လာမယ့် ဇွန်လ ၂၀-၂၁ ရက် ရန်ကုန်မှာ ကျင်းပမယ့် “မြန်မာ့ရင်းနှီးမြှုပ်နှံမှုသစ် ထိပ်သီးဆွေးနွေးပွဲ ၂၀၁၂ (New Myanmar Investment Summit 2012)” မတိုင်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီတွေ လာရောက်စုံစမ်းမှုများ ရှိပေမယ့် လက်တွေ့မှာ ထင်သလောက် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဘူး၊ “ကျနော်တို့ လွဲနေတာတွေ တော့ရှိနေပြီ။ ဟန်ရေးပြနေလို့ မရတော့ဘူး၊ အနှစ်သာရရှိရှိလုပ်မှ ရမယ်” လို့ ပြောလိုက်ပါတယ်။

ဒါဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ နေပြည်တော်အစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေ မလုံလောက်သေးကြောင်း နှိုးဆော်တာပဲ ဖြစ်ပါတယ်။ မြန်မာကျပ် ငွေလဲနှုန်းစနစ် ပြုပြင်တာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အလုပ်သမားဥပဒေ ရေးဆွဲပြဌာန်းတာဟာ ဩဘာပေးစရာတွေပါ။ ဒါတွေလောက်နဲ့ နိုင်ငံတကာက ငွေအလုံးအရင်းနဲ့ ထုတ်ချေးမယ့် သူတွေဆီက ယုံကြည်မှု ချက်ချင်းကြီးရဖို့ မလုံလောက်ဘူးလို့ လတ်တလောရလဒ်တွေက သက်သေပြနေပါပြီ။
သမ္မတရဲ့ စီးပွားရေးအကြံပေးရုံးနဲ့ နီးစပ်သူတွေအဆိုအရ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ လက်မှာကိုင်ထားတဲ့ (တနည်း နိုင်ငံသားတဦး ဒေါ်လာ ၁၃၀ စီ ပိုင်တဲ့) မြန်မာအစိုးရဟာ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့ (IMF) နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့လို ငွေချေးမယ့်သူတွေရယ်၊ တခြားနိုင်ငံခြား အစိုးရတွေဆီက အကူအညီတွေရယ်နဲ့ တိုင်းပြည်မှာ အရေးပေါ်လိုအပ်နေတဲ့ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး၊ တယ်လီဖုန်း ဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်နိုင်ဖို့ ဦးစားပေး လျာထားကြောင်း သိရပါတယ်။
မြင်သာတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အများစုကို လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်တွေကို လွှတ်တော်ထဲ ဝင်ခွင့်ပြုတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်ရေး စကားပြောတာတွေကြောင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေအပေါ် ဩဇာရှိတဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဒဏ်ခတ်ပိတ်ဆို့ရေးတွေကို (အကန့်အသတ်နဲ့) ပြန်ရုပ်သိမ်းသွားပါပြီ။
ဒါပေမယ့် ငွေချေးဖို့ဆုံးဖြတ်ရေးဟာ တခြားအချက်တွေပေါ်လည်း မူတည်ပါသေးတယ်။ ADB ကတော့ ထုတ်လုပ်ရေးကဏ္ဍ မြင့်တက်လာပြီး ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုတိုးလာဖို့၊ ငွေဖောင်းပွမှုကို ကာကွယ်ဖို့၊ အစိုးရအသုံးစရိတ် လျော်ကန်သင့်မြတ်စွာ သုံးစွဲဖို့၊ မလိုအပ်ဘဲ အကြွေးထပ်မတင်ဖို့ကို အာရုံစိုက်တယ်လို့ ပြောပါတယ်။
မြန်မာပြည်ဟာ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ထုတ်လုပ်ရေးတို့မှာ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်လိုနေပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစုဟာ စွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ သယံဇာတ တူးဖော်ရေးတွေမှာသာများပြီး အစိုးရဘဏ်တွေက ထုတ်ချေးတာတွေကလည်း အမှန်တကယ် လိုအပ်နေတဲ့ အကြီးစားစီမံကိန်းတွေ၊ ပြည်တွင်း အလတ်စားနဲ့ အသေးစား လုပ်ငန်းရှင်တွေ မဟုတ်ဘဲ စွမ်းအင်နဲ့ သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ ကန်ထရိုက်လုပ်တဲ့ ပုဂ္ဂလိကတွေကိုသာ ငွေအများစု ထုတ်ချေးခဲ့ပါတယ်။
ဒီထက်ပိုပြောရရင် တရုတ်ကုမ္ပဏီတွေ ဦးစီးတဲ့စီမံကိန်းတွေဟာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ နည်းပညာ လွှဲပြောင်းမှု မရှိသလောက်ဖြစ်ပေမယ့် လမ်းဖောက်လုပ်ရေး၊ တရုတ်အလုပ်သမားများအတွက် ဖျော်ဖြေရေးလို ကိစ္စရပ်များကိုတော့ မြန်မာ စစ်အာဏာပိုင်တွေနဲ့ ခရိုနီတွေကို ကန်ထရိုက်ပြန်ပေးပါတယ်။ ဒီကန်ထရိုက် လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ငွေကြေးအထောက်အပံ့ကို နိုင်ငံတော်က ကျခံရပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာဆို စီမံကိန်းကို စစ်တပ်က လုံခြုံရေးပါ ပေးရပါတယ်။
မြန်မာပြည် စီးပွားရေးနဲ့ပတ်သက်လို့ ပါရဂူဘွဲ့ယူ ကျမ်း မကြာသေးခင်ကတင် ရေးပြီးသွားသူ ဂျဲရတ်ဘတ်ဆင်ဂျာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့ အဓိပ္ပာယ်ရှိရှိလုပ်ရမယ့် ပြုပြင်ပြောင်းလဲရေးရဲ့ တစိတ်တပိုင်းသာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ပြဿနာလည်း မဟုတ်၊ အဖြေလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
“အရေးအကြီးဆုံး ပြဿနာတခုက (ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု) ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုထည့်ဝင်မယ့် အရင်းအနှီးနဲ့ စုဆောင်းငွေတွေကို လမ်းညွန်ရာမှာ မြန်မာ့စီးပွားရေးစနစ်ဟာ အရမ်းကို ဆိုးရွားလွန်းနေတာပါ။ နည်းပညာနဲ့ ဥပဒေပိုင်းမှာ အတားအဆီးတွေ အများကြီး ရှိနေပါတယ်။ လူတွေရဲ့ ဓနကို ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ထည့်ဝင်ရင်းနှီးဖို့၊ အဲဒီကတဆင့် နိုင်ငံ့စီးပွားရေးထဲ စီးဝင်သွားစေဖို့ အဟန့်အတားတွေ အများကြီးရှိနေပါတယ်” လို့ အခု ရန်ကုန်မှာ နေထိုင်နေပြီး Vriens and Partners အတွက် အကြံပေးလုပ်နေတဲ့ ဂျဲရတ်ဘတ်ဆင်ဂျာက ပြောတာကို အေးရှားတိုင်းမ် အွန်လိုင်း သတင်းက ရေးသားပါတယ်။
အမှန်တကယ်လည်း ငွေတွေဟာ သူ့နေရာနဲ့သူ စနစ်တကျ ခွဲဝေအသုံးပြုနေတာထက် ဦးတည်ရာမဲ့ ဝရုန်းသုန်းကား ရွေ့နေကြတာပါ။ ကားဆိုလည်းကားမို့လို့၊ အိမ်ခြံမြေဆိုလည်း အိမ်ခြံမြေမို့လို့ ငါးပွက်ရာ ငါးစာချနေကြတာဟာ မြန်မာ့ဈေးကွက်ရဲ့ ယဉ်ကျေးမှုလို ဖြစ်ခဲ့ပါပြီ။ နိုင်ငံတော်အဆင့်မှာလည်း ရေနံ၊ ဓာတ်ငွေ့ရောင်းရတာတွေ၊ စွမ်းအင်ထုတ်လုပ်ရေး စီမံကိန်းတွေကရတဲ့ ဝင်ငွေတွေဟာ အထိန်းအသိမ်းညံ့ဖျင်းတာ၊ အပျောက်ရိုက်တာနဲ့ စစ်အသုံးစရိတ် အဆမတန်သုံးတာကြောင့် သဲထဲရေသွန်သလို အရာမထင်ခဲ့ပါဘူး။
ဒါကြောင့် ဂျဲရတ်ဘတ်ဆင်ဂျာက “ပြည်တွင်းရင်းနှီးမြှုပ်နှံမှု”က ပိုအရေးကြီးတယ်လို့ ပြောတာပါ။ ဖွံ့ဖြိုးရေးမူဝါဒနဲ့ လိုက်လျောညီထွေစွာ အစိုးရအသုံးစရိတ်တွေကို ထိထိရောက်ရောက် သုံးစွဲတာအပြင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ထုတ်လုပ်ရေးလုပ်ငန်းတွေ (အထူးသဖြင့် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ) ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေတွေ ပြင်တန်ပြင်၊ ဖျက်တန်ဖျက်ပြီး အရင်းအနှီးတွေ လွယ်ကူစွာ ရနိုင်ရေး၊ လုပ်ငန်းတွေ ချောချောမောမော လည်ပတ်နိုင်ရေး အကူအညီတွေ ပေးသင့်ပါတယ်။ သူက “ဂျီဒီပီတက်သွားဖို့ မဟုတ်တာတော့ မှန်တယ်။ ဒါပေမယ့် ဒါဟာ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးပါတယ်။ ဒါဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ ဝင်လာတာထက်ကို ရေရှည်မှာ ပိုအရေးပါပါတယ်” တဲ့။
ဒီလို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဈေးကွက်ကို ပြင်ဆင်နေရာချဖို့၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ယုံယုံကြည်ကြည်နဲ့ ဝင်ရောက်လာနိုင်ဖို့ မူဝါဒနဲ့ ဥပဒေ ပြောင်းလဲရေးတွေ လုပ်ဆောင်ရမယ့် တချိန်တည်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ထွန်းလာမှာတွေကို ကျွမ်းကျွမ်းကျင်ကျင် ထက်ထက်မြက်မြက် စီမံခန့်ခွဲနိုင်မယ့်သူတွေ မွေးထုတ်ရေး၊ တနည်း လူ့အရင်းအနှီးဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုကလည်း လတ်တလောကို ရင်ဆိုင်နေရပါပြီ။ မလွှဲသာတာကတော့ ဒီကိစ္စဖြေရှင်းဖို့ နိုင်ငံခြား အကြံပေးတွေနဲ့ ပတ်သက်ရာကိစ္စရပ်တွေအတွက် ဒေါ်လာ မီလီယံပေါင်းများစွာ ကုန်ကြရဦးမယ်ဆိုတာပါပဲ။
ကိုးကား။ ။ Kim Jolliffe ၏ Myanmar’s precarious opening