ပြည်တွင်း ဆန်စပါးအထူးပြု ကုမ္ပဏီများမှ တနိုင်ငံလုံးရှိ တောင်သူလယ်သမားများသို့ ထောက်ပံ့လျှက်ရှိသည့် ချေးငွေအကူအညီ အပါအဝင် ထောက်ပံ့မှုအားလုံးကို လာမည့်မိုးစပါးရာသီမှ စတင်ကာ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။
“အထူးပြုကုမ္ပဏီတွေ ၉၀ ရာခိုင်နှှုန်းကျော်က လာမယ့် မိုးစပါးရာသီမှာ တောင်သူတွေကို လူမှုရေးအနေနဲ့ လုပ်ပေးနေတဲ့ ချေးငွေအပါအဝင် သွင်းအားစု စက်ယန္တရား အားလုံးကို ရပ်လိုက်တော့မယ်” ဟု မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောသည်။
တောင်သူများက ချေးယူငွေများ ပြည်လည်ပေးဆပ်မှု နည်းနေခြင်းကြောင့် ပြန်လည် ငွေထုတ်ချေးပေးနိုင်ရန် လည်ပတ်မှု မရှိခြင်း၊ ကမ္ဘာ့ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ပြည်ပဆန်တင်ပို့မှုတွင် ဆုံးရှုံးမှုများရှိနေခြင်း၊ ကုမ္ပဏီအများစုတွင် တွဲဖက်စီးပွားရေးလုပ်ငန်းများ ရှိနေခြင်းတို့ကြောင့် ငွေကြေးစိုက်ထုတ်ရမှု များပြားနေခြင်းတို့ အပေါ်မူတည်ကာ အထူးပြုကုမ္ပဏီများက လူမှုရေးလုပ်ငန်းတခုအဖြစ် ရပ်တည်လုပ်ကိုင်လာခဲ့သည့် ချေးငွေအပါအဝင် အကူအညီများ ထောက်ပံ့နေခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဈေး ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီးနောက် ပြည်တွင်း တောင်သူ လယ်သမားများထံမှ ဈေးဖြတ်ဝယ်ယူသော စပါးဈေးနှုန်းမှာလည်း ဈေးကျဆင်းကာ စိုက်ပျိုးထုတ်လုပ်မှု စရိတ်ပင် မကာမိသောကြောင့် တောင်သူ လယ်သမားများအနေဖြင့် ကုမ္ပဏီများ၏ ချေးငွေကို ပြန်လည်ပေးဆပ်နိုင်ရန် အခက်အခဲရှိကြောင်းလည်း သိရှိရသည်။
“လယ်သမားတွေက အစိုးရချေးငွေတခုတည်းနဲ့ ရပ်တည်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လယ်သမားတွေအပေါ် အာမခံချက် အထောက်အပံ့ တခုခုပေးနိုင်ဖို့ လိုအပ်နေပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ လယ်သမားကြီး ဦးဗျံက ပြောသည်။
တောင်သူလယ်သမားတဦးလျှင် စပါးတဧက စိုက်ပျိုးစရိတ်မှာ ပျှမ်းမျှ ကျပ် ၃ သိန်းခန့် ကုန်ကျသော်လည်း လက်ရှိတွင် စပါးဝယ်ယူမှု ဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ကျပ် ၂ သိန်း ခွဲခန့်သာ ပေါက်ဈေးရှိကြောင်း သိရသည်။
လာမည့် မိုးစပါးကာလတွင် တောင်သူများအပေါ် အထောက်အပံ့ပေးမည့် ချေးငွေအပါအဝင် အားလုံး ရပ်ဆိုင်းလိုက်ပြီးနောက် နောင်နှစ်များတွင် ချေးငွေပြန်လည်ထုတ်ပေးရေး၊ မပေးရေးကို အထူးပြု ကုမ္ပဏီများအားလုံး စုပေါင်းဆွေးနွေးကာ အဖြေထုတ်သွားမည်ဟု သိရှိရသည်။
အထူးပြုကုမ္ပဏီများမှ တောင်သူလယ်သမားများအပေါ် ချေးငွေအပါအဝင် အထောက်အပံ့ပေးခြင်းများကို အာဏာပိုင်များ၏ ညွှန်ကြားချက်ဖြင့် ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ်အထိ ၃ နှစ်ဆက်တိုက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် ကုမ္ပဏီများမှ တောင်သူများသို့ ထောက်ပံ့ ထုတ်ချေးပေးထားသည့် ငွေကျပ်စုစုပေါင်း ဘီလီယံ ၁၀၀ ကျော်ပြီဖြစ်ကြောင်း သိရသည်။
တောင်သူလယ်သမားများအား အာမခံချက် ပေးနိုင်ရေးအတွက် စပါးအခြေခံဈေးနှုန်း တသမတ်တည်း သတ်မှတ်ခြင်း၊ လယ်သမားများအား အထောက်အပံံ့ပေးခြင်းများပါဝင်မည့် ဥပဒေတရပ်ကို ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်က လာမည့် ဇူလိုင်လတွင် လွှတ်တော်သို့ အဆိုပြုတင်သွင်းသွားမည်ဟု သိရှိရသည်။
မြန်မာတနိုင်ငံလုံးရှိ ဆန်စပါး အဓိက စိုက်ပျိုးသော တိုင်းဒေသကြီး ပြည်နယ်များတွင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူ လယ်သမားဦးရေ စုစုပေါင်း သန်း ၃၀ ကျော်ရှိသည်။