ဗဟိုဘဏ်က ကျပ် ၁ သောင်းတန်ကို လာမည့် ဇွန် ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဟု သတင်း ထုတ်ပြန်လိုက် သောကြောင့် ယနေ့ ငွေလဲဈေးကွက်တွင် ဒေါ်လာဈေး အနည်းငယ်တက်သွားပြီး ဒေါ်လာနှင့် ရွှေဝယ်ယူမှု ရုတ်တရက် မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“တသောင်းတန် ထွက်မယ်ဆိုတော့ ဒေါ်လာဈေး နည်းနည်း တက်တယ်။ မနေ့က တဒေါ်လာကို ၈၃၅ ကျပ်လောက် ရှိနေရာကနေ ဒီနေ့တော့ ၈၄၅ လောက်အထိဈေးတက်သွားတယ်။ ဒေါ်လာဝယ်တဲ့သူ များတယ်” ဟု ပြင်ပဒေါ်လာ ဝယ်ရောင်း လုပ်ကိုင်သူ တဦးက ပြောသည်။
လက်ရှိတွင် ပြည်တွင်းသို့ လူတိုင်းလွတ်လပ်စွာ ကားတင်သွင်းခွင့် ပြုထားသောကြောင့် ကားသွင်းရန် ဒေါ်လာဝယ်ယူသူ များပြားနေရာ တသောင်းတန် ထုတ်ဝေမှုကြောင့် ဒေါ်လာဈေးနှုန်းနှင့် ဝယ်ယူမှု ထပ်မံမြင့်တက် လာနိုင်ကြောင်း နိုင်ငံခြား ငွေလဲဒိုင်များမှ သိရသည်။
ပြည်တွင်း ရွှေဈေးကွက်တွင်မူ ကျပ် တသောင်းတန် သတင်းကြောင့် ရွှေဝယ်ယူမှု မြင့်တက်သွားသော်လည်း ရွှေဈေးနှုန်းမှာမူ
မြင့်တက်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေကုန်သည်များက ပြောသည်။
“မနေ့ညက တသောင်းတန် သတင်းကြောင့် ညတွင်းချင်း ရွှေအဝယ်အရောင်းတွေ များလာတယ်။ အခေါက်ရွှေ တကျပ်သား ကို ၇၂၅၀၀၀ လောက်ထိ ဈေးတက်သွားတယ်။ ဒါပေမယ့် ဒီနေ့မနက် ဈေးပြန်ဖွင့်တော့ ဈေးပြန်ကျပြီး ပုံမှန်ပြန်ဖြစ်သွားတယ်။ ဒီနေ့တော့ ရွှေဈေးကွက်မှာ ရွှေဝယ်တဲ့သူ များတယ်။ ဒါပေမယ့်လည်း ဈေးကတော့ အရမ်းကြီးမတက်နိုင်ဘူး။ ကမ္ဘာ့ရွှေဈေး ထိုးကျနေတာကြောင့်ပါ။ ပြည်တွင်းရွှေဈေး အရမ်းကြီး မတက်နိုင်ဘူး။ အခုအခေါက်ရွှေ တကျပ်သားကို ၇၀၉၈၀၀ ပဲရှိတယ်” ဟု ရွှေကုန်သည်တဦးက ရှင်းပြသည်။
ကျပ် တသောင်းတန် ထုတ်ဝေမည်ဟု သတင်းထွက်ပေါ်သော်လည်း ဘုရင့်နောင် ကုန်စည်ဈေးကွက်တွင် ဆန်၊ ဆီနှင့် အခြေခံစားသုံးကုန်ဈေးနှုန်းများ ငြိမ်သက်နေကြောင်း ကုန်သည်များကဆိုသည်။
“ဘုရင့်နောင် ဈေးကွက်မှာတော့ ဈေးမတက်တဲ့အပြင် အကျဘက်ပဲ ဦးတည်နေတယ်။ ကျပ် ငါးထောင်တန် ထွက်မယ်လို့
သတင်း ထုတ်ပြန်တုန်းက ဆန်တွေအိတ်လိုက် ဝယ်ကြ၊ ရောင်းကြ ဖြစ်သေးတယ်။ အခုတော့ အဲဒီလိုကို မဖြစ်ဘူး။ ငြိမ်နေတာပဲ” ဟု ဘုရင့်နောင်ဈေးကွက်မှ ပွဲရုံပိုင်ရှင်တဦးက ရှင်းပြသည်။
စီးပွားရေ ပညာရှင်များနှင့် အစိုးရအရာရှိတချို့ကမူ ငွေစက္ကူသစ် ထုတ်ဝေမှုသည် မြန်မာ့စီးပွားရေး အခြေအနေနှင့် ကုန်ဈေးနှုန်း အခြေအနေပေါ်တွင် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သုံးသပ်ပြောဆိုကြသည်။
“ငွေစက္ကူသစ် ထုတ်ဝေတာ ဆိုပေမယ့် ကျနော်တို့က ရိုက်ချင်တိုင်းရိုက်၊ သုံးချင်သုံးတာမျိုး မဟုတ်ဘူး။ လွှတ်တော်က သတ်မှတ်ထားတဲ့ အသုံးစရိတ်အတိုင်းပဲ ရိုက်နှိပ်အသုံးပြုရတာ။ ငွေကြေးဖောင်းပွမှု လုံး၀ မဖြစ်နိုင်ဘူး။ မဖြစ်အောင်လည်း ထိန်းသိမ်းမယ့် အစီအစဉ်တွေရှိပါတယ်။ ခေတ်ပြောင်းနေပါပြီ။ ကျနော်တို့မှာ ပွင့်လင်းမြင်သာမှုရှိပါတယ်” ဟု
နေပြည်တော် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ၌
စီးပွားရေးအတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်နေသူ ပညာရှင်တဦးကလည်း လက်ရှိ အခြေအနေတွင် ကျပ် တသောင်းတန် ငွေစက္ကူသစ် ထုတ်ဝေခြင်းကြောင့် ကုန်ဈေးနှုန်းတက်ခြင်းနှင့် ငွေကြေးဖောင်းပွမှုဖြစ်နိုင်သော အခြေအနေမရှိကြောင်း ရှင်းပြသည်။
“တသောင်းတန် ထွက်လာလို့ ဘာမှ အကျိုးသက်ရောက်မှု မရှိနိုင်ဘူး။ ပထမအချက်က ဗဟိုဘဏ်က ဒေါ်လာနဲ့
ကျပ်ငွေလဲနှုန်းကို ထိန်းထားနိုင်ပြီ။ ဈေးကွက်မှာ ဒေါ်လာဈေး တက်လာရင် ဒေါ်လာထုတ်ရောင်းပြီး ဒေါ်လာဈေး တအားမတက်အောင် လုပ်နိုင်တဲ့ အနေအထား ရောက်နေပြီ။ ပြင်ပဈေးကွက် ဆိုတာက ဗဟိုဘဏ် သတ်မှတ်တဲ့ဈေးကို အခြေခံပြီး အရောင်းအဝယ် လုပ်နေရတာ” ဟု သူက ဆိုသည်။
၅၀၀၀ ကျပ်တန်ထုတ်ဝေစဉ်ကလည်း အစိုးရသည် ငွေကြေး ဖောင်းပွမှု မဖြစ်စေရန် ထိန်းထားနိုင်ခဲ့သည့် အတွေ့အကြုံ ရှိပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ငွေတွေ ထုတ်ချင်တိုင်းထုတ် သုံးချင်တိုင်းသုံးလို့ရတဲ့ အစိုးရ မဟုတ်တော့ဘူး၊ လွှတ်တော်ရှိတယ်။ လွှတ်တော်က စိစစ် ခွင့်ပြုထားတာထက် ပိုသုံးရင်၊ ငွေတွေရိုက်ထုတ်ရင် အစိုးရပြုတ်ကျသွားမှာပေါ့” ဟု အဆိုပါ ပညာရှင်က ဆိုသည်။
မြန်မာ့ချေးငွေ သက်သေခံလက်မှတ် ရောင်းဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ တဦးကမူ မြန်မာနိုင်ငံတွင် ဘဏ်စနစ် အောင်မြင်ခြင်း မရှိသောကြောင့် ငွေသားကိုင်တွယ် အသုံးပြုနေရသဖြင့် အခက်အခဲ ရှိနေကြောင်း၊ စီးပွားရေး လည်ပတ် ရာတွင် နှောင့်နှေးလှကြောင်း၊ ဘဏ်ကတ်စနစ် မဖွံ့ဖြိုးသေးချိန်တွင် တသောင်းတန် ငွေစက္ကူသစ် ထွက်ပေါ်လာခြင်းကြောင့် ငွေရေရ၊ သယ်ဆောင်ရ လွယ်ကူမည်ဖြစ်ကြောင်း ပြောသည်။
“ဘဏ်တွေမှာ ငွေစက္ကူ အုပ်လိုက်ကြီးတွေနဲ့ တနေ့ တနေ့ လုပ်ကိုင်နေရတယ်။ အဲဒီတော့ အစိုးရအနေနဲ့က သယ်ရလွယ်ကူဖို့ လုပ်ရတယ်။ သူများနိုင်ငံမှာက ကတ်လေးတခု အတွင်းမှာ ငွေ ဂဏန်းပေါင်းမြောက်မြားစွာ သယ်လို့ရတယ်။ ဒီမှာက အခု အချိန်အထိ ငွေထုပ်သယ်ပြီး သွားနေရတုန်း။ အခုထုတ်တဲ့ တသောင်းတန်က ၁၂ ဒေါ်လာပဲ ရှိတယ်။ ငွေကြေး ဖောင်းပွမှုနှုန်း မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမူ တသောင်းတန် ထုတ်ဝေမှုသည် ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့် ဖြစ်သော်လည်း အသုံးစရိတ်မှာမူ လွှတ်တော်က သတ်မှတ်ထားသည့် ပမာဏအတိုင်းသာ ထုတ်ဝေ ရိုက်နှိပ်ရမည်ဖြစ်သဖြင့် ကုန်ဈေးနှုန်း မတက်နိုင်ကြောင်း၊ သို့သော်လည်း ဤအခြေအနေအပေါ် အခွင့်ကောင်းယူ ဈေးကစားမှုများအား အစိုးရက
ထိန်းသိမ်းရန် လိုအပ်မည် ဖြစ်ကြောင်း သုံးသပ်သည်။
ယခုလ ၁၅ ရက်နေ့မှစ၍ ကျပ် ၁ သောင်းတန် ငွေစက္ကူများ တရားဝင် ဖြန့်ချိတော့မည် ဖြစ်ကြောင်း ယမန်နေ့ နိုင်ငံပိုင် ရုပ်သံ သတင်းစာများတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာ များတွင် တရားဝင်ထုတ်ပြန် ကြေညာလိုက်သည်။
ကျပ်တသောင်းတန် ငွေစက္ကူအသစ်၏ အရောင်မှာ အပြာရောင်ဖြစ်ပြီး မျက်နှာစာဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟု ရိုက်နှိပ်ထားသည့် စာတမ်းအောက်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမြေပုံ၊ သပြေခက်နှစ်ခက်၊ ဆင်ဖြူနှစ်ကောင်နှင့် ကြာဖြူတပွင့် ပါရှိမည်ဖြစ်သည်။ ကျောဘက်တွင်မူ ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကိုရိုက်နှိပ်ထားပြီး အရွယ်အစားမှာ ၁၅ x ၇ စင်တီမီတာဖြစ်၍ လက်ရှိတထောင်ကျပ်တန် အသေး၊ ကျပ် ငါးထောင်တန်တို့နှင့် အရွယ်အစား တူညီမည် ဖြစ်ကာ မြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသည်။
ကျပ်ငွေ စက္ကူထဲတွင် တန်ဖိုးအကြီးဆုံးဖြစ်လာမည့် ငွေစက္ကူသစ်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “နိုင်ငံရဲ့ ငွေစက္ကူ ထုတ်တဲ့နေရာမှာ အရင်က နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံနဲ့ ထုတ်ဝေခဲ့သလို နောက် ထုတ်တာတွေကိုလည်း ဗိုလ်ချုပ်ပုံနဲ့ပဲ ထုတ်စေချင်တယ်” ဟု ပြောသည်။
ယခုလ ၃ ရက်က သုဝဏ္ဏတွင် ပြုလုပ်သည့် ပြည်သူ့ဒီမိုကရေစီပါတီနှင့် လူထုတွေ့ဆုံပွဲ၌ လူထုက အစိုးရထုတ် ငွေစက္ကူ များတွင် အမျိုးသားခေါင်းဆောင် များ၏ ရုပ်ပုံများဖြင့် ရိုက်နှိပ်ဖော်ပြရန် လူထုကိုယ်စား လွှတ်တော်တွင်း တင်ပြ ဆွေးနွေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းပါတီခေါင်းဆောင် ဦးသိန်းညွန့်က ဆိုသည်။
ယမန်နှစ် လွှတ်တော်တွင်းတွင် လွှတ်တော်အမတ်တဦးက နိုင်ငံ၏ ငွေစက္ကူများအား နိုင်ငံ့ခေါင်းဆောင်များ၏ ဓာတ်ပုံများဖြင့် ရိုက်နှိပ် ထုတ်ဝေရန် အဆိုတင်သွင်းခဲ့သည်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးက အစီအစဉ်မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာ့ငွေစက္ကူ ထုတ်လုပ်မှုသမိုင်းတွင် ၁၉၉၀ ပြည့်နှစ်က တကျပ်တန် ငွေစက္ကူပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နဂါးသစ်ထွင်း ပန်းပုရုပ်ပုံကို လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် စောင်းကောက်ပုံပါ ပြားငါးဆယ်ကို လည်းကောင်း၊ ခြင်္သေနှင့် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ပုံပါ ၂၀ ကျပ်တန်ကိုလည်းကောင်း၊ ခြင်္သေနှင့် ရိုးရာလက်မှု ပညာရှင်ပုံပါ တရာကျပ်တန်ကို လည်းကောင်း၊ ခြင်္သေနှင့် ပန်းပုပညာရှင် ပုံပါ ငါးရာကျပ်တန် ကိုလည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် ခြင်္သေနှင့် ရန်ကုန်မြို့ ကန်တော်ကြီး လှေပြိုင်ပွဲပုံပါ တကျပ်တန်ကိုလည်းကောင်း အသီးသီး ထုတ်ဝေခဲ့သည်။
ထို့အပြင် ၁၉၉၇ ခုနှစ်တွင် ခြင်္သေနှင့် ခြင်းဝိုင်းပုံပါ ငါးကျပ်တန် ကိုလည်းကောင်း၊ ခြင်္သေနှင့် ကရဝိက် ဖောင်ပုံပါ တဆယ် ကျပ်တန် ကိုလည်းကောင်း၊ ခြင်္သေနှင့် ရိုးရာလက်မှုပညာရှင်ပုံပါ ငါးဆယ်ကျပ်တန်ကိုလည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် ခြင်္သေနှင့် သစ်ဆွဲဆင်ပုံပါ ၂၀၀ ကျပ်တန်ကိုလည်းကောင်း၊ ဆိုဒ်ကြီးခြင်္သေနှင့် ဗဟိုဘဏ် အဆောက်အဦပုံပါ တထောင်တန် ကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် ဆိုဒ်သေး ခြင်္သေနှင့် ဗဟိုဘဏ် အဆောက်အဦပုံပါ တထောင်တန်တို့ ကိုလည်းကောင်း အသီးသီး ထုတ်ဝေခဲ့သည်။
နောက်ဆုံးထွက်ရှိထားသည့်ဆင်ဖြူတော်နှင့် နေပြည်တော်ပုံပါ ငါးထောင်ကျပ်တန်ကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့ပြီး တရိစ္ဆာန်ပုံကို အသုံးပြုထားခြင်းကြောင့် အများပြည်သူ၏ ဝေဖန်မှုကို ခံခဲ့ရသည်။
မေရီကို ပူးပေါင်းရေးသားသည်။