အမေရိကန် ကုမ္ပဏီမဟုတ်သော အနောက်နိုင်ငံ ရေနံကုမ္ပဏီများက စောင့်ကြည့်ရေး မူကို ဆွဲကိုင်ထားဆဲဖြစ်ပြီး အမေရိကန် ကုမ္ပဏီ များသည်လည်း ဝါရှင်တန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အဟန့်အတားဖြစ်နေရချိန်တွင် မည်သည့်နေရာမှ ပေါ်ထွက် လာမှန်း မသိသော ရေနံကုမ္ပဏီများ မြန်မာနိုင်ငံတွင် စတင် ခြေချလာသည်ကို တွေ့ရသည်။
မကြာသေးခင်က မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ခွင့်လိုင်စင် ရသွားသော ကုမ္ပဏီများအနက် ကော်ပိုရေးရှင်း တာဝန်ခံမှု အားနည်းသော တိုင်းပြည်များဖြစ်သည့် ပနားမား၊ နိုင်ဂျီးရီးယားနှင့် အဇာဘိုင်ဂျန် တိုင်းပြည်များမှ လူမသိ သူမသိ စီးပွားရေး လုပ်ငန်းများ ပါဝင်နေသည်ကို တွေ့ရသည်။
လုပ်ကိုင်ခွင့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်း မြင်သာမှု မရှိသကဲ့သို့ လုပ်ကိုင်ခွင့်ရသူများ၏ နောက်ခံသမိုင်းကိုလည်း သေချာစွာ မသိရှိရပေ။
လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများထဲမှ CIS နိုဘဲလ် ရေနံလုပ်ငန်း ကုမ္ပဏီ(CIS Nobel Oil Company)သည် လန်ဒန်တွင် အခြေစိုက် သည်ဟု ဆိုသော်လည်း စုံစမ်းတွေ့ရှိချက်အရ ကုမ္ပဏီ၏ တခုတည်းသောလိပ်စာကို အဇာဘိုင်ဂျန်မြို့တော် ဘာကူး(Baku)ဟု တွေ့ ရသည်။ အဇာဘိုင်ဂျန် ဆိုသည်မှာ ကက်စ်ပီယန် ပင်လယ်ဒေသအတွင်းရှိ ဆိုဗီယက် ပြည်ထောင်စုဟောင်းမှ ခွဲထွက်ခဲ့သော နိုင်ငံ တခု ဖြစ်သည်။
မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက CIS နိုဘဲလ် ကုမ္ပဏီအား အမည်မသိကုန်းတွင်းလုပ်ကွက် တနေရာတွင် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ရှာဖွေခွင့် ပြုထားသည်။ CIS နိုဘဲလ် ကုမ္ပဏီကို ကက်စ်ပီယန် ပင်လယ်တွင် သဘာဝဓာတ်ငွေ့နှင့် ရေနံရှာဖွေမှုတခု လုပ်နေသည်နှင့် အဇာဘိုင်ဂျန် နိုင်ငံပိုင် ရေနံကုမ္ပဏီတခုနှင့် ဆက်စပ်မှုရှိသည်မှလွဲ၍ စိုးစဉ်းမျှ မသိရပေ။
စွမ်းအင်ဝန်ကြီး ဌာနက ကုန်တွင်းလုပ်ကွက် ၁၈ ခုကို ယမန်နှစ်က လုပ်ခွင့်ချပေးသောအခါ CIS နိုဘဲလ်နှင့် တခြားလူသိနည်းသော လုပ်ငန်း ကုမ္ပဏီတချို့ လုပ်ပိုင်ခွင့် လျှောက်ထားသည်ကို တွေ့ခဲ့ရသည်။
အမေရိကတိုက် အလယ်ပိုင်းဒေသ တိုင်းပြည်တခုဖြစ်သော ပနားမားတွင် မှတ်ပုံတင်တားသည့် Geopetrol International Holdings သည် မြန်မာ အေဝမ်း သတ္တု တူးဖော်ရေး ကုမ္ပဏီနှင့် ပူးတွဲ၍ လုပ်ကွက် တခုအတွက် လိုင်စင်ရထားသည်။
ပနာမားနိုင်ငံသည် နိုင်ငံတကာလုံခြုံမှုစံ သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို မလိုက်နာသော၊ နောက်ခံသမိုင်း မရှင်းသော သင်္ဘော ကုမ္ပဏီများနှင့် ပတ်သက်သည့် နာမည်ဆိုးနှင့်ကျော်ကြားသော နိုင်ငံ တနိုင်ငံ ဖြစ်သည်။
မြန်မာ့စွမ်းအင်ဝန်ကြီး ဌာနသည် Tianjin New Highland ဟုခေါ်သော ကုမ္ဗဏီတခုကိုလည်း လိုင်စင်ချပေးထားသည်။ Tianjin New Highland သည် တရုတ်အမည်နှင့် ဆင်တူသော်လည်း တကယ်တမ်းတွင် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသေးသော အာဖိရိက နိုင်ငံတခုဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီတခုဖြစ်သည်။
နိုင်ဂျီးရီးယားနိုင်ငံကို ပြည်သူ သန်းပေါင်းများစွာ၏ဘ၀ ဆင်းရဲတွင်းနစ်သထက်နစ်နေချိန်တွင် ရေနံကြွယ်ဝမှုအပေါ် နိုင်ငံရေး၊ စီးပွားရေး ခြစားမှုများနှင့် ပျက်စီးနေသော “ရွှေမည်း ကျိန်စာ မိနေသည့် တိုင်းပြည်” အဖြစ် လူသိများသည်။
Tianjin New Highland ကုမ္ပဏီသည် ဟောင်ကောင်တွင် စတင် သန္ဓေတည်ခဲ့သော်လည်း ကာရေဗီယန် ဒေသအတွင်းရှိ ငွေမည်း ခဝါချခြင်း လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသော ဗြိတိန်ပိုင် ဗာဂျင်ကျွန်းတွင်လည်း မှတ်ပုံတင်ထားသည်။ ယင်း ကုမ္ပဏီ သည် Tianjin Energy Resources အမည်ဖြင့်လည်း လုပ်ကိုင်သည်။
“ဒီကုမ္ပဏီတွေကို အဓိက ရေနံစီးပွားရေး လုပ်ငန်းတွေထဲမှာလည်း မတွေ့ရသလို တချို့ဆိုရင် ပိုင်ဆိုင်သူအမည်နဲ့ လိပ်စာကို မှတ် ပုံတင် စာရင်းမှာတောင် မတွေ့ရဘူး”ဟု အမည်မဖော်လိုသူ ဟောင်ကောင်အခြေစိုက် စက်မှုလုပ်ငန်း အကဲဖြတ်သူတဦးက ပြော ဆိုသည်။
“ဥပမာ Geopetrol International ကုမ္ပဏီ ဆိုရင် တခါတလေ ဆွစ်ဇာလန်မှာလိုလို၊ ပြင်သစ်မှာလိုလို အခြေစိုက်သလိုမျိုး လုပ်ပြ တဲ့အပြင် အိန္ဒိယမှာ စီးပွားရေးလုပ်ငန်းတွေ ရှိသလိုမျိုးလည်း လုပ်တတ်တယ်။ တကယ်တမ်းကျတော့ သူက ပနားမားမှာ မှတ်ပုံ တင် ထားတဲ့ ကုမ္ပဏီ”ဟုလည်း ၎င်းက ဆိုသည်။
Geopetroကုမ္ပဏီသည်လည်း စင်ကာပူနိုင်ငံ ၏ Interra Resources ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်နေသော Goldpetrolကုမ္ပဏီ နှင့် လုပ်ငန်းတချို့ ဆောင်ရွက်နေသည်။ ထို ကုမ္ပဏီသည် အင်ဒိုနီးရှား နိုင်ငံနှင့်ပါ ဆက်စပ်မှုရှိသည်။
အဆိုပါ စီးပွားရေး ကုမ္ပဏီများနှင့် ပတ်သက်ပြီး မည်သူပိုင်ဆိုင်သည် စသည်ဖြင့် သတင်းအချက်အလက် ရှာဖွေလိုသူများအတွက် ရှုပ်ထွေး စေနိုင်သည်။
နောက်ထပ် လူသိနည်းသော အင်ဒိုနီးရှား ကုမ္ပဏီ တခုဖြစ်သည့် Istech Resources Asia ကိုလည်း မြန်မာ စွမ်းအင်ဝန်ကြီး ဌာန က ကုန်တွင်းပိုင်း လုပ်ကွက်တခု ချပေးထားသည်။ ၎င်းနှင့်လက်တွဲဆောင်ရွက်မည့် ပြည်တွင်းလုပ်ငန်း ကုမ္ဗဏီကိုမူရှာဖွေနေဆဲ ဖြစ် သည်။
စည်းမျဉ်းသစ်အရ မြန်မာနိုင်ငံတွင် လုပ်ငန်းအသစ် စတင်မည့် နိုင်ငံခြား ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများသည် မြန်မာနိုင်ငံ သား ဖက်စပ်လုပ်ငန်းရှင် တဦးနှင့် တွဲဖက်ဆောင်ရွက်ရမည် ဖြစ်သည်။
အပတ်စဉ်ထုတ် Bloomberg စီးပွားရေး မဂ္ဂဇင်း၏ ရေနံ လုပ်ငန်း လမ်းညွှန် သတင်းအချက်အလက်များ အရIstech Resources Asia ကုမ္ပဏီသည် ဂျကာတာမြို့ လိပ်စာဖြစ်သည်ဟု ဆိုသည်။ သို့သော် အဆိုပါ စီးပွားရေး ကုမ္ပဏီတွင် “တရားဝင်ဖွဲ့စည်းထား သော လုပ်ငန်း စီမံရေးအဖွဲ့ မှတ်တမ်း မရှိ”ဟုလည်း Bloomberg ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ကုန်းတွင်းလုပ်ကွက် ၁၈ ခုအနက် အစိုးရက ၉ ခုသာ ယမန်နှစ်က ချပေးနိုင်ခဲ့ပြီး ပြီးခဲ့သည့်အပတ်အထိ ကုမ္ပဏီ ၄ ခုသာ သဘော တူစာချုပ်များကို အပြီးသတ်နိုင်ခဲ့သည်။
ဒေသခံ ဖက်စပ်ကုမ္ပဏီများမှာ အေးမြင့်ခိုင် ကုမ္ပဏီ၊ အေဝမ်း သတ္တုတွင်း ကုမ္ပဏီ နှင့် UNOG တို့ ဖြစ်သည်။
UNOG Pte Ltd သည် စင်ကာပူတွင် မှတ်ပုံတင်သော်လည်း မြန်မာနိုင်ငံတွင်လုပ်ငန်းလည်ပတ်သော ကုမ္ပဏီဖြစ်သည်။ ဦးဝင်းကြိုင် ဆိုသူအား မန်နေဂျင်း ဒါရိုက်တာအဖြစ် ခန့်အပ်ထားသည်။ ဦးဝင်းကြိုင်သည် IGE ဟုခေါ်သော စီးပွားရေး ကုမ္ပဏီ တခုနှင့်လည်း ဆက်စပ်မှု ရှိသည်။
အလားတူ ရှင်းရှင်းလင်းလင်း မသိနိုင်သော နိုင်ငံခြား ကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း လုပ်ကွက်များတွင် လုပ် ကိုင် နေကြသည်။ Silver Wave Sputnik Petroleum နှင့် ZarubezhetItera ကုမ္ပဏီများမှာမူ ရုရှား နိုင်ငံနှင့် ဆက်စပ်မှု ရှိကြောင်း သိရသည်။
Spuntnik Petroleum သည် စင်ကာပူတွင် မှတ်ပုံတင်ထားသော်လည်း ၎င်း၏ ဆင့်ပွား ကုမ္ပဏီဖြစ်သော Silver Wave Energy ကတော့ ကက်စ်ပီယန် ပင်လယ် ဒေသအတွင်းရှိ ရုရှား ခွဲထွက် နိုင်ငံဟောင်းတခုဖြစ်သော Kalmykia နိုင်ငံနှင့် ဆက်စပ်နေပြန် သည်။
နောက်ဆုံးအသုတ် လိုင်စင်ချပေးရာတွင် နိုင်ငံတကာ ရေနံကုမ္ဗဏီကြီး နှစ်ခုသာ လုပ်ကွက်များ ရခဲ့သည်။ ထိုကုမ္ပဏီများမှာမလေးရှား နိုင်ငံပိုင် Petronas ကုမ္ပဏီ နှင့် ထိုင်း နိုင်ငံ PTTEP ကုမ္ပဏီတို့ ဖြစ်သည်။ ထို ကုမ္ပဏီ နှစ်ခု စလုံးသည် မြန်မာနိုင်ငံ ၏ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့လုပ်ငန်းတွင် ယခင်ကတည်းက ဝင်ရောက် လုပ်ကိုင်နေသော ကုမ္ပဏီများ ဖြစ်ကြသည်။
“မနှစ်က လုပ်ကိုင်ခွင့်တွေ ချပေးတုန်းက ဒေါ်အောင်ဆန်းစုကြည်က ပါလီမန်ထဲ ဝင်တော့မှာတို့ ၊ ဥရောပသမဂ္ဂက ပိတ်ဆို့ ဒဏ် ခတ်မှုတွေ ယာယီရပ်ဆိုင်းမှာတို့ စတဲ့ ကြီး ကြီးမားမားဖြစ်ထွန်းမှုတွေ မရှိသေးဘူး၊ အဓိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း အံအားသင့်စရာကောင်းအောင် စိတ်ဝင်စားမှု နည်းနေတဲ့ပုံကို တွေ့ရတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် စီးပွားရေး အကဲခတ် Collin Reynolds က ဧရာဝတီသို့ မေလ ၈ ရက်က ပြောဆိုခဲ့ဖူးသည်။
“နောက်တခေါက် လုပ်ကိုင်ခွင့်တွေ ချပေးတဲ့အခါ အနောက်တိုင်း ကုမ္ပဏီကြီးတွေကို ဆွဲဆောင်နိုင်မှု ရှိမရှိကတော့ စိတ်ဝင်စား စရာပဲ၊ ဒါပေမယ့် ကျနော့်အထင်တော့ အများစုက အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဘယ်လောက် အဆင်ပြေချောမွေ့မလဲ၊ ဒီအပြောင်းအလဲတွေဟာ ထာဝရ ရပ်တည်သွားမှာလား ဆိုတာကို စောင့်ကြည့်နေကြတယ်။ အမေရိကန် ရေနံကုမ္ပဏီတွေကတော့ ပါခွင့်မရသေးပါဘူး”ဟုလည်း ၎င်းက ဆိုသည်။
စွမ်းအင်ဝန်ကြီးဌာန စီမံကိန်း ညွှန်ကြားရေးမှူးချုပ် ဦးထင်အောင်ကမူ သြဂုတ်လတွင် နောက်ထပ်ကုန်းတွင်း လုပ်ကွက်များ ရောင်းချမည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောဆိုခဲ့သည်။ ကမ်းလွန်လုပ်ကွက် လိုင်စင်များကိုလည်း ယခုနှစ်ကုန်တွင် ချပေး မည် ဟု ပြောဆိုသည်။
Chevro၊ Total၊ Shell၊ Nippon၊ CNOOC နှင့် Mitsubishi အစရှိသော အကြီးစား စက်မှုလုပ်ငန်း ကုမ္ပဏီကြီးများ၏ ကိုယ်စားလှယ် များကို မတ်လ အတွင်းက ရန်ကုန်မြို့တွင်ကျင်းပသော စွမ်းအင်ဝန်ကြီးဌာန၏ ဖွံ့ဖြိုးမှုမြှင့်တင်ရေး ပြပွဲသို့ စေလွှတ်ခဲ့သေးသည်။
မြန်မာနိုင်ငံတွင် အရန် ရေနံ စုစုပေါင်း ပီပါ သန်း ၁၄၀ နီးပါးနှင့် သဘာဝဓာတ်ငွေ့ ဘီလီယံ ၃၂၂ ကုဗပေ ရှိသေးကြောင်း သက် သေပြနိုင်သည်ဟု ပြပွဲတက်ရောက်လာသူများကို ဦးထင်အောင်က ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ မြေအောက် နှင့် ပင်လယ်အောက်မှ ဟိုက်ဒရို ကာဗွန်ဓာတ် အမြောက်အမြား ထုတ်ယူရန်အတွက် Silver Wave Sputnik Petroleum၊ Nobel Oil နှင့် GeoPetrolတို့ ကဲ့သို့ ကုမ္ပဏီများ လုပ်နိုင်သည်ထက် များစွာ ပိုမိုကြီးမားပြီး ကာလရှည်ကြာ ရင်းနှီးမြုပ်နှံမှုများ လိုအပ်နေပါသည်။ ။
Burma’s Frontier Appeal Lures Shadowy Oil Firms By WILLIAM BOOT ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။