နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေသည့်အတွက် ပြီးခဲ့သည့်လအနည်းငယ်က ရပ်ဆိုင်းခဲ့သော CDMA ၈၀၀ M Hzဖုန်းများဖြင့် အသုံးပြုနိုင်သည့် EVDO (Evolution-Data Optimized) အင်တာနက် စနစ်ကို ဇွန်လ ပထမပတ် အတွင်း ပြန်လည်လျှောက်ထား နိုင်တော့မည်ဟု မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
ယခင်က EVDO အင်တာနက် လျှောက်ထားလျှင် ကျပ် ၃ သောင်း ကျသင့်သော်လည်း ယခုတခေါက်တွင် GSM မိုဘိုင်း ဖုန်းများဖြင့် အင်တာနက် လျှောက်ထားသကဲ့သို့ ကျပ် ၁ သောင်းသာ ကျသင့်တော့မည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် EVDO အင်တာနက်လိုင်းများကို လျှောက်ထားခွင့်ကို မကြာခဏဆိုသလို ရပ်ဆိုင်းနေခဲ့ပြီး ယခုတကြိမ် ပြန်လည်ဖွင့်ပေးမှုမှာ တတိယအကြိမ်မြောက် ဖြစ်သည်။
“ဆက်တိုက် လျှောက်လို့ရအောင် မလုပ်နိုင်သေးတာက နည်းပညာပိုင်း အဆင့်မြှင့်တင်တာတွေ လုပ်နေတာရယ်၊ လိုင်းတွေ ကျပ်လာတဲ့ အချိန်တွေမှာ ဒီစနစ်ကို မဖြစ်မနေ ရပ်ထားရတာကြောင့်ပါ။ နောက်ပိုင်းကို အချိန်မရွေး လျှောက်ထားနိုင်အောင် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးက အထက်ပါအကြောင်းအရာနှင့် ပတ်သတ်ပြီး ရှင်းလင်း ပြောဆိုသည်။
ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် EDVO အင်တာနက်လိုင်းကို စတင် လျှောက်ထားခွင့်ပေးသည့် အချိန်မှ မကြာသေးခင် အချိန်အထိ လျှောက်ထားခွင့် ၂ ကြိမ် ရုတ်တရက် ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
“ဆက်သွယ်ရေးက အခုပဲပေးလိုက်၊ အခုပဲပိတ်လိုက်ဆိုတော့ ကျမတို့လို ဝန်ထမ်းတွေအတွက် အချိန်ပေးပြီး သွားလျှောက်ရတာ ဆိုတော့ အရမ်းအခက်အခဲ ဖြစ်ရတယ်။ လျှောက်လို့ရပြီဆိုလို့ သွားလျှောက် ပြန်ရင်လည်း တပတ်လောက်ပဲ ပေးပြီး မရတော့ပြန်ဘူး။ ဒီလို အင်တာနက် ကိစ္စကို အချိန်မရွေး လျှောက်နိုင်အောင် ဆက်သွယ်ရေးအနေနဲ့ ဝန်ဆောင်မှု ပေးသင့်ပါတယ်” ဟု ရန်ကုန်မြို့နေ ကုမ္ပဏီ ဝန်ထမ်းတဦးကပြောသည်။
ယခုလက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ချထားပေးနေသည့် မိုဘိုင်းဖုန်းများဖြင့် အသုံးပြုနိုင်သည့် အင်တာနက်စနစ် အမျိုးအစား နှစ်မျိုးရှိပြီး ယင်းတို့မှာ CDMA 800 MHz လိုင်းအမျိုးအစား၏ EVDO နှင့် GSM ဖုန်းလိုင်းများအတွက် EDGE (Enhanced Data rates for GSM Evolution) တို့ဖြစ်သည်။
EVDO အင်တာနက်စနစ်သည် EDGE စနစ်ထက် မြန်နှုန်း ပိုမိုကောင်းမွန်ပြီး 50 Kbps ဝန်းကျင်မြန်မနှုန်းရှိသည်။ EDGE ၏ မြန်နှုန်းပမာဏမှာ 30 Kbps သာ ရှိသောကြောင့် EVDO စနစ်ကို လူကြိုက်ပိုများရခြင်း ဖြစ်သည်။
“ဒီမှာက ဖုန်းပေါ်ကနေ သုံးလို့ရတဲ့ အင်တာနက်ဝန်ဆောင်မှု နှစ်မျိုးစလုံး မကောင်းကြပါဘူး။ ဒါပေမယ့် ဝန်ဆောင်မှု နှစ်မျိုး ရှိတဲ့အထဲက တမျိုးက ပိုကောင်းနေလို့သာ ပိုကောင်းတာကို လျှောက်ချင်ကြတဲ့ သဘောပါပဲ” ဟု ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးနေသည့် ဆိုင်မန်နေဂျာ တဦးက ပြောသည်။
ယခုလက်ရှိ အချိန် မိုဘိုင်းဖုန်းများ အားလုံးတွင် မြန်နှုန်းအကောင်းဆုံး ဖြစ်နေသည်ဟုဆိုသည့် EVDO အင်တာနက်စနစ်ကို ထပ်မံလျှောက်ထားလိုသူ များစွာ ရှိနေကြကြောင်း ရန်ကုန်မြို့တွင်း ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်း ဝန်ဆောင်မှုနှင့် အရောင်းဆိုင်ကြီး တချို့မှ စုံစမ်းသိရှိရသည်။
EVDO အင်တာနက် သုံးစွဲခမှာ တစ်မိနစ် လေးကျပ်ဖြစ်သည်။
ယခုလက်ရှိအချိန်တွင် အစိုးရအနေဖြင့် အဆိုပါ ဖုန်းများအား ရန်ကုန်၊ မန္တလေးအပါအဝင် တခြားမြို့ကြီးများတွင် ကျပ် ၅ သိန်းဖြင့် အလုံးရေ ၃ သိန်းနှင့်အထက် ရောင်းချပြီးဖြစ်သည်။
သို့သော် CDMA 800 M Hz ဖုန်းများ၏ တန်ဖိုးအား အစိုးရက ကျပ် ၂ သိန်း ၅ သောင်းဟု သတ်မှတ်လိုက်ပြီးနောက်တွင် ယင်း ဖုန်းလိုင်းများကို ထပ်မံ ချထားပေးနိုင်ရန် အလားအလာ အလွန်နည်းပါးနေသည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အတွင်းမှ စုံစမ်းသိရှိရသည်။
“အခုလက်ရှိ အသုံးပြုနေတဲ့ ဖုန်းတွေမှာ အင်တာနက်မလျှောက်ရသေးတဲ့ လိုင်းတွေကိုပဲ အင်တာနက် ပြန်ချပေးမှာပါ။ ၈၀၀ M Hz ဖုန်းတွေကို လိုင်းသစ်ထပ်ချပေးဖို့က အခုဆက်သွယ်ရေးရဲ့ ပရောဂျက်မှာ မပါဘူး။ ဆက်သွယ်ရေးအနေနဲ့ GSM ဖုန်းတွေကိုပဲ စီမံကိန်းအနေနဲ့ ထပ်ချသွားမှာ” ဟု ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် နီးစပ်သူ တဦးက ဆိုသည်။
ယခုလက်ရှိတွင် EVDO အင်တာနက် ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကသာ ချထားပေးခြင်း ဖြစ်ပြီး EDGE စနစ်ကိုမူ အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများဖြစ်သည့် E-Lite Tech နှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမိတက်တို့က ဝန်ဆောင်မှု ပေး၍ ရောင်းချပေးလျှက်ရှိသည်။