သမ္မတ ဦးသိန်းစိန်က စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဆန္ဒပြင်းပြလျက်ရှိသော်လည်း နိုင်ငံခြားငွေလဲနှုန်း ကိစ္စအပါအဝင် အမှန်တကယ် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ဝန်ကြီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ သဘောထားကွဲလွဲနေကြောင်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးကောင်စီ နာယက၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ဧရာဝတီသို့ ပြောသည်။
“ပထမဆုံး ပြောချင်တာက ငွေလဲနှုန်းကိစ္စပါ။ နိုင်ငံခြားငွေလဲနှုန်းမှာ ဒေါ်လာတန်ဖိုးဆွဲတင်ဖို့ စက်မှုဝန်ကြီး ဦးစိုးသိန်းနဲ့ သမ္မတအကြံပေးတွေက လုပ်ကြတယ်။ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ငွေလဲနှုန်းကို တည်ငြိမ်အောင် လုပ်ချင်တယ်။ ဘဏ္ဍာ/အခွန်က ငွေလဲနှုန်းတည်ငြိမ်အောင် လုပ်နေတဲ့အချိန်မှာ အခြားတဘက်မှာက ဒေါ်လာတန်ဖိုး တက်လာအောင် အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ဆွဲတင်တာမျိုးတွေ လုပ်နေတယ်။ ဆိုလိုတာက ဝန်ကြီးဌာနတွေကြားထဲမှာ တိုင်းပြည်စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနအချင်းချင်း လုံး၀ ပူးပေါင်းဆောင်ရွက်မှု ပျောက်နေတယ်” ဟု ဦးမော်သန်းက ဆိုသည်။
ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပျောက်နေသည့်အပြင် ဝန်ကြီးဌာနများအနေနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန၏ မတူညီသော ဦးတည်ချက်များနှင့် ဆောင်ရွက်မှုများ ရှိနေသည်ကို တွေ့ရကြောင်းလည်း ဦးမော်သန်းက ပြောသည်။
“ဘဏ္ဍာ/အခွန်ဘက်ကနေ ငွေလဲစင်တာတွေဖွင့်၊ ငွေလဲနှုန်းတည်ငြိမ်ဖို့ လုပ်နေတဲ့အချိန် ရထားပို့ဆောင်ရေးနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ကားသွင်းခွင့်တွေ ဖောဖောသီသီ ထုတ်ပေးပြီး ဒေါ်လာဝယ်အားတက်အောင်၊ ဒေါ်လာတန်ဖိုးတက်အောင် တဖက်နေ ဆွဲတင်တယ်။ တည်ငြိမ်အောင် လုပ်တဲ့သူကလုပ်၊ ဆွဲတင်တဲ့သူက ဆွဲတင်ဆိုတော့ ဒီကြားထဲမှာ စီးပွားရေးတည်ငြိမ်မှုတခုရဖို့ ခဲယဉ်းတယ်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်တယ်ဆိုရင် အင်မတန်မှ ကောင်းနိုင်မယ်” ဟု ဦးမော်သန်းက ဆိုသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးကမူ လက်ရှိငွေလဲနှုန်းအရ ကျပ်ငွေတန်ဖိုး မြင့်မားနေသဖြင့် ရေထွက်ပို့ကုန်လုပ်ငန်းများ ရပ်ဆိုင်းနေကြောင်း၊ အစိုးရဝန်ကြီးအဖွဲ့တချို့က လုပ်ဆောင်နေသော ဒေါ်လာတန်ဖိုးဆွဲတင်၊ ကျပ်ငွေတန်ဖိုး နှိမ့်ချခြင်းအပေါ် ကြိုဆိုကြောင်း ပြောသည်။
“ငါး၊ ပုစွန် ရေထွက်ကုန်တွေ အကုန်လုံး ဘာမှကို မကိုက်ဘူး။ အအေးခန်းစက်ရုံ တွေပိတ်၊ လူတွေလျှော့ ဖြစ်နေပြီလေ။ ရေထွက်ကုန်တင် မဟုတ်ပါဘူး။ စပါး၊ ဆန် အကုန်လုံး တွက်ခြေ မကိုက်ကြဘူး။ တောင်သူတွေလည်း စပါးဈေး ကျလွန်းတော့ ရှုံးနေကြတယ်။ ဆန်းစပါးအထူးပြုကုမ္ပဏီ ၅၇ ခုမှာ ၅၂ က ငွေထုတ်မချေးနိုင်တော့ဘူး။ ဒါတွေက ကျပ်ငွေတန်ဖိုး မာလွန်းလို့ ဖြစ်နေတာလေ” ဟု အဆိုပါ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ဆိုသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ တဦးကမူ အစိုးရတွင် လတ်တလော တိကျသော စီးပွားရေးမူဝါဒသစ် မရှိဖြစ်နေကြောင်း၊ မူဝါဒရှိသော်လည်း အကောင်အထည် ဖော်နိုင်သော ယန္တရားပျောက်နေကြောင်း ထောက်ပြသည်။
“မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို အားပေးတဲ့ ဒေါင်ဒေါင်မြည်ဥပဒေ ဘယ်မှာရှိလဲ။ မျှတတဲ့ပြိုင်ဆိုင်မှု၊ တန်းတူအခွင့်အရေးပေးတဲ့ စည်းမျဉ်းစည်းကမ်း ဒါတွေအကုန်လုံး ခေတ်မီအောင်ပြန်လုပ်ရမယ်။ အဲဒါတွေလုပ်ဖို့ မူဝါဒကောင်းဖို့ လိုတယ်။ မူဝါဒက ရှင်းလင်းရမယ်။ ဈေးကွက်စီးပွားရေးသွားဖို့ ဘယ်လိုမူဝါဒတွေရှိရမလဲ။ ငွေကြေးမူဝါဒ။ မူဝါဒရှိနေရုံနဲ့လည်း မရဘူး။ တတိုင်းတပြည်လုံးချပြ။ ကျနော်တို့တော့ ဒါတွေကို သွားမယ်၊ အကြံပြုပါဆိုတာမျိုး ပြည်တွင်းပြည်ပ ပညာရှင်တွေကို အကူအညီ တောင်းရမယ်။ လက်ရှိမှာ သူတို့သွားနေတဲ့မူဝါဒ လုံး၀ မရှင်းလင်းဘူး။ ဥပမာဆိုရင် ဒေါ်လာတန်ဖိုး ဆွဲတင်တယ်၊ ပို့ကုန်မပို့နိုင်လို့ ဆွဲတင်တယ်ပြောတယ်။ ဒေါ်လာတန်ဖိုး တက်လာရင်ကော ပို့ကုန်တွေ တက်လာမှာလား။ အရည်အသွေးမမီဘဲ ပြိုင်ဆိုင်မှု မကောင်းဘဲနဲ့တော့ ပို့ကုန်တန်ဖိုးက တက်မလာပါဘူး” ဟု အငြိမ်းစား ပါမောက္ခခက ဆိုသည်။
မကြာသေးမီတွင် အစိုးရက တသောင်းတန် ငွေစက္ကူထုတ်ဝေခြင်း၊ ကားတင်သွင်းခွင့် လွတ်လပ်စွာ ခွင့်ပြုခြင်းကြောင်း ဈေးကွက်တွင် ဒေါ်လာတန်ဖိုး ထိုးတက်လျက်ရှိပြီး ပုဂ္ဂလိကဘဏ်များက ဖွင့်လှစ်ထားသော နိုင်ငံခြားငွေလဲစင်တာများက ဒေါ်လာရောင်းချမှု ရပ်ဆိုင်းထားသည်။
ယင်းသို့ တရားဝင် ငွေလဲဈေးကွက်တွင် ဒေါ်လာအရောင်းရပ်ဆိုင်းမှုကြောင့် ပြင်ပ မှောင်ခိုငွေလဲဈေးကွက်တွင် ဒေါ်လာရောင်းဝယ်မှု ပိုမိုကြီးထွားနေကြောင်း သိရှိရသည်။
“ပုဂ္ဂလိက ဘဏ်တွေရဲ့ ငွေလဲစင်တာတွေ ဒေါ်လာ မရောင်းဘူးလေ။ သူတို့က ဈေးအနိမ့်နဲ့သာ ပြန်ဝယ်တာ။ ဒေါ်လာဝယ်တဲ့သူကို မရောင်းဘူး။ အဲဒီတော့ အပြင်ဈေးကွက်မှာ ဒေါ်လာဝယ်ရောင်း ပိုကြီးမားလာတယ်” ဟု ရန်ကုန်မြို့မှ နိုင်ငံခြားငွေလဲဒိုင်တဦးက ဆိုသည်။
ဗဟိုဘဏ်ခွင့်ပြုချက်ရ တရားဝင် သိမ်ဖြူငွေလဲစင်တာတွင် ယနေ့ အမေရိကန်တဒေါ်လာလျှင် အရောင်း ၈၈၃ ကျပ်၊ အဝယ် ၈၉၀ ကျပ်ရှိပြီး ပြင်ပငွေလဲဈေးကွက်တွင် တစ်ဒေါ်လာ ၈၈၈ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။