စီးပွားရေး

မိုးကုတ် အိပ်မက်

This article has been converted from Zawgyi One to Unicode

အချိန်က ညနေ ၃ နာရီခွဲခန့်။ မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရှိ ကျပ်ပြင်ရပ်မှ ထာပွဲရှိရာ လမ်းတိုလေးမှာတော့ လူစည်စပြုနေပါပြီ။ ကောက်ရိုးခမောက်ကိုယ်စီ၊ ပလတ်စတစ် ခွေးခြေခုံပုလေးတွေ လမ်းဘေးတလျှောက် ချထိုင်ပြီးတော့ လက်တဝါးစာ သာသာရှိ “မဲ့ထာ” ခေါ် ကြေးလင်ဗန်းလေးတွေထဲမှာ ကျောက်ရောင်စုံတွေ ထည့်ထားကြပါတယ်။

မိုးကုတ်မြို့နယ်ရှိ ကျပ်ပြင်ရပ်မှ ထာပွဲတနေရာ (ဓာတ်ပုံ - ခင်သြ / ဧရာဝတီ)

စိတ်ဝင်တစား ကြည့်သူကကြည့်၊ ဈေးစကား ပြောသူကပြော၊ တချို့ကျတော့လည်း လမ်းတလျှောက်က လက်ဘက်ရည်ဆိုင်၊ အကြော်ဆိုင်တွေမှာ ထိုင်သူက ထိုင်ကြတယ်။ လူတိုင်းရဲ့ လက်ထဲမှာတော့ ကျောက်ကြည့် ဓာတ်မီးကိုယ်စီ ရှိနေကြတယ်။ နွေခေါင်ခေါင် ဆိုပေမယ့် မိုးကုတ်ကတော့ အကျႌလက်ရှည်၊ အပေါ်ထပ်အကျႌ ခပ်ပါးပါး ဝတ်နေရဆဲပါ။

“အရင်ကဆိုရင် ထာပွဲလမ်းက အရမ်းစည်တယ်။ လမ်းလျှောက်စရာတောင် မလိုဘဲ လူတွေနဲ့  ညှပ်ပါသွားတာ။ အဲဒီလို မစည်တော့တာ တော်တော်ကြာနေပြီ” လို့ မိုးကုတ် ကျပ်ပြင်ရပ်က ဒေသခံ ကျောက်ကုန်သည်တဦးက ပြောပါတယ်။

၁၉၉၇ လောက်ကစပြီး မိုးကုတ်က ကျောက်လုပ်ကွက်တွေကို ဖက်စပ်စနစ်နဲ့သာ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဖက်စပ်စနစ်ဟာ အနည်းဆုံး ဧက ၅၀ လေလံဆွဲပြီး လုပ်ကိုင်နိုင်တဲ့သူတွေကိုသာ လုပ်ခွင့်ပေးတဲ့ စနစ်ဖြစ်တဲ့အတွက် အရင်းအနှီးနည်းတဲ့ သာမန် ဒေသခံတွေအဖို့ လုပ်ကွက်တွေ ပျောက်သွားခဲ့ရပါတယ်။

“ဖက်စပ်နဲ့ လုပ်နိုင်တဲ့ ငွေအင်အားမရှိတော့ ငါတို့ အရင်လုပ်နေတဲ့ လုပ်ကွက်တွေကို ပေးလိုက်ရတယ်။ ဖက်စပ်မှ မဟုတ်ရင် လုပ်ခွင့်လုံး၀ မရှိတော့ဘူး။ ခိုးလုပ်ရင် အဖမ်းခံရတယ်” လို့ မိုးကုတ်မြို့နယ် ကင်းတံတားကြီးကျေးရွာသား တဦးက ပြောပါတယ်။

ဖက်စပ်စနစ်ကြောင့် အသိမ်းခံလိုက်ရတဲ့ လုပ်ကွက်နေရာတွေဟာ ဂရန်လည်း မရှိတဲ့အတွက် လျော်ကြေးငွေရယ်လို့လည်း မရလိုက်ကြဘူးလို့ ဆိုပါတယ်။

ကျောက်လုပ်ကွက်တွေကို ဖက်စပ်စနစ် ပြောင်းပြီးတဲ့နောက် မိုးကုတ်ရဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေဟာလည်း ပြောင်းပြန် စီးသလို ဖြစ်သွားပါတော့တယ်။ အရင်က မြန်မာနိုင်ငံ အရပ်ရပ်က ရွှေ့ပြောင်းအလုပ်သမားတွေ၊ စီးပွားရှာသူတွေ မျက်စိကျခဲ့တဲ့ မိုးကုတ်ဟာ  အဲဒီသူတွေရဲ့ စွန့်ခွာမှုကို တဖြည်းဖြည်းချင်း ခံခဲ့ရပါတော့တယ်။

မိုးကုတ်ရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာလည်း ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ အခုဆိုရင် မိုးကုတ်သူ မိုးကုတ်သားတွေ ကိုယ်တိုင်က ရမည်းသင်း၊ ရွှေတော စသည်ဖြင့် အလုပ်လုပ်လို့ ကောင်းမယ့်နေရာ၊ ငွေများများရမယ့် နေရာမျိုးကို သွားရောက်စွန့်စား စီးပွားရှာနေကြပြီ ဖြစ်ပါတယ်။

“ဖက်စပ်ကုမ္ပဏီတွေက ဒေသခံတွေကို လုပ်ခလစာနဲ့ အလုပ်ပြန်ခန့်ထားပေမယ့် ရလာတဲ့ ကျောက်အပေါ်မှာတော့ ဘာခံစားခွင့်မှ မရှိတဲ့အတွက်  ဒေသခံတွေက မလုပ်ချင်ကြဘူး” လို့ မိုးကုတ် ကျပ်ပြင်က ကျောက်ကုန်သည် ဦးအောင်ကြီးက ပြောပါတယ်။

အရင်ကဆိုရင် ကျောက်တွင်းကရတဲ့ ကျောက်အားလုံးကို ကျောက်တွင်းပိုင် လော်ပန်က ၃ ပုံ ၁ ပုံ၊ ကျောက်တူးသမားတွေက ၃ ပုံ ၂ ပုံရပါတယ်။ ကျောက်ကောင်းရရင် ရသလို ကျောက်တူးသမားတွေမှာလည်း ခံစားခွင့် ကြီးကြီးမားမား ရှိခဲ့ပါတယ်။ ကျောက်တွင်း ၁ တွင်းမှာ ကျောက်တူး သမားချည်း ၄၊ ၅ ယောက်ရှိတဲ့အတွက် ရတဲ့ငွေကို ခွဲဝေယူကြရတာပါ။

“အခု ဖက်စပ်က ၂၀ ရာနှုန်းပဲ ကျောက်တူးသမားတွေကို ပေးတာပါ။ ဒါကလည်း ကျောက်ကောင်းရမှ ပေးတာ။ ထောင်ကျောက်ရရင်၊ ကျောက်တူးသမားတွေကလည်း မသိဘူးဆိုရင် လွယ်လွယ်နဲ့ ပေါပေါ ဈေးဖြတ်ပေးလိုက်ကြတယ်။ အရင်ကလောက် စီးပွားရှာလို့ မကောင်းတော့ ဒေသခံတွေလည်း ရွှေတောသံကြားရင် ရွှေတောနောက် လိုက်ကြတာပဲ” လို့ ကျောက်တူးသမား ကိုမင်းဇေယျာက ပြောပါတယ်။

ဖက်စပ်လုပ်ငန်းနဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေဟာ စက်ယန္တယားကြီးတွေကို အသုံးပြုတဲ့အပြင် ကျောက်တူးတဲ့ အလုပ်သမားတွေကိုလည်း အခြေခံ လစာ ၆ သောင်း၊ ၇ သောင်းလောက်နဲ့ ခန့်ထားပြီး ကျောက်ရတဲ့အခါ အစိုးရကို ၄၀ ရာခိုင်နှုန်း၊ ကျောက်တူးသမားတွေကို ၂၀ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီတွေကတော့ ၄၀ ရာခိုင်နှုန်း ခွဲဝေယူတယ်လို့ သိရပါတယ်။

နောက်တခုက ဖက်စပ်ကုမ္ပဏီတွေကရတဲ့ ကျောက်တွေဟာ မိုးကုတ်မြို့ပေါ်က ထာပွဲဈေးတွေကို ရောက်မလာတော့ဘဲနဲ့ သူနည်းသူ့ဟန်နဲ့ နိုင်ငံတကာ ဈေးကွက်ထဲကို သွားတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ထာပွဲဈေးတွေမှာ ကျောက်ကောင်း နည်းလာပြီး ဒေသခံတွေ ကိုယ်တိုင်လည်း အဆင်မပြေမှုတွေ ကြုံလာကြတာပါ။

“တချို့နေ့တွေဆိုရင် ကျောက်က တပွင့်ထဲ၊ အဲဒါကို ထာပွဲဈေးထဲမှာ လည်နေတယ်။ လာပြတဲ့သူသာ ပြောင်းသွားတယ်၊ ဒီကျောက်က ဒီကျောက်ပဲ။ ကျောက်ကောင်းဆိုတာ မမြင်ဖူးတာ ကြာပြီ။ အလွန်ဆုံး အလုပ်ဖြစ်ရင် ဆယ်ကျောက်လောက်ပဲ ဖြစ်တော့တာ” လို့ ကျောက်ကုန်သည် ဦးအောင်ကြီးက ဆိုပါတယ်။

မိုးကုတ်ဒေသခံတွေကတော့ ထာပွဲဈေးကိုလည်း အရင်လို ပြန်စည်ကားစေချင်၊ သူတို့ဒေသ မိုးကုတ်က ထွက်တဲ့ ကျောက်တွေကိုလည်း သူတို့လက်နဲ့ တူးယူရှာဖွေချင်နေကြပါတယ်။

“သင်္ကြန်ပြီးရင်တော့ တနိုင်တပိုင် လုပ်ကွက်တွေ ပြန်ချပေးမယ်လို့ သတင်းကြားပါတယ်။ အိမ်ထောင်စု ၁ စုကို ၂ ဧက လုပ်ခွင့်ပေးမယ်လို့ ကြားနေရတယ်။ အဲဒါသာ တကယ်ဖြစ်ရင်တော့ အဆင်ပြေသွားမယ် ထင်ပါတယ်” လို့ ကျောက်တူးသမား ကိုမင်းဇေယျာက ပြောပါတယ်။

ဖက်စပ်လုပ်ငန်းတခု ကျောက်တူးဖော်ရေး လုပ်ကိုင်နေစဉ် (ဓာတ်ပုံ - ခင်သြ / ဧရာဝတီ)

ကျောက်လုပ်ကွက်တွေ တနိုင်တပိုင် လုပ်ခွင့်ပေးဖို့နဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှာ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထိုက်က မိုးကုတ်ဒေသခံ ပြည်သူများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် လက်ရှိ ကျင့်သုံးလျက်ရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ တနိုင်တပိုင် လုပ်ကိုင်ခွင့်နဲ့ လုပ်ကွက်ကြီးများမှ စွန့်ပစ်သော ရေ၊ ခဲမှုန် ပစ်စာတွေ ရှာဖွေလုပ်ကိုင်ခွင့်ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ ခွင့်ပြုပေးသွားဖို့ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

“ဖက်စပ်စနစ်ဆိုတာ ငွေရှိပြီးသားလူကို ပိုချမ်းသာစေပြီးတော့ လက်လုပ်လက်စား အလုပ်သမား လူတန်းစားတွေကို ပိုဒုက္ခရောက်စေတယ်။ အလုပ်လက်မဲ့ ဖြစ်သွားစေတယ်။ တနိုင်တပိုင် လုပ်ခွင့်ပေးမယ်လို့ ကြားနေပေမယ့် ပြဿနာတွေက အများကြီးဖြစ်နေတယ်။ မြေကွက် ၁ ကွက်ထဲကို ၃၊ ၄ ယောက် ချထားပေးထားမျိုးတွေ ကြားနေရတယ်။ ဒါတွေကို စနစ်တကျ စီစဉ်ပေးဖို့ မျှော်လင့်တာပဲ” လို့ ကျောက်ကုန်သည် ဦးအောင်ကြီးက သူ့အမြင်ကို ပြောပါတယ်။

မိုးကုတ်မြို့ရဲ့ ပတ်ပတ်လည်မှာ ကျောက်တူးထားတဲ့ ချိုင့်ဝှမ်းကြီးတွေ၊ မြေစာပုံကြီးတွေ၊ ဖက်စပ်လုပ်ငန်းတွေက စက်ယန္တယားတွေနဲ့ ကုမ္ပဏီ ဆိုင်းဘုတ်အောက်က “တာဝန်မှ အပမဝင်ရ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေဟာ မိုးကုတ်သူ မိုးကုတ်သားတွေကို ဘယ်လို ခံစားစေရမယ်ဆိုတာကိုတော့ သူတို့ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

သေချာတာ တခုကတော့ အရင်က မိုးကုတ်နဲ့အတူ ထွက်ပေါ်လာဖူးတဲ့ “ တကယ်တော့ ကျောက်တူး သမားများဟာ လော်ပန်လောင်းတွေပါ” ဆိုတဲ့ သီချင်းကိုတော့ မိုးကုတ်ဒေသခံတွေအားလုံးက တနိုင်တပိုင် လုပ်ခွင့်ဆိုတဲ့ မျှော်လင့်ချက်ကိုယ်စီနဲ့ သတိရနေကြပါတယ်။

Loading