါဒကျင့်သုံးတယ်၊ သူတို့ကို ပစ်ပယ်ထားတယ်လို့ ခံစားနေရတာကြောင့် ၂၀၁၅ တုန်းကလို န်ိုင်ငံအနှံ့ ပြည်လုံးကျွတ် နိုင်ဖို့ NLD အနေနဲ့ သိပ်မလွယ်လှပါဘူး။

ဒါကြောင့် USDP ဟာ လွှတ်တော်နေရာပိုရဖို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေကတော့ တိုင်းရင်းသားဒေသတွေမှာ နိုင်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအထဲမှာ USDP ရဲ့မဟာမိတ်တွေ ဘယ်လောက်များများ အနိုင်ရပြီး၊ အစိုးရ ဖွဲ့နိုင်ဖို့အတွက် သူတို့အထဲက ဘယ်ပါတီတွေက USDP နဲ့ ပူးပေါင်းချင်ကြမလဲဆိုတာကို ကျနော်တို့စောင့်ကြည့်ရမှာပါ။

တိုင်းရင်းသားဒေသတွေမှာ NLD ရဲ့လူကြိုက်နည်း လာတာကြောင့်USDP နဲ့ သူ့မဟာမိတ်ပါတီတွေ (၂၅ ပါတီ လောက်ရှိပါတယ်) က ၂၆ ရာခိုင်နှုန်းလောက် နိုင် နိုင်ခြေ ရှိတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်တွက်ထားဖို့ လိုပါတယ်။

ဒါကြောင့်မို့ ကျနော်ပြောတဲ့ “အကယ်၍”  ဖြစ်ခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရထားတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ၂၆ ရာခိုင်နှုန်းနဲ့ ခုံပိုရမယ့် USDP ကနေ ပါတီဥက္ကဋ္ဌဦးသန်းဌေးဟာ သမ္မတဖြစ်လာလိမ့်မယ်လို့ ယူဆတဲ့သူတွေ ရှိနိုင်ပါတယ်။

ဒါပေမယ့် တကယ်တော့ အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ အမှန်တကယ် အောင်ပွဲခံမယ့်သူဟာ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သာဖြစ်ပါလိမ့်မယ်။

သူဘယ်လို သမ္မတဖြစ်လာနိုင်သလဲဆိုတာ ဆက်ရှင်းမပြခင် ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနဲ့ ဒုသမ္မတတွေကို အထွေထွေရွေးကောက်ပွဲကနေ တိုက်ရိုက် ရွေးချယ်တင် မြှောက်တာမဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။

ဒါကြောင့်မို့ ဗိုလ်ချုပ်မှူးကြီမင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာဖို့အတွက် ရွေးကောက်ပွဲကို ဝင်ပြိုင်စရာ မလိုပါဘူး။ စစ်အစိုးရဟောင်းရေးဆွဲခဲ့တဲ့ ဒီအခြေခံဥပဒေက သူ့ကို အလွယ်တကူပဲ ဒုတိယသမ္မတ ဖြစ်စေနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့သမ္မတရွေးချယ်တဲ့အစီအစဉ်မှာ လွှတ်တော်တွင်း အုပ်စုသုံးစုကနေ သူတို့ရဲ့ ဒုတိယသမ္မတလောင်းတွေကို ရွေးချယ်ပေးရပါတယ်။ အဲဒီအုပ်စုသုံးစုကတော့ ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ တပ်မတော်သားကိုယ်စားလှယ်အဖွဲ့များဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွန်ကြားချက်တွေပေါ်မှာ အခြေခံပြီး စစ်တပ်ကိုယ်စားလှယ်တွေက သူတို့ရဲ့ ဒုတိယသမ္မတကိုရွေးချယ်ပေးကြပါတယ်။ လက်ရှိ ဒုတိယသမ္မတ-၁ က ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေပါ။ သူ့ကို စစ်တပ်ကိုယ်စားလှယ်တွေက ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတရွေးချယ် တင်မြောက်ရေး လုပ်ငန်းစဉ် ကတဆင့် ရွေးချယ်ပေးခဲ့တာပါ။

ဒါကြောင့်မို့ ၂၀၂၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ပြန်လည်ကျင်းပတဲ့အခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လွှတ်တော်တွင်းက သူ့ရဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ဒုတိယသမ္မတအဖြစ် သူ့ကိုရွေးချယ်ဖို့ ညွှန်ကြားနိုင်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတာမို့လို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါကိုဘယ်သူမှ (ဘယ်သူမှ ဆိုတာ အစိုုးရနဲ့ တခြားပါတီတွေထဲက ဘယ်သူမှကို ဆိုလိုတာပါ) မတားဆီးနိုင်ပါဘူး။

အဲဒီတော့ သူဟာ အခု ဒုတိယသမ္မတတယောက်ဖြစ်လာပြီလို့ ယူဆထားပြီး စဉ်းစားကြည့်ရအောင်။ သူသမ္မတ ဘယ်လိုဖြစ်လာနိုင်သလဲ။ ကျနော်တို့အနေနဲ့ တခြားဒုတိယ သမ္မတနှစ်ဦးဟာ ဘယ်သူတွေဖြစ်မလဲဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ အပေါ်မှာ ကျနော်တို့ပုံဖော်ပြခဲ့တဲ့ ယူဆချက်အရ USDP နဲ့ သူ့မဟာမိတ်ပါတီတွေဟာ လွှတ်တော်တွင်းက နေရာတွေရဲ့ ၂၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတယ်ဆိုတာကို သတိရပါ။ ဒါပေမယ့် NLD ဟာ၂၀၁၅ တုန်းကလောက် တောင်ပြိုကမ်းပြိုပွဲကို ထပ်မရဘူးဆိုတောင် USDP ထက် မဲအများကြီး ပိုရမယ်ဆိုတာတော့ သေချာပေါက်ပြောနိုင်ပါတယ်။

အဓိကအချက်ကတော့ လွှတ်တော်တခုချင်းစီက NLD ကိုယ်စားလှယ်အရေအတွက်ဟာ USDP နဲ့ သူ့မဟာမိတ်ပါတီတွေထက် ပိုသာနေမှာပါ။ ဒီလိုအခြေအနေမှာ NLD ဟာ သူ့ရဲ့ပါတီဝင်တွေကို တခြားဒုတိယ သမ္မတနှစ်ယောက်အတွက် ရွေးချယ်နိုင်ဆဲပါပဲ။

ဒါကြောင့် အခုဆို ကျနော်တို့မှာ ဒုတိယသမ္မတသုံးဦးရှိပါပြီ။ တဦးက စစ်တပ်ကနဲ့ ၂ ဦးက NLD ကပါ။ ဒီလိုဆိုတော့ USDP အနေနဲ့လွှတ်တော်နေရာ ၂၆ ရာနှုန်းကိုရတောင်မှ သူ့ကိုုယ်စားလှယ်တယောက် ယောက်ဟာ သမ္မတဖြစ်လာဖို့ အခွင့်အလမ်းရှိမှာ မဟုတ်ပါဘူး။

အခုဆိုရင် ဒီလုပ်ငန်းစဉ်ရဲ့ ကျန်တဲ့အပိုင်းက ဒုတိယသမ္မတသုံးဦးကြားကနေ သမ္မတတဦးတင်မြှောက်ဖို့ပါ။ လွှတ်တော်နှစ်ရပ်မှာပြန်ကြည့်ရင် စစ်တပ်က ၂၅ ရာနှုန်းနဲ့  USDP နဲ့ သူ့မဟာမိတ်ပါတီတွေက ၂၆ ရာနှုန်းမို့လို့ စုစုပေါင်းနေရာဟာ ၅၁ ရာနှုန်း ဖြစ်နေပြီမို့ NLD ရဲ့နေရာထက် ပိုများနေပါတယ်။ တပ်ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်နှစ်ရပ်ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ သမ္မတကို လွှတ်တော်မှာ တင်မြှောက်ရတယ်ဆိုတော့ NLD ရဲ့ ဒုတိယသမ္မတနှစ်ဦးမှာ အလားအလာ မရှိတာမြင်သာပါတယ်။

ဒီဖြစ်နိုင်ခြေမှာ USDP နဲ့ သူ့မဟာမိတ်ပါတီတွေဟာ ရွေးစရာမရှိပါဘူး။ စစ်တပ်ကိုယ်စားလှယ်တွေနဲ့အတူ သူတို့ရဲ့ ဒုတိယသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပဲ ရွေးချယ်တင်မြှောက်ရမှာပါ။

ဒီအတိုင်းဆိုရရင် ၂၀၂၁- ၂၀၂၆ ကာလ အတွက်သမ္မတဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ဖြစ်ဖို့ရှိပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ပြီးပြည့်စုံတဲ့ အယူအဆတခုတော့မဟုတ်သေးပါဘူး။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် အထက်ဖော်ပြပါ “အကယ်၍” ဆိုတဲ့ အနေအထား မရှိခဲ့ဘူးဆိုရင် ဘယ်လိုဖြစ်လာမှာလဲ။

တကယ်လို့ သူသမ္မတမဖြစ်နိုင်ဘူးဆိုရင် ဒုတိယသမ္မတကတော့ ဖြစ်ချင်မှာမဟုတ်ဘူးလို့ ပြည်တွင်း၊ ပြည်ပလေ့လာသူ အများအပြားက ယုံကြည်ကြပါတယ်။ ဒါပေမယ့် ကျနော်ပြန်မေးချင်တာက ဘာလို့ သူမဖြစ်ချင်ရမှာလဲ။ ဒုတိယသမ္မတ ဖြစ်တာဟာ သူ့ဖို့ ဘာမှဆုံးရှုံးစရာမရှိပဲ အကျိုးအမြတ် များများတောင် ရနိုင်ပါတယ်။ ဒါကြောင့် သူဟာ သမ္မတမဖြစ်နိုင်ရင်တောင် ဒုတိယသမ္မတတော့ သေချာပေါက်ဖြစ်နိုင်ပါတယ်။ ဒီဒုတိယသမ္မတရာထူးဟာ နိုင်ငံတကာအသိုင်းအဝိုင်းက ICC ပို့ဖို့ကြိုးစားနေတဲ့ အချိန်မှာ သူ့အနေနဲ့ အစိုးရရဲ့ ထိပ်တန်းရာထူးတခုကို ရအောင်လုပ်နိုင်တယ်ဆိုတာ ပြသခွင့်ရနိုင်တဲ့ စင်မြင့်တခုဖြစ်နေဆဲမို့ပါ။ ပြီးတော့လည်း  နိုင်ငံတနိုင်ငံ ရဲ့ ဒုတိယ သမ္မတ ဖြစ်နေတဲ့အတွက် နိုင်ငံတကာက ကြိုးပမ်းနေတဲ့ အပြစ်တင် အရေးယူခံရမယ့် အနေအထားကနေ အတိုင်းအတာ တခုအထိတော့ အကာအကွယ်လည်းဖြစ်နိုင်ပါတယ်။

အစိုးရအဖွဲ့ထဲကို သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတအဖြစ် ဝင်ရောက်ဖို့ မဆုံးဖြတ်ခင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် လုပ်ဖို့လိုတာက သူ့ လက်ရှိ တပ်ချုပ်ရာထူး ကို ဆက်ခံဖို့  သစ္စာစောင့်သိတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ကို သူ့လက်ထောက်ဗိုလ်ချုပ်ကြီးတွေထဲက  ရွေးချယ်ဖို့ပဲ ဖြစ်တယ်။

အခုဆို၂၀၂၁ ခုနှစ်၊ မတ်လနဲ့ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေတာကို စိတ်ကူးကြည့်ဖို့ နည်းနည်းပိုလွယ်ကောင်းလွယ်သွားပါပြီ။ သူဟာ မြန်မာပြည်သူလူထုအများစု ဒါမှမဟုတ် သူတို့ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ သမ္မတတယောက်တော့ ဖြစ်မှာမဟုတ်တာ သိသာထင်ရှားပါတယ်။ အဲဒီတော့ သူ့ရဲ့ အစိုးရ အဖွဲ့ဟာလည်း ပြည်သူ့တင်တဲ့ အစိုးရ အဖွဲ့ ဖြစ်မှာ မဟုတ်သလို ရလဒ်ကတော့ ပြည်သူ့အတွက် အစိုးရလည်း ဖြစ်လာမှာ မဟုတ်ပေဘူး။ NLD အတွက် တိုက်ရိုက်အကျိုးဆက်ကတော့ ရွေးကောက်ပွဲမှာပေးတဲ့ မဲအများစုကို ရထားပေမယ့် အာဏာလက်လွှတ် ဆုံးရှုံးမှုဖြစ်ပါလိမ့်မယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမ္မတလက်ထက်မှာ မြန်မာနိုင်ငံဟာ ဘာနဲ့တူမလဲ၊ နိုင်ငံရဲ့လက်ရှိနိုင်ငံရေးလမ်းကြောင်း ဘယ်လောက်ပြောင်းလဲသွားမလဲနဲ့ မြန်မာနိုင်ငံနဲ့နိုင်ငံတကာအသိုင်း အဝိုင်းကြားဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲဆိုတာ စာဖတ်သူအနေနဲ့တွေးကြည့်နိုင်ပါတယ်။

အခု ဖော်ပြခဲ့တာတွေဟာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ၊ ဒု သမ္မတ ဖြစ်မယ်ဆိုပြီးဟောကိန်း ထုတ်နေတာ မဟုတ်ဘူး။  ဟောကိန်းလို့ ဆိုတာထက် မြန်မာနိုင်ငံရေးမှာ ဖြစ်နိုင်ချေ ရှိတဲ့ ဖြစ်စဉ်တွေထဲက ဖြစ်နိုင်မယ့် ဖြစ်စဉ်တခု ကို မှန်းဆ တွက်ပြခြင်းသာ ဖြစ်ပါတယ်။  သူသာ သမ္မတ၊ ဒုတိယ သမ္မတ ဖြစ်လာမယ် ဆိုရင် ဘာပဲဖြစ်ဖြစ် ဒါဟာ  ICC မှာ တရားစွဲဆိုခံရမယ့် ခြိမ်းခြောက်မှု အန္တရာယ်နဲ့နိုင်ငံတကာပြစ်တင်ရှုတ်ချမှု ဘေးကနေ လွတ်မြောက်နိုင်ပြီး လူကြိုက်များတဲ့ရွေးကောက်ခံ NLD ကို အနိုင်ယူနိုင်ခဲ့သူ မြန်မာစစ်ဗိုလ်ချုပ်ကြီးတဦးရဲ့ အောင်နိုင်ဇာတ်ကြောင်းတခု ဖြစ်နိုင်ပါတယ်။ “အကယ်၍” ဆိုတဲ့ ယူဆချက်သာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ  သမ္မတဖြစ်လာနိုင်ပါတယ်။ မဟုတ်ခဲ့ရင်လည်း ဒုတိယသမ္မတတော့ ဖြစ်နိုင်ပါသေးတယ်။

(Kyaw Zwa Moe ၏ How Myanmar’s Military Chief Could Become President ကို လူသာလင်းမြန်မာပြန်ဆိုသည်။)

You may also like these stories:

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား

သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား

မင်းတို့စံပျော် နေပြည်တော်က အတိတ်နိမိတ်များ

The post ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို appeared first on ဧရာဝတီ.

]]>
မင်းတို့စံပျော် နေပြည်တော်က အတိတ်နိမိတ်များ https://burma.irrawaddy.com/article/2019/09/28/205135.html Sat, 28 Sep 2019 01:30:59 +0000 https://burma.irrawaddy.com/?p=205135 နေပြည်တော်ဆိုတာ "မင်းတို့ပျော်စံရာ နန်းစိုက်ရာ နေရာ"လို့ အဓိပ္ပါယ်ပေမယ့် ကျနော် ရောက်ခဲ့တဲ့ နေပြည်တော်ကိုတော့ "ဗိုလ်ချုပ်ကြီးတွေ စိုးစံရာနေရာ"လို့လည်း ခေါ်နိုင်ပါသေးတယ်။

The post မင်းတို့စံပျော် နေပြည်တော်က အတိတ်နိမိတ်များ appeared first on ဧရာဝတီ.

]]>
မြို့တော်နေပြည်တော်မှာ ရောက်နေတုန်း ကျနော် စိတ်အဝင်စားဆုံးကတော့ လူဦးရေ ၅၃ သန်းရှိပြီး ပြသနာပေါင်း သောင်းခြောက်ထောင်ရင်ဆိုင်နေရတဲ့ မြန်မာပြည်ရဲ့ ကံကြမ္မာကို ပုံဖော်နေတဲ့ အရင် အစိုးရအဖွဲ့က လူဟောင်း တွေနဲ့ လက်ရှိ အစိုးရသစ် အကြား အာဏာလွန်ဆွဲပွဲဘဲ ဖြစ်ပါတယ်။

နေပြည်တော်ဆိုတာ “မင်းတို့ပျော်စံရာ နန်းစိုက်ရာ နေရာ”လို့ အဓိပ္ပါယ်ရမှန်း တော်တော်များများက သိကြပါတယ်။ ဒါပေမယ့် ကျနော် ရောက်ခဲ့တဲ့ နေပြည်တော် ကိုတော့ “ဗိုလ်ချုပ်ကြီးတွေ စိုးစံရာနေရာ”လို့လည်း ခေါ်နိုင်ပါသေးတယ်။

အဲဒီလို ခေါ်နိုင်တဲ့ အကြောင်းကတော့ အင်မတန်ကို ရှင်းပါတယ်။ မြို့တော်ဟောင်း ရန်ကုန်ကနေ ၃၂၀ ကီလိုမီတာလောက်အကွာမှာရှိတဲ့ ဒီမြို့တော်သစ်ဟာ စစ်အစိုးရဟောင်းအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကိုယ်ပိုင်ဖန်တီးမှုပါ။ မြန်မာပြည်ကို သူ အုပ်ချုပ်ခဲ့တဲ့ ၁၉ နှစ်ကြာ (၁၉၉၂-၂၀၁၁) ကာလအတွင်း သူ့ရဲ့ တင်းကျပ်တဲ့အုပ်ချုပ်မှုကြောင့် သူ့ကို စစ်အာဏာရှင်တဦးရယ်လို့ ပြည်တွင်းကရော ကမာ္ဘတစ်ခုလုံးကပါ သတ်မှတ်ခဲ့ကြတယ်။ ဒါကြောင့်မို့ နေပြည်တော်ဟာ ၁၉၆၂ ခုနှစ်ကတည်းက တိုင်းပြည်ကိုချုပ်ကိုင်ခဲ့ကြတဲ့ ထိပ်တန်းစစ်ဖက်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းအတွက် အထူး ရည်ရွယ်တည်ဆောက်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

စစ်အစိုးရအကြီးအကဲက သူ့အစိုးရအဖွဲ့တခုလုံးကို ရန်ကုန်ကနေပြောင်းရွှေ့ကြဖို့ အမိန့်ပေးညွှန်ကြားခဲ့တဲ့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလကစပြီးနောက်ပိုင်း နှစ်ကာလတလျှောက် နေပြည်တော်ဟာ စစ်ခေါင်းဆောင်တွေ၊ အရာရှိတွေနဲ့ အစိုးရအမှုထမ်းတွေအတွက်ပါ တသီးတခြားထားတဲ့နေရာဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်/မျိုးမင်းစိုး

မြန်မာပြည်သူလူထုရဲ့အမြင်မှာတော့ နေပြည်တော်ဟာ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုပြီး စစ်ခေါင်းဆောင်တွေပိုင်ဆိုင်တဲ့၊ စစ်အာဏာရှင်တယောက်ရဲ့ ဝိဉာဉ်ကနေ ပေါက်ဖွားလာတဲ့ နေရာတခုလို့ ရှုမြင်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုအခြေအနေဟာ ထာဝရတော့ မတည်တံ့ခဲ့ပါဘူး။ ခြောက်နှစ်လောက်သာ ခံခဲ့ပါတယ်။

ဒီနေ့အချိန်မှာ နေပြည်တော်ဟာ ဟိုတချိန်တုန်းကမြို့ မဟုတ်တော့ပါဘူး။ အစိုးရအဖွဲ့ကိုရွှေ့ခဲ့ချိန် ကစလို့ ဆယ့်လေးနှစ်အကြာမှာတော့ နေပြည်တော်ဟာ “အသက်ကင်းမဲ့” ပြီး “အထီးကျန်ဆန်”တဲ့ မြို့တော်တခုအဖြစ် သတင်းစာအတော်များများက တချိန်ကဖော်ပြခဲ့ကြသလိုမျိုး မဟုတ်တော့ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် နေပြည်တော်ဟာ မြန်မာပြည်ရဲ့ အာဏာဗဟိုချက်မဖြစ်နေတုန်းပါ။

ကျနော့်အမြင်မှာတော့ နေပြည်တော်ဟာ အရေးပါတဲ့ နည်းလမ်းသုံးခုနဲ့ နိုင်ငံရေးအရ တဆင့်ပြီး တဆင့်ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။

အဲဒီ အပြောင်းအလဲတွေထဲမှာ ပထမဆုံးက ၂၀၁၁ ခုနှစ် မတ်လမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ကိုယ်ပိုင်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၂၀၁၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်နဲ့ အနိုင်ရပြီးနောက် (မဲမသမာမှုကြောင့် အဲဒီလောက်နိုင်တယ်လို့ အများက ယုံကြတယ်) ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်ကို သမ္မတ ခန့်ပြီး အမည်ခံ အရပ်သားအစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးခဲ့တာပါပဲ။

ဒုတိယ အပြောင်းအလဲကတော့ ၂၀၁၂ ခုနှစ်၊ ဂျူလိုင်လမှာပါ။ အဲဒီအချိန်က အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့အဖွဲ့ဝင် ၄၃ ယောက်ဟာ ကြားဖြတ် ရွေးကောက်ပွဲ နိုင်ငံအဝန်းလစ်လပ်နေရာ ၄၄ နေရာရှိတဲ့အထဲက ၄၃ နေရာမှာအနိုင်ရပြီး USDP နဲ့စစ်ဖက်ကိုယ်စားလှယ်တွေ ကြီးစိုးထားတဲ့လွှတ်တော်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

နောက်ဆုံးလည်းဖြစ်၊ အရေးအပါဆုံးဖြစ်ရပ်လည်းဖြစ်တဲ့ အပြောင်းအလဲကတော့ ၂၀၁၆ ခုနှစ် မတ်လမှာ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီတုန်းက NLD ဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရပြီးတဲ့နောက် ပထမဆုံးအကြိမ်အနေနဲ့ အစိုးရတစရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ NLD ဟာ USDP နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ လွှမ်းမိုးထားခဲ့ဖူးတဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်တွေမှာရှိတဲ့ နေရာအများစုကို အနိုင်ရခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး နေပြည်တော်မှာ လူဟောင်း တွေနဲ့ လူသစ်တွေအကြား အာဏာ လွန်ဆွဲပွဲတခုကို ကျနော်တို့တွေ့မြင်ခဲ့ကြရပါတယ်။ (အဟောင်းတွေထဲမှာ တပ်မတော်ရယ်၊ ဗိုလ်ချုပ် ဟောင်းတွေရယ်နဲ့ USDP တို့ပါဝင်ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်ငါးခုကျော်ကြာ တိုင်းပြည်ကို သူတို့တွေပေါင်းပြီး အုပ်စိုးခဲ့ကြတာပါ။ အသစ်တွေထဲမှာတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွေမှာ နိုင်ငံရဲ့လွှတ်တော်တွေထဲက ကိုယ်စားလှယ်နေရာတွေကို အနိုင်ရခဲ့ကြတဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါဝင်ကြပါတယ်။)

နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ/ဧရာဝတီ

ဒီအရေးပါတဲ့ဖြစ်ရပ်တွေကပဲ နေပြည်တော်ကို စစ်အာဏာရှင်ဖန်တီးခဲ့တဲ့ မြို့တော်တခုကနေ နိုင်ငံရေးအရ ပိုမိုလှုပ်ရှားတက်ကြွပြီး အရောင်အသွေးစုံလင်တဲ့နေရာတခုအဖြစ် သိသိသာသာကြီးပြောင်းလဲပစ်ခဲ့ပါတယ်။ အဲဒီအရေးပါတဲ့ဖြစ်စဉ်သုံးခုအနက် နှစ်ခုဖြစ်တဲ့ ၂၀၁၂ ခုနှစ် ဂျူလိုင်လနဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ကျနော်ကိုယ်တိုင်သွားရောက်လေ့လာသုံးသပ်ခဲ့ပါတယ်။ ၂၀၁၆ ဖေဖော်ဝါရီလ ကတော့ အသစ်ရွေးကောက်တင် မြှောက်ခံထားရတဲ့ NLD ကိုယ်စားလှယ်တွေဟာ သူတို့အစိုးရမဖွဲ့ခင်အချိန်လေးအတွင်း ပြည်ထောင်စုလွှတ်တော်ထဲ စတင်ဝင်ရောက်ချိန်ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ NLD အစိုးရဖွဲ့ပြီးနောက်ပိုင်း တပ်မတော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ တခြားပါတီတွေထက်ကို ပိုပြီး အတိုက်အခံလို ရပ်တည်ခဲ့ကြတယ်။ အကောင်းမြင်ပြီးပြောမယ်ဆိုရင် နေပြည်တော်ဟာ နိုင်ငံရေးအရ အရင်ကထက်ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာသလို တဖက်မှာလည်း နိုင်ငံရေးအရ အနှုတ်သဘောဆန်တာတွေလည်း ရှိနေတာအမှန်ပါပဲ။

နိုင်ငံရေးကနေ စစ်တပ်ရဲ့အခန်းကဏ္ဍကို လျှော့ချပစ်ဖို့ကြိုးစားနေတဲ့ NLD နဲ့ တိုင်းရင်းသားပါတီတွေကတဖက်၊ လက်ရှိအနေအထားနဲ့ ဖွဲ့စည်းပုံအရ အထူးအခွင့်အရေးတွေကို အရှည်တည်တံ့အောင်ထိန်းသိမ်းဖို့ အလေးဂရုပြုနေတဲ့ စစ်တပ်ကတဖက်ဆိုပြီး အရင်အာဏာရ လူဟောင်းတွေနဲ့ လက်ရှိ အာဏာရ လူသစ်တွေဆိုတဲ့ အုပ်စုနှစ်ခုဟာ ထိပ်တိုက် အားပြိုင်မှုတွေ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီအားပြိုင်မှုရဲ့ရလဒ်ဟာ အကောင်းဖြစ်လာမလား၊ အဆိုးဖြစ်လာမလားဆိုတာကိုတော့ ဘယ်သူကမှ အတိအကျ မခန့်မှန်းနိုင်သေးပါဘူး။

လွှတ်တော်သို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံကိုယ်စားလှယ်များ/ ဧရာဝတီ

အဲဒီ အားပြိုင်နေတဲ့ ပွဲကတော့ ထင်ထင်ရှားရှား လွှတ်တော်ထဲမှာဖြစ်နေတဲ့တိုက်ပွဲပါပဲ။ NLD အများစုနဲ့ တိုင်းရင်းသားကိုယ်စားလှယ်အချို့က တဘက်၊ လက်ရှိစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရွေးချယ်ပေးထားတဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတဘက် ဖြစ်နေကြတဲ့တိုက်ပွဲပဲဖြစ်ပါတယ်။ တနည်းပြောရရင် ဒီတိုက်ပွဲဟာ ပြည်သူအများရှုစားနိုင်တဲ့ ဇာတ်ခုံပေါ်ကပွဲပါ။ တကယ်တော့ ဇာတ်ခုံ နောက်မှာ ဖြစ်နေတဲ့ဖြစ်ရပ်တွေက ပိုစိတ်ဝင်စားစရာကောင်းသေးတယ်။

မြို့တော်အသစ်၊ နည်းပရိယယ်အဟောင်း

ဒီကနေ့ နေပြည်တော်ဟာ သစ်ပင်ကြီးတွေ သစ်ပင်ငယ်တွေနဲ့ အရင်ထက် ပိုပြီးစိမ်းလန်းနေပါတယ်။ လမ်းမကြီးတွေဟာ ကျယ်ပြောပြီး ယာဉ်အသွားအလာက မရှိသလောက်ပါ။ လမ်းဘေးနှစ်ဘက်မှာ ပန်းပင်နဲ့ရွက်လှတွေက မြို့တော်ကိုလတ်ဆတ် အေးမြတဲ့ အသွင်ကို ဆောင်စေပါတယ်။ မြို့ရဲ့ အထင်ကရနေရာတွေမှာ လူသွားစင်္ကြန်တွေက အတော့်ကို သပ်သပ်ရပ်ရပ် ရှိပါတယ်။

နေပြည်တော်မှာ လေထုညစ်ညမ်းမှုဆိုတာ မရှိသလောက်မို့ အားရပါးရ အသက်ရှုလိုက်ရင် ရင်ထဲ အောက်ဆီဂျင်တွေပြည့်ပြီး အသက်ရှုဝတယ်လို့ ခံစားရပါတယ်။

ဒါပေမယ့် အနားယူသွားပေမယ့် နိုင်ငံရေးဇာတ်ခုံနောက်မှာ အခုထိသြဇာတိက္ကမရှိနေဆဲ ဗိုလ်ချုပ်ကြီးတွေ ဘာတွေတွေးနေလဲဆိုတာကို တစိတ်တဒေသ သိလိုက်ရတဲ့ အချိန်မှာတော့ ကျနော် ရုတ်တရက် အသက်ရှု ကြပ်သလို ခံစားလိုက်ရပါတယ်။ ကျနော်သိလ်ိုက်ရတဲ့ အချက်တခုကတော့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ၂၀၁၁ ခုနှစ်မှာ တိုင်းပြည်ရဲ့နိုင်ငံရေးလမ်းကြောင်းကို ပြောင်းဖို့ဆုံးဖြတ်ချက်ချခဲ့ပေမယ့် အာဏာသိမ်းမှုကို သူတို့ရဲ့နိုင်ငံရေးဖြေရှင်းနည်းတခုအဖြစ် စဉ်းစားနေဆဲပဲဆိုတဲ့ အချက်ပါပဲ။ ဒါကို ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်မှုရှိပြီး ယုံကြည်စိတ်ချရလောက်တဲ့ သူ တယောက်ဆီကနေ နေပြည်တော်မှာ ကျနော် ကြားသိခဲ့ရတာဖြစ်ပါတယ်။

ပုဗ္ဗသီရိမြို့နယ်ထဲက ရာဇသင်္ဂဟအဝိုင်းနားမှာ အရင်စစ်အစိုးရနဲ့ ပြီးခဲ့တဲ့အစိုးရရဲ့ ထိပ်တန်းအဖွဲ့ဝင် ခြောက်ယောက်လက်ရှိနေထိုင်ကြတဲ့ အိမ်ခြောက်လုံးရှိတယ်။ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူ့လက်ထောက်ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ သမ္မတဟောင်းဦးသိန်းစိန်၊ သူ့ရဲ့ဒုတိယသမ္မတဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦး၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ အရင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေးတို့ရဲ့အိမ်တွေပါ။

အဲဒီနေရာဟာ အခုချိန်အထိ နေပြည်တော်ရဲ့ဝိဉာဉ် ကိန်းအောင်းရာနေရာပဲလို့ ပြောလို့ရပါတယ်။ ဒီအိမ်ခြောက်လုံးကို `ခြောက်လုံးတန်း`လို့ ဒေသခံတွေကခေါ်ကြပါတယ်။ လုံခြုံရေးအစောင့်တွေက အိမ်ဝန်းတိုင်းရဲ့ ဂိတ်၀တွေကို စောင့်ကြပ်နေကြပြီး လမ်းမတချို့ကိုလည်း သွားလာခွင့်ပိတ်ထားပါတယ်။

ကျနော့်တွေ့ရှိ ချက်တွေဟာ အဲဒီကနေ တိုက်ရိုက်လာတာပါ။

ကျနော်တွေ့ဆုံခဲ့တဲ့ အငြိမ်းစားအကြီးတန်းစစ်တပ်အရာရှိတဦးက “ကျနော်တို့” ဆိုတဲ့ ဘုံနာမ်စားသုံးပြီး အောက်ပါအတိုင်း စပြောတယ်။

“ကျနော်တို့ အနောက်ဖက် ပဲ့သွားမှာ စိုးရိမ်တယ်။ တိုင်းပြည်အခြေအနေက အရမ်းစိုးရိမ်ဖို့ ကောင်းတယ်”လို့ နိုင်ငံအနောက်ဖက်မှာရှိတဲ့ ရခိုင်ပြည်နယ်ကို ရည်ညွှန်းပြီး အဲဒီအရာရှိ ကပြောပါတယ်။

“ဘာလို့လဲ”လို့ ကျနော်က မေးတယ်။

“အေအေ (ရခိုင်တပ်မတော်) က အရမ်းရန်လိုပြီးတော့ အဲဒီမှာရှိတဲ့ ဘင်္ဂါလီ (ရိုဟင်ဂျာ) ပြဿနာကလည်း ရှိနေတုန်းပဲ။ ဒါ့အပြင် ကျနော်တို့ သိတယ်။ နိုင်ငံခြားတိုင်းပြည်ကြီးတခုကလည်း ဒီအရေးမှာ ဝင်ရောက်စွက်ဖက်နေတယ်” လို့ အမေရိကန်ပြည်ထောင်စုကို ရည်ညွှန်းပြီး သူကပြောပါတယ်။

လွှတ်တော်အပြီး ပြန်ထွက်လာသော လွှတ်တော်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြင်ရစဉ်/ဧရာဝတီ

သူ့ရဲ့ အခြားအဓိက စိုးရိမ်ပူပန်မှုတခုကတော့ NLD ရဲ့အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုပါ။ သူက NLD ရဲ့အခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခုခံနေကြတဲ့ လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ တလေသံတည်းပါဘဲ။ “တကယ်လို့ အခြေအနေတွေ ပိုဆိုးလာရင်တော့ ကျနော်တို့က အာဏာသိမ်းရမှာပဲ”လို့ သူက ဆက်ပြောပါတယ်။ “ဒီလိုလုပ်ရင် အကျိုးဆက်တွေ မကောင်းဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူးလေ။ အဲဒီလိုဆိုရင် တရုတ်ကိုပဲ ကျနော်တို့ အားထားရမှာပဲ။ ဘာလို့လဲဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ကျနော်တို့နဲ့ သိပ်ဆက်ဆံမှာ မဟုတ်တော့ဘူး`လို့ သူက ဆိုပါတယ်။

သူပြောတာကြားတော့ ကျနော် အတော်စိုးရိမ် သွားပါတယ်။ ကျနော်က ချက်ချင်းဆိုသလို “အဲဒီလိုလုပ်ရင် အရင်တုန်းကလိုပဲ ကျနော်တို့ပြည်သူတွေနဲ့ မျိုးဆက်သစ်တွေဟာ ဒုက္ခရောက်မှာပေါ့ လို့ ပြန်ပြောလိုက်ပါတယ်။ “အင်းလေ..ဒါကတော့ ပြည်သူရဲ့ကံကြမ္မာပေါ့” လို့ သူကပြန်ပြောတယ်။ ကျနော်က စိုးရိမ်တကြီးနဲ့ “အာဏာသိမ်းမယ့်အစား တပ်ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိဖို့ တိုက်တွန်းကြပါလား။ အဲဒါက တိုင်းပြည်အတွက် ပိုကောင်းလိမ့်မယ်”လို့ ကျနော် သူ့ကိုပြောလိုက်တယ်။

ဒီတော့ သူက “အေးဗျာ…ခင်ဗျားသိတဲ့အတိုင်းပဲ သူတို့ဆွေးနွေးတာတွေကလည်း အလုပ်မှမဖြစ်တာ”လို့ ပြန်ပြောတယ်။ သူ့စကားတွေက အရင်ကနဲ့ လက်ရှိတပ်မတော်ခေါင်းဆောင်တွေ စဉ်းစားလေ့ရှိတဲ့ နည်းလမ်းနဲ့ပတ်သက်လို့ ပြန်ဖော်ပြလိုက်တာပါပဲ။ အဲဒီ စကားဟာ လူဟောင်းတွေရဲ့အမြင်ကို ကိုယ်စားပြုနေပါတယ်။ အငြိမ်းစားရော တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်ကြီးတွေဟာ အာဏာသိမ်းဖို့ ဘယ်တုန်းကမှ လက်မတွန့်ခဲ့ဘူး ဆိုတဲ့အချက်ဟာ ကျနော်တို့နိုင်ငံရဲ့ အဓိကပြဿနာပါပဲ။ သူတို့ အနေနဲ့ အာဏာသိမ်းဖို့ လိုတယ်လို ထင်တိုင်း အဲဒီနည်း ကို သမိုင်းမှာ သုံးခဲ့ကြပါတယ်။

ထိပ်ဆုံးအဆင့်က ထွက်ပေါက်မရှိတဲ့အခြေအနေ

ဒီတပ်မတော်အရာရှိဟောင်းပြောခဲ့တာဟာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြားက ဆွေးနွေးပြောဆိုမှုတွေနဲ့ပတ်သက်လို့ကတော့ မှန်ပါတယ်။ “ခေါင်းဆောင်နှစ်ယောက်ဟာ ၂၀၁၈ ခုနှစ်အထိ မျက်နှာချင်းဆိုင်ဆွေးနွေးပွဲတွေ အကြိမ်တော်တော်များများ လုပ်ခဲ့တယ်”လို့ နာမည်ထုတ်မပြောလိုတဲ့ အရာရှိတယောက်က ကျနော့်ကိုပြောခဲ့ပါတယ်။ “ဒါပေမယ့်လည်း ဒီဆွေးနွေးပွဲတွေဟာ ဘာရလဒ်မှ မထွက်ခဲ့ပါဘူး”လို့ သူက ဆိုပါတယ်။

သူတို့သဘောမတူကြတဲ့အချက်တချက်က အခြေခံဥပဒေပြင်ဆင်ရေးပါ။ ခေါင်းဆောင်နှစ်ဦးမှာ ဆက်ဆံရေးကောင်းတယ်လို့ ဘယ်တုန်းကမှ မကြားသိခဲ့ရပါဘူး။ ပြီးတော့ ကျနော် တွေ့ဆုံခဲ့တဲ့ အရာရှိတွေကလည်း ဒီဆက်ဆံရေးဟာ မကြာခင် ကောင်းမွန်လာလိမ့်မယ်လို့ မယူဆကြပါဘူး။ စစ်တပ်အရာရှိဟောင်းတဦးဖြစ်တဲ့ နောက်ထပ်တဦးက အခြေခံဥပဒေပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ပါတီရဲ့ကြိုးပမ်းမှုဟာ အောင်မြင်မယ်လို့ ယုံကြည်ဖို့ မဖြစ်နိုင်ကြောင်းပြောပါတယ်။ “စစ်တပ်သဘောနဲ့တော့ ဒါဟာ လုံး၀ဖြစ်လာမှာ မဟုတ်ဘူး”လို့လည်း သူက ဆိုပါသေးတယ်။

၂၀၁၁ ခုနှစ်က စခဲ့တဲ့ လက်ရှိ ဒီမိုကရေစီ အကူးအပြောင်းကို ရှေ့ဆက်သွားဖို့ဆိုရင် စစ်တပ်ကရေးဆွဲခဲ့တဲ့အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြည်သူအများအပြားက ယုံကြည်ကြပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ထောက်ခံမှု တခုခုမရှိပဲနဲ့တော့ ဒီကိစ္စဟာ ဘယ်မှခရီးပေါက်မယ့်ဟန် မတူပါဘူး။ အစိုးရအရာရှိတွေ အထူးသဖြင့် လက်ရှိအစိုးရအတွက် အလုပ်လုပ်နေကြတဲ့ တပ်မတော်အရာရှိဟောင်းတွေဆီက ကျနော်သိတဲ့ အရာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရအပေါ် သူတို့ရဲ့ယေဘူယျအမြင်ပါ။

၂၀၁၈ခုနှစ် ဇွန်လ ၈ ရက် သမ္မတ အိမ်တော် အစည်းအဝေးတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်/ သမ္မတရုံး

ဒါနဲ့သက်ဆိုင်တဲ့မေးခွန်းတွေ သူတို့ကို ကျနော် မေးကြည့်ခဲ့ပါတယ်။ “သူက ကျနော်တို့ကို လူလို ဆက်ဆံတယ်ဗျာ။ အရင် အစိုးရတွေထဲက ကျနော်တို့အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့တော့ အဲဒါကွာတယ်” လို့ တယောက်ကဖြေတယ်။ “ပြီးတော့ သူက Principle (မူ) သမား၊ သမာသမတ်ကျတယ်။ သူ့ဝန်ကြီးတွေနဲ့ တခြားစီပဲ။ တော်တယ်။ အလုပ် အရမ်းလုပ်တယ်။ ဒါပေမယ့် သူက သူများစကားကို သိပ်နားထောင်တဲ့သူတယောက်တော့ မဟုတ်ဘူး`လို့ သူကပြုံးပြီးဆက်ပြောပါတယ်။

NLD အစိုးရမှာ အရည်အချင်းပြည့်တဲ့သူ မရှိဘူးလို့ ဝေဖန်သူတွေကပြောကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတက ပြည်ထောင်စုဝန်ကြီးအများစုကို လုပ်ဆောင်မှုညံ့ဖျင်းတာတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ပတ်သက်ပြီး သတိပေးခဲ့ကြရတယ်လို့ အဲဒီအရာရှိတွေက ကျနော့်ကိုပြောပြကြတယ်။ “ဝန်ကြီးအဖွဲ့ တခုလုံးမှာ တရားဝင် သတိပေးမခံရတာဆိုလို့ နှစ်ယောက်လောက်ပဲ ရှိတယ်”လို့ အရာတစ်ဦးကပြောပါတယ်။

ဘာပဲဖြစ်ဖြစ် NLD အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထောက်ခံမှု ကျဆင်းလာတဲ့ အခြေအနေကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ တုန်းကလိုမျိုး အပြတ်အသတ် နိုင်ခြေ မရှိပေမယ့် နောက်ထပ်အစိုးရဖွဲ့နိုင်လောက်တဲ့အထိတော့ အနိုင်ရမယ့်ပုံရှိတယ်လို့ ကျနော်တွေ့ဆုံခဲ့တဲ့အရာရှိတွေက ယူဆကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အငြိမ်းစားစစ်ဖက်အရာရှိတွေ၊ လက်ရှိအစိုးရအရာရှိတွေ၊ လွှတ်တော်အဖွဲ့ဝင်တွေနဲ့ စကားပြောရာကနေ သေသေချာချာ သိလိုက်ရတာကတော့ အရင်နဲ့ လက်ရှိစစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ NLD ကို နောက်တကြိမ် အနိုင်မရစေချင်ကြဘူးဆိုတာဘဲ ဖြစ်ပါတယ်။ သူတို့အများစုက လူသစ်တွေကို၊ အထူးသဖြင့် NLD တွေကို သူတို့စိုးစံရာ နေပြည်တော် “မင်းနယ်ပယ်”အတွင်း ချဉ်းနင်းဝင် ရောက်လာကြတဲ့ “ကျူးကျော်သူများ”အဖြစ် ရှုမြင်နိုင်ကောင်း မြင်ကြပါလိမ့်မယ်။

၂၀၁၈ ဇူလိုင်လတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား မတ်တတ်ရပ်ပေးနေကြသည့် တပ်မတော်သား ကိုယ်စားလှယ်များ/ဧရာဝတီ

နေပြည်တော်ကို NLD တွေ ချဉ်းနင်းဝင်ရောက်လာကတည်းက လူဟောင်းတွေဟာ မလုံခြုံတော့ဘူးလို့ ခံစားကြရပုံရပါတယ်။ တကယ်တော့ NLD ဟာ ရွေးကောက်ပွဲနိုင်ခဲ့တဲ့အတွက် နေပြည်တော်မှာရှိနေဖို့ တရားဝင်အခွင့်အရေးတရပ်ရရှိထားတာပါ။ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် နိုင်ငံရဲ့လက်ရှိရွေးချယ်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင် အများအပြားဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။

လက်ရှိမှာတော့ သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးအပါအဝင် ဝန်ကြီးဌာနတွေနဲ့ အစိုးရရုံးအားလုံးလိုလိုလိုကို NLD က သိမ်းပိုက်ထားကြတယ်။ သူတို့ထဲက အများစုဟာ ဒီမြို့တော်ကြီးကို ဖန်ဆင်းခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ တချိန်က အကျဉ်းသားတွေပါ။ ဒါ့ကြောင့်မို့ အရင်ကနဲ့ လက်ရှိ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ကသိကအောက်၊ မလုံမခြုံနဲ့ ပုံမှန်မဟုတ်တဲ့ ခံစားမှုတွေအပြင် ရန်လိုမုန်းထားတဲ့အထိအောင် ခံစားကြရနိုင်တယ်ဆိုတာတော့ အံ့သြစရာ မဟုတ်ပါဘူး။

ကျနော့် သဘောအရဆိုရင် တိုင်းပြည်လွှတ်တော်တွေထဲကနေ ရွေးကောက်ခံ မဟုတ်တဲ့တပ်မတော်သားကိုယ်စားလှယ်တွေ မရှိတာကို တွေ့မြင်လိုတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဒီမိုကရက်တစ်တွေကလည်း စစ်တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ ရှိနေစေလိုကြမှာ မဟုတ်တာ သေချာပါတယ်။ ဒါပေမယ့် အချိန်က မတန်သေးပါဘူး။ အခြေခံဥပဒေပြင်ဆင်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်တွေထဲကနေ ဖယ်ပြီး၊ နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ရှားပစ်မယ်ဆိုရင် အဲဒီကြိုးပမ်းမှုဟာ နိုင်ငံရေးအရ ဆိုးကျိုးတွေထွက်လာဖို့ သေချာသလောက်ရှိပါတယ်။ ဒီလှုပ်ရှားမှုဟာ ဒီနေပြည်တော်ခရီးစဉ်အတွင်း စစ်ဖက်အရာရှိဟောင်းတဦးက ကျနော့်ကိုပြောခဲ့သလို အာဏာသိမ်းမှုထပ်ဖြစ်ဖို့ မီးမွှေးပေးသလိုတောင် ဖြစ်ပွားနိုင်ပါတယ်။

ဒါကြောင့်မို့လို နေပြည်တော်ဟာ နိုင်ငံရေးပြိုင်ဘက်တွေ (နိုင်ငံရေးအရ ရန်သူတွေဖြစ်မယ်ဆိုရင်တောင်မှ) အတူယှဉ်တွဲနေထိုင်ပြီး နိုင်ငံရေးနည်းနဲ့အခြေခံတူညီမှုတွေရှာဖွေရာ နေရာတခုသာ ဖြစ်သင့်ပါတယ်။ ဒါဟာ တခုတည်းသော နေပြည်တော်ရဲ့ ရည်ရွယ်ချက်ဖြစ်သင့်ပါတယ်။ နေပြည်တော်ဟာ အာဏာရှင်တယောက်အတွက် ပုဂ္ဂိလ်ရေးအထွက်အမြတ်နေရာတခုထက် ပိုသင့်ပါတယ်။

ဒီမြို့တော်ဟာ နိုင်ငံအတွက် ကြောက်ရွှံ့မှု၊ မုန်းတီးမှု့၊ ဖိနှိပ်ချုပ်ချယ်မှုနဲ့ အရှက်ရမှုတွေထွက်ပေါ်တဲ့ နေရာတခု မဖြစ်သငါ့်ဘူး။ အဲဒီအစား ဒီမြို့တော်ဟာ တိုင်းပြည်ရဲ့နိုင်ငံသားအားလုံး လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ၊ ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ကြီးပွားတိုးတက်မှုတွေ ခံစားစံစားရရေး သေချာစေဖို့ ခေါင်းဆောင်တွေက ကြိုးစားဖန်တီးပေးတဲ့နေရာ တခု ဖြစ်လာတာကိုပဲ ကျနော် တွေ့မြင်လိုပါတယ်။

( Kyaw Zwa Moe ၏ Ominous Rumblings in Myanmar’s ‘Abode of Kings’  ကို လူသာလင်း မြန်မာပြန်ဆိုသည်။)

အသစ်တဖန် မွေးဖွားခြင်းအား တမ်းတချက် 

၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား

နိုင်ငံရေး စွမ်းရည်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြသနိုင်သည် 

The post မင်းတို့စံပျော် နေပြည်တော်က အတိတ်နိမိတ်များ appeared first on ဧရာဝတီ.

]]>
အသစ်တဖန် မွေးဖွားခြင်းအား တမ်းတချက် https://burma.irrawaddy.com/opinion/viewpoint/2019/09/16/203970.html Mon, 16 Sep 2019 03:28:40 +0000 https://burma.irrawaddy.com/?p=203970 လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် မှာ ကျနော် တဖန် ပြန်လည်မွေးဖွားခဲ့ပါတယ်။

The post အသစ်တဖန် မွေးဖွားခြင်းအား တမ်းတချက် appeared first on ဧရာဝတီ.

]]>
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ မှာ ကျနော် တဖန် ပြန်လည်မွေးဖွားခဲ့ပါတယ်။

အဲ့ဒီနေ့မနက်က ကျနော်တို့တတွေဟာ မနက်စာအတွက် ပြင်ကြဆင်ကြ၊ အခန်းအပြင်ဖက်မှာ ဂန်ဖလားတွေ (အပေါ့အလေးသွားရန် သုံးသည့် မြေအင်တုံ) ဆေးကြကြောကြနဲ့ အလုပ်များနေတုန်း ကျနော်တို့ တိုက် ၁ နဲ့ တိုက်၂ ဝင်း အဝကနေ ကျနော့်နာမည်ကို အော်ခေါ်သံ ကြားလိုက်တယ်။

ကျနော်တို့ရှိနေတဲ့နေရာကတော့ ဗြိတိသျှကိုလိုနီတွေကို လက်နက်ကိုင်ပုန်ကန်ခဲ့တဲ့အတွက် နောက်လိုက်နောက်ပါ အများအပြားနဲ့ အတူ ၁၉၃၁ ခုနှစ်မှာ တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံ ကြိုးပေးကွပ်မျက်ခံခဲ့ရလို့ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ သာယာဝတီအကျဉ်းထောင်ထဲမှာပါ။

“ကျော်စွာမိုး…ဝင်းနိုင်…ဟန်မြင့်” လို့ ဝါဒါတယောက်က အော်ခေါ်လိုက်တယ်။ ကျနော်တို့ရဲ့ အကျဉ်းကျဖော် ကျဖက်တွေကလည်း ဝမ်းပန်းတသာနဲ့ဝါဒါ အော်တဲ့ အတိုင်း လိုက်အော်ကြပါတယ်။ သေချာတာဆိုလို့ ဘာတခုမှမရှိတဲ့ ထောင်ထဲမှာ အခုလိုမျိုး ကိုယ့်နာမည်ကို ထောင်ဝါဒါက အော်ခေါ်တာဟာ တခြားအဆောင် ဒါမှမဟုတ် တခြားထောင်ကို ပြောင်းဖို့ အခေါ်ခံရတာ ဖြစ်နိုင်သလို လွတ်ရက်စေ့ကာနီး သူအဖို့တော့ အခုလို နာမည်ခေါ်ခံရတာက အတိတ်နိမိတ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။

ဖြစ်ချင်တော့ အဲ့ဒီနေ့က ကျနော်တို့ သုံးယောက်လုံး ထောင်က လွတ်ခဲ့ပါတယ်။

ထောင်ထဲမှာ ၁၉ နှစ်ကျော်နေခဲ့ရတဲ့ ကျနော့်ရဲ့ရောင်းရင်း နိုင်ငံရေးအကျဉ်းသားတယောက်က “ထောင်ဆိုတာ သင်္ချိုင်းဆိုရင် အကျဉ်းခန်းက အုတ်ဂူပေါ့” လို့ ဆိုဖူးတယ်။ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၇ရက်နေ့ မှာတော့ ကျနော်ဟာ သာယာဝတီထောင် ဆိုတဲ့ သင်္ချိုင်းထဲမှာရှိတဲ့ အကျဉ်းခန်းနံပါတ် ၇ ဆိုတဲ့ ကျနော့်ရဲ့အုတ်ဂူထဲက ထွက်လာခဲ့ပါတယ်။

အဲ့ဒီနေ့ဟာ ကျနော် ပြန်လည်မွေးဖွားခဲ့တဲ့နေ့ပါပဲ။

အဲ့နေ့မတိုင်ခင် ရှစ်နှစ်တာလုံး ကျနော်ဟာ “သေခြင်းတရား”ဆိုတာနဲ့ကြုံတွေ့ခဲ့ရပြီး အင်းစိန်ထောင် နဲ့ သာယာဝတီထောင် အတွင်းမှာ မြှုပ်နှံခံခဲ့ရပါတယ်။

ကျနော် တကယ် သေဆုံးခဲ့တာမဟုတ်မှန်းတော့ သိကြမှာပါ။ ဒါပေမယ့် လူတယောက်အဖို့ လူမှုရေး၊ ပညာရေး၊ မိသားစု အသိုင်းအဝိုင်း၊ နိုင်ငံရေး၊ သင်ယူတာ အားလုံးနဲ့ အဆက်အသွယ်ဖြတ်ခံရတဲ့ဘဝက ဘာများ အဓိပ္ပါယ်ရှိအုံးမှာတုန်း။ လွတ်လပ်တဲ့သူတွေ ခံစား စံစားရာ အရာအားလုံးကင်းမဲ့နေတဲ့ လူတယောက်ကို အသက်ရှင်သန်နေတယ်လို့ ဘယ်လိုများ ယူဆနိုင်ဦးမှာလဲ။ ဒါကြောင့် ကျနော်ဟာ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အဖမ်းခံခဲ့ရပြီးနောက် ဆိုခဲ့ပါအရာတွေကို ကျနော့်ဆီကနေ ယူဆောင်သွားမယ့် အကျဉ်းထောင်ထဲကို ပစ်သွင်းခံလိုက်ရတဲ့နေ့မှာ ကျနော် “သေဆုံး” ခဲ့တယ်လို့ပြောရတာ ဖြစ်ပါတယ်။

ကျနော့်ကို ဖမ်းဆီးပြီး အကျဉ်းထောင်ထဲမှာ မြှပ်နှံခဲ့တာကတော့ န.ဝ.တ လို့ အများခေါ်ကြတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ပါပဲ။ န.ဝ.တ ကို ဖယ်ရှားပြီး ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရတရပ် ပြန်ရရေး ဆောင်ရွက်ခဲ့ကြတဲ့ တခြားသူတွေလည်း အလားတူ ဖမ်းဆီးမြှပ်နှံခံခဲ့ကြရပါတယ်။ န.ဝ.တ ဟာ ၈၈ ဒီမိုကရေစီအရေးတော်ပုံကို အင်အားသုံးဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီပါ။

န.ဝ.တ ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ကျနော်တု့ိရဲ့ စိတ်ဝိဉာဉ်၊ ပြင်းပြတဲ့စိတ်ဆန္ဒ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ သတ္တိ၊ အသိဉာဏ်ပညာ၊ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာတွေနဲ့ တခြား အလားတူအရာတွေ အားလုံးကို လုံး၀ မရှိတာ့အောင် ရှင်းလင်းဖျောက်ဖျက်ပစ်ဖို့ပါပဲ။ ဒီတန်ဖိုးဖြတ်မရတဲ့ ဂုဏ်သတ္တိတွေကို ကျနော့်ကတော့ ကျနော်တို့ရဲ့ “လက်နက်”တွေလို့ မြင်ပါတယ်။ ကျနော်တို့ ပိုင်ဆိုင်တဲ့ အဲ့ဒီလက်နက်တွေနဲ့ နိုင်ငံရဲ့ အင်အားအကြီးဆုံးဖြစ်တဲ့ အဖွဲ့အစည်းကြီးကို ကျနော်တို့ ဆန့်ကျင်တွန်းလှန်ခဲ့ကြတာပါ။ ဒါကြောင့် သူတို့က ဒီလို လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ကျနော်တို့တွေကို သေဆုံးသွားအောင် လုပ်ဖို့ လိုအပ်ခဲ့တယ်။ ဒါကြောင့် ကျနော်တို့ ထောင်ထဲမှာ မြှပ်နှံခံခဲ့ရတာပေါ့။

ဒါပေမယ့် ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ မနက် သာယာဝတီထောင်က ကျနော် ထွက်လာခဲ့တဲ့အချိန်မှာ ကျနော်ကိုယ်ကျနော် “လက်နက်တွေ” မရှိတော့တဲ့ စစ်သည်တယောက်လို မခံစားခဲ့ရပါဘူး။ အရင်ထက်တောင် ပိုခိုင်မာလာတယ်လို့ ခံစားခဲ့ရပါတယ်။ အသတ်ခံရမှုကနေ လွတ်မြောက်လာခဲ့ရုံမက “အုတ်ဂူ” တွင်း အမြှပ်ခံခဲ့ရတဲ့ ရှစ်နှစ်တာအတွင်းမှာ ပိုအားကောင်းတဲ့ လက်နက်တွေတောင် ရလာသေးတယ်။

ဒီ “လက်နက်” တွေဟာ ကျနော်တို့ ဒီမိုကရေစီရေးလှုပ်ရှားသူအတွက် အခြေခံတရားတွေပါ။ လက်နက်လို့ ကျနော်သတ်မှတ်တဲ့ အဲ့ဒီ ဂုဏ်သတ္တိတွေက ကျနော်တို့ရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတာပါ။ ဒါပေမယ့် ကျနော်တို့ဟာ တောင်အာဖရိက အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် နယ်(လ)ဆင်မင်ဒဲလား၊ ချက်ကိုစလိုဗက် အတိုက်အခံခေါင်းဆောင် ဗားကလက်ဟာဗဲ(လ)၊ အမေရိကန် ပြည်သူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းဂျူနီယာတို့လို ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတွေဆီက ကြံြ့ကံခံနိုင်တဲ့ ခွန်အားကိုလည်း အားကျ၊ နမူနာ ယူခဲ့ကြပါတယ်။

အကျဉ်းစံကာလ ၂၇ နှစ်တာ အတွင်းမှာ မန်ဒဲလားလုပ်ခဲ့သလို ကျနော်တို့ဟာလည်း ထောင်ထဲမှာ စိတ်ဓာတ်မကျဘဲ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားခဲ့ကြပါတယ်။ ကျနော့်ရဲ့ ရှေ့ဆောင်းပါးတခုမှာရေးခဲ့သလို အခက်အခဲတွေကြားထဲမှာ ရှင်သန်ရေးနည်းလမ်းတွေထဲက တခုအဖြစ် ကျနော်တို့က ကျနော်တို့ကို မြှပ်နှံထားတဲ့ အကျဉ်းခန်း အုတ်ဂူတွေကို စာသင်ခန်းတွေအဖြစ်၊ စာကြည့်တိုက်တွေအဖြစ် ပြောင်းလဲပြီး အာဏာပိုင်တွေ ပိတ်ပင်ထားတာကြောင့် လျှို့လျှို့ဝှက်ဝှက်နဲ့ အသိဉာဏ်ပညာတွေ တိုးအောင် လေ့လာသင်ယူခဲ့ကြပါတယ်။

ဒါကြောင့်မို့ ထောင်ကလွတ်တော့ ဘွဲ့လွန်ဒီဂရီတခုရရှိပြိး တက္ကသိုလ်ကနေ ထွက်လာသလိုမျိုး ခံစားခဲ့ရပါတယ်။ ထောင်ထဲ ရှစ်နှစ်နေတာ ဘယ်လိုတုန်းလို့ မေးကြတဲ့မိတ်ဆွေတွေနဲ့ တခြားသူတွေကို ကျနော် အဲ့လိုအမြဲ နောက်ပြီး ဖြေလေ့ရှိပါတယ်။

တကယ်တော့ အဲ့ဒီစကားက ထောင်ကျနေတဲ့ကာလအတွင်းမှာ ကျနော်ရခဲ့တဲ့ အင်မတန် ရှားပါးတဲ့အခွင့်အရေးကို ပြည့်ပြည့်၀၀ ထိထိမိမိတောင် မထင်ဟပ်နိုင်ပါဘူး။ ဒီလိုအခွင့်အရေးက ကမ္ဘာပေါ်က လူတွေအများကြီးထဲက လူနည်းစုလေးပဲရတဲ့ အခွင့်အရေးတခုပါ။

ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမဆန်မှုတွေနဲ့အတူ ထောင်တွင်းအကျဉ်းကျဘဝဆိုတာ အာဏာရှင်စနစ်ကို တွန်းလှန်တဲ့ အတိုက်အခံ နိုင်ငံရေးသမားတဦးရဲ့ ဘဝအတွေ့အကြုံတွေထက် အများကြီး ပိုပါတယ်။ သာမန်နေ့စဉ်ဘဝမှာ မရှိတဲ့ ဒီအခက်အခဲတွေကို ကျနော် ရင်ဆိုင်ကျော်လွှားဖို့ ကြိုးစားရတဲ့အခါတိုင်း စာမေးပွဲတခုကို ဖြေဆိုနေရသလို ကျနော်ခံစားရပါတယ်။

စာမေးပွဲ အောင်ရုံလေးသာ မဟုတ်ပါဘူး။ ဆက်လက်ရှင်သန်နေဖို့၊ အမေက ကျနော့်ကိုပေးခဲ့တဲ့ လူ့ဘဝကို မဆုံးရှုံးဖို့ပါ ဖြစ်ပါတယ်။ ဒီအကျဉ်းခန်းထဲမှာ ကြုံခဲ့ရတဲ့ စာမေးပွဲတွေကို အောင်မြင်နိုင်မယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ IQ နဲ့ EQ နှစ်ခုစလုံးမှာပါ တိုးတက်စေနိုင်တာ အမှန်ပါပဲ။

ကျနော်ထောင်က ထွက်လာတဲ့ အဲဒီမနက်မှာ ထောင်ဂဏန်းရှိတဲ့ တခြား ကျနော့်ရောင်းရင်း နိုင်ငံရေးအကျဉ်းသားတွေ ထောင်နံရံတွေနောက်မှာ ဆက်ရှိနေကြသေးတဲ့အတွက် ကျနော်အနေနဲ့ အားရပါးရ မပျော်ရွှင်နိုင်ခဲ့ပါဘူး။ ဒါ့ပြင် ကျနော်တို့နိုင်ငံက နိုင်ငံရေးအရလည်း လွတ်လပ်မှု မရှိသေး။ ကျနော်တို့ ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ န.ဝ.တကနေ အမည်ပြောင်း ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) အုပ်ချုပ်မှုအောက်မှာ ဆက်ရှိနေပါတယ်။

ပြောရရင် ကျနော်ဟာ အောင်ပွဲရခဲ့ပြီလို့ ခံစားပြီး ထောင်က ထွက်လာတာ မဟုတ်ပါဘူး။ လုံး၀ မဟုတ်ပါဘူး။ တိုက်ပွဲရှုံးခဲ့ပြီလို့လည်း မခံစားခဲ့ရပါဘူး။ ရှည်ကြာ ပြင်းထန်တဲ့ အထူး လေ့ကျင့်ရေး သင်တန်း တခုကို တက်ရောက်ပြီးမြောက်ခဲ့တာပဲလို့ ခံစားခဲ့ရပါတယ်။ မပြီးဆုံးသေးတဲ့ ကျနော်တို့ရဲ့တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့သာမက မရေရာ မသေချာမှုတွေနဲ့ ပြည့်နေပြီး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတတ်တဲ့ ကမ္ဘာလောကကြီးကို ရင်ဆိုင်ဖို့အတွက်ရောပေါ့။

ကျနော်တို့အဖမ်းမခံရခင်က စခဲ့တဲ့တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့၊ ကျနော်တို့နိုင်ငံကို အာဏာရှင် လက်အောက် ဒါမှမဟုတ် စစ်တပ်အုပ်ချုပ်မှုအောက်က လွတ်မြောက်အောင်ကြိုးပမ်းဖို့ ကျနော်ဟာ အသစ် တဖန်ပြန်လည်မွေးဖွားလာတယ်လို့ ခံစားခဲ့ရပါတယ်။

ကျနော်ပြန်လည်မွေးဖွားလာခဲ့တာ နှစ်နှစ်ဆယ်ပြည့်တဲ့ ဒီအပတ်ထဲမှာ ကျနော်နဲ့အတူ လွတ်လာခဲ့တဲ့ ကိုဟန်မြင့်အပါအဝင် ထောင်ထဲမှာ အတူနေခဲ့ရတဲ့ သူတချို့နဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ ကိုဟန်မြင့်ဟာ သူ အဖမ်းမခံရခင်ကတည်းက သူ နေထိုင်အသက်မွေးခဲ့ရာ ရန်ကုန်မြို့ ပန်းဆိုးတန်းမှာ အနှစ် ၃၀ ကျော်လုပ်လာခဲ့တဲ့ စာအုပ်ဟောင်းရောင်းသူ ဘဝနဲ့ပဲ ဆက်လက် အသက်မွေးနေပါတယ်။ သူက နိုင်ငံရေးလှုပ်ရှားသူတယောက်ရယ်လို့ မဟုတ်ခဲ့ပေမယ့် ဖိနှိပ်ချုပ်ချယ်တတ်တဲ့ အစိုးရတွေကို နိုင်ငံသားတယောက်အနေနဲ့ အမြဲ ဆန့်ကျင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပန်းဆိုးတန်းပလက်ဖောင်းပေါ်က သူ့စာအုပ်ဆိုင်လေးမှာ ထိုင်ရင်းနဲ့ ကျနော်တို့ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းစကား အပြန်အလှန်ပါးရာမှာ ကူညီခဲ့မှုအတွက် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ်ချခံခဲ့ရသူ ဖြစ်ပါတယ်။

အင်းစိန်နဲ့ သာယာဝတီနှစ်ထောင်မှာ သူ ထောင်ကျခံခဲ့ရတဲ့ကာလတလျှောက် ဘယ်တုန်းကမှ စိတ်ပျက်လက်ပျက်ဖြစ်ပုံ မပြခဲ့ပါဘူး။ ဒီအပတ်ထဲ သူနဲ့ ကျနော် ဆုံဖြစ်တော့ အေးအေးလူလူနဲ့ ပျော်ပျော်ကြီး စာအုပ်ရောင်းနေတာ တွေ့ရပါတယ်။ သူလည်း ပြန်လည်မွေးဖွားခဲ့တာပါပဲ။ သူ့စိတ်ဓာတ်ကို ထောင်ထဲမှာ ပြိုကွဲမခံခဲ့ပါဘူး။

ဒီအပတ်ထဲမှာ ကျနော် သွားတွေ့ခဲ့တဲ့ တခြားနိုင်ငံရေးသမားတယောက်ကတော့ ကိုစိုးမြင့်ပါ။ သူနဲ့ ကျနော် သာယာဝတီထောင်မှာ ဆုံခဲ့ရတာဖြစ်ပါတယ်။

သူကတော့ သုံးကြိမ်သုံးခါပြန်လည်မွေးဖွားခဲ့တဲ့သူပါ။ ၁၉၇၈ ခုနှစ်မှာ ပထမအကြိမ် သူ အဖမ်းခံခဲ့ရပြီး ၁၉၈၀ ခုနှစ်အထိ နှစ်နှစ်ကြာထောင်ကျခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ထပ်အဖမ်းခံရပြီး ၁၉၈၈ ခုနှစ်အထိ အကျဉ်းချခံခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ်မှာ သုံးကြိမ်မြောက်သူအဖမ်းခံခဲ့ရပြီး ထောင်ဒဏ်အနေနဲ့နှစ် ၂၀ အတိ အကျ ကျခံခဲ့ရပါတယ်။ သူ့ရဲ့ အစွပ်စွဲခံရတဲ့ပြစ်မှုအားလုံးဟာ ဦးနေဝင်းရဲ့အာဏာရှင်အစိုးရနဲ့ သူ့ကိုဆက်ခံတဲ့ စစ်အစိုးရကို ဆန့်ကျင်ခဲ့မှုတွေကြောင့် ပါပဲ။

ကိုစိုးမြင့်ဟာ ထောင်ထဲမှာ စုစုပေါင်း ၂၉ နှစ်ကြာနေခဲ့ရပါတယ်။ မင်ဒဲလားထက်တောင် ပိုကြာသေးတယ်။ အခုတော့ သူ့မိသားစုနဲ့အတူ နေနေပြီး မဂ္ဂဇင်း၊ စာစောင်တချို့အတွက် ကိုယ်တိုင်လည်း စာရေးပြီး ဘာသာပြန်တွေလည်း ရေးပေးနေတယ်။ သူက နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ စစ်တပ်နဲ့ပတ်သက်ဆက်စပ်တဲ့ ဆောင်းပါးတွေကို ရေးတယ်။ ဒီလူတွေဟာ “အတွင်းကြေ အတွင်းသေ” ဒါမှမဟုတ် စိတ်ဓာတ်ရေးရာအရ ဘုန်းဘုန်းလဲသွားလိမ့်မယ်လို့ ထင်ရပေမယ့် သူတို့ရဲ့ ဒူပေဒါပေခံနိုင်စွမ်းက အံမခန်းပါဘဲ။

မြန်မာ့အရေး နိုင်ငံရပ်ခြားက လေ့လာသူတွေနဲ့ ပြည်တွင်းကလူတွေက မြန်မာ့လူ့အဖွဲ့ အစည်းတခုလုံးက အာဏာရှင်စနစ်ရဲ့ ဖိနှိပ်အုပ်စိုးမှုနဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်ငါးခုကျော် တိုင်းပြည်ရဲ့ ဆိုးရွားလှတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စိတ်ဝေဒနာရနေတယ် ဆိုပြီး ပြောလေ့ရှိတယ်။

ဒါကို ကျနော်လုံးဝသဘောမတူပါဘူး။ သေချာတာက လူဦးရေ ၅၃ သန်းထဲက တချို့သောလူပုဂ္ဂိုလ်တွေအနေနဲ့ တခြားနိုင်ငံက လူ့အဖွဲ့အစည်းတွေမှာ ရှိကြသလိုပဲ စိတ်အမာရွတ်တွေ ထင်ကျန်နေခဲ့ကြပါတယ်။ အဲဒီလူတွေထဲမှာ မတရား နှိပ်စက်ညှင်းပမ်းခံခဲ့ရတဲ့သူတွေ၊ ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ၊့ ခြိမ်းခြောက်ခံခဲ့ရတဲ့ ဒါမှမဟုတ် နေရပ် စွန့်ခွာထွက်ပြေးခဲ့ကြရသူတွေ ပါဝင်မှာပါ။

ဒါပေမယ့် “မြန်မာ့လူ့အဖွဲ့အစည်းတခုလုံး စိတ်ဝေဒနာရခဲ့ကြတယ်” လို့ ပြောတာကတော့ မမှန်ပါဘူး။ တကယ်တော့ ဒီလိုပြောသူတွေဟာ မြန်မာပြည်သူတွေ ကြုံတွေ့ခဲ့ရတာမျိုး သူတို့ကြုံတွေ့ရရင် သူတို့ဘယ်လို ဖြစ်သွားမယ်ဆိုတာကို စိတ်ကူးပုံဖော်ပြလိုက်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အပေါ်မှာ ကျနော်ဖော်ပြခဲ့တဲ့ အကျဉ်းကျဖော်ဟောင်းတွေက ပြသခဲ့ကြတဲ့ ကြံကြံခံ အန်တုနိုင်စွမ်းနဲ့ ပြန်နလန်ထူနိုင်စွမ်းတွေက “စိတ်ဒဏ်ရာရခဲ့တဲ့လူ့အဖွဲ့အစည်း” တခုဆိုတဲ့ အယူအဆမှားယွင်းကြောင်း သက်သေပြနေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ တကယ် စိတ်ဒဏ်ရာရကြစတမ်းဆိုရင် ဗြိတိသျှတို့က နှစ် ၁၀၀ ကိုလိုနီပြုအုပ်ချုပ်ကတည်းက ရနိုင်ပါတယ်။ ဒါမှမဟုတ် ဂျပန်ခေတ်မှာ ရခဲ့မှာဖြစ်ပြီး တခါ ဒုတိယကမ္ဘာစစ်ပြီး ဗြိတိသျှတို့ပြန်အဝင်မှာ နောက်တကြိမ် ထပ်မံခံစားခဲ့ကြရမှာပါ။

မြန်မာပြည်သူတွေဟာ အတော် ကြံကြံခံအန်တုနိုင်စွမ်းရှိကြတယ်လို့ ကျနော် ယူဆပါတယ်။ ကျနော်တို့ဟာ တကြိမ်တခါမက အသတ်ခံခဲ့ရကြပေမယ့် ပြန်လည်ရှင်သန်နိုင်ခဲ့ကြပါတယ်။

ကျနော်ပြန်လည်မွေးဖွားခဲ့ပြီး နှစ် ၂၀ အကြာမှာ ယုံကြည်ချက်အတွက် ကျနော် ဆက်လက်တိုက်ပွဲဝင်နေသလို ကျနော့်ဝန်းကျင်မှာလည်း ကျနော်နဲ့ တလှေတည်းစီးပြီး သူတို့ယုံကြည်မှုတွေအတွက် ကြိုးစားရုန်းကန်နေကြတဲ့ မရေတွက်နိုင်တဲ့သူတွေကိုလည်း တွေ့နေရပါတယ်။ ကျနော်တို့ အနေနဲ့ သေခြင်းတရားကို နောက်တကြိမ် ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီလို ကြုံလာရင်လည်း နောက်တကြိမ် ပြန်လည်မွေးဖွားလာဖို့အတွက်ပဲ ဖြစ်ပါလိမ့်မယ်။

(Kyaw Zwa Moe ၏ Recalling the Day When I Was Reborn ကို လူသာလင်း မြန်မာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည်

သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး

ကယန်းတောင်ပေါ်ရွာလေးထဲ စိတ်ကူးယဉ်ခြင်း

The post အသစ်တဖန် မွေးဖွားခြင်းအား တမ်းတချက် appeared first on ဧရာဝတီ.

]]>
သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား https://burma.irrawaddy.com/opinion/viewpoint/2019/09/02/202668.html Mon, 02 Sep 2019 00:30:08 +0000 https://burma.irrawaddy.com/?p=202668 လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ နေရာကို ပြန်လည်ရယူရေး စစ်ဗိုလ်ချုပ် ဟောင်းများနှင့် USDP အပါအဝင် သူတို့၏ မဟာမိတ်ပါတီများ နှင့် တပ်မတော် တွင် ဒုတိယ အစီအစဉ်တခု ရှိ/မရှိ

The post သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား appeared first on ဧရာဝတီ.

]]>
၂၀၁၁ ခုနှစ်တွင် မိမိဆန္ဒအလျှောက် အနားယူခြင်း မပြုမီ ထိုစဉ်က မြန်မာနိုင်ငံကို အုပ်ချုပ်သည့် စစ်အစိုးရ၏ အကြီးအကဲ ဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းပြည်၏ အနာဂတ် နိုင်ငံရေးအတွက် အစီအစဉ်တခုကို ချမှတ်ခဲ့သည်။

ယနေ့အချိန်တွင် အဆိုပါ အစီအစဉ် အကောင်အထည်မပေါ်သေးသည့်အတွက် ဗိုလ်ချုပ်မှုးကြီး အနေဖြင့် ကျေနပ်မှုရှိမည် မဟုတ်ပါ။ နောက်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများ တွင် ထို အစီအစဉ်ကို ပြန် အသက်သွင်းရန်  အတွက် သူ၏ ဗိုလ်ချုပ်ဟောင်းများ နှင့် လက်ရှိ တပ်မတော်ခေါင်းဆောင်ပိုင်းတွင် ဒုတိယအစီအမံ (Plan B) တခု ရှိကြပါသလား။

သူရာထူးမှ မဆင်းခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ ထိပ်တန်းဗိုလ်ချုပ် အနည်းစုသာ ပါဝင် သော အဖွဲ့တခုကို သမ္မတ ရာထူးနှင့် ပတ်သက်ပြီး “ပထမသက်တမ်း (၂၀၁၁-၂၀၁၆) က ကိုသိန်းစိန် အတွက်၊ ဒုတိယသက်တမ်း (၂၀၁၆-၂၀၂၁) က ကိုရွှေမန်းအတွက်” ဆိုပြီး ပြောခဲ့သည်။ ၎င်းမှာ သူ၏ လက်ထောက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် အတူ ရာ ထူးမှ ဆင်းမပေးမီ ဗိုလ်ချုပ်ကြီး ၂ ဦး ဖြစ်သည့် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ အတွက် အနည်းဆုံး နောက်လာမည့် ဆယ်စုနှစ်အထိ ခြုံငုံမိရန် ဗိုလ်ချုပ်မှူးကြီး ချမှတ်ခဲ့သော အစီအစဉ် အကြမ်း ဖြစ်သည်။ ထိုအစီအစဉ်ကို မည်သည့် ပြဿနာမှ မရှိဘဲ အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု သူက ယုံကြည်ခဲ့ပုံရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ၏ အစီအစဉ် အကောင်အထည်ပေါ်ရေး ညီညီညွတ်ညွတ် လုပ်ကြရန် သူ၏ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို မှာခဲ့သေးသည်။

ထို အစီအစဉ် အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလတွင် တပ်မတော်က ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထူထောင်သောအခါ ထိုပါတီ ကိုယ်စားပြု ဗိုလ်ချုပ်ကြီး ၃ ဦး တပ်မတော်မှ အငြိမ်းစားယူသွားခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန်က ပါတီဥက္ကဌ အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဦးသိန်းစိန် ဖြစ်လာသည်။ ထို ရွေးကောက်ပွဲ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အပါအဝင် အဓိက နိုင်ငံရေးပါတီ အချို့က သပိတ်မှောက်ခဲ့ကြသောကြောင့် USDP က အနိုင်ရခဲ့တာ မဆန်းပေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရက အရပ်သား အစိုးရသစ်သို့ အရိုက်အရာ လွှဲပြောင်းပေးခဲ့သော ၂၀၁၁ ခုနှစ် မတ်လ တွင် ဦးသိန်းစိန်က သမ္မတဖြစ်လာပြီး သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒုတိယ သမ္မတ ၁ နှင့် သူရ ဦးရွှေမန်းက ပြည်သူ့ လွှတ်တော် ဥက္ကဌ ဖြစ်လာသည်ကို မြင်တွေ့ခဲ့ရသည်။

တပ်မတော်ကို နိုင်ငံရေး အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်ရန် ၂၀၀၈ ခုနှစ် အခြေခံ ဥပ ဒေက အာမခံချက် ပေးထားသည်ထက် ကျော်လွန်ပြီး နိုင်ငံရေး အစီအစဉ်ကို ချဲ့ထွင်ရေး မျှော်မှန်းထားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရည်မှန်းချက်ကို ထိုအစီအစဉ်က ဖော်ပြနေသည်။ ထိုအစီအစဉ်တွင် သူ၏ ဗိုလ်ချုပ်ကြီး ၂ ဦးက အနည်းဆုံး သမ္မတသက်တမ်း ၂ ခု ဆက်တိုက် တာဝန်ယူရန်လည်း ပါဝင်သည်။

မကြာသေးမီက နေပြည်တော်သို့ သွားရောက်ခဲ့သည့် ကျနော့် ခရီးစဉ်အတွင်း အငြိမ်းစားဗိုလ်ချုပ်တဦးက ထိုအစီအမံကို ပြန်ပြောပြခဲ့သည်။ ထိုအစီအမံရော ဗိုလ်ချုပ်ကြီးများ ညီညီညွတ်ညွတ် ဆက်လက် ရှိကြရန် ယခင်စစ်အစိုးရ အကြီး အကဲ၏ ဆန္ဒပါ အပြည့်အဝ အကောင်အထည်မပေါ်ခဲ့ကြောင်း သူက ဝန်ခံခဲ့သည်။

အစီအမံ၏ အစောပိုင်းအဆင့်ဖြစ်သည့် သူကိုယ်တိုင်ရွေးချယ်ခဲ့သည့် သမ္မတ ဦးသိန်းစိန်၏ သက်တမ်းအတွင်း အဆင်မပြေမှုများ ရှိသည်နှင့် အမျှ အငြိမ်းစားဗိုလ်ချုပ်ကြီးများ၏ အချင်းချင်း ဆက်ဆံရေးက စတင် ဆိုးရွားလာခဲ့သည်။

သူတို့ အစိုးရသစ် သက်တမ်း ၁ နှစ်ကျော်သို့ ရောက်သည့်အချိန်လေးမှာပင် ပထမဆုံး အက်ကြောင်းပေါ်လာခဲ့သည်။ ဒုတိယ သမ္မတ ၁ သီဟသူရ ဦးတင်အောင်မြင့်ဦး သူ၏ ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ သမ္မတနှင့် သဘောထား မတိုက်ဆိုင်လို့ ထွက်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ဦးတင်အောင်မြင့်ဦးကို သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အပြည့်အဝ လိုက်ပါနိုင်ခြင်းမရှိသော သဘောထားတင်းမာသူတဦး အဖြစ် အများက မြင်ကြသည်။

ဒုတိယ အက်ကြောင်းက သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ကြားတွင် ဖြစ်ပေါ်ခဲ့သည်။ ဦးရွှေမန်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် တိုင်းပြည်၏ ထိပ်ဆုံးရာထူးကို သိသိသာသာ မျှော်လင့်ထားသူ ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစောပိုင်း နှုတ်အားဖြင့် အာမခံချက်က သူ့ စိတ်ထဲတွင် စွဲနေသည်မှာ သံသယ ရှိစရာ မလိုပါ။

ထိုအချိန်တွင် ဦးရွှေမန်းက USDP ၏ ယာယီဥက္ကဌ အဖြစ်ဆောင်ရွက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော အခြေခံဥပဒေက သမ္မတဦးသိန်းစိန်အပါအဝင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်များကို ပါတီတာဝန်များဆောင်ရွက်ခြင်း မပြုရန်တားမြစ်ထားသောကြောင့်ဖြစ်သည်။ ပါတီ၏ တည်ဆောက်ပုံအရ ဦးရွှေမန်းသည် ဦးသိန်းစိန်ကို ဆက်ခံမည့်သူနေရာတွင်လည်း ရှိနေသည်။ ထိုအချက် ၂ ခု အရ ဦးရွှေမန်းက တိုင်းပြည်၏ ထိပ်ဆုံးနေရာကို ရယူရန် မျှော်လင့်နေခဲ့ခြင်းက သဘာဝကျသည့် အသွင် ရှိပါသည်။

သို့သော်လည်း အချိန်ကြာမြင့်လာသည့်အခါ ဦးသိန်းစိန်က သူ့ကို နောက်သမ္မတ သက်တမ်းအတွက် ဖယ်ပေးမည်မဟုတ်ဟု ဦးရွှေမန်း အနေဖြင့် တိုးတိုးပြီး သံသယ ဝင်လာပုံရသည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် သမ္မတရုံးပြောရေးဆိုခွင့် ရှိသူက သမ္မတဦးသိန်းစိန် နောက်သက်တမ်း တာဝန်ထမ်းဆောင်မည် ဟုတ်မဟုတ်သည် ပြည်သူတို့၏ ဆန္ဒနှင့် တိုင်းပြည်၏ နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပြီး ဖြစ် ကြောင်းနှင့် အကယ်၍ ပြည်သူများက လိုလားပါက နောက်သက်တမ်းတခုထမ်းဆောင်ရန် ကြိုးစားလိမ့်မည်ဟု မီဒီယာများကို ပြောခဲ့သည်။

အမှန်တကယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင် အချို့ ၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရရှိပြီး ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်း လွှတ်တော်များသို့ ဇူလိုင်လတွင် ဝင်ရောက်လာခဲ့ကြပြီးနောက် ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားမှ အက်ကြောင်းကို ပြည်သူလူထုက စတင် သတိပြုမိခဲ့ကြသည်။

ထိုအချိန်တွင် ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်နီးကပ်လာပြီး သူတို့က နိုင်ငံရေးအရ ဖြစ်နိုင်ချေနည်းသော မဟာမိတ် ထူထောင်ခဲ့ကြသည်။ သူတို့၏ နွေးထွေးသော ဆက်ဆံရေးကြောင့် ဦးသိန်းစိန်၏ အဖွဲ့နှင့် တပ်မတော် ခေါင်း ဆောင်များက ဦးရွှေမန်းကို သစ္စာဖောက်တဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ အလယ်ပိုင်းတွင် အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှ သန်းခေါင်ယံ အာဏာသိမ်းပွဲနှင့် အတူ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြား တင်းမာမှုက အမြင့်ဆုံး အမှတ်သို့ ရောက်ရှိလာခဲ့ရသည်။ ထိုညတွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ဌာနချုပ်ကို ရဲတပ်ဖွဲ့ နှင့် ပါတီ ထိပ်တန်း ခေါင်းဆောင်များက ဝင်ရောက်စီးနင်းခဲ့ကြသည်။ ထိုအစီအစဉ်ကို တပ်မတော်က ထောက်ခံပေးခဲ့သည်ဟု ယူဆရပြီး ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ခွင့်ပြု ပေးခဲ့ပုံရသည်။ အစိုးရနှင့် တပ်မတော်၏အပြောင်းအရွှေ့အချို့အတွင်း ဦးရွှေမန်းကို ပါတီရာထူးမှ ချက်ချင်း ဖယ်ရှားပစ်ခဲ့ပြီး ဦးရွှေမန်း၏ မဟာမိတ်အချို့လည်း ရာထူးမှ အနားပေးခြင်းခံခဲ့ရသည်။ ဦးသိန်းစိန်က နောက်ထပ် စစ် အရာရှိဟောင်းတဦး ဖြစ်သည့် ဦးဌေးဦးကို ပါတီ၏ ပူးတွဲ ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့သည်။

၂၀၁၆ ဇန်နဝါရီလအတွင်း သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ကို နေပြည်တော်တွင် မြင်ရစဉ်/Reuters

သမ္မတရာထူးအတွက် သူတို့၏ ယှဉ်ပြိုင်ပွဲတွင် ဦးသိန်းစိန်က ဦးရွှေမန်းကို အပြည့်အဝ အနိုင်ယူခဲ့သည်။ သို့သော်လည်း သူတို့ ၂ ယောက်လုံး သတိမပြုခဲ့မိသည်မှာ မကြာမီ သူတို့ ၂ ဦးလုံး အရှုံးသမားများ ဖြစ်ကြတော့မည် ဆိုသည်ကိုပင်။

အားလုံးမျှော်လင့်ထားသည့် အတိုင်းအဖြေထွက်ခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့၏ ကြားမှ တိုက်ပွဲ ရလဒ်က ပြောစရာ၊ စဉ်းစားစရာ မလိုတော့သည့် ကိစ္စတခု ဖြစ်လာခဲ့သည်။ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှ နိုင်ငံရေး ပဋိပက္ခသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် သူတို့ပါတီ အနိုင်ရရှိပြီး သမ္မတရွေးချယ်ရန် အခွင့်အာဏာရရှိလိမ့်မည်ဟု မှားယွင်းစွာ ယူဆချက်အပေါ်တွင် အခြေခံခြင်း ဖြစ်သည်။ အခြားသော စစ်ဘက်အရာရှိ ဟောင်းများကဲ့သို့ပင် သူတို့တွင် ပြည်သူလူထု၏ ခံစားချက်ကို ဖတ်ရှုနိုင်စွမ်း ရှိခဲ့ကြပုံ မရပါ။ ဆန္ဒမဲများရေတွက်သည့် အချိန်တွင် NLD က တိုင်းပြည်တွင်းရှိ မဲဆန္ဒနယ် ၁၁၅၀ တွင် ၇၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး USDP က ၁၀ ရာခိုင်နှုန်းသာ အနိုင်ရခဲ့သည်။

ရွေးကောက်ပွဲ ရလဒ်က တပ်မတော်က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လွှတ်တော်တွင် ကာကွယ်ထားရင်း သူ၏ ဗိုလ်ချုပ်ကြီးများထဲမှ တဦးက သမ္မတဖြစ်လာစေရေးဟူသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအစဉ် အတွက် အဓိက ထိုးနှက်ချက်တခု ဖြစ်ခဲ့သည်။ NLD အနိုင်ရရှိခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ် မတ်လ တွင် ဦးသိန်းစိန်ရော ဦးရွှေမန်းပါ သမ္မတဖြစ်မလာတော့ချေ။

ရွေးကောက်ပွဲ ရလဒ်ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အလွန်စိတ်ပျက်ခဲ့ရသည်ဟု သိရသည်။ အနိုင်ရရှိမည်ဟု USDP ခေါင်းဆောင်များ အထူးသဖြင့် ပူးတွဲဥက္ကဌ ဦးဌေးဦးက သူ့ကို အာမခံချက်ပေးခဲ့သောကြောင့် ဖြစ်သည်။

ယခု မေးရတော့မည့် မေးခွန်းမှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ နေရာကို ပြန်လည်ရယူရေး စစ်ဗိုလ်ချုပ် ဟောင်းများနှင့် USDP အပါအဝင် သူတို့၏ မဟာမိတ်ပါတီများ နှင့် တပ်မတော် တွင် ဒုတိယ အစီအစဉ်တခု ရှိ/မရှိ ပင် ဖြစ် သည်။

လက်ရှိဖြစ်ပေါ်နေသော အနေအထားများအရ သူတို့အားလုံး တပေါင်းတစည်းတည်း အားထုတ်နေကြသည် မဟုတ်သည့်တိုင် ကြိုးစားနေကြသည့် အသွင်ရှိပါသည်။

စစ်ဘက်အရာရှိဟောင်းများ ဦးဆောင်သည့် USDP က လတ်တလောနှစ်များအတွင်း နိုင်ငံရေးပါတီ အများအပြားနှင့် မဟာမိတ်ပြုလုပ်ခဲ့သည်။ ထိုသို့ မဟာမိတ်ပြုလုပ်ထားသည့် ပါတီ ၂၆ ခုရှိပြီး အားလုံးက NLD နှင့် ကင်းရှင်းအောင်နေခဲ့ကြသည့် ပါတီများဖြစ်သည်။ အချို့မှာ တိုင်းရင်းသားပါတီများ ဖြစ်ကြသည်။

ပြီးခဲ့သည့် လများအတွင်းတွင် ဗိုလ်ချုပ်ဟောင်းများက ပါတီ ၂ ခု ထပ်မံတည်ထောင်ခဲ့ကြသည်။ တခုမှာ ဦးရွှေမန်းက ဖွဲ့ စည်းသည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) နှင့် နောက်တခုမှာ အခြားဗိုလ်ချုပ်ဟောင်းများက ဖွဲ့စည်းသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ(DNP) ဖြစ်သည်။

စစ်ဗိုလ်ချုပ်ဟောင်းတဦး ဖြစ်ပြီး ဦးသိန်းစိန်၏ အစိုးရတွင် ဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသော ဦးသန်းဌေးက ယခုအချိန်တွင် ဦးဆောင်နေသည့် USDP က အဓိက အတိုက်အခံအင်အားစု အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် NLD ကို ဖယ်ရှားရန် ကြိုးစားရာ တွင် အခြားသော ပါတီများထက် ပိုမို၍ ပြင်းထန်လိမ့်မည် ဖြစ်သည်။ လွှတ်တော်တွင် တပ်မတော်က ခန့်အပ် ားသည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလုံး၏ ထောက်ခံမှုကို သေချာပေါက် ရရှိထားခြင်းနှင့် အတူ USDP က အစိုးရ တခု ဖွဲ့စည်းရန်နှင့် သမ္မတနေရာကို ပြန်လည်ရယူရန် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းထက် အနည်းငယ်သာ ကျော်လွန် ရရှိရန် လိုအပ်သည်။

၂၀၂၀ ခုနှစ်တွင် NLD နောက်တကြိမ် အနိုင်ရရှိမည့် အလားအလာက တပ်မတော်နှင့် USDP အတွက် အိပ်မက်ဆိုးတခု ဖြစ်သည်။ ထိုသို့ အနိုင်ရရှိပါက NLD အနေဖြင့် နိုင်ငံရေးမှ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချရန် အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းရာတွင် ယခုထက် ပိုမိုရဲတင်းသွားစေလိမ့်မည် ဖြစ်သောကြောင့်ပင်။ ထို့အပြင် USDP အတွက်လည်း အစိုးရ အဖွဲ့တွင် အရေးပါသော နေရာရှိလိမ့်မည် မဟုတ်ပါ။

ထို့ကြောင့် USDP နှင့် တပ်မတော်တို့က သူတို့ အကြီးအကဲဟောင်း၏ အစီအစဉ်ကို နောက်တကြိမ် အကောင်အထည်ဖော်ရန် ကြိုးစားကြလိမ့်မည်ဟု ယူဆပါက ထိုယူဆချက်သည် ကြောင်းကျိုး ဆီလျော်သည်ဟု ဆိုနိုင်ပါသည်။

ထိုသို့ ယူဆလျှင် သူတို့ အနိုင်ရချေ မည်မျှရှိမည်နည်း ဟု မေးစရာ ရှိပြန်သည်။ ပြောရလျှင်တော့ သူတို့အတွက် အားတက်စရာ အကြောင်းရင်း အချို့ သတင်းတွေထဲတွင် ဖတ်နေရပါသည်။

NLD ၏ ရေပန်းစားလူကြိုက်များမှု လျော့ကျလာခြင်း၊ NLD ၏ အုပ်ချုပ်စွမ်းရည်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ခြင်း၊ သူတို့ အစိုးရ၏ လက်ထက်တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြားမှ တိုက်ပွဲများက ပိုမိုပြင်းထန် လာ ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေ ခြင်း၊ စီးပွားရေးမကောင်းခြင်း အစရှိသဖြင့် သတင်းများ၊ ထင်ကြေးပေးပြောဆိုချက်များကို ကျတော်တို့ အားလုံးကြားနေ၊ မြင်နေကြရသည်။

ထိုအကြောင်းရင်းများ အားလုံးက USDP အတွက် အောင်ပွဲခံစရာဖြစ်ပါမည်လား။ ကျနော်ကတော့ မထင်ပါ။ NLD အတွက် သတင်းဆိုးများက USDP အတွက် သတင်းကောင်းများဟု တိုက်ရိုက် အဓိပ္ပါယ် မသက်ရောက်ပါ။

မြန်မာပြည်သူအများစုက တပ်မတော်နှင့် ဆက်နွယ်နေသည့် ပါတီများကို မထောက်ခံကြကြောင်း သမိုင်းက ရှင်းရှင်းကြီး သက်သေခံခဲ့ပြီးဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို ဆက်ခံခဲ့ ပြီး တပ်မတော်၏ ထောက်ခံမှုကို ရရှိသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(NUP) က ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၁၀ နေရာသာ အနိုင်ရရှိခဲ့သည်။ ထိုရွေးကောက်ပွဲတွင် NLD က ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ သည်။ နောက် ၂၅ နှစ်အကြာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NUP က တနေရာသာ အနိုင်ရခဲ့သည်။

USDP က NUP နှင့် များစွာ ကွာခြားခြင်းမရှိပါ။ လွတ်လပ်ပြီး တရားမျှတမှုရှိသည်ဟု အများက လက်ခံကြသည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် USDP က လွှတ်တော် ၂ ရပ်ပေါင်း ကိုယ်စားလှယ် ၄၉၈ နေရာတွင် ၄၁ နေရာ အနိုင်ရရှိခဲ့ရာ NLD က ၃၉၀ နေရာ အနိုင်ရရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ (ကိုယ်စားလှယ်နေရာ အရေအတွက်တွင် ယှဉ်ပြိုင်စရာမလိုဘဲ တပ်မတော်ကို ပေးထားရသည့် ၁၆၆ နေရာ ပါဝင် ထည့်တွက်ခြင်း မရှိပါ။)

အကယ်၍ USDP အတွက် ကျနော်၏ ခန့်မှန်းချက်ကို မေးမည်ဆိုလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ၂ လ အလိုက ကျနော်ရေးသားခဲ့သည့်အတိုင်း ထပ်ပြောရပါမည်။ အဆိုပါဆောင်းပါး၏ အဓိက အကြောင်းမှာ ရွေးကောက်ပွဲက လွတ်လပ်၍ တရားမျှတမည်ဆိုပါက ထိုစဉ်က အာဏာရပါတီ (USDP) အနေဖြင့် အနိုင်ရဖွယ် အလွန်ပင် နည်းပါးသည့် အကြောင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိမှသာလျှင် အာဏာရပါတီ အနိုင်ရနိုင်သည်ဟု ကျနော်ပြောခဲ့သည်။ ယခုလာမည့် ရွေးကောက်ပွဲ တွင်လည်း လွတ်လပ်၍ တရားမျှတမှုရှိမည်ဆိုလျှင် သူတို့ နိုင်ဖွယ် မရှိပါ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၏ Do Myanmar’s Generals-Turned-Politicians Have a Plan B for the Presidency? ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

ဖွဲ့စည်းပုံကြောင့် NLD အစိုးရ ရပ်တည်နိုင်ခြင်းကို မမေ့ရန် တပ်မတော် သတိပေး

၂၀၂၀ ရွေးကောက်ပွဲ ဟန်ပြမလုပ် စံပြလုပ်မည်ဟု ကော်မရှင် ဥက္ကဌ ကတိပေး

ရှမ်းပြည်နယ်က တိုက်ခိုက်မှုများ တရုတ်နိုင်ငံ၏ အရိပ်ထိုးနေ

The post သမ္မတနေရာပြန်ယူဖို့ ဗိုလ်ချုပ်ဟောင်းတွေ အစီအစဉ် ရှိလား appeared first on ဧရာဝတီ.

]]>
နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည် https://burma.irrawaddy.com/opinion/viewpoint/2019/06/10/194220.html Mon, 10 Jun 2019 01:30:15 +0000 https://burma.irrawaddy.com/?p=194220 မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် နောက်ထပ် နှစ်ပေါင်း ၃၀ခန့် ကြာဦးမည်ဟု ကျနော်ပြောလျှင် ယုံဖို့ ခက်ပါလိမ့်မည်။

The post နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည် appeared first on ဧရာဝတီ.

]]>
မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် နောက်ထပ် နှစ်ပေါင်း ၃၀ခန့် ကြာဦးမည်ဟု ကျနော်ပြောလျှင် ယုံဖို့ ခက်ပါလိမ့်မည်။

တပ်မတော် အနေဖြင့် လာမည့် ဆယ်နှစ် အတွင်းတွင် နိုင်ငံရေးနယ်ပယ်မှ ထွက်ခွာသွားမည့် အရိပ်အယောင် မရှိပေ။ ၂၀၁၁ ခုနှစ်အစောပိုင်းတွင် မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေး စတင်ခဲ့သော်လည်း တပ်မတော် အနေဖြင့် နိုင်ငံရေးတွင် ပါဝင်နေဆဲဖြစ်ပြီး ၎င်းတို့အနေဖြင့် မည်သည့် အချိန်တွင် နိုင်ငံရေး မှ ထွက်ခွာမည်ကို တပ်မတော် ခေါင်းဆောင်ပိုင်းများ မှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

တပ်မတော် အနေဖြင့် နိုင်ငံရေးနယ်ပယ်မှ သူတို့ ဘယ်တော့ ထွက်ခွာမည်ကို ထုတ်ပြောထားခြင်းကား ရှိသည်။ သို့သော် မည်သည့်အချိန်ဆိုသည်ကို မည်သူမှ အတိအကျ မသိပေ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မရှိတော့ဘဲ တိုင်းပြည်အေးချမ်းသွားသည့်အချိန်တွင် တပ်မတော်က နိုင်ငံရေးမှစွန့်ခွာမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။ သို့သော် ၁၉၄၈ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရချိန်မှ စတင်ပြီး ပြည်တွင်းစစ်ဖြစ်ပွားနေသောနိုင်ငံတွင် ငြိမ်းချမ်းရေး ဘယ်တော့ရမည်လဲဆိုသည်မှာ ကြိုတင် ခန့်မှန်း မရနိုင်သော ကိစ္စ ဖြစ်နေသည်။

၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုကြည့်လျှင် ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းခံနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂၀ နီးပါးနှင့် တပ်မတော်အကြား ဖြစ်ပွားနေသော တိုက်ပွဲများအား လုံး၀ အဆုံးသတ်နိုင်လောက်သည့် အခြေအနေမျိုး မရရှိသေးပေ။

ထို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် ၁၀ ဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးထားကြသော်လည်း အနည်းဆုံး အခြား ၅ ဖွဲ့သည် ၎င်းတို့ခြေကုပ်ရယူထားသော ဒေသများတွင် တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ထိုသို့သော အခြေအနေတွင် ဘယ်တော့ငြိမ်းချမ်းရေးရနိုင်မည်ဆိုသည်မှာ တွေးဆ၍ မရနိုင်သည့်အရာသာ ဖြစ်သည်။ နောင်လာမည့် နှစ် ၂၀ သို့မဟုတ် ၃၀ အတွင်း ငြိမ်းချမ်းရေးရမည်ဟု မည်သူမျှ အာမခံနိုင်ခြင်း မရှိပေ။ ထိုကြောင့် တပ်မတော်သည် နိုင်ငံရေးမှ မည်သည့်အချိန် အမှန်တကယ် ထွက်ခွာသွားမည်ဆိုသည်မှာ မသိနိုင်သေးသော အရာဖြစ်သည်။

၁၉၆၂ ခုနှစ်မှ စတင်ပြီး စစ်ဘက်၏ အုပ်ချုပ်ရေးအောက်တွင်ရှိခဲ့သော နိုင်ငံတခုကို အရပ်ဖက် အသွင်ကူးပြောင်းခြင်းသည် မတိုင်းတာနိုင်လောက်အောင် ကြီးမားသည့် တာဝန်တခုဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော လက်ရှိအစိုးရက ၂၀၁၆ ခုနှစ် မတ်လတွင် အာဏာရလာချိန်မှ စတင်ပြီး ထိုကိစ္စကို ဆောင်ရွက်နေရသည်။

ယခုနှစ် မတ်လတွင် NLD သည် ဖွဲ့စည်းပုံအရ တပ်မတော်က ယူထားသည့် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို တဖြည်းဖြည်းလျှော့ချရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး လေ့လာသုံးသပ်နေသည့် လွှတ်တော်ပူးတွဲကော်မတီ၏ တံခါးပိတ် အစည်းအဝေးများတွင် အဆိုပြုချက် ရှိခဲ့သည်။

ထိုအဆိုပြုချက်အရ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်အတွင်းမှ တပ်မတော်သားကိုယ်စားလှယ်များကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပြီး နောက်လာမည့် ရွေးကောက်ပွဲများတွင် နောက်ထပ် ၅ ရာခိုင်နှုန်းစီ လျှော့ချရန်ဖြစ်သည်။ ထိုအဆိုပြုချက် အကောင်အထည်ပေါ်ပါက ၂၀၃၅ ခုနှစ်တွင် လွှတ်တော်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သည့် တပ်မတော်သားကိုယ်စားလှယ်များ ရှိတော့မည် မဟုတ်ပေ။ ထိုအတိုင်းဖြစ်မည်ဆိုလျှင်ပင် နောက်ထပ် ၁၆ နှစ်လိုသေးသည်။

တပ်မတော်ကို စစ်တန်းလျားသို့ ချက်ခြင်းပြန်ရန်ပြောဆိုခြင်းမှာ မဖြစ်နိုင်သောကြောင့် NLD သည် လက်တွေ့ကျသော ထိုနည်းလမ်းကို ကျင့်သုံးမည်ဖြစ်ကြောင်း မတ်လတွင် NLD လွှတ်တော်ကိုယ်စားလှယ်တဦးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။ လွှတ်တော်တွင်း တပ်မတော်သားများကို ချက်ချင်းဖယ်ထုတ်ရန်မှာ လက်တွေ့မကျမှန်း ကျနော်တို့လည်း သိကြပါသည်။

NLD က ဦးဆောင်ပြီး လွှတ်တော်မှ တိုင်းရင်းသားပါတီအများစု ထောက်ခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်သည်။ နိုင်ငံရေးတွင် တပ်မတော် ပါဝင်နေမှုကို အာမခံသည့် ပုဒ်မအများစုကို တပ်မတော်ကပြင်ဆင်လိုခြင်း မရှိသည်မှာ ရှင်းလင်းလှသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကို မဆန့်ကျင်ကြောင်း တပ်မတော် ခေါင်းဆောင်များက တရားဝင်ပြောကြားစေကာမူ ၎င်းတို့သည် ဖွဲ့စည်းပုံပါ ပုဒ်မ အများစုပြင်ဆင်မည်ကို မလိုလားကြပေ။

တပ်မတော်ဘက်မှ ထိုသို့ကန့်ကွက်မှုများ မရှိပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် ယနေ့ အားလုံးမျှော်မှန်းထားသည်ထက် လွန်စွာ ပိုမို လျင်မြန်လာနိုင်ဖွယ် ရှိနိုင်သည်။

သို့သော် လက်တွေ့ပကတိအခြေအနေ တွင်မူ တပ်မတော်ခေါင်းဆောင်ပိုင်းသည် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်မှုကို တဖြည်းဖြည်းချင်း လျော့ချသွားမည့် NLD ၏ အဆိုပြုချက်ကိုပင် လက်ခံဖို့ ခက်ခဲနေပုံ ရသည်။ နောက်ထပ် ၁၆ နှစ်ကြာမည့် ထိုအဆိုပြုချက်သည် ၎င်းတို့အတွက် စောလွန်းနေပုံ ရသည်။ လွှတ်တော်တွင်းမှ တပ်မတော်သားကိုယ်စားလှယ်များက ထိုအဆိုပြုချက်ကို သဘောမတူကြလျှင် နောက်ဆုံးတွင် ထိုအဆိုပြုချက်သည် NLD ၏ သူတို့ဖြစ်ချင်သည်ကို ပုံဖော်ထားသည့် စိတ်ကူးယဉ်မှုတခုသာ ဖြစ်သွားလိမ့်မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါပုဒ်မသည် လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် တနည်းအားဖြင့် တပ်မတော်သားကိုယ်စားလှယ်များပါ ပြင်ဆင်ရန်သဘောတူမှသာ ပြင်နိုင်မည်။

ထိုအဆိုပြုချက် အတည်ပြုနိုင်ရေးသည် တပ်မတော်၏ ခေါင်းဆောင်ပိုင်းအပေါ် လုံးဝ မူတည်နေသည်။ ထိုအတွက် NLD အနေဖြင့် တပ်မတော်ခေါင်းဆောင်များကို စည်းရုံးသိမ်းသွင်းနိုင်ရန် လိုသည်။

တပ်မတော်နှင့် အစိုးရတို့သည် ‘မချစ်သောလည်း အောင့်ကာနမ်း’ ဟူသည့် မြန်မာဆိုရိုးစကားအတိုင်း ပြုမူကြရမည်ဟု ကျနော်ထင်မိသည်။ ပြည်သူ့အကျိုးအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကို ရည်စူးပြီး ၎င်းတို့သည် တဖက်နှင့် တဖက် မနှစ်သက်နိုင်သော်ငြား ပူးပေါင်းဆောင်ရွက်သင့်သည်။

သို့သော် ယခု အချိန်အထိ NLD အစိုးရသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အရှိန်မြှင့်ရန် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် တပ်မတော်ခေါင်းဆောင်များကို စည်းရုံးနိုင်ခြင်း မရှိသေးပေ။

တပ်မတော် သည် ဖွဲ့စည်းပုံအခြေခံဥပဒေကိ မည်သည့် အချိန်တွင် ပြင်ခွင့်ပေးပြီး မည်သည့်အချိန်တွင် နိုင်ငံရေးမှ ထွက်ခွာသွားမည်ကို မည်သူမျှ မသိပေ။ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ၏ စိတ်နေသဘောထား၊ နိုင်ငံအရေးအတွေးအခေါ်အယူအဆနှင့် နှစ် ၆၀ အတွင်း ကိုင်တွယ်အုပ်ချုပ်ခဲ့ပုံများအပေါ် မူတည်ပြီး ကျနော် ပုဂ္ဂလိကအမြင်အရဆိုလျှင် ၎င်းတို့ နိုင်ငံရေးမှ ထွက်ခွာသွားရန် ဆယ်စုနှစ် ၂ ခု သို့မဟုတ် ၃ အခုအထိ ကြာလိမ့်မည်ဟု မှန်းဆသည်။

ပြီးခဲ့သည့်လက လာရောက်လည်ပတ်ခဲ့သည့် ထိပ်တန်းသံတမန်တဦးနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူ့အခွင့်အရေးအခြေအနေနင့် အထွေထွေအခြေအနေများကို ဆွေးနွေးရန် ကျနော် ဖိတ်ခံရသည်။

“၁၉၈၈ မှာစတင်တဲ့ ဒီမိုကရေစီတိုက်ပွဲ နှစ် ၃၀ ကြာတဲ့အခါ ကျနော်တို့ လွန်ခဲ့တဲ့ နှစ် ၃၀ က ရည်မှန်းခဲ့တာတွေ အောင်မြင်ဖို့ နောက်ထပ် နှစ် ၃၀ ကြာဦးမယ်ဆိုတာ ကျနော်တွေ့လိုက်ရတယ်” ဟု ထိုပွဲတွင် ကျနော်ပြောပြဖြစ်သည်။ ကျနော်တို့ နိုင်ငံ၏ ယနေ့လက်ရှိနိုင်ငံရေး အခြေအနေသည် ၁၉၈၈ ခုနှစ်က ရည်မှန်းခဲ့သည့် အာဏာရှင်အစိုးရဖြုတ်ချပြီး ဒီမိုကရေစီအစိုးရပေါ်ပေါက်ရေးသည် လမ်းတဝက်သာရောက်သေးကြောင်း ကျနော်က ဆက်လက်ရှင်းပြခဲ့သည်။

၁၉၈၈ ခုနှစ်မှ ယခုနှစ် ၃၀ အကြာတွင် မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရတရပ် ရှိလာသည်။ သို့သော် ထို အရပ်သားအစိုးရသည် အခြေခံဥပဒေအရ လွှတ်တော်တွင်း ဥပဒေပြုရေးတွင်သာမက အုပ်ချုပ်ရေးအာဏာကိုပါ တပ်မတော်နှင့် ခွဲဝေယူထားရသည်။

ရည်မှန်းချက်ပန်းတိုင်မှာ လွတ်လပ်မျှတသော ရွေးကောက်ပွဲများမှ အရပ်သားစစ်စစ် အစိုးရတရပ် ပေါ်ပေါက်လာရန် ဖြစ်သည်။ သို့သော် ယခု NLD နှင့် တိုင်းရင်းသားပါတီများ ဆောင်ရွက်နေကြသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်အပေါ် တပ်မတော်မှ ပြင်းပြင်းထန်ထန် ကန့်ကွက်နေမှုကို တွေ့မြင်ရသောကြောင့် ပြည့်ဝသော ဒီမိုကရေစီ အရပ်သားအစိုးရတရပ် ပေါ်ပေါက်ရေးမှာ နောက် နှစ် ၃၀ ခန့်ကြာဦးမည်ဟု ကျနော်ပြောခဲ့ခြင်းဖြစ်သည်။

အရှင်းဆုံးပြောရလျှင် ရွေးကောက်တင်မြှောက်ခံရခြင်းမဟုတ်ဘဲတပ်မတော်က လွှတ်တော်နှင့် အစိုးရအဖွဲ့တွင်ယခုကဲ့သို့ အာဏာ ခွဲေ၀ ယူထားသရွေ့ မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံဟု ခေါ်ဆိုနိုင်မည်မဟုတ်ပေ။

အာဏာရှင်စစ်အစိုးရလက်အောက် နှစ် ၆၀ ကျော် အုပ်ချုပ်ခံခဲ့ရသည့် မြန်မာနိုင်ငံတွင် အရပ်ဘက်အုပ်ချုပ်ရေးစစ်စစ်ကို ၂၀၅၀ ခုနှစ်တွင်တော့ တွေ့မြင်နိုင်မည်ဟု ကျနော်မျှော်လင့်မိပါသည်။ ထိုမှသာ ကျနော်တို့နိုင်ငံအတွက် စစ်မှန်သောပြောင်းလဲမှုဖြစ်ပါလိမ့်မည်။ ၂၀၅၀ မတိုင်ကာလအတွင်း လက်ရှိသွားနေသည့်ပြုပြင်ပြောင်းလဲရေးကို တပ်မတော်မှ နောက်တကြိမ် ဝင်ရောက်ဟန့်တားစေရန် ပံ့ပိုးပေးသော နိုင်ငံရေးအခြေအနေမျိုး မပေါ်ပေါက်လာစေရန်သာ ဆုတောင်းရတော့မည်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Kyaw Zwa Moe ၏ Civilianizing This Militarized Nation Could Take Another Three Decades  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

တပ်အရာရှိဟောင်းများ ဦးဆောင်နေသည့် ထွေ/အုပ် ပြုပြင်ပြောင်းလဲရေး အချိန်ယူရဦးမည် 

အမျိုးသားရေး အမည်ခံ နိုင်ငံရေးလှုပ်ရှားမှုကို ထိန်းချုပ်ပါ 

တပ်မတော်နှင့် ကြံ့ခိုင်ရေးပေါင်း၍ အခြေခံ ဥပဒေ ပုဒ်မတချို့ ထပ်မံ ပြင်ဆင်ရန် ကြိုးပမ်း x

မဟာသီယာ အစိုးရ တနှစ်ပြည့်တဲ့အခါ 

The post နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည် appeared first on ဧရာဝတီ.

]]>
သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး https://burma.irrawaddy.com/opinion/viewpoint/2019/05/27/192586.html Mon, 27 May 2019 05:26:08 +0000 https://burma.irrawaddy.com/?p=192586 ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာမှုသည် သတင်းကောင်းဖြစ်သော်လည်း မီဒီယာလောက အပြောင်းအလဲ ရှိလာမည့် သတင်းတော့ မဟုတ်သေးချေ။

The post သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး appeared first on ဧရာဝတီ.

]]>
သတင်းထောက် ၂ ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာမှုသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်းမှ သတင်းသမားများအတွက် ဝမ်းမြောက်စရာ ဖြစ်သည်။ ထိုသတင်းသည် သတင်းကောင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၏ မီဒီယာလောက တခုလုံးအတွက်မူ ကြီးမားသည့်အပြောင်းအလဲ ရှိလာမည့် သတင်းမဟုတ်သေးချေ။

အရပ်သားအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် ၎င်းတို့နှစ်ဦး ပြန်လွှတ်လာသော်လည်း သူတို့သည် ရဲတပ်ဖွဲ့၏ ရမယ်ရှာ အဖမ်းခံရခြင်းဖြစ်သောကြောင့် အစကပင် မဖမ်းဆီးခဲ့သင့်သည်မှာ အကြောင်းရင်းတခုဖြစ်သည်။ သတင်းသမားများကို အနာဂတ်တွင် လုံခြုံရေး တပ်ဖွဲ့များ၏ အလားတူ ထောင်ချောက်ဆင်၊ ဖမ်းဆီး၊ စွပ်စွဲမှုများ မရှိလာနိုင်တော့ဟူသော အာမခံချက်မျိုးကို ၎င်းတို့ ၂ ဦးလွှတ်မြောက်လာခြင်းက ပေးစွမ်းနိုင်ခြင်းမရှိပေ။ ၎င်းတို့ ၂ဦး ပြန်လည်လွှတ်မြောက်လာခြင်းမှာ နိုင်ငံတော်သမ္မတက (သူ၏ အကန့်အသတ်ရှိသော အာဏာကို အသုံးပြုပြီး) ဝင်ကယ် လိုက်ခြင်းဖြစ်သည်။

ထိုနေ့က ဧရာဝတီသတင်းဌာနရုံးသို့ လာရာလမ်းတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်သည့် သတင်းကို ကြားသိရသောအခါ ကျနော် လွန်စွာပျော်ရွှင်မိသော်လည်း အံ့သြခြင်းတော့ မဖြစ်မိပေ။ ၎င်းတို့ ၂ ဦး ဧပြီလလယ် မြန်မာနှစ်သစ်ကူး ပတ်ဝန်းကျင်တွင် ပြန်လည်လွှတ်လာလိမ့်မည်ကို သူတို့ကို ထောင်ဒဏ် အမိန့်ချသည့် စက်တင်ဘာလကပင် ကျနော် မျှော်လင့်ယူဆထားခဲ့ပါသည်။

သံတမန်များ၊ ပြည်တွင်းပြည်ပမိတ်ဆွေများနှင့် တွေ့ဆုံသည့်အခါများတွင် သူတို့မေးကြသည်မှာ
အစိုးရက သူတို့ကို ပြန်လည်လွှတ်ပေးပါ့မလား ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

“သူတို့ကို ဇန်နဝါရီ ဒါမှမဟုတ် ၂၀၁၉ ခုနှစ် ဧပြီလမှာ ပြန်လွှတ်ပေးနိုင်ပါတယ်” ဟုသာ ကျနော် အမြဲပြန်ဖြေခဲ့ပါသည်။ မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သော ဇန်နဝါရီလ ၄ ရက်နေ့ ဝန်းကျင် သို့မဟုတ် မြန်မာ့ရိုးရာ နှစ်သစ်ကူးသြင်္ကန်ပွဲတော်ကာလ ဧပြီလလယ်တွင် သူတို့ လွတ်လာနိုင်သည်ဟု ပိုပြီး တိကျအောင် ဖြေလ့ရှိသည်။ အကြောင်းကတော့ လွတ်လပ်ရေးနေ့ နှင့် နှစ်သစ်ကူး ကာလ တို့တွင် အစိုးရသည် နိုင်ငံအတွက် မင်္ဂလာရှိသော အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို ပြန်လွှတ်ပေးလေ့ရှိသောကြောင့်ဖြစ်သည်။

ကျနော့်၏ ကြိုတွက်ဆမှုကတော့ မေလ ၇ ရက်နေ့တွင် ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့ ပြန်လည် လွတ်မြောက်ခဲ့သည့်အချိန်တွင် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

မြန်မာ့ နှစ်ဆန်း တစ်ရက်နေ့မှစတင်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို အသုတ်လိုက် လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်။
အကျဉ်းသား ၉၅၀၀ ကျော်ကို ဧပြီလ ၁၇ ရက်နေ့တွင် လွှတ်ပေးပြီး အကျဉ်းသား ၇၀၀၀ နီးပါးကို သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ဧပြီလ ၂၆ ရက်နေ့တွင် ထပ်မံလွှတ်ပေးသည်။ ထို့နောက် မေလ ၇ရက်နေ့တွင် နှစ်သစ်ကူးအထိမ်းအမှတ် အကျဉ်းသားလွှတ်ပေးမှု နောက်ဆုံးအသုတ်အနေဖြင့် သမ္မတက အကျဉ်းသား ၆၅၂၀ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ထိုနောက်ဆုံးအသုတ်လွတ်မြောက်လာသူများတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သာမက လူ့အခွင့်အရေးလှုပ်ရှားအချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၃၀ဦးခန့် ပြန်လွှတ်မြောက်လာသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ကမှ ထောင် ၇ နှစ်ချခံထားရသည့် အဆိုပါ သတင်းထောက်နှစ်ဦး ကို ၈ လအတွင်း မည်သည့်အတွက် ပြန်လွှတ်ပေးရပါသနည်း ဆိုသည့် အချက်ပင်ဖြစ်သည်။

ထိုအချက်ကို မှန်မှန်ကန်ကန် တွက်ဆနိုင်ရန် နောက်ခံနှင့်အသေးစိတ်အချက်အလက် အချို့ကို ဤနေရာတွင် ဖေါ်ပြလိုသည်။

၂၀၁၇ ခုနှစ်တွင် လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာ မွတ်ဆလင် ၁၀ ဦးကို သတ်ဖြတ်ခဲ့မှုကို ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ စုံစမ်းဖေါ်ထုတ်ပြီးနောက် တပ်မတော်နှင့်ဆက်စပ်နေသော ရဲတပ်ဖွဲ့သည် ၎င်းတို့ကို ဖမ်းဆီးရန် ထောင်ချောက်ဆင်ခဲ့ကြသည်။ (သူတို့ကို ဖမ်းဆီးရေးအတွက် ထောင်ချောက်ဆင်ရန် စေခိုင်းခံရကြောင်း တရားလိုပြသက်သေတဦးဖြစ်သူ ဒုရဲမှူး ဦးမိုးရန်နိုင်က ဝန်ခံထွက်ဆိုခဲ့သည်။)

ဗြိတိသျှကိုလိုနီခေတ်က ပြဌာန်းထားခဲ့သည့် ၁၉၂၃ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေ အရ ထိုသတင်းသမားများကို စွဲဆိုရန် ရဲတပ်ဖွဲ့ကို ကြီးကြပ်သော ပြည်ထဲရေး ဝန်ကြီးဌာနသည် သမ္မတထံမှ ခွင့်ပြုချက်ရယူသည်။ သို့သော် ထိုစဉ်က သမ္မတ ဦးထင်ကျော်မှာ ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင် မရှိသောကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သည့် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ခွင့်ပြုခဲ့သည်။ ၂၀၁၈ စက်တင်ဘာလတွင် ထိုသတင်းထောက် နှစ်ယောက်ကို တရားရုံးက ထောင် ၇ နှစ်ချခဲ့သည်။ ထိုနေရာတွင် မြန်မာ့ တရားစီရင်ရေးမဏ္ဍိုင်၏ လွတ်လပ်မှု ရှိ မရှိ ဆိုသည့် အချက်ကလည်း သံသယ ရှိစရာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် ရိုဟင်ဂျာ မွတ်ဆလင် ၁၀ ဦးကို သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသည်မှာလည်း အမှန်တရားပင်ဖြစ်သည်။ ထိုသတင်းသမား ၂ ဦးကို စွဲချက်များတင်မည်ကိုလည်း ၎င်းတို့ မသိခဲ့ကြပေ။ သို့သော် နိုင်ငံ၏လက်ရှိ နိုင်ငံရေး အနေအထားအရ တပ်မတော်၏ လုပ်ရပ်၊ ဆုံးဖြတ်ချက်များ သို့မဟုတ် တရားစွဲဆိုမှုများကို အစိုးရက ဆန့်ကျင်ပြောင်းလဲအမိန့်ပေးဖို့ နိုင်ငံရေးအခြေအနေမဟုတ်ပေ။

ထို့ကြောင့် လက်ရှိ နိုင်ငံရေးစနစ် (သို့) ပကတိ နိုင်ငံအရေးအခြေအနေ၏ ရှုပ်ထွေးမှုကို သုံးသပ်ပြီးနောက် NLD အစိုးရသည် ၎င်းတို့ ၂ ဦးကို ပြန်လွှတ်ပေးရန် အချိန်ကောင်း စောင့်ဆိုင်းနေသည်ဟု ကျနော် ယူဆထားခဲ့ပါသည်။

အပေါ်ယံအားဖြင့်ကြည့်လျှင် အစိုးရသည် တိုင်းပြည်ကို စီမံအုပ်ချုပ်သည်မှာမှန်သည်။ လက်တွေ့တွင်မူ ကာကွယ်ရေးအပြင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအခန်းကဏ္ဍများတွင် တပ်မတော်က ပါဝင်ပတ်သက်ဖို့ လုပ်ပိုင်ခွင့်ရှိနေသည့် နိုင်ငံရေးအခြေအနေတွင် အစိုးရသည် တစုံတရာသော အတိုင်းအတာရှိသည့် အုပ်ချုပ်ရေးအာဏာကို ဆုပ်ကိုင်ထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် ရိုက်တာသတင်းသမားများ အမှုတွင် တရားရေးလုပ်ငန်း အဆင့်ဆင့်ပြီးစီးသည်အထိနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်သော ကာလကို စောင့်ရသည်။ ထိုကာလသည် အစိုးရအနေဖြင့် အခြားအကျဉ်းသားများနှင့်အတူ သတင်းသမား ၂ ဦးကို လွှတ်ပေးပြီး ကြားဝင်ဆောင်ရွက်ရန် တခုတည်းသော အခွင့်အလမ်းပင် ဖြစ်သည်။

ယခုနှစ် လွတ်ငြိမ်းသက်သာခွင့်၏ ရည်ရွယ်ချက်သည် ရိုက်တာ သတင်းသမား ၂ ဦးကို လွှတ်ပေးရန် အဓိကဖြစ်ပုံရသည်ဟု ကျနော် ယူဆပါသည်။ ထိုနည်းသည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး လက်ရှိအစိုးရက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးနေသည့် နည်းလမ်းပင်ဖြစ်သည်။

ရိုက်တာ သတင်းထောက် နှစ်ယောက် ပြန်လည်လွတ်မြောက်လာသည့် အချိန်အထိ သူတို့နှစ်ဦး လွတ်မြောက်ရေးတွက် ပြောကြားချက် များမှာ အမျိုးမျိုး အဖုံဖုံဖြစ်နေသည်။ ထိုသတင်းသမား ၂ ဦးကို လွှတ်ပေးရန် အစိုးရက ငြင်းဆန်နေသည်ဟု ဆိုကာ နိုင်ငံတကာအသိုင်းအဝန်းက စဉ်ဆက်မပြတ် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ထိုကာလတွင် အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က သတင်းထောက်နှစ်ယောက် လွတ်ပေးရန် ဆန္ဒမရှိကြောင်း ပြောဆိုမှုများရှိခဲ့သည်။ သံတမန် အသိုင်းအဝန်း၊ တက်ကြွလှုပ်ရှားသူ အုပ်စုများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများအကြား ထိုအတည်မပြုနိုင်သည့် သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေခဲ့ကြသည်။

ထိုထဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းသမား ၂ ဦးကို လွှတ်ပေးရန် မီးစိမ်းပြခဲ့သော်လည်း ထိုလုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သဘောမတူ ဟုပင် ပြောဆိုမှုများရှိခဲ့သည်။ ထိုကဲ့သို့သော ကောလဟလများသည် သံတမန်များ၊ နိုင်ငံရေးဝေဖန်သူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများ တက်ရောက်ကြသည့် ဧည့်ခံပွဲများတွင် ကြားနေရသည်။ ထိုကဲ့သို့သော သတင်းများက အတည်ပြုရန် ခက်ခဲသော်လည်း အဓိပ္ပါယ်ရှိသည်ဟု ယုံကြည်လက်ခံဖို့အတွက်လည်း မလွယ်ပါ။

မည်သို့ပင်ဆိုစေကာမူ ထိုသတင်းသမားများကို လွှတ်ပေးခြင်းအား သတင်းလွတ်လပ်ခွင့် သို့မဟုတ် ဂျာနယ်လစ်ဇင်အတွက် ကြီးမားသော အောင်မြင်မှုတစ်ခုဟု မြင်လျှင်မှားမည်ဖြစ်သည်။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဤ ထူးခြားလှသောအမှုသည် သတင်းလွတ်လပ်ခွင့်နှင့် ထဲထဲဝင်ဝင် ပတ်သက်ခြင်းမရှိပေ။ ၎င်းတို့ ၂ ဦးကို လွှတ်ပေးခြင်းကြောင့် အစိုးရကို နိုင်ငံတကာမှ ချီးကျူးဂုဏ်ပြုကြသော်လည်း အစိုးရအနေဖြင့် သိက္ခာပြန်ဆယ်ရန် ကြိုးပမ်းမှုတရပ်ဟု မထင်ပါ။ တပ်မတော် သို့မဟုတ် အာဏာရှိသော အဖွဲ့အစည်းများက အနာဂတ်တွင် သတင်းသမားများကို တရားစွဲပါက အစိုးရသည် လက်ရှိ သုံးနေသည့် နည်းလမ်းအတိုင်း တရားရေးလုပ်ငန်းအဆင့်ဆင့်တွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် နည်းကိုသာ ကျင့်သုံးဖွယ်ရှိသည်။

ချွင်းချက်အနေဖြင့် အစိုးရက ခန့်အပ်သော နိုင်ငံရေးရာထူးများဖြစ်သည့် ဝန်ကြီးများ၊ ဝန်ကြီးချူပ်များက မီဒီယာကို အရေးယူရာတွင် နည်းလမ်းတကျ ဆောင်ရွက်ခြင်း မရှိသည့် အမှုများတွင်တော့ အစိုးရက ဝင်ရောက် စွက်ဖက်နိုင်သည်။ ဥပမာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းသမား ၃ ဦးကို တရားစွဲဆိုပြီး ဖမ်းဆီးသောအမှု။ သတင်းမီဒီယာ ဥပဒေတွင် ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် သမ္မတက (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သော) ဝန်ကြီးချူပ်ကို စာဖြင့် တရားဝင် တိုက်တွန်းသည်။ သတင်းမီဒီယာ ဥပဒေအရ ဝန်ကြီးချူပ်သည် မြန်မာစာနယ်ဇင်းကောင်စီသို့ တိုင်ကြားပြီး ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုရမည် ဖြစ်သည်။

ထို့အပြင် အစိုးရ၏ အန္တိမ နိုင်ငံရေး ရည်မှန်းချက်မှာ နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို တဖြည်းဖြည်းလျှော့ချခြင်းဖြင့် ပြည့်ဝသော အရပ်သားအုပ်ချုပ်ရေးကို ထူထောင်ရန်သာ ဖြစ်နေသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ၏ အားထုတ်မှုကို တပ်မတော်နှင့်၎င်း၏ လွှတ်တော်တွင်းမှ မဟာမိတ်များ၏ အတိုက်အခံ ပြုလုပ်မှုများကို ကြည့်လျှင် တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ရှားရန် နောက်ထပ် နှစ်ပေါင်း အစိတ်၊ သုံးဆယ် ကြာကောင်းကြာဖွယ်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယခုအတိုင်းရှိနေသမျှ ကာလပတ်လုံး ရိုက်တာ သတင်းသမားများ ကဲ့သို့သော အမှုများကို မြန်မာပြည်ရှိ သတင်းသမားများ ဆက်လက်ကြုံတွေ့နိုင်ဦးမည်ဖြစ်သည်။ တပ်မတော်သည် ဧပြီလက ဧရာဝတီသတင်းဌာနမှ အယ်ဒီတာတဦးဖြစ်သူ ဦးရဲနည်ကို အမှုဖွင့်ခဲ့သည်။ ကျနော်တို့က သမ္မတရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့သို့ တရားဝင်စာများ ပို့ခဲ့သော်လည်း အစိုးရက ကြားဝင်စွက်ဖက်ပုံ မရပေ။

ထို့ကြောင့် ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးခြင်းသည် သတင်းကောင်းဖြစ်သော်လည်း မြန်မာ့ မီဒီယာလောကအတွက် အပြောင်းအလဲ ကြီးကြီးမားမား ရှိမည့် သတင်းမဟုတ်ဟု ဆိုခဲ့ ခြင်းပင်ဖြစ်သည်။ ၎င်းတို့အလုပ်ကို ၎င်းတို့လုပ်ခြင်းအတွက် ဖမ်းဆီးထောင်ချခံရသော သတင်းသမားများ လွတ်မြောက်ရေးအတွက် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ကို မျှော်နေရခြင်းက ကောင်းမွန်သောကိစ္စ မဟုတ်ပေ။ မြန်မာပြည်ရှိ သတင်းသမားများ လိုအပ်နေသည်မှာ မိမိတို့အလုပ်ဖြစ်သည့် မှန်ကန်သည့်သတင်းရယူရေးသားတင်ပြခြင်းအတွက် မည်သူကမျှ မိမိတို့ကို တရားစွဲဆိုခြင်းမပြုနိုင်သော စနစ်ကျသည့် အကာအကွယ်သာဖြစ်သည်။

(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အကြီးတန်း အယ်ဒီတာ ဖြစ်သည်။ ၎င်း၏ Good News, but Not the News We Need  ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

Reuters သတင်းထောက် ၂ ဦး လွှတ်ပေးမှု အစိုးရ နာမည်ကောင်းရ 

သတင်း လွတ်လပ်ခွင့် အပေါ် သတင်းစာဆရာများရဲ့ အမြင် 

သမ္မတ လွတ်ငြိမ်းက သတင်းလွတ်လပ်ခွင့်နှင့် ရင်ကြားစေ့ရေး အပြုသဘောဆောင်လာစေသည် 

နိုင်ငံရေး၊ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲနဲ့ သတင်းတုတွေ 

ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး 

The post သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး appeared first on ဧရာဝတီ.

]]>