နော်ဝေ-ဘာမူဒါ Seadrill ကုမ္ပဏီပိုင် ကမ်းလွန်ရေနံတူးဖော်ရေးအဖွဲ့ West Callisto သည် ပြင်သစ် နိုင်ငံစုံ ရေနံကုမ္ပဏီဖြစ်သော တိုတယ်လ် (Total) ကုမ္ပဏီ၏ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မြန်မာ့ရေပိုင်နက်အတွင်း မေလအစပိုင်းတွင် ရောက်လာခဲ့သည်ဟု အော်စလိုရှိ Seadrill ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြု ပြောဆိုသည်။
နော်ဝေအစိုးရက ၎င်းနိုင်ငံရှိ ကုမ္ပဏီများကို မြန်မာပြည်တွင် စီးပွားရေးလုပ်ဆောင်ရန် ယခင်က အားမပေးခဲ့သော်လည်း ယခုနှစ်အစောပိုင်းတွင် နော်ဝေသည် ၎င်း၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် ကုမ္ပဏီများအား အားပေးလာသည်။
မြန်မာနိုင်ငံ၏ ကြီးထွားလာသော ကမ်းလွန် သဘာဝဓာတ်ငွေ့လုပ်ငန်းများကို လေ့လာနေသည့် မဟာမိတ် အဖွဲ့တခုဖြစ်သော ရွှေ သဘာဝဓါတ်ငွေ့ လှုပ်ရှားမှု အဖွဲ့၏ ဒါရိုက်တာ ကိုဝင်းအောင်က “သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းပိုင်းမှာ ပွင့်လင်းမြင်သာမှု (သို့) တာဝန်ခံမှု လုံးဝမရှိတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ဖို့ နော်ဝေအစိုးရက အားပေးတဲ့အပေါ် ကျနော်တို့အနေနဲ့ အလွန် စိုးရိမ်မိပါတယ်” ဟု ပြောသည်။
“လုပ်ငန်းတိုင်းကို ကြည့်မယ်ဆိုရင် စစ်တပ် အခွင့်ထူးခံ စီးပွားရေးသမားတွေရဲ့ လက်ထဲမှာပဲ ဆက်ရှိနေတုန်းပဲ။ လာဘ်စားမှုကလည်း နေရာအနှံ့ ရှိနေဆဲ ဖြစ်တယ်” ဟု ရခိုင်အမျိုးသား ကိုဝင်းအောင်က ဆိုသည်။
Seadrill ၏ အဖွဲ့တခုဖြစ်သော West Juno က ကမ်းလွန် လုပ်ကွက်တခုတွင် တူးဖော်မှု လုပ်ဆောင်ခဲ့သည့် ယမန်နှစ်မှစ၍ မြန်မာနိုင်ငံတွင် Seadrill က စတင်လုပ်ခဲ့ခြင်း ဖြစ်သည်။
West Juno သည် ဗြိတိန်နိုင်ငံပိုင် ဗာဂျင်ကျွန်းတွင် မှတ်ပုံတင်ထားပြီး မလေးရှားနိုင်ငံသား ပိုင်ဆိုင်သည့် ရင်ဘူနန် ပက်ထရိုဂက်စ် (Rimbunan Petrogas) နှင့် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်း မိသားစုတို့ ထိန်းချုပ်သော UNOG နှင့် ဖက်စပ်ပိုင် ဖြစ်သည်။
ယခင် စစ်ဗိုလ်ချုပ်ဟောင်းအဖြစ်မှ ပါလီမန်အမတ်ဖြစ်လာသော ဦးအောင်သောင်းသည် ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုနောက်ကွယ်မှ ဦးဆောင်သူတဦးအဖြစ် စွပ်စွဲခံနေရချိန်တွင် ဥရောပသမဂ္ဂ ပိတ်ဆို့မှုများတွင် အဓိက ပစ်မှတ်ထားခံရသည့် သူ၏သားများသည် ချမ်းသာကြွယ်ဝလာကြပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများအပြင် သစ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်မီး၊ ဘဏ်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများတွင် အများအပြား ရင်းနှီးမြှုပ်နှံလာကြသည်။
Seadrill ကုမ္ပဏီ၏ မေလ လုပ်ငန်းအစီရင်ခံစာတွင် West Callisto သည် တိုတယ်လ် ကုမ္ပဏီအတွက် သုံးလစာချုြပ်ဖင့် မေလ ၁၂ ရက်တွင် လုပ်ငန်းစမည်ဖြစ်ပြီး တနေ့လျှင် အမေရိကန် ဒေါ်လာ ၁၃၄၉၀၀ နှုန်းဖြင့် စာချုပ်ရက်ပေါင်း ၉၀ အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် အမြတ်အစွန်းကျန်ရှိမည် ဖြစ်သည်။
Seadrill ၏ ဒုတိယအကြီးဆုံး အစုရှယ်ယာဝင်မှာ နော်ဝေအမျိုးသား ပင်စင်ရန်ပုံငွေ (National Pension Fund) ဖြစ်ပြီး ထိုအဖွဲ့၏ ရင်းနှီးမြှုပ်နှံငွေ ၅.၆ ရာခိုင်နှုန်းကို နိုင်ငံပိုင်လုပ်ငန်းဖြစ်သော Folketrygdfondet က စီမံခန့်ခွဲသည်။ သို့သော် Folketrygdfondet က Seadrill ၏ နိုင်ငံရပ်ခြား လုပ်ငန်းများအား ကြီးကြပ်ရေးတွင် မည်သည့်အခန်းကဏ္ဍက ဆောင်ရွက်သည်၊ သို့မဟုတ် မြန်မာနိုင်ငံတွင် Seadrill ၏ လုပ်ငန်းများ လုပ်ဆောင်နေခြင်းက ဦးအောင်သောင်း မိသားစုစီးပွားရေးကို အကျိုးဖြစ်ထွန်းစေခဲ့သည်ကို ပင်စင်ရံပုံငွေက သတိပြုမိပါ၏လော ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။ Folketrygdfondet ၏ ပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးရန် ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရခဲ့ပေ။
လွန်ခဲ့သည့်နှစ်တွင် Seadrill ကုမ္ပဏီသည် ထိုင်းနိုင်ငံ၏ PTTEP ကုမ္ပဏီအတွက် မြန်မာ့ရေပြင်တွင် တူးဖော်မှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သေးသည်။ ၂၀၁၀ ခုနှစ်တွင် မြန်မာ့ကမ်းလွန်လုပ်ကွက်၌ ရက် ၃၀ စာချုပ် ချုပ်ဆိုထားသော လုပ်ငန်းများ ပြီးမြောက်ရန် သြစတြေးလျ ရေနံကုမ္ပဏီဖြစ်သော Twinza က Seadrill ၏ West Triton ကုမ္ပဏီကို ငှားရမ်း လုပ်ကိုင်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် PTTEP က ငှားရမ်းခဲ့သည့် Seadrill တူးဖော်ရေးအဖွဲ့ West Atlas က အင်ဒိုနီးရှားနှင့် သြစတြေးလျ အကြားရှိ တီမောပင်လယ်ပြင်တွင် မီးတောက်လောင်စေခဲ့သည်။ ထိုမီးတောက်ကြောင့် ရေနံယိုစိမ့်မှု နှစ်လကျော်ကြာ ဖြစ်ပွားခဲ့ပြီး ပင်လယ်ပြင်တွင် ရေနံပမာဏ အမြောက်အမြား ဖိတ်စင်ခဲ့သည်။ ထိုဖိတ်စင်မှုကြောင့် သြစတြေးလျတွင် အဆိုးဆုံး သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်တခုနှင့် ကြုံခဲ့ရသည်။ မဝေးတော့သော အနာဂတ်တွင် ထိုကဲ့သို့ ဆင်တူသော ဖြစ်ရပ်မျိုး မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်း ကိုဝင်းအောင်က ဆိုသည်။
ယခု ဖြစ်ရပ်တွင်လည်း Seadrill ထောက်ခံထားသော တိုတယ်လ်ကုမ္ပဏီသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဦးဆောင်သော စစ်အစိုးရနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဝေဖန်မှုများကို နှစ်ပေါင်းများစွာ ခံနေရသည့် ကုမ္ပဏီဖြစ်သည်။ ပြင်သစ် နိုင်ငံစုံကုမ္ပဏီ၏ အကျိုးတူ ကုမ္ပဏီဖြစ်သော ယူနီကယ် (UNOCAL) (နောက်ပိုင်းတွင် Chevron လက်အောက်ခံ ဖြစ်လာသည်) သည် ကပ္ပလီပင်လယ်ပြင်တွင် ရတနာ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်အတွင်း မြန်မာစစ်တပ်၏ အဓ္ဓမလုပ်အားပေး အသုံးပြုမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများမှ အကျိုးအမြတ် ရယူခြင်းကြောင့် အိုးအိမ်မဲ့ ကရင်လူမျိုးများအတွက် ပြင်သစ်နှင့် အမေရိကန်တို့တွင် တရားစွဲဆိုခြင်း ခံခဲ့ရသည်။
ယူနီကယ်ကုမ္ပဏီနှင့် တိုတယ်လ်တို့၏ ဆက်သွယ်ရေးမှတ်တမ်းများကို အမေရိကန် တရားရုံးတွင် အမှုစစ်ဆေးစဉ်အတွင်း ဖွင့်ချခဲ့သည်။ ထိုစာရွက်စာတမ်းများကို ရွာသားများ၏ ရှေ့နေက “ယမ်းငွေ့ဝေသော သေနတ်မှတ်တမ်း” ဟု ခေါ်ဆိုခဲ့သည်။ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တိုတယ်လ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာ Hervé Chagnoux က ယူနီကယ်ရှိ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များထံ ပေးပို့သော စာက လုံခြုံရေးတာဝန်ယူပေးရန် မြန်မာစစ်တပ်အား တိုတယ်လ်ကုမ္ပဏီက ငွေပေးခိုင်းစေခဲ့သည်ဆိုသော စွပ်စွဲချက်ကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။ တိုတယ်လ် ကုမ္ပဏီသည် အဓမ္မ လုပ်အားပေးခိုင်းစေမှုကို ကောင်းစွာ သတိပြုမိကြောင်းလည်း ထိုစာတွင် ဖော်ပြထားသည်။
ထိုမှတ်တမ်းက “ကျွန်ုပ်တို့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ လုံခြုံရေးအတွက် စစ်သားတွေရဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ရှိတယ်ဆိုတဲ့ စိုးရိမ်ချက် ရှိနေသမျှ ကျွန်ုပ်တို့ တိုတယ်လ်နှင့် ယူနီကယ် ကုမ္ဓဏီတွေအနေဖြင့် မပြတ်မသားအခြေအနေမှာ ရောက်နေတယ်ဆိုတာ ဝန်ခံရမှာဖြစ်တယ်” ဟု ဖော်ပြထားသည်။
၁၉၉၉ ခုနှစ် အောက်တိုဘာတွင် ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းအကြောင်း စုံစမ်းလေ့လာနေသော ပြင်သစ် လွှတ်တော်ကော်မတီက “စစ်တပ်တည်ရှိမှု၊ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် အဓမ္မ လုပ်အားပေးများ ဆက်စပ်မှု ရှိသည်မှာ အကြောင်းတရားဖြစ်သည်ဟု ကော်မတီအဖွဲ့က ဆုံးဖြတ်သည်။ တိုတယ်လ်ကုမ္ပဏီအနေဖြင့် ထိုအချက်ကို သတိပြုရမည် ဖြစ်သည်” ဟု ကောက်ချက်ချခဲ့သည်။
Seadrill ဥက္ကဋ္ဌနှင့် ပိုင်ရှင်လည်းဖြစ်သူ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင် ဘီလျံနာ ဂျွန် ဖရက်ဒရစ်ဆင်က သူ၏ စီးပွားရေးသမား သက်တမ်းတလျှောက်တွင် Financial Times သတင်းစာက သုံးနှုန်းလိုက်သော “တသက်တာ အငြင်းပွားဖွယ်ရာများ” ကို ကြံ့ကြံ့ခံခဲ့သည်။ ဤတွင် သူနှင့် သူ၏ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအား အခွန်ရှောင်မှု၊ လိမ်လည်မှုနှင့် ပေါက်ကွဲစေနိုင်သည့် လုပ်ရပ်ဖြစ်သော သယ်ယူပို့ဆောင်ရေးယာဉ်မှ လောင်စာဆီများကို တရားမဝင် ခိုးထုတ်ပြီး စွမ်းအင်ဖြည့်စေခြင်းတို့အတွက် နော်ဝေအာဏာပိုင်များက တရားစွဲဆိုပြီးနောက် ၁၉၈၆ ခုနှစ်တွင် တရားရုံး ရင်မဆိုင်ရခင် သုံးလကျော်ကြာ ထိန်းသိမ်းခံခဲ့ရခြင်း ပါဝင်သည်။
လေးနှစ်ကြာ တရားရင်ဆိုင်ရပြီးနောက် အရေးပါဆုံး စွပ်စွဲချက်များ ရုတ်သိမ်းခဲ့ပြီး၊ ဖရက်ဒရစ်ဆင်သည် သူ၏ လောင်စာဆီ သယ်ယူယာဉ်များတွင် လောင်စာဆီ ထိန်းသိမ်းရာ၌ “မီးလောင်လွယ်စေသည့်အဆင့်” ရောက်သည့်အတွက် ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၃၃၃၀၀၀ ပေးဆောင်ခဲ့ရသည်။
နော်ဝေနိုင်ငံ၏ Nettavisen သတင်းဌာန အယ်ဒီတာ ဂန်နာ စတာ့ဗ်ရမ် (Gunnar Stavrum) သည် မည်သူမျှ ရေးခွင့်မသာခဲ့သော ကမ္ဘာ့အကြီးဆုံး သင်္ဘောကုမ္ပဏီ၏ အတ္ထုပတ္တိနှစ်ခုကို ရေးသားခဲ့သည်။ သူက ဖရက်ဒရစ်စန်ကို “ဝိသမလောဘ စီးပွားရေးသမားကြီး” ဟု သမုတ်ခဲ့သည်။ ဖရက်ဒရစ်ဆင်သည် ၁၉၈၀ ခုနှစ်များတွင် အီရန်-အီရတ်စစ်ပွဲ ရေချိန်မြင့်နေချိန်၊ ဆက်ဒန်ဟူစိန်က အီရန် လောင်စာသယ်ယူရေး ယာဉ်များကို ဗုံးခွဲတိုက်ခိုက်နေချိန်၌ အီရန်နိုင်ငံမှ ရေနံများ သယ်ထုတ်ယူနိုင်ခြင်းအတွက် “မြေခွေးကြီး” ဟူသော နာမည်ပြောင် ရခဲ့သည်။ သူ့အားဝေဖန်သူများက ဖရက်ဒရစ်ဆင်၏ အီရန်နှင့် ဆက်ဆံရေးက သူ့အား “အယာတိုလာ၏ ကယ်တင်ရှင် ” ဖြစ်စေခဲ့သည်ဟု ပြောဆိုကြသည်။
သူ့အား တချို့နေရာများတွင် “ခေတ်သစ် အိုနာဆစ် သူဌေးကြီး” ဟု ကင်ပွန်းတပ်ကြသော်လည်း ဂါးဒီးယန်း သတင်းစာကြီးကမူ “စိတ်ကြီးသော ဗိုက်ကင်းသင်္ဘောလုပ်ငန်းရှင်ကြီး” ဟု နာမည်တပ်ကြသည်။
ဖရက်ဒရစ်ဆင်၏ ကုမ္ပဏီတခုက ပိုင်ဆိုင်သော ရေနံသယ်ယူယာဉ်ဖြစ်သည့် Sea Empressan သည် ၁၉၉၆ ခုနှစ်တွင် Welsh ကမ်းခြေ၌ ရေနံ ခန့်မှန်းခြေ ၇၀၀၀၀ တန် ဖိတ်စင်ခဲ့ပြီး ဗြိတိသျှသမိုင်းတွင် အဆိုးဆုံး သဘာ၀ ပတ်ဝန်းကျင်ဘေးတခု ဖြစ်ခဲ့ရသည်။
အမေရိကန် ဥပဒေပြုသူများက ၎င်းတို့သည် ရေနံဈေးနှုန်းများအား ချယ်လှယ်နေသည့် (နော်ဝေးနိုင်ငံတွင် အခွန်ရှောင်ရန် ဆိုက်ပရပ်နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသော) စကင်ဒီနေဗီးယန်း သူဌေးကြီးပိုင် တခြား ကုမ္ပဏီ နှစ်ခုကို တရားစွဲမည်ဟု ကြေညာပြီးနောက် ဖရက်ဒရစ်ဆင်သည် သတင်းခေါင်းကြီးပိုင်းတွင် မနှစ်က နေရာပြန်ယူလာခဲ့သည်။
အမေရိကန်၏ ကုန်ပစ္စည်းရောင်းဝယ်ရေး ကော်မရှင် (CFTC) က Arcadia Petroleum လီမိတက်နှင့် Parnon Engery ကုမ္ပဏီတို့ကို တရားစွဲခဲ့သည်။ CFTC က ကုမ္ပဏီများနှင့် ၎င်းတို့အလုပ်သမားများသည် “တရားမဝင် အမြတ်အစွန်း ဒေါ်လာ သန်း ၅၀ ကျော် ရယူခဲ့သည့် အနာဂတ် ရေနံဈေးနှုန်းများကို ချယ်လှယ်နိုင်ရန် ရေနံစိမ်းအများအပြား ရောင်းချခြင်းနှင့် စုဆောင်းခြင်းတို့ ပါဝင်သော ၂၀၀၈ ခုနှစ် အစီအစဉ်” ကို လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဖရက်ဒရစ်ဆင်က ထိုကုမ္ပဏီနှစ်ခုစလုံးတွင် မလျော်မကန်ဖြစ်နေမှု တစုံတရာကိုမျှ မသိရှိရကြောင်း ယမန်နှစ်က ရိုက်တာ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။
“ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘာတခုမှ ကျနော် မသိခဲ့ဘူး။ ကျနော့်မှာ ကုမ္ပဏီ ၅၀ လောက်ရှိတယ်။ အဲဒါတွေအကုန်လုံးကို ကျနော် ဘယ်လို လိုက်လုပ်နိုင်မှာလဲ” ဟု သူက ဆိုသည်။
ဝီကီလိခ်က ရရှိခဲ့သော ၂၀၀၉ ခုနှစ် အမေရိကန် သံတမန်ကေဘယ် သတင်းပေါက်ကြားချက်အရ Arcadia နှင့် ရီမင်နိုင်ငံရှိ ယင်း၏ ကိုယ်စားလှယ်သည် “အပြိုင်အဆိုင် ဝယ်ယူသူများ၏ ကိုယ်စားလှယ်များအား ပြန်ပေးဆွဲပစ်မည်ဟု ခြိမ်းခြောက်ကာ ရီမင်ရေနံစိမ်းကို အောက်ဈေးနှင့် ဝယ်ယူပြီး ဒေသတွင်း ရေနံဈေးကွက်တွင် လက်ဝါးကြီးအုပ် ဝယ်လှောင်ခဲ့ကြောင်း” သိရသည်။
ရိုက်တာသတင်းဌာနက ကေဘယ်ပါ အချက်အလက်များကို မနှစ်က ပထမဆုံးအကြိမ် ဖွင့်ချလိုက်ချိန်တွင် Arcadia က စွပ်စွဲချက်များကို “အဓိပ္ပါယ်မရှိ” ဟု ပယ်ချခဲ့သည်။
ဖို့တ် မဂ္ဂဇင်းက ဖရက်ဒရစ်ဆင်သည် အသားတင်အမြတ်ငွေ ဒေါ်လာ ၁၀ ဘီလီယံကျော် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းထားခဲ့ပြီး သူ ဆိုက်ပရပ်နိုင်ငံသားအဖြစ် ခံယူခဲ့သည့် ၂၀၀၆ ခုနှစ်မတိုင်ခင်က နော်ဝေနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရေးသားခဲ့သည်သည်။ သူသည် Seadrill ကုမ္ပဏီ အစုရှယ်ယာ၏ ၂၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အများဆုံး အစုရှယ်ယာဝင်ဖြစ်သည်။ ယခုနှစ်အစောပိုင်းလေးက ၂၈ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့ရာမှ ပိုင်ဆိုင်မှု လျော့ကျလာခဲ့ခြင်း ဖြစ်သည်။
SEAMUS MARTOV ၏ The Volatile Viking Drills Again ကို ဆီလျော်အောင် ဘာသာပြန်သည်။