၁၅ နှစ်ကြာ မြန်မာပြည်အပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းလိုက်ပြီဟု အမေရိကန်အစိုးရက ယမန်နေ့က ကြေ ညာလိုက်သည်။
အမေရိကန် အစိုးရနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်အရ အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဒေါ်လာ ၅ သိန်း အထက် ရင်းနှီးမြှုပ်နှံလိုသည့် မည်သည့် ကုမ္ပဏီကိုမဆို သဘောတူ စာချုပ်နှင့်တကွ ငွေကြေး စာရင်းဇယားများကို ပွင့်လင်းစွာ ရှင်းလင်းချပြရမည် ဖြစ်သည်။ သို့ရာတွင် မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန၊ ယခင်စစ်အစိုးရနှင့် နီးစပ်သူ ထိပ်တန်း စီးပွားရေးသမားများအပေါ် ဆက်လက် ဒဏ်ခတ်ပိတ်ဆို့ထားမည်ဟု သိရသည်။
“ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချခြင်းသည် (မြန်မာ့) ပြုပြင်ပြောင်းလဲရေးကို ကျွနု်ပ်တို့ အခိုင်အမာ ထောက်ခံကြောင်း ပြသခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် မြန်မာပြည်သူများ အတွက် ကြီးမားသော အကျိုးကျေးဇူးနှင့် ပြုပြင်ပြောင်းလဲလိုသူများအတွက်လည်း လက်ငင်း မက်လုံးများ ထောက်ပံ့မှုဖြစ်သည်”ဟု အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ထုတ်ပြန်သော ကြေညာချက်က ဆို သည်။
ယင်းကြေညာချက်ကို အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စတာ ဒဲရက်မစ်ချယ် ရာထူးခန့် အပ်လွှာကို နေပြည်တော် တွင် ပေးအပ်အပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုနေခဲ့ခြင်းမှ ရုန်းထွက်နိုင်ရန် အထီးကျန် မြန်မာနိုင်ငံ ကို အမေရိကန်တို့က သံတမန်ရေး ထောက်ခံမှု၏ ခြေလှမ်းအစလည်း ဖြစ်သည်။
အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ် အဓိကဩဇာလွှမ်းသော မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဥရောပခရီးစဉ် အတွင်း မြန်မာပြည်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ပွင့်လင်း မြင်သာမှု မရှိကြောင်း ပြောဆိုခဲ့သောကြောင့် အမေရိကန်အစိုးရ အနေဖြင့် ယခင်က ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်ကိုမူ ချန်လှပ် ထားမည့် အရိပ်အရောင်များပြခဲ့သော်လည်း ယခု ယင်းလုပ်ငန်းများတွင်ပါ ရင်းနှီးမြှုပ်နှံရန် လိုက်လျောခဲ့ပြီ ဖြစ်သည်။
လူ့အခွင့်အရေးအဖွဲ့များက အမေရိကန်အစိုးရ၏ ခြေလှမ်းကို ဝေဖန်နေကြပြီး အိုဘားမား အစိုးရသည် လူ့ အခွင့်အရေးထက် ကုန်သွယ်မှု အကျိုးစီးပွားကို ပိုဦးစားပေးနေပြီဟု ပြောကြသည်။
“မြန်မာအစိုးရပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီနဲ့ စီးပွားရေးပေါင်းလုပ်စေခြင်းဟာ အမေရိကန်အနေနဲ့ ရေနံကုမ္ပဏီ တွေရဲ့ ဖိအားကို မလွန်ဆန်နိုင်ကြောင်း ပြသရာရောက်နေပြီး မြန်မာအစိုးရ ပိုမိုပွင့်လင်းမြင်သာ ရှိလာစေရေး တောင်းဆိုနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားမြန်မာတွေကို ဖြတ်ချလိုက်တာလည်း ဖြစ်တယ်”ဟု ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေး အဖွဲ့(Human Rights Watch) မှ အာဗင်ဂနက်စန်က ပြောကြောင်း အေပီ သတင်းက ဆိုသည်။
စီးပွားရေးလုပ်ငန်း ၃ သန်းကျော်ကို ကိုယ်စားပြုထားပြီး စည်းရုံးရေး အားကောင်းသော ဝါရှင်တန်အခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်း(U.S Chamber of Commerce) ကမူ အမေရိကန် ဒီမိုကရက်အစိုးရ၏ စီးပွားရေးဒဏ်ခတ်ပိတ်ပင်မှု လျှော့ချခြင်း ကို ကြိုဆိုလိုက်ပြီး အမေရိကန်ကုမ္ပဏီများ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုက အကျိုးဖြစ်ထွန်းစေမည်ဟု ပြောဆိုသည်။
“မြန်မာပြည်မှာ စီးပွားရေးနဲ့ လူ့အခွင့်အရေး ကြိုက်ရာရွေးလို့ ပြောတာဟာ မှားပါတယ်။ မြန်မာပြည်မှာ အမေရိကန်ကုမ္ပဏီတွေ အခြေခိုင်တာဟာ အလုပ်သမားရပိုင်ခွင့်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးတာဝန်သိတတ်မှုတွေ ဖြစ်ထွန်းစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်”ဟု အမေရိကန် ကုန်သည်ကြီးများအသင်း နိုင်ငံတကာ ရေးရာဌာန ဒု ဥက္ကဌ မစ္စတာ ဂျွန်မာဖီက သဘောထား ထုတ်ပြန်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ဒဏ်ခတ်ပိတ်ပင်မှု လျှော့ချသည်မှာ“မထူးဆန်း”ဟု ဆိုလိုက်ပြီး နိုင်ငံတကာအနေဖြင့် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ပွင့်လင်း မြင်သာမှု ရှိလာစေရေး ဖိအားပေးသင့်ကြောင်း ပြောဆို သည်ဟု အေအက်ဖ်ပီ သတင်းတပုဒ် က ဆိုသည်။
သောကြာနေ့တွင် သမ္မတဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ကမ္ဘေ္ဘာဒီးယားနိုင်ငံ ဆီယမ်ရိမြို့တွင် တွေ့ဆုံရန် ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဒဏ်ခတ်မှုများ လျှော့ချသည့်ကိစ္စ ဆွေးနွေးမည်ဟု သိရသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ရောဘတ်ဟော်မတ်စ်နှင့် နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဖရန်စစ်ကိုစန်ချက်ဇ် တို့လည်း လာမည့် ရက် ပိုင်း အတွင်း မြန်မာပြည်လာပြီး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် စီးပွားရေးမြှင့်တင်မှုအတွက် ဆွေးနွေးရန်ရှိသည်။