ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး အထောက်အကူဖြစ်စေမည့် စီမံကိန်း ၂၀၃ ခုအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ထိုင်းအစိုးရက ခွင့်ပြုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာ ဖော်ပြချက်အရ သိရသည်။
![To match story MYANMAR-DAWEI/](https://burma.irrawaddy.com/wp-content/uploads/2012/05/Dawei.jpg)
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် နီးသည့် ထိုင်းဘက်အခြမ်းရှိ ခရိုင် ၈ ခုတွင် စီမံကိန်းများ အပြီးတည်ဆောက်ရေးအတွက် ထိုင်းကက်ဘိနက်က ထိုင်းဘတ် ၃၃.၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်) ကို မေလ ၂၀ ရက်နေ့က ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ ဘတ်ငွေ ၁ ဘီလီယံကုန်ကျမည့် စီမံကိန်း ၆၀ ခုမှာ အကောင်အထည်ဖော်ရန် အသင့်ဖြစ်ကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Anusorn Lamsa-ard ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။
ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ကက်ဘိနက် အစည်းအဝေးက ဤစီမံကိန်းများအတွက် သတောတူညီလိုက်ခြင်း ဖြစ်သည်။
“ထားဝယ်က အာဆီယံ အနောက်ဘက်ခြမ်း ကုန်သွယ်ရေးအတွက် တံခါးပေါက် ဖြစ်လာနိုင်ပြီး ဒေသတွင်း နိုင်ငံတွေနဲ့ အရှေ့တောင်အာရှကို ပေါင်းကူးပေးမယ့် တံတား ဖြစ်လာနိုင်ပါတယ်” ဟု Anusorn က ဆိုသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေးတွင် ထိုင်းနိုင်ငံက ဆောက်ရွက်ခြင်းမှာ ယင်းစီမံကိန်းများက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူ ပေးမည်ဖြစ်ပြီး ထိုင်းနိုင်ငံ အနောက်ဘက်ပိုင်းတွင် ကုန်သွယ်ရေး ဗဟိုချက်အသစ်အဖြစ် ချဲ့ထွင်နိုင်ရေးအတွက် ဖြစ်သည်ဟု ထိုင်းအစိုးရ ပြည်သူ့ဆက်ဆံရေးဌာန၏ အဆိုအရ သိရသည်။
ထိုင်းဘက်အခြမ်း ကန်ချနဘူရီမှ မြန်မာဘက် ထားဝယ်သို့ အဝေးပြေးကားလမ်း ဖောက်လုပ်ရေးအတွက် ကန်ချနဘူရီ ခရိုင်အတွင်းရှိ ဘန်ဖူနမ်ရွန်ရွာအနီး နယ်စပ်ကို ဖွင့်ပေးခြင်းအားဖြင့် မြန်မာဘက်က အထောက်အကူ ပေးစေလိုကြောင်း ထိုင်းအစိုးရက မြန်မာကို တိုက်တွန်းထားသည်ဟု ထိုင်းအစိုးရဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
ထိုင်း ဒု ဝန်ကြီးချုပ်နှင့် ထိုင်းဘဏ္ဍရေးဝန်ကြီးတို့၏ ဦးဆောင်မှုအောက်တွင် စီမံကိန်း ထောက်ပံ့ရေးအတွက် အဆင့်သုံးဆင့်ရှိသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ပထမအဆင့်၌ ထားဝယ်မြို့နှင့် ထိုင်း-မြန်မာနယ်စပ်အား ဆက်သွယ်ပေးမည့် လေးလမ်းသွား အဝေးပြေးလမ်းမကြီး၊ ရေလှောင်တမံတခု၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတရုံ၊ စက်မှုဇုံများသို့ ချိတ်ဆက်ပေးမည့် လမ်းများ၊ အိမ်ယာသစ်များ၊ အစိုးရ ရုံးအဆောက်အအုံသစ်များ၊ ရေနှင့် ရေပိုက်လိုင်းများ၊ ရေဆိုးထုတ် စနစ်များ ပါဝင်မည်ဟု သိရသည်။
၂၀၁၈ ခုနှစ်တွင် ဒုတိယ အဆင့်အနေဖြင့် ၎င်းနယ်မြေအတွင်း ဈေးဝယ်စင်တာများ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် ထိုင်း-မြန်မာနယ်စပ် လမ်းမကြီးအား ရှစ်လမ်းသွားအဖြစ် တိုးချဲ့မည့်စီမံကိန်းများပါရှိသည်။
ရထားလမ်း၊ လျှပ်စစ်ဓာတ်အားပေးလိုင်း၊ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများ ထိုင်းနိုင်ငံအထိ တိုးချဲ့သွယ်တန်းခြင်းကို နောက်ဆုံးအဆင့်အဖြစ် ၂၀၂၀ တွင် လုပ်ဆောင်သွားမည်ဟု သိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် အီတလီ-ထိုင်း ဖွံ့ဖြိုးရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်သည်။
ထိုင်းက ထားဝယ်ဒေသအတွင်း စီးပွားရေးတိုးချဲ့မှုကို အရှိန်မြှင့်နေစဉ် မတရား မြေယာသိမ်းဆည်းမှုနှင့် အဓမ္မ ရွှေ့ပြောင်းခိုင်းမှုများ၊ လမ်းပမ်းဆွက်သွယ်ရေးအတွက် ဖယ်ပေးလိုက်ရသော အိမ်ယာများ၊ ပြန်လည် နေရာချထားရေးများအတွက် လျှော်ကြေး ထိုက်တန်စွာ မရခြင်းများကြောင့် ဒေသခံများ၏ ကန့်ကွက်မှုများလည်း ထွက်ပေါ်နေသည်။ ဒေသခံပြည်သူ အများအပြားက အဆိုပါ စီမံကိန်းကြောင့် ၎င်းတို့၏ နယ်မြေများနှင့် နေ့စဉ်ဘ၀ ထိခိုက်ဆုံးရှုံးမည်ကို စိုးရိမ်နေကြသည်။
၂၀၁၅ တွင် အပြီးသတ်ဖွယ်ရှိသည့် ယင်းစီမံကိန်းအတွက် ၂၀၁၃ ခုနှစ်အကုန်တွင် ဒေသခံပေါင်း ၃ သောင်းခန့် နေရာရွှေ့ပြောင်းရဖွယ်ရှိကြောင်း သိရှိရသည်။
Thai Govt Approves $1Bn for Dawei by The Irrawaddy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။