အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဆိုင်ငံ့အနေဖြင့် တရားဝင် ကြေညာလိုက်ပြီးနောက် အမေရိကန်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပြန်လည် ပွင့်လာတော့မည့် အနေအထားရှိသော်လည်း ပိတ်ဆိုးအရေးယူမှု အလုံးစုံ ပယ်ဖျက်ခြင်း မရှိသေးသောကြောင့် ကုန်သွယ်ရာတွင် နစ်နာမှုများရှိနေကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ အကြံပေး စီးပွားရေးပညာရှင် ဒေါက်တာမောင်အောင်က “စီးပွားရေး ပိတ်ဆို့အရေးယူမှု ရှိပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်နဲ့ မြန်မာ ကုန်သွယ်မှုက မရှိသလောက်ပဲ။ ဒါပေမယ့် အခုက ကုန်သွယ်မှု ပြန်လည်ဖွင့်လာမယ့် အနေအထားမှာရှိနေပါတယ်” ဟု ဆိုသည်။
သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်မှုပြုရာတွင် ပိတ်ဆိုးအရေးယူမှု (Sanction) ပယ်ဖျက်ခြင်း မရရှိသေးသည့်အတွက် ကုန်သွယ်မှုတွင် အထူးအခွင့်အရေးတရပ်ဖြစ်သော GSP (Generalized System of Preferences) အခွန်သက်သာခွင့် မရရှိခြင်းကြောင့် နစ်နာမှုရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
GSP ဆိုသည်မှာ ဖွွံ့ဖြိုးပြီး နိုင်ငံများက ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ သွင်းကုန်ခွန် လျှော့ချပယ်ဖျက်ပေးသည့် အစီအစဉ်ဖြစ်ပြီး ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့သည်။
ပြည်ပအခြေစိုက် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို သုတေသနပြု နေသည့်အဖွဲ့မှ စီးပွားရေးပညာရှင်တဦးက “Sanction ရှိနေသေးတဲ့ အတွက်ကြောင့် ကုန်သွယ်မှုမှာ တကယ်အရေးပါတဲ့ GSP စနစ်ကို အကျိုးခံစားခွင့် မရရှိသေးဘူး။ ဒါကြောင့် Sanction ကို ပယ်ဖျက်ပေးလိုက်မှ အကျိုးခံစားခွင့်အကုန်လုံးကို ရရှိမှာဖြစ်တယ်။ ဒါပေမယ့် ကုန်သွယ်မှုကိုတော့ ခွင့်ပြုတဲ့သဘောမှာ ရှိပါတယ်”ဟု ဆိုသည်။
“GSP မရတဲ့အတွက် ကျနော်တို့ အထည်တထည်ကို အမေရိကန်ကို ပို့မယ်ဆိုရင် အခွန်က ရှိတာကြောင့် အထည်တင်ပို့မှု ရှိနေတဲ့ တခြားနိုင်ငံက ချုပ်လုပ်တင်ပို့တဲ့ အထည်တထည်ရဲ့ဈေးနှုန်းနဲ့ယှဉ်ရင် ကျနော်တို့က ဈေးများနေတယ်။ တကယ်လို့ ဈေးနှုန်းကို သူ့နိုင်ငံရဲ့ဈေးနှုန်းနဲ့အညီ လိုက်ပြီးတော့ ဈေးလျှော့ရောင်းဖို့ ဆိုတာကလည်း ကုန်သည်အတွက် အကျိုးခံစားခွင့်က မရှိသလောက် ဖြစ်နေတယ်။ ဒါကြောင့် တခြားနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့က ကျနော်တို့ဆီက ကုန်သည်တွေအနေနဲ့ ယှဉ်ပြိုင်နိုင်မှု မရှိတာကြောင့် Sanction ရှိနေတာက တကယ့် အခက်အခဲတခုပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
အထည်ချုပ် လုပ်ငန်းရှင်တဦးက “အမေရိကန်နိုင်ငံအနေနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု မရှိခင်အချိန်က မြန်မာနိုင်ငံက ပြည်ပသို့တင်ပို့တဲ့ အထည်စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းခန့်က အမေရိကန်ကို အများဆုံး တင်ပို့တာဖြစ်တယ်။ Sanction ပေါ်လာပြီး နောက်ပိုင်းမှာ အထည်တင်ပို့မှုကလည်း လုံးဝမရှိတော့တာကြောင့် အမေရိကန်ဈေးကွက်ပါ ပျောက်သွားခဲ့ရတယ်။အခုတော့ ပြန်ပို့လို့တော့ ရနေပြီဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ အခွန်သက်သာခွင့် စနစ်ကိုတော့ အရင်လို ပြန်မရသေးဘူး။ ဒါကလည်း Sanction မရှိတော့မှ အကျိုးခံစားခွင့်ကိုရရှိမှာဖြစ်တယ်” ဟု ဆိုသည်။
သို့သော် လတ်တလောတွင် အမေရိကန်နိုင်ငံအနေဖြင့် Sanction ကိုရုပ်သိမ်းခြင်း မရှိသေးသော်လည်း ဆိုင်းငံ့ပေးထားခြင်းကြောင့် ယင်းနိုင်ငံမှ ကုန်ပစ္စည်းများ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရှိမည့်အပြင် မြန်မာနိုင်ငံကလည်း တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။
“အမေရိကန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့် ရရှိနေပြီဖြစ်တယ်။သူ့အစိုးရကလည်း ဒီအပေါ်မှာ အရင်ကလို ကန့်သတ်ချက် မထားတော့ဘူး။ ဒါကြောင့် အခွင့်အရေး တခုအနေနဲ့တော့ ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ၂၀၀၃ ခုနှစ်မှစတင် ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ စီးပွားရေး ပိတ်ဆို့မှု မတိုင်မီက မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၈၀၀ ကျော်အထိ ရရှိခဲ့သည့်အတွက် အထည်ချုပ်တင်ပို့မှုက ပို့ကုန်တင်ပို့မှုတွင် ထိပ်ဆုံးအဆင့် တွင်ရှိနေခဲ့ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှု ပေါ်လာပြီးနောက် အထည်ချုပ်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်သာ ရှိတော့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ် ပို့ကုန်ဈေးကွက်မှာ လက်ရှိကာလတွင် ဂျပန်နိုင်ငံသို့ ၃၀ ရာခိုင်နှုန်း၊ ဂျာမနီနှင့် တောင်ကိုရီးယား နိုင်ငံတို့သို့ ၂၀ရာခိုင်နှုန်း၊ စပိန်၊ ယူကေနိုင်ငံနှင့် တခြားနိုင်ငံများသို့ ၁၀ ရာခိုင်နှုန်း တင်ပို့မှုရှိနေကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အထည်ချုပ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။