ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်ရေး နှစ်ပတ်ခန့် ရပ်ဆိုင်းခဲ့ရာ ဘင်္ဂလားဒေ့ရှ် ဘက်က တရက်လျှင် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ သိန်း ၄၀ ခန့် ထိခိုက်မှုရှိကြောင်း တာ့ခ်နာဖ် ဆိပ်ကမ်း တာဝန်ရှိသူများ က ပြောသည်။
လတ်တလောတွင်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်ဆိုင်းနေသေးသည်ဟု တာ့ခ်နာဖ်(Teknaf)ဆိပ်ကမ်း တာဝန်ရှိသူများ က ဆိုသည်။
“အခုလိုနယ်စပ် စီးပွားရေး ၂ ပတ်ကြာ ပိတ်နေတာဟာ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေနဲ့ စီးပွားရေးနေ့စဉ် အကျိုးအမြတ် ဝင်ငွေ အပြင် နေ့စား အလုပ်သမားတွေအတွက် အခက်အခဲကြုံနေရပါတယ်၊ မြန်မာ့ကုန်တွေမလာဘဲ ပိတ်နေရတာဟာ တရက်ကို တာကာ သိန်း ၄၀ တန်ဖိုး ရှုံးဆုံးမှုတွေ ရှိနေပါတယ်၊ ဘင်္ဂလာက မြန်မာ့တင်ပို့ကုန်တွေကို အဓိက အားထားနေရတာပါ”ဟု ဆိပ်ကမ်း အကောက်ခွန် တာဝန်ရှိသူ တဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းမှုအခြေအနေ ကြာရှည်မည်ကို စိုးရိမ်ကြောင်း ကုန်သည်များကလည်း ပြော ဆိုသည်။
နှစ်နိုင်ငံအကြား နယ်စပ် ကုန်သွယ်ရေးမှာ ယခုကဲ့သို့ ရပ်ဆိုင်းနေခြင်းမျိုး နှစ်ပေါင်း၂၀ နီးပါး၌ တကြိမ်တခါမျှ မရှိခဲ့ဘူးကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေးမှာ ပြီးခဲ့သည့် ဇွန် ၈ ရက် ရခိုင်ပြည်နယ် အဓိကရုဏ်း အတွင်း က စတင်ရပ်ဆိုင်းခဲ့ရာမှ ဇွန်လ ၁၈ ရက်နေ့က ပြန်လည် စတင်ခဲ့သော်လည်း ဇွန် ၁၉ ရက်တွင် ရပ်ဆိုင်းခဲ့ပြန်ကြောင်း ကုန်သည်များက ပြောသည်။
ဇွန်လ ၁၇ ရက်နေ့ကမူ ရခိုင်ပြည် စစ်တွေမြို့ဘက်မှ တန်ချိန် ၉၀ ကျော် ရေခဲရိုက် ငါး သင်္ဘော ၂ စီး တာ့ခ်နာဖ် ဆိပ်ကမ်းသို့ ညနေပိုင်းတွင် ဆိုက်ရောက်ခဲ့ကြောင်း အထက်ပါ ဆိပ်ကမ်း အကောက်ခွန် တာဝန်ရှိသူ က ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ် ဘက်မှ ဘင်္ဂလားဒေ့ရှ် ဘက်သို့ အိမ်မွေး တိရစ္ဆာန်များ တင်ပို့မှုရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့က မြန်မာနိုင်ငံမှ ကုန်တန်ဖိုး တာကာ ၁၀ ကုဋေ ခန့်ရှိ ငါးသင်္ဘော၂ စီး တာ့ခ်နာဖ် ဆိပ်ကမ်းသို့ ဆိုက်ရောက် လာခဲ့ သော်လည်း ငါးချခွင့်မရ၍ ဇွန် ၁၂ ရက်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု အကောက်ခွန်ဌာနက ပြောဆိုသည်။ လက်ရှိ ဘင်္ဂလားဒေ့ရှ် ၁ တာကာ လျှင် မြန်မာ ငွေ ၁၀ ကျပ် ဝန်းကျင် ရှိသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ယနေ့ အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ ကုန်သည် ၂၀၀ ကျော်၏ ကုန်သွယ်မှု ရပ် ဆိုင်းလျက် ရှိကြောင်း သိရသည်။