ယခုနှစ် ရာသီဥတုနှင့်ဈေးကွက် မတည်ငြိမ်မှုတို့ကြောင့် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများမှာ ပြိုလဲတော့မည့် အနေအထားကို မြင်တွေ့နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။
ယခုနှစ်ထဲတွင် ဆန်စပါး အထူးပြု ကုမ္ပဏီကြီးများ အနေဖြင့် ငွေကြေးပိုင်းဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း၊ ရာသီဥတု မကောင်းခဲ့သည့်အတွက် လယ်သမားများသည် ဆန်ကုမ္ပဏီကြီးများထံမှ ချေးယူထားသည့် ငွေများကို ပြန်လည် မပေးဆပ်နိုင်သည့်အပြင် နိုင်ငံတကာ ဆန် ရောင်းဝယ်ရေး ဈေးကွက်တွင်လည်း ဆန်စပါးဈေး ကျဆင်းနေသည့်အတွက် ကုမ္ပဏီကြီးများ ဆက်လက် ရှင်သန်နိုင်ရန် ခက်ခဲနေကြောင်း ဦးချစ်ခိုင်က ဆိုသည်။
“ကျနော်တို့အသင်း ပေါ်လာပြီးနောက်မှာ ဆန်စပါးလုပ်ငန်းအနေနဲ့ ၂၀၀၉ – ၁၀ ခုနှစ်နဲ့ ၂၀၁၀ – ၁၁ ခုနှစ်တွေမှာ ပြည်ပဆန် တင်ပို့မှု ပမာဏ မြင့်တက်မှုရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်တွေမှာ တိုးတက်မှု ရှိခဲ့တယ်လို့ ပြောလို့ရပေမယ့် ဒီနှစ်မှာတော့ အခြေအနေက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါပြီ” ဟု ဦးချစ်ခိုင်က ဧရာဝတီကို ပြောသည်။
ပြည်တွင်းတွင် ဆန်စပါးအထူးပြု ကုမ္ပဏီကြီးများကို ၂၀၀၉ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး လက်ရှိအခြေအနေတွင် ကုမ္ပဏီပေါင်း ၅၈ ခုအထိ ရှိလာပြီဖြစ်ရာ မတည်ရင်းနှီးငွေမှာ ကျပ်သန်းပေါင်း ၁ သောင်း ရှိကြောင်း ဆန်စပါး လုပ်ငန်းအသင်းမှ ထုတ်ပြန်ထားသည်။
ကုမ္ပဏီများအနေဖြင့် လယ်သမားများအပေါ် ချေးငွေပံ့ပိုးပေး နိုင်မှုမှာ တစ်ဧကလျှင် ကျပ် ၄ သောင်းမှ ၈ သောင်းကျော် အထိရှိပြီး ယခုနှစ်တွင် ချေးငွေ ပံ့ပိုးပေးနိုင်ရန် မလွယ်ကူတော့ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ၁ ဧကလျှင် ကျပ် ၄ သောင်းမှ ၅ သောင်းသို့ တိုးမြှင့်ချေးငှား ပေးမည်ဖြစ်သော်လည်း ယင်းချေးငွေမှာ လယ်သမားများအတွက် မလုံလောက် ကြောင်း သိရသည်။
ကမ္ဘာ့ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဈေး ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီးနောက် တောင်သူ လယ်သမားများထံမှ ဈေးဖြတ် ဝယ်ယူသော စပါးဈေးနှုန်းလည်း ကျဆင်းကာ စိုက်ပျိုးထုတ်လုပ်မှု စရိတ်ပင် မကာမိသောကြောင့် တောင်သူ လယ်သမားများ အနေဖြင့် ကုမ္ပဏီများ၏ ချေးငွေကို ပြန်လည် ပေးဆပ်နိုင်ရန် အခက်အခဲ ရှိနေသည်။
ရန်ကုန်တိုင်း တွံတေးမြို့နယ်နေ လယ် ၁၈ ဧကပိုင်ဆိုင်သည့် တောင်သူတဦးက “ကျနော့်မှာ အကြွေး ကျပ် သိန်း ၄၀ ကျော်ရှိနေတယ်။ ဘာလို့ ဒီလောက် များသွားတာလဲဆိုတော့ အရင်ကရှိနေတဲ့ အကြွေးကို နောက်ယူတဲ့ အကြွေးက ထပ် ဆင့်ရင်း မပေးနိုင်တော့လို့ အကြွေးသံသရာက မဆုံးဘူးဖြစ်နေတာ။ ရာသီဥတုကလည်း မကောင်းလို့ စိုက်ပျိုးတဲ့ သီးနှံတွေက အထွက် မကောင်းတဲ့အပြင် အသုံးပြုတဲ့မြေဆီကလဲ အတုနဲ့ မိခဲ့တာဆိုတော့ ကျနော်တို့မှာ နှစ်ခါ နစ်နာ ခဲ့ရပါတယ်။ ပိုးသတ်ဆေးတို့၊ ဓာတ်မြေသြဇာတို့ ဆိုတာကလည်း အတု၊ အစစ် ခွဲဖို့ မြည်းကြည့်လို့ ရတာမှ မဟုတ်တာ။ ဒါကြောင့် ကြွေးရှင်တွေဘက်က အကြွေးကို အချိန်ဆိုင်းပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်” ဟု ဆိုသည်။
ပြည်ပဆန် တင်ပို့မှုသည် မိုးစပါး စိုက်ဧက ၁၈ သန်းမှ စိုက်ပျိုးထွက်ရှိမှုအပေါ် အားထား ဆောင်ရွက်နေရခြင်း ဖြစ်သော ကြောင့် ယခုနှစ် မိုးစပါးစိုက်ဧက လျာထားချက် မပြည့်မီလျှင် အခြေအနေ စိုးရိမ်စရာ ရှိကြောင်း၊ လယ်သမားများ အနေဖြင့် ခေတ်အဆက်ဆက် အကြွေးသံသရာမှ ရုန်းမထွက်နိုင်သေးကြောင်းနှင့် နိုင်ငံတော်က လယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသော ဘဏ္ဍာရေး အခြေအနေ လုံးဝ အားနည်းနေကြောင်း ဦးချစ်ခိုင်က ထောက်ပြသည်။
ဆက်လက်၍ ၎င်းက “လယ်ယာ ကဏ္ဍအပေါ်မှာ ချမှတ်ခဲ့တဲ့ မူဝါဒ မှားယွင်းမှုရှိနေတယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းအနေဖြင့် လယ်ယာကဏ္ဍတွင် ပါဝင်ပတ်သက်သူများ အားလုံးပါဝင်သော ဖိုရမ်တခုကို မကြာမီ ကျင်းပရန် စီစဉ်နေကြောင်း၊ ထွက်ရှိလာသည့် အချက်အလက်များအား သက်ဆိုင်ရာသို့ တင်ပြ သွားမည်ဖြစ်ကြောင်းလည်း သူက ရှင်းပြသည်။
“လူကြီး အကြိုက်ချည်းပဲ လိုက်ပြီး တင်ပြနေမယ်ဆိုရင် မူဝါဒပိုင်းဆိုင်ရာမှာ အားနည်းမှုက ရှိနေအုံးမှာပါ” ဟု ဦးချစ်ခိုင်က ပြောသည်။
၂၀၁၀ – ၁၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၅ သိန်းကျော် တင်ပို့မှု ရှိခဲ့သည့်အတွက် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၁၈၅ သန်းကျော် ရရှိခဲ့ပြီး ၂၀၀၉ – ၂၀၁၀ ဘဏ္ဍာရေး နှစ်တွင်လည်း ဆန်တန်ချိန် ၉ သိန်းကျော် တင်ပို့မှုမှနေ၍ ဒေါ်လာသန်း ၂၈၀ ကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းဇယား များအရ သိရသည်။