မြန်မာပြည်အတွင်းရှိ ဟိုတယ် ဈေးနှုန်းသတ်မှတ်မှုများ အမျိုးအစားလိုက် တပြေးညီ မရှိခြင်း၊ ဈေးနှုန်းကြီးမြင့်လွန်းခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အခက်တွေ့နေရကြောင်း ကြားသိရသည်။
ဟိုတယ်ဈေးနှုန်းများအား အမျိုးအစားအလိုက် တပြေးညီ သတ်မှတ်ထားသင့်ကြောင်း၊ ယခုအခါ ဟိုတယ်ပိုင်ရှင်များက ဈေးနှုန်းများကို အဆမတန်မြှင့်ကာ အခန်းများ ငှားရမ်းနေကြကြောင်း၊ ထို့အပြင် ကြိုတင်ငှားရမ်းထားမှု ဖျက်သိမ်းမည် ဆိုပါက ဟိုတယ်တချို့ကို အခန်းခ တရက်စာနီးပါး လျော်ကြေးပေးရကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“Booking ဖျက်ရင် လျော်ကြေးကို ဧည့်သည်တွေကပဲ ဆောင်ရတာ။ တချို့ဆို လေယာဉ်ကိစ္စ အခက်အခဲဖြစ်လို့ ခရီးစဉ် ဖျက်လိုက်ရတာမျိုးရှိတော့ နားလည်မှုနဲ့ လုပ်ဆောင်ပေးသင့်တယ်။ ဈေးနှုန်းကိုလည်း တိတိကျကျ သတ်မှတ်မထားဘဲ တယောက်ကို မေးရင် တမျိုး ပြောတာမျိုးတော့မဖြစ်သင့်ဘူး” ဟု သူက ဆိုသည်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအား ဆွဲဆောင်သင့်ကြောင်း၊
ဖော်ရွေစွာ ဆက်ဆံသင့်ကြောင်း၊ သင့်တင်မျှတသော ဟိုတယ် တည်းခိုခန်းခများဖြင့် ကမ္ဘာလှည့်ခရီးသွားများ မြန်မာပြည်သို့ နောက်တကြိမ် မလာဘဲ မနေနိုင်ရန် ဝန်ဆောင်မှုများ ပေးသင့်ကြောင်း မေ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။
လက်ရှိတွင် မြန်မာပြည်ရှိ ဟိုတယ် အခန်းများကို ပုံသေမသတ်မှတ်ထားဘဲ On line booking လုပ်ဆောင်မည် ဆိုပါက ဈေးတမျိုး၊ လူကိုယ်တိုင် သွားရောက်မေးမြန်းသည့်အခါ ဈေးတမျိုး ဖြစ်နေတတ်သောကြောင့် ခရီးသွားများ အခက်အခဲ တွေ့ရကြောင်း အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန် တဦးဖြစ်သည့် ဒေါ်တင်နွယ်အေးကပြောသည်။
“ဟိုတယ် Booking လုပ်တယ်ဆိုတာ ဘယ်သူပဲ လုပ်လုပ် ဈေးနှုန်းက တပြေးညီ မှန်နေဖို့ လိုအပ်တယ်။ Booking ပျက်ရင်လည်း မျှမျှတတ လုပ်ဆောင်ဖို့လိုတယ်။ တရက်စာ ယူတယ်ဆိုရင်လည်း နောက်ဆုံးမှာ ခရီးသွားကုမ္ပဏီ တွေက
ဧည့်သည်တွေဆီကပဲ ပြန်တောင်းကြတာ။ ပြီးတော့ မြန်မာပြည်မှာ ဟိုတယ် ဈေးနှုန်းတွေ အရမ်းမြင့်တယ်။ ဟိုတယ် ပိုင်ရှင်တွေက စီးပွားရေး အရမ်းဆန်ပြီး လစ်ရင်လစ်သလို ဈေးတင်ကြတယ်” ဟု ၎င်းက ဆိုသည်။
မေ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများထဲတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ မေရှမ်းဟိုတယ် အပါအဝင် ပြည်တွင်း ဟိုတယ်များအား မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်းများ အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ သွားရောက် စစ်ဆေးကြောင်း၊ ထိုသို့ သွားရောက်စစ်ဆေးရာတွင် မေရှမ်းဟိုတယ်အပါအဝင် အဆင့်နိမ့်ဟိုတယ်များသည် တယောက်အိပ်ခန်း အတွက် ပြည်တွင်း ဧည့်သည် ကျပ် ၁၅၀၀၀၊ ပြည်ပဧည့်သည် အမေရိကန် ၁၅ ဒေါ်လာ၊ နှစ်ယောက်အိပ်ခန်း ပြည်တွင်းဧည့်သည် ကျပ် ၂၀၀၀၀၊ ပြည်ပဧည့်သည် အမေရိကန် ၂၅ ဒေါ်လာဟု သတ်မှတ်ထားကြောင်း ဖြေကြားကြသည်ဟု ပါရှိသည်။
သို့ရာတွင် မေရှမ်းဟိုတယ်အား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ တလနှင့်တလ အခန်းခ ဈေးနှုန်းများ မတူညီကြောင်းသာ ဖြေကြားပြီး Booking ပျက်ကွက်ပါက မည်သို့ပေးဆောင်ရမည်ကို ဖြေကြားခြင်း မရှိပေ။
ခရီးသွား ဧည့်သည်များအပေါ်မူတည်၍ ဟိုတယ် ဈေးနှုန်း၊ Booking ဈေးနှုန်းများ ပြောင်းလဲနိုင်ကြောင်း၊ တယောက်အိပ် ခန်းအတွက် ပြည်တွင်းဧည့်သည်ဆိုပါက ကျပ် ၂၀၀၀၀၊ နိုင်ငံခြားသားဆိုလျှင် အမေရိကန် ၂၉ ဒေါ်လာ၊ နှစ်ယောက်အိပ် ခန်းအတွက် ပြည်တွင်း ဧည့်သည်ဆိုပါက ကျပ် ၂ သောင်းခွဲနှင့် နိုင်ငံခြားသား ဆိုပါက အမေရိကန် ၃၉ ဒေါ်လာခန့် ကျသင့် နိုင်ကြောင်း၊ လျှပ်စစ်မီး ပျက်တောက်သောကြောင့် ခရီးသွား ဧည့်သည်များသည့်အတွက် ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း မေရှမ်းဟိုတယ်မှ တာဝန်ရှိသူတဦးက ပြောသည်။
ဟိုတယ် ဈေးနှုန်းများကို အိမ်နီးချင်းနိုင်ငံများနှင့် ညှိကာ ထိန်းသင့်ကြောင်း၊ ယခုလက်ရှိ ဟိုတယ်ဈေးနှုန်းများ အလွန် မြင့်တက်နေသည်ကို တာဝန်ရှိပုဂ္ဂိုလ်များ သိသင့်ကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့နှင့်
စင်္ကာပူနိုင်ငံတို့ရှိ ဟိုတယ်ဈေးနှုန်းများကို လေ့လာသင့်ကြောင်း၊ မြန်မာပြည်၏ ဟိုတယ်ဈေးနှုန်းသည် အိမ်နီးချင်း နိုင်ငံများထက် ပိုမို မြင့်မားနေမည် ဆိုပါက ကမ္ဘာလှည့်ခရီးသွားများ မြန်မာပြည်လာရေး အခက်အခဲ ဖြစ်နိုင်ကြောင်း၊ မြန်မာပြည်တွင် ဟိုတယ် ဈေးနှုန်းများ မြင့်နေသော်လည်း လုံခြုံရေး ဝန်ဆောင်မှု အပိုင်းမှာ အလွန် အားနည်းနေသေးကြောင်း၊ ခရီးသွားဧည့်သည်များအား လူနေအိမ်များတွင် တည်းခိုခွင့် (Home stay) ပေးနိုင်သည့် အခြေအနေလည်း မြန်မာပြည်တွင် မရှိသေးကြောင်း ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတခုမှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ဆိုသည်။
“Home stay ခွင့့်ပြုမယ်ဆိုရင်လည်း နိုင်ငံတကာ ခရီးသွားတွေအတွက် လိုအပ်တဲ့ သန့်ရှင်းမှုကအစ လူတွေကို အသိပညာ ပေးရမယ်။ လူမျိုးတမျိုးစီရဲ့ ဘာသာစကား၊ အကျင့်စရိုက် မတူတာတွေကို သိနေရမယ်။ နိုင်ငံခြားသားတွေက Home stay ကို နယ်တွေမှာ ပိုစိတ်ဝင်စားကြတယ်” ဟု သူက ပြောသည်။
ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်၊ ချတ်ထရီယန် (Chatrium) ဟိုတယ်၊ Park Royal ဟိုတယ်၊ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်၊ စထရင်းဟိုတယ်၊ ဆီဒိုနားဟိုတယ်စသည့် နိုင်ငံခြားခရီးသွားများ တည်းခိုနိုင်သော ကြယ်ငါးပွင့်၊ ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်ကြီးများ၏ တည်းခိုခမှာ ယခင်က တရက်လျှင် အမေရိကန်ဒေါ်လာ ၈၀ ခန့်မှ ယခုအခါ ဒေါ်လာ ၂၀၀ နီးပါးအထိ မြင့်တက်သွားကြောင်း၊ လာမည့်ခရီးသွားရာသီတွင် ဒေါ်လာ ၃၅၀ ခန့်အထိ မြင့်တက်နိုင်ကြောင်း ပြည်တွင်း အခြေစိုက် ခရီးသွား ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။
ရန်ကုန်မြို့ပေါ်တွင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းမှ လုပ်ငန်းလိုင်စင် ရယူဆောင်ရွက်လျက်ရှိသော ဟိုတယ်၊ မိုတယ်နှင့် အင်းပေါင်း ၁၉၀ ရှိပြီး အိပ်ခန်းပေါင်း ၈၀၀၀ ကျော်ရှိကြောင်း၊ ထို့အပြင် နိုင်ငံခြားခရီးသွားများ သင့်တင့်မျှတသည့် ကုန်ကျငွေ ဖြင့် တည်းခိုနိုင်သော လိုင်စင်ရ ဟိုတယ်ပေါင်း ၁၄၀ ခန့်ရှိပြီး အိပ်ခန်းပေါင်း ၁၅၀၀ ခန့် ရှိကြောင်း၊ ဟိုတယ်၊ မိုတယ်နှင့်
အင်းတချို့၏ နှစ်ယောက်အိပ်ခန်း တစ်ခန်းလျှင် အများဆုံး အမေရိကန် ၂၅ ဒေါ်လာ မျှသာ ရှိသင့်ကြောင်း၊ ၎င်းထက် မပိုသင့်ကြောင်း၊ ဟိုတယ်ခ အဆမတန် တောင်းခံခြင်းသည်နိုင်ငံကို ထိခိုက်နိုင်ကြောင်း မြန်မာ့အလင်း သတင်းစာ အာဘော်တွင် မေ ၂၃ ရက်နေ့က ဖော်ပြထားသည်။
၂၀၁၀–၂၀၁၁ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား ဦးရေမှာ ၃ သိန်းခန့်ရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ၁၅ သန်း၊ ဗီယက်နမ်သို့ ၅ သန်း၊ ကမ္ဘောဒီးယားသို့ ၃ သန်း၊ လာအိုနိုင်ငံသို့ ၁ သန်းခန့် လာရောက်ကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
အဆိုပါ ဝန်ကြီးဌာနက ၂၀၁၁ – ၂၀၁၂ မှစ၍ ၂၀၁၅ -၂၀၁၆ ခုနစ်စီမံကိန်း ကာလ ကုန်ဆုံးလျှင် မြန်မာပြည်သို့ ကမ္ဘာလှည့် ခရီးသည် စုစုပေါင်း ၁ ဒသမ ၄ သန်းကျော် နှစ်စဉ် လည်ပတ်နိုင်ရန် မျှော်မှန်းဆောင်ရွက်နေသည်ဟု ဆိုသည်။