နိုင်ငံခြားကုမ္ပဏီများက နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စောင့်နေကြသော်လည်း မြန်မာနိုင်ငံတွင် အဓိကကျသည့် စီးပွားဥပဒေပြဌာန်းရန် ပိုမိုကြန့်ကြာဦးမည်ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် အတည်ပြုပြဌာန်းနိုင်မည်ဟု မျှော်လင့်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်မှာ တချို့ ပြင်ဆင်မွမ်းမံများ ပြုလုပ်ပြီးသည့်နောက် အတည်ပြုနိုင်ရန် နောက်ထပ် ရက်သတ္တပါတ် ၅ ပတ်ခန့် ကြာနိုင်ကြောင်း၊ ဇူလိုင်လအစောပိုင်းတွင် အတည်ပြုနိုင်မည်ဟု မျှော်လင့်ထားသည့် အထူးစီးပွားရေးဇုန် (Special Economic Zone – SEZ) ဥပဒေမှာလည်း နောက်ထပ် ၄ လခန့် ကြာသည်အထိ ထွက်ပေါ်လာလိမ့်ဦးမည် မဟုတ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူများက လန်ဒန်အခြေစိုက် Finanacial Times သတင်းစာသို့ ပြောဆိုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာ “အဆင်သင့်” ဖြစ်နေပြီဖြစ်ကြောင်း၊ သို့သော် ပြဌာန်းနိုင်ရန်အတွက် လွှတ်တော် ၂ ရပ်ပေါင်း၏ အတည်ပြုချက်နှင့် သမ္မတဦသိန်းစိန်၏ လက်မှတ်တို့ လိုအပ်ကြောင်း SEZ များအား ကြီးကြပ်သူ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် တွဲဖက်အတွင်းရေးမှူး ဦးသောင်းလွင်က ပြောသည်။
အစိုးရ၏ တရားဝင် ကိန်းဂဏန်းများအရ ယခုနှစ်မေလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၃၃ သန်းရှိကြောင်း သိရသည်။ ယင်းပမာဏမှာ ပြီးခဲ့သည့် နှစ်ကအတည်ပြုခဲ့သော ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၄.၇ ဘီလံယံနှင့်စာလျှင် နည်းပါးလှပြီး ၂၀၁၀ ခုနှစ် တန်ဖိုး ဒေါ်လာ ၂၀ ဘီလံယံနှင့်လည်း လွန်စွာနိမ့်ကျလျှက်ရှိသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်တွင် နိုင်ငံခြားကုမ္ပဏီများအတွက် ၅ နှစ် အခွန်ကင်းလွတ်ခွင့်၊ ယင်းကာလအား အခွန် ၅၀ ရာခိုင်နှုန်းဖြင့် နောက်ထပ် ၅ နှစ် ထပ်တိုးခွင့်၊ အများဆုံး နှစ် ၆၀ အထိ မြေငှားပိုင်ခွင့်နှင့်အကျိုးအမြတ်အား နိုင်ငံရင်းသို့ ပြန်လည်ပို့ဆောင်ခွင့် စသည်တို့ ပါဝင်သည်။
သို့ရာတွင် SEZ ဥပဒေရေးဆွဲရာ၌ အခက်အခဲများ ပို၍ကြုံနေရပြီး ယင်းဥပဒေအား ဂျပန် အတိုင်ပင်ခံပုဂ္ဂိုလ်များနှင့် စိစစ်တည်းဖြတ်လျှက်ရှိသည်ဟု ဦးသောင်းလွင်က ပြောသည်။
SEZ အကြီးစား ၃ ခုနှင့် အငယ်စား ၁၈ ခု တည်ထောင်သွားမည်ဟုလည်း ၎င်းက ရှင်းပြသည်။
မီးရထားဝန်ကြီးဌာန ဒုဝန်ကြီးလည်းဖြစ်သူ ဦးသောင်းလွင်သည် မြန်မာအစိုးရက ရန်ကုန်မြို့၌ အပေါ့စားယာဉ်ရထားများ ပြေးဆွဲရန် သံလမ်းတခု တည်ဆောက်လိုသည့်ကိစ္စနှင့် တည်ဆဲ မီးရထားဝန်ဆောင်မှုအား တစိတ်တပိုင်း ပုဂ္ဂလိကပိုင်ပြုနိုင်ရေးကိစ္စတို့ နှင့်ပတ်သက်၍ နိုင်ငံခြားအဖွဲ့များနှင့် တွေ့ဆုံခဲ့သေးသည်ဟုလည်း သိရသည်။
ဥပဒေပြုရေးတွင် နှောင့်နှေးနေခြင်းသည် ပြုပြင်ပြောင်းလဲရေးအစီအစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိမည့် အရေး ပါသည့်ဥပဒေများအား မူကြမ်းရေးဆွဲရာ၌ မြန်မာအစိုးရက ဂရုတစိုက်ဆောင်ရွက်လျှက်ရှိသည်ကို ပြရာရောက်ကြောင်း လေ့လာသုံးသပ်သူတချို့က ဆိုသည်။
ရင်းနှီးမြှုပ်နှံသူများအနေနှင့် မြန်မာအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ ကြန့်ကြာနေမှုအပြင် အမေရိကန်အစိုးရက မြန်မာနိုင်ငံပေါ်တွင် ထားရှိခဲ့သော စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများအား မေလတွင် လျှော့ချခဲ့ပြီးနောက် မည်သို့ ဆက်လက်ဆောင်ရွက်မည် ဆိုသည်နှင့်ပတ်သက်၍လည်း စောင့်ဆိုင်းနေကြရသည်။
ပြီးခဲ့သည့်အပတ်က ဘန်ကောက်နှင့် ရန်ကုန်မြို့များတွင် ကျင်းပခဲ့သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံများသို့ တက်ရောက်ခဲ့ကြသည့် အနောက်နိုင်ငံများမှ အမှုဆောင်အရာရှိများကလည်း အမေရိကန်ပြည်ထောင်စု၏ တည်ဆဲကန့်သတ်ချက်များ မရေရာမှုအပေါ် ၎င်းတို့၏အမြင်များကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
“အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားရှိခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေထဲက ဘယ်အရာကို ဆိုင်းငံ့ပြီး ဘယ်အရာကို ဆက်ထားမယ်ဆိုတာ မရှင်းဘူးဖြစ်နေတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် Allen & Overy နိုင်ငံတကာ ဥပဒေအဖွဲ့၏ ပါတနာတဦးဖြစ်သူ ဆိုင်မွန် မက်ကင်ဆင်က Finanacial Times သတင်းစာသို့ ပြောသည်။
“သေချာတာကတော့ နိုင်ငံတကာကုမ္ပဏီတွေက ရှင်းရှင်းလင်းလင်း သိရအောင် စောင့်နေကြတယ်ဆိုတာပါပဲ။ ဒဏ်ခတ်အရေးယူမှုတွေက ဥပဒေနဲ့ စီမံခန့်ခွဲရေးအပေါ် သက်ရောက်မှုရှိပြီး မရှင်းမလင်းဖြစ်နေတဲ့အတွက် ကုမ္ပဏီ တွေအနေနဲ့ အမှားအယွင်းဖြစ်သွားဖို့ သိပ်လွယ်တယ်။ အဲ့ဒီကုမ္ပဏီတွေမှာရှိတဲ့ ဥပဒေအကျိုးဆောင်ဌာနတွေ အတွက်တော့ အိပ်မက်ဆိုးတခုလိုပါပဲ” ဟုလည်း သူက ဆိုသည်။
အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးဌာနနှင့် နိုင်ငံခြားရေးဌာနတို့က မြန်မာပြည်တွင်ရှိနေသော အမေရိကန်ကုမ္ပဏီများ အတွက် လမ်းညွှန်ချက်များကို မူကြမ်းရေးဆွဲနေသည်ဟု သိရသည်။ ထိုလမ်းညွှန်ချက်များတွင် မည်သည့်အခါကမျှ မပါဝင်ဘူးသည့် လိုင်စင်နှင့် ထုတ်ဖော်ခွင့်ဆိုင်ရာလိုအပ်ချက်များ (Licensing and Disclosure Requirements) ပါဝင်မည့်အလားအလာရှိကြောင်းလည်း သိရသည်။
“ယေဘုယျအနေနဲ့ မျှော်လင့်တာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဒီလမ်းညွန်ချက်တွေက မြန်မာပြည်မှာ အပြုသဘောဆောင်တဲ့ ရင်းနှီမြှုပ်နှံမှုတွေ ဖြစ်လာစေလိမ့်မယ်၊ ပြီးတော့ မြန်မာအစိုးရနဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေ ကြားမှာလည်း ကောင်းမွန်တဲ့ ပြုမူဆောင်ရွက်မှုတွေ ရှိစေဖို့အတွက် မက်လုံးတခု ဖြစ်လာလိမ့်မယ် ဆိုတာပါပဲ” ဟု ကုန်သွယ်ရေးဥပဒေနှင့် ဒဏ်ခတ်အရေးယူများအပေါ် အထူးပြုလေ့လာနေသည့် ဝါရှင်တန်အခြေစိုက် ရှေ့နေ အာရွန် ဟတ်မင်းက ဆိုသည်။
တချိန်တည်းတွင်ပင် ဥရောပသို့ ခရီးလှည့်နေသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စီးပွားရေးအကျိုးအမြတ် တခုတည်းသာမက ပြည်သူလူထုဘဝ တိုးတက်မှုကိုလည်း ရှေးရှူသော တာဝန်သိ ရင်းနှီးမြှုပ်နှံမှုများ လုပ်ကြရန် ဆော်ဩနေသည်။
“ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့၊ နှစ်ဘက်သဘောတူညီချက်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အပြန်အလှန် အမှီသဟဲ ပြုသင့်တယ်။ ဟန်ချက်ညီပြီး ရေရှည်ခံမယ့် စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတွေကို အထောက်အပံ့ ပြုစေသင့်ပါတယ်” ဟု အော်စလို နိုဘယ်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။