အငှားယာဉ်နှင့် ဘတ်စ်ကားများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၏ ထောက်ခံချက်များအပေါ် မူတည်၍ ကုမ္ပဏီ များအား တင်သွင်းခွင့်ပေးလျက်ရှိရာ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်မှ အငှားယာဉ် အစီး ၁၀၀ တင်သွင်းခွင့်ရရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောသည်။

စီးပွားရေး ဦးပိုင်လီမိတက်မှ တင်သွင်းခွင့်ရသည့် ၂၀၁၁ နှင့်၂၀၁၂ မော်ဒယ် တိုယိုတာ ကိုရိုလာ အစီး ၁၀၀ နှင့် တခြားသော ကုမ္ပဏီ တခုမှ ဆိုနာတာ ကားသစ် အစီး ၅၀ အပါအဝင် စုစုပေါင်း အစီး ၁၅၀ ကို မေလ ၁၈ ရက်အထိ ခွင့်ပြုထားပြီး ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အထွေထွေ မန်နေဂျာ ဦးကျော်စိုးက ပြောဆိုသည်။
ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ထောက်ခံ တင်ပြထားသော ကုမ္ပဏီပေါင်း ၉ ခု ရှိပြီ ဖြစ်ကြောင်း၊ ယင်း ကုမ္ပဏီများမှာ Ocean & Orion, Apex Greatest Industrial Services, High Tech Princess Services, Capital Auto Motive, U Thamardi International, Doh Shwe Myanmar, Triple Two Trading, First Royal Family နှင့် Asia Master တို့ ဖြစ်ကြောင်း လည်း သိရသည်။
အဆိုပါ ကုမ္ပဏီ ၉ ခုမှ အငှားယာဉ်အဖြစ် သွင်းခွင့်ပြုရန် တင်ပြထားသည့် မော်တော်ယာဉ်များကို ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ နိုင်ငံများအပါအဝင် အမေရိကန်၊ အီတလီ၊ ဂျာမနီ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံများမှလည်းတင်သွင်း မည်ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။
“တက္ကစီယာဉ် တင်သွင်းဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထောက်ခံတင်ပြထားတဲ့ ကုမ္ပဏီပေါင်း ၉ ခုရှိပြီ၊ ၂၀၀၇ ခုနှစ် နဲ့ အထက် ဘယ်မောင်း၊ ညာမောင်းခွဲခြားမှုမရှိဘဲ တင်သွင်းခွင့်ပြုနေပါတယ်၊ ရန်ကုန်တိုင်း ဒေသကြီးက ခွင့်ပြုထားတဲ့ ကုမ္ပဏီ ၉ ခုရှိပေမယ့် စီးပွားကူးသန်းမှာ တင်သွင်းခွင့် လာလျှောက်ထားတာ ကုမ္ပဏီတခုပဲ ရှိပါသေးတယ်၊ ၂၀၁၂ ခုနှစ် မေလ ၄ ရက်နေ့ကစပြီး တက္ကစီများအား သတ်မှတ်ချက်နှင့်အညီ တင်သွင်းခွင့် ပေးနေပါတယ်”ဟု က ဆိုသည်။
ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၌ မေလ ၂၁ ရက် နေ့က ကျင်းပသော မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးကျော်စိုးက ပြောကြားသွားခြင်း ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကလည်း နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်ထားသူ နိုင်ငံ သားတိုင်း မည်သူမဆို ပြည်ပမှ ကားတင်သွင်းခွင့်ပြုလိုက်ကြောင်း၊ ခရီးသည်တင် ဘတ်စ်ကားမှ လွဲ၍ ၂၀၀၇ ခုနှစ် အထက် မော်ဒယ် များကို တင်သွင်းခွင့် ပြုခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် အငှားယာဉ် (Taxi) များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ထောက်ခံ ချက်ဖြင့် တင်သွင်းခွင့်ပြုလျက်ရှိကြောင်း မေလ ၇ ရက်နေ့က ကျင်းပသော မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာကြီးကြပ်ရေး ကော်မတီ အစည်းအဝေး၌ ပြောကြားထားသည်။
ခရီးသည်တင် ဘတ်စ်ကားများ တင်သွင်းရေးနှင့် ပတ်သက်ပြီး အဟောင်း လဲလှယ်ရေးကို ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ထုတ် လုပ်သည့် ယာဉ်များအား ဘယ်မောင်း၊ ညာမောင်း မခွဲခြားဘဲ တင်သွင်းနိုင်သော်လည်း အသစ်တင်သွင်းမည့် ဘတ်စ်ကားများကိုမူ ၂၀၀၇ ခုနှစ် အထက် ဘယ်မောင်းကိုသာ ခွင့်ပြုမည် ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။
ခရီးသည်တင် ဘတ်စ်ကားများ တင်သွင်းခွင့်အတွက် တင်သွင်းသည့် ကုမ္ပဏီများ၏ ပို့ကုန်ရ ဝင်ငွေဖြင့် ခွင့်ပြုပေးမည်ဟုလည်း ဆို သည်။
“မေလ ၁၈ ရက်နေ့အထိ Thinkhaypa Co., Ltd ကို စီအင်ဂျီ စီတီး ဘတ်စ် ၃၀ စီး၊ အောင်သိန်းသန်း ဝန်ဆောင်မှုနှင့် ကိုယ်စားလှယ် လီမီတက်ကို စီအင်ဂျီ စီတီးဘတ်စ် အစီး ၄၀ ခွင့်ပြုပေးထားပါတယ်”ဟု ဦးကျော်စိုးက ပြောသည်။
ရန်ကုန်မြို့ရှိ တက္ကစီ အဌားယာဉ်ဟောင်း ပိုင်ရှင်တဦးဖြစ်သူ ဦးသန်းအောင်က“အခုလို ကုမ္ပဏီတွေကို တက္ကစီယာဉ်တွေ ဘတ်စ် ကားတွေကို အလွတ်သဘော တင်သွင်းခွင့်ပြုနေပြီး ကျနော်တို့ ကားဟောင်း ပိုင်ရှင်တွေကတော့ ကားဟောင်းအပ်ပြီးမှ တင်သွင်းခွင့် ရမှာဆိုတော့ နစ်နာပါတယ်၊ ကားဟောင်းပိုင်ရှင်တွေကို ကုန်သွယ်ခွန် သိသိသာသာ လျှော့ပေးတာတို့ ဒါမှမဟုတ် ကညန (ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန)အခွန် ပိုလျှော့ပေးတာတို့ လုပ်ပေးသင့်ပါတယ်”ဟု ဆိုသည်။
ကားတင်သွင်းလာသူများသည် စီးပွားကူးသန်းမှ ကောက်ခံသော ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုးအပေါ် အင်ဂျင်ပါဝါ၂၀၀၀ စီစီနှင့် အောက် ယာဉ်များကို ဆိပ်ကမ်းခွန်နှင့်ကုန်သွယ်ခွန် ၅၅ ရာခိုင်နှုန်း၊၂၀၀၀ စီစီ အထက် ယာဉ်များအတွက် ၆၅ ရာခိုင်နှုန်း ကောက်ခံပြီး ဆိပ်ကမ်းခွန်နှင့် ကုန်သွယ်ခွန်အပြင် ကညန မှ ကောက်ခံသော ယာယီ မှတ်ပုံတင်ကြေးကို အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့် အောက် ကားများအတွက် ၅၀ ရာခိုင်နှုန်း၊ ၁၃၅၀ စီစီအထက်မှ ၂၀၀၀ စီစီအထိ ၈၀ ရာခိုင်နှုန်းနှင့် ၂၀၀၀ စီစီအထက်မှ ၅၀၀၀ စီစီ အထိ ၁၀၀ ရာခိုင်နှုန်း၊ ၅၀၀၀ စီစီ အထက်ကားများအတွက် ၁၂၀ ရာခိုင်နှုန်း ကောက်ခံရရန် သတ်မှတ်ထားကြောင်း သိရသည်။
ကားဟောင်း အပ်နှံ၍ ကားတင်သွင်းသူများအတွက် ကညန မှ ကောက်ခံသော ၁၀၀ ရာခိုင်နှုန်း အခွန်နှုန်းထားပေါ်တွင် ကားကောင်း ကားသစ်ပေါ် မူတည်ကာ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးရန်သာ သတ်မှတ်ထားသည်ဟု ဆိုသည်။
ထို ကားတင်သွင်းခွင့် သတင်းများကြောင့် ပြည်တွင်း ကားဈေးကွက်အတွင်း ကားဈေးနှုန်းများ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာ ဈေး တက်လာခဲ့သည်။