မန္တလေးဟိုတယ် အများစု ကြယ်ပွင့်အဆင့် မသတ်မှတ်နိုင်သေး
This article has been converted from Zawgyi One to Unicode
မန္တလေးတွင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်းဝင်ထားသော ဟိုတယ် စုစုပေါင်း ၁၃၀ ကျော်ရှိသော်လည်း ဟိုတယ် ၅၄ လုံးကိုသာ ကြယ်ပွင့်အဆင့် သတ်မှတ်နိုင်သေးကြောင်း သိရသည်။
မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းက မန္တလေးမြို့ရှိ ဟိုတယ်များကို ဇွန်လ ၁၉ ရက်နေ့မှ စတင်၍ ကြယ်ပွင့် အဆင့် စစ်ဆေး သတ်မှတ်လျှက်ရှိရာ ကြယ်လေးပွင့် အဆင့်ရှိသော ဟိုတယ် ၂လုံး၊ ကြယ်သုံးပွင့် အဆင့်ရှိသော ဟိုတယ် ၇လုံး၊ ကြယ်နှစ်ပွင့် အဆင့်ရှိ ဟိုတယ် ၂၆ လုံးနှင့် ကြယ်တပွင့် အဆင့်ရှိ ဟိုတယ် ၁၉ လုံးတို့ကိုသာ ကြယ်အဆင့် သတ်မှတ်နိုင် ခဲ့ကြောင်း၊ ကြယ်ငါးပွင့် အဆင့်ရှိသော ဟိုတယ် တလုံးမှ မပါဝင်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။
“မန္တလေး ဟိုတယ်တွေမှာ အဓိက ဖြစ်နေတာ ရှိသင့်ရှိထိုက်တဲ့ အရည်သွေးမရှိတာရယ်၊ ဝန်ထမ်းအင်အား မမျှတတာရယ် ကြောင့် အဆင့်မီတဲ့ ဟိုတယ်တွေ မပေါ်ပေါက်တာပါ။ အခု မန္တလေးမှာ ရှိတဲ့ ဟိုတယ်ကြီး တချို့ဆိုရင် ဘွတ်ကင် လုပ်ပြီ ဆိုတာနဲ့ ဈေးကို တက်ယူနေကြတယ်။ ပြီးတော့ မန္တလေးမှာ ရွေးချယ်စရာ ဟိုတယ်လည်း သိပ်မရှိဘူး။ အခုလို သူ့အဆင့်နဲ့သူ သတ်မှတ်လိုက်တာ ကောင်းပါတယ်” ဟု အထက်မြန်မာပြည် ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းဆရာ ဦးစိုးမြင့်သန်းက ပြောသည်။
မန္တလေးတွင်သာမက ယခင်မြို့တော်ဟောင်း ရန်ကုန်တွင်လည်း ကြယ် ငါးပွင့် အဆင့်မီ ဟိုတယ်ကြီးများ မရှိသေးကြောင်း သိရသည်။
“ကြယ်ငါးပွင့် အဆင့် ဟိုတယ် ဆိုတာ ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်ရမယ်။ ဥပမာ ဟိုတယ် အခန်း ၁၀၀ ရှိရင် ဝန်ထမ်း ၃၀၀ ကျော်လောက် ခန့်ထားရမယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဘယ်ဟိုတယ်မှာမှ အဲဒီလို ဝန်ဆောင်မှုမျိုး မရှိသေးပါဘူး။ အခန်း ၁၀၀ ရှိတာတောင် ဝန်ထမ်း ၁၀၀ မထားနိုင်တဲ့ အတွက် ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေ မပေါ်ပေါက်သေးတာ ဖြစ်ပါလိမ့်မယ်” ဟု ဦးစိုးမြင့်သန်းက ပြောသည်။
မန္တလေးဟိုတယ် ၅၄ လုံးမှအပ ကျန် ဟိုတယ်များမှာ အခန်း ဖွဲ့စည်းပုံ လိုအပ်ခြင်းနှင့် တခြားသော အဆင့်များ လိုအပ်နေခြင်းကြောင့် လိုအပ်သည့် အပိုင်းများကို ပြန်လည်ပြုပြင်ပြီးမှ ထပ်မံစစ်ဆေးသွားမည်ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူက ဆိုသည်။
မန္တလေးတွင် ကြယ်လေးပွင့်အဆင့်ရှိ အမြင့်ဆုံးသော ဟိုတယ်များမှာ ဆီဒိုးနား ဟိုတယ်နှင့် Mandalay Hill Resort တို့ဖြစ်ကြောင်း သိရသည်။
‘‘ဒီလို သတ်မှတ်လိုက်တဲ့ အတွက် နိုင်ငံခြားသားတွေ မန္တလေး ရောက်လာတဲ့အခါမှာ တည်းခိုဖို့အတွက် ရွေးချယ်ရ လွယ်ကူ သွားတာပေါ့။ နိုင်ငံခြားသားတွေ အတွက်လည်း ကိုယ်ဘယ်ဟိုတယ်မှာ တည်းချင်လဲဆိုတာ ဈေးနှုန်းကို အလွယ်တကူ ကြည့်ပြီး တည်းလို့ ရအောင်အထိ လုပ်ထားပါတယ်” ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း မန္တလေးဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။
ပြည်ပမှ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည်များကို ဟိုတယ်အဆင့်တန်းနှင့် အခန်းခနှုန်းထားများ သိရှိစေရန် အတွက် လေဆိပ်ဝင်ပေါက်များနှင့် လမ်းများတွင် ဟိုတယ် ကြယ်ပွင့် အရေအတွက်အလိုက် နှုန်းထားများကို ပျမ်းမျှအားဖြင့် ဖော်ပြပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မန္တလေးရှိ ကြယ်သုံးပွင့်အဆင့်ရှိသော ဟိုတယ်များမှာ Red Canal၊ ဟိုတယ် မန္တလေး၊ မန္တလေး စီးတီး၊ Ayeyarwaddy River View၊ Great Wall၊ Mandalay Swam နှင့် ပစိဖိတ် ဟိုတယ်တို့ ဖြစ်သည်။
ကြယ်နှစ်ပွင့် အဆင့်ရှိသော ဟိုတယ်များမှာ ရူပါမန္တလာ၊ တိမ်ဖြူ၊ မြစ်ဖျားဧရာ၊ ယူနတီ၊ စိန်စိန်၊ ရထိုက်၊ မန္တလေးရွိုင်ရယ်၊ မြမန္တလာ၊ ဈေးချို၊ ပတ္တမြားငမောက်၊ ယူနီဗာဆယ်ကင်း၊ နဒီမြန်မာ၊ ပဒုမ္မာ၊ အောင်မြင့်မိုရ်၊ မင်းသားကြီး၊ Treasure, Silver Swam၊ Royal City၊ Silver Star Golden Crown၊ Hotel Queen Mandalay၊ Tiger၊ Lucky၊ Hotal Royal၊ Sun Rise နှင့် Power ဟိုတယ်တို့ ဖြစ်ကြသည်။
ဇူလိုင်လ ၆ ရက်နေ့က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဗဟို အလုပ်အမှုဆောင် တွေ့ဆုံပွဲ အခမ်းနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ဟိုတယ်များ၏ အခန်းခ ဈေးနှုန်း တည်ငြိမ်စေရေးနှင့် အခန်းခ နှုန်းထားများသည် အိမ်နီးချင်းနိုင်ငံများ အပါဝင် အာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး အထူးဂရုစိုက် လုပ်ဆောင်ရန် မှာကြားခဲ့ကြောင်း သိရသည်။