မြန်မာနိုင်ငံမှာ နိုင်ငံအဆင့် စတော့အိတ်ချိန်းတခု တည်ထောင်နိုင်ဖို့ မြန်မာ့ဗဟိုဘဏ်နဲ့ တိုကျို စတော့အိတ်ချိန်း (Tokyo Stock Exchange – TSE) တို့ မေလကုန်မှာ သဘောတူ လက်မှတ်ရေးထိုးကြပါပြီ။ ဒါပေမယ့် ဒီစတော့အိတ်ချိန်းရဲ့ ကနဦး တိုးတက်မှု အလားအလာ နည်းတယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်လေ့လာသူတွေက မြင်ကြပါတယ်။
အသေးစိပ် အချက်အလက်တွေပါဝင်တဲ့ ဖော်ပြပါ သဘောတူညီချက်ကို မေလကုန်ပိုင်းမှာ လက်မှတ်ရေးထိုးလိုက်နိုင်ပေမယ့် တကယ့်အချိန်နဲ့ တပြေးညီ အိတ်ချိန်းတခု တည်ထောင်ဖို့နဲ့ လည်ပတ်နိုင်ဖို့ ကျော်လွှားရမယ့်ပြဿနာတွေက ဒုနဲ့ဒေးရှိနေပါသေးတယ်။
အဲ့ဒီပြဿနာတွေထဲမှာ TSE ရင်ဆိုင်နေရတဲ့ ပြဿနာတခုကတော့ မြန်မာပြည်မှာ ကော်ပိုရေးရှင်းဥပဒေ (Corporate Law) မရှိတာနဲ့ မြန်မာပြည်က ကုမ္ပဏီတွေ အများစုကြားမှာ သက်ဆိုင်ရာ ကုမ္ပဏီအလိုက် အစုအဖွဲ့သဘောဆန်တဲ့ ယုံကြည်မှု စံတန်ဖိုးသတ်မှတ်ချက် (Corporate Culture) တွေ မရှိတာပါပဲ။
“ချိုချိုသာသာ ်ပြောရရင် ဒီစတော့အိတ်ချိန်းက တကယ် လက်တွေ့ကျတဲ့ အရာမဟုတ်ဘဲ ဖြစ်ချင်ဇောနဲ့ လုပ်တဲ့အရာလို့ ဆိုနိုင်ပါတယ်” လို့ မြန်မာ့စီးပွားရေးေ စာင့်ကြည့်လေ့လာရေး (Burma Economic Watch) ဝက်ဘ်ဆိုဒ် အယ်ဒီတာ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ် (Sean Turnell) က ပြောပါတယ်။
အားကောင်းပြီး လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ငွေကြေးဈေးကွက်နဲ့ ပွင့်လင်းတဲ့ စတော့ကုန်သွယ်ရေးစနစ် ထူထောင်တာဟာ ရေရှည်စနစ်တကျသွားရမယ့် လုပ်ငန်းစဉ်တ ခုဖြစ်တဲ့အပြင် အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးရည်ရွယ်ချက်ရော လုပ်ငန်းတာဝန်သိစိတ်တွေပါ ရှိဖို့လိုအပ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံထက် နိုင်ငံအရွယ်အစား ပိုကြီးပြီး စီးပွားရေးအရ အလွန်ပိုတိုးတက်တဲ့ နိုင်ငံတွေမှာလည်း ပြဿနာတရပ်အဖြစ် ရှိနေတာပါ။ ဥပမာ အိမ်နီးချင်း တရုတ်နိုင်ငံဆိုရင် မြန်မာ့စီးပွားရေးအပေါ် အရှိန်အဝါကြီးပေမယ့် ပြည့်စုံကောင်းမွန်တဲ့ ဈေးကွက်စနစ် မရှိသေးပါဘူး။
“တရုတ်နိုင်ငံအနေနှင့် လုပ်အားထုသုံး ထုတ်လုပ်ရေးကဏ္ဍ (Labor-intensive manufacturing sector) စွမ်းအားဖြင့် စီးပွားရေးအရ ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံးနိုင်ငံအဖြစ် ဆယ်စုနှစ် ၂ စုအတွင်း အသွင်းပြောင်းနိုင်ခဲ့သည်။ သို့ရာတွင် ကျယ်ပြောလှသည့် ထုတ်လုပ်ရေးစွမ်းရည်နှင့် ကမ္ဘာ့ဈေးကွက်များနှင့် ကုန်သွယ်ရေးအချိတ်အဆက်များ ရှိလင့်ကစား ဘဏ္ဍာရေးကဏ္ဍ၌ စေ့စပ်သေချာမှု အားနည်းနေပေသည်” လို့ Chatham House ရဲ့ လေ့လာချက်အသစ်တရပ်မှာ ဖော်ပြထားပါတယ်။ Chatham House ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာအခြေစိုက်တဲ့ မူဝါဒရေးရာ အင်စတီကျု (Think-Tank) ဖြစ်ပါတယ်။
“ကမ္ဘာ့စတော့ ရာခိုင်နှုန်းအရ တရုတ်နိုင်ငံ၏ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အနေအထားကို အနီးကပ်ကြည့်မည်ဆိုပါက တရုတ်နိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာဈေးကွက်တွင် ရင်နှီးမြှုပ်နှံမှုတန်ဖိုး (International portfolio assets and liabilities) မှာ ကမ္ဘာ့စတော့စုစုပေါင်း၏ ၃ ရာခိုင်နှုန်းထက် နည်းသည်ကို တွေ့ရသည်” လို့လည်း အဲ့ဒီလေ့လာချက်မှာ ဖော်ပြထားပါသေးတယ်။
ကမ္ဘာ့ဘဏ်ကတော့ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတွေက မြန်မာနိုင်ငံကို ဆယ်စုနှစ်နဲ့ချီပြီး စီးပွားရေးအရ အဆက်အသွယ်ဖြတ်ခဲ့တာဟာ မြန်မာ့စီးပွားရေးကို တရုတ်နိုင်ငံအပေါ် အလွန်အမင်း အမှီအခိုဖြစ်သွားစေတယ်လို့ ဆိုပါတယ်။
အဲဒီလို အမှီအခိုဖြစ်မှုက စစ်တပ်ရဲ့ ညံ့ဖျင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှု၊ ပြီးတော့ စစ်အုပ်စုရဲ့ အပေါင်းအပါ စီးပွားရေး မိတ်ဆွေတွေနဲ့ တွဲဖက်လိုက်တဲ့အခါ ရလဒ်အနေနဲ့ ပုဂ္ဂလိကဏ္ဍမှာ အားနည်းပြီး ဘဏ္ဍာရေးကဏ္ဍမှာလည်း ပြည့်ပြည့်ဝဝ တိုးတက်မှုမရှိတာတွေ ဖြစ်လာတော့တာပါပဲ။
“ဓာတ်ငွေ့နှင့် အခြား သဘာဝသယံဇာတပစ္စည်း တင်ပို့မှုများသည် တစထက်တစ ပို၍ အရေးပါလာသော်ငြားလည်း စုစုပေါင်းပြည်တွင်းထွက်ကုန် (GDP) ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောလုပ်ငန်းများ အဓိက ပါဝင်သဖြင့် မြန်မာ့စီးပွားရေးသည် စိုက်ပျိုးရေးကို အဓိကအခြေပြုသော စီးပွားရေးအဖြစ် ဆက်လက် တည်ရှိနေပေသည်။ ထုတ်လုပ်မှုအပိုင်းသည် မှတ်တမ်းတင် စီးပွားလုပ်ငန်းလည်ပတ်မှု (Recorded Economic Activity) တွင် ပမာဏ အနည်းငယ်သာပါဝင်ပြီး နိုင်ငံတော်ပိုင် စက်မှုလုပ်ငန်းများကလည်း ထိုကဏ္ဍအား ကြီးကြီးမားမား ဆက်လက် ထိန်းချုပ်လျက်ရှိသည်” လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။
ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ လေ့လာဆန်းစစ်သူတွေ၊ ပြီးတော့ မြန်မာအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက မန်နေဂျာတွေတောင်မှပဲ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်း ဖွဲ့စည်းတည်ဆောက်ပုံ (Business Structure) တစုံတရာမရှိတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ဒီလိုမရှိတာကလည်း အရင် စစ်အစိုးရခေါင်းဆောင်တွေနဲ့ အနီးကပ် ချိတ်ဆက်ရှိတဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးတွေ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေက ဆယ်စုနှစ်နဲ့ချီ ပြီး စိုးမိုးခြယ်လှယ်ခဲ့ကြလို့ပါ။
မြန်မာပြည်မှာ အခုထိ အကျိုးခံစားခွင့် အိတ်ချိန်းဥပဒေ (Securities Exchange Law) မရှိသေးပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း အသစ်ကလည်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြီးပြတ်အောင် မဆွေးနွေးနိုင်ခဲ့ပါဘူး။ အပြင်မှာ ညှိနှိုင်းမှုတွေ မလွဲမသွေ ရှိနေနိုင်ပေမယ့် ဇူလိုင်လရောက်မှပဲ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အသေးစိတ် ပြန်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
TSE က နဦးလုပ်ရမယ့် လုပ်ငန်းတာဝန်ကတော့ မြန်မာ့ဗဟိုဘဏ်အတွက် အိတ်ချိန်းစည်းမျဉ်းစည်းကမ်းတွေ ကူညီရေးဆွဲတာပေးတာနဲ့ သန့်ရှင်းတဲ့ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး လမ်းညွှန်မှု အသေအချာ ပေးတာတွေ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်မှာက လက်တွေ့ကျတဲ့ ကုမ္ပဏီ ကြီးကြပ်စနစ်လည်းမရှိ၊ ငွေစာရင်းအင်းဆိုင်ရာ စံချိန်စံညွှန်းေတွေကလည်း လျော့ရဲရဲ၊ ပြီးတော့ အခွန်ရှောင်တာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကိုး။
“ပုဂ္ဂလိက ကုမ္ပဏီတွေက အများပိုင်လုပ်ဖို့ စတင်စဉ်းစားနေကြပါပြီ။ ဒါပေမယ့် လက်ရှိအခြေအနေနဲ့ လုပ်ငန်းဝန်းကျင်အောက်မှာ လက်တွေ့ကျကျ အဲ့ဒီလိုလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး” လို့ အမည်မဖော်လိုတဲ့ ဗဟိုဘဏ်အရာရှိကို ကိုးကားပြီး မြန်မာတိုင်းမ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ “ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်း အများစုက ကော်ပိုရေးရှင်းအုပ်ချုပ်မှု (Corporate Governance) နဲ့ Corporate Culture တွေဘက်မှာ အားနည်းနေကြတုန်းလေ” လို့လည်း သူက ဆိုပါသေးတယ်။
ဈေးကွက် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုမှာ အထူးကျွမ်းကျင်တဲ့ Leopard Capital အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်ဂလပ် ကလေတန် (Douglas Clayton) ကတော့ AFP သတင်းဌာနကို အခုလို ပြောပါတယ်။
“မြန်မာ ပြည်မှာ လူသားအရင်းအမြစ်မှာရော အခြေခံအဆောက်အအုံပိုင်းမှာပါ စွမ်းဆောင်ရည် အကန့်အသတ် အကြီးအကျယ် ရှိနေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားသားတွေက နိုင်ငံထဲမှာ စလုပ်ဖို့ စိတ်ကူးနေကြတဲ့ စီမံကိန်း ဒုနဲ့ဒေးကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အလွယ်တကူ ပြောနိုင်ပါတယ်။”
ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်ထဲ ချောချောမောမော ရောက်ရေးကို ရည်ရွယ်တဲ့ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အသစ်တခုရဖို့ ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနက မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးနေဆဲဖြစ်ပါတယ်။
နောက်တကြိမ် အာဆီယံထိပ်သီးအစည်းအဝေး (ASEAN Summit) ကျင်းပမယ့် နိုဝင်ဘာလလောက်မှာ သဘောတူညီချက် ရဖို့ မျှော်လင့်တယ်လို့ ဂျပန်အစိုးရက ပြောပေမယ့် နှစ်ဖက်ဆွေးနွေးမှုတွေက အခုကနေ ဒီနှစ်တနှစ်လုံး အတော်များများ ဆက်လုပ်သွားနိုင်ပါတယ်။
စင်ကာပူအခြေစိုက် ဈေးကွက်အတိုင်ပင်ခံ အဖွဲ့ဖြစ်တဲ့ Vriens & Partners ကတော့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားရှိခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချလိုက်တာမို့ ထင်ရှားတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ ပြောင်းရွှေ့ပြီး လုပ်ငန်းလည်ပတ်ဖို့ ဘယ်လောက်အထိ စိတ်ချယုံကြည်ရမလဲဆိုတဲ့ အန္တရာယ်ကနေ လျော့ပါးသွားတယ်။ ဒါပေမယ့် ဒီလို အန္တရာယ်ကနေ လျော့ပါးသွားဟာ လုပ်ငန်းလည်ပတ်ဖို့ တစုံတရာ ပိုလွယ်ကူစေတာ မဟုတ်ဘူးလို့ ယူဆပါတယ်။
“အနောက်နိုင်ငံတွေ လာရောက် ရင်းနှီးမြှုပ်စေချင်တယ်လို့ မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။ ဒီလို ကြေညာတဲ့အတွက် ကမ္ဘာကြီးနဲ့ ပြန်လည်ပေါင်းစပ်ဖို့ ဘာတွေလုပ်ဖို့ လိုတယ်ဆိုတာကို အစိုးရက တကယ် နားလည်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာရှိတဲ့ လုပ်ငန်းစောင့်ကြည့် ထိန်းသိမ်းရေးစနစ် (Regulatory System) က အရမ်းကို ခေတ်နောက်ကျနေပါပြီ” လို့ Vriens & Partners ရဲ့ မန်းနေးဂျင်းပါတနာ Hans Vriens က ပြောပါတယ်။
ဒါပေမယ့် စနစ်တကျလည်ပတ်တဲ့ အမေရိကန်ကုမ္ပဏီတွေ (သူတို့က ထုတ်လုပ်ရေးကဏ္ဍကနေ သဘာဝသယံဇာတ ရှာဖွေတူးဖော်ရေးအထိ ရှိကြပါတယ်) ရဲ့ ပါဝင်ပတ်သက်မှုက “အကောင်းဆုံး နိုင်ငံတကာအလေ့အထတွေ ထူထောင်နိုင်ဖို့၊ တရားဥပဒေစိုးမိုးမှု ရှိလာစေဖို့၊ လုပ်ငန်းဆောင်ရွက်မှုမှာ ပိုပြီး ပွင့်လင်းမြင်သာလာစေဖို့၊ အလုပ်သမား အခွင့်အရေးတွေကို လေးစားဖို့၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့၊ ပြီးတော့ ချစားမှု ထိန်းချုပ်ရေးအတွက် အရေးယူ ဆောင်ရွက်ဖို့ စတာတွေအတွက် မြန်မာပြည်ကို အထောက်အကူဖြစ်စေလိမ့်မယ်” လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies) က ပြောပါတယ်။
တဖက်မှာလည်း အဲ့ဒီဌာနကထုတ်ဝေတဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာ အသစ်ထဲမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ “အခြေခံစီးပွားရေး ဗိသုကာပုံစံ မရှိသေးသရွေ့” အခက်အခဲနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဌာနရဲ့ ယူဆချက်ကို ဖော်ပြထားပြန်ပါတယ်။
“နိုင်ငံတကာဘဏ်များမှတဆင့် ငွေကြေးအလှည့်အပြောင်း လုပ်နိုင်သည့် စွမ်းရည်အပြင် အမေရိကန် ကုမ္ပဏီများအနေနှင့် ၎င်းတို့၏ စက်ရုံများ မြန်မာပြည်တွင် မတည်ဆောက်မီ လိုအပ်သည်မှာ ကောင်းမွန်သည့်လမ်းများ၊ ဆိပ်ကမ်းများရှိရေးနှင့် စိတ်ချရသည့် လျှပ်စစ်မီးရရှိရေးတို့ ဖြစ်သည်” လို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါသေးတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ စတော့ဈေးကွက်တခုဖွင့်ပြီး လည်ပတ်နိုင်ဖို့ ၂၀၁၅ ဆိုရင် အဆင်သင့်နီးပါး ဖြစ်နိုင်တယ်လို့ တချို့ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ သုံးသပ်သူတွေက ယူဆကြပါတယ်။
လောလောဆယ်မှာတော့ မြန်မာပြည်ဟာ အကျိုးခံစားခွင့် အိတ်ချိန်းဌာနလေးဖြစ်တဲ့ Myanmar Securities Exchange Centre (MSEC) နဲ့ပဲ ဆက်စခန်းသွားနေရဦးမှာ ဖြစ်ပါတယ်။ ၁၉၉၆ မှာ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဂျပန် ဘဏ္ဍာရေး အေဂျင်စီဖြစ်တဲ့ ဒိုင်ဝါသုတေသနအဖွဲ့ (Daiwa Institute Research) တို့ အချိုးတူပေါင်းစပ်ဖွဲစည်းခဲ့တဲ့ MSEC ရဲ့ ရန်ကုန်က ရုံးခန်း သေးသေးလေးထဲမှာ အစိုးရတွေက တစိတ်တပိုင်းပိုင်တဲ့ ဒီကုမ္ပဏီနှစ်ခုရဲ့ စတော့တွေကိုပဲ လက်နဲ့ လိုက်မှတ်နေကြတာပါ။
ပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့ မြန်မာအစိုးရထဲက ပုဂ္ဂိုလ်တွေကတော့ ဒီမြင်ကွင်းကို အသေအချာ ပြောင်းလဲပစ်ချင် မှာပါပဲ။
Burma Needs to Take Stock of the Market by William Boot ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။